စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (68)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (68)

 

တင်ဂီရိသည် သတိရလာသည်နှင့် မိမိရှေ့ရှိ ခုံပေါ်ထိုင်နေသည့် လူငယ်ကို အေးစက်စက် စိုက်ကြည့်နေလိုက်သည်။ ဒါတွေဖြစ်လာမည်ကို ကြိုတင်တွေးထားပြီးဖြစ်သောကြောင့် တင်ဂီရိ မတုန်လှုပ်ပါ။ မိခင်၏မျက်နှာကျနှင့်တူလှသည့် ကောင်လေးကို သေချာစိုက်ကြည့်ရင်း သူဘာတွေဖြစ်နေသည်ကို တွေးနေမိသည်။ ခမည်းတော်ကို ထောင်ချောက်ဆင်မည် ကို သိသဖြင့် အားလုံးကြိုတင်ပြင်ဆင်ထားသော်လည်း မထင်မှတ်ထားသည့် အထူးလေ့ကျင့် ထားသည့် လျှို့ဝှက် လူသတ်သမား စစ်တပ်ကို အသုံးပြုခဲ့သဖြင့် မိမိတို့ရှုံးနိမ့်ခဲ့သည်။ ယွမ်ချူးခန်၏ ပစ်မှတ်က ခမည်းတော် ဒါမှမဟုတ် မိမိဖြစ်သဖြင့် မြှားမှန်ထားသည့် ခမည်းတော်ကို ရအောင်သယ်ထုတ်သွားခိုင်းလိုက်ပြီး မိမိ အမိခံလိုက်သည်။ ပြင်းထန်သည့် ထိုးရိုက်မှုဒဏ်ကြောင့် သတိလစ်သွားစဉ် မိမိကို မြေအောက်အကျဉ်းထောင်ထဲ ချူပ်ထားပုံရသည်။ ယခု မိမိနှင့် မယ်တော်၏ သားအငယ်တို့ ထိပ်တိုက်တွေ့ကြလေပြီ။

 

ယွမ်ချူးခန်သည် တင်ဂီရိ၏ မျက်နှာကိုစေ့စေ့ကြည့်ပြီး နူတ်ဆက်လိုက်သော်လည်း မတုန်လှုပ်သည့် ပုံစံကြောင့် အနည်းငယ် အောင့်သက်သက်ဖြစ်သွားသည်။ မိမိလက်ထဲကိုင်ဆောင်ထားသည့် အမိန့်ပေးတံဆိပ်ပြား၏ အစွမ်းကိုပြန်တွေးပြီး အားတက်ကာ ပြုံးလိုက်မိသည်။ ဒီတံဆိပ်ပြားရဲ့အစွမ်းကြောင့် အင်မတန်ကို သန်မာတဲ့ စစ်ဘုရင်သားအဖကို အလွယ်တကူ တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
 

“မင်း ဘာပြောချင်တာရှိလဲ… မသေခင် ပြောချင်တာ ပြောသွားလိုက်ဦး…”
 

“လူသတ်သမားတပ်ဖွဲ့ကို အမိန့်ပေးနိုင်ရုံနဲ့ အားလုံးကို အောင်နိုင်ပြီလို့ ထင်နေတာလား…”

 

တင်ဂီရိသည် ယွမ်ချူးခန်၏အနောက်ဘက်တွင်ရပ်နေသည့် အသားရောင်ဖြူရော်ရော်နှင့်လူများကို ကြည့်ကာ စိတ်လှုပ်ရှားခြင်း မရှိသည့်ပုံနှင့်ပြောလိုက်သည်။ ယွမ်ချူးခန်က ဟက်ခနဲရယ်လိုက်ပြီး ထိုင်ရာမှ ထလာကာ ဒဏ်ရာဒဏ်ချက်များနှင့် တင်ဂီရိကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သွားကြားထဲမှလေသံဖြင့်ပြောလိုက်သည်။
 

“မင်း အမြင်စူးရှတာပဲ…ဟုတ်တယ်။ ငါ့လက်ထဲ ဒီတပ်ဖွဲ့ရှိတဲ့အတွက် မင်းကို ငါ ဂရုစိုက်စရာမလိုတော့ဘူး။ မင်းတို့သားအဖကို ရှင်းပြီးသွားရင် ဖြိုဖျက်လို့မရတဲ့ နန်ကျောင်ပြည်ရဲ့ အရှင်သခင်ဖြစ်ပြီ။”
 

“အဲ့အဖွဲ့ကို ထိန်းချုပ်နိုင်မယ်လို့ မင်းကိုယ်မင်း ယုံကြည်နေတာလား… ဒီအဖွဲ့က မင်းကို သစ္စာရှိတာ မဟုတ်ဘူး။ မင်းဆီက တံဆိပ်ပေါ်မှာပဲ သစ္စာရှိတာ။ တကယ်လို့ မင်းရဲ့တံဆိပ် သူများဆီရောက်သွားရင် မင်းအားကိုးနေတဲ့လူလက်ချက်နဲ့ပဲ မင်းအသတ်ခံရလိမ့်မယ်.. အထူးသဖြင့် ဒီလူတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့လူက မင်းဆီက တံဆိပ်ကို ပိုင်သွားရင် အရင်အသတ်ခံရမှာ မင်းပဲ…”

 

တင်ဂီရိ၏ စကားကြောင့်ယွမ်ချူးခန် ထိတ်ခနဲဖြစ်သွားပြီး အနောက်ဘက်မှ လျှို့ဝှက်စစ်တပ်ကို ခေါင်းဆောင်သည့် စစ်သူကြီးကို လှည့်ကြည့်လိုက်မိသည်။ လျှို့ဝှက်စစ်တပ် တခုလုံးတွင် အသိဥာဏ်ရှိသည့် တစ်ဦးတည်းသော တပ်မှုး။ လေးထောင့်စပ်စပ် မေးရိုး၊ မျက်ပေါက်ကျဉ်းကျဉ်းက အမြဲသွေးဆာနေသည့် လူသတ်သမားပီသသည့်လူ။ ဒီလူကို တချက်ကြည့်ပြီး ယွမ်ချူးခန်၏ စိတ်ထဲ မသိုးမသန့်ဖြစ်သွားသော်လည်း တင်ဂီရိကို ခနဲ့ဟန်ဖြင့် လှောင်ရယ်ရယ်လိုက်ပြီး ပြောလိုက်သည်။
 

“ဒီပုံစံနဲ့ ငါ့ကို မင်း ခြိမ်းခြောက်နိုင်မယ် မထင်နဲ့။ ဒီစစ်သူကြီးက ငါ့အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး။ ငါ့အဖိုး သေချာ ရွေးချယ်လေ့ကျင့်ထားတဲ့ လူယုံဖြစ်လို့ ငါယုံကြည်ရတဲ့သူပဲ…”

 

တင်ဂီရိသည် အတွင်းစိတ်မှ တုန်လှုပ်ခြောက်ခြားသွားသည့် လူငယ်လေး၏ မျက်လုံးထဲစိုက်ကြည့်ကာ စကားတလုံးချင်း ပြောလိုက်သည်။
 

“မင်းအဖိုးလေ့ကျင့်ထားတဲ့သူတွေ၊ သူတို့ သစ္စာရှိတာ မင်းအဖိုးကို။ မင်းကို မဟုတ်ဘူး။ ပြီးတော့ သက်ရှိ လူသတ်လက်နက် တစ်ခုဖြစ်အောင် မင်းအဖိုးက ဘာနဲ့အကြပ်ကိုင်ထားတယ်ဆိုတာ မင်းသိလို့လား။ အဲ့အချက်ကို ဟို တပ်မှုးသိသွားရင်း မင်း အားကိုးတဲ့ စစ်တပ်လက်ချက်နဲ့ မင်းသေဖို့ သေချာသလောက်ရှိပြီ။”
 

ယွမ်ချူးခန်သည် ထိုစကားကို ကြားသော် စိတ်မထိန်းနိုင်ပဲ လက်သီးနှင့်ပင့်ထိုးလိုက်သည်။ ထိုလက်သီးချက်ကြောင့် နူတ်ခမ်းကွဲ သွားပြီး သွေးစီးကျလာသော်လည်း တင်ဂီရိက တဟားဟားရယ်နေသဖြင့် ယွမ်ချူးခန်က ကျန်ရဲမတ်များကို နှိပ်စက်ရန် အချက်ပြ လိုက်သည်။ ထိုင်ခုံတွင်ထိုင်ပြီး တင်ဂီရိ နှိပ်စက်ခံရသည်ကို အရသာခံကြည့်နေမိသည်။ ၀ိုင်းနှိပ်စက်သည့်တိုင် အော်သံတစ်ချက် မထွက်၊ မျက်နှာမပျက်ပဲနေသည့် လူရွယ်ကိုကြည့်ကာ ယွမ်ချူးခန်၏ အမုန်းတရား ပိုမိုကြီးလာခဲ့သည်။ လျှို့ဝှက်တပ်မှုးက ယွမ်ချူးခန်၏ အနောက်ဘက်မှ အေးစက်စက်စိုက်ကြည့်နေပြီး မိမိအရှင်သခင်ကို မေးလိုက်သည်။

 

“ကျွန်တော်မျိုး သူ့ကို သတ်ပစ်ရမလား အရှင်…”
 

“မလိုဘူး။ အလွယ်တကူ သတ်လိုက်တာ သူ့ကို လွတ်ငြိမ်းခွင့်ပေးလိုက်တာပဲ။ ကျုပ်က သေတာထက်ဆိုးတဲ့ ဘ၀နဲ့ ရှင်စေချင်တယ်…”

 

တပ်မှုး၏ မျက်လုံးလက်ခနဲဖြစ်သွားပြီး တီးတိုးကပ်ပြောလိုက်သည်။
 

“သူ့ကို အရှင့်အတွက် လူသတ်လက်နက်ဖြစ်အောင် ဖန်တီးလိုက်ပြီး သူတို့တပ်ထဲ ပြန်လွှတ်လိုက်ရင် သွေးမြေကျစရာမလိုပဲ အရှင် သူ့တပ်အားလုံးကို ပိုင်ဆိုင်နိုင်ပြီး…”

 

ထိုအကြံကိုကြားသော် ယွမ်ချူးခန်၏ မျက်လုံးများတောက်ပသွားခဲ့သည်။ တင်ဂီရိကိုသာ အသိဥာဏ်ပျောက်အောင် လုပ်ပြီး မိမိအမိန့်နာခံအောင်လုပ်နိုင်လျှင် ယေစုကိုင်းကို အသာလေး သတ်ပစ်ခိုင်းလို့ပြီ။ ပြီးတော့ အာနန်ပြည်လည်း မိမိလက်အောက်ကို အလွယ်တကူရောက်လာနိုင်မည်။ ဆူမီရာလည်း မိမိရင်ခွင်ထဲ အလိုလိုရောက်လာအောင် လုပ်နိုင်လေပြီ။ တချက်ခုတ် သုံးချက်ပြတ်မည့် အစီအစဉ်ကြောင့် ယွမ်ချူးခန် တပ်မှုးကြီးကို ချီးကျူးလိုက်သည်။
 

“ခင်ဗျား တော်တယ်။ ဒါကြောင့် ဘိုးတော်မင်းတရားကြီးက ခင်ဗျားကို ဒီလျှို့ဝှက်အဖွဲ့ရဲ့ တပ်မှုးခန့်ခဲ့တာကိုး… သူ့ကို သတိမမေ့စေနဲ့။ ဆက်ပြီး နှိပ်စက်ထားလိုက်….”

 

ယွမ်ချူးခန်သည် တပ်မှုးကို ချီးကျူးစကားဆိုကာ ကျေနပ်အားရစွာဖြင့် ဆက်လက်နှိပ်စက်ရန် အမိန့်ပေးပြီး မိမိအဆောင်ကို ပြန်လာခဲ့သည်။ အဆောင်တွင် ဆူမီရာကို စကားပြောဖို့လိုအပ်နေပြီ။ ယွမ်ချူးခန် အဆောင်ကို လာခဲ့စဉ် မယ်မယ်လွှတ်လိုက်သည့် အတွင်းဝန်နှင့်တွေ့သည်။
 

“အရှင့်သားကို မိဖုရားခေါင်ကြီးက တွေ့ချင်လို့ အခေါ်လွှတ်လိုက်ပါတယ်…”

 

ယွမ်ချူးခန်က သက်ပြင်းရှိုက်ကာ မယ်မယ့်အဆောင်ကို လိုက်လာခဲ့သည်။ ဆူမီရာဆီိကိုသွားချင်လှပြီဖြစ်သော်လည်း မယ်မယ်က မကျန်းမာသေးသည့်အပြင် ယေစုကိုင်းအကြောင်းကို ရှင်းရမည်ဖြစ်လို့ ရှောင်လွဲလို့မရပေ။ဒါကြောင့် စိတ်ကို တင်းပြီး မယ်မယ့်ဆီကိုလာခဲ့သည်။
 

“မယ်မယ်… သားတော်ရောက်လာပါပြီ…”

 

ယွမ်ချူးခန်သည် ပြတင်းတံခါးအနားတွင် ၀င်ပေါက်ကို ကျောပေးထိုင်နေသည့် မယ်မယ့်ကို အရိုသေပြုရင်း လှမ်းပြောလိုက်သည်။

 

ဟော်သွန်းသည် သားတော်၏ အသံကိုကြားတော့မှ သတိဝင်လာခဲ့သည်။ မိမိလက်ထဲတွင် ကိုင်ထားသည့် ပန်းချီကားလေးကို စားပွဲပေါ်အသာချပြီး သားတော်ကို လှမ်းခေါ်လိုက်သည်။
 

“သားတော်…ဒီမှာလာထိုင်…”
 

“မယ်မယ် သက်သာရဲ့လား… ဘယ်လိုနေသေးလဲ…”

 

ယွမ်ချူးခန်သည် မယ်မယ်နှင့်မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်ပြီး ခါတိုင်းလိုမေးလိုက်သည်။ စားပွဲပေါ်တင်ထားသည့် ပန်းချီကားက ငယ်စဉ်မိမိ နှင့် မယ်မယ်အတူဆွဲထားသည့် ပန်းချီကားမှန်းသိလိုက်သည်။ မယ်မယ်ဘာရည်ရွယ်ချက်နှင့် ထုတ်ထားသည်ကို ရိပ်မိသော်လည်း မမြင်ဟန်ပြုလိုက်သည်။ ဒီအကြောင်းရာကို ပြောဖို့ နောက်ကျသွားပြီးဟု ယွမ်ချူးခန် ယူဆသည်။

 

ဟော်သွန်း သားငယ်ကို တည်ငြိမ်စွာမေးလိုက်သည်။
 

“အာနန်မင်းကြီးနဲ့ တင်ဂီရိမင်းသားကို သားတော် ဘာလုပ်လိုက်တာလဲ… ”

 

“နန်းတော်ထဲကို ခိုးဝင်လာတဲ့သူတွေက သူတို့လား…  အမတ်ချုပ်ကြီးက ကျွန်တော့်ကို ဘာမှ မပြောသေးဘူး။”
 

“မင်း လက်ထဲမှာ လျှို့ဝှက်တပ်ကို အမိန့်ပေးနိုင်တဲ့ တံဆိပ်ပြားရောက်နေပြီလို့ မင်းရဲ့ခမည်းတော် ပြောတယ်။ သားတော်.. သူတို့ကိုလွှတ်လိုက်ပါ… သူတို့က အပြစ်မရှိတဲ့သူတွေပါ…”

 

မယ်မယ့်စကားကိုကြားသော် ယွမ်ချူးခန် ပေါက်ကွဲတော့သည်။
 

“ဒါဆို ကျွန်တော်တို့ သားအဖက အပြစ်ရှိတဲ့သူတွေလား မယ်မယ်။ သူတို့က ကျွန်တော်တို့ တိုင်းပြည်ကို စစ်ကြေငြာပြီး ကျွန်တော့်မယ်တော်ကို တောင်းဆိုတယ်။ ပြီးတော့ နန်းတော်ထဲ ခိုးဝင်လာတာ သူတို့က အပြစ်မရှိဘူးတဲ့လား။ မယ်မယ့် မျက်လုံးထဲမှ ကျွန်တော့်ကို သားတော်ရယ်လို့ မြင်သေးရဲ့လား….”

 

ယွမ်ချူးခန် ထိုင်ရာမှထကာ ဒေါသကို မထိန်းနိုင်ပဲ ပြောလိုက်သည်။ ဟော်သွန်းသည် သားတော်ကိုတည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည်။
 

“သားတော်ကို မယ်မယ်အပြစ်ပြောတာ မဟုတ်ဘူး။ သားတော် အမှန်တရားကို လက်ခံဖို့အချိန်ရောက်ပြီ။ ခံစားချက်ကို ခဏဘေးဖယ်ပြီး မယ်မယ်ပြောတာ သေချာနားထောင်ပါ… ပြီးရင် သူတို့သားအဖကို အပြစ်ကင်းတယ်လို့ မယ်မယ်ဘာကြောင့် ပြောတယ်ဆိုတာ သားတော် နားလည်လာလိမ့်မယ်…”

 

ယွမ်ချူးခန် နာကျင်စွာပြုံးလိုက်သည်။ မယ်မယ်ပြောမည့်အကြောင်းရာထဲတွင် ခမည်းတော်က သူများအိမ်ထောင်ကို ဖျက်ဆီးပြီး မယ်မယ့်ကို အတင်းသိမ်းပိုက်ထားတာကို ထပ်ကြားရလိမ့်မည်။ တသက်လုံး မိမိနောက်ကွယ်တွင် တီးတိုးပြောသည်ကို ကြားခဲ့သော်လည်း အဖြစ်မှန်ကို သိသော်လည်း မိမိချစ်သည့် မယ်မယ့်ပါးစပ်မှ မိမိခမည်းတော်ကို အပြစ်ပြောသည့်စကားကို ကြားနိုင်စွမ်းမရှိပါ။ ခမည်းတော်က လူသတ်သမားဖြစ်နေသည့်တိုင် မိမိ၏ ခမည်းတော်ဖြစ်သည်။ မိမိကို ငယ်စဉ်ကတည်းက ရွှေလိုဥထားသည့် ခမည်းတော်ဖြစ်သည်။
 

“မယ်မယ် ဒီအကြောင်းကို ထပ်ပြောစရာမလိုတော့ပါဘူး။ ကျွန်တော်ငယ်ကတည်းက သိပြီးသားပါ။ ဒီအတွက်ကြောင့် ကျွန်တော် တစ်သက်လုံး စိုးရိမ်စိတ်နဲ့ အသက်ရှင်လာရတယ်။ အတင်းအကျပ်သိမ်းပိုက်ထားတဲ့ ဘုရင်ရဲ့သွေးသားမို့ ကျွန်တော့်ကို မယ်တော် ဘယ်အချိန်ထားသွားမလဲဆိုတဲ့ ကြောက်စိတ်နဲ့ ကျွန်တော် အသက်ရှင်လာရတဲ့သူပါ။ ခမည်းတော် ဘာတွေလုပ်ခဲ့ပါစေ။ ကျွန်တော့်အတွက် ကျေးဇူးရှင် ခမည်းတော်ပါ။ ခမည်းတော်ကို ကျွန်တော် အပြစ်မတင်ဘူး။ တလောကလုံးက ၀ိုင်းပယ်နေပါစေ။ ခမည်းတော်ဘက်က ကျွန်တော်ရပ်တည်မယ်။ ဘာကြောင့်လဲဆိုတော့ ခမည်းတော်ကို ကျွန်တော် ချစ်လို့ပဲ… ဒါကြောင့် ဘယ်သူအပြစ်ကင်းတယ်လို့ မယ်မယ်က ပြောပါစေ။ ကျွန်တော် စိတ်မ၀င်စားဘူး။”

 

ဟော်သွန်းသည် သားတော်ရင်ထဲမှ ဒဏ်ရာကို မြင်လိုက်ရစဉ် ရင်ထုမနာဖြစ်သွားမိသည်။ သားရဲ့ခမည်းတော်ကို နာကြည်း မုန်းတီးသည့်တိုင် သားတော်ကို မိမိပစ်သွားဖို့ မစဉ်းစားခဲ့ဖူးပါ။ ယခုလည်း ယေစုကိုင်းနှင့် မိမိတွေ့သည့်အပေါ် သားတော် အထင်မြင် လွဲနေသည်ကို ရှင်းပြရန်ကြိုးစားလိုက်သည်။
 

“အာနန်မင်းကြီးကို မယ်မယ်ခေါ်လိုက်တာ ဘာကြောင့်ထဲလဲ… သားတော်ကို မယ်မယ်ခွဲမထားရက်လို့ သူတို့စစ်တပ်ကို ရုပ်သိမ်းဖို့ မယ်မယ်ခေါ်ပြောနေတာ.. ”

 

မယ်မယ့်စကားကိုကြားသော် ယွမ်ချူးခန် လှောင်ရယ်ရယ်လိုက်သည်။
 

“အမတ်ချုပ်ကြီးသာ အချိန်မှီရောက်မလာရင်၊ ယေစုကိုင်းသာ ဒဏ်ရာရမသွားရင် မယ်မယ် ဒီစကားကိုပြောပါ့မလား။ ”
 

“မယ်မယ် ဘယ်တုန်းက မမှန်တဲ့စကားကို ပြောတာမြင်ဖူးလို့လဲ သားတော်… သားတော်က မယ်မယ့်သားပါ။ သားရဲ့ခမည်းတော် မကျန်းမမာဖြစ်နေချိန် မယ်မယ် ဘာကြောင့်ထွက်သွားမှာလဲ.. ပြီးတော့ မယ်မယ် သားတော်ကို ပြုစုပျိုးထောင်လာခဲ့တစ်သက်လုံး သားတော်ရဲ့ခမည်းတော်ပေါ်ထားတဲ့ အမုန်းတရားလုံးဝမပါဝင်စေခဲ့ဘူး။ သားတော်နဲ့ သားခမည်းတော်ကို မယ်မယ်ရောထွေး မမြင်ပါဘူး။”

 

ခမည်းတော်ကို မုန်းတီးသည်ဆိုသည့် စကားကိုကြားသော် ယွမ်ချူးခန် ရင်ထဲအောင့်သွားခဲ့သည်။ သနားစရာကောင်းသည့် ခမည်းတော်၊ အထီးကျန်သည့်  ခမည်းတော်..။ မိမိကလွဲလျှင် ချစ်မည့်သူမရှိသည့် ခမည်းတော်။
 

“မယ်မယ် ရက်စက်တယ်… ခမည်းတော်က သူ့အသက်ထက် မယ်မယ့်ကို ပိုချစ်ခဲ့တာ။ မယ်မယ် အရမ်းရက်စက်တယ်…”
 

“မင်းကြီးက သားတော်အတွက် ကျေးဇူးရှင်ဖြစ်ပေမယ့် သူက အာနန်မင်းကြီး သားအဖကို နစ်နာအောင် လုပ်ခဲ့တဲ့သူဆိုတာ သားတော်ငြင်းလို့မရဘူး။ ပြီးတော့ မယ်မယ့် မိသားစုကိုဖြိုခွင်းပြီး မယ်မယ့် ခင်ပွန်းနဲ့သားကို ခွဲထုတ်လိုက်တဲ့ အဖြစ်မှန်က ပြောင်းလဲမသွားဘူး။ တင်ဂီရိဘက်က ကြည့်ရင် သားရဲ့ ခမည်းတော်ကို မုန်းတီးဖို့ အကြောင်းရင်း လုံလောက် နေပြီ။ ဒါပေမယ် သူတို့ သားအဖက သဘောထားကြီးကြီးနဲ့ မယ်မယ့်တောင်းဆိုချက်ကို စဉ်းစားပေးခဲ့တယ်။ လက်ခံခဲ့တယ်။ သူတို့ တပ်ရုပ်သိမ်းဖို့ သဘောတူခဲ့တယ် သားတော်…”
 

ဟော်သွန်းပြောရင်း မျက်ရည်ကျလာခဲ့သည်။ သားတော်ရင်ထဲက ကြောက်ရွံ့မှု အတွက်၊ သားတော်ရဲ့ အထီးကျန်မှုအတွက်၊ ထွက်ပေါက်မရှိပဲ ပိတ်မိကာ လူကြမ်း လုပ်နေသည့် သားငယ်လေးအတွက် ဟော်သွန်း ၀မ်းနည်းစွာ ငိုကြွေးရင်း ပြောလိုက်သည်။

 

“သားတော် ဖမ်းထားတဲ့ တင်ဂီရိကို ပြန်လွှတ်ပေးလိုက်ပါ။ ပြီးတော့ ဆူမီရာကိုလည်း ပြန်လွှတ်ပေးလိုက်ပါ။ မယ်မယ် သားတော်တို့ သားအဖနဲ့အတူတူ ဒီနန်းတော်ထဲမှာ သေတဲ့အထိ နေသွားပါ့မယ်…”

 

ယွမ်ချူးခန် နောက်ကိုခြေတလှမ်းဆုတ်လိုက်ပြီး မယ်မယ့်ကို မေးလိုက်သည်။
 

“တင်ဂီရိကို သားတော်ဖမ်းထားတာ မယ်မယ်ဘယ်လိုသိတာလဲ…”
 

“မယ်မယ်လည်း မိဖုရားခေါင်နေရာမှာ ရှိပါသေးတယ် သားတော်… မယ်မယ် တောင်းပန်ပါတယ်။ တင်ဂီရိကို လွှတ်ပေးလိုက်ပါ။ သူတို့သားအဖကို မယ်မယ် နောက်ထပ် ပေါ်မလာဖို့ ပြောလိုက်ပါ့မယ်။ မယ်မယ် သားတော်ရဲ့ မယ်မယ်အဖြစ် ဒီနန်ကျောင် နန်းတွင်းမှာသေတဲ့အထိ နေသွားမှာပါ…”

 

ယွမ်ချူးခန် တွေဝေသွားသော်လည်း မိမိမဟုတ်သည့် အခြားသားအတွက် မျက်ရည်ကျနေသည့် မယ်မယ့်ကိုကြည့်ကာ ဒေါသတို့ ဆူဝေလာပြန်သည်။ မယ်မယ်မျက်ရည်ကျမှာစိုးလို့ မိမိတောင် ဘာမှမလုပ်ပဲ စကားနားထောင်ခဲ့သော်လည်း တင်ဂီရိကိုစိုးရိမ်သဖြင့် မယ်မယ်မျက်ရည်ကျသည်။ ယေစုကိုင်းကို စိုးရိမ်ပြီးမယ်မယ် မျက်ရည်ကျသည်။ မိမိနှင့် ခမည်းတော်အတွက် မယ်မယ် စိုးရိမ်ဖူးရဲ့လား။ စိတ်ရိုင်း၊စိတ်မိုက်ဝင်လာပြီး တင်ဂီရိကို လူသတ်လက်နက်အဖြစ် ပြောင်းလဲပြီး မယ်မယ်မျက်စိရှေ့မှာ ထားဖို့ စိတ်ပိုင်းဖြတ်လိုက်ကာ မယ်မယ့်ကို ညင်သာစွာပြောလိုက်သည်။
 

“တင်ဂီရိကို ပြန်လွှတ်သင့်၊မလွှတ်သင့် သားတော် စဉ်းစားလိုက်ဦးမယ် မယ်မယ်။ မယ်မယ် နေကောင်းအောင် နေပါ။ မယ်မယ် တခုခုဖြစ်ရင် သားတော် သူတို့အားလုံးကို တစစီလုပ်ပစ်မယ်လို့ ကျိန်ဆိုတယ်”

 

“သားတော်..ချူးခန်…”

 

ဟော်သွန်း လှမ်းခေါ်သော်လည်း ယွမ်ချူးခန် လုံးဝလှည့်မကြည့်ပဲ အဆောင်မှထွက်ခွာသွားတော့သည်။ အဆောင်ပြင်သို့ရောက်သော် လျှို့ဝှက်တပ်မှုးကို အမိန့်ပေးလိုက်သည်။
 

“တင်ဂီရိကို လူသတ်လက်နက်ဖြစ်အောင် အသွင်ပြောင်းလိုက်တော့….”
 

“မှန်လှပါ အရှင်…”

 

ထိုတပ်မှုးက အရိုသေပေးကာ အကျဉ်းထောင်ဘက်ကိုထွက်သွားခဲ့သည်။ ထို့နောက် ယွမ်ချူးခန်သည် ဆူမီရာကိုတွေ့ရန် အဆောင်ကိုပြန်လာခဲ့သည်။ ချစ်သော ဆူမီရာ ကို မိမိရင်ခွင်မှ မည်သူ့ကိုယူဆောင်ခွင့်မပြုနိုင်ပါ။ ဆူမီရာသည် မိမိအပိုင်ဖြစ်ရမည်။ ယခုအချိန်ကစပြီး မိမိချစ်သောသူများကို အမြဲပိုင်ဆိုင်ထားနိုင်ပြီဟု တွေးကာ လုပ်မိသမျှကို နောင်တမရပဲ အားရစွာ ရယ်မောလိုက် တော့သည်။

 

-----------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet