chapter- 1

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (၁)

 

ဂိုဗီ သဲကန္တာရ ၏ မြောက်ဘက်တွင် မိုးထိမြင့်မားသည့် တောင်တန်း၊ ကုန်းမြင့်များ ၀န်းရံနေသည်။ ကုန်းမြေမြင့် ပေါ်တွင် လေတဟူးဟူး တိုက်ခတ်နေသည်။ ထိုကုန်းမြေမြင့်ပေါ်တွင် ကိုင်းပင်များထူထပ်စွာ ပေါက်နေသည့် အိုင်ပေါင်းများစွာ ရှိသည်။ တန်ဒရာ ဒေသသို့ ပျံသန်းသွားကြသည့် ဌက်ပေါင်းစုံတို့သည် ထိုရေအိုင်များတွင် ခရီး တစ်ထောက် နားကြသည်။ ထိုရေအိုင်များအနက် ဗိုင်းကူး ရေအိုင်က အကြီးဆုံးဖြစ်သည်။

 

ဆောင်းဥတု လလယ် မြူတိမ်ကင်းသည့် ညဥ့်များတွင် မြောက်ဘက်က မိုးကုပ်စက်ဝိုင်းဆီမှ အလင်းရောင်များ လင်းလင်း လက်လက် တောက်ပနေသည်ကို မြင်တွေ့ရသည်။ ထိုထူးဆန်းစရာ အလှကလွဲလျှင် ထိုဒေသသည် ရာသီဥတု အလွန်ကို ဆိုးဝါးသော ဒေသဖြစ်သည်။

 

တမျှော် တခေါ်လှမ်းကြည့်လို့မှ သစ်ပင်များကိုမမြင်ရပေ။ မြစ်ချောင်း၊ အင်းအိုင် အနီးတွင်သာ စိမ်းလန်းစိုပြေသော မြက်ခင်းများကို မြင်ရသည်။ ကျန်ဒေသများတွင် သဲခေါင်ခေါင် ကန္တာရကိုသာ မြင်ရသည်။ နွေရာသီ အလယ်ပိုင်းတွင် ကြောက်မက်ဖွယ်ရာ လေမုန်တိုင်းများကျရောက်တတ်ပြီး မုန်တိုင်းနှင့်အတူ လျှပ်တ၀င်းဝင်းနှင့် မိုးကြိုးပစ်ချ

တတ်သည်။

 

ထို့နောက် ဆီးနှင်းများလိုက်ပါလာတတ်သည်။ ဆီးနှင်းမုန်တိုင်းများနှင့်အတူ လေထန်လွန်းလှသဖြင့် လူများမတ်တပ် မရပ်နိုင်ပဲ မြေပေါ်တွင်သာ ၀ပ်နေရသည်။ ဆီးနှင်းများဆဲသွားသောအခါ မိုးသီးများရွာချတတ်သည်။ မိုးဒဏ် လေဒဏ် ကင်းလွတ်သွားသည်နှင့် ပြင်းထန်လှသည့် အပူဓါတ်က လိုက်ပါလာပြန်သည်။

 

အအေးလွန်ကဲသော ရာသီဥတု၊ အပူလွန်ကဲသော ရာသီဥတု၊ မိုးကြိုးဒဏ်၊ မုန်တိုင်းဒဏ်၊ မိုးသီးဒဏ်။ ရာသီဥတု ဒီလောက်ဆိုးဝါးပြင်းထန် လွန်းလှသည့် ဒေသကား မွန်ဂိုလူမျိုးတို့၏ ဒေသဖြစ်သည်။

 

ဤဒေသတွင် မွေးဖွားလာ သည့် ကလေးများသည် ပြင်းထန်သည့် ရာသီဥတုကို ကြံ့ကြံ့ခံပြီး ကြီးပြင်းလာသူပီပီ

ကျောက်တောင်ကြီးများလို သန်စွမ်းလှသည်။ မိခင်နို့ပြတ်ပြီး မြင်းနို့ကို သောက်နိုင်သည့် အချိန်ကစပြီး မိခင်များ ကလည်း ကလေးများကို တယုယယ လုပ်မနေတော့ပဲ ကိုယ်ထူကိုယ်ထ နေတတ်အောင် လွှတ်ထားသည်။

 

မိုးဦးကျစ မြင်းများ၊နွားများ နို့လှိုင်လှိုင်ထွက်သည့် အချိန်သည် မွန်ဂိုများအတွက် အစာရေစာ ပေါများသည့် အချိန်ဖြစ်သည်။ ထိုအချိန်တွင် သိုးများပင် ၀ဖြီးလာသည်။ မွန်ဂိုယောကျာ်းသားကြီးများက သမင်၊ဒရယ်၊ ၀က်ဝံ စသည့် အကောင်များကို ပစ်ခတ်ကာ ယူဆောင်လာကြသည်။ ထိုအချိန်များသည် မွန်ဂိုလူမျိုးများအတွက် ပွဲတော်ကြီးပင်ဖြစ်သည်။ မြင်းနို့မှဖောက်ထားသည့်အရက်ကိုသောက်ကာ အသားဟင်းများဖြင့် မြည်းကြသည်။ တေးသီချင်းများသီဆိုကာ မီးပုံကို ပတ်ပြီး ကခုန်ကြသည်။

 

လူငယ်များကလည်း မိမိတို့ မည်မျှကြံ့ခိုင်ကြသည်ကို ပြသသည့်အနေဖြင့် နဘမ်းပွဲများကျင်းပကြသည်။ အပျိုလူပျို များကလည်း အပြန်အလှန် စောင်းချိတ်ကာ တေးသီချင်းဆိုကြသည်။ နဘမ်းပွဲကို အနိုင်ရသည့် လူငယ်အတွက်ကတော့ သူနှစ်သက်သည့် မိန်းမပျိုလေး၏ အချစ်ကို အလွယ်တကူ ရယူနိင်သဖြင့် နဘမ်းပွဲတွင် အနိုင်ရရှိဖို့သည် မွန်ဂိုယောကျာ်းလေးတိုင်း အတွက် အရေးအကြီးဆုံးပင်ဖြစ်သည်။

 

ထိုသို့ သာယာကာ ပျော်စရာကောင်းသည့် နေ့ရက်များကို ကျော်လွန်ပြီးသည့်နောက် ပြင်းထန်သည့် ဆောင်းတွင်းကို ကျော်ဖြတ်ရသည်။ မိုးတွင်းက စုဆောင်းထားသည့် အမဲသားငါး အခြောက်အခြမ်းများလည်းကုန် လေပြီ။ မြင်းများ၊ နွားများလည်း ပိန်ချုံးလာကြသည်။ ကလေးများလည်း နံရိုးပြိုင်းပြိုင်းဖြစ်လာကြသည်။ ယောကျာ်းကြီးများလည်း ပြောင်း၊ လူး၊ ဆတ် ရရာကို ပြုတ်သောက်ကြရသည့် အချိန်ဖြစ်သည်။

 

ဆောင်းဥတု ကုန်ခါနီးတွင် မွန်ဂိုလူမျိုးများအတွက် အစာရေစာ အပြတ်လတ်ဆုံးအချိန်ဖြစ်သည်။ ထိုအချိန်များတွင် လူမျိုးစု တစ်စုက အခြားလူမျိုးစုထံမှ အစာရေစာနှင့် သိုး၊မြင်း၊နွားများကို လုယူလေ့ရှိသဖြင့် လူမျိုးစုတိုင်းမှ ယောကျာ်း သားများက နေ့နေ့ ညည ကင်းစောင့်ရသည့် အချိန်ဖြစ်သည်။

 

အင်အားကြီးသူများက အင်းအားနည်းသူများကို စီးနင်းတိုက်ခိုက်ကြသဖြင့် နေရာတိုင်းတွင် တိုက်ပွဲများဖြစ်ပွားကာ လူမျာစွာ သေကြေပျက်စီးကြသည်။ ထို့ကြောင့် မွန်ဂိုမျိုးနွယ်စုများသည် ထိုအချိန်တွင် ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေထိုင်ကြသည်။ ထိုသို့ပြောင်းေ၇ွှ့ရာတွင် ယတ် ဟုခေါ်သည့်  မွန်ဂိုတို့၏ ရိုးရာတဲကြီးကို နွားတဒါဇင်ကျော် ဆွဲသည့် လှည်းပေါ်တင်ကာ ပြောင်းရွှေ့ကြသည်။ တဲကြီးသည် လိပ်ခုံးသဖွယ်ဖြစ်သောကြောင့် လေပြင်းရိုက်သောဒဏ်ကို ခံနိုင်သည်။

 

ခရီးတထောက်နားသည့်အခါ တဲကြီးကို လှည်းပေါ်မှ ချကာ မြေပြင်ပေါ်တွင် စိုက်ထူလိုက်သည်။ မြက်တော မြေပြင်အရပ်များနှင့် ကုန်းမြင့်အ၇ပ်များတွင် လှည့်လည်သွားလာသည့်အခါ တအီအီမြည်သော လှည်းဘီးသံက ဆူညံလို့နေသည်။  

 

ထိုသို့လှည့်လည်သွားလာရင်း တင်ဂီရိဆိုသည့် လူငယ်လေးမွေးဖွားလာခဲ့သည်။ ကစားမြူးထူးသည့် ကလေး အရွယ်ကပင် တင်ဂီရိသည် မိသားစုကို များစွာအထောက်အကူပေးခဲ့သည်။ လှည်းတန်းကြီးသွားလာသည့် ခရီးတလျှောက် မြစ်ချောင်းများတွေ့လျှင် အခြား ကောင်လေးများနှင့်အတူ ငါးမြှားပေးခဲ့သည်။ မြင်းအုပ်များကို ထိန်းကျောင်းပေးခဲ့သည်။ ပျောက်ဆုံးသည့် မြင်များကို ရှာပေးခဲ့သည်။ သိုးရိုင်းများကိုစီးကာ ရှဥ့်များ၊ ယုန်များ လိုက်ပေးခဲ့သည်။

 

ညများတွင် ချမ်းချမ်းစီးစီးနှင့် မီးမဖိုရဲပဲ မြက်တောထဲတွင်ကင်းစောင့်ပေးရင်း တင်ဂီရိ ကြီးပြင်းလာခဲ့သည်။ အစာရေစာ ပေါများသည့် မိုးဦးပေါက်သို့ရောက်လျှင် တင်ဂီရိ တို့လူသိုက် ငတ်သမျှ အတိုးချစားကြသည်။ မြက်တော လွင်ပြင်များတွင်မြင်းစီးပြိုင်ပွဲများ ကျင်းပကြသည်။ လူငယ်လေးများက အရိုးကျိုးသည်အထိ နဘမ်းပွဲများ ကျင်းပကြသည်။

 

 

 

တင်ဂီရိသည် အသက် 10 နှစ်သားနှင့်မလိုက်ဖက်အောင်ပင် ကိုယ်ထည်ထွားကျိုင်းသည်။ ရွယ်တူထဲတွင် ပြိုင်ဖက် ကင်းအောင် နဘမ်းသတ်ကျွမ်းကျင်သည်။ မြင်းစီး၊ မြှားပစ်လည်း ဖခင်ဖြစ်သူ ယေစုကိုင်းကို အမှီလိုက်နိုင်သည်။ အုပ်စု ခေါင်းဆောင်၏ သား တင်ဂီရိသည် သူတို့လူမျိုးစုအတွက် အားကိုးဖွယ် အင်အားတစ်ရပ်ဖြစ်လာခဲ့သည်။

 

ထိုသို့ပြောင်းရွှေ့ရင်း တောင်ပိုင်းနယ်ဘက်ကို တဖြည်းဖြည်းရောက်လာကြသည်။ ချန်ကျန်း၊ ယန်စီကျန်း မြစ်များကို ကျော်ကာ ရာသီဥတု ပူနွေးပြီး အစာရေစာ ပေါများသည့် ကျန်းနန်ဒေသကို တဖြည်းဖြည်းရောက်လာခဲ့သည်။ တင်ဂီရိ တို့အုပ်စုသည် ညဘက် စခန်းချ နားသည့်အခါတွင် မီးပုံပတ်လည်တွင် ၀ိုင်းကာ မီးလှုံကြပြီးနောက် ကြိုးတစ်ချောင်းတပ် တစ်ယောဖြင့် တီးခတ်ကာ သီဆိုဖြေဖျော်သည့် သီချင်းသည်များ၏ တေးသီချင်းများကို နားဆင်ကြသည်။ တေးသီချင်းသည်များက ဘေးဘိုး ဘီဘင် မွန်ဂိုသူရဲကောင်းကြီးများအကြောင်းကို ဇာတိမာန် တက်ကြွဖွယ် သီကုံးကာ သီဆိုဖြေဖျော်ကြသည်။

 

တင်ဂီ၇ိသည် ထိုသီချင်းများကို နားထောင်ရင်း ဘေးဘိုးလောင်းတော် သူရဲကောင်းကြီးက ကာဌေးဧက၇ာဇ်ကိုပင် သတ်ပုတ် အနိုင်ယူဖူးသည်ကိုမှတ်သားလိုက်ရသည်။ မိမိတို့သည် မျက်လုံးပြာလဲ့လဲ့  ဆွတ်ဆွတ်ဖြူသည့် အသားရောင်ရှိသည့် မျိုးနွယ်မှ ဆင်းသက်လာသည်ကိုလည်း သိရှိရသည်။ မိခင်ဖြစ်သူ ဟော်သွန်း၏ မျက်ဝန်းများက ပြာလဲ့လဲ့ရှိကာ အသားရေက ဖြူဆွတ်ကာ လနတ်သမီးသဖွယ်လှပလှသဖြင့် ထိုသီချင်းကို နားထောင်တိုင်း တင်ဂီရိသည် မိခင်၏ လှပမှုအတွက် ဂုဏ်ယူမဆုံးဖြစ်မိသည်။ ဖခင်ဖြစ်သူကတော့ အခြားမွန်ဂိုသူရဲကောင်းများလို အသားက ကြေးနီရောင်တောက်ကာ မျက်နှာက လေးထောင့်ကျကျနှင့် ယောကျာ်းပီသကာ ခန့်ညားလွန်းလှသည်။

 

တင်ဂီရိသည် ဖခင်ဖြစ်သူ၏ ကြေးနီရောင် အသားအရေနှင့် မိခင်ထံမှ ပြာလဲ့လဲ့ မျက်ဝန်းကို ဆက်ခံရရှိခဲ့သည်။

ကျန်းနန်ပြည်နယ်တွင် နန်ကျောင်ပြည်ကို တည်ထောင်ကာ အုပ်ချုပ်မင်းလုပ်နေသော ကာလိုရင် ဘုရင်သည် ယေစုကိုင်း၏ ဘေးတော်နှင့် သွေးသောက်ညီအကိုတော်သူဖြစ်သည်။ ကာလိုရင် သည် ဂိုဗီ သဲကန္တာ၇ကို အစောဆုံး စွန့်ခွာသွားသည့် မျိုးနွယ်စု ထဲမှ သူရဲကောင်းဖြစ်သည်။ ကျန်းနန်နယ်တွင် တိုင်းပြည်ထူထောင်ကာ သြဇာအာဏာ ကြီးထွားလာခဲ့သည်။

 

“မောင်မောင်…ကျွန်မတို့ တောင်ပိုင်းကို ဆက်ပြီး သွားကြဦးမလား။”
 

“မသွားတော့ဘူး။ ကျုပ်တို့ နန်ကျောင်မင်းဆက် လက်အောက်မှာ အမှုထမ်းပြီး အတူ နေထိုင်သွားကြမယ်။”
 

“နန်ကျောင် ဘုရင်က ကျွန်မတို့ကို လက်ခံပါ့မလား မောင်မောင်”
 

“လက်ခံမှာပေါ့ ဟော်သွန်းရယ်။ သူတို့က တိုင်းပြည်ကိုတိုးချဲ့နေတာ။စစ်သူရဲ့ကောင်းတွေ လိုအပ်နေတယ်

လေ။ပြီးတော့ ကိုယ်တို့က အရင်ကတည်းက ပတ်သတ်မှုရှိပြီးသား ဆိုတော့ လက်မခံစရာမရှိပါဘူး။”
 

“ခမည်းတော်…ကျွန်တော်တို့ မျိုးနွယ်စုကို သူတို့ကျွေးထားနိုင်ပါ့မလား။ ကျွန်တော်တို့က လူများတယ်။”
 

“ကျွေးနိုင်တာပေါ့ တင်ဂီရိ သားလေးရာ။ နန်ကျောင်ပြည်က လယ်ယာစိုက်ပျိုးရေးထွန်းကားတယ်။ ရောင်းဝယ်ဖောက်ကားရေးလည်းဖြစ်ထွန်းတယ် ကြားတယ်.။ ”
 

“သူတို့မကျွေူးနိုင်လည်း ကျွန်တော်တို့ဖာသာ အမဲလိုက်ပ့ါမယ် ခမည်းတော်။ သူများဆီက လက်ဖြန့်စားတာထက် ကိုယ့်ဖာသာ အမဲလိုက်စားရတာ ပိုသဘောကျတယ်။”
 

ယေစုကိုင်းသည် သားဖြစ်သူ တင်ဂီရိ၏ ကလေး စကားကို သဘောကျစွာရယ်မောလိုက်သည်။ ဒေါင်ကျကျ ပြားကျကျကြံ့ခိုင်သည့် သားကို ကျေနပ်အားရစွာကြည့်မိသည်။ ဟော်သွန်းလည်း သားလေးကို ချစ်မြတ်နိုးစွာဖြင့် ခေါင်းကိုပွတ်ပေးလိုက်သည်။

 

တင်ဂီရိ၏ ဖခင် ယေစုကိုင်း ဦးစီးသည် မျိုးနွယ်စုသည် ကာလိုရင်၏ မြေးတော် ကာလိုခန် မင်းကြီး အုပ်ချုပ်သည် နန်ကျောင်မင်းဆက်လက်အောက်တွင် အမှုထမ်းရန် ဆုံးဖြတ်လိုက်သည်။ နန်ကျောင်ဘုရင် ကာလိုခန်မင်းကြီးသည် ယေစုကိုင်းနှင့် မျိုးနွယ်စု သူရဲကောင်းများကို ရာထူးများပေးကာ လှိုက်လှဲစွာ လက်ခံထားခဲ့သည်။

 

“ယေစုကိုင်းသည် ငါကိုယ်တော်ရဲ့ မျိုးနွယ်တူဖြစ်တဲ့အပြင် ဘေးတော်ချင်းလည်း သွေးသောက်ညီအစ်ကိုတော် ဖြစ်ခဲ့တယ်။ ဒါကြောင့် ယေစုကိုင်းကို စစ်သူကြီးရာထူးပေးပြီး စစ်သူကြီး အဆောင်ယောင် အပြည့် ပေးစေ။ ယေစုကိုင်း၏ နောက်လိုက်နောက်ပါ များကိုလည်း အဆင့်အလိုက် တပ်မှုးရာထူးများပေးစေ။ လစာများလည်း ထိုက်တန်စွာပေးအပ်စေ။ နောက်လိုက် နောက်ပါများ လုပ်ကိုင်စားသောက်ရန် လယ်၊ယာများလည်း ပေးသနားစေ။”
 

“ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး။”
 

“ညီတော် ယေစုကိုင်း အကြောင်းကို ကျုပ် ကြားဖူးတာကြာပြီ။ ညီတော်တို့ တောင်ပိုင်းကို ရွှေ့ပြောင်းလာရင် ကောင်းမယ်လို့ ကျုပ်အမြဲတွေးမိတယ်။ မိုးနတ်မင်းစောင်မလို့ ညီတော်တို့ ကျုပ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ေ၇ာက်လာကြတယ်။ ”
 

“အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မျိုးနွယ်စု အရှင့်ကို သစ္စာရှိ ရှိအမှုထမ်းပါ့မယ် အရှင်မင်းကြီး”
 

ယေစုကိုင်းသည် ကြင်နာတတ်သည့် ကာလိုခန် မင်းကြီးကို ကတိပြုလိုက်သည်။ ကာလိုခန် မင်းကြီးလည်း ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ တင်ဂီရိသည် ခမ်းနားလှသည့် နန်းတွင်းနှင့် ဖြူဖပ်ဖပ် နန်းတွင်းအရာရှိများကို လှည့်ပတ်ကြည့်ကာ အံ့အားသင့်နေမိသည်။

 

“နန်ကျောင်ပြည်က အမတ်တွေက ငါတို့နဲ့ မတူသလိုပဲ။ အသားရေက ဖြူဖပ်ဖြူယော်၊ လူတွေက နေမကောင်းသလို ပိန်ပိန်ပါးပါးနဲ့ပါလား။”

 

တင်ဂီရိက ကလေးအတွေးဖြင့် တွေးနေမိသည်။ မိမိတို့ မျိုးနွယ်စု များ၏ ကြံ့ခိုင်မှုကို အားရနေမိသည်။
နန်းတော်မှ ပြန်လာပြီးနောက် ယေစုကိုင်းတို့မိသားစုသည် မြို့တော်အပြင်ဘက်တွင် နေစရာ စံအိမ်အကြီးကြီးကို ရလိုက်သည်။ လူမျိုးစု အားလုံး ထိုအိမ်တော်တွင် အရင်စုနေရန် စီစဉ်လိုက်သည်။

 

“ခမည်းတော် ဒါ သားတို့ နေရမယ့် အိမ်လား”

 

“ဟုတ်တယ် တင်ဂီရိ”

 

“ကြီးလိုက်တာ။ ဒါပေမယ့် ကျန်တဲ့သူတွေ အားလုံးဆံ့ပါ့မလား။”
 

“သူတို့အတွက် သီးသန့် အိမ်တွေဆောက်ပေးလိမ့်မယ်။ ဒါက ခမည်းတော်တို့ မိသားစုအတွက်ပဲ။”

 

တင်ဂီရိ ပါးစပ် အဟောင်းသားပွင့်သွားတော့သည်။ လူမျိုးစု တစ်ဝက်လောက် နေလို့ရမည့် နေရာကို မိမိတို့ မိသားစုပဲနေရမည်တဲ့လား။

 

“သားရဲ့ ခမည်းက အခု စစ်သူကြီး ဖြစ်သွားပြီလေ သားရဲ့။ ”
 

“စစ်သူကြီးမို့ အိမ်အကြီးကြီးရတာလားဟင် မယ်မယ်”
 

“ဟုတ်တာပေါ့..ကဲလာ အထဲကို နေရာချထားရအောင်။ သားက လူငယ်တွေကို ဦးစီးပြီး မြင်းတွေ၊ နွားတွေကို နေရာချလိုက်၊ မယ်မယ်က မိန်းမသားတွေကို ဦးစီးပြီး ချက်ပြုတ်ဖို့လုပ်လိုက်မယ်။”

 

“ဟုတ်ကဲ့ မယ်မယ်”

 

တင်ဂီရိသည် မယ်မယ့် အမိန့်အတိုင်း လူငယ်များကို ဦးစီးကာ မြင်းများ၊ နွားများကို အိမ်တော် အနောက်ဘက် သို့မောင်းကာ နေရာချသည်။

 

ဟော်သွန်းက မိန်းမများကိုဦးစီးကို ချက်ပြုတ်ရန်ပြင်ဆင်သည်။ ယောကျာ်းသားများက နေရန် အဆောက်အဦးကို ဆောက်ဖို့ ယေစုကိုင်းနှင့် တိုင်ပင်နေကြသည်။

 

နန်ကျောင် နန်းတွင်း ကလည်း ယေစုကိုင်းတို့ မည်သို့နေရာချမည်ကို စိတ်ဝင်စားကာ စောင့်ကြည့်နေကြသည်။ ကာလိုခန် မင်းကြီးက လိုအပ်သည့် အိမ်ဆောက်ပစ္စည်းကို ထောက်ပံ့ပေးသည်။ ယေစုကိုင်းနှင့် မျိုးနွယ်စုမှ ယောက်ျားသားများက သွက်လက်စွာဖြင့် အိမ်တစ်လုံးပြီး တစ်လုံးဆောက်လုပ်ကြသည်။ ၅ ရက်အတွင်း နေရန် အိမ်အားလုံးပြီးသွားကြသည်။

 

 

လူတိုင်းက လေလုံ၊ မိုးလုံး သစ်လုံးအိမ်မျာကို ပိုင်ဆိုင်ရသောကြောင့် ကျေနပ်နေကြသည်။ ကာလိုခန် မင်းကြီးသည် ယေစုကိုင်း၏ ဦးဆောင်နိုင်စွမ်းကို အထင်ကြီးလေးစားသွားသည်။ ယေစုကိုင်းသည် မည်သည့်အခြေနေတွင် မဆို အဆင်ပြေအောင် လုပ်နိုင်စွမ်းရှိသူဖြစ်သည်။ သို့သော် အမတ်ချုပ်ကြီး တားဂေါတိုင်းကတော့ ယေစုကိုင်းကို သိပ်သဘော မကျပေ.။
 

“ဒီသူငယ် သိပ်ကို တော်လွန်းနေတယ်။ သူက ကာလိုခန် ထက်ကို တော်နေတယ်။ သူက နောင်တချိန် အန္တရာယ်ရှိ လာနိုင်တယ်.။ သတိထားမှပဲ။ သူ့ကို မျက်ခြေမပြတ်စောင့်ကြည့်ရမယ်။”

 

ယေစုကိုင်းကတော့ ဘာမှ မသိပါ။ လုပ်စရာရှိသည်ကိုလုပ်သည်။ မိမိတို့ မျိုးနွယ်စုကို နေဖို့ စီစဉ်ပေးပြီးနောက် လယ်ယာများခွဲဝေပေးကာ စိုက်ပျိုးနိုင်ရန် စီစဉ်ပေးသည်။ နောက်ပိုင်း စိုက်ပျိုးရေးကို ဟော်သွန်းကိုလွှဲအပ်ကာ မင်းကြီး ပေးသည့် တာဝန်ကို ထမ်းဆောင်တော့သည်။ မင်းကြီး၏ တပ်သားများကို လေ့ကျင့်ပေးရန်ဖြစ်သည် ။

 

နန်ကျောင် မင်းဆက်သည် လွန်ခဲ့သောနှစ်ပေါင်းသုံးရာခန့်က မြင်းစီးကာ လှည့်လှည်သွားလာခဲ့သော်လည်း ယခုအခါ ယဉ်ကျေးမှု အခြေခိုင်ပြီးသော ကာဌေးမင်းဆက်ထံမှ ဓလေ့ထုံးစံများကို လိုက်နာကျင့်သုံးခဲ့ပြီး ခြံစည်းရိုး၊ တံတိုင်းများ ခတ်ကာ နေထိုင်သည့် အလေ့ကိုရခဲ့သည်။ လူအချင်းချင်း အဆင့်တန်းခွဲခြားကာ ကျေးကျွန်၊ လယ်သမား၊ စစ်သား၊ ပညာရှိ၊ မင်းသား၊ ဘုရင် စသဖြင့် ခွဲခြားထားသည့် လူတန်းစားများပေါ်လာခဲ့သည်။

 

ခရီးသွားလျှင် ဝေါယဉ်များဖြင့်သွားလာကြသည်။ ပိုးဖဲများကို ၀တ်ဆင်ကြသည်။ အမွှေးနံ့သာများကို လိမ်းကျံကြသည်။ လက်ဝတ်ရတနာများကို ၀တ်ဆင်ကြသည်။ ကဗျာ၊ စာပေကို ရေးဖွဲ့ခံစားကြသည်။ အရာရှိ မင်းစိုးရာဇာများက ရေကန်တွင် လှေစီးထွက်ကာ စောင်းသံကို နားဆင်ကြသည်။ငွေဆည်းလည်းသံလို သာယာလှသည့် မိန်းမလှလေးများ၏ တေးသံကို နားဆင်ကြသည်။ သာသာ တရားကိုင်းရှိုင်းသူများက ဘုရားကျောင်းကန်များတွင် ခေါင်းလောင်းထိုးကာ ကြည်ညိုကြသည်။

 

ဘာလိုလိုနှင့် နန်ကျောင်ပြည်ကို ရောက်လာတာ နှစ်နှစ်ပင်ရှိလေပြီ။ တင်ဂီရိပင် အသက် 12 နှစ်အရွယ်ကိုေ၇ာက်လာလေပြီ။ ယခုထိ နန်ကျောင်ပြည်၏ လူနေမှုဓလေ့ကို ကျင့်သားမရသေးပေ။ ယခင်လို သွားလာလှုပ်ရှား ရခြင်းမရှိသဖြင့် တင်ဂီရိ ပျင်းရိလွန်းလှသဖြင့် နောက်ဆုံး ဖခင်ဖြစ်သူ အုပ်ချုပ်သည့် စစ်သည်တော် လေ့ကျင့်ကွင်းသို့ သွားကာ နေ့စဉ် ကိုယ်ခံပညာကိုသင်သည်။ မြှားပစ်ကျင့်သည်။ မြင်းစီးကျင့်သည်။ လှံထိုးကျင့်သည်။ စစ်သူကြီး ယေစုကိုင်း၏ သားတော် တင်ဂီရိသည် အသက် 12 နှစ်အ၇ွယ်နှင့်ပင် တပ်သားများ လောကတွင် ထင်ရှားလာသည်။

 

မိခင်ဖြစ်သူ ဟော်သွန်းက အမျှော်မြင်ကြီးစွာဖြင့် တင်ဂီရိကို စာရေး ၊ စာဖတ်သင်စေသည်။ ထို့နောက် အခြားသော စစ်တုရင်ပညာ၊ စာလုံးအလှရေးသည့် ပညာ စသည်တို့ကို သင်ကြားရသည်။ တင်ဂီရိသည် ၀ါသနာမပါသော်လည်း မိခင်ကို ရိုသေလေးစားကာ ချစ်ခင်သူပီပီ မိခင် သင်စေချင်လျှင် တစ်ခွန်းမှ နူတ်လှန်မထိုးပဲ ထူးချွန်အောင် သင်ကြားသည်။

 

 

သို့သော် နန်းတွင်းမှ လုပ်လေ့ရှိသည့် ပွဲလမ်းသဘင်များကို ရှောင်လို့ရလျှင် အတတ်နိုင်ဆုံးရှောင်လေ့ရှိသည်။ ထိုအချက်ကိုတော့ ဟော်သွန်းက သားလေးကို နားလည်ပေးသည်။ ထို့ကြောင့် သားလေး သဘောကျ မြို့ပြင် တောတောင်များတွင် အမဲလိုက်ခြင်းကို ခွင့်ပြုပေးတတ်သည်။ ထိုအချိန်တိုင်းတွင် တင်ဂီရိအတွက် တကယ့်ကို ပျော်ရွင်ဖွယ်နေ့လေးဖြစ်သည်။ မိမိတို့ မျိုးနွယ်စုမှ ယောကျာ်းလေးများနှင့် တောထဲ အမဲလိုက်လေ့ရှိသည်။ တောင်ပေါ်မှ မြေပြန့်ပြန့်တွင် အ၀တ်များပေတူးအောင်ကို နဘမ်းလုံးကာကစားကြသည်။ ထိုအချိန်တွင် တင်ဂီရိ တကယ်ကို ပျော်ရွှင်ခဲ့သည်။

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet