Chapter - 9

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (9)

ဆူမီရာ အိပ်ယာမှ နိုးသော်အခါ ဘေးကို စမ်းလိုက်သည်။ နောင်တော့်ကို မစမ်းမိသဖြင့် မျက်လုံးပြူးသွားပြီး အိပ်ယာထက်မှ လူးလဲထကာ အပြင်ကိုပြေးထွက်လာခဲ့သည်။ အပြင်ဘက် ဧည့်ခန်းတွင် ဖိုးဖိုးထန် ရေနွေးသောက် နေသည်ကို တွေ့သော အမောတကောမေးလိုက်သည်။ ရင်လည်းတထိတ်ထိတ်ခုန် နေသည်။ မိမိအိပ်ပျော်သွားစဉ် နောင်တော်ပြန်သွားမည်ကို စိုးနေမိသည်။

“ဖိုးဖိုး…. နောင်တော်ရောဟင်…”

“အလန့်တကြားမြေးလေးရယ်။ မင်းရဲ့ နောင်တော်က ထွက်မပြေးပါဘူး။ ဆေးစိုက်ခင်းထဲမှာရှိတယ် …သွား..သွား”

ဖိုးဖိုးက ပြုံးကာ ဆူမီရာကို ဖြေလိုက်သည်။ ဆူမီရာက ချက်ချင်းပင် နောင်တော်ရှိမည့် ဆေးစိုက်ခင်းထဲကို လိုက်လာခဲ့သည်။ နေရောင်ခြည်အောက်တွင် ဆေးပင်များကို အာရုံစူးစိုက်ကာ စစ်ဆေးနေသော နောင်တော့်ပုံကို
တွေ့တော့ ဆူမီရာ ၀မ်းသာစွာဖြင့်အော်ခေါ်လိုက်သည်။

“နောင်တော်…. ဆူမီရာကို ဘာလို့မနိုးတာလဲ…”

“နိုးပြီလား ဆူမီရာလေး…နောင်တော်က ကလေးကို အိပ်ရေးပျက်မှာစိုးလို့ မနိုးပဲလာခဲ့တာ…”

“နောင်တော် မရှိတော့ဘူးထင်ပြီး လန့်သွားတာပဲ…”

“ဆူမီရာလေးကလည်းကွာ။ နောင်တော်က ဘယ်ကိုမှ ထွက်မပြေးပါဘူးကွာ။ ကဲ… မျက်နှာသွားသစ်လိုက်ဦး။ မနက်စာ အတူစားရအောင်..”

တင်ဂီရိသည် ဆူမီရာလေး လှိမ့်လှိမ့် လှိမ့်လှိမ့်နှင့်ပြေးလာသည်ကို ချစ်စနိုးနှင့် ကြည့်ကာ ပြောလိုက်သည်။ ဘယ်လိုကြည့်ကြည့် အူယားစရာ ကလေးလေးကို ပွေ့ချီကာ လေထဲဝှေ့ယမ်းချင်စိတ်ကို မနည်းထိန်းထားရသည်။

“ဟီး…ဆူမီရာ မျက်နှာမသစ်ရသေးတာ ဘယ်လိုသိတာလဲ။”

“မင်းလေးက ဒီလောက် အူယားဖားယားနဲ့နောင်တော်ကိုလာရှာတယ် သေချာတယ် မျက်နှာသစ်ရအုံးမှာမဟုတ် ဘူးလေ…သိတာပေါ့..ကဲ..ကဲ..သွား..”

ယခုလည်း မျက်လုံးကိုပွတ်ကာ သွားလေးဖြီးကာပြောနေပုံက တင်ဂီရိကို ပြုံးချင်စိတ်ပေါ်လာစေသည်။ အထူးသဖြင့် ဒီကလေးလေး၏ မိမိအပေါ် ခင်တွယ်လွန်းသည့် စိတ်လေးက တင်ဂီရိကို နွေးထွေးသည့်စိတ်ကို ဖြစ်ပေါ်စေသည်။ ရောက်ကာစကတော့ မိမိနောက်ကို တကောက်ကောက်လိုက်လွန်းလို့ စိတ်ညစ်ရသော်လည်း သူလေးက မိမိ မျက်နှာရိပ်ကို ကြည့်ကာ အလိုက်တသိလေး နေတတ်လွန်းသဖြင့် ကြာတော့ တင်ဂီရိ သနားလာခဲ့သည်။

မိမိတို့ နန်ကျောင်ပြည်ကို စွန့်ခွာလာကတည်းက တင်ဂီရိပြုံးချင်စိတ်ပျောက်သွားခဲ့သည်။ အာနန်ပြည်ကို ထူထောင် ရာတွင် ကြုံတွေ့၇သည့် ခါးသီးသည့် အတွေ့အကြုံများက တင်ဂီရိ၏ စိတ်ကို မာကျောလာစေသည်။ အာနန် နန်းတော်ကို တည်ဆောက်ပြီး မြို့ပြထူထောင်ပြီးနောက် ခမည်းတော်၏ အမိန့်ဖြင့် ငွေတောင်ပြည်ကို နိုင်ငံရေး မဟာမိတ်နှင့် နောက်တော်ပါများကို စုဆောင်းရန်လာခဲ့တော့ တင်ဂီရိ၏ စိတ်ထဲတွင် သာမန် မင်းညီမင်းသား ပညာလာဆည်းပူးသလို လွတ်လပ်ပေါ့ပါးသည့်စိတ်၊ ပျော်ပါးချင်သည့်စိတ်မရှိတော့ပေ။

နေ့စဉ် လူစုရန် လေ့လာနေသည်။ ထူးခြားသည့် အရည်ချင်းရှိသူများက ငွေတောင်ပြည်တွင် ပေါများလှသည်။ ထို့ကြောင့် တကယ့်ကို အသုံးဝင်မည့်သူကို စီစစ်နေစဉ် ဆူမီရာ၏ တွယ်တာမှုက အနှောက်ယှက်တစ်ခုလို ခံစားခဲ့ရသည်။

နောက်တော့ ဆူမီရာလေးက အထီးကျန်လွန်းကာ မိမိနောက်ကို လိုက်နေသည်ကိုသိတော့ မဆူရက်တော့ပေ။ တခါတလေ မိမိ အတန်းထဲမှ မင်းသားများနှင့် စကားပြောပြီးလို့ ကြည့်လိုက်တော့ အတန်းနောက်တွင် ခွေခွေလေး အိပ်ပျော်နေသည့် ဆူမီရာလေးကို တွေ့တော့ တင်းထားသော တင်ဂီရိ၏ စိတ်တို့ပြိုကျသွားတော့သည်။

နောက်ပိုင်း ဆူမီရာလေးက တကယ့်ကို လိမ်မာရှာသည်။ ဘယ်တော့မှ တင်ဂီရိကို မနှောက်ယှက်ပေ။ အမြဲတမ်း မျက်နှာ တကြည့်ကြည့်နေသဖြင့် တင်ဂီရိလည်း သွားလေရာ ဆူမီရာကို ခေါ်သွားရတော့သည်။ အရီးတော်တို့လည်း ပထမ အားနာသဖြင့် တောင်ပေါ်တက်သည့်အခါတိုင်း ဆူမီရာကို မထည့်ပေ။ သို့သော် ဆူမီရာက မိမိ တောင်ပေါ်သို့ တက်သွားတိုင်း မစားမသောက်ပဲ စောင့်နေတတ်သဖြင့် နောက်ဆုံး လက်လျှော့ကာ အရီးတော် ဆင်းဝတ်ကြည်ကိုယ်တိုင် မိမိကို အနူးညွတ်တောင်းပန်ကာ သက်တန့်တောင်ပေါ်ကို ခေါ်သွားရန် တောင်းဆိုခဲ့သည်။

ယခုဆိုလျှင် မိမိ ဖိုးဖိုးထံပညာသင်တိုင်း အနားတင် ထိုင်ကာ ငြိမ်ငြိမ်လေး နားထောင်နေတတ်သည်။ ဆေးပင်များကို လိုက်ပြီးကြည့်သည်။ မိမိနှင့်အတူ တောထဲ ဆေးမြစ်ခူးထွက်သည်။ မိမိဘယ်သွားသွား ဆူမီရာလေးက အရိပ်တစ်ခုလို မခွဲမခွာလိုက်ခဲ့တော့သည်။ တင်ဂီရိကိုယ်တိုင်ပင် ဆူမီရာလေး မပါလျှင် စိတ်ထဲ တစ်ခုခု လိုနေသလို ခံစားလိုက်ရသည်။

ထန်ဖိုးဖိုးသည် နံနက်စာကို ခူးခပ်ပြီး စာဖတ်ရင်း စောင့်နေသည့် တင်ဂီရိကို တွေ့သော် မေးလိုက်သည်။

“မြေးလေး မနက်စာစားဖို့ ဆူမီရာကို စောင့်နေတာလား။”

“ဟုတ်ကဲ့ ဖိုးဖိုး..”

“အင်း…. မင်းတို့ နှစ်ယောက်ရဲ့ ရေစက်က ထူးခြားတယ်။ သံယောဇဉ်က နက်ရှိုင်းတယ်။ ဒီအတိုင်း တစ်သက်လုံး ချစ်ချစ်ခင်ခင် နေသွားတာပဲ ဖိုးဖိုးမြင်ချင်တယ်..”

“စိတ်ချပါ ဖိုးဖိုး။ ကျွန်တော် ဆူမီရာလေးကို ကျွန်တော့် အသက်ထက်ကို ချစ်တယ်… သူ့ကို တသက်လုံး ကာကွယ်ပေးသွားမှာပါ။ သူ့ရဲ့ မွေးကတည်းက ရှိနေတဲ့ ဟောစာတန်းအရ ပေါ်လာမယ့် ဘေးအားလုံးကို ကျွန်တော် တားဆီးပေးမှာပါ…”

“မင်းကို ဖိုးဖိုးယုံပါတယ်။ တကယ်လို့ မင်း နောင်တချိန် တစ်ခုခု စိတ်လိုက်မာန်ပါ လုပ်မိတော့မယ်၊ ဆုံးဖြတ်မိ တော့မယ် ဆိုရင် ဆူမီရာလေး မင်းကို ချစ်လွန်းလို့ အနောက်က တကောက်ကောက်လိုက်ခဲ့တဲ့ အချိန်လးကို ပြန်သတိရပေးပါလို့ ဖိုးဖိုးမှာချင်တယ် မြေးလေး တင်ဂီရိ…”

“စိတ်ချပါ ဖိုးဖိုး…”

တင်ဂီရိသည် ဖိုးဖိုးကို အလေးနက် ကတိပေးလိုက်သည်။ ဒါကတော့ စိတ်ရင်းအမှန်ပါ။ ဆူမီရာသည် မိမိ၏ ကိုယ်ပွားလေးလို သဘောထားနေမိသည် မဟုတ်လား။ မိမိ၏ သွေးသားရင်း ထက်ပင် ဒီကလေးကို ချစ်နေမိသည်။
ဆူမီရာလေးသည် မျက်နှာသစ်ပြီး လန်းဆန်းစွာဖြင့် စားပွဲဝိုင်းတွင် ၀င်ထိုင်ကာ မေးလိုက်သည်။မနက်စာက ဆန်ပြုတ်လိုလို၊ အသားရော၊ အသီးရွက်ရောပါပြီး အနံ့မွှေးကြိုင်လွန်းလှသည်မဟုတ်လား။ ဆူမီရာက နှာခေါင်းဖြင့် တစ်ဝကြီးရှုရှိုက်ကာ မေးလိုက်သည်။ ကြည့်လိုက်ရုံနှင့် နန်းတော်မှ ပါလာသော စာဖိုမှုးများလက်ရာ မဖြစ်နိုင်မှန်းသိလိုက်သည်။

“နောင်တော်…. မနက်စာ ဘာလဲဟင်..”

“မင်းသားလေး စားချင်တဲ့ မွန်ဂိုတွေရဲ့ မနက်စာ ဆန်ပြုတ်ကို ချက်ပေးထားတယ်…”

“ဟင်….တကယ်လား..ပျော်လိုက်တာ..အဲ့ဒါကြောင့် နောင်တော့်ကို ချစ်နေရတာ…”

ဆူမီရာသည် နောင်တော် တင်ဂီရိ၏ အဖြေကိုကြားသော် ကျေနပ်စွာရယ်လိုက်သည်။ ရယ်လိုက်လျှင် မျက်လုံးပေါက်လေးများ ပိတ်သွားသည်။ ထိုကလေး၏ စိတ်ေ၇ာကိုယ်ပါ ရယ်မောသည့်ပုံကို တင်ဂီရိကို ပျော်ရွင်စေသည်။

ထန်ဖိုးဖိုးက ရေနွေးသောက်ရင်း ဆူမီရာလေးကို ချစ်စနိုးနှင့်ပြောလိုက်သည်။

“အင်း…ဒီလိုနဲ့ နောင်တော်ကို ညာစားနေတာလား ဆူမီရာမြေးလေး။ နောင်တော်ကို ပြန်ချက်ကျွေးမယ် မရှိဘူး။”

ဆူမီရာလေးက ဆန်ပြုတ်ပူပူကို အားပါးတရ မှုတ်သောက်ကာ ဖိုးဖိုးကို သွားဖြဲပြကာ ပြောလိုက်သည်။

“ဆူမီရာ ကြီးလာရင် နောင်တော့်ကို ချက်ကျွေးမှာပေါ့ ဖိုးဖိုးရဲ့… ”

“အေးပါကွာ… အေးပါ..ကြားတယ်နော် မြေးလေး တင်ဂီရိ။ တကယ်ချက်ကျွေးမလား မချက်ကျွေးဘူးလား စောင့်ကြည့်လိုက်။”

တင်ဂီရိက ပြုံးကာ ဆူမီရာ၏ ပန်းကန်ထဲ သူကြိုက်တတ်သည့် များကို ရွေးကာ ထည့်ပေးလိုက်သည်။ ပဲလုံးစိမ်းနှင့် အသားကိုလည်း ရွေးထည့်ပေးသည်။ ဆူမီရာသည် မိမိကြိုက်သည်ကို နောင်တော် ထည့်ပေးနေသောကြောင့် အရမ်းကို ကျေနပ်ကာ ဖြီးလို့နေသည်။

“နောင်တော်လည်းစား…”

ဆူမီရာလေးက ပြောမှ တင်ဂီရိ စားရန်သတိရတော့သည်။ ယခုလို ဆူမီရာလေး စားချင်သည်ကို ချက်ကျွေးခွင့်ရသဖြင့် တင်ဂီရိ တကယ်ကို ပျော်မိသည်။

ဖိုးဖိုးထန်သည် အပြင်ဘက်တွင် လှမ်းလျှောက်ရင်း တင်ဂီရိနှင့် ဆူမီရာလေး၏ တွယ်တာမှု မည်မျှနက်ရှိုင်းသည်ကို သတိပြုမိကာ ကြည်နူးမိသလို အနည်းငယ်လည်းစိုးရိမ်သည်။ အဘယ့်ကြောင့်ဆိုသော် နောက်တစ်နှစ်ပြည့်လျှင် တင်ဂီရိက ငွေတောင်ပြည်မှ ထွက်ခွာသွားတော့မည်။ သူ့ ဇာတာကို တွက်ချက်ကြည့်လိုက်သောအခါ ငွေတောင်ပြည်မှ ခွာပြီးနောက်ပိုင်း တင်ဂီရိ၏ အနာဂါတ်က ပိုပြီးထွန်းလင်းတောက်ပလာမည်။ လူငယ် တစ်ယောက် အတွက် ဘုန်းလက်ရုံးနှင့် ပြည့်စုံက အရှေ့ဘက် အင်ပါယာကို ချဲ့ထွင်နိုင်သူဖြစ်လာလိမ့်မယ်။

အရှေ့ဘက် ပင်လယ်ပြင်ကို အပိုင်စိုးသည့် မဟူရာနဂါး နိုးထဖို့ အချိန်မကြာတော့ပေ။ ထို့အတူ မြောက်ဘက် နန်ကျောင်ပြည်တွင် နောက် ရှစ်နှစ်ကြာသောအခါ အဖြူရောင် နဂါးလေး တစ်ကောင်ပေါ်ပေါက်လာလိမ့်မည်။ ခွန်အားမကြီးသော်လည်း အဖြူရောင်နဂါးလေး၏ ဆက်နွယ်မှုက ပြင်းထန်သည်။ ညီအစ်ကို နှစ်ဦး နောက် ရှစ်နှစ် တွင် မျက်နှာချင်းတွေ့ဆုံကြတော့မည်။ ထို့နောက် မြောက်ဘက်ကောင်းကင်တွင် ကြယ်တစ်စင်း ကြွေမည်။ ထိုကြယ်ကြွေခြင်းက စစ်မီးကိုမွှေးစေသည့် အကြောင်းရင်းဖြစ်လိမ့်မည်။

“ဟင်း…………”

အရာအားလုံးကို ကြိုသိနေတာ တခါတလေ ကျိန်စာသင့်နေသည်ဟု ထင်မိသည်။ တင်ဂီရိ၊ ဆူမီရာနှင့် နန်ကျောင်မင်းသားလေး၏ ကံတရားက အထပ်ထပ်ရစ်ပတ်ထားခဲ့သည်။ သိမ်မွေ့သည့် နှောင်တွယ်မှုကြား မုန်တိုင်းထန်သည့် နေ့ရက်များစွာကို လူငယ်များ မည်သို့ ရင်ဆိုင်ကျော်ဖြတ်ကြမည်ကို ထန်ဖိုးဖိုးတွေးနေမိသည်။

ဆူမီရာသည် နံနက်စာ စားပြီးသည်နှင့် ဆေးစိုက်ခင်းထဲကိုလိုက်လာခဲ့ပြီး နောင်တော် တင်ဂီရိကို လက်ဆွဲကာ မိမိ လျှို့ဝှက်စိုက်ထားသည့် အခင်းကို ပြလိုက်သည်။

“နောင်တော်….. ဒီမှာ ကြည့်… ဆူမီရာ စိုက်ထားတဲ့ ဆေးပင်လေးတွေ… အားလုံးရှင်တယ်…”

တင်ဂီရိ မျက်ခုံးပင့်လိုက်မိသည်။ အခင်းလေးကသိပ်မကြီးသော်လည်း မိမိဆေးဖော်စပ်ရာတွင် လိုအပ်သည့် အပင်များကို စိုက်ထားသည်။ အပင်အားလုံး ကောင်းစွာဖြစ်ထွန်းကာ သန်စွမ်းလှသည်။ ဆယ်နှစ်အရွယ် ကလေး တစ်ယောက်အဖို့ တကယ်ကိုတော်သည်ဟုပြောရမည်။ တင်ဂီရိက ဆူမီရာ၏ ခေါင်းကို အသာပွတ်ကာ ချီးကျူးလိုက်သည်။

“တယ်ဟုတ်ပါလား။ ဒီဆေးပင်တွေကို ဆူမီရာက ဘာကြောင့်စိုက်တာလဲ… အပင်စိုက်ရတာ ၀ါသနာပါလို့လား”

“နောင်တော်က ဒီဆေးပင်တွေကို နေ့တိုင်း တောထဲ လိုက်လိုက်ရှာနေတာ ပင်ပန်းလို့ ဖိုးဖိုးကို မေးပြီး အပင်ပေါက်လေးတွေ၊ အစေ့လေးတွေကနေစိုက်ထားတာ… အပင်တွေ ကြီးလာရင် နောင်တော် တောထဲသွားစရာ မလိုတော့ဘူး…”

“ဆူမီရာလေးက နောင်တော့်အတွက် စိုက်ပေးထားတာပေါ့ ဟုတ်လား။”

“ဟုတ်တယ် နောင်တော်…”

“ဆူမီရာလေးရယ်…..သိတတ်လိုက်တာ ကလေးလေးရယ်…”

တင်ဂီရိ မအောင့်နိုင်ပဲ ဆူမီရာလေးကို ဖက်လိုက်မိသည်။ ကလေးလေးက မိမိအပေါ် စေတနာထားသည်ကို သိတော့ ရင်ထဲ တသိမ့်သိမ့်နေအောင် ကြည်နူးမိသည်။ ဒီကလေးလေးက ဘာကြောင့်မှန်းမသိ မွေးကင်းစကတည်းက တင်ဂီရိ၏ စိတ်ကို ငြိမ်းချမ်းအောင်လုပ်ပေးနိုင်သည်။ ယခုလည်းကြည့် မိမိ သက်တန့်တောင်ပေါ်က ထန်ဖိုးဖိုးထံ ပညာလာသင်သည့်ရက်တိုင်း အတင်းလိုက်လာပြီး မိမိ အတွက် ဆေးပင်များကို စိုက်ပျိုးပေးထားပုံက ၁၀ နှစ်အရွယ် ငွေတောင်မင်းသားလေးတဲ့လား။ နန်းတော်ထဲမှ နွဲ့ဆိုးဆိုးတတ်သည့် ကလေးလေးက မိမိအတွက် လူကြီးလေးလို စဉ်းစားပေးတတ်သည့်အတွက် တင်ဂီရိ ဆူမီရာလေးကို အရမ်းချစ်ကာ ပွေ့ချီကာ ဝှေ့ယမ်းလိုက်သည်။

ဆူမီရာသည် နောင်တော် ထိုသို့ မိမိကို ကလေးပေါက်စလေးလို့ ပွေ့ချီဝှေ့ယမ်းလိုက်တိုင်း အရမ်းပျော်ကာ အော်ဟစ်လိုက်သည်.။ အမြဲ ပညာလာသင်သည့် မင်းသားများနှင့် အလုပ်များတတ်သည့်နောင်တော်က ဆူမီရာကို ယခုလို မဆော့ပေးတော့တာ ကြာပြီ။ နောင်တော့်နောက် တကောက်ကောက်လိုက်ခွင့်ပေးထားသော်လည်း အခြား မင်းသား၊ မင်းသမီးများနှင့် သွားလျှင် ဆူမီရာကို တင်းတင်းကျပ်ကျပ် တားမြစ်သည်။ ထိုအခါတိုင်း ဆူမီရာက ကျောင်းပေါက်ဝတွင် အခြား အတန်းကြီးများနှင့်ထွက်သွားသည့် နောင်တော်ကို ငေးကာ ကျန်ရစ်ခဲ့စမြဲပင်။ မိမိကို ဘာကြောင့်မခေါ်ရသည်ကို တခါကမေးဖူးသည်။ နောင်တော်က ဆူမီရာ၏ ခေါင်းကို ပွတ်ကာ ပြောဖူးသည်။

“နောင်တော်တို့က လူကြီးအလုပ်လုပ်ကြမလို့။ ဆူမီရာက ငယ်သေးတယ်။ လိုက်လို့မရသေးဘူး။”

“ဆူမီရာ လူကြီးဖြစ်လာရင် လိုက်ခွင့်ပေးမှာလားဟင်”

“အဲ့ချိန် နောင်တော် ဒီမှာ မရှိတော့ဘူး။ နောင်တော်က ဒီမှာ သုံးနှစ်ပဲနေမှာလေ။”

“ဟင့်အင်း… နောင်တော် ခွဲမသွားရဘူး။ နောင်တော် သွားရင် ဆူမီရာလည်း လိုက်မယ်။”

“ဆူမီရာက ငယ်သေးတယ်။ နောင်တော်ပြန်သွားရင် မေ့သွားမှာပါ။ ခုကတည်းက အခြားမင်းညီမင်းသားတွေနဲ့ သူငယ်ချင်းလုပ်။ နောင်တော့်နားပဲ ကပ်မနေနဲ့။ ”

“ဟင့်အင်း။ နောင်တော့်နားပဲနေချင်တယ်….”

ဆူမီရာလေး ငိုရင်းပြောခဲ့သည်။ ထိုကတည်းက နောင်တော် ဘယ်သွားသွားထပ်ချပ်မခွာလိုက်ခဲ့သည်။ ဆူမီရာက နောင်တော်နဲ့ အတူသွားလာခွင့်က တစ်နှစ်ပဲကျန်တော့သည် မဟုတ်လား။ ဒါကြောင့် ယခင်လို မပျင်းတော့ပဲ နောင်တော်နဲ့အတူ ဆေးပညာသင်ချင်ကြောင်း မယ်မယ့်တို့ကို လျှောက်ထားကာ ထန်ဖိုးဖိုးထံ တရားဝင် သင်ကြားခွင့်ရခဲ့သည်။ ထို့ကြောင့် သက်တန့်တောင်သို့ အပတ်တိုင်း နောင်တော်နှင့် တရားဝင် လိုက်လာခွင့်ရခဲ့သည်။

ယခုလို လိုက်လာတိုင်း နောင်တော်က ဆူမီရာ စားချင်သည်ကို တခုမဟုတ်တခု ချက်ကျွေးလေ့ရှိသည်။ တောထဲ အမြဲလိုက်ပြီး အရသာရှိသည့် မွန်ဂိုနှင့် အာနန် ရိုးရာပေါင်းစပ်ထားသည့် ဟင်းကို အမြဲချက်ကျွေးသည်။ ဆူမီရာသည် ဖိုးဖိုးထံမှ ပညာကို သင်ရင်း နောင်တော်အတွက် လိုအပ်သည့် ဆေးပင်များကို စိုက်ပေးထားသည်။

နောင်တော်အတွက် အပင်လေးများ ရှင်သန်လာလျှင် ဆူမီရာ အရမ်းပျော်ပြီးပြောပြတော့ နောင်တော်က မိမိကို လေထဲ ဝှေ့ယမ်းသည်အထိ သဘောကျသွားတော့ ဆူမီရာ စိုက်ပေးရကျိုးနပ်သွားလေပြီ။

“နောင်တော်..ဟိုးမှာ…ဟိုးမှာ ကြည့်ဦး။တောင်ကမ်းပါးယံမှာ ပွင့်နေတာ ပုလဲပန်း အရမ်းလှတာပဲ….”

“ဆူမီရာလေး လိုချင်လို့လား…”

တင်ဂီရိသည် အမဲလိုက်ရာတွင် ဆူမီရာပူဆာသဖြင့် ခေါ်လာခဲ့သည်။ ခါတိုင်းဖြတ်သန်းနေကျ မတ်စောက်သည့် ကမ်းပါးရံနားကို ဖြတ်လာစဉ် မျက်စိလျှင်သော ဆူမီရာက ကမ်းပါးရံ အလယ်ခန့်တွင် ကျောက်တောင်ကို တွယ်ကပ်ကာ ပေါက်နေသည့်ပုလဲဖြူ သစ်ခွကို မြင်သော် လှမ်းပြလိုက်သည်။ တင်ဂီရိက မော့ကြည့်ကာ မေးလိုက်သည်။

“ဟင့်အင်း… လှလို့ပြတာ….”

ဆူမီရာက နောင်တော်ကို ပြမိပြီးမှ နောင်တော်တက်ယူပေးမည်ကိုစိုးသဖြင့် ချက်ချင်းကို ငြင်းလိုက်သည်။ ကမ်းပါးယံက မတ်စောက်လွန်းလှသည်။ နောင်တော့်ကို တခုခုမဖြစ်စေချင်သဖြင့်အမြန်ငြင်းလိုက်ခြင်းဖြစ်သည်။

ဆူမီရာလေးက ဟိုးတောင်ကမ်းပါးယံအမြင့်ကြီးမှာ ပေါက်ကာ ပွင့်နေသည့် အဖြူရောင် ပုလဲပန်းကို ငေးကြည့်နေတာ မည်မျှသဘောကျသည်ကို ဖော်ပြနေသဖြင့် တင်ဂီရိက မော့ကြည့်လိုက်တော့ ဟို အပေါ်က ပုလဲပန်းနားတ၀ိုက် တွဲကျနေသည့် နွယ်ကြိုး တုတ်တုတ်များကိုတွေ့သော် အကြံရသွားသည်။ ထို့ကြောင့်ထိုကမ်းပါးယံ အတက်ပိုင်းမှာ နွယ်ကြိုးနှင့် ဆင်းလာလျှင် ပုလဲပန်းကို အပင်လိုက် နူတ်လို့ရနိုင်သည်ကို တွက်လိုက်ပြီး ဆူမီရာလေးကို ပြောလိုက်သည်။

“ဆူမီရာလေး ဒီမှာ ခဏ အမောဖြေရင်း စောင့်ဦး။ နောင်တော် အပေါ့သွားလိုက်ဦးမယ်…”

ဆူမီရာကတော့ ထွေထွေထူးထူးမတွေးမိပဲ နံဘေးရှိကျောက်တုန်းကြီးတွင် ထိုင်စောင့်ပြီး ရေဗူးကို မော့သောက် နောင်တော့်မျှော်နေလိုက်သည်။ နောင်တော်က အနည်းငယ်ကြာသောအခါ ဆူမီရာ လှမ်းပြီးအသံပြုလိုက်သည်။

“နောင်တော်…နောင်တော်..မပြီးသေးဘူးလား…”

နောင်တော့ထူးသံကိုမကြားတော့ ဆူမီရာ ပြေးကြည့်လိုက်သော် နောင်တော့်ကို မတွေ့ရတော့ပေ။ ဆူမီရာ ကြောက်သွားသည်။ နောင်တော် ဘယ်ရောက်သွားတာလဲ။ နောင်တော် မိမိကို ပစ်ထားသွားမည်မဟုတ်မှန်းသိ သော်လည်း ရုတ်တရက်ဝမ်းနည်းသွားခဲ့သည်။ စိတ်ပူသွားခဲ့သည်။

“နောင်တော် ..နောင်တော်…..”

ဆူမီရာ အော်ခေါ်ရင်း တဖြည်းဖြည်းငိုသံပါလာခဲ့သည်။ တကယ်လည်း မျက်ရည်များက စိမ့်ထွက်လာခဲ့သည်။ ဖိုးဖိုးဆီကို မိမိပြန်နိုင်သည်ဖြစ်သော်လည်း နောင်တော် ရုတ်တရက်ပျောက်သွားတာက ဆူမီရာကို ၀မ်းနည်းလာစေသည်။

“နောင်တော်…ဟင့်..ဟင့်..”

ဆူမီရာက မျက်လုံးကို လက်ခုံနှင့်သုတ်ကာ ငိုမဲ့မဲ့နှင့် ဆက်ခေါ်လိုက်စဉ် ရုတ်တရက်နောင်တော့်အသံကို ကြားလိုက်ရသည်။

“ဆူမီရာ….”

“နောင်တော် …နောင်တော်..ဘယ်မှာလဲ…”

“ဒီမှာ….”

“နောင်တော်…”

ဆူမီရာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ နောင်တော်က မိမိ ခေါင်းပေါ်က မတ်စောက်သည့် တောင်ကမ်းပါးယံ အလယ်လောက်တွင်ရောက်နေသည်။ နွယ်ကြိုးကို ခိုပြီး တဖြည်းဖြည်း ကမ်းပါးယံမှ တွယ်ဆင်းလာခဲ့သည်။

နောင်တော့် ဦးတည်ချက်က မိမိ အမြတ်တနိုးငေးမိသည့် ပုလဲပန်းဖြူဖြူပေါက်သည့် နေရာသို့ဖြစ်သည်။ နောင်တော် မိမိအတွက် အပင်ကို တက်ခူးပေးသည်ကို သိသော် ဆူမီရာ ၀မ်းသာပြီးမျက်ရည်များစီးကျလာခဲ့သည်။ သို့သော် နောင်တော် အာရုံများမည်စိုးသောကြောင့် အသံမထွက်အောင် ပါးစပ်ကိုလက်နှင့်အတင်း အုပ်ထားလိုက်သည်။

တင်ဂီရိသည် နွယ်ကြိုးကိုခိုလိုက်၊ ခဏနားလိုက်၊ ပြီးရင် အောက် လျှောဆင်းလိုက်နှင့် အပင်နားနီးလာခဲ့သည်။ အပင်နားကို ရောက်သော် လက်တစ်ဖက်တည်းနှင့် နွယ်ကြိုးကိုရစ်ပတ်ထားပြီး အပင်ကို လှမ်းဆွဲသည်။ အမြစ်က ထင်ထားသည်ထက်ခိုင်နေသဖြင့် မနည်း အံကြိတ်ကာ ဆွဲနူတ်ရသည်။ တကိုယ်လုံး၏ အားကို လက်တစ်ဖက်တည်းနှင့် ထိန်းထားရတာ နာနေသော်လည်း အပင်ကို ရအောင်ဆွဲနူတ်သည်။

ချွေးဒီးဒီးကျလာသည့်တိုင် အပင်ကို အမြစ်ကကျွတ်ပါလာအောင် နဲ့ကာ နူတ်သည်။ နောက်ဆုံး အမြစ်က ပါလာတော့မှ တင်ဂီရိ အောက်ကို ငုံကြည့်ကာ အော်ပြောလိုက်သည်။

“ဆူမီရာ ဖမ်းထားလိုက်…”

ဆူမီရာသည် အပေါ်မှ ကျလာသည့် ပုလဲသစ်ခွပန်း အပင်ကို မြေပေါ်မကျအောင် ဆီးဖမ်းထားလိုက်ပြီး နောင်တော့်ကို မော့ကြည့်လိုက်သည်။ နောင်တော်က နွယ်ကြိုးအဆုံးထိ လျှောဆင်းလာပြီး ၀ါးနှစ်ရိုက်အမြင့် နွယ်ကြိုးဆုံးသည်နှင့် တောင်ကမ်းပါးယံကို ခြေနှင့် ကန်လွှဲကာ နံဘေးရှိ အပင်ကြီးသို့ခုန်ကူးလိုက်သည်။
ဆူမီရာသည် နောင်တော့်ကို မမှိတ်မသုန် စိုက်ကြည့်ကာ ဘေးရန်ကင်းအောင် ဆုတောင်းနေမိသည်။

နောင်တော်သည် ပေါ့ပေါ့ပါးပါးနှင့် သစ်ပင်ကြီးဆီခုန်ကူးပြီးနောက် မြေပြင်ထိ တွယ်ဆင်းလာသည်အထိ ကျောက်ရုပ်လို ကြည့်နေမိသည်။ နောင်တော်မြေပေါ်ရောက်မှ ပြေးသွားပြီးဖက်ကာ မျက်ရည်ကျမိသည်။ ခဏက စိုးရိမ်သမျှ စိတ်က ယခုမှ မျက်ရည်အဖြစ်သွန်ကျခဲ့သည်။

“နောင်တော်…နောင်တော်…”

“ဆူမီရာလေး…မငိုပါနဲ့။ နောင်တော် ဘာမှ မဖြစ်ဘူးလေ။ ကြည့်စမ်း ပန်းက တကယ်လှတာပဲ။
အပင်လိုက်ခူးလာတော့ ဆူမီရာလေး စိုက်ထားလို့ရတယ်လေ…”

“နောင်တော် သေသွားရင် ဘယ်လိုလုပ်မလဲ…နောင်တော် ကျသေသွားရင် ဘယ်လိုလုပ်မလဲ ဟီး…ဟီး…”

“ကလေးလည်း မဟုတ်ပဲနဲ့ ဆူမီရာလေးရယ်။ တိတ်တိတ်…နောင်တော်က ဒီထက်မြင့်တဲ့ တောင်ကမ်းပါးရံတွေကတောင် လျှောဆင်းလာရတာ။ နောင်တော် ကျွမ်းပါတယ်ကွ။ ကဲ ကဲ..မျက်ရည်သုတ်။ ယောက်ျားလေးဖြစ်ပြီး မျက်ရည်လွယ်တာ နောင်တော် မကြိုက်ဘူး။”

တင်ဂီရိသည် ဆူမီရာကို ပျော့ညံ့သော ယောကျာ်းလေးဖြစ်မည်စိုးသဖြင့် မျက်နှာထားတည်တည်နှင့်ပြော လိုက်သည်။

ဆူမီရာက နောင်တော် မကြိုက်သဖြင့် မျက်ရည်ကို သုတ်ကာ ပြုံးပြီးပြောလိုက်သည်။

“ခုကနောင်တော့်ကို စိတ်ပူလို့ ကျတာပါ။”

“အေးပါကွာ။ ကဲ ကဲ လာပါဦး မျက်နှာကို ဖြူဖျော့နေတာပဲ။ ကလေး ကြောက်သွားတာလား။”

“နောင်တော်ပြုတ်ကျမှာကို ကြောက်တယ်။”

“စိတ်ချ။ ဘယ်တော့မှ ပြုတ်မကျဘူး။ နောက်ရက် ကျောက်တောင်တက်တာကို သင်ပေးမယ်။ ဆူမီရာလေးကို ယောကျာ်းတွေ တက်အပ်တာ အားလုံးသင်ပေးတော့မယ်။ မဟုတ်ရင် မိန်းကလေးကျနေတာပဲ။ ”

“နောင်တော်နော်။ နောင်တော့်ကို စိတ်ပူလို့ မျက်ရည်ကျတာကို ဘာမိန်းကလေးလဲ။”

“မိန်းကလေးမို့ မျက်ရည်ကျတာပေါ့။ မဟုတ်ဘူးလား။”

“မဟုတ်ဘူး..မဟုတ်ဘူး။ ”

ဆူမီရာက နောင်တော့်စကားကြောင့် နူတ်ခမ်းဆူကာ ရှေ့မှ ဘောက်ဆတ်ဘောက်ဆတ်နှင့် ထွက်လာခဲ့သည်။ နောင်တော်က မိန်းကလေးလို့ ပြောမည်စိုးလို့ မျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။

တင်ဂီရိသည် ရှေ့မှ စိတ်ကောက်ကာ ထွက်သွားသည့် ကလေးလေးကို ပြုံးကြည့်ကာ နောက်မှ လိုက်လာခဲ့သည်။ ဒီကလေးကို ကြံ့ခိုင်လာအောင် သင်ပေးသင့်ပြီးဟု ဆုံးဖြတ်လိုက်သည်။

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet