စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (57)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (57)

 

နှစ်နိုင်ငံစစ်ဖြစ်သည့် ဂယက်သည် နန်ကျောင်တစ်ပြည်လုံးကိုပျံ့နှံ့သွားပြီး နန်းတွင်းတွင် စစ်တိုက်ချင်သည့်သူများနှင့်စစ်ဘေးကို ကြောက်ရွံသူများဆိုပြီး နှစ်ပိုင်းကွဲသွားခဲ့သည်။ ထိုအမတ် အင်အားစုကိုလိုက်ပြီး တိုင်းပြည်အနှံ့တွင်လည်း သဘောထားကွဲလွဲမှုများစတင်ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် မင်းကြီးက တိုင်းသူပြည်သားများကို စည်းရုံးရန် မြို့တွင်းတွင်လှည့်လည်ရန် ဆုံးဖြတ်လိုက်သည်။ ထိုလှည့်လည်ပွဲတွင် ဧကရီဟော်သွန်းလည်း အတူပါမည်။ အမတ်ချုပ်ကြီးတားဂေါတိုင်းနှင့် ယွမ်ချူးခန်သည် မိမိတို့နောက်ကို ပြည်သူများ အားလုံးပါလာစေရန် မည်သို့လုပ်ရမည်ကို အစွမ်းကုန်စဉ်းစားနေစဉ် ကျောက်စိမ်းနန်းဆောင်တွင် စံမြန်းနေသည့် ကာလိုခန် မင်းကြီး၏မယ်တော်၊ ယွမ်ချူးခန်၏ ဘွားတော်ကြီးက နန်းတော်ထဲကိုကြွလာခဲ့သည်။

 

ကာလိုခန်နှင့် ယွမ်ချူးခန်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အဆောင်ထဲကိုဝင်လာသည့် ယခင်မင်းကြီး၏ ဧကရီမိဖုရားခေါင်ကြီးကို အရိုသေပေးကာ ကြိုဆိုကြသည်။ ကာလိုခန်သည် မျက်နှာထားတင်းမာစွာဖြင့် ကြွလာသည့် မယ်တော်ကိုကြည့်ကာ ရင်ထိတ်သွားခဲ့သည်။ မယ်တော်လာခဲ့တာ ဟော်သွန်းနှင့်ပတ်သတ်မည်ဟု စိတ်ထဲ သိလိုက်ပြီး စိုးရိမ်သွားခဲ့သည်။ ယခင်ကလည်း ဟော်သွန်းကို ဧကရီတင်မြှောက်သဖြင့် မယ်တော်က နန်းတော်က ခွာပြီး ယခင်နန်းတော်ဟောင်းဖြစ်သည့် ကျောက်စိမ်းနန်းဆောင်တွင် စံမြန်းနေသည်မှာ ယွမ်ချူးခန်၏ တစ်သက်ဖြစ်သည်။ ယခု မယ်တော် သူလုံးဝခြေမချပါဟု ပြောထားသည့် နန်းတော်သစ်ကို လာခဲ့သည်ဆိုတော့…..။ ကာလိုခန်သည် မယ်တော်ကိုစီးကြိုကာ နူတ်ဆက်လိုက်သည်။
 

“မယ်မယ်ဘုရား… ဘာကြောင့်ကိုယ်တိုင်ကြွချီလာတာလဲ။ သားတော်ကို လွှတ်ပြီးခေါ်လိုက်ရင် မယ်မယ့်ဆီ သားတော်လာခဲ့မှာပေါ့…”
 

“ငါ့ကို နန်းတော်ထဲ မလာစေချင်တာလား သားတော် မင်းကြီး..ငါက မင်းကိုမွေးခဲ့တဲ့ မယ်တော်အရင်းခေါက်ခေါက်ပါ။ မင်းဆီကိုလာတာ မင်းကိုခွင့်တောင်းရအုံးမှာလား…”

 

စကတည်းက မယ်မယ့်စကားများကိုကြားပြီး ကာလိုခန်သက်ပြင်းရှိုက်လိုက်သည်။ ယွမ်ချူးခန်သည်လည်း ဘွားတော်ကြွလာတာ မယ်မယ့်ကိုအကြောင်းပြုပြီးစစ်ဖြစ်သည့်အတွက် မကျေနပ်သည်ကိုပြောရန်ဖြစ်သည်ကို သိကာ အလိုက်တသိဖြင့် အရိုသေပေးကာ အမတ်ချုပ်ကြီးနှင့်နန်းဆောင်မှ ထွက်လာခဲ့သည်။ ရှင်းရှင်းပြောရလျှင် မိမိကို ငယ်ကတည်းက မယ်မယ့်သွေးဖြစ်သဖြင့်လှည့်မကြည့်သည့် ဖွားတော်ကြီးကို မချစ်ပါ။ ခမည်းတော်တို့သားအမ သူတို့ဖာသာရှင်းပါစေဆိုပြီး တစ်ခါတည်း ထွက်လာခဲ့သည်။ မိမိလုပ်ရမည့်အလုပ်ကို ပြတ်အောင်လုပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ မယ်မယ်သည် နန်ကျောင်ပြည်တွင် ဆွေမဲ့မျိုးမဲ့ တစ်ကောင်ကြွက်ဖြစ်ပြီး မိမိကလွဲပြီး မယ်မယ့်တွင် အရင်းချာမရှိသည်ကို ပိုနားလည်လာခဲ့သည်။
 

“ဖွားတော်ကြီးဆီကို သတင်းပို့တဲ့သူရှိရမယ် အမတ်ချုပ်ကြီး. … အဲ့ဒါ ဘယ်သူလဲ အမတ်ချုပ်ကြီး သိလား။”
 

“သိပါတယ် အရှင့်သား… မင်းကြီးရဲ့ညီဝမ်းကွဲ၊ မယ်တော်ကြီးရဲ့တူတော်မောင် ပြည်ထဲရေးအမတ်ကြီးပါ။”
 

“ပြည်ထဲရေး အမတ်ကြီးရဲ့သမီး မင်းသမီးလီဟွားက လွန်ခဲ့တဲ့ သုံးလက စစ်သူကြီးချူပ်ရဲ့သားနဲ့ လက်ထပ်ထားခဲ့တယ်မလား”
 

“ဟုတ်ပါတယ် အရှင့်သား…”
 

“ကောင်းပြီလေ။ ”

 

ယွမ်ချုးခန်က အေးစက်စက်ပြုံးလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ မင်းသားလေး၏ အေးစက်သည့်အပြုံးကိုတွေ့သော် အမတ်ချုပ်ကြီး ကျေနပ်သွားသည်။ ခြင်္သေ့က ခွေးတစ်ကောင်ကိုမွေးမည် မဟုတ်ပေ။ မိမိလိုချင်သည့် ခန်မင်းဆက်ကို ဆက်ခံနိုင်မည့် သွေးက ရက်စက်ရမည်။ ပြတ်သားရမည်။ ပြီးတော့ ရန်သူဟူသမျှ ချေမှုန်းပစ်သည့် ရဲရင့်သည်နှလုံးသားကို ပိုင်ဆိုင်သည့် လူမျိုးဖြစ်ရမည်။ မင်းသားယွမ်ချူးခန်က ထိုသို့သောအရည်ချင်းနှင့်ပြည့်စုံသည့် ခန်မင်းတစ်ပါးဖြစ်ရမည်။

အဆောင်ထဲတွင် မယ်တော်ကြီးသည် သားတော်မင်းကြီးကို လေသံမာမာနှင့်အမိန့်ပေးလိုက်သည်။
 

“ဒူးထောက်လိုက်စမ်း…သားတော်…”
 

“မယ်မယ်… ”
 

“မင်း အပြစ်ကို သိတယ်မဟုတ်လား။ မိန်းမတစ်ယောက်အတွက်နဲ့ မင်းရဲ့ဘိုးဘေးတွေ တည်ဆောက်ခဲ့တဲ့တိုင်းပြည်ကို ဖျက်ဆီးပစ်တော့မယ်။ မင်းက ဘုရင်တစ်ပါးမှ ဟုတ်ရဲ့လား… မိန်းမတစ်ယောက်အတွက်နဲ့ မင်း လူအများကြီးကို သေစေတော့မယ်ပေါ့… မင်းရဲ့ခမည်းတော်သာ သိရင် မင်းအတွက် ရှက်လို့သေရလိမ့်မယ်…. ငါမွေးခဲ့တာ၊ ပျိုးထောင်ခဲ့တာ ဒီလို အသိဥာဏ်မဲ့ဖို့ မဟုတ်ဘူး။ အခုချက်ချင်း အဲ့မိန်းမကို တိုင်းပြည်က နှင်ထုတ်လိုက်စမ်း…”

 

ကာလိုခန်သည် မယ်မယ်၏ ယူကြုံးမရခြင်းကြောင့် တုန်ယင်နေသည့် ပုံကိုကြည့်ကာ ဒူးထောက်လိုက်သည်။ သို့သော် တည်ငြိမ်စွာပင်ဖြေလိုက်သည်။
 

“သားတော် မယ်မယ့်အိပ်မက်တွေကို အကောင်ထည်မဖော်နိုင်ခဲ့တာ ခွင့်လွှတ်ပါ မယ်မယ်။ ဒါပေမယ့် သားတော် ဟော်သွန်းကို ဘယ်နည်းနဲ့မှ အပါမခံနိုင်ဘူး။ ဟော်သွန်းက သားတော်အတွက် ဇနီးမယားတစ်ယောက်ဆိုတာထက်ကို ပိုပါတယ်။ သူက သားတော်ရဲ့စိတ်ဝိဥာဉ်ပါ။ သူသာမရှိရင် သားတော်လည်း အသက်မရှင်နိုင်ဘူး။ မယ်မယ့်ကို အရင်ကတည်းက သားတော် ရှင်းအောင်ပြောထားပြီးပါပြီ။”
 

“ငါ့အသက်ထက် မင်း မိဖုရားကိုေ၇ွးချယ်မှာလား ကာလိုခန်…”

 

မယ်တော်ကြီးသည် နဂါးတောင်ဝှေးကို ဆောင့်ချကာ မာန်အပြည့်နှင့်မေးလိုက်သည်။ အတွင်းဝန်များ၊ ကုန်းကုန်းများက အပြင်မှ ခစားလျက်ပင် တုန်သွားခဲ့သည်။ မယ်တော်ကြီး၏လက်စောင်းမည်မျှ ထက်သည်ကို မိမိတို့ကောင်းစွာသိပြီးဖြစ်သည်။ မယ်တော်ကြီးက နဂါးတောင်ဝှေးဆောင့်ချရသည်အထိ ဒေါသထွက်ခြင်းခံရသည့်သူက နောက်တနေ့ အသေဆိုးနှင့်သေရသည်ပင်ဖြစ်သည်။ ဒါ့အပြင် တကိုယ်လုံး အပိုင်းပိုင်းပြတ်ြပီး မြို့ရိုးပေါ်ချိတ်ဆွဲထားခြင်း ခံရသည်။
 

ကာလိုခန်သည် မယ်တော်ကို စိတ်မကောင်းစွာဖြင့် မော့ကြည့်ကာ တောင်းပန်ဟန်ဖြင့်ပြောလိုက်သည်။

 

“သားတော်က ဘုရင်တပါးပါ မယ်မယ်။ သားတော်က ဘိုးဘေးတွေရဲ့ အစွမ်းကို မဆက်ခံနိုင်ခဲ့ပေမယ့် သားတော်ဘာလုပ်နေတယ်ဆိုတာ ကိုယ့်ဖာသာသိပါတယ်။ သားတော်ရဲ့ မိသားစု၊ သားတော်ရဲ့ တိုင်းပြည်၊ သားတော်ရဲ့ လူမျိုးအတွက် အကောင်းဆုံးဆိုတာကို လုပ်သွားမှာပါ။ မယ်မယ် စိတ်မပူပါနဲ့။ အခု သားတော်က မယ်မယ် ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒါကြောင့် ကျောက်စိမ်းနန်းတော်မှ အေးအေးသက်သာစံနေတော်မူပါ။ တိုင်းပြည်ရေးမှာ မယ်မယ်ဝင်မပါပါနဲ့….”

 

မယ်တော်ကြီးသည် သားတော်၏ စကားကြောင့် မဲ့ပြုံးပြုံးကာ အမိန့်ပေးတံဆိပ်ပြားတစ်ခုကို ပြလိုက်သည်။
 

“ဒီတံဆိပ်ပြားကို မှတ်မိတယ် မဟုတ်လား…”
 

“နဂါးအမိန့်ပေးတံဆိပ်ပြား….မယ်မယ် ဒီတံဆိပ်ပြားကို အသုံးမပြုပါနဲ့..သားတော် တောင်းပန်ပါတယ်…”

 

ကာလိုခန်သည် မယ်တော်ကို တုန်လှုပ်စွာတောင်းပန်လိုက်သည်။ သို့သော် မယ်တော်ကြီးက နဂါးအမိန့်ပေးတံဆိပ်ပြားကို မြှောက်ကာ အမိန့်ပေးလိုက်သည်။
 

“သားတော်ရဲ့လက်ထဲက ဘုရင်တံဆိပ်တုံး မယ်တော့်ကို အပ်ပါ…”
 

“မယ်မယ်…. မလုပ်ပါနဲ့….”
 

“နဂါးအမိန့်ကို ဖီဆန်တာလား သားတော်….”

 

ကာလိုခန်သည် ချွေးပြန်လာပြီး တုန်လှုပ်စွာဖြင့် ငြိမ်နေလိုက်စဉ် မယ်တော်၏ တောင်ဝှေးဆောင့်ချသံကြောင့် မျက်လုံမှိတ်လိုက်သည်။ နဂါးအမိန့်ပြားက ဘိုးတော်မင်းကြီးက မယ်မယ့်ကိုပေးသွားသည့် အမွေဖြစ်သည်။ ထိုအမိန့်ကိုကိုင်ဆောင်ထားလျှင် ဘုရင်တစ်ပါးဖြစ်နေပါစေ အမိန့်ကိုနာခံရသည်။ ဒါက ခန်မင်းဆက်မှ ဘုရင်တိုင်းလိုက်နာရသည့် အစဉ်လာဖြစ်သည်။ ဘုရင်တစ်ပါးက တိုင်းပြည်တစ်ခုလုံးကို ထိခိုက်မည့် အလုပ်ကိုလုပ်လာခဲ့လျှင် ဘုရင်ကို ထိန်းချုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မယ်တော်ကြီးများက အစဉ်ဆက် ဒီတံဆိပ်ပြားကို လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။

 

“သားတော်မင်းကြီးက နဂါးအမိန့်တံဆိပ်ပြာကိုး ဖီဆန်ချင်တာလား….”
 

ကာလိုခန်သည် သက်ပြင်းရှိုက်ကာ အရိုသေပေးပြီး နဂါးတံဆိပ်တုန်းကို ယူကာ မယ်မယ့်လက်ကို အပ်လိုက်ရတော့သည်။

 

“ပြည်ထဲရေးဝန်ကြီး….”
 

“အမိန့်ရှိပါ မယ်တော်ကြီးဘုရား…”
 

“အရေးပေါ်ညီလာခံကို ချချက်ချင်းခေါ်ယူပါ။ အဆင့်ငါးနဲ့အထက် အမတ်အားလုံး ညီလာခံကိုတက်ရောက်ရမယ်….”

 

မယ်တော်ကြီး၏ တူတော်မောင် ပြည်ထဲရေးဝန်ကြီးသည် မယ်တော်ကြီးခေါ်သည်နှင့် အဆောင်ထဲကိုပြေးဝင်လာပြီး အမိန့်ကို နာခံသည်။ မယ်တော်ကြီး၏ အမိန့်ရသည်နှင့် ချက်ချင်း အရေးပေါ်ညီလာခံကို ခေါ်ယူရန် ထွက်သွားခဲ့သည်။ ကာလိုခန်မင်းကြီးသည် ညီဝမ်းကွဲက မယ်တော်ကြီးကို သွားရောက်ခေါ်ငင်ရသည့် ရည်ရွယ်ချက်ကို ချက်ချင်းသိလိုက်သည်။ မယ်တော့်ကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။
 

“မယ်တော်က သားတော်လက်ထဲက ဘုရင်လုပ်ပိုင်ခွင့်ကို သိမ်းယူလိုက်တာလား…”
 

“သားတော်က ဘုရင်ကောင်းမပီသလို့ မယ်တော် နောက်မင်းတစ်ပါးကို တင်မြှောက်ရတော့မယ် သားတော်…။ မင်းကို ချစ်လွန်းလို့ မယ်တော်အခွင့်ရေးပေးခဲ့တာကြာပြီ။ မင်း ဘယ်တော့အသိဝင်လာမလဲလို့ စောင့်ကြည့်ခဲ့တယ်။ မြေးတော်သာ အသက်ရွယ်ရလာတယ်။ မင်းက ဟိုမိန်းမရဲ့ခြေရင်းက မထွက်လာနိုင်ဘူး။ ဒါကြောင့် အခုကစပြီး မြေးတော်ကို နန်ကျောင်ပြည်ရဲ့နောက်မင်းအဖြစ်ကို တင်မြှောက်ရမယ်။ မင်းကို ဖျက်ဆီးခဲ့တဲ့ မိန်းမယုတ်ကို နယ်နှင်ဒဏ်ပေးရမယ်…”
 

“သူ့မယ်တော်ကို ထိခိုက်အောင် လုပ်တာကို သားတော်က ခွင့်ပြုမယ်ထင်သလား မယ်မယ်ဘုရား…”
 

“ဘုရင်နေရာကိုလိုချင်ရင် မယ်မယ်ပြောတာကို သူနာခံရမှာပေါ့ သားတော်။ ဘုရင်နေရာကို မလိုချင်တဲ့သူ မရှိပါဘူး။ သားတော်ကြည့်ထားလိုက်၊ မြေးတော်က တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ် မင်းလုပ်မယ်ဆိုတာ….”
 

---------------------

 

ညီလာခံတွင် မင်းကြီးထိုင်သည့် ထိုင်ခုံတွင် မယ်တော်ကြီးဝင်ထိုင်ပြီး မင်းကြီးမပါသည့် ပထမဆုံးညီလာခံဖြစ်သည်။

 

“မယ်တော်ကြီးကို ဂါရ၀ပြုပါတယ်….”
 

“အားလုံး သက်သက်သာသာနေကြပါ။ မယ်တော်ကြီး အခုလို အရေးပေါ် ညီလာခံကို ခေါ်ယူရခြင်းက မင်းပြောင်းမင်းလဲလုပ်တာကို ကြေငြာဖို့ပဲဖြစ်တယ်….”
 

ညီလာခံတစ်ခုလုံး ဆူညံသွားကြသည်။သို့သော် မယ်တော်ကြီး၏ နဂါးတောင်ဝှေးဆောင့်ချက်ကြောင့် အားလုံးငြိမ်သွားခဲ့သည်။ နဂါးတောင်ဝှေးကို အားလုံးမှတ်မိသွားခဲ့ပြီး ကျောစိမ့်သွားခဲ့သည်။ ပြည်ထဲရေးဝန်ကြီး၊ စစ်သူကြီးချုပ်နှင့် သားတော် အမတ်ငယ်က ပြုံးလို့နေသည်။ သူတို့ခေတ်ကိုရောက်တော့မည်ဖြစ်လို့ စိတ်လှုပ်ရှား နေကြသည်။

 

“မင်းကြီးကာလိုခန်က တိုင်းပြည်ကို စစ်မက်ဘေးကို ကျရောက်စေလို့ ဘုရင်နေရာရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့ တံဆိပ်တုန်းက ခုကစပြီး သုံးခွင့်မရှိတော့ဘူး။”
 

“မယ်တော်ကြီးကိုလေးစားပေမယ့် တကယ်လို့မယ်တော်ကြီးမှာ နဂါးအမိန့်တံဆိပ်ပြားမရှိရင် ဘုရင်တစ်ပါးရဲ့ လုပ်ပိုင်ခွင့်ကို ခုလိုသိမ်းလို့မရပါဘူး။”
 

မယ်တော်ကြီးသည် တတိယအဆင့် အမတ်ကြီကို စူးရှစွာကြည့်ကာ နဂါးအမိန့်တံဆိပ်ပြားကို ကိုင်မြှောက်ပြစဉ် အားလုံးဒူးထောက်ကာ ခစားလိုက်ကြသည်။

 

“အားလုံး ရှင်သွားပြီဆိုတော့ ခုကစပြီး စစ်ပွဲနဲ့ပတ်သတ်တာကို ပြန်ပြီး သုံးသပ်မယ်။ စစ်ဖြစ်စေတဲ့အကြောင်းရင်းကို ဖယ်ရှားပစ်ရမယ်… ”
 

တားဂေါတိုင်းသည် မယ်တော်ကြီး၏ စကားကိုကြားသော် မေးလိုက်သည်။

 

“မယ်တော်ကြီးပြောတဲ့သဘောက ဧကရီ ဟော်သွန်းကို ဖယ်ရှားပစ်မယ်ဆိုတဲ့သဘောလား ဘုရား..”
 

“မှန်တယ် အမတ်ချုပ်ကြီး။ မောလကစ်မျိုးနွယ်က မိန်းမက မင်းကြီးရဲ့ကိုယ်စိတ်နှစ်ပါးကို ဖျက်ဆီးနေတာကြာခဲ့ပြီ။ ယခင်က သားတော်ကိုချစ်တဲ့စိတ်ကြောင့် မိဖုရားမြှောက်ခွင့်ပြုလိုက်တာ မယ်တော်ကြီးရဲ့အမှားပဲ။ ခုကစပြီး မယ်တော်ကြီး အားလုံးကို ပြန်ပြင်ဖို့ဆုံးဖြတ်လိုက်ပြီ။”
 

တားဂေါတိုင်းသည် မယ်တော်ကြီး၏ အမိန့်ကိုကန့်လည်းမကန့်ကွက်၊ ထောက်လည်းမထောက်ခံပဲ ငြိမ်နေလိုက်သည်။ ယွမ်ချူးခန်သည် မယ်တော်ကြီးကို အေးအေးဆေးဆေး စိုက်ကြည့်နေလိုက်သည်။ တကယ်ပဲ မိမိမယ်တော်ကို မုန်းသည့် ခမည်းတော်၏ မယ်မယ်ကို စိတ်ကုန်စွာကြည့်နေမိသည်။ မယ်မယ့်တွင် မိမိကလွဲပြီး မည်သူမှ မရှိသည်ကို ပိုနားလည်လာခဲ့သည်။ ဘာကြောင့် နန်ကျောင်နန်းတော်မှာနေပြီး မယ်မယ်ရောဂါရသည်ကို ယွမ်ချူးခန် သိလိုက်သည်။ မုန်းသည်။ အားလုံးကို ယွမ်ချူးခန်မုန်းသည်။ မည်မျှမုန်းပေမယ့် မျက်နှာပြင်တွင် မည်သည့်အရိပ်မှ မထင်စေရပေ။

အမတ်များသည် မင်းသားယွမ်ချူးခန်တည်ငြိမ်နေသည်ကိုကြည့်ပြီး အံ့အားသင့်နေကြသည်။ မယ်တော်ကြီးသည် မြေးတော်ကို စိုက်ကြည့်ပြီးနောက် အမိန့်ကို ဆက်ကြေငြာသည်။

 

“မိဖုရားဟော်သွန်းက မင်းကြီးကို လမ်းမှားရောက်စေခဲ့လို့ နန်ကျောင်ပြည်ကနေ နယ်နှင်ဒဏ်ခတ်ဖို့ဆုံးဖြတ်လိုက်ပြီ။ ဒါကို မြေးတော် ဘယ်လိုသဘောရလဲ…”
 

“မယ်တော်ကို လိုချင်လို့ အာနန်ပြည်က စစ်တိုက်နေတာ။ မယ်တော်ကိုသာ ပေးအပ်လိုက်ရင် စစ်ပွဲဖြစ်စရာမလိုတော့ပဲ တရန်ငြိမ်းသွားလိမ့်မယ်…တိုင်းသူပြည်သားတွေလည်း သေကြေစရာမလိုတော့ပါဘူး..”
 

“ဟုတ်တယ်။ ခုက မင်းရဲ့မယ်တော်ကြောင့် နန်ကျောင်ပြည်သူတွေ စစ်မက်ဘေးကို ခံရမှာ။ အဲ့တော့ မြေးတော်က မင်းရဲ့မယ်တော်ကိုပြည်နှင်ဒဏ်ခတ်တာကို လက်ခံသလား…”
 

“ဖွားတော်ကြီးက ကောင်းမယ်ထင်လို့ လုပ်တာကို ကျွန်တော် လက်ခံပါတယ်.. မယ်တော်က စကတည်းက ဒီနန်းတော်ထဲမှာနေရတာကို အကျဥ်းကျနေသလို ခံစားနေရတော့ ခုလို နယ်နှင်ဒဏ်ခတ်လိုက်တယ် ဆိုတာကလည်း မယ်တော့်ကို လွတ်လပ်ခွင့်ပေးလိုက်သလိုပဲ ဖြစ်မှာပါ….”
 

“မင်းမယ်တော်ကို မောင်းထုတ်လို့ မြေးတော် စိတ်မနာဘူးလား…”
 

“မယ်မယ်ရဲ့လျစ်လျူရှုမှုကို ခံရတာများလို့ မြေးတော် ထုံနေပါပြီ။ ဒါကြောင့် မယ်မယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ… မြေးတော်အတွက် ဘာမှထူးခြားသွားမှာ မဟုတ်ပါဘူး။”

 

ဘွားတော်ကြီးသည် မြေးတော်၏အဖြေကြောင့် ကျေနပ်သွားပြီး အားလုံးကို အမိန့်ထုတ်ပြန်လိုက်သည်။
 

“မနက်ဖြန် မိဖုရားဟော်သွန်းကို အဆောင်ယောင်ရုပ်သိမ်းပြီး နယ်နှင်ဒဏ်ခတ်စေ… ယနေ့ကတော့ မိဖုရားကို အဆောင်ထဲ ပိတ်လှောင်ထားစေ…ညီလာခံစဲမယ်….”

 

မယ်တော်ကြီးသည် မြေးတော်၏လက်ကိုဆုပ်ကိုင်ကာ ဂုဏ်ယူစွာပြောလိုက်သည်။
 

“မြေးတော်က ဖွားတော်မထင်ထားအောင်ကို ခန်မင်းသွေးအပြည့်ပါတယ်။ မင်းခမည်းတော်ရဲ့အရိုက်ရာကို ဆက်ခံသင့်ပြီလို့ ဖွားတော်ယူဆတယ်။ ဖွားတော်ရဲ့ စကားကိုသာ နာခံမယ်ဆိုရင် မင်းလက်ထဲ ဘုရင်တံဆိပ်တုံးကို ဖွားတော်တခါတည်းနှင်းအပ်လိုက်မှာပဲ….”
 

“ဖွားတော်ရဲ့စကားကို မြေးတော်နာခံပါ့မယ် … ”

 

ယွမ်ချူးခန်က ဖွားတော်ရှေ့ ဒူးထောက်ပြီးပြောလိုက်သည်။ ပြည်ထဲရေးဝန်ကြီးနှင့် မယ်တော်ကြီးက မင်းသားငယ်ကို ခြယ်လှယ်နိုင်တော့မည်ကို တွေးကာ ပီတိဖြစ်နေကြသည်။

 

ဟော်သွန်းသည် မိမိအဆောင်ကို ရဲမတ်များရောက်လာပြီး အဆောင်ပြင်ထွက်ခွင့်ကို တားလိုက်ကတည်းက တစုံတခုအပြောင်းလဲဖြစ်သည်ကို သိလိုက်သည်။ မင်းကြီးလက်ချက်မဟုတ်ပဲ မယ်တော်ကြီးလက်ချက်ဖြစ်မည်ကိုလည်း တန်းသိလိုက်သည်။ မယ်တော်ကြီး၏လက်ထဲတွင် မင်းကြီးကိုဖြုတ်ချနိုင်သည့် နဂါးတံဆိပ်ရှိသည်ကို မိမိကြားဖူးသည်။ မိမိတို့လက်ထပ်စဉ်က မယ်တော်ကြီးမတားခဲ့သော်လည်း လုံးဝမကြည်ဖြူသည်ကို သိသည်။ သားတော်လေးကို လာပင်မကြည့်လောက်အောင် မိမိကိုမုန်းတီးသည်ကိုလည်းနားလည်းသည်။ ဒါကြောင့် မိမိကြောင့် စစ်ဖြစ်သည်ဆိုတော့ မယ်တော်ကြီး ဘယ်လိုမှသည်းမခံနိုင်တော့ပဲ ထွက်လာပုံရသည်။

 

 မိမိကို သေဒဏ်ပဲချမည်လား။ အအေးနန်းဆောင်ကိုပို့မည်လား။ နယ်နှင်ဒဏ်ခတ်မည်လား။ ဒါမှမဟုတ် မြေအောက်အကျဉ်းထောင်မှာ သေအောင်နှိပ်စက်မည်လား။ ဘာမဆိုဖြစ်နိုင်သည်။ လုပ်ချင်တာ လုပ်ပါစေတော့။ သေရမည်ဆိုလည်း ထူးပြီးဝမ်းမနည်းတော့ပါ။ မိမိကြောင့်စစ်ဖြစ်ရမည်ဆိုကတည်းက ဟော်သွန်းစိတ်ညစ်ညူးခဲ့ရသည်။ တစ်ခုပဲရှိသည်။ မောင်တော်နှင့် သားတော်ကိုအတူတွဲမတွေ့လိုက်ရပဲ သေသွားမည်ကတော့ နည်းနည်းရက်စက်လွန်း လှသည်ဟု ထင်သည်။

 

------------------------------------

တင်ဂီ၇ိသည် ခမည်းတော်ထံ အမြန်လာပြီး ကြားရသည့် သတင်းကိုလျှောက်တင်သည်။ ယေစုကိုင်းသည် ထိုသတင်းကိုကြားသော် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
 

“ယွမ်ချူးခန်က သူ့မယ်တော်ကို ဒီလိုလုပ်တာ ငြိမ်ခံတယ်ဆိုတာ ပုံမှန်မဟုတ်ဘူး။ သူ ပြန်ပြီးလက်တုန့်ပြန်လိမ့်မယ်။ ”
 

“မယ်တော့်ကို သွားကယ်လိုက်ရင် ကောင်းမယ်ထင်တယ် ခမည်းတော်ဘုရား…”
 

“မသွားနဲ့… သူတို့ဖာသာ လုပ်ကိုင်ကြပါစေ… ခုသွားလည်း ဟော်သွန်းက လိုက်မှာမဟုတ်ဘူး။ သူ့သား ယွမ်ချူးခန် ဘေးကင်းတာကို မသိရမချင်း သူမလိုက်ခဲ့ဘူး ။ ယွမ်ချူးခန်ရဲ့ လက်စ လက်နကို မကြာခင်တွေ့ရလိမ့်မယ် သားတော်။ မင်းသေချာကြည့်ထား။ သူ့ကိုထဲမှာ မောရကစ်မျိုးနွယ်ရဲ့သွေးတွေ စီးဆင်းနေပါတယ်ကွ….ဖွားတော်နဲ့မြေးတော် တိုက်ကြတော့မယ်…. ”
 

တင်ဂီရိ ခမည်းတော်၏ စကားကြောင့် မယ်မယ့်ကို သွားကယ်မည့်အစီစဉ်ကို ရပ်လိုက်ရသည်။

 

“နောင်တော်…အရီးတော်ကို နယ်နှင်ဒဏ်ခတ်မယ်ဆို…စစ်ဖြစ်စရာ မလိုပဲ အရီးတော်ကို ကျွန်တော်တို့ ပြန်ခေါ်သွားနိုင်တော့မှာပေါ့ ဟုတ်လား… ”
 

“အင်း…ယွမ်ချူးခန်က မယ်မယ့်ကို ခုလို နယ်နှင်ဒဏ်ခတ်တာကို အသာတကြည်  လက်ခံမယ်ထင်လား။”
 

“မဖြစ်နိုင်ဘူး။ သူက သူ့မယ်မယ်ကို အရမ်းချစ်တာ။ တကယ်လို့ သူ့မယ်တော်ကို ခုလိုလုပ်ရင် သူသေချာပေါက် လက်တုန့်ပြန်လိမ့်မယ်…”
 

“အင်း…ဟုတ်တယ်… နန်းတော်ထဲမှ ပွဲကြည့်ဖို့သွားချင်လား ဆူမီရာလေး….”
 

“နောင်တော်ဆိုလိုတာက နန်းတော်ထဲကိုခိုးဝင်မယ်ပေါ့ ဟုတ်လား…”
 

“ဟုတ်တယ်…ကနေ့ည ယွမ်ချူခန်က သူ့ဖွားတော်ကိုပုန်ကန်ုလိမ့်မယ်….”
 

“တကယ်လို့သူလုပ်တာ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ… ”
 

“အသတ်ခံရမှာပေါ့…ဒါပေမယ့် သူအောင်မြင်မှာပါ။ တားဂေါတိုင်းတစ်ယောက်လုံး သူ့ဘက်မှာရှိနေတာပဲ….”
 

“ကျွန်တော်တို့ သွားရအောင် ။ မတော်တဆ သူ့ကိုတယောက်ယောက် လုပ်ကြံမယ်ဆိုရင် ကူပေးလို့ရတာပေါ့….”
 

“ဒါဆို မသွားနိုင်ဘူး။ ”
 

“အာ…နောင်တော်ကလည်း…. သွားရအောင်ပါ။ အရီးတော်ကိုလည်း စိုးရိမ်လို့ပါ။ နော်..နော်…”

တင်ဂီ၇ိသည် မယ်မယ့်အမည်ကို ထည့်ပြောကာ အတင်းပူဆာနေသော ဆူမီရာကို စိုက်ကြည့်ကာ ဖျစ်ညစ်လိုက်ပြီး ပြောလိုက်သည်။
 

“ဟိုကောင့်ကို စိတ်ပူလို့မဟုတ်ဘူးလား ဟမ်….”
 

“မဟုတ်ပါဘူး နောင်တော်ကလည်း ။ နန်းတော်ထဲ သွားကြည့်ဖို့ပြောတာ နောင်တော်နော်။ ကျွန်တော်ပြောတာ မဟုတ်ဘူး…”
 

“အေး ပြီးတာပဲ။ ဒါကြောင့် မသွားတော့ဘူး ပြောတာ….”
 

“အရီးတော်ကို သူတို့မလုပ်ကြံဘူးလို့ ပြောလို့မရဘူးနော် နောင်တော်။ နဂါးအမိန့်ကို ကိုင်ထားတဲ့ မယ်တော်ကြီးက အရီးတော်ကို နယ်နှင်ဒဏ်ခတ်တယ်ဆိုတာ ဟန်ပြဖြစ်နိုင်တယ်။ အရီးတော်ကို အဆိပ်ကျွေးလိုက်ရင်…”

 

ထိုစကားကြောင့် တင်ဂီရိ မျက်နှာထားတင်းမာသွားပြီး ချက်ချင်းမြင်းပြင်ကာ နန်းတော်ထဲကိုသွားရန်ပြင်လိုက်သည်။ ဆူမီရာလည်း နောင်တော်နှင့်ထပ်ချပ်မခွာလိုက်ရန်ပြင်လိုက်သည်။

 

----------------------------
မယ်တော်ကြီးသည် မိမိနန်းဆောင်တွင် ပြည်ထဲရေးဝန်ကြီး၊ စစ်သူကြီးချုပ်နှင့် ဆွေးနွေးနေစဉ် အပြင်မှရုတ်ရုတ်သည်းသည်း အသံများကြားလိုက်ရပြီး စစ်သူကြီးက ချက်ချင်းဓါးဆွဲကာအပြင်ကိုထွက်ကြည့်တော့ မိမိတို့အဆောင်ကို အပြင်မှပိတ်ထားပြီး မီးခိုးများအထဲကိုဝင်စပြုနေသည်ကိုတွေ့လိုက်ရသည်။

 

“မယ်တော်ကြီး…မယ်တော်ကြီး… နန်းဆောင်မီးလောင်နေတယ်…”
 

“အပြင်မှာ မင်းရဲ့သက်တော်စောင့်တွေမရှိဘူးလား…”
 

“တစ်ယောက်မှ ခေါ်လို့မရတော့ပါဘူး… ကျွန်တော်မျိုးတို့ဖောက်ထွက်မှရမယ် ဘုရား…”

 

စစ်သူကြီး၏ စကားကြောင့် အခြွေရံအားလုံး ပျာယာခတ်ကုန်ကြသည်။ မယ်တော်ကြီးသည် မိမိတို့ကို မီးရှို့လုပ်ကြံ သည့်သူကို တွေးမရအောင်ဖြစ်သွားသည်။ စစ်သူကြီးနှင့်ပြည်ထဲရေးဝန်ကြီးက တံခါးကိုဖျက်ပြီး အပြင်ကို ထွက်မည်လုပ် သော်လည်း အပြင်မှမြှားဖြင့်ချိန်ထားသည့် အထူးလက်ရွေးစင် လက်မရွံ့များကိုတွေ့လိုက်သည်။
 

“ပစ်….”

 

မြှားမိုးရွာလာသဖြင့် အားလုံးအဆောင်ထဲကိုပြန်ဝင်ပြေးရသည်။ မယ်တော်ကြီးသည် နဂါးတံဆိပ်ကို ကိုင်ဆောင်ထားသည့် မိမိကိုလုပ်ကြံရဲသည့်သူကို ဒေါသထွက်ကာ အသားတဆတ်ဆတ်တုန်လာခဲ့သည်။
 

“စစ်သူကြီး… ဒီအမိန့်ပေးတံဆိပ်ပြားကိုပြပြီး ရပ်ခိုင်းစမ်း…”
စစ်သူကြီးက တံဆိပ်ပြားကို ယူကာ အပြင်ကိုထွက်လာခဲ့ပြီး အော်ဟစ်လိုက်သည်။

 

“အားလုံးရပ်စမ်း..နဂါးအမိန့်တံဆိပ်ပြားကိုတွေ့တာ အားလုံးဒူးထောက်နာခံစေ….”

 

ဒါပေမယ့် ၀တ်စုံနက်လက်မရွံ့များက စစ်သူကြီးထံကိုခုန်ပျံလာပြီး တိုက်ခိုက်သဖြင့် စစ်သူကြီးက ရဲဝံ့စွာ ပြန်လည်ခုခံ လိုက်သည်။ စစ်သူကြီးချုပ်ပီပီတိုက်ရည်ခိုက်ရည်က ကောင်းလွန်းလှသည်။ သို့သော်အများနှင့် တစ်ယောက်ဖြစ်လို့ မဟန်သဖြင့် အထဲကိုပြန်ဆုတ်မည်အပြု ၀တ်စုံနက်များက အ၀င်မခံပဲ ပိတ်ကာထားပြီး အသေသတ်နေသဖြင့် အစွမ်းကုန်ပြန်ခုခံစဉ် အပြင်မှအော်သံကိုကြားလိုက်ရသည်။
 

“အဖေ….”

 

စစ်သူကြီးချုပ်က သားဖြစ်သူ၏အသံကိုကြားသော် စိတ်ပျံ့လွင့်သွားစဉ် ဓါးက ရင်ဘတ်ထဲကိုစိုက်သွားတော့သည်။ စစ်သူကြိး၏ ကိုယ်ထဲ ဓါးများစွာစိုက်ဝင်ပြီးနောက် လဲကျသွားခဲ့သည်။ ၀တ်စုံနက်နှင့်တစ်ယောက်က နဂါးတံဆိပ်ပြားကို နှိုက်ယူပြီး အနောက်ကိုပြန်ပြေးခဲ့သည်။
 

“အရှင့်သား… တံဆိပ်ပြားရပါပြီ…”
 

“အဆောင်ကို ၀ိုင်းထားလိုက်…..”
 

ယွမ်ချူးခန်သည် တံဆိပ်ပြားကိုယူကာ မယ်တော့်အဆောင်ကိုလာခဲ့စဉ် မယ်မယ့်အဆောင်တွင် အော်သံကိုကြားလိုက်သဖြင့် ချက်ချင်းပြေးလာခဲ့သည်။

 

“မယ်မယ်….”
 

မယ်မယ့်အဆောင်ရှေ့တွင် ရဲမတ်များသေကြေနေပြီး အထဲတွင်လည်း အတုန်းရုံးလဲကျနေသည့် နန်းတွင်းသူများကို တွေ့သော် ရင်ပူလာလဲ့သည်။ ဖွားတော်က မယ်မယ့်ကိုလုပ်ကြံခိုင်းလိုက်သည် ထင်သည်။ မိမိ သတိလစ်လိုက်သည်နှင့် မယ်မယ်လုပ်ကြံခံလိုက်ရလေပြီဟု တွေးကာ ခေါင်းကြီးသွားခဲ့သည်။ မယ်မယ့်အဆောင်ထဲကိုအရူးပမာ ပြေးဝင်လာခဲ့မိသည်။

 

“မယ်မယ်…..”

 

---------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet