Chapter - 27

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (27)

ဆူမီရာသည် နောင်တော်နှင့် လိုက်ရသဖြင့် ပျော်နေသည်။ ခရီးစထွက်ကတည်းက နောင်တော်နှင့်အတူမြင်းယှဉ်စီးကာ တက်ကြွစွာ လာခဲ့သည်။ ဒါကလည်း ပထမဆုံးအကြိမ် ငွေတောင်ပြည် မှထွက်ခွာဖူးခြင်းဖြစ်သည်။ သို့သော် ဆူမီရာက ဗဟုသုတ အတော်ကို စုံလင်သည်။ သူ၏ ဦးရီးတော်က ပညာကျောင်းတော်မှ ပညာရှိများပီပီ စာပေများကို အဖတ်များသည်။ ပြီးတော့ စာထဲမှ ဒေသတွေအကြောင်းကို အတော်သိသည်။

ဆူမီရာသည် နောင်တော့်အကြောင်းကို မေးဖို့ ပိုပြီး အားသန်သည်။ အရှေ့ဘက် ပင်လယ်ပြင်မှ ရေတပ်ကို အောင်မြင်စွာ တည်ထောင်နိုင်ပြီး ပင်လယ်ဓါးပြများကို နှိမ်နှင်းနိုင်ကတည်းက စစ်ဘုရင် ကုလန်ဆိုသည့် အမည်ကို ရလာခဲ့ခြင်းဖြစ်သည်။ ဆူမီရာသည် ထိုအကြောင်းကို သတိရသွားပြီး သဘောကျစွာရယ်လိုက်မိသည်။ အာနန်မင်းသား တင်ဂီရိဆိုသည့် အမည်ထက် စစ်ဘုရင် ကုလန် ဆိုသည့် အမည်က ပိုပြီး လိုက်ဖက်သည်ဟုထင်မိသည်။

တင်ဂီရိသည် ဆူမီရာ ရယ်လိုက်သည်ကို တွေ့သော် မေးဟန်ဖြင့်ကြည့်လိုက်သည်။ ဆူမီရာက မိမိကို တောက်ပစွာ စိုက်ကြည့်ကာ ပြုံးရယ်ပြီး ပြောပြခဲ့သည်။

“နောင်တော်က စစ်ဘုရင် ကုလန်ဆိုတဲ့ နာမည်နဲ့ ပိုလိုက်တယ် ဆိုတာ ကျွန်တော်တွေးနေတာ။”

“ဘာလို့လဲကွ။ နောင်တော်ကတော့ မင်းရဲ့ နောင်တော် တင်ဂီရိလို့ပဲ ကိုယ့်ဖာသာ မှတ်ယူထားတယ်”

“ကျွန်တော်လည်း နောင်တော့်ကို အမြဲနောင်တော် တင်ဂီရိလို့ပဲ မြင်တယ်၊ ဒါပေမယ့် စစ်ဘုရင် ကုလန်ဆိုတဲ့ နာမည်က ကြားရသူတိုင်း ကြက်သီးထသွားလောက်အောင်ကို အားမာန်ကြီးတယ်ဗျ…”

“အင်း… ဆူမီရာလေး ကြက်သီးထတယ်ပေါ့ ဟုတ်လား။”

“နောင်တော်က မြင်းနက်ကြီးစီးပြီး နေရောင်အောက် ဘွားခနဲပေါ်လာလိုက်ချိန်ဆို ကျွန်တော် ခြေဆုံးခေါင်းဆုံး ရေခဲမြစ်ထဲ နစ်သွားသလိုခံစားလိုက်ရပြီး ကြက်သီးမွေးညှင်းတွေ ထောင်ထလာတယ်။ ပြီးတော့ သွေးတွေ ထိန်းမရအောင် လှည့်ပတ် လာခဲ့တယ်။ ဒါက င့ါနောင်တော် ဆိုတဲ့အသိက ဘယ်လိုမှန်းမသိဘူး။ ရင်ထဲကို ထူပူသွားတာပဲဗျာ။ ဒါကြောင့် မယ်မယ်ဆူတာ ခံ၇တာ။”

“ဟုတ်လား။ အ၇ီးတော်က ဘာလို့ဆူတာလဲ…”

ဆူမီရာက ပြုံးတုံ့တုံ့လုပ်ပြီး ဖြေသည်။ ထိုစကားကိုကြားသော် တင်ဂီရိ ဘယ်လိုမှ မထိန်းနိုင်တော့ပဲ ဆူမီရာလေးကို လှမ်းကာ ခေါင်းကို ပွတ်လိုက်မိသည်။

“နောင်တော်ကို လူကြီးလို မကြိုပဲ တခါတည်း နောင်တော့်မြင်းပေါ်ခုန်ကူးသွားလို့တဲ့။ ကျွန်တော်လည်း ထိန်းတာပဲ။ နောင်တော့်ကိုမြင်တော့ ပြေးဖက်ချင်ဇောကြီးလွန်းလို့ ဘယ်လိုမှကို မထိန်းနိုင်တော့တာ နောင်တော်ရ။”

“မတွေ့တဲ့ နှစ်နှစ်အတွင်း ဆူမီရာလေး နောင်တော့်ကို စိမ်းသွားပြီထင်နေတာ။ တော်သေးတယ်။ မစိမ်းလို့။ နောင်တော် အကျေနပ်ဆုံး အချက်က ဆူမီရာလေး ခုလိုဟန်မဆောင်ပဲ နေပေးတာပဲ။”

ထိုစကားနှင့်တင် ဆူမီရာ အကျေနပ်ကြီးကျေနပ်သွားတော့သည်။ နောင်တော်နှင့် အတူ ခရီးသွားစဉ်တလျှောက် ဆူမီရာ အတုယူစရာ များစွာတွေ့ခဲ့သည်။ နောင်တော့် တပ်စုက အင်မတန်ကို ၀ီရိယရှိလှသည်။ လမ်းတလျှောက် သတိကြီးပုံ၊ တနေရာတွင် စခန်းချလျှင် အမိန့်ပေးရန်မလိုပဲ နေရာယူကာ အားလုံးအတွက် ရွက်ဖျင်တဲထိုး ၊ ကင်းပုန်းချ သူ့နေရာနှင့်သူ အလိုက်သင့်လုပ်ဆောင်ပြီးဖြစ်သည်။

ငွေတောင်ပြည်မှ လိုက်ပါလာသည့် ကိုယ်ရံတော် အနည်းငယ်က စကားနည်းကာ အလုပ်ကို စနစ်တကျလုပ်တတ်လွန်းသည့် အာနန်စစ်တပ်ကို လန့်နေပုံရသည်။ သူတို့အစွမ်းကိုလေးစားတာလည်း ပါမည်ဟု ဆူမီရာထင်သည်။

“နောင်တော်ထန်လိုခိ ကျွန်တော်တို့လာတာ မသိဘူးထင်တယ်။”

“သိတယ်။ နောင်တော် စာပို့ခို လွှတ်လိုက်တယ်။ နယ်စပ်မှာ သူလာကြိုလိမ့်မယ်။”

“ဘယ်တုန်းက လွှတ်လိုက်တာလဲ။ ကျွန်တော်လည်းမသိဘူး။”

“ဘယ်သိမလဲ။ ဆူမီရာလေးက ပတ်ဝန်းကျင်ကို ငေးနေတာကိုး။ နောင်တော်နဲ့အတူ ပါလာချိန် ကြိုက်သလိုငေးရတယ်။ ဒါပေမယ့် ကိုယ့်ဖာသာ ခရီးသွားရင် အဲ့လောက်မငေးနဲ့။ လမ်းက ဓါးပြတွေရန်၊ အခြားနယ်ခံ မြို့စား၊ နယ်စားဆိုးတွေရန်ကို သတိထား။”

“ဟုတ်ကဲ့ နောင်တော်။”

ဆူမီရာ က နောင်တော် အတည်သတိပေးတော့ လူကြီးလေးလို ရိုရိုသေသေ မှတ်သားရှာသည်။ ဒီပုံလေးကို တွေ့တော့ တင်ဂီရိ မချစ်ပဲမနေနိုင်ပေ။ ဒီကလေး က ချစ်စရာကို ကောင်းလွန်းလှသည်။ မိမိညီလေးသာ ဖြစ်လိုက်ပါတော့…..ဟု တွေးမိပြီးနောက် တင်ဂီရိ မျက်နှာပျက်သွားသည်။ ထို့နောက် မိမိရင်ထဲမှ လှုပ်ရှားတက်လာသည့် စိတ်ရိုင်းကို ဆူမီရာကို မမြင်စေချင်သောကြောင့် ခပ်လှမ်းလှမ်းကိုထွက်လာလိုက်သည်။

ဆူမီရာသည် ပြောဆိုရင်း ရုတ်တရက် နောင်တော် မျက်နှာပျက်ကာ အဝေးကို ထွက်သွားသဖြင့် မိမိကို စိတ်ဆိုးသွားပြီဟု ထင်ကာ ၀မ်းနည်းသွားခဲ့သည်။ မိမိက နောင်တော်ကို အထောက်ကူပေးရန် မည်မျှသင်ကြားခဲ့သော်လည်း တကယ့်တကယ်တွင် နောင်တော့်နားက အနိမ့်ဆုံးရဲမတ်လောက်တောင် အစွမ်းစ မရှိသည်ကိုတွေ့ရတော့ အားလည်းငယ်မိသည်။ ယခုလည်း လမ်းတလျှောက်ငေးခဲ့မိသည်ကို နောင်တော် စိတ်ဆိုးသွားလေပြီ။ နောင်တော်ပြောတာလည်း ဟုတ်သားပဲဟု တွေးကာ ကိုယ့်ဖာသာပဲ အပြစ်တင်နေမိသည်။

ထို့ကြောင့် ဆူမီရာက ခပ်လှမ်းလှမ်းတွင် တိတ်တိတ်လေး သွားထိုင်ကာ လမ်းတလျှောက်မိမိလုပ်ခဲ့မိသည့် အမှားများကို ပြန်သုံးသပ်နေလိုက်သည်။ နောင်တော်ကို နောက်တခါ စိတ်မပျက်စေရဟု တွေးကာ ၀မ်းနည်းသည်ကို ဖယ်ကာ မိမိ လုပ်ရပ်များကို အသေးစိတ်ပြန်စဉ်းစားနေသည်။ ပြီးတော့ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်သည်ကို နောင်တော် သင်ကြားပေးသည်နှင့် ယှဉ်ထိုးကြည့်နေမိသည်။

တင်ဂီရိသည် မေ့ထားမိသည် မယ်မယ်က မွေးသည့် ယွမ်ချူးခန်ဆိုသည့် ခန်မင်းကြီး၏ သားအကြောင်းကိုသတိရကာ စိတ်မထိန်း နိုင်အောင်ဖြစ်ပြီး ဆူမီရာနှင့် ဝေးရာကို ထွက်လာမိသည်။ မိမိနှင့်ဆိုလျှင် ညီတော် တော်စပ်မည့် ခန်မင်းကြီး၏ သွေးသားအကြောင်းကို တွေးမိတိုင်း သွေးပွက်ပွက်ဆူလာသလို ခံစားရသည်။

“မယ်မယ်…. တကယ်လို့ ကျွန်တော် မယ်မယ့်ကို ရအောင် ခေါ်မယ်ဆိုရင် မယ်မယ် သူတို့သားအဖကို ခွဲနိုင်ပါ့မလား။”

တဆယ့်ခုနှစ်နှစ်ရှိခဲ့ပြီ။ ယွမ်ချူးခန်ဆိုသည့် ကောင်လေးက ဆူမီရာနှင့် ရွယ်တူလောက်ဖြစ်နိုင်သည်။ ဒါကြောင့် ဆူမီရာကို ညီတော် ဆိုသည့် စကားနှင့် မခိုင်းနှိုင်းချင်ပါ။ ညီတော်ဆိုသည့် စကားသည် မိမိအတွက် နှစ်လိုဖွယ် စကားတစ်ခွန်းတော့ မဟုတ်ပေ။

“မင်းက ကိုယ့်ဘ၀ထဲ အပြုံးတွေကို ယူလာပေးသူပဲ ဆူမီရာ။ မင်းက ကိုယ့်ရဲ့ အသက်သွေးကြောပဲ။”

တင်ဂီရိ ထိုသို့ရေရွတ်ပြီးနောက် ဆူမီရာ ရှိရာသို့ပြန်လာခဲ့သည်။ ဆူမီရာကို ခပ်လှမ်းလှမ်းတွင် ကျောက်တုံးကြီးပေါ်ထိုင်ကာ ငြိမ်ပြီးတွေးနေသည်ကို တွေ့တော့ မိမိပြောလိုက်လို့ ၀မ်းနည်းသွားသည်ဟု ထင်ကာ သူ့နားကို အသာလာခဲ့စဉ် ဆူမီရာက လှည့်ကြည့်ပြီးပြောလိုက်သည်

“ကျွန်တော် လုပ်ခဲ့တာတွေကို ပြန်သုံးသပ်နေတာပါ နောင်တော်။ နောက်ခါ နောင်တော် စိတ်မပျက်စေရပါဘူး။ ကျွန်တော်က နောင်တော့်ကို အထောက်ကူပေးနိုင်စေရပါ့မယ်။

တင်ဂီရိသည် ထိုစကားကို ကြားရုံမျှနှင့် ဆူမီရာကို ဆွဲထူကာ ရင်ခွင်ထဲ သိမ်းပွေ့ထားလိုက်သည်။ အနက်ရောင်ဝတ်ရုံနှင့်လည်း ဆူမီရာကို ထွေးပွေ့ထားသည်။ လုံးဝကို လုံခြုံသွားသည် အထိ၊ ရင်ခွင်နှင့် အနီးဆုံးနေရာတွင် သူလေးကို ထားထားသည်။ ထို့နောက် ဆူမီရာ၏ နဖူးကို အသာနမ်းကာ ပြောလိုက်သည်။

“ဒီ စိတ်ထားလေးနဲ့တင် ကျေနပ်ပြီ ဆူမီရာ။ နောင်တော့် ဘေးနားမှာသာ နေပါ။ ပန်းခင်းလမ်းကို တည်ဆောက်ပေးပါ့မယ်.”

“ဟင့်အင်း .. နောင်တော် ခင်းထားတဲ့ လမ်းကို အခန့်သား မလျှောက်ချင်ဘူး။ နောင်တော်နဲ့အတူ လမ်းဖောက်တဲ့သူ ဖြစ်ချင်တယ်။ ”

“ကောင်းပြီ။ ဖြစ်စေရမယ်။”

တင်ဂီရိ ဆုံးဖြတ်ချက်ချလိုက်သည်။ ဒီကလေးကို တော်သည်ထက် တော်အောင် ကူညီပေးရမည်။ နောင်တချိန်တွင် မိမိနှင့်အတူ အရှေ့ပိုင်း အင်ပါယာကို အုပ်ချုပ်မည့်သူဖြစ်လို့ သေချာ ပျိုးထောင်ပေးရမည်ဟု တွေးလိုက်သည်။
နှစ်ယောက်သား တရွေ့ရွေ့ခရီးဆက်လာခဲ့ရာ ထန်တိုင်းပြည်နယ်စပ်သို့ရောက်သည်နှင့် ထန်နိုင်ငံ၏ မင်းသား ထန်လိုခိ ကိုယ်တိုင် လာကြိုသည်ကိုတွေ့လိုက်သည်။

“နောင်တော်….”

ထန်လိုခိသည် တင်ဂီရိကို ၀မ်းသာအားရ ပွေ့ဖက်ကာ အနောက်မှ ဆူမီရာကိုလည်း ဖက်လှဲတကင်းနူတ်ဆက်သည်။ ထို့နောက် နောင်တော်၏ တပ်သားများကိုကြည့်ကာ သဘောကျနေသည်။

“နောင်တော်ရဲ့ စစ်တပ်က ပြိုင်စံရှားပဲ။ ရဲမတ်တွေ သိပ်တော်မှာ သေချာတယ်၊ ကျွန်တော်လည်း ကျွန်တော့်ရဲမတ်တွေကို လေ့ကျင့်ပေးထားတယ်။ ”

ထန်လိုခိ လက်ယမ်းပြလိုက်သည်နှင့် ထန်ရဲမတ်များက အားလုံး တပြိုင်တည်း အရိုသေပြုကြသည်။ အားလုံး ထောင်ထောင်မောင်းမောင်းနှင့် တကယ့်စစ်သည်တော်ကောင်းပုံထွက်သည်။ တင်ဂီရိသည် ထိုရဲမတ်များကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ ထန်လိုခိ အတော်ကို ကြိုးစားထားတာ သေချာသည်။ ဘာကြောင့်လဲဆိုတော့ စိတ်ထားပျော့ပျောင်းသည့် သူ့တိုင်းသူပြည်သားထဲမှ လူရွေးကာ ကြံ့ခိုင်အောင် လေ့ကျင့်ပေးထားသည်။ မိမိ၏ မျိုးနွယ်လောက် မမာကျောသော်လည်း လျံတိုင်းပြည်မှ ရဲမတ်များထက် ကြံ့ခိုင်မှာ သေချာသည်။

“မင်းအတော်ကို လေ့ကျင့်ထားတာပဲ။ တိုက်ရည်ခိုက်ရည်ကော ဘယ်လိုလဲ။”

“နောင်တော့် ရဲမတ်တွေကိုတော့ မယှဉ်နိုင်ပေမယ့် ဒီနယ်တကြောမှာ လူတော်တွေပဲ။”

တင်ဂီရိ ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်သည်။ ဒါဆိုလျှင် ထန်လိုခိက မကြာခင် သူ့အကြံကို အကောင်ထည်ဖော်နိုင်တော့မျာ သေချာသည်။

“ပြီးရင်နောင်တော် လျံတိုင်းပြည်ကို သွားဦးမလား။ ”

“တိုလုအီ ဆီလည်းဝင်ရအုံးမယ်။ ”

“ဒီတောင်ရောက်ပြီ နောင်တော်ရယ်။ ဟီဒယ်က လူလွှတ်ပြီးကို ဖိတ်ခိုင်းလိုက်တာ။ ဆူမီရာ ပါလာမယ်ဆိုတာနဲ့ သူလည်း ရောက်လာတော့မယ်။ နေ့လည်ဆို ရောက်ပြီ။”

ဟီဒယ်၏ အသံကိုကြားသည်နှင့် ဆူမီရာ ခေါင်းထောင်လာခဲ့သည်။ နောင်တော် တင်ဂီရိကို အားကိုးတကြီးကြည့်လိုက်တော့ နောင်တော်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည့် စကားကြောင့်ဝမ်းသာသွားခဲ့သည်။

“အင်းလေ… ဒီရောက်မှတော့ သွားလည်ကြတာပေါ့။”

ဆူမီရာလေး၏ မျက်နှာပြုံးသွားသည်ကိုတွေ့တော့ တင်ဂီရိ ပြုံးသွားမိသည်။ ထန်လိုခိသည် နောင်တော် တင်ဂီရိ နှင့် စစ်ရေးအကြောင်းကို ဆက်လက် ပြောရင်း နန်းတော်ကို ခေါ်လာခဲ့သည်။ နန်းတော်တွင် ထန်နိုင်ငံ မင်းကြီးနှင့် မိဖုရားက စောင့်ကြိုနေကြသည်။ သူတိုက အရှေ့ပို်င်း၏ လူငယ်စစ်ဘုရင် ကုလန်ကို တွေ့ချင်နေကြသည်။ ဆူမီရာသည် ဟီဒယ်၏ အရီးတော် မိဖုရားခေါင်ကြီးနှင့် စကားလက်ဆုံကျနေသည်။ အရီးတော်က ဟီဒယ်ကို အတော်လေး ချစ်သည်ကို သိလိုက်သည်။

“နေ့လည် ဟီဒယ်ရောက်မယ် ဆူမီရာလေးရဲ့။ ဟီဒယ်ပြောကတည်းက အရီးတော်က ဆူမီရာလေးကို တွေ့ဖူးချင်နေတာ။ ဟီဒယ်ပြောတာတောင် လိုနေသေးတာပဲ။ ဆူမီရာလေးက တကယ့်ကို ကြင်အင်ကောင်းနဲ့ပြည့်စုံတာပဲကွယ့်….”

အရီးတော် မာလာဒေ၀ီသည် ကြိုဟောကိန်းနှင့်မွေးလာသည့် ငွေတောင်မင်းသားလေး ဆူမီရာကို ချစ်ခင်စွာကြည့်ကာ ပြောလိုက်သည်။ ဆူမီရာလည်း ချီးကျူးစကားကြောင့် မျက်နှာနီကာ နေရခက်နေသည်။ ဟီဒယ် ဘာတွေများပြောထားလဲ မသိဟု တွေးနေမိသည်။ အရီးတော် မာလာဒေ၀ီသည် သားတော်ဖြစ်သူ ထန်လိုခိကို လှမ်းကြည့်ကာ ဆူမီရာလေးကို ပြောလိုက်သည်။

“နေ့လည် ဟီဒယ် လာမယ်ဆိုလို့ သားတော်မှာ နန်းတော်ကို တပတ်လောက်ကတည်းက ကြိုတင်ပြင်ဆင်နေတာလေ…”

ထိုစကားကိုကြားသောအခါ ဆူမီရာ က အနည်းငယ် စနိုးစနောင့်ဖြစ်သွားသည်။ ထို့နောက် နောင်တော် ထန်လိုခိကို ကြည့်ကာ အရီးတော်ကို မေးလိုက်သည်။

“အရီးတော် ဘုရား။ ကျွန်တော် တစ်ခုမေးပါရစေ။ ”

“မေးလေ ဆူမီရာလေး။”

“နောင်တော် ဘာကြောင့် မိဖုရား မထားပဲ ကိုယ်လုပ်တော်ပဲ ထားတာလဲ ဘုရာ့…”

အရီးတော် မာလာဒေ၀ီက ရယ်မောကာ ပြောလိုက်သည်။

“သားတော်က သူငယ်ငယ်ကတည်းက ချစ်ခင်စုံမက်တဲ့ မိန်းကလေးကိုပဲ မိဖုရားအဖြစ်တင်မြှောက်မယ်တဲ့။ ဒါကြောင့် အချောအလှမှန်သမျှကို ကိုယ်လုပ်တော်အဖြစ်ပဲ သိမ်းပိုက်ပြီး မိဖုရားနေရာကို ချန်ထားတာ။”

ဆူမီရာ နှာခေါင်းရှုံ့ချင်စိတ်ကို မနည်းထိန်းထားရသည်။ မည်သည့် မိန်းကလေးကိုမှ မိဖုရားမမြှောက်ပေမယ့် မိန်းမလှလေး တွေကို ကိုယ်လုပ်တော်ထားပြီး စောင့်နေသည်တဲ့။ ဟီဒယ်လာမှ ပြောရအုံးမည်ဟု တွေးထားလိုက်သည်။

နေ့လည် ဟီဒယ်ရောက်လာမှ ဆူမီရာ အဖော်ရတော့သည်။ သူငယ်ချင်း နှစ်ယောက် မတွေ့တာ တစ်နှစ်လောက်ရှိပြီမို့ စကားတွက်ထိုးနေကြသည်။ နောင်တော်တင်ဂီရိနှင့် နောင်တော် ထန်လိုခိလည်း ပူးတွဲကာ စစ်တပ်ကို သွားကြည့်နေကြစဉ် ဟီဒယ်နှင့်ဆူမီရာက နောင်တော့် နန်းတော်ကို လျှောက်ကြည့်ကြသည်။

“ဟီဒယ်ရေ… ကြားပြီးပြီလား။ နောင်တော် ထန်လိုခိက ကိုယ်လုပ်တော် နှစ်ဆယ်တောင်ရှိတယ်ဆိုတာ….”

ဟီဒယ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“မကြားပဲနေမလား။ မိန်းမလှလေး တစ်ယောက်ကိုကိုယ်လုပ်တော်မြှောက်တိုင်း ငါ့ဆီကို စာပို့ခို လွှတ်လွှတ်ပြီး ကြွားနေတဲ့ဟာ။ တချို့က သူသဘောကျလို့ ကိုယ်လုပ်တော်ထားတာ။ တချို့က လက်အောက်ခံ မြို့ရွာတွေက သမီးဆက်သတာ။ ”

“ဘာလို့လဲ။ သူငြင်းလိုက်ရင် ရတဲ့ဟာကို။”

“နိုင်ငံရေးအရ၊ မဟာမိတ်အရ သမီးကညာဆက်သတာကို သူက ငြင်းရင်း စစ်ကြေငြာတဲ့ သဘောသက်ရောက်တယ်လေ။ ဒါကြောင့် သူ့မှ ကိုယ်လုပ်တော် များလာတာ။”

“မိဖုရားတော့ မရှိသေးဘူးဟ။”

“အင်း။ အကိုတော်က သူနန်းတက်မှာ ဆိုလား မိဖုရားခေါင် တခါတည်းတင်မြှောက်မယ်တဲ့။ ဒါကြောင့် သူ့ရဲ့မိဖုရားခေါင်ဖြစ်ဖို့ ကိုယ်လုပ်တော်တွေကြား အပြိုင်ဆိုင်က ပြင်းထန်နေလေရဲ့၊”

ဆူမီရာသည် ဟီဒယ်ကို ကြည့်လိုက်တော့ သူက မည်သည့် အတွေးမှ ၀င်ပုံမရပေ။ ချူလူလူပြောသည့်စကားကို ပြန်ကြားယောင်နေစဉ် အရီးတော် မာလာဒေ၀ီက လာခေါ်သဖြင့် နှစ်ယောက်သား လိုက်သွားကြသည်။ ထန်နိုင်ငံတွင် နေခဲ့စဉ် ထန်ရဲမတ်များက စစ်ပညာကို အတော်ကို လေ့ကျင့်ထားပြီး စစ်တိုက်ဖို့ အသင့်ဖြစ်နေသည့်ပုံစံကိုပင်တွေ့ရသည်။

“နောင်တော် ထန်လိုခိက မကြာခင် ပတ်ဝန်းကျင်ကို သိမ်းပိုက်တိုက်ခိုက်ဖို့စစ်တပ်ပြင်ထားတာ ကျနေတာပဲ။”

ဆူမီရာ၏ စကားကိုကြားသော် ထန်လိုခိက ရယ်မောကာ ပြောလိုက်သည်။

“ဟုတ်တယ်လေ ဆူမီရာရ။ မင်းရဲ့ နောင်တော်က အရှေ့ပိုင်း စစ်ဘုရင်ဖြစ်နေပြီဆိုတော့ နောင်တော်လည်း ဒီအတိုင်းနေလို့ဘယ်ဖြစ်မှာလဲ။ ပြီးတော့ ကိုယ်ချစ်တဲ့သူအတွက် အင်ပါယာတစ်ခု ထူထောင်ပေးရမယ်လေကွာ။”

ဟီဒယ်က ခေါင်းသာယမ်းနေမိသည်။ အကိုတော် ထန်လိုခိကိုတော့ မနိုင်တော့ပေ။ အကိုတော် ထန်လိုခိက ဦးရီးတော် ထန်ဘုရင်၏ သွေးကို ဆက်ခံရလို့ စစ်တိုက်ရတာ ၀ါသနာပါပုံရသည်။ ပြီးတော့ အရီးတော် မာလာဒေ၀ီကလည်း ထက်မြက်သူ ဆိုတော့ ထန်နိုင်ငံကို ချဲ့ထွင်တော့မှာ သေချာသလောက်ရှိသည်၊ မိမိကတော့ လျံတိုင်းပြည်ကို ဒီထက် လုံခြုံအောင်ကာကွယ် ထားဖို့ပဲ အာရုံစိုက်သည်။ သူများနိုင်ငံကို မထိပါးချင်ပါ။ ပြီးတော့ ခမည်းတော်ကလည်း စိတ်နှလုံးသိမ်မွေ့အေးချမ်းသူ။ မိမိတို့ လျံရဲမတ်များကလည်း တိုက်ပွဲဝင်အောင် လေ့ကျင့်ထားခြင်းလည်းမရှိပေ။ တော်သေးသည်။ ထန်နိုင်ငံနှင့် ဆွေမျိုးတော်လို့သာ။ မဟုတ်လျှင် မိိမိတို့ တိုင်းပြည် အသိမ်းပိုက်ခံရလောက်သည်ဟု တွေးနေမိသည်။

ဆူမီရာသည် ထန်စစ်တပ်ကို လိုက်ကြည့်ရင်း တစ်ခုခုကိုအာရုံခံစားမိလိုက်သည်။ သို့သော် ဟီဒယ်ကို ပြောရမလား မပြောရဘူးလား တွေဝေနေမိသည်။ နောင်တော် ထန်လိုခိ၏ ခမည်းတော်က ဟီဒယ်တို့ တိုင်းပြည်ကို လိုချင်နေသည်ဟု ဘာကြောင့် စိတ်ထဲ ထင်နေမိမှန်း ကိုယ့်ဖာသာလည်း မသိပေ။ သို့သော် ဟီဒယ်ကတော့ နောင်တော် ထန်လိုခိကို ယုံကြည်သည်။ နောင်တော်တို့တိုင်းပြည်ရှိလို့ သူတို့ လျံတိုင်းပြည်ကို လူတွေ မစော်ကားဝံ့တာတဲ့လေ။ ဆူမီရာ က မိမိဖာသာ အတွေးခေါင်သည်လို့ပဲ တွေးလိုက်မိသည်။

-----------------------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet