Chapter - 32

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (32)

ဆူမီရာတို့ပြန်သွားပြီနောက် အကိုတော် ကူညီပြောပေးလို့ လျံတိုင်းပြည် စစ်သည်တော် လေ့ကျင့်ရေးကို ခမည်းတော် လက်ခံပေးသည်။ အကိုတော် ထန်လိုခိလည်း တစ်ခါတည်း လိုအပ်သည်ကို ကူညီပေးနေသဖြင့် ဟီဒယ်က ဘွားဘွား လက်ဆောင်ပေးသည့် စာအုပ်ကို သေချာကြည့်နေစဉ် ခမည်းတော် ၀င်လာသည်ကို မသိလိုက်ပေ။

“သမီးတော်… ခမည်းတော် တစ်ယောက်လုံး ၀င်လာတာကို မသိအောင် ဘာတွေကို ဒီလောက် သည်းသည်း မည်းမည်း လေ့လာနေတာလဲ….”

“သမီးတော် သတိလစ်ဟင်းသွားတာကို ခွင့်လွှတ်တော်မူပါ ခမည်းတော်ဘုရား။ ဒီစစ်ရေးဗျူဟာကျမ်းကို စိတ်ဝင်စားလွန်းသွားလို့ပါ ခမည်းတော်ဘုရား…”

ခမည်းတော်၏ အသံကို ကြားလိုက်သည်နှင့် ဟီဒယ် ချက်ချင်းထကာ အရိုသေပေးလိုက်သည်။ လျံမင်းကြီးက သမီးတော်လက်ထဲမှ စစ်ရေးဗျူဟာကျမ်းကို ကြည့်ကာ မေးလိုက်သည်။

“ဒီကျမ်းက မင်းရဲ့ ဘိုးတော် မင်းကြီးကိုယ်တိုင် ရေးသားပြုစုထားတဲ့ကျမ်းပဲ ။ သမီးတော်ကို ဘယ်သူပေးခဲ့တာလဲ။”

“ဘွားဘွား မိဖုရားခေါင်ကြီးက အသက် ဆယ့်ခြောက်နှစ် မွေးနေ့လက်ဆောင်အကြိုအတွက် ပေးခဲ့တာပါ ခမည်းတော်ဘုရား..”

ဟီဒယ်က ခမည်းတော်ကိုရိုသေစွာဖြေကြားလိုက်သည်။

“အင်း ခမည်းတော်ရဲ့ သမီးတော်လေးက နဂိုကမှ မိန်းကလေး မဆန်ရတဲ့အထဲ အခုလို စစ်ရေးဗျူဟာကျမ်းကို ဒီလောက်ဖတ်ရှုနေရင် ဘယ်ဖြစ်မလဲကွယ်။ မိန်းကလေးတို့ တတ်အပ်တဲ့ပညာကို သင်ပေးဖို့ မင်းရဲ့မယ်တော်ကိုကြပ်မတ်ခိုင်းရမယ်ကွယ်။ နောင်တချိန် အိမ်ထောင်ပြုရင် သမီးတော် အခက်တွေ့လိမ့်မယ်..”

လျံမင်းကြီးက ယောကျာ်းလေး တပိုင်းလိုနေသည် သမီးတော်ကိုကြည့်ကာ ပြောလိုက်သည်။

“ဖြစ်ပါတယ် ခမည်းတော်ဘုရား။ သမီးတော် အိမ်ထောင်မပြုပဲ လျံတိုင်းပြည် တိုးတက်အောင်ပဲ လုပ်ဆောင်မှာပါ ခမည်းတော်…”

“ဘယ်ဖြစ်မလဲ။ သမီးတော်ကညာ အရွယ်မလင့်စေနဲ့ ဆိုသလို သင့်တော်တဲ့ မင်းသားကို ခမည်းတော် အခုကတည်းက ရွေးထားတယ်။ သမီးတော် စုံမက်သူနဲ့ လက်ထပ်ပေးဖို့ ရည်၇ွယ်ထားတယ်ကွယ်.. ဒါကြောင့် မနက်ဖြန်ကစပြီး စစ်ရေးလေ့ကျင့်ရေးမှာ လျှော့ပြီး မိန်းကလေးတို့ တတ်အပ်တဲ့ပညာကို သင်ယူချေ။ အဲ့ဒါကို ခမည်းတော် ကိုယ်တိုင်လာပြောတာ။ သမီးတော် အမိန့်မနာခံရင် ခမည်းတော် နန်းတော်အပြင်ကို ထွက်ခွင့်မပြုဘူး။”

ဟီဒယ် အကြပ်တွေ့သွားပြီး ခမည်းတော်ကို ပျာပျာသလဲ ငြင်းလိုက်သည်။ တကယ်လက်ထပ်ပေးမှာကို ဟီဒယ် ကြောက်သွားမိသည်။ ယောကျာ်းတစ်ယောက်၏ ဇနီးအဖြစ်ကို လုံးဝ လက်မခံနိုင်သဖြင့် ဟီဒယ် ဒီလောက်ကြိုးစားခဲ့ခြင်းဖြစ်သည်။ မိန်းကလေးဆိုတာ အိမ်ထောင်ပြုပြီး သားသမီးမွေးပေးရုံ၊ ယောကျာ်း တစ်ယောက်ကို အိပ်ယာထဲ ဖြေဖျော်ရုံထက် အများကြီး အသုံးဝင်သည်ကို လက်တွေ့ပြချင်သည်။ ယခုလို အချိန် ခမည်းတော်သာ အိမ်ထောင်ချပေးလျှင် သတ်သေလိုက်တာမှ ကောင်းဦးမည်ဟု တွေးလိုက်မိသည်။

“ခမည်းတော်ဘုရား… သမီးတော် အိမ်ထောင်မပြုချင်သေးဘူး”

“အခု ပြုခိုင်းတာ မဟုတ်ဘူး။ အိမ်ထောင်ဘက် တွေ့ခိုင်းတာ။ အဲ့အတွက် စပြီးပြင်ဆင်ရမယ်။ လျံတိုင်းပြည်က မင်းသမီးက အဆင်းရော၊ အချင်းရော ပြည့်စုံစေချင်တယ်ကွယ်။ ပြီးတော့ သမီးတော်က အကြီးဆုံးလေ။ သမီးတော် ကစင်းလုံးချောဖြစ်မှ သမီးတော်ရဲ့ ညီမ မီဒယ်လည်း လိုက်အတုခိုးမှာပေါ့။ ”

ခမည်းတော် အမိန့်ပေးပြီး ထွက်သွားတော့ ဟီဒယ် စစ်ရေးဗျူဟာကျမ်းကို ဆက်မဖတ်နိုင်ပဲ ပြတင်းတံခါးကိုမှီကာ လက်ပိုက်ရင်း ကောင်းကင်ကို ငေးကြည့်ကာ အကြံထုတ်နေမိသည်။ ဟီဒယ် အတော့်ကို စိတ်ညစ်သွားသည်။ တကယ်တမ်းပြောလျှင် ဟီဒယ် အခုချိန် အိမ်ထောင်ရေးကို မစဉ်းစားချင်သေးပါ။ သာမန်မိဖုရားဘ၀နှင့် ဘ၀ကို မကုန်ဆုံးစေချင်ပါ။

မယ်မယ့်ကို ကြည့်ပြီး ငယ်ကတည်းက ဆုံးဖြတ်ချက်ချထားသည်။ လင်ယောက်ျား မျက်နှာကို ကြည့်နေရသည့် မိဖုရားဘ၀တွင် ဘယ်တော့မှ မနေပါ။ ကိုယ့်အစွမ်းစနှင့် လွတ်လပ်သည့် ဘ၀ကို တည်ထောင်မည်။ ပြီးလျှင် ကိုယ်ချစ်နှစ်သက်သည့် သူကို လက်ထပ်မည်။ ထိုသူကလည်း မိိမိ တစ်ဦးတည်းကိုသာ ချစ်ခင်စုံမက်သူဖြစ်ရမည်။

ဟီဒယ် ထိုသို့တွေးလိုက်သည်နှင့် လူတစ်ယောက်၏ မျက်နှာကို မြင်ယောင်လာမိပြီး ရင်ထဲ နွေးခနဲဖြစ်သွားသည်။ သူနှင့်သာဆိုလျှင် ဘ၀ခရီးကြမ်းကို အတူလျှောက်ရဲပါသည်။ သို့သော်သူက မိမိကို ချစ်ပါ့မလား။ မိမိနှင့် စကားပင် သေချာမပြောဖုးပဲ သူ့အချစ်ကို ဘယ်လိုရနိုင်ပါ့မလဲဟု တွေးကာ သက်ပြင်းချမိစဉ် အနောက်မှ ရုတ်တရက်ထွက်ပေါ်လာသော စကားသံကြောင့် လန့်သွားခဲ့သည်။

“ဘာတွေ တွေးပြီး သက်ပြင်းချနေတာလဲ ညီမလေးရဲ့။ သက်ပြင်းချရင် အသက်တိုတတ်တယ်။”

“အလကား အယူဆတွေပါ အကိုတော်ရယ်။ ကဲ အကိုတော် လေ့ကျင့်ပေးတဲ့အခြေနေ ဘယ်လိုလဲ။ တိုးတက်မှုရှိရဲ့လား။ နောက်နေ့ ညီမတော်လည်းလိုက်မယ်။”

ဟီဒယ်က အကိုတော်ကို ငဲ့စောင်းကြည့်ကာ အတွေးစကို လက်စသတ်ကာ လတ်တလော သိချင်သည်ကို မေးလိုက်မိသည်။ အကိုတော်ကို ကြည့်လိုက်တိုင်း အမြဲဖြတ်လတ်နေသည်။ ယောကျာ်းလေး ဘ၀က ဘယ်လောက် အားကျဖို့ကောင်းသည်ကို ဟီဒယ်ကို သတိပေးနေသလိုပင်။

“ဟ… သင့်တော်ပါ့မလား။ ဟီဒယ်က တပင်တိုင်မင်းသမီးလေ။ ယောကျာ်းတွေ မျက်စေ့အောက် မနေရဘူး။ ဘယ့်နှယ် စစ်သည်တော် လေ့ကျင့်ရေးကွင်းမှာ လိုက်လာရင် တိုင်းပြည်တကာက ဦးရီးတော်ကို ကဲ့ရဲ့ကြမှာပေါ့…”

“နေပါဦး။ ဟီဒယ်က ဘာလုပ်နေလို့ ကဲ့ရဲ့မှာလဲ။ ဟီဒယ် ကိုယ်ကျင့်တရား ပျက်ကွက်စရာ တခုမှ မလုပ်ဘူး။ အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။ ”

“အင်း ..ငါ့ ညီမတော်လေးက ရှာမှရှားစိတ်ဓါတ်ပဲ။ အဲ့လို စိတ်ကို အကိုတော် သဘောအကျဆုံးပဲ။ ဒါနဲ့ ဦးရီးတော်က ဟီဒယ်ကို ဘာလာပြောသွားတာလဲ။ ”

ထန်လိုခိသည် ဟီဒယ် အနည်းငယ် စိတ်တိုတောင်းနေသည်ကို ရိပ်မိကာ ရယ်မောရင်း ဦးရီးတော် လာသွားသည့် အကြောင်းရင်းကို မေးလိုက်သည်။ တကယ်တော့ ဦးရီးတော် မပြန်သေးသဖြင့် အပြင်တွင် စောင့်နေခြင်းဖြစ်သည်။

“ဘာလို့ပြောပြရမှာလဲ။”

“ဟီဒယ်ပြောပြရင် အကိုတော်လည်း စစ်သည်တော် လေ့ကျင့်ရေးကို ပြောပြမယ်။”

ထန်လိုခိသည် ဂျစ်ကန်ကန်ပြောနေသည့် ဟီဒယ်ကို အရယ်မပျက် ပြန်ပြောလိုက်သည်။ ဒီကလေးမ ဘယ်လိုပြောရင် ဘယ်လိုဖြစ်မည်ကို မိမိလောက် မည်သူမှမသိနိုင်ပေ။ ဘာကြောင့်လဲ ဆိုတော့ သူမလေးကို ငယ်စဉ် ကလေးဘ၀ ကတည်းက မိမိ ထိန်းကြောင်းလာသောကြောင့်ဖြစ်သည်။

“တကယ်လား။ ကတိနော်။”

“ကတိ။ ကဲ ဟီဒယ် အရင်ပြော…”

ထန်လိုခိသည် ခုံတွင် ၀င်ထိုင်ကာ ရေနွေးကြမ်းကို ဌဲ့ကာ အေးအေး သက်သာ သောက်ရင်း ပြောလိုက်သည်။

“ခမည်းတော်က ဟီဒယ်ကို မိန်းကလေးတွေ တတ်အပ်တဲ့ပညာကို သင်ခိုင်းလိုက်တာ။ မနက်ဖြန်ကစပြီးသင်ရမယ်။ ကဲ အကိုတော့် အလှည့်။ စစ်သည်တော်တွေ အခြေနေပြောပါဦး။”

“ဦးရီးတော်က ဘာကြောင့် မိန်းကလေး တတ်အပ်တာ သင်ခိုင်းတာလဲ။”

ထန်လိုခိသည် နှမတော်လေး မေးသည်ကို ပြန်မဖြေပဲ သူသိလိုသည်ကို ထပ်မေးလိုက်သည်။ ဦးရီးတော် သင်ခိုင်းတာ အလကားမဖြစ်နိုင်ပေ။ ထန်လိုခိ ရင်ခုန်ချင်လာသည်။ ဆယ့်ခြောက်နှစ် ကျော်လာသည့်နောက် လှသည်ထက် လှလာသည့် နှမတော်လေးကို မိမိက အရိပ်တကြည့်ကြည့်နှင့် ကြည့်လို့မှ မ၀သေး။ ဦးရီးတော်က သားမက်ရှာ ချင်နေပြီထင်သည်။

“ကြင်ဖက်ရှာပေးရင် မျက်နှာ မငယ်ရအောင်တဲ့။ ကဲ အကိုတော် မညစ်နဲ့။ ပြောပြတော့…”

ထန်လိုခိသည် ဟီဒယ်သိလိုသည်ကို ပြောပြသော်လည်း ဦးနှောက်ထဲတွင် အချက်ပေးခေါင်းလောင်းသံမြည် သွားလေပြီ။ ငယ်သေးသည်ဆိုပြီး မိမိအရိပ်ကြည့်ထားသည့် ထိုအလှနတ်သမီးလေးကို မည်သူ့လက်ထဲမှ မပေးနိုင်ပါ။ မယ်မယ့်ကို အကြောင်းစုံပြောကာ ကမ်းလှမ်းခိုင်းရမည်။ မယ်မယ်ကလည်း ဟီဒယ်ကလွဲလျှင် မည်သူ့ကိုမှ မိဖုရားခေါင်အဖြစ် လက်မခံဟု ပြောထားပြီးသားဖြစ်လို့ မိမိပြောလျှင် ချက်ချင်းလာတောင်းပေးမှာ သေချာသည်။

သို့သော် အဓိက ကတော့ ဟီဒယ်ဖြစ်သည်။ မိမိကို အကိုအရင်းလို သဘောထားနေသည်က ခက်သည်။ မိမိက ငယ်စဉ်ကတည်းက သူမလေးကို အရိပ်တကြည့်ကြည့်ပျိုးထောင်လာခဲ့သည်။ မိမိ သူမလေးအပေါ် မည်မျှ ချစ်သည်ကို သူမလေး မမြင်အောင် မနည်းကို ထိန်းထားရသည်။ သူမလေး သိမြင်သွားလျှင် ယခုလို အနီးကပ် လက်ပွန်းတသီးမနေမှာကို စိုးရွံ့လှသည်၊ ထို့ကြောင့် ထန်လိုခိ အပေါ်ယံ မျက်နှာဖုံးကို တပ်ဆင်ကာ နှမရင်းလေးလို ဆက်ဆံနေခြင်းဖြစ်သည်။

တကယ့် တကယ်က သူမလေး တနေ့တခြား အလှတိုးလာတော့ ချစ်သည့်စိတ်များမချိမဆံ့ တိုးလာသည်က မိမိအသိဆုံးဖြစ်သည်။ သူမလေးကို မိမိကလွဲပြီး မည်သူ့လက်မှ အပါမခံနိုင်ပါ။ သူမလေးကို ချစ်လွန်းလို့ လျံနှင့် ထန် နိုင်ငံပူးပေါင်းကာ အင်အားကြီးနိုင်ငံကို ထူထောင်ပေးရန် မိမိကြိုးစားနေခြင်းဖြစ်သည်။ ထိုတိုင်းပြည်တွင် သူမလေးကို ဧကရီအဖြစ်တင်မြှောက်မည်။ သူမလေး မွေးပေးသည့် သားသမီး များက မိမိတိုင်းပြည်ကို အုပ်ချုပ်သွားမည်။ ထိုစိတ်ကူးကြောင့် ထန်လိုခိ ကြိတ်ပြုံးလိုက်မိသည်။

-------------------------

ဆူမီရာသည် ငွေတောင်ပြည်သို့ နောင်တော်နှင့် အတူပြန်လာပြီးတော့ အာနန်ပြည်ကို လိုက်လည်ရန် ကြံရွယ်လိုက်သည်။ သို့သော် ထန်ဖိုးဖိုး နေမကောင်းသဖြင့် ဖိုးဖိုးကို ပြုစုပေးရန် သက်တန့်တောင်ပေါ်တွင် ကျန်ရစ်ခဲ့ရသည်။

တင်ဂီရိသည် ဆူမီရာကို တင်းတင်းဖက်ကာ ကတိတခုတောင်းသည်။ ငွေတောင်ပြည်မှ ဘယ်မှ မသွားရန်။ မကြာခင် အာနန်ပြည်နှင့် နန်ကျောင်ပြည် ထိပ်တိုက်တွေ့တော့မည်ဖြစ်လို့ ဘေးကင်းအောင်နေရန် သေချာမှာကြားကာ အာနန်ပြည်ကိုပြန်သွားခဲ့သည်။ ဆူမီရာသည် နောင်တော် ထွက်ခွာသွားသည်ကိုကြည့်ကာ ရင်ဝယ်ဆို့နစ်လာခဲ့သည်။

ဆူမီရာသည် ဖိုးဖိုးသက်သာလာသည်နှင့် နန်းတော်က ခေါ်သဖြင့် ငွေတောင် နန်းတွင်းကိုပြန်လာခဲ့သည်။ နန်းတော်ထဲတွင် မျက်နှာစိမ်းသက်တော်စောင့် တချို့ကို တွေ့လိုက်ရသဖြင့် အနည်းငယ်ထူးဆန်းနေသည်။

“ခမည်းတော် ဘုရား… သားတော် ရောက်လာပါပြီ။”

“အေးအေး… သားတော်ကို ခမည်းတော် တစ်ခုခိုင်းစရာရှိလို့ ခေါ်လိုက်တာပဲ။ ”

ခမည်းတော်က မိမိကို လူကြီးစာရင်းသွင်းကာ ခိုင်းစေမည်ဆိုသောကြောင့် ဆူမီရာ ၀မ်းသာသွားပြီး ချက်ချင်း ပြောလိုက်သည်။

“အမိန့်ရှိပါ ခမည်းတော်ဘုရား”

“အင်း……ခမည်းတော်ရဲ့ မိတ်ဆွေဟောင်း ရဲ့ သားတော် တစ်ပါး ရှိတယ်။ သူက မြောက်ပိုင်း တိုင်းပြည်က လာခဲ့တာ။ တောင်ပိုင်း တိုင်းပြည်ကို လှည့်ပတ်သွားချင်တယ်တဲ့။ အဲ့ဒါ သားတော်ကို အဖော်လုပ်ပေးစေချင်တယ် ကွဲ့..”

“သားတော် လိုက်ပို့ပေးနိုင်ပါတယ်။ ဒါပေမယ့် နောင်တော်က သားတော်ကို ငွေတောင်ပြည်က မထွက်ရဘူးလို့မှာထားတယ် ခမည်းတော်…”

ဆူမီရာက တုန့်ဆိုင်းစွာပြောလိုက်သည်။ ခမည်းတော် ခိုင်းသည်ကိုလည်း လုပ်ပေးချင်သည်။ ယခုမှ နောင်တော် မှာကြားသွားသဖြင့် အကြပ်တွေ့သွားပြီး ခမည်းတော်ကို မရွံ့မရဲ လျှောက်တင်လိုက်သည်။

“ဒါဆို သားတော်က ခမည်းတော် ခိုင်းတာကို လိုက်မလုပ်ပေးနိုင်ဘူးပေါ့ ဟုတ်လား။”

ခမည်းတော်၏ စကားကြောင့် ဆူမီရာ ၀မ်းနည်းသွားပြီး ပျာပျာသလဲ ငြင်းလိုက်သည်။

“မဟုတ်ပါဘူး ခမည်းတော်ဘုရား။ သားတော် သွားပါ့မယ်။ ဒါပေမယ့် နောင်တော်ကို အသိပေးပါရစေ…”

“အသိပေးလို့ မရဘူး သားတော်…ဘာမဟုတ်တာလေးနဲ့ မင်းရဲ့ နောင်တော်ကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်မလို့လား။ သွားတာ တစ်လပဲ ကြာမယ်။ ဒါကြောင့် သားတော်ကို တိတ်တိတ်လေး သွားစေချင်တယ်။ တကယ်လို့ မင်းရဲ့ နောင်တော် မေးလာရင် ခမည်းတော် ခိုင်းတာလို့ ပြောလိုက်ပါ့မယ်…”

ဆူမီရာက သက်ပြင်းချကာ ပြောလိုက်သည်။ ခမည်းတော် မိမိကို စိတ်ပျက်သွားမည်ကို မခံရဲပါ။ နောင်တော် စိတ်ဆိုးလျှင် နောက်မှ ကျေနပ်အောင် တောင်းပန်လိုက်မည်ဟု တွေးကာ ပြောလိုက်သည်။

“ဒါဆို သားတော် သွားပ့ါမယ့် ခမည်းတော်ဘုရား။ သားတော် လိုက်ပို့ပေးရမယ့် တစ်ယောက်ကို ဘယ်မှာ သွားတွေ့ရမှာလဲ ဘုရာ့…”

“သူ ဒီနန်းတော်ထဲမှာရောက်နေပြီ။

ငွေတောင်မင်းကြီးသည် အပါးတော်မြဲကိုအချက်ပြလိုက်သည်နှင့် အတွင်းဆောင်ထဲကို လူငယ်တစ်ဦးဝင်လာခဲ့သည်။ ထိုလူငယ်ကို ကြည့်ကာ ဆူမီရာ သိလိုက်သည်။ ထိုလူငယ်လေးက မြောက်ပိုင်းသားဖြစ်ရမည်။ အတိအကျပြောလျှင် နန်ကျောင်ပြည်က ဖြစ်ရမည်။ အဘယ့်ကြောင့်ဆိုသော် နှင်းလို ဖွေးဆွတ်သည့် အသားရေသည် မြောက်ပိုင်းသား၏ အသားရေဖြစ်သောကြောင့်ပင်။

“ဦးရီးတော်ကို ဂါရ၀ပြုပါတယ် …”

“သားတော် သူ့နာမည်က ကီလာတိုင်။ သူက ပန်တိုင်းပြည်က မင်းသားတစ်ပါးပဲ။ တူတော်မောင် ဒါ ဦးရီးတော်ရဲ့ သားတော် ဆူမီရာ…”

ကီလာတိုင်သည် ခမည်းတော်ကို အရိုသေပေးပြီး ဆူမီရာကို ခြေဆုံးခေါင်းဆုံး ကြည့်က နူတ်ဆက်သည်။ သူ့အကြည့်များက စူးရဲတောက်ပလွန်းလှသဖြင့် ဆူမီရာ အနည်းငယ် အနေရကြပ်သွားသည်။

“ကျွန်တော်က ကီလာတိုင်ပါ။ ကျွန်တော့်ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။”

မြောက်ပိုင်းသားလေး၏ လေသံက အနည်းငယ်ဝဲသည်လွဲရင် မိမိတို့ စကားကို ကျင်လည်စွာပြောနိုင်သည်ကို တွေ့လိုက်ရသည်။ ပြီးတော့ ကီလာတိုင်၏ အသံက ငွေဆည်းလည်းလို သာယာသည်ကို သတိပြုလိုက်မိသည်။

“ကျွန်တော်က ဆူမီရာပါ။ ငွေတောင်ပြည်က ကြိုဆိုပါတယ် ”

ဆူမီရာလည်း ဧည့်သည်ကို ပြန်လည်နူတ်ဆက်လိုက်သည်။ ဘာပဲပြောပြော ထိုမြောက်ပိုင်းသားသည် အကြည့်စူးရဲသည်ကလွဲရင် ဆက်ဆံရ မဆိုးလှဟု ထင်လိုက်သည်။

“တူတော်မောင် ကီလာတိုင် က အချိန် သိပ်မရဘူး သားတော်။ ဒါကြောင့် မနက်ဖြန် သားတော်တို့ ခရီးစကြတော့။
ပြီးတော့ သားတော်တို့ နှစ်ယောက်လုံးက သာမန်ပြည်သူတွေလိုပဲ ခရီးလှည့်လည်ပါ။ သားတော်လည်း မတူတဲ့ အတွေ့ကြုံကိုရမှာပါ။ ကဲ တူတော်မောင်ကို ဧည့်ဆောင်ကို လိုက်ပို့လိုက်ပါဦး… ညစာကို အတူလာစားပါ။ ”

ခမည်းတော်၏ ခိုင်းစေမှုကြောင့် ဆူမီရာသည် ကီလာတိုင်ဆိုသည့် လူငယ်လေးကို ခေါ်လာခဲ့သည်။ ထိုလူငယ်လေးက မိမိတို့ နန်းတွင်းထဲက မြင်မြင်သမျှကို ငေးနေသဖြင့် ဆူမီရာက ရှင်းပြရသေးသည်။

“အဆွေတော်…ကြည့်ချင်တယ် ဆိုရင် မနက်ဖြန် ကျွန်တော် ကျောင်းတော်ကြီးဆီ ခေါ်သွားပါ့မယ်.”

“မင်းနဲ့ ငါက အသက်အတူတူပဲ။ ငါ့ကို ကီလာလို့ပဲ ခေါ်ပါ ။ မင်းကို ဆူမီရာလို့ပဲခေါ်မယ်။ ဘယ်လိုလဲ။”

သူက မထင်မှတ်ပဲ ပြောလာသဖြင့် ဆူမီရာ လက်ခံလိုက်ရသည်။ သို့သော် ကီရာတိုင်၏ ပုံက မိမိကို ထူးဆန်းသည့်ခံစားချက်ကို ပေးနိုင်သဖြင့် ရင်ထဲ တမျိုးဖြစ်နေသည်။ ယခုမှတွေ့ဖူးသော်လည်း ရင်းနှီးသည့် ခံစားချက်။ ဒီလိုခံစားချက်မျိုး ယခုမှ ခံစားဖူးချင်းဖြစ်သည်။ ရင်းနှီးသလိုလို၊ ရွံ့တာလိုလို၊ ဆန့်ကျင်ဘက် ခံစားမှုကို ပေးနိုင်သည့် မြောက်ပိုင်းသား ကီရာတိုင်က ထူးဆန်းတာတော့ အမှန်ဖြစ်သည်။

“ကောင်းပြီလေ ကီလာ။ မင်း ငွေတောင်ပြည်နဲ့ ပတ်သတ်တာကို သိချင်ရင် ငါ့ကိုမေးပါ။ ငါ့ပြောပြပါ့မယ်.”

“စိတ်ချ။ ငါက အမေးမြန်းထူတယ်။ နောက်မှ မင်းငါ့ကို စိတ်မတိုနဲ့။”

ကီလာတိုင်က ပွင့်လင်းစွာပြောခဲ့သည်။ ဘာပဲပြောပြော ပွင့်လင်းသည်ကိုတော့ ဆူမီရာ သဘောကျသည်။

“မတိုပါဘူးကွာ။ စိတ်ချပါ။ ငါက သူငယ်ချင်းတွေကြားမှာ စိတ်ရှည်တယ်လို့ နာမည်ကြီးတယ်ကွ..”

“ဟုတ်လား။ မင်းမှာ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲ။”

“အများကြီးပဲ။ အခင်ဆုံးကတော့ နှစ်ယောက်ပေါ့။ မင်းမှာရော…”

“မရှိဘူး…”

“ဘာလို့ သူငယ်ချင်းမရှိတာလဲ။ မင်းလည်း ဘုရင့်သားပဲ။ မင်းနဲ့အတူ ကြီးပြင်းလာတဲ့ အမတ်ကြီးသားသမီးတွေ ။ စစ်သူကြီး သားသမီးတွေ မရှိဘူးလား။ ညီအစ်ကို ၀မ်းကွဲတွေရော…”

“၀မ်းကွဲတွေတော့ရှိတယ်။ ဒါပေမယ့် ငါ တယောက်နဲ့မှ မရင်းနှီးဘူးကွ…”

“မင်း တစ်ယောက်တည်း ကြီးပျင်းလာတာပေါ့။”

“အေး အဲ့ဒါကြောင့် ငါက ဘာမှ မသိဘူး။ လူတွေအကြောင်းသိချင်လို့ လောကကြီးအကြောင်းသိချင်လို့ ငါ ခရီးထွက်လာခဲ့တာ။ ငါ့ကို လိုက်ပြပေးရင်း ပြောပြမယ့်သူကိုရှာနေတာ။ မင်း ငါ့ကို လိုအပ်တာ
အားလုံးသင်ပေးရမယ်…”

“အေးပါကွာ။ ငါ သိသလောက်ပြောပြပ့ါမယ်။”

မြောက်ပိုင်းမှ မင်းသားလေးက ဘယ်လိုများကြီးပြင်းလာသလဲဟု တွေးကာ တအံ့တသြကြည့်မိသည်။ အထီးကျန်စွာ နန်းတော်ထဲ သူဘာလုပ်နေတာလဲ။ အချိန်အများစုကိုသူ ဘယ်လိုဖြစ်သန်းလာတာလဲ ထိုမေးခွန်းများကို မေးလိုက်ချင်သော်လည်း တွေ့ကာစဖြစ်လို့ အရမ်းကို စပ်စုရာကျသွားမှာလည်းစိုးရိမ်ကာ ဆူရာမီ မျိုသိပ်ထားလိုက်တော့သည်။ နောက်မှ ခရီးအတူထွက်ရင်း စကားစပ်မှ မေးမည်ဟု တေးထားလိုက်သည်။ ဘာပဲပြောပြော ရွယ်တူဆိုသည့်အတွက် ဆူမီရာနှင့် ကီလာတိုင်တို့ အချိန်တိုအတွင်း သူငယ်ချင်းဖြစ်သွား တော့သည်။

ကောင်းကင်ပြင်တွင် မြောက်ပိုင်းမှ ကြယ်တစ်လုံး တောက်ပလာသည်ကို မည်သူမှ သတိမထားမိကြပေ။

------------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet