Chapter - 2

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (2)

 

နှစ်နှစ်အတွင်း နန်ကျောင်ပြည်တွင် ယေစုကိုင်းတို့ မိသားစု  အတော်ကို အခြေကျစပြုလာလေပြီ။ ယေစုကိုင်းလည်း နန်ကျောင်နန်းတွင်းတွင် ခန်မင်းကြီးကို များစွာ အကူညီပေးနိုင်ခဲ့သည်။ ခန်မင်းကြီးအတွက် ယေစုကိုင်းသည် အားကိုးရသော စစ်သူကြီးအပြင် စိတ်ချရသည့် လူတော်တစ်ဦးဖြစ်ခဲ့သည်။

 

ခန်မင်းကြီးက မိမိကို အားကိုးလေ ယေစုကိုင်းက ပိုပြီးအားကြိုးမာန်တက်ကြိုးစားလေဖြစ်သည်။ မိမိတို့မွန်ဂိုမျိုးနွယ် များသည် မိမိတို့အပေါ် ကျေးဇူးပြုထားသူကို တစ်သက်လုံး အလုပ်ကျွေးပြုတတ်သည့် အားလျော်စွာ ယေစုကိုင်းက ခန်မင်းကြီးအတွက် သစ္စာရှိစွာအမှုထမ်းသည်။ မိမိတို့မျိုးနွယ်စု အားလုံးကို ကြည့်ရှုစောင့်ရှောက်ထားသည့်အပြင် မိမိတို့အားလုံးကို အလုပ်ကိုင်များပေးထားသည်။ နေစရာပေးသည်။ လစာပေးသည်။ လုပ်စားရန် လယ်ယာများ ပေးထားသည်။ မိမိတို့ မျိုးနွယ်လူငယ်လေးများကို စာပေသင်ကြားခွင့်ပေးသည်။ ပြီးတော့ မိန်းမသူများသည်လည်း လက်မှုပညာများကို လေ့လာသင်ကြားခွင့်ရသည်။

 

ခန်မင်းကြီးက ယေစုကိုင်းကို အားကိုးသည့်နည်းတူ အလုပ်များကို တိုးကာ ပေးသည်။ ယေစုကိုင်းသည်လည်း မည့်သည့် တာဝန်ပေးပေး ကျေပွန်အောင်ဆောင်ရွက်သည်။ မြင်းသည်တော်များကို လေ့ကျင့်ပေးခြင်း၊ စစ်သည်တော်များကို နဘမ်းအတတ်များသင်ကြားပေးခြင်း၊ စစ်တပ်များကို လှည့်ကာ စစ်ဆေးခြင်း၊ တပ်သားသစ်များ ကို နေ့စဉ် စစ်ဆေးခြင်း၊ စစ်မြင်းများကို လေ့ကျင့်ပေးခြင်း၊ ထို့ပြင် နန်ကျောင်နယ်တ၀ိုက်ကို လှည့်လည်ကြည့်ရှုခြင်း၊ နယ်နိမိတ်လုံခြုံရေး စခန်းများကို စစ်ဆေးခြင်း စသည့် တာဝန်များစွာကို ပေးထားသည်။

 

ယေစုကိုင်းသည် နံနက်စောစောထပြီး ဟော်သွန်းပြင်ဆင်ပေးသည့် နံနက်စာကို စားကာ နေ့လည်စာကို ထုပ်ပိုးကာ တနေ့တာ တာဝန်များကို ထမ်းဆောင်ရန် ထွက်တော့သည်။ ယေစုကိုင်းကဲ့လို ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်သည့် သူရဲကောင်းတစ်ဦးအတွက် ထိုသို့သော တာဝန်များသည် မှုစရာမဟုတ်ခဲ့ပါ။ သို့သော် ယေစုကိုင်းနောက်သို့လိုက်ရသည့် အခြားသော နန်ကျောင်ပြည်ပေါက် စစ်သူကြီးများသည် ခိုညည်းသလိုကို ညည်းညူကြသည်။

 

“ကိုရင်…မမောဘူးလား။ ဖြည်းဖြည်းလုပ်ပါဗျာ။ အလုပ်တာဝန်တွေက ထွက်မပြေးပါဘူး။”
 

ယေစုကိုင်းမှာ အံ့သြလို့ မဆုံးတော့ပေ။ တာဝန် လေးခုလောက်လုပ်ရသေးသည်။ နန်ကျောင်ပြည်မှ စစ်သူကြီးများက မောပန်းနွမ်းနယ်ကာ ညည်းညူနေကြသည်မှာ ယေစုကိုင်းအတွက်ရယ်စရာဖြစ်နေသည်။ သူတို့မြင်းစီးသွားလာပုံက မိမိတို့မျိုးနွယ်မှ မိန်းမများလောက်ပင် မစွံသည်ကို တွေ့တော့ စိတ်တော့ပျက်မိသည်။

 

သို့သော် ယေစုကိုင်းက သူတို့ကို နားနားနေနေလိုက်လာခိုင်းပြီး ရှေ့မှာသွားကာ လုပ်စရာရှိသည်များကို လုပ်နှင့်နေတော့သည်။ ထိုသူများရောက်လာချိန်တွင် လုပ်စရာအများစုက ပြီးနှင့်လေပြီ။

 

“ခင်ဗျားက နတ်ဘီလူးလား ယေစုကိုင်း စစ်သူကြီး။”

 

ယေစုကိုင်းက ရယ်မောကာ အဆင်ပြေအောင်သာ ပြန်ဖြေလိုက်ရသည်။

 

ခန်မင်းကြီးသည် ယေစုကိုင်း၏ လုပ်ရည်ကိုင်ရည်ကို များစွာ သဘောကျကာ ရာထူးကို တိုးကာပေးချင်သော်လည်း အမတ်ချုပ်ကြီးတားဂေါတိုင်းက တားထားလိုက်သဖြင့် ယေစုကိုင်းကို အခြား ဆုလာဘ်များသာ ပေးသနားနေရသည်။

တားဂေါတိုင်းသည် ယေစုကိုင်း၏ စိတ်ထားဖြောင့်မှန်သည်ကို သိသော်လည်း တည်ကြည်လွန်းပြီး အနေမှန်လွန်းသဖြင့် အနည်းငယ် မနှစ်သက်သလို ခံစားရသည်။ ယေစုကိုင်းကို ချုပ်ကိုင်စရာ ချို့ယွင်းချက် မရှိအောင် တော်လွန်းနေသည်။
 

“သူက သိပ်ကိုတော်လွန်းတယ် အမတ်ချုပ်ကြီး။ ကိုယ်တော် သူ့ကို ရာထူးတိုးပေးပြီး

စစ်သေနာပတိချုပ်ခန့်ထားချင်တယ်။”
 

“သိပ်တော်လွန်းတာကို ကျွန်တော်မျိုးသဘောမကျဘူး မင်းကြီး။ သိပ်တော်တဲ့ ယောကျာ်းတွေက ထိန်းချုပ်ရခက်တယ်။သူတို့က အမှားမခံတဲ့လူမျိုးတွေ။ တချိန်မှာ သူက မင်းကြီးအတွက် ရန်သူဖြစ်လာနိုင်တယ်။”
 

“အမတ်ချုပ်ကြီး အစိုးရိမ်ကြီးလွန်းနေတာပါ။ ယေစုကိုင်းက ကိုယ်တော့်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ သူက အမှားလုပ်မယ့်လူမျိုးမဟုတ်နိုင်ဘူး။ ကိုယ်တော်တော့် နောက် ခြောက်လ စောင့်ကြည့်ပြီးရင် သူ့ကို စစ်သေနာပတိချုပ်ရာထူးပေးတော့မယ်။ ဒီတစ်ခါ အမတ်ချုပ်ကြီး ကိုယ်တော့်ကို မတားပါနဲ့တော့.”

 

မင်းကြီးကို ကြည့်ကာ အမတ်ချုပ်ကြီးဆိတ်ဆိတ် နေလိုက်သည်။ မင်းကြီးသည် ငယ်ရွယ်သည်။ ပြီးတော့ေ၇ွှလင်ဗန်းနှင့် အချင်းဆေးသည့် ရွှေမင်းသားဖြစ်သောကြောင့် လူတော်များကို ထိန်းချုပ်ဖို့ခက်သည်ကို မသိပေ။
 

“သြော် အမတ်ချုပ်ကြီး အခုလာမည့် နန်းတွင်းကပွဲမှာ ယေစုကိုင်းတို့ မိသားစု အားလုံးကို တက်ခိုင်းလိုက်ပါဦး။ သူတို့မိသားစုတွေက နန်းတွင်းပွဲတွေမှာ သိပ်မတွေ့ရဘူး။”
 

“မှန်လှပါ မင်းကြီး။ ကျွန်တော်မျိုးစီစဉ်လိုက်ပါ့မယ်။”

 

ထိုပွဲတွင် စစ်သူကြီးကတော်များ အားလုံးကို တက်ရောက်ခိုင်းလိုက်သည်။ အကယ်လို့ ရှေ့ဆက်ဖြစ်မည့် အကြောင်းကိုသာ ကြိုသိခဲ့လျှင် တားဂေါတိုင်းက မင်းကြီး၏ အကြံကို ဖျက်ဖြစ်အောင်ဖျက်ခဲ့မှာသေချာသည်။ ယခုတော့ မိဖုရားခေါင်ကြီးဆီ ရောက်တော့ မိဖုရားခေါင်ကြီးက မင်းကြီး အမိန့်ကိုကြားတော့ ထပ်ဆင့် အကြံရကာ မိန့်ပြန်သည်။
 

“အမတ်ချုပ်ကြီး စစ်သူကြီးတွေရဲ့ ကတော်တွေကို ကပြဖို့ အမိန့်ထုတ်ပြန်လိုက်ပါ။ ရိုးရာ အကတွေကို သခင်မရှုစားချင်တယ်။ မောင်တော်မင်းကြီးလည်း သဘောကျမှာ သေချာတယ်။ စစ်သူကြီးကတော်တွေက ကိုယ့်ရိုးရာ အကတွေနဲ့ ကပြဖျော်ဖြေပါစေ။”
 

“အမိန့်အတိုင်းပါ သခင်မ…”

 

မကြာခင် နန်းတွင်းမှ  မိဖုရားခေါင်ကြီးအမိန့်ဖြင့် နန်းတွင်းမှ ကျင်းပသည့် လမုန့်စားပွဲတွင် စစ်သူကြီးကတော်များက မိမိတို့ ရိုးရာအကဖြင့် ကပြဖျော်ဖြေရန် အမိန့်ထွက်လာခဲ့သည်။
 

“မောင်မောင်…ကျွန်မကလို့ဖြစ်ပါ့မလားဟင်။ မကတာ ကြာပြီဆိုတော့။ ပြီးတော့ နန်းတွင်းမှာ ဘုရင်နဲ့မိဖုရားရှေ့ကရမှာဆိုတော့ …”

 

ဟော်သွန်းက စိတ်လှုပ်ရှားစွာပြောသည်။ ယေစုကိုင်းက ဟော်သွန်း၏ လက်ကို ဖျစ်ညစ်ကာ ပြောလိုက်သည်။
 

“ဟော်သွန်းက အကနတ်သမီးပဲ၊ ဂီတသံကြားရင် အလိုလိုဖြစ်သွားလိမ့်မယ်။ မောင်မောင် ဟော်သွန်းကို ယုံတယ်။ ကပါ။ မောင်မောင်လည်း ဟော်သွန်းကတာကို မမြင်ရတာ ကြာပြီ။ မောင်မောင့်အတွက် ကပေးတယ်လို့ သဘောထားပါ။”

 

ဟော်သွန်းသည် ခင်ပွန်းဖြစ်သူ ယေစုကိုင်း၏ စကားကြောင့် ကြည်ကြည်နူးနူးပြုံးမိသည်။ အသက် ဆယ့်လေးနှစ်အရွယ်ကတည်းက လက်ထပ်ခဲ့ပြီး သားလေးတစ်သက် ချစ်ခင်မြတ်နိုးစွာပေါင်းသင်းခဲ့သည့် မိမိခင်ပွန်း၏ စကားကြောင့် ဟော်သွန်း ခေါင်းငြိမ့်လိုက်သည်။

 

“မောင်မောင်ကြည့်ချင်ရင် ဟော်သွန်းက ပါ့မယ် … ဒါပေမယ့် ဟော်သွန်းက အသက်ကြီးပြီ မောင်မောင်ရယ်။ မိန်းမပျိုလေးလိုတော့ မလှတော့ဘူး။”

 

ဟော်သွန်းက ခင်ပွန်းကို ပြုံးစစနှင့် ကျီစယ်လိုက်သည်။ ယေစုကိုင်းက ဟော်သွန်းကို ပေါင်ပေါ်ထိုင်ခိုင်းက ရွှမ်းရွှမ်းစားစားကြည့်ကာပြောသည်။

 

“ဘယ်ကလာ။ ကိုယ့် မိန်းမက ခုမှ လပြည့်ဝန်းလို ပြည့်ပြည့်၀၀ကို လှလာတာ၊ ရှင်မရဲ့ အလှက လနတ်သမီးရဲ့ ကျက်သရေရှိခြင်းတွေ ပေါင်းစပ်ထားတာ။ ပြီးတော့ မြို့တော်ရောက်မှ ဟော်သွန်း ပိုပိုလှလာတယ်လို့ထင်တယ်။ နန်ကျောင်ပြည်နဲ့တည့်လို့ထင်တယ်။ အင်း… အဲ့နေ့ မိဖုရားကြီးတွေက ဟော်သွန်းရဲ့အလှကို တွေ့ရင် မနာလိုဖြစ်ကြမယ်ထင်တယ်။”

 

ခင်ပွန်းဖြစ်သူက ထိုသို့ပြောတော့ ဟော်သွန်းကျေနပ်စွာရယ်မောမိသည်။ မိဖုရားများသာ မက မင်းကြီးလည်း မိမိကို အာရုံစိုက်မိသွားမည်ကိုသာ သိခဲ့လျှင် ထိုနေ့ကပွဲကို ဟော်သွန်း ငြင်းလိုက်မည်ဖြစ်သည်။ ယခုတော့ ခင်ပွန်းအတွက် အလှဆုံးကရန် အကကို ပြန်လေ့ကျင့်ခဲ့မိသည်။ ဟော်သွန်းတို့ မျိုးနွယ်စု၏ ထင်ရှားသည့် အကကိုတွေ့တော့ မိမိ အလှတွင် ကျရှုံးမည့် အခြားယောကျာ်းသားပေါ်လာခဲ့တော့သည်။ ထိုသူကား……

 

တင်ဂီရိတို့ လူငယ်များလည်း နန်းတွင်းပွဲကို တက်ဖို့စိတ်လှုပ်ရှားနေမိသည်။ တင်ဂီရိသည် တိတ်တိတ်လေး အကကျင့်နေသည့် မယ်မယ့်ကိုကြည့်ကာ ပီတိဖြစ်နေမိသည်။ မိခင်ကို ချစ်ခင် တွယ်တာလွန်းသည့် တင်ဂီရိသည် မိခင်ဟော်သွန်း၏ အလှနှင့် အကကို အားလုံးကို ဂုဏ်ယူစွာပြသရတော့မည်ဖြစ်လို့ စိတ်လှုပ်ရှားနေမိသည်။

 

ထိုနေ့ ယေစုကိုင်းက သွားနှင့်လေပြီ။ တင်ဂီရိလည်း ဖခင်နှင့်အတူ နန်းတွင်းကို လာခဲ့ရသည်။ ဟော်သွန်းနှင့် အတူ ကပြရမည့် အခြားသော စစ်သူကြီးကတော်များက နန်းတွင်းရှိအခြားသော အဆောင်တွင်စုနေကြသည်။
 

“ချွင်…ချွင်…ချွင်…”

 

ခြူသံလွင်လွင်ကြောင့် စစ်သူကြီးကတော်များက လှည့်ကြည့်လိုက်တော့ ငွေခြူလုံးလေးများ တပ်ထားသည့် ပုဝါကို ကပိုကယိုခြုံထားသည့် ယေစုကိုင်း စစ်သူကြီးကတော် ၀င်လာသည်ကို တွေ့တော့ မိန်းမအားလုံး စကားသံတိတ်သွားတော့သည်။ အားလုံးသည် ပြင်ဆင်ထားသည့် စစ်သူကြီးကတော်ကို ငေးကြည့်နေမိသည်။ ဟော်သွန်းသည် အားလုံးကို ပြုံးပြကာ  မိိမိတို့မျိုးနွယ် မိန်းကလေးများနှင့် ထောင့်တနေရာတွင် တိတ်ဆိတ်စွာထိုင်နေ လိုက်သည်။

 

တစ်ဖွဲ့ပြီး တစ်ဖွဲ့ အလှည့်ကျထွက်ကာ ကပြဖျော်ဖြေကြသည်ကို စောင့်ရင်း ဟော်သွန်း စိတ်လှုပ်ရှားလာခဲ့သည်။ သို့သော် ရဲရင့်သည့် မိန်းမတစ်ယောက်ဖြစ်သည့် အားလျော်စွာအသက်ကို ပြင်းပြင်းရှုကာ စိတ်ကို ငြိမ်အောင်ထားလိုက်သည်။

 

“သခင်မ ဟော်သွန်းအလှည့်ရောက်ပါပြီ။”

 

နန်းတွင်းကုန်းကုန်း လာပြောတော့ ဟော်သွန်းသည် မိမိနှင့်အတူ ကပြမည့် မိန်းကလေးများကို ဦးဆောင်ကာ အပြင်ကိုထွက်လာခဲ့သည်။

 

အပြင်တွင် လူပရိတ်သတ်အားလုံးသည် ခြူသံလွင်လွင်နှင့် ထွက်လာသည့် ရိုးရာဝတ်စုံနှင့် ဟော်သွန်းတို့အဖွဲ့ကိုမြင်တော့ အားလုံး မင်သက်သွားခဲ့သည်။

 

ယေစုကိုင်းသည် ဇန်းဖြစ်သူကို ချစ်ခင်မြတ်နိုးစွာဖြင့်ကြည့်မိလိုက်သည်။ ဟော်သွန်းသည် မောရကစ် မျိုးနွယ်ခေါင်းဆောင်၏ သမီးပီပီ လနတ်သမီးလို အလှကံထူးလွန်းလှသည်။ သူမကို စတွေ့စဉ်ကလိုပင် သူမ၏ အလှသည် သန့်စင်နေဆဲ၊ ရှင်သန်နေဆဲ။မိမိကို ဆွဲငင်နေဆဲပင်ဖြစ်သည်။ သားလေးပင် အသက် 12 နှစ်ရှိခဲ့သည့်တိုင်၊ အသက် ၂၇ နှစ်ရှိလာသည့်တိုင် ဟော်သွန်းသည် အလှကြီး လှနေဆဲပါ။

 

ဟော်သွန်းသည် ခင်ပွန်းဖြစ်သူ ယေစုကိုင်းကို ချစ်ခင်စွာဖြင့် တစ်ချက်ပြုံးကြည့်ကာ ဂီတ၏ စည်းချက်ကို အာရုံစိုက်ကာ မိမိတို့ မောရကစ်မျိုးနွယ်၏ အကကို စိတ်ရောကိုယ်ပါ အကနတ်သမီး ၀င်ပူးသလိုကို စိတ်လို လက်ရ ကပြလိုက်သည်။ ပျော့ပြောင်းစွာဖြင့် တေးဂီတထဲ စီးမျောကာ လေထဲမှ အလင်းနှင့် ဂီတကို လိုက်လံ ဖမ်းယူကာ သီကုံးသည့်နှယ် ကပြပြီးနောက် တေးဂီတသံ အဆုံး အသံများ တိတ်နေသဖြင့် မော့ကြည့်လိုက်မိစဉ် အရင်ဆုံး မင်းကြီး၏ လက်ခုပ်သံကို ကြားလိုက်ရပြီးနောက် နန်းတွင်းပရိတ်သတ်အားလုံး၏ လက်ခုပ်သံများ မိုးလုံးညံအောင် ကြားလိုက်ရသည်။ ဟော်သွန်းသည် အားလုံးကို ကျော်ကာ ခင်ပွန်းသည် ယေစုကိုင်း၏ အပြုံးမျက်နှာကိုသာ မြင်မိကာ ကျေနပ်သွားခဲ့သည်။

 

ထို့နောက် နောက်အဖွဲ့အတွက် အတွင်းခန်းကို ပြန်ဝင်လာခဲ့သည်။ ကုန်းကုန်းများက ဟော်သွန်းကို ၀ိုင်းကာ ချီးကျူးကြသည်။
 

“သခင်မ ဟော်သွန်း ဒီလောက် အကတော်မယ်လို့ လုံးဝမထင်ထားမိဘူး။ တော်လိုက်တာ သခင်မ။”
 

“ကျေးဇူးတင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။”

 

ဟော်သွန်းက အားလုံကို ကျေးဇူးတင်စကားပြောနေစဉ် အတွင်းဝန်ကြီးက ရောက်လာပြီး ဟော်သွန်းကို ဆုချီးမြှင့်သည်။
 

“မိဖုရားခေါင်ကြီးက စစ်သူကြီးကတော် ဟော်သွန်းနဲ့ အဖွဲ့ကို ရွေလက်ကောက်များ ချီးမြှင့်တော်မူလိုက်ပါတယ်။ ပြီးတော့ သခင်မဟော်သွန်းလည်း စစ်သူကြီးနဲ့ အတူ အစားသောက်သုံးဆောင်ဖို့ ကြွတော်မူပါ။”

 

ဟော်သွန်းသည် လက်ဆောင်ကို လက်ခံကာ မိမိနှင့်အတူကသည့် မျိုးနွယ်စုမှ မိန်းကလေးများကို ဝေငှပေးကာ ခင်ပွန်းသည်ထံသို့လိုက်ပါလာခဲ့သည်။
 

“ဟော်သွန်း…လှလိုက်တာ။ အက သိပ်တော်တာပဲ။”
 

“မယ်မယ်… မယ်မယ်က လနတ်သမီးဝင်စားသလိုပဲ။ အရမ်းလှတယ် မယ်မယ်ဘုရား။”
 

ဟော်သွန်းသည် ခင်ပွန်းနှင့် သားဖြစ်သူ၏ ချီးကျူးစကားကြောင့် ကျေနပ်စွာပြုံးမိသည်။ ယနေ့ပွဲကို ကရကြိုးနပ်သည်ဟု တွေးလိုက်မိသည်။ သို့သော် စင်ပေါ်မှ မင်းကြီး၏ အကြည့်က မိမိထံသို့ မသိမသာ ရောက်နေသည်ကို ယေစုကိုင်းရော၊ ဟော်သွန်းပါ သတိမထားမိလိုက်ပေ။ ထိုနေ့ညက မိသားစု သုံးဦး နန်းတွင်းမှ ပျော်ရွင်စွာပြန်ခဲ့ကြသည်။

 

ထိုနေ့ညသည် ယေစုကိုင်းနှင့် ဟော်သွန်း၏ ပျော်စရာ အချစ်ညလေးဖြစ်ကာ ကျေနပ်စွာအိပ်ပျော်သွားခဲ့သော်လည်း ခန်မင်းကြီးအတွက် အိပ်ပျက်သော ညဖြစ်ခဲ့သည်။ ခန်မင်းကြီးသည် လနတ်သမီးဟော်သွန်း၏ အကကို ထပ်တလဲလဲမြင်ယောင်ကာ တညလုံးကို တယောက်တည်း အိပ်ယာထဲ ပြုံးယောင်သမ်းကာ မိုးလင်းခဲ့ရသည်။

 

နောက်တနေ့ မင်းကြီး ညီလာခံမတက်သဖြင့် အမတ်ချုပ်ကြီးက စိုးရိမ်ကာ မင်းကြီးအဆောင်ကိုလိုက်လာခဲ့သည်။ မင်းကြီး၏ အတွင်းဝန် ကုန်းကုန်းထံမေးလိုက်တော့ မင်းကြီး တညလုံး မအိပ်သည်ကို သိလိုက်တော့သည်။

 

“မင်းကြီး ဘာကို စိတ်စွဲနေတာလဲ အတွင်းဝန်ကြီး။”

 

တားဂေါတိုင်းက အတွင်းဝန်ကြီးကို ချက်ချင်းမေးလိုက်သည်။ အတွင်းဝန်ကြီးက လန့်သွားပြီး ပြန်ဖြေလိုက်သည်။
 

“အမတ်ချုပ်ကြီး ဘယ်လိုသိနေတာလဲ။”
 

“ပြောမှာဖြင့်ပြောစမ်းပါ။ မင်းကြီး မနေ့ညက ဘယ်မိန်းကလေး နာမည်ကို ရေရွတ်သလဲ။”
 

“ဟော်သွန်းပါတဲ့ အမတ်ချုပ်ကြီး…”

 

တားဂေါတိုင်း သက်ပြင်းရှိုက်လိုက်မိသည်။ ထင်သည့်အတိုင်းဖြစ်လာလေပြီ။မနေ့က ယေစုကိုင်း၏ ဇန်ီးသည် ဟော်သွန်းကပြစဉ်ကတည်းက မင်းကြီး၏ အကြည့်က မလွဲဖယ်နိုင်သည်ကို သတိပြုမိသည်။ မင်းကြီးသည် ဟော်သွန်းကို တချိန်လုံးခိုးကြည့်နေသည်ကို မိမိသတိပြုမိသကဲ့သို့ မိဖုရားခေါင်ကြီးလည်း သတိပြုမိနေသည်။

 

တားဂေါတိုင်းက လင်ရှိမယား ဟော်သွန်းကို မင်းကြီး မစွဲလန်းပါစေနှင့်ဟု ကြိတ်ကာ ဆုတောင်းနေခဲ့သော်လည်း မင်းကြီး ညီလာခံမတက်သောအခါ စိတ်မသက်မသာနှင့် အဆောင်ကိုလာစုံစမ်းတော့ ထင်သည့်အတိုင်းဖြစ်နေသည်။

ပိုဆိုးသည်က ဟော်သွန်းသည် ယေစုကိုင်း၏ ဇနီးသည်ဖြစ်နေသည်။ လောလောဆည် မင်းကြီး၏ အခြေနေကို အသာစောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
 

“ဒီသတင်းကို မိဖုရားခေါင်မသိအောင်ဖုံးထားလိုက်။ တကယ်လို့ပေါက်ကြားရင်း မင်း အရင်အသတ်ခံရမယ်။”
 

“စိတ်ချပါ အမတ်ချုပ်ကြီး။”

 

ကုန်းကုန်း ကတိပေးလိုက်သည်။ မပေးလို့မဖြစ်ပေ။ အမတ်ချုပ်ကြီးက ဓါးစောင်းထက်သည် မဟုတ်လား။

တားဂေါတိုင်းပြန်သွားပြီးနောက် ခန်မင်းကြီးနိုးလာခဲ့သည်။ ခန်မင်းကြီးသည် အိပ်ယာမှ မထပဲ နိုးသည်နှင့် ဟော်သွန်းအကြောင်းကို တွေးနေမိသည်။ ထို့နောက်ယေစုကိုင်းကို သတိရကာ သက်ပြင်းချလိုက်သည်။

 

မဖြစ်သေးပါ။ ဟော်သွန်းသည် မိမိ အားကိုးရသည့် စစ်သူကြီး ယေစုကိုင်း၏ ကတော်ဖြစ်သည်။ ဖောက်ပြန်သည့် မိမိစိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ရန် ခန်မင်းကြီး အိပ်ယာမှ ထကာ မိဖုရားငယ်အဆောင်ဘက်ကို ကူးလာခဲ့သည်။ လွန်ခဲ့သော လမှ မိမိ တော်ကောက်ထားသည့် မိဖုရားနှင့် ပျော်ပါးကာ ဟော်သွန်းကို မေ့နိုင်အောင် ကြိုးစားလိုက်သည်။

 

သို့သော် ဟော်သွန်းမဟုတ်သည့် အခြားမိန်းမနှင့် ပျော်ပါးရသည်ကို စက်ဆုပ်လာမိသည်။ မိမိချစ်သူကွယ်ရာတွင် ဖောက်ပြန်နေသည့် လူလို ခံစားမိကာ ခန်မင်းကြီး အဆောင်ကို ပြန်လာခဲ့သည်။

 

ဟော်သွန်းကို စွဲလန်းစိတ်ကို လျော့အောင် အရက်သောက်ကာ အိပ်လိုက်သည်။ သို့သော် မနက်နိုးလာတော့ ခေါင်းကိုက်ကာ နိုးသည်နှင့် ဟော်သွန်းကို တန်းသတိရပြန်သည်။ ခန်မင်းကြီးသည် ဟော်သွန်းကို မေ့ရန် အရက်ကို ထပ်သောက်ပြန်သည်။ မူးလေ ပိုသတိရလေဖြစ်ကာ ခန်မင်းကြီး ရူးချင်သလိုဖြစ်လာမိသည်။

 

တားဂေါတိုင်းသည် မင်းကြီးကို တပတ်လောက်စောင့်ကြည့်ပြီးနောက် အခြေနေမဟန်သဖြင့် ကိုယ်တိုင်ဝင်ရန် ဆုံးဖြတ်လိုက်သည်။
 

“အရှင်မင်းကြီး အမတ်ချုပ်ကြီး တွေ့ခွင့်တောင်းနေပါတယ်…”
 

“မအားဘူးလို့ပြောလိုက်….”
 

“အ၇ှင်မင်းကြီး အတွေ့မခံမချင်း အပြင်က စောင့်နေပါ့မယ်လို့ပြောပါတယ် အ၇ှင်။”

 

ခန်မင်းကြီးသည် ကဗျာစပ်ရာမှ ဒေါသတကြီးနှင့် စုတ်တံကို ပစ်ချကာ မျက်မှောင်ကြုတ်လိုက်သည်။ အမတ်ကြီး မိမိကို ဘာကြောင့်လာ တွေ့သလဲဟု တွေးကာ အမိန့်ပေးလိုက်သည်။
 

“၀င်လာခိုင်းလိုက်…”

 

“အရှင်မင်းကြီးကို ဂါရ၀ပြုပါတယ် …”

 

“ဘာအကြောင်းရှိလို့လဲ အမတ်ကြီး။”
 

“အရှင်မင်းကြီး ညီလာခံမတက်တာ တပတ်ရှိပြီမို့ ကျွန်တော်မျိုး စိတ်ပူလို့လာကြည့်တာပါ အရှင်။ ”

 

“ကိုယ်တော်နေကောင်းတယ် အမတ်ကြီး။ စိတ်မကြည်လို့ အဆောင်မှာနားနေတာပါ။ တိုင်းပြည်ရေးကို အမတ်ကြီးပဲ ကြည့်ပြီး စီစဉ်လိုက်ပါ။”
 

“အရှင်မင်းကြီး ဘာများ စိတ်မကြည်စရာရှိလို့ပါလဲ။ ကျွန်တော်မျိုးကို တိုင်ပင်တော်မူပါ အရှင်…”
 

“ကျုပ်ဘာမှ မဖြစ်ဘူး အမတ်ကြီး။ ပြန်တော့…”

 

ခန်မင်းကြီးသည် အမတ်ကြီးကို တင်းမာစွာဖြင့် နှင်ထုတ်သည်။ ယေစုကိုင်း၏ မယားကို မိမိချစ်နေသည်ကို မည်သို့ဖွင့်ပြောလို့ဖြစ်မည်နည်း။ ခန်မင်းကြီးက အမတ်ကြီးကို တင်းမာစွာမောင်းထုတ်သော်လည်း အမတ်ကြီးက ထွက်မသွားပဲ မိမိကိုပြန်ပြောခဲ့သည်။
 

“အရှင်မင်းကြီးက ဒီတိုင်းပြည်ရဲ့ အရှင်သခင်ပါ၊ ဒီတိုင်းပြည်ထဲမှာ အရှင်မင်းကြီး နှစ်သက်တဲ့ ဘယ်အရာကို မဆို အရှင်မင်းကြီး ပိုင်ဆိုင်ပါတယ်အရှင်။ သက်ရှိ၊ သက်မဲ့ အရာအားလုံးက မိုးနတ်မင်းက အရှင့်ကို ပေးသနားတော်မူတဲ့ အရာတွေပါ။ ”

 

ခန်မင်းကြီးက အမတ်ကြီး၏ တင်လျှောက်စကားကိုကြားသောအခါ မျက်နှာတစ်ခုလုံး နီရဲလာပြီး အမတ်ကြီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
 

“အမတ်ကြီး ပြောလို့ပြီးရင် ပြန်တော့။ ကိုယ်တော် နားချင်ပြီ။”
 

“မှန်လှပါ အ၇ှင်…”

 

တားဂေါတိုင်းထွက်သွားပြီးနောက် ခန်မင်းကြီးက အိပ်ယာထက်ပေါ်ပစ်လှဲကာ သက်ပြင်းသာ အကြိမ်ကြိမ်ချမိတော့သည်။
 

“ဟော်သွန်းရယ် မင်းနှိပ်စက်လွန်းလှတယ်။ ဘယ်လိုလုပ်မှ မင်းကို မေ့နိုင်မှာလဲကွာ…”

 

ခန်မင်းကြီး အံကြိတ်ကာ ညည်းလိုက်မိတော့သည်။


 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet