စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (50)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (50)

 

ဆူမီရာသည် ပြောရခက်သည့် ရွှေမင်းသားလေး ယွမ်ချူးခန်ကိုလျှို့ဝှက်ထားရန် မိမိတစ်ယောက်တည်း မလုပ်နိုင်သဖြင့် ချူလူလူကို အကူညီတောင်းရန်ဆုံးဖြတ်လိုက်သည်။ နောက်နေ့ ချူလူလူဆီအမြန်လာခဲ့ပြီး အတင်းအခန်းထဲဆွဲသွင်းလိုက်ပြီး ကြိတ်ကာ အကူညီတောင်းသည်။ ချူလူလူသည် ဆူမီရာ၏ စကားကိုကြားသော် အရူးကိုကြည့်သလို စိုက်ကြည့်ပြီး မယုံနိုင်အောင်ဖြစ်ကာ မေးလိုက်သည်။
 

“ဆူမီရာ မင်း ဦးနှောက်ကောင်းသေးရဲ့လား။ မင်း ခေါင်းကိုထိခိုက်မိတာမျိုး မရှိခဲ့ဘူးမလား။ ”
 

“မင်းကလည်းကွာ။ ငါ့မှာ မင်းကလွဲပြီး အကူညီတောင်းစရာမရှိတော့လို့ပါ။ ငါ့ကို ကူညီမယ် မဟုတ်လား ချစ်သူငယ်ချင်းလေး … နော်..နော်.. ကူညီပါကွာ။ ငါ့ကို သွားခေါ်ပေးစမ်းပါ..”
 

ချူလူလူ၏ပြင်းထန်သည့်စကားကြောင့် ဆူမီရာ မျက်နှာငယ်လေးနှင့် အကူညီတောင်းလိုက်သည်။ ဒိကောင်မကူညီလို့ မဖြစ်ပေ။ သူကုကို ကူမှဖြစ်မည်။ ဒါကြောင့် ဆူမီရာ အတင်းကြပ်တောင်းဆိုလိုက်သည်။ ဆူမီရာ၏ စကားကိုကြားသော် ချူလူလူက ပေါက်ကွဲသံစဉ်ဖြင့် ဆက်တိုက်ပြောဆိုတော့သည်။ နောင်တော် တင်ဂီရိကို သူမို့လိမ်ညာဖို့ကြံရဲသည့် သူကောင့်သားကို ကောင်းကောင်းကြီးပြောဆိုပစ်လိုက်သည်။

 

“အင်း… မင်းဖာသာ သေတွင်းထဲခုန်ဆင်းတာ ငါ့ကိုပါ အဖော်ခေါ်တယ်ဟုတ်လား။ ငါ့ကို ဘယ်ကတည်းက မကျေနပ်နေတာလဲ ..ဟမ်.. မကျေနပ်ရင် ဆွဲသာထိုးသွားလိုက်၊ ငါ့ကို နောင်တော်အသေသတ်အောင်မလုပ်နဲ့၊ နောင်တော် မျက်စောင်းတချက် ထိုးမှာ ကိုတောင် သေအောင်ကြောက်ရတာနော်။ မင်းမသိလို့။ ပြီးတော့ယွမ်ချူးခန်က နောင်တော့် ညီတော်တယ်မလား။ ငါ သူတို့မိသားစုအရေးထဲမပါရဲဘူး။ ”
 

“လူလူရာ… အဲ့လောက်ကြီး မရက်စက်နဲ့လေကွာ။ ငါ့မှာ မင်းကလွဲရင် အားကိုးစရာမရှိလို့ပါ။ ငါ့ကို ကူပါကွာ… ရှိခိုးဆို ခိုးပါ့မယ်။ နောင်တော်သိရင် မိုးမီးလောင်မှာ။ ငါသေလိုက်ချင်တယ်။ အဲ့အကောင်လည်း တကယ့်ဂြိုလ်မင်း။ သေတွင်းကို တည့်တည့်လာတဲ့ကောင်။ ”
 

ဆူမီရာသည် လက်အုပ်လေးချီကာ အတင်းကို တောင်းပန်ရင်း ယွမ်ချူးခန်ဆိုသည့် အကောင်ကို စိတ်တိုတိုနှင့် ပြောဆိုလိုက်သည်။ ချူလူလူသည် ဆူမီရာ၏ စကားကိုကြားသော် မျက်လုံးပြူးပြီး ရှင်းအောင်မေးလိုက်သည်။ မိမိသူငယ်ချင်း ပုပန်နေပုံက ရိုးမှရိုးရဲ့လားဟု တွေးစပြုလာသည်။

 

“မင်း သူ့ကိုစိတ်ပူနေတာ ရိုးမှရိုးရဲ့လား ဟမ်… မရိုးရင် နောင်တော်က ဟိုကောင်ကိုမိရင် ငါ့ကိုပါရောပြီး အရှင်လတ်လတ် အရေဆုတ်မှာကွ…”
 

“အာ… မင်းကလည်း။ ငါက ယွမ်ချူးခန်ကို ဘာလို့မရိုးသားရမှာလဲ။ သူ့အသက်ကို မထိခိုက်စေချင်ဘူးဆိုတာ သူ တခုခုဖြစ်ရင် အရီးတော် စိတ်ဆင်းရဲမယ်။ အရီးတော် စိတ်ဆင်းရဲရင် နောင်တော်လည်း နောင်တရမယ်။ ဒါကြောင့် မဖြစ်သင့်တာကို မဖြစ်ရအောင် ငါက ကူညီပေးနေတာပါ။ သူ့ကို အပေးယူလုပ်ထားပြီးသား။ တပတ်နေပြီးရင် သူ နန်ကျောင်ပြည်ကို အေးဆေးပြန်သွားမယ်တဲ့။ ဒါကြောင့် ငါ သူ့ကိုကူညီတာ နောင်တော့်အတွက်ပဲ…”
 

ဆူမီရာက လက်တခါခါနှင့် အမြန်ရှင်းပြလိုက်သည်။ ဒီကောင်ချူလူလူ အတွေးကလည်း ခေါင်လိုက်တာ။ ယွမ်ချူးခန်ကို မိမိပူပန်နေသည်ကို တမျိုးထင်တတ်သည်။ တကယ်ဆို မိမိက နောင်တော့်အတွက် အစဆုံးတွေးပေးနေသည်ကို ဒင်းတို့ နားမလည်သည်ကို စိတ်နာမိသည်။

 

“အင်း… ပြောလိုက်တော့လည်း ဟုတ်နေတာပဲ။ မင်း ပြောတာ တကယ်နော်။ ကျိန်ရဲလား။”
 

“ကျိန်ရဲတယ်ကွာ။ ငါ လိမ်ပြောရင် နောင်တော်ငါ့ကို တသက်လုံးမုန်းသွားပါစေ…”

 

“အေး..ပြီးရော။ ငါ ဆိပ်ကမ်းမှာ ဟိုကောင့်ကို သွားခေါ်လိုက်မယ်။ ”

 

ချူလူလူသည် ဆူမီရာကို မယုံသလိုစစ်ဆေးပြီးနောက် သူငယ်ချင်း လိမ်မပြောတတ်သည်ကိုသိတော့ စိတ်လျော့လိုက်ပြီး နောက်ဆုံး အင်တင်တင်နှင့် ကူညီပေးရန် သဘောတူကာ ဂြိုလ်မင်းကို ပင့်ရန် ဆိပ်ကမ်းကို ဆင်းလာခဲ့သည်။ ဆိပ်ကမ်းသို့ရောက်သော် အတော်ကို ကြီးမားသည့် ကုန်အပြည့်တင်ထားသည့် သဘောင်္ကိုတွေ့သော် အပေါ်ကိုတက်သွားပြီး ယွမ်ချူးခန်နှင့်တွေ့ရန်ပြောတော့ သဘောင်္မာလိန်မှုးက ချက်ချင်းအရိုသေပေးကာ အပေါ်ဘက် ပဲ့ခန်းကိုခေါ်လာခဲ့သည်။ အပေါ်ထပ်တွင် အကောင်းစားချည်ချောအ၀တ်ကိုဝတ်ထားသည့် လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။ သူ့ရုပ်ကိုကြည့်ရုံနှင့် သာမန်အတန်းစားက မဟုတ်မှန်းတန်းသိနိုင်သည်။

 

ထိုလူငယ်လေးက ချူလူလူကို သိထားသည့်ပုံနှင့် ပြုံးကာ စောင့်ကြိုနေသည်။ ချူလူလူသည် နောင်တော်နှင့် လုံးလုံးမတူသည့် မင်းသားကို ကြည့်ကာ မကောင်းတတ်လို့ပြောလိုက်သည်။

 

“ငါက ချူလူလူ.. မင်းကိုလာခေါ်တာ…”
 

“အေး.. မင်းကို ငါစောင့်နေတာ..သွားကြစို့…”

 

ယွမ်ချူးခန်က ချက်ချင်းပင်ကောက်လိုက်ခဲ့သည်။ ချူလူလူက မိမိကိုမကြည်သည်ကို နည်းနည်းလေးမှ အရေးမလုပ်သလို ပေါ့ပါးစွားလိုက်ခဲ့သည်။

လမ်းတွင် ချူလူလူက သူ့ကိုသေချာအောင်မေးလိုက်သည်။မမေးလို့မဖြစ်ပေ။ ဒီကောင် မပြန်လျှင် ဆူမီရာနှင့် မိမိ သေသည်ထက် ဆိုးသွားနိုင်သည်။

 

“မင်းတကယ် တပတ်ပဲနေပြီးရင် ပြန်မှာသေချာလား။ ”
 

“မပြန်ပဲ ငါက ဘာလုပ်မယ်ထင်လို့လဲ…”
 

ယွမ်ချူးခန်က သွားစွယ်လေးများပေါ်အောင် ရယ်မောကာ ပြောလိုက်သည်။ အမြင်မကြည်သည့်ကြားက ဒီကောင် အတော့်ကိုချောသည်ဟု ချူလူလူအသိမှတ်ပြုလိုက်မိသည်။ နန်ကျောင်ပြည်ကြီး၏ ဆက်ခံသူ မင်းသားတစ်ပါးအနေဖြင့် ကြားဖားဖူးသလို ချောမောခန့်ညားသည်။ လက်ရုံးရည်က မည်မျှရှိမည်မသိဟု တွေးပြီး မိမိပြောချင်သည်ကို ပြတ်သားစွာ ပြောလိုက်သည်။

 

“မသိဘူးလေ။သေချာတာတော့ မင်း မပြန်ပဲနေရင် ငါ့သူငယ်ချင်း အကြီးကျယ်ပြသနာတက်သွားနိုင်တယ်။ ဒါကြောင့် မင်းကို ငါ တပတ်ပဲ ကာကွယ်ပေးနိုင်မယ်။ တပတ်ပြည့်ရင် မင်းပြန်ချင်ပြန်၊ မပြန်ရင် မင်းထိုက်နဲ့မင်းကံပဲ။ ငါတော့ ဟိုကောင်ကို ဘယ်လိုမှ မင်းနဲ့မပတ်သတ်ခိုင်းတော့ဘူး။”
 

“ကြည့်သေးတာပေါ့… ငါ တခုခုဖြစ်ရင် ဆူမီရာက မကယ်ပဲကိုမနေနိုင်ဘူးဆိုတာ မင်းကိုပြရမလား။”
 

ချူလူလူ၏ စကားကိုကြားသော် ယွမ်ချူးခန်က မခိုးမခန့်ပြုံးကာ ပြန်ပြောလိုက်သည်။ ထိုစကားကိုကြားသော် အတော့်ကို ညစ်ကျယ်ကျယ်နိုင်သည့် ယွမ်ချူးခန်ကို လည်ပင်းညစ်သတ်ချင်စိတ်ပေါက်သွားမိသည်။ သို့သော် ဆူမီရာကို အခက်ခဲတွေ့အောင် မလုပ်ဖို့ စိတ်ကိုထိန်းကာ သေချာထပ်မှာရသည်။

 

“ဟေ့ကောင် ..တော်.. မင်း ငါ့သူငယ်ချင်းကို ဒုက္ခရောက်အောင် မလုပ်နဲ့။ မင်းကြောင့် ဆူမီရာ တခုခုဖြစ်ရင် မင်းကို ငါကိုယ်တိုင်သတ်မယ်။ ”
 

“မင်း အဲ့လောက်မပူပါနဲ့။ ဆူမီရာက ငါ့ဘ၀မှ ပထမဆုံးရဖူးတဲ့ သူငယ်ချင်းပါ။ သူနစ်နာအောင် ဘယ်တော့မှ ငါမလုပ်ဘူး။ အဲ့ဒါတော့ စိတ်ချပါ။”
 

ယွမ်ချူးခန်သည် ချူလူလူကို တမင်ပြောလိုက်သော်လည်း ဆူမီရာပေါ်ထားသည့် သူ့စေတနာကို လေးစားသဖြင့် မျက်နှာပိုးသတ်ကာ ကောင်းကောင်းမွန်မွန်ပြန်ပြောလိုက်သည်။

 

ထိုစဉ် ရုမာသီနှင့်တိုးသဖြင့် ချူလူလူထိတ်ခနဲဖြစ်သွားသည်။ ယွမ်ချူးခန်က ရုပ်မဖျက်ထားသဖြင့် ရုမာသီ မှတ်မိသွားလျှင် သွားပြီဟုတွေးနေမိစဉ် ရုမာသီက ချူလူလူနှင့် လူချောလေးတစ်ဦးကိုတွဲမြင်လိုက်သော် အံ့အားသင့်ပြီး လှမ်းမေးလိုက်သည်။

 

“ချူလူလူ..သူက ဘယ်သူလဲ…”
 

“ပရဆေးကုန်သည်ပါ ။ ဆူမီရာလိုတဲ့ဆေးတွေပါတယ်ဆိုလို့ သူ့ကိုတွေ့ပေးဖို့ နန်းတော်ထဲကို ခေါ်သွားမလို့ပါ။”
 

ချူလူလူက ကြိုတင်စီစဉ်ထားသည့်အတိုင်းပြောလိုက်သော်လည်း ရုမာသီသည် ရုပ်သန့်သည့် လူငယ်ချောကိုကြည့်ကာ သေချာအောင် ထပ်မေးလိုက်သည်။

 

“ဘယ်က လာတဲ့ဆေးကုန်သည်လဲ။ မမြင်ဖူးဘူးပဲ..”
 

“ကျွန်တော်မျိုးက နယ်လှည့်သွားလာနေတဲ့ ပရဆေးကုန်သည်ပါ အရှင်မင်းကြီး… အခု အရှင့်သားက လိုအပ်တဲ့ ဆေးမြစ်တွေကို မေးမြန်းပြိးမှာကြားချင်လို့ အခေါ်လွှတ်လိုက်လို့ လာခဲ့တာပါ အရှင်မင်းကြီး။”
 

ယွမ်ချူးခန်သည် ရုမာသီကို အရိုသေပေးကာ ကျေနပ်အောင် လျှောက်တင်လိုက်သဖြင့် ရုမာသီ၏ သံသယ တချို့လွင့်ပျယ်သွားတော့သည်။ ချူလူလူက ထိုအချက်ကို အခွင့်ကောင်းယူပြီး မေးလိုက်သည်။

 

“ရုမာသီ.. ကျွန်တော့်ကို ရှာတာ ဘာကြောင့်လဲမသိဘူး။ အရေးမကြီးရင် ကျွန်တော့်ကို ခဏလေး စောင့်ပေးပါလား။ ဒီကုန်သည်ကို ငွေတောင်မင်းသားဆီပို့ပေးပြီး ချက်ချင်းပြန်လာပါ့မယ်။”
 

“သူ့ကို ချူလူလူကိုယ်တိုင် ဘာကြောင့်လိုက်ပို့နေတာလဲ။ ကျုပ်ရဲ့အတွင်းဝန်တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်ပါ့မယ် ”

 

ရုမာသီသည် လူရွယ်ချောလေးကို ချူလူလူနားကပ်နေသည်ကို မမြင်ချင်သဖြင့် အတွင်းဝန်ကို လိုက်ပို့ခိုင်းလိုက်သည်။ ချူလူလူသည် ရင်ထိတ်သွားသော်လည်းအတင်းပြောလျှင် သံသယ၀င်သွားမည်စိုးသဖြင့် အတွင်းဝန်နှင့်ပါသွားသည့် ယွမ်ချူးခန်ကို လှည့်ကြည့်ရင်း ရုမာသီနှင့်ပါလာခဲ့သည်။

 

အတွင်းဝန်သည် ယွမ်ချူးခန်ကိုခေါ်ကာ ဆူမီရာနေသည့် အဆောင်ကိုလာပို့ပေးပြီး လျှောက်တင်လိုက်သည်။


“အရှင့်သားဆီ ပရဆေးကုန်သည်ကို လာရောက်ပို့ဆောင်ပါတယ်…”
 

“စစ်သံမှုးက ဘယ်ကိုသွားလို့လဲ အတွင်းဝန်ကြီး.”
 

“မင်းကြီးနဲ့ နယ်မြေတွေရဲ့တိုးတက်မှုကိုစစ်ဖို့ လိုက်ပါသွားပါတယ် အရှင့်သား။. လိုအပ်တာရှိရင် ကျွန်တော်မျိုးကို ပြောပါ။ လိုအပ်တာ အားလုံးဖြည့်ဆည့်ပေးဖို့ မင်းကြိးမှာကြားခဲ့ပါတယ် အရှင့်သား။”
 

အတွင်းဝန်၏ စကားကိုကြားသော် ခေါင်းငြိမ့်လိုက်ပြီး လိုအပ်သည်ကို လုပ်ပေးရန်ညွှန်ကြားလိုက်သည်။

 

“ဒါဆို အတော်ပဲ။ ကျွန်တော့်အဆောင်မှာ ဒီကုန်သည်အတွက် နေရာပြင်ထားပေးပါ။ သူက ကျွန်တော်နဲ့အတူ တစ်ပတ်နေဖို့လိုအပ်တယ်။ ပြီးရင် သူပါလာတဲ့ ဆေးမြစ်၊ ဆေးရွက်တွေထဲက နည်းနည်းစီကို ကျွန်တော့်ဆီကို လာပို့ပေးပါ။ ကျွန်တော်ခု အဖျားဝါကိုကုသမယ့် ဆေးကိုဖော်စပ်ဖို့ သူ့အကူညီလိုအပ်နေတယ်။ ဒါကြောင့် သူ နန်းတော်ထဲမှာ တပတ်နေတဲ့အတောတွင်း ထမင်းစီစဉ်ရင် တစ်ယောက်စာ ပိုစီစဉ်ပေးပါ။”

 

“မှန်လှပါ အရှင့်သား..”

 

အတွင်းဝန်ထွက်သွားတော့မှ ဆူမီရာက တံခါးကို ပိတ်လိုက်သည်။ ယွမ်ချူးခန်က ပြုံစစနှင့် မေးလိုက်သည်။

 

“ကဲ.. ငါက မင်းဆေးဖော်တာကို ကူပေးရမယ်ဆိုတော့ မင်းနဲ့အတူတူ သွားလေရာလိုက်ရမှာပေါ့ ဟုတ်လား။”
 

“အေးပေါ့။ ငါက လက်ရှိ ၀ိဇယပြည်အတွက် သမားတော်လေးတွေကို သင်ပေးနေတယ်။ ဆေးမြစ်တူးတာကို လက်တွေ့သင်ပေးတယ်။ မင်းလည်း သရုပ်ပီပြင်အောင် ငါနဲ့တောင်ပေါ်ဆေးမြစ်လိုက်တူးရမယ်။”

 

ဆူမီရာ၏ စကားကြောင့် ယွမ်ချူးခန်သဘောကျကာ ပြောလိုက်သည်။

 

“မင်းသွားရင် ဘယ်နေရာမဆို ငါလိုက်ချင်ပါတယ်။”
 

“အေး..ပြီးတာပဲ။ နောက်မှ မညည်းနဲ့…”
 

“မင်းရှိနေတာပဲ။ ဘာညည်းစရာလိုလို့လဲ… ကဲ.. ခုသွားမလား။ သွားကြမယ်…”

 

---------------------------
တင်ဂီရိသည် ဟီဒယ်ထိုင်နေသည့် နားကိုလာထိုင်ပြီး ပြောလိုက်သည်။ ဟီဒယ်သည် အကိုတော် အရေးတယူစကားလာပြောသဖြင့် စိတ်သက်သာရာရသွားခဲ့သည်။

 

“ဟီဒယ်… အပြောင်းအလဲတွေနဲ့ နေရကျဉ်းကျပ်နေပြီလား…”
 

“ကျဉ်းကျပ်လည်း ဘာမှမတတ်နိုင်မှတော့ နေတတ်အောင်နေရမှာပေါ့ အကိုတော်…”
 

တင်ဂီရိသည် ဟီဒယ်၏ လက်တွေ့ကျသည့် အတွေးကို ချီးကျူးလိုက်သည်။ ဒီမိန်းကလေး က တကယ့်ကို ထက်မြက်သဖြင့် ထန်လိုခိက သေအောင်ကို ချစ်နေခြင်းဖြစ်သည်။

 

“မှန်တယ်။ ဟီဒယ်တွေးတာ လက်တွေ့ကျတယ်။ နိုင်ငံရေးလောကတင်မကဘူး။ လူ့ဘ၀မှာလည်း အဲ့လိုပဲ။ ကိုယ်မတတ်နိုင်ပဲ အချိန်ကိုစောင့်ရတဲ့အချိန်ဆိုတာရှိတယ်။ ကိုယ်တို့ဆို ဆယ့်ခုနှစ်နှစ်လုံးလုံးမြိုသိပ်ပြီး စောင့်ခဲ့ရတယ်။ မြိုသိပ်ပြီး ကိုယ်ရောက်နေတဲ့ အချိန်နဲ့ လိုက်လျောညီထွေ ဆက်ဆံနေထိုင်တာက အရှုံးပေးတာ မဟုတ်ဘူး။ ရှေ့တိုးဖို့ နောက်တလှမ်းဆုတ်တာပဲ။ အဲ့လိုအချိန်မှာ ကိုယ်လိုအပ်တာ အားလုံးကို ဖြည့်ဆည်းရမယ်။ ဒါမှ နောက်ထပ် အကျဉ်းကျပ်ထဲ မကျအောင် ကိုယ့်ဖာသာကာကွယ်နိုင်မယ်။”
 

တင်ဂီရိသည် ဟီဒယ်ကို လက်ရှိဖြစ်နေသည့် အကျပ်တည်းကိုဖြေရှင်း၇န် နည်းကို အသာလေး ပြောပြလိုက်သည်။ ဟီဒယ်က အကိုတော် တင်ဂီရိကို စေ့စေ့ကြည့်ကာ ပြန်မေးခဲ့သည်။ သူတို့ယောကျာ်းသားများက လုပ်ချင်တာ လုပ်ခွင့်ရပြီး မိန်းမသားဘ၀ကို စာနာမှုမရှိတတ်ကြပေ။

 

“တကယ်လို့ ကျွန်မနေရာမှာ အကိုတော်သာဆိုရင် ဘယ်လိုဖြေရှင်းမလဲ…”
 

တင်ဂီရိသည် ဟီဒယ်၏ အမေးကို ဒေါသမထွက်ပဲ အေးအေးသက်သာဖြေလိုက်သည်။

 

“ကိုယ့်ရှေ့က လှေကားအတိုင်းတက်သွားလိုက်မှာသေချာတယ်။ ကိုယ့်အတွက် အဆင်သင့်ခင်းပေးထားတဲ့ လှေကားတစ်စင်းလုံးရှိနေတဲ့အခြေနေဆိုတာ လူတိုင်းမရနိုင်တဲ့အခွင့်ရေးပဲ။”
 

“ကျွန်မက သူများနှာခေါင်းပေါက်နဲ့ အသက်မရှုနိုင်ဘူး။ ကိုယ့်အစွမ်းအစကိုသုံးပြိး ကိုယ့်တိုင်းပြည်ကို ပြန်ထူထောင်ချင်တာ အကိုတော်…”
 

ဟီဒယ်က မာနကြီးစွာဖြင့် ပြတ်သားစွာဖြေလိုက်သည်။ တင်ဂီရိကပြုံးကာ ရုတ်တရက် မေးလိုက်သည်။

 

“ဟီဒယ်ရဲ့ မာနကို အကိုတော် နားလည်ပါတယ်။ လေးလည်းလေးစားပါတယ်။ အကိုတော်ပြောပြမယ်။ အကိုတော်တို့ အာနန်ပြည်ကို ဘာနဲ့ထူထောင်ခဲ့တာလို့ ဟီဒယ်ထင်လဲ… ”
 

“အကိုတော်တို့ သားအဖနဲ့ လူမျိုးစုတစ်စုလုံးရဲ့ စည်းလုံးမှုနဲ့ထူထောင်ခဲ့တာလို့ ကျွန်မကြားဖူးတယ်။”
 

ဟီဒယ်က ခဏကြောင်သွားပြီးနောက်အကိုတော့် စကားကို မိမိကြားဖူးသည့်အတိုင်းဖြေကြားလိုက်သည်။ မိမိစိတ် မာကျောသည် ဆိုသည့် အကြောင်းကလည်း အကိုတော်တို့ကို အားကျသောကြောင့်လည်းပါသည်။

 

“မဟုတ်ဘူး။ တကယ်တော့ မယ်မယ့်ကို သိမ်းပိုက်ထားတဲ့ နန်ကျောင်ပြည့်ရှင်းမင်းက ပေးလိုက်တဲ့ ရတနာတွေနဲ့ မတည်ပြီးထူထောင်ထားတာ။ မထင်ထားဘူးမလား။ တကယ်ဆို ကိုယ့်ရန်သူက ပေးလိုက်တဲ့ ရတနာကို ဘယ်သုံးချင်မလဲ။ လွင့်ပစ်လိုက်ချင်တာပေါ့။ ဒါပေမယ့် အကိုတော်တို့ သားအဖကို ယုံကြည်ပြိးလိုက်လာတဲ့ ကိုယ့်မျိုးနွယ်စုဝင်တွေ။ စစ်သည်တော်တွေကို ကျွေးမွေးဖို့၊ ခရီးဆက်ဖို့၊ နောက်ဆုံး တိုင်းပြည်ထူထောင်ဖို့ လိုအပ်တာကို ၀ယ်ခြမ်းဖို့ ငွေကြေးလိုအပ်တယ် ဟီဒယ်။ အကိုတော်ရဲ့ ခမည်းတော်ဆို နာကြည်းစိတ်နဲ့ လိုအပ်ချက်ကို မရောပစ်ဖို့ အကိုတော်ကို အကောင်းဆုံးသင်ပြပေးခဲ့တယ်။ ဒါကြောင့် အကိုတော်တို့ အာနန်ပြည်ကို လုယက်တိုက်ခိုက်ခြင်းကင်းပြီး အမြန်ဆုံးတည်ထောင်နိုင်ခဲ့တာပဲ။”
 

တင်ဂီရိသည် အသာယာပြုံးကာ အဖြစ်မှန်ကိုပြောပြလိုက်သည်။နှစ်တွေကြာသွားသည့်ုတိုင် ထိုအကြောင်းက ပြောလိုက်ရင် နာကျင်ရစမြဲပင်ဖြစ်သည်။ သို့သော် နာကျင်မှုက ခွန်အားကို ဖြစ်စေသဖြင့် မိမိလည်း ဒီအထိ ကြိုးစားနေနိုင်ခြင်းဖြစ်သည်။ ရန်သူကပေးသည့် ရတနာနှင့် တိုင်းပြည်ကိုထူထောင်ရခြင်းက မိမိကို ပေါ့ပေါ့ဆဆ မလုပ်နိုင်အောင် တွန်းအားကောင်းတခုဖြစ်စေသည်။ ဟီဒယ်ကိုလည်း ဒီလိုဖြစ်စေချင်မိသည်။

 

“ကျွန်မ အဲ့လှေကားကို မတက်ချင်ဘူး အကိုတော်။ ကျွန်မ မိဘတွေကို အမြင့်ကနေ တွန်းချပြီးတည်ဆောက်ထားတဲ့ လှေကားကို မနင်းချင်ဘူး။ တကယ်လို့ အဲ့လှေကားကို နင်းပြီး အမြင့်ကိုရောက်သွားရင် ကျွန်မပြည်သူတွေက ကျွန်မကို ဘယ်လောက်ကဲ့ရဲ့ကြမယ် ထင်လဲ။ ခုတောင် ကျွန်မကို အရမ်းရွံရှာနေကြပြီ။ ခမည်းတော်က အသာတကြည် နန်းစွန့်ပေးလို့ ကျွန်ဖြစ်ရတယ်ဆိုပြီး။ ကျွန်မကသာ ဒီလို ကျွန်မတိုင်းပြည်ကိုကျွန်ပြုပြီး အမြင့်ကိုတက်သွားရင် သူတို့ရင်ထဲ ကျွန်မက အောက်တန်းအကျဆုံး လူတစ်ယောက်ဖြစ်သွားမှာသေချာတယ်။”
 

ဟီဒယ်က ဇာတိပုည ဂုဏ်မာနကြီးစွာဖြင့် အပြတ်ငြင်းလိုက်သည်။ တင်ဂီရိက ဟီဒယ်ကို ကြည့်ကာ အေးအေးသက်သာ မေးလိုက်သည်။

 

“အင်း…ဟီဒယ်က ဇာတိမာနနဲ့ တိုင်းပြည်ကောင်းကျိုးကို ရောထွေးနေပြီ။ ကဲ… ဟုတ်ပြီ။ အခုထန်ပြည်က လျံပြည်ကို သိမ်းပိုက်ပြီး နှစ်ပြည်တစ်ပြည်ပေါင်းပြီး တထန်ပြည်ကို တည်ထောင်လိုက်တယ်။ လျံပြည်ရဲ့အရှင်သခင်က နန်းစွန့်လိုက်တယ်။ အဲ့အတွက် လျံပြည်သားတွေက ထန်ပြည်ရဲ့ ကျွန်ဖြစ်သွားတယ်ပေါ့.. အဲ့အတွက် လျံပြည်သားတွေက ဟီဒယ်ရဲ့ခမည်းတော်ကို အထင်မြင်လွဲနေတယ်ပေါ့ ဟုတ်လား။”

 

ဟီဒယ်ခေါင်းငြိမ့်လိုက်သည်။ အကိုတော့်ပါးစပ်မှ ခမည်းတော်အကြောင်းပြန်ကြားရတော့ စိတ်မကောင်းဖြစ်မိသည်။ တကယ်လည်း ခမည်းတော်ကို သိမ်ငယ်စေသဖြင့် အကိုတော် ထန်လိုခိကို ဟီဒယ် ခွင့်မလွှတ်နိုင်ခြင်းဖြစ်သည်။ ခမည်းတော်က တိုင်းသူပြည်သားများစစ်မက်ဖြစ်ပြီးသေကျေကုန်မည် စိုးသဖြင့် ရှုံးမည့်ပွဲကို ခံမတိုက်ပဲ အလွယ် အလျော့ပေးသဖြင့် ခမည်းတော် ကို အထင်လွဲနေသည်ကို ရင်နာမိသည်။

 

တခါတလေ လျံပြည်သားများကို ခမည်းတော်၏ စေတနာကို နားမလည်သဖြင့် စိတ်ပျက်မိသည်။ မိမိလုပ်နေသည်ကိုလည်း မုန်းတီးစွာကြည့်သည့် ပြည်သူပြည်သားများကြောင့် အားလျော့မိသည်။ အဝေးက ခမည်းတော်တို့ကိုလည်း စိတ်ပူမိသည်။ ဟီဒယ်အတွက် ဖိအားများစွာကြားရုန်းကန်နေရသဖြင့် ပင်ပန်းလွန်းလှသည်။

 

ထန်လိုခိသည် ဟီဒယ်နှင့် နောင်တော်တင်ဂီရိပြောသည်ကို အကွယ်တနေရာမှနားထောင်ပြီးနောက် စိတ်မကောင်းခြင်း ကြီးစွာနှင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ယခုလောက် ဟီဒယ် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း ဖြစသည်ကို မမြင်ဖူးသေးပါ။ ဟီဒယ်ကို မွေးစကတည်းက မိမိချီပိုးခဲ့သည်။ မိမိမျက်စိရှေ့ ဟီဒယ်မျက်နှာမညှိုးအောင် ထားခဲ့သည်။ မိမိက ပွေရှုပ်ခဲ့မိသော်လည်း ဟီဒယ်ကို အကောင်းဆုံးပျိုးထောင်ခဲ့သည်။ ကိုယ်ပျိုးသည့်ပန်းကို ပြန်မချစ်ရဆိုသည့် ဥပဒေကို ထန်လိုခိ ဂရုမစိုက်ပါ။ စကတည်းက ချစ်လို့၊လိုချင်လို့ ပျိုးခဲ့သည့်ပန်းမဟုတ်လား။ နိုင်ငံရေးအရ လက်ဆက်မှုများ များလာလေလေ ထန်တိုင်းပြည်၏ နယ်ပယ်လည်း ကျယ်လာလေလေဖြစ်သည်။ ထန်လိုခိ ဘာဘာညာညာ သိပ်မတွေးခဲ့ပါ။ နန်းတော်ထဲကြီးပြင်းလာပြီး နိုင်ငံတော်စီမံအုပ်ချုပ်သည့် ဘာသာကို သင်ယူနေသည့် ဟီဒယ်အနေဖြင့် မိမိလက်ဆက်မှုကို နားလည်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

 

မိမိတို့တိုင်းပြည် တိုးတက်လာသည်နှင့်အမျှ လျံပြည်က ပိုပိုအားနည်းလာခဲ့သည်။ တရားသမား ဦးရီးတော်၏ အုပ်ချုပ်မှုအောက်တွင် တိုင်းသူပြည်သားများ နူးညံ့လွန်းလာသည်။ မကြာခင် လျံပြည်သည် နန်ကျောင်ပြည်၏ ပစ်မှတ်ဖြစ်လာတော့မည်။ နန်ကျောင်ပြည်က လီပြည်နှင့် မုပြည်ကို ကမောက်ကမဖြစ်အောင်လုပ်ခဲ့သည်။ တဖန် ငွေတောင်ပြည်ကိုပင် ခြိမ်းခြောက်ဝန်းရံခဲ့သည်ဟုကြားတော့ လျံပြည်ကိုကာကွာဖို့ ထန်ပြည်နှင့်ပူးပေါင်းမှာဖြစ်မည်ဟု တွေးကာ ခမည်းတော်၊မယ်တော်နှင့်တိုင်ပင်သည်။

 

မယ်တော်က သူ့အကိုတော်တိုင်းပြည်ဖြစ်သောကြောင့် အတင်းကျပ်နန်းစွန့်ခိုင်းပြီး ပြည်သိမ်းသည်အထိ မလုပ်ဆောင်စေချင်ပေ။ ဒါကြောင့် မိမိနှင့်မယ်တော်က ဟီဒယ်နှင့်လက်ထပ်ဖို့ ဖိအားပေးခဲ့သည်။ သို့သော် ခမည်းတော်နှင့် နောင်တော်တင်ဂီရိတို့ ဆွေးနွေးထားသည်ကို မသိလိုက်သဖြင့် ထန်စစ်တပ်ကြီးချီလာတော့ ဟီဒယ် မိမိကို ပိုးစိုးပက်စက် မုန်းသွားတော့သည်။

 

ခမည်းတော်ပေးပို့သည့် စာထဲမှ ပြောကြားချက်အရ ၀ူမိဖုရားခေါင်ကြီး ဒဏ်ရာရသည့်တရားခံက မိမိဘက်ကို လှည့်နေသည်ကို သိလိုက်ရသောအခါ ဆူမီရာနှင့်အတူလာသည့် ပန်တိုင်းပြည်မှ မင်းသားဆိုသူက ဘယ်သူဖြစ်နိုင်သည်ကို ချက်ချင်းတန်းသိကာ သွားဖမ်းစေတော့ ချစ်လှစွာသော နှမတော်လေး ဟီဒယ်က ထွက်ပြေးခိုင်းလိုက်ပြီ.။ ထန်လိုခိသည် မဟုတ်ပဲ မိမိအပေါ် အပြစ်ပုံချသည့်ကောင်ကို အသည်းသန်လိုက်ဖမ်းစဉ် ဟီဒယ်က ဒေါသထွက်ထွက်နှင့် ဒါးနှင့်လာပိုင်းပြီး ထန်စစ်တပ်ကြီးက လျံနေပြည်တော်ကို ၀န်းရံထားသည်ကို ပြောသဖြင့် ဆူမီရာတို့ကိုလက်လွှတ်ကာ အမြန်ပြန်လာခဲ့သည်။ မိမိအတွက် ဟီဒယ်က အရေးအကြီးဆုံးဖြစ်သည်။

 

ချူလူလူသည် ယွမ်ချူးခန်ကို နန်းတွင်းထဲသွင်းပြီး ငါးရက်အကြာ ဆပ်ကမ်းတွင် အာနန်ပြည်မှ သဘောင်္ဆိုက်သည်ဆိုသဖြင့် ဆင်းလာခဲ့သည်။ မိမိမှာထားသည့် ပစ္စည်းရောက်လာလျှင် ချက်ချင်းတည်ဆောက်ရေးတွင်းအသုံချရန်ဖြစ်သည်။ ထိုစဉ် သဘောင်္ပေါ်မှ ဆင်းလာသည့် အရာရှိ တစ်စုထဲတွင် လူတစ်ယောက်ကို တွေ့လိုက်တော့ ရုတ်တရက်ပျော်သွားပြီး ချက်ချင်း ဆူမီရာအတွက် စိုးရိမ်သွားခဲ့သည်။ ကံတရားကလည်းတိုက်ဆိုင်လွန်းလှသည်ဟု ချူလူလူတွေးနေမိသည်။

 

---------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet