စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (64)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (64)

 

ယေစုကိုင်းသည် သားတော်ပြောသည့် စကားကိုကြားသော် ပြုံးလိုက်သည်။ ဒါက တကယ့်ဟော်သွန်းအစစ်ဖြစ်သည်။ အမြဲ တဖက်သားကိုတွေးပေးတတ်လွန်းသည်။ သူ့ကြောင့် တဖက်သားကို ဘယ်တော့မှ မနာကျင်စေသည့် မိန်းကလေး။ ကြင်နာတတ်သလို အင်မတန်ကို ရဲရင့်သည့် မိန်းကလေး။ ဒီလိုမိန်းကလေးရဲ့ အချစ်ကို ရခဲ့သည့်အပြင် ဇနီးအဖြစ်ရခဲ့သည့် အတွက် ယေစုကိုင်း အင်မတန်ကို ဂုဏ်ယူမိသည်။ ဟော်သွန်းအကြောင်းကိုပြန်တွေးလျှင် ချစ်ခြင်း၊ လေးစားခြင်းနှင့်အတူ နှလုံးသားက အမြဲနွေးထွေးနေခဲ့သည်။

 

“သားမယ်မယ်ရဲ့ ဆုံးဖြတ်ချက်ကို ခမည်းတော်တို့ လေးစားတဲ့အနေနဲ့ လိုက်နာကြစို့ သားတော်…”
 

“ဒါပေမယ့် မယ်မယ့် ရောဂါ ပိုဆိုးလာမှာကို စိုး၇ိမ်မိတယ် ခမည်းတော်ဘုရား…”
 

“သားမယ်မယ်က ဆုံးဖြတ်ပြီးရင် မပြင်တတ်ဘူး။ သူပြောတာလည်း အကြောင်းကျိုးသင့်တယ်။ ယွမ်ချူးခန် စိတ်ထိခိုက်မှာ စိုးတာရယ် ပြီးတော့ ကာလိုခန်ရဲ့ တသက်လုံးပေးခဲ့တဲ့ အချစ်ကို တနည်းနည်းနဲ့ပြန်ပေးဆပ်ဖို့ လုပ်နေတာ။ ခုချိန် သား အတင်းကြပ်ခေါ်ခဲ့ရင် မင်းရဲ့မယ်မယ် ပိုပြီး စိတ်မကောင်းဖြစ်တာပဲ အဖတ်တင်မယ်။ ဒါကြောင့် သားမယ်မယ်ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးပြီး သားမယ်မယ်ကို ချစ်ကြောင်း သက်သေပြရအောင်… တခါတလေ ကိုယ့်ချစ်သူအတွက် အကောင်းဆုံးဆိုတာကို လုပ်ပေးချင်ပေမယ့် သူ့ဖက်က အခြေနေ၊ အချိန်ခါကို ထည့်တွက်ပေးရမယ်။ ကိုယ်ကောင်းမယ် ထင်တိုင်းလည်း သူ့အတွက် ကောင်းချင်မှ ကောင်းမယ်။ အဓိက ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေချင်တာ မလား။ သူစိတ်ချမ်းသာမယ့် နည်းက ကိုယ့်အတွက် တစ်စုံတခု စိတ်တိုင်းမကျပေမယ့် သူ့အတွက် လုပ်ပေးရတာက ချစ်ခြင်းတရားပဲ သားတော်… မင်း မယ်မယ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလက်ခံရအောင်…”

 

တင်ဂီ၇ိသည် ခမည်းတော်၏ စကားများကို နားထောင်ပြီး မယ်မယ့်အပေါ်ထားသည့် ခမည်းတော်၏ အချစ်ကို ခံစားမိလိုက်သည်။ မိမိ ဆူမီရာကို ဒီလိုထိ ချစ်နိုင်ရဲ့လားဟု ပြန်ပြီးတွေးနေမိသည်။ ဆူမီရာကို ခိုင်းလိုက်သည့် အလုပ်ကြောင့် ယွမ်ချူးခန်၏အချစ်စိတ် မည်မျှတိုးသွားပြီလဲဟုတွေးကာ ရင်ပူလာခဲ့သည်။ မယ်မယ့်ကို ပြန်ခေါ်ချင်ဇောနဲ့ ဆူမီရာ့ကို ခိုင်းစေတာ မှားသွားပြီလားဟု တွေးကာ စိတ်မသက်မသာဖြစ်နေမိသည်။


“ဆူမီရာ…ကလေးလေးရယ်… မင်းကို နောက်ခါ ဘယ်လိုအကြောင်းရာနဲ့မှ အသုံးမချတော့ပါဘူးကွာ… ဒီလိုအရှုပ်ထွေးတွေနဲ့ မပတ်သတ်အောင် မင်းကိုထားပါ့မယ်… ကိုယ် ကတိပေးပါတယ် ကလေးလေးရယ်…”

 

တင်ဂီရိသည် နန်ကျောင်နန်းတော်ထဲမှ ဆူမီရာကို တီးတိုးလှမ်းပြီးတောင်းပန်စကားပြောနေမိသည်။

-------------------------------------

 

တထန် နေပြည်တော်တွင် အိမ်ရှေ့မင်းသား ထန်လိုခိပြန်ရောက်လာသဖြင့် လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ ထန်လိုခိသည် ဦးရီးတော် လုပ်ကြံခံရသည့် ကိစ္စကို ထန်လိုခိ ခပ်ကြမ်းကြမ်းစစ်ဆေးနေသဖြင့် နန်းတော်တစ်ခုလုံး ရုတ်ရုတ်သည်းသည်းဖြစ် နေကြသည်။ အမတ်များသည် တင်းမာလွန်းသည့် အိမ်ရှေ့စံကြောင့် မင်းကြီးကို ဦးတိုက်လျှောက်ထားကြသော်လည်း မိဖုရားခေါင်ကြီးအီလီနာကိုယ်တိုင် သူ့အကိုတော်ကို လုပ်ကြံသည့် တရားခံကို ၇အောင်ဖော်ထုတ်ပေးဖို့ပြောထားသဖြင့် မင်းကြီးက သားတော် စိတ်တိုင်းကျသာ စီမံစေသည်။

 

ဟီဒယ်သည် မယ်မယ့်ကို တွေ့သည်နှင့် အောင့်ထားသည့် မျက်ရည်တို့သွန်ချပြီး မယ်မယ့်ရင်ခွင်တွင် တကယ့်မိန်းမငယ်လေးလို ရှိုက်ကြီးတငင်ငိုပစ်လိုက်သည်။ အ၇ီးတော် အီလီနာက နံဘေးမှကြည့်ကာ မျက်ရည်ကျ နေသည်ကို အားမနာနိုင်ပဲ ခမည်းတော်ကို တတပြီး ငိုပစ်လိုက်သည်။

 

“မယ်မယ်…မယ်မယ်…သမီးတော်.. တာဝန်မကျေခဲ့ဘူး။ သမီးတော် တာဝန်မကျေခဲ့ဘူး။ သမီးတော်ကြောင့် လျူထီးနန်းကို စွန့်လွှတ်ရတယ်။ အခု အဆိပ်နဲ့လုပ်ကြံခံရတယ်… သမီးတော် အသုံးမကျလို့…”

 

တထန်မိဖုရားကြီး အီလီနာသည် တူမတော်၏ ရင်ထုမနာစကားကြောင့် မျက်နှာပူပြီး သနားလွန်းလို့ ဘာလုပ်ပေး ရမှန်းမသိအောင်ဖြစ်မိသည်။ လျူမိဖုရားကြီးက ယောင်းမတော်ကို အားနာပြီး သမီးတော်ကို ဖက်ကာ နှစ်သိမ့်လိုက်သည်။
 

“သမီးတော်ရဲ့အပြစ်မဟုတ်ပါဘူး။ အကြောင်းတရားက ဆိုက်ရောက်လာပြီဆို ဘာနဲ့မှရှောင်လွဲလို့မရတော့ဘူး။ ပြီးတော့ အခု လုပ်ကြံသူတွေက ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုတော့ ဒီမှာ မဟုတ်ဘူး။ လျူနေပြည်တော်မှာဆိုလည်း လုပ်ကြံခံရမှာပါပဲ… သမီးတော် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် မထားပါနဲ့ကွယ်…”
 

ဟီဒယ်သည် မယ်မယ့်စကားကို နားလည်သော်လည်း မိမိကြောင့်သာ မဟုတ်လျှင် ဟု စွဲနေပြီး ဖြည်မဆည်နိုင်အောင်ဖြစ် နေမိသည်။ မီဒယ်နှင့် ၀ူမင်းသားလည်းရောက်လာသဖြင့် ဈာပနာကို ကျင်းပရန် ရက်သတ်မှတ်လိုက်ပြီး တထန်မင်းကြီးက ဘုရင်တပါး၏ ဂုဏ်နှင့်အညီ သဂြိုလ်ရန် အမိန့်ထုတ်ပြန်လိုက်သည်။ ဈာပနာတလျှောက်လုံး ဟီဒယ်အနားတွင် ထန်လိုခိ လိုလေသေးမရှိ ဖေးမပေးသော်လည်း ဟီဒယ်က အကိုတော်ကို အထိပင်မခံပေ။ အခုဖြစ်သမျှ အကိုတော်ကြောင့်ဆိုပြီး အကိုတော်ကို ခါးသီးနေသည်။ ထန်လိုခိသည် ဟီဒယ် ဘယ်လိုပစ်ပစ်ခါခါ ဆက်ဆံပါစေ တစ်စက်လေးမှ မျက်နှာမပျက်၊ မငြိုင်သဖြင့် တထန် နန်းတော်တစ်ခုလုံးက လက်မြှောက်ရတော့သည်။

 

ခမည်းတော်၏ အသုဘတွင် ဆူမီရာနှင့် ချူလူလူလည်းမလာနိုင်သဖြင့် ဟီဒယ် အားငယ်နေသော်လည်း အကိုတော်၏ မျက်နှာကိုမြင်တိုင်း ဒေါသထွက်ရသဖြင့် အားငယ်စိတ်က အနည်းငယ်ထွက်ပေါက်ရနေသလို ခံစားလိုက်ရသည်။ ဟီဒယ်၏ အမုန်းအားလုံး၊ ဒေါသအားလုံး အကိုတော့်အပေါ်ကို ဖောက်ခွဲနေမိသည်။ တထန်မင်းကြီးသည် ဈာပနပြီးသည်နှင့် ကြေငြာချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။

 

“တူမတော် ဟီဒယ်ကို သားတော် အိမ်ရှေ့စံနှင့် လက်ထပ်ထိန်းမြားစေ….မင်္ဂလာပွဲကို တစ်လအတွင်း ကျင်းပစေ… အမိန့်မနာခံသူကို ချက်ချင်းကွပ်မျက်စေ… အမိန့်တော်…”

 

ထိုအမိန့်တော် ထွက်လာတော့ ဟီဒယ်က ဒေါသထွက်လွန်းလို့ အမိန့်ကိုဆန့်ကျင်ရန်ကြိုးစားသော်လည်း မယ်တော်က အတင်းတားထားသဖြင့် နူတ်ခမ်းကိုဖိကိုက်မိလို့ နူတ်ခမ်းထောင့်မှ သွေးစီးကျလာခဲ့သည်။ လျူမိဖုရားကြီးသည် လက်ရှိအခြေနေအရ လူဆိုးအဖြစ်ခံပြီး အမိန့်ကိုထုတ်ပြန်ပေးသည့် မတ်တော်မောင်ကိုပင် ကျေးဇူးတင်မိသည်။

 

သမီးတော်၏ စိတ်အခြေနေက ဒီအတိုင်းလွှတ်ပေးလျှင် ပိုဆိုးလာနိုင်ဖြင့် ယောင်းမတော် အီလီနာက မိမိကို ခွင့်တောင်းပြီး မင်းကြီးကို အမိန့်ထုတ်ပြန်ခိုင်းသည်ကို ဟီဒယ် မသိသဖြင့် ဒေါသအကြီးကျယ်ထွက်နေမိသည်။ ခမည်းတော် ဈာပနာ မြေကျလို့ တစ်လအကြာလက်ထပ်ရမည်ဆိုသည့် အတွက် အရမ်းကို ဒေါသထွက်နေသည်။ ပြီးတော့ မိမိကို ယခုလို အတင်းအကျပ် အမိန့်ဖြင့် လက်ထပ်ခိုင်းသည်ကို မငြင်းဆန်ပဲ လက်ခံသည့် အကိုတော်ကိုလည်း မုန်းသွားမိသည်။ ဟီဒယ် ဘယ်လိုပဲ မုန်းသည်ဖြစ်စေ အမိန့်တော်ကိုလိုက်နာရတော့မည်။

 

------------------------------

ချူလူလူသည် နောင်တော်တိုလုအီ၏အမိန့်နှင့် စစ်တပ်ကိုပြင်ပြီး အရှေ့မြောက်ဘက်ကျွန်းစုများဘက်ကို ထွက်လာခဲ့သည်။ ရုမာသီသည် ချူလူလူ၏တက်ကြွသည့် မျက်နှာလေးကိုကြည့်ပြီး သက်ပြင်းချမိသည်။ အနားကိုသွားဖို့ကလည်း အကြံပေးအရာရှိ တိုလုအီ၏ မလိုလားသည့်အကြည့်ကြောင့် အနားကိုသိပ်မသွားချင်ပေ။ အထူးသဖြင့် ချူလူလူ အလေးနက်ထားသည့်လူရောက်လာပြီဖြစ်လို့ ရုမာသီ မနှောက်ယှက်ချင်သဖြင့် အဝေးမှသာ အရိပ်တကြည့်ကြည့်နှင့် နေလိုက်တော့သည်။ အချစ်ဆိုတာ အနားမှာသွားမှ၊ တပူးတွဲတွဲနေမှ ချစ်သည်မဟုတ်ပေ။ ဟိုးအရင်တုန်းကလို အဝေးကနေပြီး ချူလူလူကို မိမိချစ်လို့ဖြစ်နေသဖြင့် အရမ်းကြီးဝမ်းပန်းတနည်းတော့ မဖြစ်မိပါ။ ဘယ်နေရာကဖြစ်ဖြစ် ချစ်နေဖို့ပဲလိုသည်ဟု မိမိခံယူထားသည်။
 

“ရုမာသီ… ဘာထူးသေးလဲ…”

 

ချူလူလူအနားတွင် ၀င်ထိုင်ရင်း မေးလိုက်သည်။ ပင်လယ်ပြင်သည် မငြိမ်စဖူးလေငြိမ်နေခဲ့သည်။ တကိုယ်လုံး ချွေးပြိုက်ပြိုက်ကျသဖြင့် အပေါ်ဝတ်ရုံကိုဖယ်ရှားထားပြီး ကိုယ်ကျပ်လက်ပြတ်လေးသာဝတ်ထားသဖြင့် ကျစ်လစ်သည့် လက်မောင်းတို့တွင် ချွေးစို့နေသည်ကို အထင်းသားမြင်နေရသည်။ ရုမာသီသည် ၀င်းကာစိုသောအသားရေရှင်ကို တချက်ကြည့်ကာ မိမိရေဘူးကို ကမ်းပေးရင်းပြောလိုက်သည်။ အပြင်ပမ်းတွင် ဘယ်လိုမှမဖြစ်သလို တည်ငြိမ်နေပေမယ့် ရင်ထဲမှာ နှလုံးခုန်သံတို့ နှစ်ဆမြန်လာခဲ့သည်ကို မိမိအသိဆုံးဖြစ်သည်။
 

“ဘာမှမထူးသေးဘူး။ အင်း…. သူတို့ဘက်က မဟုတ်တာ တခုခုလုပ်ထားတာသေချာတယ်။ ဘာကြောင့်လဲဆိုတော့ ခါတိုင်း ရှုပ်ယှက်ခတ်နေတဲ့ ဆိပ်ကမ်းကလူရှင်းနေတယ်။ ဒါ ပုံမှန်မဟုတ်ဘူး။ ”

 

ချူလူလူသည် ရုမာသီကမ်းပေးသည့် ရေဗူးကိုမြင်မှ မိမိရေငတ်နေသည်ကိုသတိရကာ မော့သောက်လိုက်သည်။ ရေစက်တချို့ မေးစေ့ကိုဖြတ်ကာ ရင်ဘတ်ပေါ်ကို စီးကျကုန်သည်အထိ အငမ်းမရသောက်လိုက်မိသည်။ တနေကုန် အပေါ်မှာနောင်တော်နှင့် ဆွေးနွေးပြီးနောက် ခေါင်းခြောက်နေခဲ့ပြီး ဆင်းလာခဲ့ရာ ရေမသောက်ဖြစ်သည်ကို ခုမှ သတိရမိသည်။ ရာသီဥတုကလည်း အရမ်းကိုပူလွန်းလှသည်။ ချူလူလူသည် နူတ်ခမ်းကို လက်ခုံနှင့်သုတ်ကာ ရေဗူးကို ပြန်ပေးရင်း ပြောလိုက်သည်။
 

“ရာသီဥတုက အရမ်းပူတာပဲ… ကျေးဇူးပဲ ရုမာသီ။ စစ်ဗျူဟာအကြောင်း ဆွေးနွေးနေတာ ရေသောက်ဖို့တောင် မေ့နေတာ။”

 

ရုမာသီသည် လည်ပင်းမှာ ရေစက်တချို့စီးကျနေဆဲ ချူလူလူကိုငေးကြည့်ရင်း ရေဗူးကို ပြန်သိမ်းကာ အေးအေးသက်သာပြောလိုက်သည်။
 

“ကနေ့ည မုန်တိုင်းတိုက်လိမ့်မယ်….ဒါကြောင့် အရမ်းပူနေတာ…. မုန်တိုင်းတိုက်ချိန် ကျွန်းပေါ်ကို ၀င်စီးနိုင်ရင် နန်ကျောင်ရေတပ်သာ ရောက်ခဲ့ရင် ဆီးကြိုပြီးတိုက်နိုင်ပြီ…”

 

ချူလူလူသည် ရုမာသီ၏ စကားကြောင့် မျက်လုံးများတောက်ပြောင်သွားခဲ့သည်။ ဒီအကြောင်းကို နောင်တော့်ကိုပြေးပြောရန် ထိုင်ရာမှ ထလိုက်ပြီးနောက် ရုမာသီ၏ လက်ကို ဆွဲယူကာပြောလိုက်သည်။
 

“ဒီအကြောင်းကို နောင်တော့်ကို သွားပြောရအောင်။ နောင်တော်က မုန်တိုင်းတိုက်မှာကို မသိသေးဘူး…. ”

 

ရုမာသီသည် ချူလူလူ၏ လက်နှင့်ထိမိလိုက်စဉ် လျှပ်စီးကြောင်း စီးဝင်သွားသလို ခံစားလိုက်ရသည်။ သက်ပြင်းကို မသိမသာချကာ ပြောလိုက်သည်။
 

“မင်းသွားပြောလိုက်ရင် ရပါပြီ။ ပင်လယ်မျိုးနွယ်က စစ်သူကြီးကိုခေါ်သွားပါ… သူ သေချာရှင်းပြလိမ့်မယ်….”
 

“မဟုတ်ဘူး။ မင်းရဲ့ အကြံ။ မင်းသေချာရှင်းပြသင့်တယ်…လာပါ…”

 

ချူလူလူက ရုမာသီကို အတင်းခေါ်ကာ နောင်တော် တိုလုအီထံကို လာခဲ့သည်။

တိုလုအီသည် ရုမာသီ၏ လက်ကိုဆွဲကာ မိမိထံလာနေသည့် ချူလူလူကိုကြည့်ပြီးရင်ထဲပူသွားသည်။ သို့သော် ပညာရှိအမျက် အပြင်မထွက်အောင် ထိန်းထားသဖြင့် လည်ပင်းထဲ တစ်ဆို့ဆို့ခံစားနေရသည်။ မိမိချစ်သည့် ကောင်လေးကျွန်းသားဘုရင်လေးလက်ကို ဆွဲခေါ်လာသည့် မြင်ကွင်းက ဒီနှစ်ခံရအဆိုးဆုံး မြင်ကွင်းတစ်ခုဖြစ်နေသည်။ ဖွင့်ပြောလျှင်လည်း ယောကျာ်းလေးခြင်း လက်ဆွဲတာကို ပြောသည်ဆိုပြီး သဘောထားသေးသည့် အကောင်ဖြစ်ရအုံးမည်။ ပြီးတော့ မိမိကို အမြင်တမျိုးနှင့်ကြည့်မည့် ချူလူလူ၏အကြည့်ကိုလည်း မခံနိုင်ပေ။
 

“နောင်တော်… ကနေ့ည ကျွန်းပေါ်ဝင်တိုက်လို့ရပြီဗျ…. ကနေ့ည မုန်တိုင်းကျမယ်တဲ့…..ရုမာသီကပြောတယ်….”

 

ထိုအခါ တိုလုအီအနားတွင်ရပ်နေသည့် ပင်လယ်မျိုးနွယ်စစ်သူကြီးက ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။
 

“ကျွန်တော်လည်း အထဲမှာချည်းရောက်နေလို့ သတိမထားမိလိုက်တာ။ ဟုတ်ပါတယ် အမတ်ကြီး၊ မုန်တိုင်းက ညသန်းခေါင်မှာ တိုက်ခတ်ပါလိမ့်မယ်….”

 

တိုလုအီသည် ရုမာသီ၏ ရာသီဥတုခန့်မှန်းနိုင်သည့်အပေါ်ကို ချီးကျူးမိသည်။ ဒါကြောင့် စစ်သူကြီးများကို ပြန်ခေါ်ပြီး ည မုန်တိုင်းလာသည့်အချိန် ကျွန်းကို ၀င်စီးနိုင်ရင် အရေးပေါ်ဗျူဟာချမှတ်လိုက်သည်။ ထိုအချိန်တွင် နန်ကျောင်မှာလာသည့် စစ်သဘောင်္က တရွေ့ရွေ့နှင့် ကျွန်းဘက်ကိုချည်းကပ်လာခဲ့သည်။

 

အာနန်တပ်နှင့် ၀ိဇယတပ်အားလုံး ခပ်လှမ်းလှမ်းမှ ကျွန်းများကြားပုန်းခိုပြီး အချိန်ကိုစောင့်နေကြသည်။ မုန်တိုင်းများကြား လျှပ်တပြက် ၀င်တိုက်ရမည်ဖြစ်လို့ အန္တာရာယ်များသည်ဖြစ်သော်လည်း အင်မတန် သတိကြိးသည့် ကျွန်းသားများကို အငိုက်မိအောင်ဖမ်းပြီး တိုက်လျှင်အောင်မြင်ဖို့ရာခိုင်နှုန်းအများဆုံးဖြစ်သဖြင့် ထိုအချိန်ကို အလစ်ဝင်တိုက်ရန် ဆုံးဖြတ် လိုက်သည်။ တိုလုအီသည် ချူလူလူကို မိမိအနားတွင်နေစေချင်သော်လည်း ချူလူလူက စစ်ပွဲထဲဝင်တိုက်ရန် ပူဆာသဖြင့် မလွဲသာပဲ ခွင့်ပြုလိုက်ရသည်။ မုန်တိုင်းနှင့်အတူ တိုက်ပွဲ၏အရိပ်ငွေ့လည်း တဖြည်းဖြည်းနီးကပ်လာခဲ့သည်။

 

-------------------------------------

ယွမ်ချူးခန်သည် ဆူမီရာနှင့်အတူတူ နန်းတော်ကိုပြန်ရောက်တော့ အတွင်းဝန်ကြီးက နန်းတော်ဝအထိလာမျှော်နေသဖြင့် ယွမ်ချူးခန် ရင်ထိတ်သွားသည်။ ခမည်းတော်တခုခုဖြစ်ပြီဟုတွေးမိကာ မြင်းပေါ်မှခုန်ဆင်းပြီးမေးလိုက်သည်။

 

“ခမည်းတော် ဘာဖြစ်တာလဲ အတွင်းဝန်ကြီး…”
 

“အရှင်မင်းကြီး အသည်းသန်ဖြစ်လို့ပါ အရှင့်သား..ကျွန်တော်မျိုးအခုလေးတင် ခြေမြန်တော်လွှတ်တော့မလို့

အရှင့်သားပြန်ရောက်လာတာပါ…”

 

ယွမ်ချူးခန်သည် ဆူမီရာ၏လက်ကိုဆုပ်ကိုင်ကာ ပြောလိုက်သည်။
 

“မီရာ ငါ့ခမည်းတော်ကို ကုပေးပါ…”

 

ဆူမီရာသည်လည်း ယွမ်ချူးခန်နှင့်အတူ မင်းကြီးနန်းဆောင်ကိုအပြေးလာခဲ့သည်။ မင်းကြီးနန်းဆောင်တွင် တော်ဝင်သမားတော်ရောက်နေသည်ကို တွေ့သော် ဆူမီရာ အရိုသေပြုပြီး ရောဂါရာဇ၀င်ကို မေးလိုက်သည်။

နန်းတွင်းသမားတော်ကြီးဆီက အဖြစ်ပျက်ကို အကုန်ကြားသိသည်နှင့် သွေးခုန်နှုန်းစမ်းကာ ရွှေအပ်ကိုထုတ်ပြီး မင်းကြီး၏ နဖူးကြောနေရာကို တစ်ချက်စိုက်မည်အပြု တော်ဝင်သမားတော်ကြီးက အလန့်တကြား တားလိုက်သည်။
 

“အရှင့်သား…..နဖူးက အကြောကို အပ်စိုက်တာ မင်းကြီးခံနိုင်ရည်မရှိမှာ စိုးရွံ့မိပါတယ်…”
 

“ဆူမီရာရဲ့ ဆေးပညာကို ငါကိုယ်တော်ယုံကြည်တယ်…. ”

 

ယွမ်ချူးခန်က ပိတ်ပြောလိုက်သဖြင့် ဆူမီရာ သက်ပြင်းရှိုက်ကာ အသေးဆုံးရွှေအပ်ဖြင့် လိုတိုးပိုလျော့ ခပ်ဆဆ အပ်စိုက်ပေးလိုက်သည်။ ပထမ စိုက်လိုက်သည်နှင့် မင်းကြီး၏ ကိုယ်တဆတ်ဆတ်တုန်လာပြီး ချွေးစေးများ ပြိုက်ပြိုက်နေအောင် ကျလာခဲ့သည်။ နောက် လျှော့လိုက်သည်နှင့် မင်းကြီး၏ မျက်နှာ ဖြူယော်သွားသည်။ ဆူမီရာသည် လက်ကောက်ဝတ်သွေးကြောကို စမ်းထားရင်း နောက်ထပ် အနည်းငယ်ထပ်တိုးလိုက်သည်။ ဖြူယော်သည့် မျက်နှာ နီရဲကာ ချွေးထွက်လာပြန်သည်။ သွေးတိုးနှုန်းမြန်လာသည်ကို တခဏထားကာ အပ်ကို ပြန်လျော့လိုက်သည်။ ထို့နောက် သွေးခုန်နှုန်းကို မှတ်ပြီး အချိန်ကိုက် နောက်ထပ်တစ်ခါ ထပ်ပြီး တိုးလိုက်ပြန်သည်။ နောက်ဆုံးအပ်ကို နုတ်လိုက်ပြီးနောက် သက်ပြင်းရှိုက်လိုက်သည်။

 

သမားတော်ကြီးသည် ငွေတောင်မင်းသားလေး၏ ထူးခြာသော အပ်စိုက်ဟန်ကို မမှိတ်မသုန်စိုက်ကြည့်ကာ ရင်တမမဖြစ်နေသည်။ မင်းကြီးနတ်ရွာစံလျှင် ကုသပေးသည့် သမားတော်နှင့် တဆွေတမျိုးလုံး ကွပ်မျက်ခံရသည် ဖြစ်သောကြောင့် မိမိခေါင်းပြတ်မည့်အရေးကို တုန်လှုပ်နေသည်။ ဆူမီရာသည် အပ်ကိုသိမ်းလိုက်ပြီးနောက် တော်ဝင်သမားတော်ကြီးကို မေးလိုက်သည်။
 

“သမားတော်ကြီး မင်းကြီးရဲ့ဆေးထဲမှာ ဂျင်ဆင်းနီိကို ထည့်ပေးထားသေးလား…”
 

“ထည့်ထားပါတယ်… ဂျင်ဆင်းနီက သွေးလှည့်ပတ်မှုကိုပိုကောင်းပြီး မင်းကြီးရဲ့ အစာချေလမ်းကြောင်းကို ပိုကောင်းစေပါတယ်…”

 

ဆူမီရာသက်ပြင်းရှိုက်ကာ တော်ဝင်သမားတော်ကြီးကို ရှင်းပြလိုက်သည်။
 

“မင်းကြီးရဲ့ ကိုယ်အပူချိန်က အထဲမှာအောင်းနေလို့ အပူကြောင့် အသည်းရဲ့လုပ်ဆောင်ချက် ကမောက်ကမဖြစ်သွားတယ်။ ဒါကြောင့် မင်းကြီးစားသောက်သမျှကို အစာကောင်းကောင်း မချေနိုင်လို့ ကျောက်ကပ်က နှစ်ဆအလုပ်လုပ်ရပြီး ကျောက်ကပ်လည်း ပျက်စီးစပြုလာတာပါ….ဒါကြောင့် မင်းကြီးကို ကုရင် အပူကဲတဲ့ ဂျင်ဆင်းနီအစား ရေဂျင်ဆင်းကို ထည့်ပြီး ကုသပေးရပါတယ်….”

 

တော်ဝင်သမားတော်သည် သက်တန့်တောင်သမားတော်၏ တပည့်ဖြစ်သည့် ဆူမီရာကို အရွယ်ငယ်သဖြင့် မလေးစားချင်သော်လည်း ဆေးဝါးများအကြောင်းနှံ့နှံ့စပ်စပ် ပြောပြနိုင်ပြီး မင်းကြီး၏ အပူလွန်ကဲမှုကို အဆင်အမြင့်ဆုံး အပ်စိုက်ကုသမှုဖြင့်ကုသသည်ကို မြင်ပြီးနောက်  လေးလေးစားစားဖြင့် လက်ခံနားထောင်ကြတော့သည်။ ယွမ်ချူးခန်သည် ချက်ချင်း မင်းကြီးအတွက် ဆေးကိုပြင်ဆင်စေသည်။ တော်ဝင်သမားတော်ကြီးများလုပ်သဖြင့် မိမိခမည်းတော် ရောဂါပိုဆိုးလာသည်ကို သိသော် မျက်နှာတင်းမာလာခဲ့သည်။ ဆူမီရာက ယွမ်ချူးခန်ကို ဆွဲခေါ်လာပြီး နှစ်သိမ့်လိုက်သည်။
 

“သမားတော်အကုန်လုံး ဒီလိုလွဲမှားပြီး ကုသမိတာလေးတွေတော့ရှိတယ် ချူးခန်။ ငါတောင် ထန်ဖိုးဖိုးဆီက ပညာကို သင်ခွင့်ရလို့ ဒါတွေသိနေတာ။ သူတို့အပြစ်လည်း မဟုတ်ပါဘူး။ အခု မင်းကြီးရဲ့ ကိုယ်အပူချိန်ကို ငါလျော့ပေးလိုက်ပါပြီ။ သူတို့ကိုခွင့်လွှတ်ပေးပါကွာ….”
 

“ခမည်းတော်ကို မင်းပျောက်အောင် ကုပေးနိုင်မလား…”
 

“အင်း…ကြာတော့ကြာမယ်။ မင်းကြီးရဲ့ ရောဂါက ရင့်နေပြီဆိုတော့ ငါချက်ချင်းတော့ ပျောက်အောင် မကုနိုင်ဘူး ချူးခန်…. ငါ ဆေးညွှန်းနဲ့ ကုသနည်းကို တော်ဝင်သမားတော်တွေကို သေချာပြပေးခဲ့ပါမယ်….”

 

ဆူမီရာသည် ယွမ်ချူးခန်ကို တောင်းပန်ဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ နောင်တော်နှင့်အတူ မိမိ ငွေတောင်ပြည်ကို ပြန်လိုက်သွားတော့မည်ဖြစ်သဖြင့် ယွမ်ချူးခန်၏ တောင်းဆိုမှုကို လက်မခံနိုင်သည်ကို အားနာနေမိသည်။ ယွမ်ချူးခန်သည် ဆူမီရာ၏ လက်ကို ဆုပ်ကိုင်ကာ ၀မ်းနည်းစိတ်တို့လျှံတက်လာသော်လည်း စိတ်ကို တင်းကာ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီးပြောလိုက်သည်။
 

“အင်း… အဲ့လောက်လုပ်ပေးရင်ကို ကျေးဇူးတင်ပါတယ်ကွာ…သမားတော်ကြီးတို့ မနက်ဖြန်ကစပြီး မင်းသားဆူမီရာဆီမှာ မင်းကြီးအတွက် ကုသနည်းနဲ့ဆေးနည်းကို အသေးစိတ်သင်ယူစေ….”

 

တော်ဝင်သမားတော်အဖွဲ့က ထိုအခါမှအသက်၀၀ ရှုရဲတော့သည်။ နဖူးမှ ချွေးကို မသုတ်အားပဲ မင်းသားကို အကြိမ်ကြိမ်ဦးညွတ်နေမိသည်။
 

“အတွင်းဝန်ကြီး…. မယ်မယ့်ကို ဒီအကြောင်း မသိပါစေနဲ့။ မယ်မယ်သိရင် စိတ်ပူနေလိမ့်မယ်…”
 

“မိဖုရားခေါင်ကြီး သိသွားကြောင်းပါ… ”
 

“ဘာ…ဘယ်သူက အသိပေးလိုက်တာလဲ…”
 

“မင်းကြီးရောဂါဖောက်နေတုန်း မိဖုရားကြီး ရုတ်တရက်ရောက်လာလို့ ကျွန်တော်မျိုးတို့ အချိန်မှီမတားဆီးနိုင်လိုက်တာပါ အရှင့်သား….”

 

အတွင်းဝန်ကြီး၏ စကားကိုကြားသော် ဆူမီရာ အရီးတော်အတွက် စိတ်ပူသွားခဲ့ပြီး ယွမ်ချူးခန်နှင့်အတူ အရီးတော် အဆောင်ကို ပြန်ပြေးလာခဲ့သည်။
 

“မယ်မယ်….”
 

“သားတော်…. ပြန်လာပြီလား…”
 

“မယ်မယ်… ခမည်းတော်ရဲ့ အခြေနေကို သားတော်ဖုံးထားတာက …..”
 

“မယ်မယ် သိပြီးပါပြီ။ မင်းရဲ့ခမည်းတော်အမိန့်ကြောင့်ဆိုတာ မင်းရဲ့ခမည်းတော် ပြောပြပါတယ်….”

 

ဆူမီရာသည် အရီးတော်၏သွေးခုန်နှုန်းကို တိုင်းတာပြီးနောက် အံ့အားသင့်သွားသည်။ အရီးတော်၏ သွေးခုန်နှုန်းကငြိမ်နေသဖြင့် စိတ်အေးသွားခဲ့သည်။
 

“အရီးတော်ရဲ့ သွေးခုန်နှုန်းငြိမ်တယ်။ တော်သေးတယ်။ ကျွန်တော်က စိုးရိမ်သွားခဲ့တာ”
 

“မစိုးရိမ်ပါနဲ့။ တခုခုအရေးကြောင်းကြုံရင် စိတ်အေးအေးထားတတ်တာ ဟိုးအရင်က ရှိခဲ့ဖူးတဲ့ အကျင့်ဆိုတော့ အရီးတော် မင်းကြီးရဲ့ ရောဂါကို သိလို့ စိတ်မကောင်းပေမယ့် တုန်လှုပ်ပြီး ခြေမကိုင်မိ လက်မကိုင်မိတော့ မဖြစ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တူတော်မောင်ကိုယ်တိုင်ရှိနေလို့အရီးတော် စိတ်အေးနေနိုင်တာပေါ့….”

 

ဟော်သွန်းက အေးချမ်းစွာပြောလို်က်သည်ကို ကြားသော် ဆူမီရာ စိတ်အေးသွားခဲ့သည်။ ယွမ်ချူးခန်သည် မယ်မယ့်ရှေ့တွင် ဒူးထောက်ထိုင်ကာ မယ်မယ့်ရင်ခွင်ထဲ ကလေးလိုတိုးဝင်ပြီး ပြောလိုက်သည်။
 

“တော်သေးတယ်။ ကျွန်တော်မှာ မယ်မယ်ရှိသေးလို့…. ခမည်းတော် အခုလို အသည်းသန်ဖြစ်တော့

ကျွန်တော်အရမ်းစိုးရိမ်သွားတယ် မယ်မယ်။ ကြောက်လည်း ကြောက်သွားတယ်….”

 

ဟော်သွန်းသည် သားတော်၏ ဆံပင်ကို သပ်သင်ပေးရင်း ပြောလိုက်သည်။
 

“မယ်မယ်ရှိပါတယ် သားတော်ရယ်… မယ်မယ်ရှိပါတယ်….”

 

ယွမ်ချူးခန်၏ မျက်လုံးထဲမှ မျက်ရည်များ အလိုလျောက်ထွက်လာခဲ့သည်။ ဆူမီရာသည် သားအမိနှစ်ယောက်ကို ငေးကြည့်ကာ စိတ်မကောင်းဖြစ်နေမိသည်။ နောင်တော် လာခေါ်လျှင် အရီးတော် ဘယ်လိုလုပ်မည်ကို တွေးကာ ရင်မောသွာသည်။ တကယ်တော့ နောင်တော်လာခေါ်တာကို အရီးတော်ငြင်းလိုက်သည်ကို ဆူမီရာ မသိသေးပေ။

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet