စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (79)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (79)

“တိုင်းပြည်ကို ခြိမ်းခြောက်နေသည့် လူသတ်စစ်တပ်လက်က လွတ်တဲ့ အထိမ်းမှတ်နဲ့ နန်းတော်ထဲမှာ ဂုဏ်ပြုစားပွဲ ကျင်းပမှာဖြစ်လို့ အာနန်ဘုရင်နဲ့ တင်ဂီရိ မင်းသား တက်ရောက်ပေးကြပါလို့ ဖိတ်ကြားပါတယ် ”

ကာလိုခန်မင်းကြီးသည် ဟော်သွန်း၏ လက်ကို ဆုပ်ကိုင်ထားပြီး ယေစုကိုင်းနှင့်တင်ဂီရိ မင်းသားကို ကိုယ်တိုင် ဖိတ်ကြားလိုက်သည်။ ဟော်သွန်းသည် ချစ်လင်နှင့် သားတော်ကြီးကို မခွဲနိုင်ဟန်ဖြင့် ငေးကြည့်နေသဖြင့် ယေစုကိုင်း ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။

“ကျွန်ုပ်နဲ့ သားတော် ဧည့်ခံပွဲကို အရောက်လာပါ့မယ်။ အခုတော့ သားတော်လည်း ပင်ပန်းနေပြီဖြစ်လို့ မြို့ပြင်က တပ်စခန်းကိုပဲ ပြန်ခွင့်ပြုပါ မင်းကြီး”

“ဒီမှာပဲ နားလိုက်ပါလား။ သားတော် သွားရလာရတာ ပင်ပန်းပါတယ်”

ဟော်သွန်းက ရုတ်တရက်ဝင်ပြောလိုက်သော်လည်း တင်ဂီရိက မယ်တော့်ကို အရိုသေပေးကာ ပြောလိုက်သည်။

“သားတော်ရဲ့စစ်သည်တော်တွေကို ညွန်ကြားစရာရှိလို့ တပ်စခန်းကိုပဲ ပြန်နားပါ့မယ် မယ်မယ်။ ဂုဏ်ပြုညစာစားပွဲကျင်းပတဲ့ နေ့မှာ နန်းတော်ထဲကို လာခဲ့ပါ့မယ်။ မီရာ…ကိုယ်တို့ သွားကြစို့…”

တင်ဂီရိသည် ကာလိုခန်မင်းကြီးနှင့် မယ်တော်ကို နူတ်ဆက်ကာ ဆူမီရာကို ခေါ်ပြီး မြင်းနှင့် နန်ကျောင်မြို့တော်နှင့် ခပ်လှမ်းလှမ်းတွင် စခန်းချနေသည့် မိမိတို့ တပ်စခန်းဆီသို့ တခါတည်းပြန်လာခဲ့တော့သည်။ ယေစုကိုင်းသည်လည်း ဟော်သွန်းနှင့် ကာလိုခန်မင်းကြီးကို နူတ်ဆက်ကာ သားတော်နောက်ကို လိုက်လာခဲ့သည်။ သားတော်သည် သူချစ်သော မယ်တော်၏ နောက်အိမ်ထောင်နှင့် မိသားစုတစု အဖြစ် တွေ့နေရသည်ကို ကြာကြာမခံစားနိုင်တော့သဖြင့် အမြန်ထွက်သွားသည်ကို ရိပ်မိလိုက်သည်။ ဟော်သွန်းသည် သားတော်ကြီး ကျောခိုင်းထွက်သွားသည့် မြင်ကွင်းကို မျက်စိတဆုံးငေးပြီး မိမိကို တောင်းပန်ဟန်ဖြင့် လှမ်းကြည့်နေသည်ကို တွေ့သော် သူမသည်လည်း သားကြီး၏ ခံစားချက်ကို နားလည်သည်ကို သိကာ သနားသွားမိသည်။ ဟော်သွန်းလည်း သူမစိတ်ဆန္ဒမပါပဲ နောက်အိမ်ထောင်တခု ဖြင့် သားတစ်ယောက်မွေးခဲ့ရသည်။ ယခုတော့ သားကြီးနှင့် သားငယ်ကြား မိခင်တစ်ယောက်အနေဖြင့် ဗျာများနေ၇သည်ကို တွေ့သော် ယေစုကိုင်း ချစ်ဇနီးအတွက် စိတ်မကောင်းဖြစ်မိသည်။

“အထဲဝင်ကြစို့ နှမတော်… မောင်တော် နားချင်လို့…”

ကာလိုခန်မင်းကြီးသည် ထွက်ခွာသွားသည့် ယေစုကိုင်းတို့ သားအဖနောက်ကို မျက်စိတဆုံး လိုက်ကြည့်နေသည့် ဟော်သွန်းကို ကြည့်ကာ သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။ ဟော်သွန်း၏ ဘေးမှ သားတော်လေး၏ ပျက်ယွင်းနေသည့် မျက်နှာကို တချက်ကြည့်ကာ အာရုံလွှဲသည့် အနေဖြင့် ပြောလိုက်သည်။ သားတော်လေး ယွမ်ချူးခန်က သူ့မယ်မယ်၏ စိတ်ကို အပိုင်ရထားသည့် တင်ဂီရိကို အားကျခြင်းတ၀က်၊ ၀မ်းနည်းခြင်းတ၀က်ဖြင့် ခံပြင်းနေသည်ကို မိမိ သိသည်။ ပြီးတော့ ဆူမီရာကိုခေါ်ပြီး ထွက်သွားသည့်အတွက် သားတော်လေး စိတ်ဆင်းရဲ သွားသည်ကို တွေ့လိုက်သော် သက်ပြင်းမောကြီး ထပ်ချမိတော့သည်။ လောလောဆည် ဟော်သွန်း မိမိတို့ သားအဖကို ရွေးချယ်ဖို့ အရေးကြီးသည်။ ဆူမီရာကိုပါ သားတော်လည်း လိုချင်နေလို့ မဖြစ်သေးပေ။ တင်ဂီရိအနေဖြင့် ဟော်သွန်း စိတ်ဆင်းရဲမည့် အလုပ်ကို မလုပ်ဘူးဆိုတာကို သိလို့ အာနန်ပြည် နောက်ဆုတ်သွားဖို့ အဓိက သော့ချက်က ဟော်သွန်း ပင်ဖြစ်သည်။ မိမိချစ်လွန်းလို့ သမိုင်းဝင် လူယုတ်မာအဖြစ်ခံပြီး အရယူထားသည့် ချစ်သောမိဖုရား၏ သံယောဇဉ်ကို ရအောင်ယူပြီး သားတော်လေးအတွက် ငြိမ်းချမ်းရေးကို ရအောင် ထိန်းသိမ်းရမည်။

“မင်းကြီး လက်က ဒဏ်ရာတွေက ဘယ်လိုရလာတာလဲ။ ဟိုလူသတ်စစ်တပ်က စစ်သူကြီး နှိပ်စက်လို့လား…”

ဟော်သွန်းသည် မင်းကြီးကို တွဲကာ ရွှေနန်းဆောင်ကို အတူလာခဲ့စဉ် လက်မှ ဒဏ်ရာများနှင့် သွေးစွန်းသည့် အ၀တ်ကို တွေ့သော် မေးလိုက်သည်။

“ခမည်းတော်ရဲ့ ဒဏ်ရာကို ဘယ်သူလုပ်တာလဲ ”

ယွမ်ချူးခန်သည် မယ်မယ်နှင့် တင်ဂီရိ ဖက်နေသည့် မြင်ကွင်းသာမက ဆူမီရာကို မြင်းပေါ်ပွေ့တင်ကာ ထွက်သွားသည့် မြင်ကွင်းကြောင့် လက်သီးကို ဆုပ်ကာ စိတ်ကို မနည်းထိန်းနေရသဖြင့် ခမည်းတော်၏ လက်မှ ဒဏ်ရာများကို မယ်မယ်ပြောမှ သတိထားမိတော့သည်။ ဒါကြောင့် စိုးရိမ်တကြီးဖြင့် ခမည်းတော် အတွက် သမားတော်ကို ချက်ချင်းဆင့်ခေါ်ခိုင်းပြီး မေးလိုက်သည်။

ကာလိုခန်သည် သားတော်၏ အမူယာကို ကြည့်ကာ အေးဆေးစွာဖြေလိုက်သည်။

“အင်း ဟုတ်တယ်။ ခမည်းတော်ရဲ့ သွေးကို ယူပြီး အဆိပ်ဖြေဆေး စမ်းသပ်ခိုင်းတာ…. ”

“ခမည်းတော်က အရမ်းအားနည်းနေတာ။ ဘယ်လိုဖြစ်ပြီး အဲ့လိုလုပ်ရက်ရတာလဲ။ သူနဲ့ ခမည်းတော်က ညီအကို ၀မ်းကွဲတွေ မဟုတ်လား။ ”

“အင်း… သူုက ခမည်းတော်တို့ကို မုန်းနေခဲ့တာ နှစ်ပေါင်း နှစ်ဆယ်လောက်ရှိပြီ။ ခမည်းတော်နဲ့ သားတော်ကို လူသတ်စစ်သည်တော် အဖြစ် ပြောင်းလဲပြီး သူ့လက်ပါးစေအဖြစ် လုပ်ဖို့ ကြံနေခဲ့တာ။ တော်သေးတယ်။ တင်ဂီရိရဲ့ ပညာကြောင့် သူတို့စစ်တပ်တခုလုံးကို အပြတ်ရှင်း နိုင်ခဲ့တာ…”

ကာလိုခန်သည် သမားတော်၏ စစ်ဆေးမှုကို ခံယူရင်း သားတော်နှင့် ဟော်သွန်းကို ပြောပြလိုက်သည်။ သမားတော်များက မင်းကြီးကို စစ်ဆေးပြီးနောက် အံ့အားသင့်စွာဖြင့် လျှောက်တင်ကြသည်။

“အရှင်မင်းကြီးရဲ့ ဒဏ်ရာတွေကို ကျွန်တော်မျိုး ဆေးထည့်ပေးထားပါပြီ။ အရှင်မင်းကြီးရဲ့ သွေးခုန်နှုန်းက တောင်ခေါင်းကြီးဆီကို မသွားခင် ထက် ပိုကောင်းလာပြီး မျက်နှာပြင်လည်း သွေးရောင်လွှမ်းလာပါတယ်။ အရှင်မင်းကြီး ဘယ်လိုဆေးကိုများ သောက်သုံးခဲ့ပါသေးသလဲ…”

ယွမ်ချူးခန်လည်း ထိုအခါမှ ခမည်းတော်၏ အခြေနေတိုးတက်ကောင်းမွန်လာသည်ကို သတိထားမိကာ သမားတော်ကြီးကို မေးလိုက်သည်။

“သမားတော်ကြီး ခမည်းတော်ကို သေချာစစ်ဆေးပါဦး။ ခမည်တော် သွေးထုတ်ခံရပြီး အားပိုနည်းနေရမှာ မဟုတ်ဘူးလား”

“ကျွန်တော်မျိုးလည်း ဒါကြောင့် သွေးခုန်နှုန်းကို သေချာစစ်ဆေးကြည့်တာပါ အရှင့်သား။ မင်းကြီးရဲ့ ရောဂါအခြေအနေက အတော်ကြီးကို သက်သာလာပါတယ်။ ဒါကြောင့် မင်းကြီး ဘာဆေးများ သောက်ခဲ့မိသလဲဆိုတာကို ကျွန်တော်မျိုးသိချင်နေတာပါ။ ဒီဆေးနဲ့ဆိုရင် မင်းကြီးရဲ့ ရောဂါ တဖြည်းဖြည်းသက်သာလာပြီး ပြန်လည်ကျန်းမာလာနိုင်ပါတယ်”

ကာလိုခန်သည် သမားတော်ကြီး၏ စကားကိုကြားသောအခါ တင်ဂီရိ တိုက်သည့် အားဆေးကို သတိရကာ ပြောလိုက်သည်။

“အာနန်မင်းသား တင်ဂီရိက ကိုယ်တော့်ကို အားဆေးတမျိုးဖော်စပ်ပြီး တိုက်ကျွေးခဲ့တယ် သမားတော်ကြီး။ ဒီဆေးကြောင့် ကိုယ်တော် သွေးထုတ်ခံရပေမယ့် အားယုတ်မသွားခဲ့တာပဲ။”

ယွမ်ချူးခန်သည် ခမည်းတော်၏ စကားကြောင့် မျက်လုံးပေါက်ကျဉ်းသွားခဲ့သည်။ သို့သော် မယ်မယ်ရှိနေသဖြင့် ဘာမပြောပဲ စိတ်ထဲ မြိုသိပ် ထားလိုက်သည်။ တင်ဂီရိက ခမည်းတော်ကို အားဆေးဖော်စပ်တိုက်ပေးတာ တကယ့် စေတနာအရင်းခံဖြင့်လား။ တကယ်ဆိုလျှင် သူတို့ မိသားစုကို ခမည်းတော်က ဖြိုခွင်းထားသဖြင့် အားဆေးထဲ အချိန်ကြာမှ အာနိသင်ပြမည့် အဆိပ်ဆေးကို မခတ်ထားနိုင်ဘူးလားဟု သံသယ ၀င်ကာ စိတ်ထဲ လေးဆင်းလာခဲ့သည်။ မယ်မယ်က သူ့သားတော်ကြီးက ဆေးတိုက်ခဲ့သည်ဟု ကြားတော့ မျက်နှာဝင်းခနဲဖြစ်သွားသည်ကို တွေ့သဖြင့် မိမိလည်း အတင်းအကျပ်ဘာမှ မပြောချင်တော့ပေ။ ကိုယ်ပြောလိုက်သည့် စကားကြောင့် မယ်မယ်၏ အပျော်စိတ်လေးများ မပျောက်စေချင်ပါ။ မိမိဘက်က ဘာသက်သေမှမပြနိုင်သေးသရွေ့ နူတ်ပိတ်နေတာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ယွမ်ချူးခန်သည် သမားတော်များပြန်သွားပြီးနောက် ခမည်းတော် ရေသုံးသပ်ရာတွင် ကူညီပေးသည်။ ကုန်းကုန်းနှင့် အခြားသော အခြွေရံများ သည် ခန်မင်းဆက်သမိုင်းတလျှောက် ဖခင်မင်းကြီးကို ရေချိုးရာတွင် သားတော်က ကူညီပေးသည့် အဖြစ်မျိုးကို ပထမဆုံး ကြုံဖူးလိုက်ခြင်း ဖြစ်သည်။

“အခြွေရံတွေ လုပ်ပေးလိမ့်မယ် သားတော်”

“သားတော် ခမည်းတော်ကို တခါမှမလုပ်ပေးဖူးဘူး။ ခမည်းတော် မမာမကျန်းတဲ့ကြားက နန်ကျောင်ပြည်နဲ့ သားတော်တို့ အသက်အန္တာရာယ် ကင်းဖို့ ခမည်းတော် သက်စွန့်ဆံဖျားလုပ်ပေးခဲ့တာကို မြင်တော့ သားတော် တာဝန်မကျေခဲ့တာကို ရှက်မိပါတယ် ခမည်းတော်ဘုရား။ ခမည်းတော်ကို ပြုစုဖို့ သားတော်ကို အခွင့်ရေးပေးပါ။ ”

ယွမ်ချူးခန်သည် ခမည်းတော်ကို ကြင်နာစွာတွဲကာ ပြောလိုက်သည်။ ကာလိုခန်သည် သားတော်၏ စကားကြောင့် စိတ်ထဲ ကြည်နူးမှုတို့ ပြည့်လျှံလာပြီး ခေါင်းကိုသာ အနိုင်နိုင်ငြိမ့်လိုက်ရတော့သည်။ မိမိတို့ခန်မျိုးနွယ်အားလုံးက ခက်ထန်ပြီး ချစ်ခြင်းတရားကို ပြသလေ့ မရှိ သော်လည်း သားတော်ဖြစ်သူ၏ ကြင်နာမှုကို ခံစားလိုက်ရချိန် ကာလိုခန် စိတ်လှုပ်ရှားလာမိသည်။ မိမိ တသက်လုံး ချစ်ခဲ့ရသည့် သားတော်လေး၏ ချစ်ခြင်းကို ပြန်ရလိုက်ချိန် ဘယ်ဖခင်မဆို ကြည်နူးမိမှာ သေချာသည်။ ဒါကြောင့် ကာလိုခန်သည် သားတော် ရေချိုးသန့်စင် ပေးသည်ကို အသာတကြည်ခံယူရင်း သားတော်ကို ဖြောင့်ဖျလိုက်သည်။

“သားတော်ရဲ့မယ်တော်က သားတော်ကို ခွဲခြားမှုမရှိပဲ ချစ်တယ်ဆိုတာ မမေ့နဲ့နော်။ တင်ဂီရိကိုပဲ ချစ်တယ် အထင်ကြီးတယ်ရယ်လို့ မတွေးနဲ့။ မိခင်တစ်ယောက်က သူ့သားတွေကို ချစ်တဲ့နေရာမှာ ဘယ်သူက တော်လို့၊ ဘယ်သူက ညံ့လို့ရယ်လို့ ခွဲခြားတာ မရှိဘူး။ ပြီးတော့ သားရဲ့မယ်မယ်က သားတော်ကို အရမ်းတင်းကျပ်တယ်ဆိုတာ တော်စေချင်လို့ပါ။”

“သားတော် သိပါတယ် ခမည်းတော်။ သားတော် မယ်မယ့် အချစ်ကို ယုံပါတယ်။ ခမည်းတော်ရဲ့အချစ်ကိုလည်း သားတော် ယုံတယ်။ ခမည်းတော် တောင်ခေါင်းကြီးထဲ ၀င်သွားတဲ့နေ့ကစပြီး သားတော် အရမ်းကို နောင်တရနေမိတယ်။ တကယ်လို့ သားတော်သာ ဒီထက် တော်နေရင် မကျန်းမာတဲ့ ခမည်းတော်ကို ရန်သူတွေကြား ပို့စရာလိုမှာ မဟုတ်ဘူးလို့ တွေးနေမိတယ်”

ယွမ်ချူးခန်သည် ပိန်သွားသည့် ခမည်းတော်၏ ကျောပြင်ကို အ၀တ်ဖြင့် အသာပွတ်တိုက်ပေးရင်း နောင်တရစွာဖြင့် ပြောလိုက်သည်။ အစည်းဝေးတွင် ယေစုကိုင်းက သူ့သား တင်ဂီရိ ရန်သူလက်ထဲ ကျရောက်သည့်တိုင် တည်ငြိမ်စွာရှိပြီး တင်ဂီရိ၏ အစွမ်းကို ယုံကြည်စိတ်ချကာ အေးအေးဆေးဆေးဖြင့် အပြင်ဘက် လုပ်ရမည့် တာဝန်များကို စီမံခန့်ခွဲကာ အကြံပေးသည်ကို သတိရပြီး မိမိကိုယ်ကိုယ် ဘယ်လောက် ပျော့ညံ့ပြီး အသုံးမကျသည်ကို ပြန်မြင်လာမိသည်။ သားတစ်ယောက်ဖြစ်ပြီး မိမိ၏ မမာမကျန်းဖြစ်သည့် ခမည်းတော် ရန်သူလက်ထဲ သက်ဆင်းသည်ကို ဒီအတိုင်းကြည့်နေမိသည် မဟုတ်လား။ ဒါကြောင့် မယ်မယ့်မျက်လုံးထဲတွင် မိမိက နို့နံ့မစင်သေးသည့် ကလေးသာသာ တစ်ယောက်ဖြစ်နေသလို ဆူမီရာအတွက်လည်း မိမိက အလိုလိုက်ခံ ရွှေမင်းသားလေး တယောက်ထက် မပိုပေ။

“သားတော်က ခမည်းတော် မရှိတဲ့အချိန် နန်းတော်နဲ့ မင်းရဲ့မယ်တော်ကို စောင့်ရှောက်ပေးခဲ့လို့ ခမည်းတော် တကယ့်ကို ဂုဏ်ယူမိတယ်၊ ခမည်းတော် လှိုက်ခေါင်းထဲကို သွားတယ်ဆိုတာ မသွားလို့ မဖြစ်လို့ပါ။ သားတော် ဘယ်လိုပဲ ကာကွယ်ပေးပါစေ။ ခမည်းတော် မသွားရင် ခန်ရွှီဖုန်းတို့ စစ်တပ်ကို ဖြိုခွင်းဖို့ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တင်ဂီရိက ခမည်းတော်ကို ခေါ်ဖို့ ခန်ရွှီဖုန်းကို ပြောလိုက်တာဖြစ်တယ်။”

ယွမ်ချူးခန်သည် ခမည်းတော်၏ စကားကိုကြားသော် အံ့အားသင့်ကာ ကြက်သေသေသွားခဲ့သည်။ လုံးဝမထင်ထားသည့် သတင်းကြောင့် ယွမ်ချူးခန်၏ သွေးတို့ပွက်ပွက်ဆူလာခဲ့သည်

“တင်ဂီရိက ခမည်းတော်ကို ခေါ်ဖို့ ခန်ရွှီဖုန်းကို ပြောခဲ့တာလား…”

ကာလိုခန်သည် သားတော်၏ လက်ကို ဆုပ်ကိုင်ကာ အသာယာပြုံးပြီး ဆက်ပြောလိုက်သည်။

“ခမည်းတော်ရဲ့သွေးထဲမှာ ဘိုးတော်မင်းကြီးက အဆိပ်ဖြေဆေးကို ထည့်ပေးထားလို့ ခမည်းတော်ရဲ့ သွေးနဲ့မှာ လူသတ်စစ်တပ်ကို စီရင်ထားတဲ့ အဆိပ်ကို ဖျက်ဆီးပြီး သူတို့ကို နှိမ်နှင်းဖို့လုပ်ရမှာမို့ သူက ခမည်းတော်ကို တောင်ခေါင်းထဲရောက်အောင် တမင်ခေါ်ခို်င်းလိုက်တယ်။ ခန်ရွှီဖုန်းကို လှည့်စားဖို့ ခွန်အားတိုးစေသည့် အစွမ်းကိုပါထည့်သွင်းဖော်စပ်ခဲ့တယ်။ ဒါကြောင့် ခမည်းတော်ရဲ့ သွေးနဲ့ ဖော်စပ်ထားတဲ့ ဆေးကို စစ်သည်တော် တစ်ယောက်ကို တိုက်ကျွေးလိုက်ချိန် အဲ့စစ်သည်တော်ရဲ့ အစွမ်းက ဆယ်ဆတိုးသွားပြီး အခြား စစ်သည်တော်တွေကို အလွယ်တကူ သတ်ဖြတ်ပြစ်နိုင်တယ်။”

ယွမ်ချူးခန်သည် တင်ဂီရိ၏ အစွမ်း ဒီလောက်ထက်မြက်မည် မထင်ထားသဖြင့် မျက်လုံးပြူးသွားသည်။ ဒီလောက်ကြောက်ဖို့ ကောင်းသည့် အဆိပ်ပညာကို တတ်ထားလျှင် မကြာခင် သူက မိမိတို့ နှီမ်နှင်းလိုက်သည့် လူသတ်စစ်တပ်ထက် ကြောက်စရာကောင်းသည့် စစ်တပ်ကို မဖန်တီးနိုင်လောက်ဘူးလားဟု တွေးကာ ရင်ထဲ ပူသွားခဲ့သည်။

“သူ အဲ့လိုလုပ်တာ ပိုဆိုးမလာဘူးလား ခမည်းတော်။ ခန်ရွှီဖုန်းကို လက်နက်တပ်ပေးရာ မရောက်ဘူးလား”

“အဲ့လိုမှ မလုပ်ရင် ခန်ရွှီဖုန်းက သူနဲ့ ခမည်းတော်ကို သတ်ပစ်မှာပေါ့။ သူ ဖော်စပ်တဲ့ ဆေးက ရုတ်တရက် ခွန်အားဆယ်ဆ တိုးလာပေမယ့် အချိန်တိုအတွင်း အားကုန်ပြီး သတိမေ့သွားအောင် လုပ်ထားခဲ့တယ်။ ဒီလိုလှည့်စားမှုတွေနဲ့ ခန်ရွှီဖုန်းက သားတော်ရဲ့တပ်ကို နှိမ်နှင်းဖို့ တောင်ခေါင်းထဲက ထွက်သွားတဲ့အချိန် သူက ဆေးတိုက်ထားတဲ့ စစ်သည်တော်ကို ခိုင်းစေပြီး ကျန်လူသတ်တပ်ဖွဲအားလုံးကို မီးရှို့ခိုင်း လိုက်တယ်။”

ယွမ်ချူးခန်သည် ခမည်းတော်ပြောသည့် စကားကိုကြားသော် ကြက်သီးမွေးညှင်းထောင်ထလာခဲ့သည်။ အားလုံးကို မီးရှို့ဖျက်ဆီးလိုက်သည့် တင်ဂီရိ၏ ရက်စက်မှုက နောင်တွင် မိမိတို့ဆီ ရောက်မလာဟု မပြောနိုင်ပေ။

“သူက စစ်တပ်တခုလုံးကို မီးရှို့ပစ်လိုက်တာ..တော်တော် ရက်စက်တာပဲ”

“အဲ့လိုမှ မဟုတ်ရင် ဘယ်လိုမှ ဒီတပ်ကို တားဆီးလို့မရနိုင်ဘူး။ ပြီးတော့ အဲ့လိုလုပ်လိုက်တာက လူတပိုင်း သရဲတပိုင်းဖြစ်နေတဲ့သူတွေကိ
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ မဟုတ်ရင် ဒီစစ်တပ်ကို အခြားတယောက်က ထိန်းချုပ်ပြီး တိုင်းပြည်တွေကို သိမ်းပိုက်နိုင်တယ်။ ဒါကြောင့် ခမည်းတော်က သူ့ကို တခါတည်း ဖျက်ဆီးလို့ရရင် ဖျက်ဆီးဖို့ အကူညီတောင်းလိုက်တာပဲ”

“သူ့ အဆိပ်ပညာက ကြောက်စရာကောင်းလွန်းတယ် ခမည်းတော်ဘုရား။ အခုဆိုရင် သူက ပိုကြောက်စရာကောင်းတဲ့ စစ်တပ်ကို တည်ဆောက်နိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားပြီ”

“သူ မလုပ်ပါဘူး။ သူ့မယ်တော် ဟော်သွန်းကို သူ အရမ်းချစ်တယ်။ ဒါကြောင့် သူ ဒီနည်းကို ဘယ်လိုမှ လုပ်မှာ မဟုတ်ဘူး”

“ခမည်းတော် သူ့ကို ဘယ်လိုလုပ်ပြီး ယုံကြည်သွားတာလဲ…”

“ခမည်းတော်ကို သူ ကယ်ပေးခဲ့လို့ သူ့ကိုယုံကြည်တာဖြစ်တယ်။ သူ ခမည်းတော်ကို အဆိပ်တိုက်ရင်ရပေမယ့် ဆေးဝါးကောင်း ဖော်စပ်တိုက်ကျွေးခဲ့တယ်။ သူ့မယ်မယ်ကို ချစ်တဲ့ စိတ်ကြောင့် သူ့အမုန်းတရားကို မြိုသိပ်ပြီး ခမည်းတော်ကို ကယ်ပေးခဲ့တယ် သားတော်။”

ယွမ်ချူးခန်သည် ခမည်းတော်ပြောသည့် စကားကြောင့် ငြိမ်ကျသွားပြီး ဘာမှ ဆက်မငြင်းတော့ပေ။ ခမည်းတော်ကိုသာ ရေ၀တ်ဖြင့် တိုက်ပေးပြီး အိပ်ဆောင်ကို တွဲခေါ်လာခဲ့သည်။ ရင်ထဲတွင် တင်ဂီရိ၏ အစွမ်းကို ကြောက်ရွံ့သည့် စိတ်ဖြင့် မအေးချမ်းနိုင်အောင် ဖြစ်နေမိသည်။

မိမိအဆောင်ရောက်သော် မိမိကို နူတ်ပင်မဆက်ပဲ တင်ဂီရိ၏ မြင်းပေါ်ပါသွားသည့် ဆူမီရာကို သတိရကာ သက်ပြင်းရှိုက်နေစဉ် မယ်တော် ရောက်ရှိကြောင်း အပါးတော်မြဲသတင်းပို့သဖြင့် ယွမ်ချူးခန် မယ်မယ့်ကို ထွက်တွေ့လိုက်သည်။

“သားတော်…မင်းရဲ့ခမည်းတော်ကို မယ်မယ် ချက်ထားတဲ့ ဂျင်ဆင်းရည်ပို့ရင်း သားတော်ကိုလည်း ၀င်ပို့တာ..ပူတုန်းလေး သောက်လိုက်ဦး”
ယွမ်ချူးခန်သည် မယ်မယ့်ကို ကျေးဇူးတင်စကားပြောပြီး ဟင်းရည်ကို သောက်နေစဉ် မယ်မယ်က သူ့ကို ငြင်သာစွာပြောခဲ့သည်။

“မယ်မယ် သားတော်နဲ့ အတူနေရစ်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီ သားတော်”

မယ်မယ့်စကားကိုကြားသော် ယွမ်ချူးခန် ဆတ်ခနဲခေါင်းမော့ကာ မယ်မယ့်ကို မယုံနိုင်အောင် ငေးကြည့်နေမိသည်။ တကယ်ပဲ မယ်မယ်က မိမိတို့ကို မခွဲပဲ အတူနေမည်တဲ့လား။

“မယ်မယ်…တကယ်လား။ တကယ်ပဲ သားတော်တို့နဲ့ အတူနေခဲ့မှာလား”

ဟော်သွန်းသည် သားတော်၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။ သားငယ်လေးက မိမိပျောက်သွားမည်ကို မည်မျှစိုးထိတ်နေသည်ကို ၀ဲနေသည့် မျက်ရည်ကိုကြည့်ပြီး ဟော်သွန်းသိလိုက်သည်။

“မယ်မယ်…မယ်မယ်…”
ယွမ်ချူးခန်သည် ဘယ်လိုမှ မအောင့်နိုင်တော့ပဲ မယ်မယ့်ထိုင်ခုံရှေ့ ဒူးထောက်ကာ မယ်မယ့်ရင်ခွင်ထဲ တိုးဝင်ဖက်ထားပြီး ၀မ်းသာလို့ ကျသည့် မျက်ရည်ကို တိတ်တခိုးသုတ်နေမိသည်။

“မယ်မယ့်သားကို တယောက်ထဲ မယ်မယ် ထားရစ်နိုင်ပါ့မလားကွယ်။ သားတော်လေးရဲ့ ခမည်းတော်လည်း မကျန်းမမာဖြစ်နေတယ်။ တိုင်းပြည်တာဝန်ကို တယောက်တည်း ထမ်းရမယ့် မယ်မယ့်သားတော်လေးဘေးမှာ မယ်မယ်ရှိမှဖြစ်မှာပေါ့။ ဒါမှ သားတော်အတွက် မိဖုရားကို သေချာ ရွေးပေးနိုင်မယ်။ သားတော်လေးစားချင်တဲ့ ဟင်းကို မယ်မယ်ချက်ကျွေးနိုင်မယ်လေ”

ယွမ်ချူးခန် အတွက် မယ်မယ့်စကားကို စိုးရိမ်မှုကို ဖယ်ရှားပေးပြီး သွေးကြောများအားလုံး နွေးထွေးသွားတော့သည်။ မိမိတို့ မိသားစု မပြိုကွဲသေး ဆိုသည့် အသိကြောင့် ယွမ်ချူးခန်၏ ရင်ထဲမှ အေးစက်ပြီး ဟာတာတာဖြစ်သည့် ခံစားချက် တဖြည်းဖြည်း ပျောက်ကွယ်သွား တော့သည်။

ဟော်သွန်းသည် သားငယ်လေး၏ ဆံပင်ကို သပ်ပေးရင်း သားကြီးနှင့် ချစ်ခင်ပွန်း၏ သဘောထားကြီးမှုကို ကျေးဇူးတင်နေမိသည်။ မိမိတို့မိသားစုကို စတေးပြီး တိုင်းပြည်တွေ သွေးချောင်းစီးမှာကို တားဆီးနိုင်သည်ဆိုရင် မိမိတို့ မိသားစု တကွဲတပြားဖြစ်နေရခြင်းက အချည်းနှီးမဖြစ်ဟု ဟော်သွန်းယုံကြည်မိသည်။ သားတော်ကြီး တင်ဂီရိ၏ ၀မ်းနည်းမှုကို ဆူမီရာလေး ပျောက်ကင်းအောင် ကုသပေးနိုင်မည်ဟု ဟော်သွန်း ယုံကြည်သည်။ သားငယ်လေးအတွက် လက်ထပ်ပွဲ လုပ်ပေးဖို့ အချိန်ကျပြီဟု ဟော်သွန်းထင်သည်။ သားငယ်လေးနှင့် စေ့စပ်ထားသည့် မိဖုရားလောင်းများနှင့် လက်ထပ်ပေးပြီး သားငယ်လေး၏ ရင်ထဲမှ ဆူမီရာကို မေ့ပျောက်အောင် လုပ်ပေးရအုံးမည်။ သူ့အိမ်ထောင်နှင့် သူဖြစ်မှ သားလေးလည်း တဖြည်းဖြည်း ပျော်ရွှင်လာလိမ့်မည်။ မိမိအတွက်တော့ ချစ်လို့ ပေါင်းသင်းသည်ဆိုတာထက် နိုင်ငံရေးအရ ကာလိုခန်မင်းကြီး၏ မိဖုရားအဖြစ် ဆက်လက်ပြီး နေထိုင်ရပေဦးမည်။

မိမိချစ်သည့် ခင်ပွန်း ယေစုကိုင်းသည် တိုင်းပြည်တိုးတက်ရေးကို လုပ်ရင်း မိမိကို ဆက်ချစ် ဆက်လွမ်းနေဦးမှာကို မိမိသိသည်။ ဒါပေမယ့် မောင်မောင် စိတ်နှလုံးထဲ ချစ်ခြင်းတရားက ခိုင်မာစွာနေရာယူထားသည်ဖြစ်လို့ နာကျင်ရသည်တော့ ရှိတော့မည် မထင်ပါ။ မိမိအချစ်ကို မောင်မောင့်ကို ပေးထားပြီးပြီမဟုတ်လား။

သားတော်ကြီး တင်ဂီရိကတော့ တောင်ပိုင်းတိုင်းပြည်များ၏ စည်းလုံးမှုကို တည်ဆောက်ရင်း ဆူမီရာနဲ့ အတူ အလုပ်တွေ များနေတော့မည်။ အရှေ့ပိုင်း ကျွန်းနိုင်ငံများ၏ တိုးတက်ရေးကို အာရုံစိုက်လုပ်ရပေဦးမည်။ တောင်ပိုင်း ထန်နိုင်ငံ၊ ချူနိုင်ငံ၊ ဝေနိုင်ငံ တို့ဖြင့် ပေါင်းစည်းပြီး အေးချမ်းသည့် အင်ပါယာ တခုကို တည်ထောင်ဖို့ ကြိုးစားနေမည်ဟု ဟော်သွန်းယုံကြည်သည်။ မကြာခင် မြောက်ပိုင်းအင်ပါယာ၏ အရှင်အဖြစ် သားငယ် ယွမ်ချူးခန် နန်းတက်သည့်အခါ မင်းကောင်းမင်းမြတ်ဖြစ်ဖို့ မိမိ တတ်နိုင်သလောက် နားဝင်အောင် ဘေးမှ အကြံပေးရမည်။ တောင်၊မြောက် အင်ပါယာနှစ်ခုတွင် မိမိသားနှစ်ယောက် ငြိမ်းချမ်းစွာ အုပ်ချုပ်နေနိုင်လျှင် မိမိ၏ စွန့်လွှတ်မှုအတွက် အားလုံးပြန်ရသည်ဟု ပြောရပေမည်။ မကြာခင် အေးချမ်းတော့မည့် စစ်ဘေးတို့ ကင်းဝေးမည့် အနာဂါတ်ကို တွေးပြီး ဟော်သွန်း အေးချမ်းစွာ ပြုံးလိုက်မိသည်။

--------------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet