စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (35)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (35)

 

“သူတို့ကြောက်လန့်ပြီး စစ်တပ်ကို ပြင်ဆင်နေပြီ အရှင့်သား…”

 

“ဒီသတင်းကို အာနန်ပြည်ရောက်အောင် ဖြန့်လိုက်… ပြီးရင် ဘာဆက်ဖြစ်လာမယ်ဆိုတာ ကြည့်ကြတာပေါ့.. မေ၀ါးကို သတိထား။ သူ့ကို ထွက်မပြေးသွားစေနဲ့..”

 

ကီလာတိုင်သည် သက်တော်စောင့်၏စကားကိုကြားသော်ကျေနပ်အားရသွားခဲ့သည်။ မိမိဆင်သည့် အကွက်ထဲ တန်းခနဲပါလာသည့် ရှောင်ဖုန်း၏အသုံးဝင်မှုကိုကျေနပ်နေမိသည်။ မကြာခင် ဘာဆက်ဖြစ်မည်ကို တွက်ဆကာ ပြုံးနေလိုက်သည်။ တည်ငြိမ်နေသည့် အခြေနေတစ်ခုကို လှုပ်ခါဖို့က လွယ်ပါသည်။ ချက်ကောင်းကို ကိုင်မိဖို့ပဲလိုသည်။ မိမိကိုယ်တိုင် အပင်ပန်းခံစရာမလိုပဲ သူတို့ကို အချင်းချင်းတေ့ပေးရုံသာလိုအပ်သည်။

 

ကီလာတိုင်သည် အခန်းထဲမှ ထွက်လာသည့် ဆူမီရာကြောင့် အတွေးစကိုဖျောက်ကာ မေးလိုက်သည်။


“ဆူမီရာ.. မေ၀ါးဘယ်လိုနေသေးလဲ..”
 

“အဆိပ်တွေ ကုန်သွားပြီ။ ဒါပေမယ့် သူ နှစ်ရက်တိတိ အိပ်ပျော်နေဦးမယ်။ သူ့သွေးကြောတွေ ပုံမှန်ပြန်ဖြစ်ဖို့ အိပ်ဆေးပေးထားလိုက်တယ်။ အပြင်က အခြေအနေက ဘယ်လိုလဲ..”
 

“အင်း.. ဒီတိုင်းပြည်က အသိဥာဏ်တိမ်ပြီး မိုက်ရူးရဲဆန်တယ် ထင်တယ်။ အာနန်ပြည်လုပ်တယ် ထင်ပြီး စစ်ပြင်နေတယ်…”
 

“ဘာ.. ဒါဆိုငါတို့မင်းသားရှောင်ဖုန်းလုပ်တာကို မင်းကြီးသိအောင်လုပ်ရမယ်… ငါတို့ နန်းတော်ထဲကို သွားလျှောက်တင်ကြရအောင်..”
 

ဆူမီရာသည် အာနန်ပြည်လုပ်သည်ဆိုသည့် စကားကိုကြားရုံနှင့် နန်းတော်ထဲဝင်ကာ လျှောက်တင်မည် တကဲကဲလုပ်နေသဖြင့် ကီလာတိုင်တားလိုက်သည်။

 

“နေဦး…ဒါဆို စားသောက်ဆိုင်မီးလောင်က ငါတို့လုပ်တယ် ထင်ကုန်မှာပေါ့..”
 

“ဘာ…စားသောက်ဆိုင်မီးလောင်သွားတာလား”
 

“အေး..မနေ့က ငါတို့ကပ်လွှတ်ခဲ့တာ။ မင်းသားရှောင်ဖုန်းကို မုန်းတဲ့သူလုပ်တာဖြစ်မယ်။ ငါဆို ဒီမြို့က အမြန်ထွက်သွားမှဖြစ်မယ်။ အခုပိုက်စိပ်တိုက်ရှာနေပြီ။ တည်းခိုခန်းတွေကိုလာစစ်တော့မယ်တဲ့ကွ..”
 

“ဒါဆို ငါတို့မြို့ပြင်ကိုအရင်ထွက်ကြတာပေါ့…”

 

ဆူမီရာသည် မေ၀ါးပြန်လည်ဖမ်းမိသွားမည်ကိုစိုးရိမ်ပြီး ချက်ချင်းပင် မြို့ထဲမှထွက်ရန်ကီလာတိုင်ကို ပြောလိုက်သည်။ ဒါကလည်း ကီလာတိုင်ဖြစ်စေချင်သည့် ပုံစံပဲဖြစ်သည်။ ဆူမီရာ နန်းတော်ထဲဝင်သွားလျှင် မိမိကြံထားသမျှ အလကားဖြစ်သွားပေလိမ့်မည်။ ဒီလိုအခြေနေဖြစ်အောင် အစကတည်းက ကြိုတင်ကြံထားရသည်မဟုတ်လား။

 

ဂိတ်အ၀တွင် ရဲမတ်များက ရထားလုံးကို တားကာ အားလုံးကို ဆင်းစေသည်။ ဆူမီရာ ပြာသွားတော့သည်။


“ဟိတ်.. ရပ်စမ်း.. ရထားတဲ့က လူတွေ အားလုံးအပြင်ထွက်စမ်း…”
 

“ဘယ်လိုလုပ်မလဲ..သူတို့မေ၀ါးကိုလိုက်ရှာနေတယ်ထင်တယ်.”
 

“ဖောက်ထွက်မယ်..မင်းမေ၀ါးကိုသေချာ ဂရုစိုက်ထား။ ရထားကို တရကြမ်းမောင်းပြီးဖောက်ထွက်ခိုင်းမယ်…”

 

“ဖောက်ထွက်မယ်..”

 

ကီလာတိုင်၏ အမိန့်သံအဆုံး ရထားမောင်းသူက မြင်းတွေကို ကြာပွတ်နှင့်ရိုက်လိုက်သည်။ ရဲမတ်များက မြင်းကန်ခံရမည် စိုးသဖြင့် ဖရိုဖရဲနှင့်ေ၇ှာင်လိုက်စဉ် မြို့ပြင်ကို ထွက်လာခဲ့သည်။ သို့သော် အနောက်မှ တပ်စိတ်တစ်စိပ်က လိုက်လာသဖြင့် ကီလာတိုင်၏ ကိုယ်ရံတော်များက ဟန့်တားထားကြသည်။

 

နောက်ဆုံး ရဲမတ်များကို မျက်ခြေဖြတ်ထားနိုင်ပြီးနောက် ကီလာတိုင်က ရထားကိုရပ်ခိုင်းလိုက်သည်။ ပြီးတော့ ဆူမီရာကိုပြောလိုက်သည်။
 

“မေ၀ါးကို ငါတို့နဲ့အတူခေါ်သွားလို့မဖြစ်ဘူးထင်တယ် ဆူမီရာ.. သူ့ကို တနေရာမှာ သက်သာအောင် နားခိုင်းမှဖြစ်မယ်..မကြာခင် ငါတို့နောက်ကို မင်းသားရှောင်ဖုန်းရဲ့ တပ်တွေ လိုက်လာတော့မယ်။ မင်းနဲ့ငါတို့ ဒီတိုင်းပြည်က လွတ်အောင်ပြေးမှဖြစ်မယ်..”
 

“ငါတို့ မေ၀ါးကိုကူညီမယ်လို့ ကတိပေးထားတယ်လေ..”
 

“ဟုတ်တယ်။ ငါတို့ ခရီးကပြန်လာရင် မေ၀ါးလည်းသက်သာလောက်ပြီ။ ပြီးရင် ရှောင်ဖုန်းတို့လည်း သွေးအေးသွားလောက်ပြီ။ အဲ့ခါမှ မင်းရဲ့ ခမည်းတော်တို့ကို ပြောပြပြီး ဖြေရှင်းရမယ်.. ငါတို့အဆင့်နဲ့ဖြေရှင်းလို့မရလောက်ဘူး။”

 

“အင်း..ဒါဆို မေ၀ါးကို ငွေတောင်ပြည်ကို ပို့လိုက်တာ ကောင်းမယ်ထင်တယ်.. မယ်မယ့်ကို ငါစာရေးပေးလိုက်မယ်။ မယ်မယ် သေချာစောင့်ရှောက်ပေးထားမှာပါ..”

 

ကီလာတိုင်ပြောသည့်နည်းက မေ၀ါးအတွက် အကောင်းဆုံးဖြစ်နေသဖြင့် မယ်မယ့်ကို စာတစ်စောင်ရေးပေးပြီး မေ၀ါးကို ရဲမတ်များနှင့်ငွေတောင်ပြည်ကို စေလွှတ်လိုက်သည်။ လက်စွပ်ကိုတော့ နောင်တော့်ကိုပေးရမည်ဖြစ်လို့ ဆူမီရာသိမ်းထား

လိုက်သည်။

--------------------------------

ချူလူလူသည် မယ်မယ့်ကို ကာကွယ်နိုင်ရန် မိမိတွင် အာဏာရှိမှဖြစ်သည်ကို သိသဖြင့် ချူနိုင်ငံကိုစွန့်ခွာပြီး နောင်တော် တင်ဂီရိ၏ တပ်ထဲကိုဝင်ခဲ့သည်။ ပင်လယ်ဖိုးဖိုးလည်း မိမိလိုက်လာသဖြင့် ကျေနပ်ဝမ်းမြောက်သည်ကိုတွေ့သဖြင့် ချူလူလူ အထူးဝမ်းသာမိသည်။ အထူးသဖြင့် မယ်မယ်ကလည်း မိမိကို အနှိမ်ခံဘ၀ဖြင့် ချူနန်းတွင်းတွင်မနေစေချင်တော့ပေ။ ယခုလို နောင်တော် တင်ဂီရိနှင့် ပင်လယ်ဖိုးဖိုးတို့ကိုယ်တိုင်လာသည့်အချိန်တွင် အချိန်ကိုက်ပြီး ချူလူလူတောင်းဆိုလိုက်သဖြင့် ခမည်းတော်က မလွဲသာပဲခွင့်ပေးလိုက်ခြင်းဖြစ်သည်။ နောင်တော်နှစ်ဦး၏ မျက်နှာများ ဟန်မဆောင်နိုင်စွာပျက်ယွင်းသည်ကို ကြည့်ကာ ချူလူလူအားရလွန်းလှသည်။

 

ခမည်းတော်ကအလွယ်တကူနှင့်ခွင့်ြ့ပုခဲ့သည်တော့မဟုတ်ပါ။ ငယ်သေးသည်။ အာနန်မင်းသားကို အနှောက်ယှက်မဖြစ်စေချင် သောကြောင့် နောက်နှစ်နှစ်မှ လွှတ်ပါရစေဟု အချိန်ဆွဲသော်လည်း နောင်တော်၏ စကားတခွန်းတည်းနှင့် ခမည်းတော် မတားဝံ့ပဲ လွှတ်ပေးလိုက်ခြင်းဖြစသည်။ ချူလူလူသည် ပင်လယ်ဖိုးဖိုး အုပ်ချုပ်သည့် ရေတပ်ဖြင့် အာနန်ပြည်ကို ခရီးနှင်ခဲ့သည်။ ပင်လယ်ထဲရွက်လွှင့်ခဲ့ပြီး ငါးရက်အကြာ မုန်တိုင်းနှင့်တိုးတော့သည်။ ပင်လယ်ခရီးကို တခါမှမထွက်ဖူးသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးမှောင်မည်းလာပြီး လှိုင်းလုံးများက သင်္ဘောကိုမှောက်ပစ်ရန် အလုအယက်ကြိုးစားနေကြသည်။

 

“မြေးလေး..လူလူ.. လာခဲ့။ ဖိုးဖိုးလက်ကိုကိုင်ထား..ပဲ့ခန်းကိုသွားမယ်။”

 

ရုတ်တရက် သင်္ဘောဝမ်းဗိုက်အခန်းထဲသို့ ဖိုးဖိုးရောက်လာပြီး ချူလူလူကိုခေါ်သဖြင့် ကြောက်စိတ်ပြေသွာပြီး ချက်ချင်း လက်ကိုဆုပ်ကိုင်ကာ လူးလိမ့်နေသည့် သင်္ဘောပေါ်ကိုတက်လာခဲ့သည်။ မိမိမှာလူငယ်ဖြစ်သော်လည်း အလဲလဲအပြိုပြိုနှင့် ဖိုးဖိုးလက်ကို ဆုပ်ကိုင်အားပြုကာ မနည်းလိုက်လာခဲ့ရပေမယ့် ဖိုးဖိုးက မြေပြင်ပေါ်လှမ်းလျှောက်နေသူလို ခြေမြဲမြဲနှင့် လူးလိမ့်နေသည့် သင်္ဘောတွင် လျှောက်နေသည့်ပုံက ချူလူလူကို အားကျစိတ်ပေါ်လာစေမိသည်။

 

ကုန်းပတ်ပေါ်ကိုရောက်တော့ လေက ပိန်ပါးသည့် ချူလူလူကို လွှင့်ပါသွားမတတ်တိုက်ခတ်နေသည်။ သင်္ဘောပေါ်တွင် ရေတပ်သားများ တည်တည်ငြိမ်ငြိမ်နှင့် ရွက်ကိုလိပ်တင်ကာ ကျောက်ဆူးချနေပြီး သူ့အလုပ်နှင့်သူရှုပ်နေကြသည်။ ဖိုးဖိုးက ချူလူလူကို သင်္ဘောတစ်စင်းကိုထိန်းချုပ်သည့်ပဲ့ခန်းတွင် ချူလူလူကို ထိုင်စေပြီး ပဲ့ထိန်းနေသည့် တပ်မှုးကို အခြေနေမေးလိုက်သည်။
 

“မုန်တိုင်းအခြေနေ ဘယ်လိုလဲဟေ့…”
 

“နာရီသုံးမောင်းလောက်ကြာနိုင်ပါတယ် အကြီးကဲခင်ဗျာ..”
 

“အေး..ကျောက်ဆူးအားလုံးချထားပြီမလား။ လှိုင်းကို ကန့်လန့်မဖြစ်အောင် ပဲ့ကိုထိန်းပေး။ တိုက်လာတဲ့လေကြောင်းနဲ့ ရေစီးကြောင်းကို အလိုက်သင့်စုန်လိုက်။ ဒါဆို မုန်တိုင်းက တို့ကိုဘာမှမလုပ်နိုင်တော့ဘူး။”
 

ဖိုးဖိုး၏ အမိန့်အတိုင်း တပ်မှုးလေးက ပဲ့ကို ရေစီးနှင့် မျှောလိုက်သည်။ ထိုအခါမှ သင်္ဘောကို လှိုင်းများဝင်ဆောင့်သည့် ဒဏ်မှ ကင်းသွားခဲ့သည်။ ဖိုးဖိုးသည် ချူလူလူ၏ အနားတွင်လာထိုင်ပြီး ပြုံးကာ မေးလိုက်သည်။ နေလောင်ဒဏ်ခံထားရသည့် ဖိုးဖိုး၏ မျက်နှာသည် ကြံ့ခိုင်ကာ မြင်ရသူကို အားကိုးယုံကြည်စိတ်ကိုဖြစ်စေသည်။

 

“ကြောက်နေလား မြေးလေး..”
 

“မကြောက်ပါဘူး ဖိုးဖိုး။ မုန်တိုင်းကို မတွေ့ဖူးလို့ နည်းနည်းလန့်သွားတာပါ။ ဒါပေမယ့် ရေတပ်သားတွေရဲ့အရည်ချင်းကို တွေ့တော့ စိတ်ချသွားပါပြီ။”

 

ပင်လယ်ဖိုးဖိုးက ချူလူလူ၏စကားကိုကြားသော် သဘောကျစွာရယ်မောလိုက်သည်။ ဖိုးဖိုး၏ အသံသည် ကြံ့ခိုင်သည့် ကိုယ်လုံးအတိုင်းပင် ကျယ်လောင်လှသည်။ စိတ်ရင်းကိုလှိုက်လှဲစွာဖော်ပြသည့် ရယ်ပုံဖြစ်သဖြင့် ချူနန်းတွင်းမှစိတ်ရင်းမပါ ဟန်ဆောင်ရယ်ပြုံးခြင်းကိုသာ တွေ့ဖူးသည့် ချူလူလူအတွက် လိုက်ပြီးပြုံးလိုက်မိသည်။
 

“တော်သေးတယ်။ ဖိုးဖိုးက မြေးလေးရဲ့ပုံကိုကြည့်ပြီး ပင်လယ်မျိုးနွယ်စုရဲ့သွေး ကောသွားပြီမှတ်တာ။ ဘုရားမလို့။ ငါ့မြေးကို ပင်လယ်ပျော်သူရဲကောင်းဖြစ်အောင် ဖိုးဖိုးလေ့ကျင့်ပေးမယ်။ မင်းမယ်မယ် ဂုဏ်ယူရတဲ့ သားမျိုးဖြစ်စေရမယ်။ မင်း အပင်ပန်းတော့ ခံနိုင်ရမယ် ငါ့မြေး။ ”
 

“စိတ်ချပါ ဖိုးဖိုး။ ကျွန်တော်ဘယ်လောက်ပင်ပန်းပါစေ လေ့ကျင့်ပါ့မယ်.”

 

“အင်း.. မင်းဟိုရောက်ရင် ကုလန်ရဲ့ စစ်ရေးလေ့ကျင့်ရေးကိုတက်ရလိမ့်မယ်။ အဲ့ဒီစခန်းက လေ့ကျင့်မှုကို ကျော်ဖြတ်နိုင်ရင် မင်းက တကယ့်ယောကျာ်းကြီးဖြစ်ပြီ။ ရေကြောင်းပညာနဲ့ပတ်သတ်ပြီး ဖိုးဖိုးက မြေးကို ကိုယ်တိုင်သင်ပေးမယ်..”

 

“အဲ့လောက် ခက်ခဲလို့လားဖိုးဖိုးရယ်။ ”
 

“တောင်ပိုင်းနဲ့ အရှေ့ပိုင်းတိုင်းပြည်တွေမှာ ကုလန်ရဲ့ စစ်သည်တော်တွေကို ယှဉ်နိုင်သူမရှိတာ အဲ့ဒါကြောင့်ပဲ။

ခုပုံစံအတိုင်းဆိုရင် နောက်သုံးနှစ်ဆိုရင် အာနန်ပြည်က နန်ကျောင်ပြည်ထက်ကို အင်အားကြီးသွားနိုင်တယ်။ ”

 

“စိတ်ချပါ ဖိုးဖိုး၊ကျွန်တော် မယ်မယ်နဲ့ ဖိုးဖိုးတို့ကို မျက်နှာမပျက်စေရပါဘူး။”

 

ချူလူလူသည် ဖိုးဖိုး၏ လက်ကိုဆုပ်ကိုင်ကာ ကတိပေးလိုက်သည်။ ဖိုးဖိုးသည် ချူလူလူ၏စကားကြောင့် တောက်ပစွာပြုံးကာခေါင်းငြိမ့်လိုက်သည်။ မိမိကို ယုံကြည်သည့်လူရှိတာ အင်မတန်ကိုကောင်းသည့်ခံစားချက်ဖြစ်သည်။ အထူးသဖြင့် မိမိသွေးရင်းသားရင်း၏ ယုံကြည့်ချက်က သွေးကြောထဲ အားအင်များစီးဝင်လာစေအောင်ကို စွမ်းလှသည်ကို ယခင်က မသိခဲ့သည်ကို အံ့သြနေမိသည်။ ဖိုးဖိုက မိမိ၏ သွေးရင်းဖိုးဖိုးဖြစ်သည်။ မိမိသည် ပင်လယ်လူမျိုး၊ ပင်လယ်လူမျိုး၏ သွေးတို့စီးဆင်းနေသည့် လူတစ်ယောက်။ ထိုအတွေးနှင့်ပင် ပင်လယ်သည် ချစ်စရာဖြစ်သွားခဲသည်။ မုန်တိုင်းသည်လည်း ရင်ခုန်စရာကစားနည်းတစ်ခုဖြစ်သွားခဲ့သည်။

 

-------------------------

 

တိုလုအီသည် ချူလူလူတို့နှင့်လမ်းခွဲပြီးနောက် မိမိတိုင်းပြည်ကိုပြန်လာခဲ့သည်။ ခမည်းတော်သည်လည်း ယခုအခါ နောင်တော်များထက် မိမိကို ဦးစားပေးခဲ့လေပြီ။ ကုန်သွယ်ရေးလမ်းကြောင်းသစ်ကိုရှာပေးနိုင်ပြီး တိုင်းပြည်ဘဏ္ဍာတိုး အောင်လည်း လုပ်ထားပေးနိုင်သည်။ အထူးသဖြင့် အာနန်ပြည်ရေတပ်၏ အစောင့်အရှောက်ဖြင့်ဖြင့် တောင်ပိုင်းပင်လယ်မှာ တိုင်းပြည်များသို့ ကုန်သွယ်မှုကိုဆောင်ရွက်နိုင်သဖြင့် မိမိတို့ လုတိုင်းပြည်သည်လည်း ကြွယ်ဝလာခဲ့သည်။ တိုလုအီက မိမိတို့စစ်တပ်ကို လက်နက်အသစ်များထပ်မံပြုလုပ်ရန် လျှောက်ထားအောင်မြင်ခဲ့သည်။ ယခုဆိုလျှင် လုတိုင်းပြည်စစ်တပ်၏ စစ်ရေးစွမ်းရည်ကို တိုးမြှင့်နိုင်သည့်အပြင် လက်နက်အသစ်များတပ်ဆင်ထားနိုင်သဖြင့် ကျေနပ်နေမိသည်။

 

နန်းတွင်းတွင်လည်း မိမိ၏သြဇာအာဏာလည်းကြီးမားလာခဲ့သည်။ တိုလုအီသည် လုနန်းတွင်းတွင် နေရသည်ကို ငြီးငွေ့လာခဲ့သည်။ ထို့ကြောင့် ခမည်းတော်ကို လျှောက်တင်ကာ ပတ်ဝန်းကျင်တိုင်းပြည်ကို သံတမန်အနေဖြင့် လှည့်လည်ခွင့်ပြုရန် ပန်ကြားလိုက်သည်။ ယခုအချိန်တွင် ရွှေလမ်းငွေလမ်းကိုခိုင်မြဲအောင်လုပ်ထားချိန်ဖြစ်သည်။ မကြာခင် မြောက်ပိုင်းမှ ရန်သူများဝင်လာနိုင်သည်။ နန်းတွင်းထဲမှ ရှေးရိုးစွဲ အမတ်များက ကန့်ကွက်သော်လည်း တိုလုအီက ခမည်းတော်ကို နားဝင်အောင်ပြောနိုင်ခဲ့သည်။ ဒါကြောင့် အနောက်ပိုင်းမှ ၀ူတိုင်းပြည်ကို သံတမန်ခရီးစီစဉ်နိုင်ခဲ့သည်။


“လုတိုင်းပြည်မှ သံတမန်အဖွဲ့ကို မင်းကြီးကိုယ်စား ၀မ်းမြောက်စွာကြိုဆိုပါတယ်..ကျွန်တော်က ဂျူဒါအမ်းမင်းသာပါ။ လုသံတမန်အဖွဲ့ကိုလာကြိုတာပါခင်ဗျာ..”

 

“ကျွန်တော်က သံတမန်အဖွဲ့ကို ဦးဆောင်လာတဲ့ တိုလုအီပါ။ ၀ူတိုင်းပြည်ရဲ့ ကြိုဆိုမှုကို ကျေးဇူးတင်ပါတယ်ခင်ဗျာ…”

 

တိုလုအီသည် ဂျူဒါအမ်းကို ငွေတောင်ပြည်မှာမြင်ဖူးသော်လည်း သံတမန်အရေးအခင်းဖြစ်သောကြောင့် အစဉ်အလာအတိုင်း ပြောဆိုနူတ်ဆက်လိုက်သည်။ ဂျူဒါအမ်းမင်းသားက တိုလုအီကို ကောင်းစွာသိရှိဟန်ဖြင့်ကြည့်ကာ အထူးဧည့်သည်များကို ထားသည့် အဆောင်ကိုခေါ်ဆောင်လာခဲ့သည်။


“သံတမန်အဖွဲ့လည်းခရီးပန်းလာကြလို့ အရင်နားနေကြပါဦး။ ညနေစောင်းရင် ညနေစာနဲ့ တည်ခင်းဧည့်ခံဖို့ ကျွန်တော်ပြန်လာခေါ်ပါ့မယ်..”
 

“ကောင်းပါပြီ ခင်ဗျာ..”

 

ဂျူဒါအမ်းမင်းသားသည် လုတိုင်းပြည်သံတမန်များကို အရိုသေပြုကာ လှည့်ထွက်လာခဲ့သည်။ စိတ်ထဲတွင်တော့ ဘာများ တောင်းဆိုစရာရှိလို့ လာတာလဲဟု တွေးနေမိသည်။ လုတိုင်းပြည်သည် ကုန်သွယ်ရေးဖြင့် ကြွယ်ဝချမ်းသာလာပြီး လတ်တလောပိုင်းမှ စစ်တပ်ကိုလက်နက်ဖြင့် ထပ်မံဖြည့်တင်းသည့် သတင်းကိုကြားကတည်းက မိမိ တခုခုလာတော့မည်ကို ကြိုတွေးထားမိသည်။ ခမည်းတော်ကို ထိုအကြောင်းတင်လျှောက်သော်လည်း ဘာသာရေးနှင့်ပျော်မွေ့သည့် ခမည်းတော်က အလေးမထားပေ။ ဒါကြောင့် မယ်မယ့်ကို လျှောက်တင်တော့ မယ်မယ်က လက်ခံကာ မိမိတို့အတွက် တိုင်းပြည်တခုခုနှင့် မဟာမိတ်ဖွဲ့မှဖြစ်မည်ဟု ပြောခဲ့သည်။ အဖြစ်နိုင်ဆုံးက မိမိနှင့် တိုင်းပြည်တစ်ခုမှ မင်းသမီးလက်ဆက်ကာ အင်အားတိုးချဲ့ဖို့ များသည်ကိုတွေးကာ သက်ပြင်းချမိသည်။ ဒါကြောင့် မည်သည့်မိန်းကလေးကိုမှ မချစ်မိအောင် ဂျူဒါအမ်းထိန်းချုပ်ခဲ့သည် မဟုတ်လား။ ထိုသို့တွေးရင်း ထက်မြက်သည့် မျက်ဝန်းတစ်စုံကို သတိရကာရင်ဘတ်ကို လက်နှင့်အသာလေးဖိလိုက်မိသည်။

 

တိုလုအီသည် ဂုဏ်ပြုညစာစားပွဲတွင် ၀ူတိုင်းပြည်မှ မိန်းမလှလေးများ၏ အကကိုကြည့်ရင်း စိတ်က အခြားကိုလွှင့်ပျံ့နေသည်။ ယခုလိုပွဲမျိုးတွင် ချူလူလူသာပါခဲ့လျှင် သေချာပေါက် စောင်းသံကိုနားဆင်ချင်သည်ဟု ပူဆာက တီးခိုင်းမိမှာသေချာသည်၊ ထိုစဉ် အကအဖွဲ့ထွက်ခွာသွားပြီး မိန်းကလေးတစ်ဦး ဗျပ်စောင်းကိုပွေ့ကာ ထွက်လာသည်ကိုတွေ့တော့ သတိဝင်လာခဲ့သည်။
 

“၀ူတိုင်းပြည်မှ စောင်းသံနဲ့ ဧည့်သည်တော်များကို တီးခတ်ဖျော်ဖြေပါ့မယ် ”

 

သွယ်လျလျနှင့် ဖြူဖျော့ဖျော့မိန်းကလေးက စောင်းကိုစတင်တီးခတ်လိုက်တော့ တိုလုအီ၏ စိတ်အစဉ်က ကျောင်းတော်ဆီကို အလိုလိုရောက်သွားခဲ့သည်။ ချူလူလူ၏ လက်ရာကိုမမှီသော်လည်း နားထောင်ကောင်းသဖြင့် သီချင်းပြီးသော် စိတ်ပါလက်ပါ လက်ခုပ်တီးလိုက်သည်။ တိုလုအီ၏ လက်ခုပ်သံကြောင့် စောင်းတီးသည့် မိန်းကလေးက ရှက်သွေးဖြန်းကာ ခေါင်းလေး ညွတ်ပြီး အရိုသေပေးခဲ့သည်။ အားငယ်သည့် မျက်ဝန်းလေးက မိမိအားပေးမှုကြောင့် တလက်လက် တောက်ပသွားသည်ကို တွေ့တော့ တိုလုအီ သနားစိတ်ဝင်လာပြီး မိမိ၏ ခါးမှ အလှတပ်ထားသည် ကျောက်စိမ်းပြားကိုဖြုတ်ကာ ဆုချီးမြှင့်စေခဲ့သည်။
 

“မိန်းကလေးရဲ့ စောင်းသံကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ဆောင်လေးပေးလိုက်ပါရစေ. ကျေးဇူးပြုပြီးလက်ခံပေးပါ…”
 

“ကျေးဇူးတင်ပါတယ် အရှင့်သား”

 

မိန်းကလေးသည် တိုလုအီပေးသည့်ကျောက်စိမ်းပြားကို တရိုတသေလက်ခံကာ အရိုအသေပြုပြီးထွက်ခွာသွားခဲ့သည်။ ထို့နောက် ၀ူစစ်သည်တော်များ၏ အကအလှကိုဆက်လက်ရှုစားရင်း မိန်းကလေးကို မေ့သွားခဲ့လေပြီ။

သို့သော် ဂျူဒါအမ်းသည် ပွဲမှ မသိမသာထသွားကာ ညီမဖြစ်သူနောက်ကိုလိုက်ခဲ့သည်။
 

“ဂျူရိဖန်း… ဘာကြောင့် စောင်းထွက်တီးရတာလဲ။ မယ်မယ်ကြားရင် နင် အပြစ်ပေးခံရလိမ့်မယ်..”
 

“ဘာဖြစ်လို့လဲ။ ညီမလေးလည်း တိုင်းပြည်တာဝန်ကို တတပ်တအားပါဝင်ကူညီနေတာလေ။ အခုဆိုကြည့်။ လုတိုင်းပြည်က မင်းသားက ညီမလေးရဲ့ စောင်းသံကိုသဘောကျသွားပြီ။ နောက်ခါ အကိုတို့ တိုင်းပြည်ရေးဆွေးနွေးတော့ လွယ်ကူသွားတာပေါ့…”
 

“အရူးမ။ နင့်ကို ဟိုက အပြစ်တင်မှာ ငါကစိုးရိမ်နေတာ။ ဗျပ်စောင်းသခင် ချူလူလူရဲ့လက်သံကို တသက်လုံးနားထောင်လာတဲ့သူက နင့်လို အပျော်တမ်းလက်သံကို လက်ခံပေးတယ်ဆိုတာ လူမှုရေးအရမို့ဟ။ နောက်ခါ သူတို့ရှေ့ စောင်းလုံးဝမတီးနဲ့..”
 

“အကိုတော်.. အကိုက ညီမကိုဆို အရမ်းကိုချိုးဖဲ့တာပဲ။ ညီမရဲ့လက်သံက နန်းတော်ထဲမှာအကောင်းဆုံးပဲဆိုတာ မသိဘူးလား။”
 

“အင်း… ငါတို့ ၀ူနန်းတော်ထဲမှာ အကောင်းဆုံးဆိုတာ အတိုင်းတိုင်းအပြည်ပြည်မှာအကောင်းဆုံးဖြစ်တဲ့ ချူလူလူရဲ့ လက်သံနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ…”
 

“အဲ့ဒီ ချူလူလူက ဘယ်လောက် တော်လို့ချီးမွမ်းခန်းဖွင့်နေတာလဲ။ ကြည့်ထား။ အဲ့ချူလူလူကို ညီမရအောင်ရှာပြီး ဗျပ်စောင်းပြိုင်ပြီးတီးပြမယ်…”

 

“အေး..အေး.. ချူလူလူနဲ့တွေ့မှ တီးဟုတ်ပြီလား။ အခု လုသံတမန်တွေရှေ့ နောက်ထပ်မတီးနဲ့တော့… ”

 

ဂျူဒါအမ်းသည် စိတ်ရှုပ်စွာဖြင့် ပွဲခင်းကိုပြန်လာခဲ့သည်။ ဒီညီမလေးက ခမည်းတော် အလိုလိုက်လွန်းလို့ ဆိုးနေသည်။ သူကြောက်တာဆိုလို့ မယ်မယ်တယောက်တည်းရှိသည်။ မိမိကိုဆို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင်မထင်ပါ။ တိုလုအီ၏ မျက်လုံးထဲ မိမိညီမ၏ ဗျပ်စောင်းသံမတိုးသည်ကိုသိသည်။ အဘယ့်ကြောင့်ဆိုသော် ချူလူလူ၏ လက်သံကို မိမိလည်း သဘောကျကာ နားထောင်ခဲ့ဖူးလို့သိနေခြင်းဖြစ်သည်။ ခုနက ညီမလေးရဲ့ လက်သံကိုနားထောင်ရင်း မျက်နှာပေါ်တွင် လွမ်းဆွတ်သည့် အရိပ်ဖြတ်သန်းသွားတာကို တွေ့လိုက်ရသဖြင့် ချူလူလူကို သတိရသွားသည်ကို သိပါသည်။ ပြီးတော့ မိမိညီမကို ကျောက်စိမ်းပြားချီးမြှင့်သည်ကလည်း အားပေးသည့်အနေဖြင့် ဆုချသည်ကိုလည်းသိတော့ ဂျူဒါအမ်း အနည်းငယ်တော့ မခံချင်ဖြစ်မိသည်။

 

တိုလုအီသည် မိမိတို့အဆောင်ကိုပြန်ရောက်တော့ ညတော်တော်နှင့်အိပ်မပျော်ပေ။ ချူလူလူ အဆင်ပြေပါ့မလားကိုတွေးကာ စိတ်ပူနေမိသည်။ မကြာခင် ကြမ်းတမ်းပြင်းထန်သည့် တင်ဂီရိ၏ စစ်ေ၇းလေ့ကျင့်သည့် စခန်းတွင် ချူလူလူဝင်ရတော့မည်။ အသားတွေမည်းကာ ပိန်သွားမည်ကို သိသည်။ နေရောင်ကြောင့် အသားတွေကြမ်းထော်ကုန်မည်။ သူနှစ်သက်သည့်စောင်းကို မတီးခတ်နိုင်အောင်ကို ခြေပစ်လက်ပစ်အိပ်မောကျသွားလိမ့်မည်။ သို့သော်ပင်ပန်းလို့ ပြန်ပြေးမည့်သူမဟုတ်သည်ကိုတော့ ကောင်းကောင်းသိသည်။
 

“ကြိုးစားထား ချူလူလူရေ။ မင်းအတွက် နောင်တော်လည်း ကြိုးစားနေတယ်။ မင်းရဲ့ အသုံးမကျတဲ့တိုင်းပြည်ကို တနေ့မင်းဆီ လက်ဆောင်ပေးနို်င်ဖို့နောင်တော်ကြိုးစားနေတယ်ကွ…”

 

----------------------------------

 

ထန်နန်းတော်အတွင်းတွင် ထန်လိုခိမင်းသားနှင့် ထန်မင်းကြီးက ခေါင်းချင်းဆိုင်ကာ တိုင်ပင်နေကြသည်။
 

“သားတော်ရဲ့လူတွေ အားလုံးဖြန့်ထားလိုက်ပြီလား။”
 

“ဖြန့်ပြီးပါပြီ ခမည်းတော်။ ဘာမှမပူပါနဲ့။ ရေကာတာကျိုးပေါက်တုန်းက လူလိုတာနဲ့ သားတော်ရဲ့ လူတွေ အတော်များများကို ထည့်သွင်းထားလိုက်တာ အခုဆို ရေကာတာက အမြဲတမ်းတပ်သားတွေဖြစ်နေပါပြီ။ ပြီးတော့ လျံတိုင်းပြည်ရဲ့ တပ်တိုင်းမှာ သားတော်ရဲ့ တပ်သားတွေက လေ့ကျင့်ပေးနေတာဆိုတော့ တပ်သားသစ်တိုင်းက သားတော်ရဲ့လူတွေဖြစ်နေပါပြီ။”
 

“အင်း.. မကြာခင် ထန်နဲ့ လျံတိုင်းပြည်ကိုပူးပေါင်းနိုင်ပြိး တိုင်းပြည်တစ်ခုတည်းအဖြစ် ထူထောင်နိုင်တော့မယ်… လူမျိုးနဲ့ယဉ်ကျေးမှုတူပြီး တိုင်းပြည်နှစ်ခုကွဲနေတာ အလကားဖြစ်တယ်။ ပြီးတော့ ယောက်ဖတော် လျံမင်းကြီးက ပျော့ညံ့လွန်းတယ်။ ”
 

“ခမည်းတော်ဘုရား.. သားတော်ကို လျံတိုင်းပြည်ကို ပေါင်းစည်းမယ့်အစီစဉ်ကို ဦးဆောင်ခွင့်ပြုတော်မူပါ.. ခမည်းတော်ဖြစ်စေချင်တဲ့အတိုင်း ရအောင်လုပ်ပေးပါ့မယ်.”

 

ထန်မင်းကြီးသည် သားတော်ထန်လိုခိကို ပြုံးကြည့်ကာ မေးလိုက်သည်။
 

“သားတော်က ဟီဒယ်တို့မိသားစုကို ခမည်းတော်သုတ်သင်ပစ်မှာစိုး၇ိမ်နေလို့လား…”
 

“ဟုတ်ပါတယ်။ ခမည်းတော်မလုပ်ဘူးဆိုရင်တောင် အခြား အမတ်တွေရဲ့စကားကြောင့် ထန်တိုင်းပြည်ရဲ့ ဥပဒေအတိုင်း ကျွန်ပြုမှာစိုးလို့ပါ။”
 

“သူတို့ဘက်ကသာ အသာတကြည် နန်းအပ်ရင် ခမည်းတော် ဒီလိုဘယ်ရက်စက်ပါ့မလဲ။ ပြန်ပြီးတိုက်ခိုက်တယ်ဆိုရင်တော့ ခမည်းတော်မညှာနိုင်ဘူး။”

 

“သူတို့ ပြန်မခုခံနိုင်ပဲ သားတော်ကို နန်းအပ်အောင် ကြံစည်နိုင်ပါတယ် ခမည်းတော်ဘုရား။ ဒါကြောင့် သားတော်ကို ဒီအစီစဉ်ကို ဦးဆောင်ခွင့်ပြုတော်မူပါ..”

 

“ကောင်းပြီ။ သားတော်ရဲ့ အရည်ချင်းကို ခမည်းတော်ယုံကြည်လို့ ဦးဆောင်ခိုင်းလိုက်မယ်။ ဒါပေမယ့် သားတော်ဘက်က အချစ်ကြောင့် အလျော့ပေးလိုက်ရင် ခမည်းတော်ရဲ့ တပ်က အနောက်ကနေ၀င်သိမ်းပြီး ခုခံတဲ့သူအားလုံးကို သတ်ပစ်ရမှာပဲ..”
 

“မဖြစ်စေရပါဘူး ခမည်းတော်ဘုရား..”

 

ထန်လိုခိသည် ခမည်းတော်လွှဲအပ်ပေးသည့် အမိန့်ပြားကို ရတော့မှာ စိတ်အေးသွားခဲ့သည်။ ဟီဒယ်တို့ တိုင်းသူပြည်သားများ၏ အသက်ကို မထိခိုက်စေပဲ တိုင်းပြည်ကိုရအောင်သိမ်းနိုင်မှဖြစ်မည်။ ဒါမှဟီဒယ်က မိမိကို အသာတကြည် လက်ထပ်မည်ဖြစ်သည်။

 

“ဟီဒယ်ရေ.. မင်းကို ပိုင်ဆိုင်ဖို့ ဒါတွေကိုလုပ်နေတာပါ။ မင်းရဲ့တိုင်းပြည်ကို သိမ်းပိုက်တယ်ဆိုပြီး ကိုယ့်ကို မုန်းချင်မုန်းလိမ့်မယ် ဒါပေမယ့် နှစ်နိုင်ငံပေါင်းစည်းပြီးရင် မင်းက ဧကရီဘုရင်မတစ်ပါးဖြစ်စေရမယ်ကွာ။”

 

ထန်လိုခိသည် အမိန့်ပေးကျောက်စိမ်းတံဆိပ်ကို နူတ်ခမ်းနှင့်ထိကပ်ကာ ဟီဒယ်ကို တိုင်တည်လိုက်မိသည်။

 

-------------------------------

 

မေ၀ါးကို ငွေတောင်ပြည်ကိုပို့ပြီးနောက် ကီလာတိုင်နှင့် ဆူမီရာသည် မုတိုင်းပြည်ထဲကိုခရီးဆက်လာခဲ့သည်။ မုတိုင်းပြည်၏ မင်းကြီး မကြာသေးခင်က နတ်ရွာစံသွားသည်ကိုလည်းကြားသည်။ သို့သော် နောက်တက်သည့် မုဘုရင်တိုင်းက ထီးနန်းကို မစံစားနိုင်ပဲ ဘသိတ်ခံသည့်ညမှာပင် တကိုယ်လုံးမည်းနက်ကာ နတ်ရွာစံသွားသည်ကို ကြားလိုက်ရသည်။ အိမ်ရှေ့မင်းသားအပါဝင် နန်းတော်ထဲမှ မင်းသွေးပါသည့် မင်းသားအတော်များများလည်း တညတာ မင်းစည်းစိမ်ကိုခံပြီး အကုန် မည်းနက်ကာသေသွားခဲ့သဖြင့် တိုင်းပြည်ကို အုပ်ချုပ်မည့်သူမရှိပဲ ချောမောလှပသည့် မိဖုရားလေးကသာ ထီးနန်းကို ယာယီအုပ်ချုပ်နေသည်။ သို့သော် မုတိုင်းပြည်က မှုးမတ်များက မင်းသစ်ကို အသည်းအသန်ရှာဖွေပြီး တယောက်ပြီးတယောက် နန်းတင်ပေးနေသည်။ သို့သော် ဆယ်ဦးမြောက် မင်းသစ်သေဆုံးပြီးနောက် မုတိုင်းပြည်တွင် ဘုရင်လုပ်ချင်သည့် သူရဲကောင်း တစ်ယောက်မှမရှိတော့ပေ။
“ထူးဆန်းတယ်ကွ.. ကြားတာကတော့ နတ်ရွာစံမုမင်းကြီးက နဂါးဖြစ်သွားပြီး သူ့မိဖုရားကို သိမ်းပိုက်ပြီး သူ့ထီးနန်းကို အုပ်ချုပ်တဲ့သူကို သတ်ပစ်တယ်ဆိုပဲ…”

 

“ဒီလိုယုံတမ်းစကားမျိုးကို မင်းယုံလို့လား ”

 

ဆူမီရာ၏ စကားကို ကီလာတိုင်က တုန့်ပြန်လိုက်သည်။ ဆူမီရာက စိုက်ကြည့်ကာ မေးလိုက်သည်။
 

“ဒါဆို မင်းက ဘယ်လိုထင်လို့လဲ..”
 

“ရှင်းနေတာပဲကို… ဒီအဖြစ်ပျက်ကို နောက်ကွယ်က ထိန်းချုပ်နေသူရှိတယ်..”
 

“ဟုတ်လား။ ဘယ်သူဖြစ်နိုင်မလဲ..”
 

“အဲ့ဒါတော့ သေချာမသိသေးဘူး။ မိဖုရားလေးနဲ့ပေါင်းကြံတာတော့သေချာတယ်။ ”
 

“မိဖုရားလေးက ဒီလောက်ရက်စက်နိုင်ပါ့မလား။ ငါကြားတာကတော့ အင်မတန်ကိုချောတဲ့မိန်းကလေးတဲ့…နတ်သမီးလေးလို ချောတယ်ဆိုပဲ.. ”
 

“နတ်ဆိုးမ အသည်းနှလုံးနဲ့ မိန်းကလေးတွေကို မင်းမကြုံဖူးဘူးကိုး..။ ခုက သေချာတယ်။ ငါစိတ်ဝင်စားလာပြီ။ ဒီအကြောင်းကိုငါကိုယ်တိုင်စုံစမ်းမယ်..”
 

“မင်းကဘယ်လိုစုံစမ်းမှာလဲ..”
 

“ငါကိုယ်တိုင် မင်းလောင်းလုပ်မယ်လေ။ ဒါမှနန်းတော်ထဲဝင်လို့ရမှာ..”
 

“မင်းမကြောက်ဘူးလား…”
 

“ဘာကြောက်စရာရှိလဲ…ငါ့ကိုယ်ရံတော်တွေပါသားပဲ…”
 

xxxxxxxxxxxxxxxxxx--------------------------------xxxxxxxxxxxxxxx

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet