Chapter - 25

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (25)

ဆူမီရာသည် နောင်တော့် လက်ကို မလွှတ်တမ်းဆွဲထားပြီး မိမိအဆောင်ကို ခေါ်လာခဲ့သည်။ တင်ဂီရိသည် ဆူမီရာလေး၏ နောက်ကို ပြုံးပြုံးကြီးလိုက်ခဲ့သည်။ ဒီလို မိမိကိုချစ်ခင်သည့် ကလေးလေး၏ တရင်းတနှီးအပြုအမူလေးကို နေ့တိုင်းလွမ်းဆွတ်ခဲ့ရသည် မဟုတ်လား။ ယခုတော့ မိမိလက်ကို ပိုင်ပိုင်နိုင်နိုင်ဆွဲ ထားသည့် ဆူမီရာလေးနောက်ကို မမောနိုင်မပန်းနိုင်လိုက်ခဲ့သည်။

“ဘယ်သွားမလို့လဲ ဆူမီရာလေးရဲ့..”

“ကျွန်တော့်အဆောင်မှာ ပြစရာရှိလို့…”

“အရှင့်သား မင်းသားတင်ဂီရိတို့ကို မယ်တော်ကြီးက အထူးဧည့်ဆောင်မှာ မနက်စာ တည်ခင်းဖို့စောင့်နေပါတယ်..

“မယ်မယ့်ကို ခဏလေးလို့ ပြောလိုက်ပါ အပါးတော်မြဲကြီး။ ကိုယ်တော် နောင်တော့်ကို ပြစရာလေးရှိလို့…သွား..သွား..အခု မယ်မယ့်ကို သွားလျှောက်တင်လိုက်ဦး။”

အပါးတော်မြဲကြီးက ခေါင်းကုတ်ကာထွက်သွားရသည်။ တကယ်တော့ မင်းသား တင်ဂီရိကို ဆွဲခေါ်သွားလို့ မိဖုရားခေါင်ကြီးက လိုက်ခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်။ ယခု မင်းသား တင်ဂီရိကပါ ခေါင်းငြိမ့်ပြသဖြင့် ပြန်လည်လျှောက်တင်ရန် ထွက်ခဲ့ရတော့ သည်။ မင်းသားလေး ဆူမီရာတော့ သူ့နောင်တော်ကို မလွှတ်တမ်းဆွဲထားလိုက်ပုံက သူ့လက်ထဲမှ မည်သူ့ကိုမှ အပါမခံနိုင်အောင်ကို အပိုင်ဆွဲထားသည်နှင့်ပင်တူသည်ဟု တွေးမိပြီး အပါးတော်မြဲ ကုန်းကုန်းက ရယ်ချင်သွားသည်။

“အင်း ငါတို့ မင်းသားလေးက မိန်းကလေးသာဖြစ်ရင် ပွဲပြီးပြီ။ အခုတော့ ညီအစ်ကိုပဲ လုပ်ရုံပေါ့..ဘယ်တတ်နိုင်မလဲ။ ယောက်ျားလေးဖြစ်တာတောင် မင်းသားတင်ဂီရိက အရှင့်သားကို ဒီလောက်ချစ်တာ။ မိန်းကလေးသာဖြစ်ရင် ဘယ်လောက် ငုံထားမတတ်ချစ်လိုက်မလဲနော်။ ကံတရားကလည်း နည်းနည်းလေး လွဲသွားရတယ်လို့…”

အပါးတော်မြဲကြီးက တယောက်တည်း တတွတ်တွတ်ရွတ်နေမိသည်။

တင်ဂီရိသည် အပါးတော်မြဲကြီးကို ခေါင်းငြိမ့်ကာ အချက်ပြလိုက်ပြီး ဆူမီရာ ဆွဲခေါ်ရာ သူလေး၏ အဆောင်ထဲထိပါလာခဲ့သည်။ ဒီအဆောင်ကို မိမိရောက်တာ ၅ နှစ်ပင်ရှိခဲ့လေပြီ။ ကျောင်းတော်တွင် ပညာဆည်းပူးစဉ်က သုံးနှစ်လုံးလုံး ဒီအဆောင်ထဲ မ၀င်ချင်မှ အဆုံးရောက်ခဲ့သည်။ ထိုစဉ်က ဆူမီရာက ၁၁ နှစ်၊ မိမိက ၂၃ နှစ်။ ယခု ဆူမီရာက ၁၆ နှစ်ပင်ပြည့်ခဲ့ပြီ။ ၀ါးပင်လို ကျော့ရှင်းကာ ကျက်သရေရှိသည် လုလင်ပျိုလေးဖြစ်ခဲ့လေပြီ။ ငယ်စဉ်ကတည်းက ချီပိုးခဲ့သည့် ဆူမီရာလေး ပိုပိုချစ်စရာကောင်းလာခဲ့သည်ကို မျက်စိရှေ့မှာတွေ့ခဲ့သည်ဖြစ်သော်လည်း တင်ဂီရိ မအံ့သြပဲ မနေနိုင်ခဲ့ပေ။ သူလေး မည်မျှ ချစ်စရာကောင်းလာသော်လည်း မိမိကို ချစ်သည့်စိတ်က တရွေးသားမျှ လျော့ပါးသွားသည် မရှိခဲ့ပေ။ ဆူမီရာလေး၏ စိတ်သည် သူ့အကြည့်လေးတွေလို ကြည်လင်သန့်ရှင်းလွန်းလှသည်

ယခုလည်း သူ့နောင်တော်အရင်းအချာပမာ မိမိလက်ကို ပိုင်ပိုင်နိုင်နိုင်ဆွဲလို့ သူ့အိပ်ဆောင်ထဲကို တန်းခေါ်လာခဲ့သည်က သက်သေပဲဖြစ်သည်။ အဆောင်မှာ အမှုထမ်းများက ငွေတောင်မင်းသားလေး လက်ဆွဲခေါ်လာသည့် အရှေ့ပိုင်း၏ လူငယ်စစ်ဘုရင် ကုလန်ကို ပျာပျာသလဲ အရိုအသေပေးကြသည်။ ယခုချိန်တွင် အားလုံး၏ အမြင်တွင် လွန်ခဲ့သော ငါးနှစ်က ငွေတောင်ပြည်တွင် ပညာဆည်းပူးခဲ့သည် အာနန်မင်းသား တင်ဂီရိဆိုသည့် အမည်ထက် စစ်ဘုရင် ကုလန်ဆိုသည့် အမြင်ဖြင့် ပိုလို့မြင်လာခဲ့သည်။

ကြေးနီရောင်တောက်လာသည့် အသားရေ၊ ကြံ့ခိုင်သန်စွမ်းသည့် ကိုယ်ခန္ဓာ၊ စူးရှသည့် မျက်ဝန်းအစုံနှင့် စစ်ဘုရင် ကုလန်သည် မျက်လုံးခြင်းဆိုင်မိသူများကို ထိတ်လန့်စေသော်လည်း ငွေတောင်ပြည်၏ နှလုံးသည်းပွတ် မင်းသားလေး ဆူမီရာ အတွက် နည်းနည်းမှ ပြောင်းလဲပုံမရပါ။

ဆူမီရာသည် အခြားသူများ၏ အားကျသည့်အကြည့်ကို သတိမထားမိပေ။ သူ့အာရုံက သူရေးဆွဲထားသည့် နောင်တော်တင်ဂီရိ၏ ပုံတူပန်းချီကားကို ပြရန်သာ စိတ်စောနေသည်။ အိပ်ဆောင်ထဲ နံရံပေါ်တွင် ကပ်ထားသည့် နောင်တော့်ပုံကို ကြွားချင်လှပြီ မဟုတ်လား။

“ဆူမီရာလေး ဘာကိုပြန်မလို့လဲကွ။”

“ဟောဒီမှာကြည့်…. ကျွန်တော်ကိုယ်တိုင်ဆွဲထားတာ…”

နံရံများပေါ်တွင် အပြည့်နေရာယူထားသည့် မိမိပုံတူများကိုကြည့်ကာ တင်ဂီရိ ဆွံအသွားမိသည်။ မိမိ၏ အမူယာမျိုးစုံကို တထပ်တည်းတူအောင် ရေးဆွဲထားသည့် အစွမ်းက တော်ရုံအစွမ်းမဟုတ်ပေ။ ဆူမီရာလေး မိမိကို မည်မျှလွမ်းဆွတ်ပြီး သတိရပြီး ရေးဆွဲထားသည်ကို ခံစားမိလိုက်သည်။ တင်ဂီရိသည် ပုံများကို တပုံခြင်းလိုက်ကြည့်လိုက်ပြီး ကြက်သီးမွေးညှင်း ထောင်ထလာသည်အထိ ရင်ထဲ အံ့သြကြည်နူးမိသည်။ ဆူမီရာလေး မိမိအပေါ် သည်လောက် သံယောဇဉ်ရှိသည်ကို သိရတော့ တင်ဂီရိ စိတ်ကို မထိန်းနိုင်တော့ပဲ နောက်သို့လှည့်ကာ မိမိကို ပြုံးကြည့်နေသည့် ဆူမီရာလေးကို သိမ်းကျုံးကာ ဖက် လိုက်သည်။

“အွတ်… နောင်တော်… ”

ရုတ်တရက် စိတ်လက်မာန်ပါဖြင့် အားပါသွားသောကြောင့် ဆူမီရာလေး အွတ်ခနဲတောင်မြည်သွားသည်။ ထိုအခါမှ တင်ဂီရိက သတိရကာ လွှတ်ပေးလိုက်ပြီး စိုးရိမ်တကြီး ငုံ့မေးလို်က်သည်။

“တောင်းပန်ပါတယ် ဆူမီရာလေးရယ်။ နောင်တော့်ကို ဒီလောက်သတိရတာကို သိရတော့ အရမ်းပျော်သွားပြီး ဖက်လိုက်မိတာ။”

သို့သော် ဆူမီရာက နောင်တော့်ခါးကို ပြန်ဖက်ထားပြီး ရင်ဘတ်တွင် မျက်နှာဝှက်ကာ ရှိုက်သံနှင့် ပြောလိုက်သည်။

“ဟင့်အင်း… ကျွန်တော် အခုလို နောင်တော့် ရင်ခွင်ထဲ ပြန်နေရဖို့ ဘယ်လောက်တောင် ဆုတောင်းခဲ့ရလဲ သိလား။ နေ့တိုင်း၊ ညတိုင်း ဘုရားဆီမှာ ဆုတောင်းတယ်။ ကျွန်တော် နောင်တော့်အပေါ်ချစ်တဲ့ အချစ်စိတ်က စစ်မှန်ရင် နောင်တော် အမြန်ဆုံးပြန်လာပါစေ။ ပြီးတော့ အရင်လိုပဲ နောင်တော် ကျွန်တော့်ကို အချစ်မလျော့ပါစေနဲ့လို့ ဆုတောင်းနေခဲ့တာ….”

ထိုစကားကိုကြားသော် တင်ဂီရိ ဘယ်လိုမှ ထိန်းမထားနိုင်တော့ပဲ ဆူမီရာလေး၏ ပါးပြင်ကိုငုံ့ကာ နမ်းပစ်လိုက်မိတော့သည်။ ပြီးတော့ ပြုံးကာ ပြောလိုက်သည်။ စစ်ပွဲများစွာကို စိတ်လှုပ်ရှားခြင်းမရှိ တိုက်ခိုက်နိုင်ခဲ့သော်လည်း ယခုအခါ တင်ဂီရိ၏ စိတ်တို့ ကတုန်ကယင်ဖြစ်အောင်ကို လှုပ်ရှားနေခဲ့သည်။ မိမိချစ်သလို ဆူမီရာလေးက ပြန်ချစ်သည်ဆိုသည့် အသိက သူရာ ဆယ်အိုးကို သောက်ထားသလိုပင် လူကို မူးရိပ်မူးရိပ်ကို ဖြစ်သွားစေသည်။

“ဆူမီရာလေး နောင်တော့်ကို ချစ်တယ်ဟုတ်လား။”

“ဟုတ်တယ်။ ငယ်ကတည်းက နောင်တော့်ကို ချစ်တယ်။ အခု လွမ်းလွန်းလို့ နောင်တော့်ကို ပိုချစ်မိလာတယ်။ နောင်တော် အခြားမိဖုရားကိုချစ်သွားမှာကိုတောင် ကျွန်တော် မလိုလားတော့ဘူး။”

ထိုစကားအဆုံးတွင် တင်ဂီရိသည် ပျော်လွန်းသဖြင့် ကျေနပ်စွာရယ်မောရင်း ဆူမီရာလေးကို ပွေ့ကာ လေထဲ ဝေ့ယမ်းလိုက်မိတော့သည်။

“ချစ်သထက် ချစ်အောင်ကို ပြောတတ်လိုက်တာ ဆူမီရာလေးရာ။ နောင်တော် ဆူမီရာ့ စကားကိုကြားတာနဲ့ကို သေပျော်ပြီကွ…”

ဆူမီရာသည် နောင်တော်၏ ရယ်မောသံကို နားဆင်ရင်း နောင်တော့်ကိုယ်ကို ဖက်ကာ လေထဲဝှေ့ယမ်းသည်ကို သဘောကျစွာ လိုက်ပြီးရယ်မောလိုက်မိသည်။ ပြီးတော့ နောင်တော့် စကားကြောင့် ဆူမီရာ မျက်မှောင်ကုတ်ကာ ရန်လုပ်လိုက်သည်။

“အာ… ဘာသေပျော်ပြီလဲ။ မရဘူး။ နောင်တော် လုံးဝမသေရဘူးနော်။ ကျွန်တော် နောင်တော့်နောက်မှာ ထပ်ချပ်မကွာလိုက်ပြီး တိုင်းပြည်ကို ထူထောင်တဲ့နေရာ ကူညီဦးမှာ။ ”

တင်ဂီရိသည် ဆူမီရာလေး၏ စကားကြောင့် ချစ်သည်ထက်ချစ်ကာ ဆူမီရာကို မျက်တောင်မခတ်ပဲ စူးစိုက်ကာကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

“နောင်တော် ဆူမီရာကို ချစ်တယ်။ နောင်တော်ကလွဲရင် ဆူမီရာကို ဘယ်သူမှ မပိုင်ရဘူး။ ဆူမီရာကို နောင်တော့်နားက ဆွဲထုတ်တဲ့သူကို တစ်စစီလုပ်ပြစ်မယ်လို့ နောင်တော် သစ္စာဆိုတယ်”

နောင်တော်၏ အကြည့်၊ နောင်တော့်လေသံကိုကြားသော် ဆူမီရာ ကြက်သီးထသွားသည်အထိ ကြည်နူးသွားမိသည်။ နောင်တော့်ပါးကို ခြေဖျားထောက်ကာ နမ်းလိုက်ပြီးပြောလိုက်သည်။

“စိတ်ချပါ။ ဆူမီရာဆိုတာ နောင်တော့်အတွက်ပါ။ ကျွန်တော် နောင်တော့် အနားမှာ သေတဲ့အထိနေမှာ။”

ထိုစကားကြောင့် တင်ဂိရိသည် ဆူမီရာ၏ လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားမိသည်။ ဒီကလေးအတွက် အင်အားကြီးပြီး အေးချမ်းသည့် တိုင်းပြည်ကိုထူထောင်ပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ မယ်တော်ကို ရအောင်ပြန်ခေါ်မည်။ မိသားစု ပြန်ဆုံမိလျှင် ဆူမီရာကို မိမိတို့ အာနန်ပြည်တွင် ခေါ်ထားမည်ဟု ကြိတ်ကာ တွေးလိုက်မိသည်။

-----------------------------------------------

ဟော်သွန်းသည် မြို့ပြင်မှ စံအိမ်မှပြန်လာသောအခါ သားတော် ယွမ်ချူးခန်ကို နန်းအပြင်သို့ သူ၏ မိဖုရားလောင်း တစ်သိုက်နှင့် ထွက်လာသည်ကို တွေ့လိုက်သဖြင့် ဟော်သွန်း ရထားလုံးကို ရပ်ခိုင်းလိုက်သည်။

“သားတော်…”

ယွမ်ချူးခန်သည် မယ်မယ့်ရထားလုံးကိုတွေ့သော် ရှောင်ထွက်မည်အပြု မယ်မယ့်ခေါ်သံကြောင့်မလွဲသာပဲ မြင်းပေါ်က ဆင်းကာ မယ်မယ့် ရထားလုံးနားကိုလာခဲ့သည်။ ဟော်သွန်းသည် ရထားလုံး ပြတင်းတံခါးကို ဖွင့်ကာ သားတော်ကို စောင့်နေလိုက်သည်။

“မယ်မယ်ဘုရား..သားတော် ရေကန်ဘက်ကို လှေစီးထွက်လိုက်ဦးမယ် ဘုရား။ အသစ်ရောက်လာတဲ့ နှမတော်လေးက
ရေကန်အကြီးကြီးကို မမြင်ဖူးဘူးဆိုလို့ သားတော်လိုက်ပို့မှာပါ။ ”

“မင်း ဒီနေ့ မြှားပစ်လေ့ကျင့်ရမှာ မှတ်မိရဲ့လား။”

“မှတ်မိပါတယ် မယ်မယ်။ သားတော် ညနေစောင်း အမှီပြန်လာပါ့မယ်။”

ဟော်သွန်းသည် လက်အောက်ခံတိုင်းပြည်မှ ဘုရင့်သမီးတော်လေးများကို တစ်ချက်ကြည့်ကာ ခေါင်းညိမ့်လိုက်သည်။ ခန်မင်းကြီးနှင့် အမတ်ကြီး တားဂေါတိုင်း၏ အကြံကို မိမိ ရွံရှာစက်ဆုပ်နေတာ ကြာလှပြီ။ မိမိတတ်နိုင်တာက သားတော်ကို သူတို့ လို စိတ်ဓါတ်မကူးစက်လာအောင် မိမိနှင့်အနီးကပ် သွန်သင်ပေးရုံသာရှိတော့သည်။ စာပေပညာကို သင်ကြားခိုင်းသော်လည်း စိတ်ပါဝင်စားမှုနည်းသည့် သားတော်ကို မိမိကိုယ်တိုင် ကြီးကြပ်ကာ မြှားပစ်လေ့ကျင့်ပေးခဲ့သည်။ မောရကစ်အနွယ် ဖြစ်လျက်နှင့် သားတော်တွင် မြှားပစ်စွမ်းရည်မရှိလျှင် မိမိရှက်လို့ သေသွားနိုင်သည်။

“နန်းတော်ကိုပြန်မယ်။”

ဟော်သွန်း၏ အမိန့်ကြောင့် ရထားလုံးက တဟုန်ထိုးထွက်လာခဲ့သည်။ ယွမ်ချူးခန်သည် မယ်မယ့်ရထားလုံးထွက်သွားမှာ မိမိ၏ မိဖုရားလောင်းငါးပါးရှိသည့် ရထားလုံးနားကို ပြန်လာပြီး ပြောလိုက်သည်။

“ကဲ….ကိုယ်တော် ညနေ အမှီပြန်ရမှာဆိုတော့ ခပ်သွက်သွက်လေး သွားကြတာပေါ့။ ကိုယ်ရံတော်ကြီး ဟိုမှာ ဖျော်ဖြေရေးကို အားလုံး စီစဉ်ထားတယ်မဟုတ်လား။”

“အားလုံး အသင့်ပါ အရှင်မင်းသား”

“ကောင်းပြီ… အားလုံး အမြန်သွားရအောင်”

ယွမ်ချူးခန် မြင်းကို ဒုန်းစိုင်းကာ စီးထွက်ခဲ့သည်။ ရထားလုံးလည်း တဟုန်ထိုး နောက်မှာ လိုက်လာခဲ့သည်။ ကိုယ်ရံတော်တပ်ဖွဲ့လည်း မင်းသားနှင့် မိဖုရားလောင်းများကို ခြံရံကာ မြို့ပြင်ကို တဟုန်ထိုးထွက်လာခဲ့သည်။

“ကဲ နှမတော်လေးတို့ ကြည့်စမ်း။ မင်းတို့လေညှင်းခံဖို့အတွက် လုပ်ထားတဲ့ လှေတော် မခမ်းနားဘူးလား။ အားလုံး လှေပေါ်တက်မယ်။ အပေါ်မှာ အတီးမှုတ်ကချေသည်တွေ စောင့်နေကြပြီ…”

တိုင်းပြည်ငါးခုမှ ဘုရင့်သမီးတော်များသည် ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသည့် လှေကြီးကို ကြည့်ကာ ရင်သပ်ရှုမောဖြစ်နေကြသည်။ နောက် ရထားလုံးမှာ ပါလာသော အခြွေရံ အပျိုတော်တစ်ယောက်စီက မိမိတို့ ခစားရသည့် သခင်မများကို လက်တွဲကာ လှေတော်ပေါ်ကို ခေါ်လာခဲ့ကြသည်။

“မောင်တော့်လှေက သိပ်ကိုလှတာပဲ။”

“အကြီးကြီးပဲ…. အဲ့လှေနဲ့ စီးပြီး လေညှင်းခံရမှာ ပျော်လိုက်တာ..”

“မောင်တော်က တကယ်ကို ချစ်ဖို့ကောင်းတာပဲ …”

“လာ..လာ… မြန်မြန်…. ကန်ထဲကို သွားချင်လှပြီ။”

အရင်ရောက်နှင့် မင်းသမီးလေးပါးက အသီးသီးပြောဆိုကာ လှေပေါ်ကိုအလုအယက် တက်သွားကြလေပြီ။ နောက်ဆုံးမှ ရောက်လာသည့် ယွိ့ဟွား မင်းသမီးလေးသည် မတုန်မလှုပ်လေးရပ်လို့နေသည်။ ယွမ်ချူးခန်သည် ယွိ့ဟွားကို လည်ပြန်ကြည့်ကာ ပြောလိုက်သည်။

“အပေါ်ကို တက်ကြမယ်လေ…. ကိုယ်တော် အချိန်မရဘူး။”

“ဟို…. ကျွန်မ မလိုက်လို့ရမလား အရှင်မင်းသား…”

ယွိ့ဟွားက တိုးညှင်းစွာဖြင့် တောင်းပန်ဟန်ဖြင့် မျက်လုံးလှန်ကာ ကြည့်လိုက်သည်။ ယွမ်ချူးခန် စိတ်ထဲ မျက်ခနဲဖြစ်သွားသည်။ မိမိက သူ့အတွက် ပျော်စေချင်လို့ လိုက်ပို့သည်ကို သူမက ငြင်းဆန်နေသည် မဟုတ်လား။ ယွမ်ချူးခန် မျက်နှာထား တင်းတင်းဖြင့် စေ့စေ့ကြည့်ကာ အမိန့်ပေးလိုက်သည်။

“မင်းက ကိုယ့်တော့်မိဖုရား … မင်းကို ကိုယ်တော် ပိုင်တယ်။ မင်း တာဝန်က ကိုယ်တော့် အမိန့်ကို တသွေမတိမ်း နာခံရမယ်။ ဘာမှ ငြင်းခွင့်မရှိဘူး။ တွေ့လား။ သူတို့အားလုံး လှေပေါ်ရောက်နေပြီ။ မင်းကို အပေါ်မှာတွေ့ချင်တယ်။ အခု ချက်ချင်းတက်…. ”

ယွမ်ချူးခန်၏ အာဏာသံကြောင့် ယွိ့ဟွား တုန်ခနဲဖြစ်သွားသည်။ မိဖုရားအမည်ခံ မိမိဖခင် ပြန်ပြီး မတော်လှန်နိုင်ရန် တန်ဆာခံဖြင့် နန်းတော်ထဲကို ခေါ်ထားခြင်းခံရသည့် မိမိအဖြစ်ကို ပြန်သတိရသွားပြီး စိတ်ကို တင်းကာ လှေပေါ်ကို တက်ရန်ပြင်လိုက်သည်။

နံဘေးမှ လိုက်ပါလာသည့် ယွိ့ဟွား၏ အခြွေရံမလေးက မင်းသားကို အသနားခံလိုက်သည်။

“အရှင့်သား… သခင်မလေးက ရေကို အင်မတန်ကြောက်တဲ့အပြင် လှေစီးရင် မူးပြီး နေမကောင်းဖြစ်လို့ပါ…”

ယွမ်ချူးခန်သည် အခြွေရံ၏ ပါးပြင်ကို ဖြတ်လိုက်သဖြင့် ပုံလျက်သားလဲကျသွားခဲ့သည်။ ပြီးတော့ ယွိ့ဟွား၏ လက်ကို ဆောင့်ဆွဲကာ ပြောလိုက်သည်။

“မင်းရဲ့ အခြွေရံက စကားများတယ်။ နောက်တခါ ငါ့ကို အတိုက်ခံလုပ်ရင် သူ့ကို ခေါင်းဖြတ်မယ်။ ပြီးတော့ မင်းရဲ့ အစေခံမ တွေကို သေချာသင်ကြားထားပေး။ ကျွန်ဆိုတာ သခင်ကို တိုက်ရိုက်စကားပြောပိုင်ခွင့်မရှိဘူး။”

ယွိ့ဟွားက ကြောက်လန့်ကာ ခေါင်းကို အထပ်ထပ်ငြိမ့်လိုက်သည်။ အခြွေရံမလေးသည် စိတ်ကြမ်းလူကြမ်း နန်ကျောင်မင်းသား နှင့် တသက်လုံးပေါင်းဖက်သွားရမည့် မိမိတို့ မင်းသမီးအဖြစ်ကို ယူကျုံးမရဖြစ်မိသည်။

လှေတော်ပေါ်သို့ရောက်နေသည့် မင်းသမီး လေးပါးနှင့် အခြွေရံများက မင်းသား ယွမ်ချူးခန် ဒေါသထွက်သွားသဖြင့် အချင်းချင်း လက်ကုတ်ကာ သတိနှင့်နေရန် မျက်လုံးချင်း အချက်ပြလိုက်ကြသည်။ ကျန် အမှုထမ်းများလည်း သတိအနေထားဖြင့် နေလိုက်ကြသည်။ မင်းသားလေး၏ ဒေါသက မိမိတို့အပေါ်ကို ပုံကျလာနိုင်သည်။

“အခု ချက်ချင်း လှေပေါ်တက်စမ်း….ယွိ့ဟွား…”

ယွိ့ဟွားသည် အခြွေရံနှင့်အတူ လှေပေါ်ကို ရိုကျိုးစွာတက်ခဲ့လိုက်သည်။ ယွမ်ချူးခန်သည် ရောက်ခါစ မင်းသမီးကို ဦးချိုးပစ်ပြီး လှေပေါ်ကို နောက်ဆုံးမှ တက်ခဲ့သည်။ မင်းသားလှေပေါ်ရောက်သည်နှင့် ကုန်းဘောင်ကို ရုတ်သိမ်းကာ လှေစတင်ထွက်တော့သည်။

“ကဲ… အရက်ဘယ်မှာလဲ။ ပြီးတော့ ကချေသည်တွေရော သီချင်းသည်တွေရော ဘယ်မှာလဲ … ဆိုကြ တီးကြစမ်း…”

မင်းသားအမိန့်အကြောင့် သဘင်သည်များ ကုန်းပတ်ပေါ်တက်လာပြီး မင်းသားကို တီးမှုတ်ဖျော်ဖြေကြသည်။ ယွိ့ဟွားအပါအ၀င် မင်းသမီးငါးပါးသည် မင်းသား ယွမ်ချူးခန်၏ ဘေးတဖက်တချက်တွင် ငြိမ်သက်စွာ ထိုင်ကာ ကြည့်နေရသည်။ တကယ်တော့ မိမိတို့အဖြစ်က ကျားရဲနားမှာ နေရသည် သမင်တွေလြိုဖစ်နေသည်။ အများအမြင်တွင် နန်ကျောင်ပြည်၏ မိဖုရားလောင်း၊ မင်းသားလေး နှင့်အတူ နန်းတော်တွင် စည်းစိမ်ခံကာ အခန့်သားနေရသည်ပေါ့။ တကယ့်တကယ် မိမိတို့အဖြစ်ကို မည်သူမှမသိနိုင်ကြပေ။ မိမိတို့လုပ်ရပ်က မိမိတို့ ဖခင်အပေါ်ကို သက်ရောက်နိုင်သလို၊ မိမိတို့ ဖခင်ကြီး၏ လုပ်ရပ်ကလည်း အချိန်မရွေး အသက်ပျောက်သွားနိုင်သည့် ဘ၀ဖြစ်သည်။

ယွိ့ဟွားသည် ငိုချင်စိတ်ကို အတင်းထိန်းထားလိုက်သည်။ နန်ကျောင်ပြည်ကို မိဖုရားလောင်းအဖြစ် လာခါနီးတုန်းက ခမည်းတော်နှင့် မယ်တော် သေချာမှာကြားလိုက်သည်ကို နားထဲကြားယောင်ကာ မိမိ ဘ၀ကို တိုင်းပြည်အတွက် စတေးရန် စိတ်ပိုင်းဖြတ်လိုက်သည်။

--------------------------------------

ဟော်သွန်းသည် နန်းတော် အဆောင်ထဲကို ၀င်လိုက်စဉ် မင်းကြီး စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ကို ပြန်စုစည်းလိုက်သည်။ စံအိမ်က ပြန်ရောက်ကာစ မင်းကြီးနှင့် မတွေ့ချင်သော်လည်း ရှောင်လို့မရတော့ပေ။

“ဘယ်ကပြန်လာတာလဲ ဟော်သွန်း..”

“အိမ်ဟောင်းကပါ.. မင်းကြီး။”

“နှစ်တွေကြာနေပြီ အခုထိ မမေ့သေးဘူးလားကွာ…. မောင်တော် ဘယ်လိုလုပ်မှ မင်းကို ပျော်အောင်ထားနိုင်မှာလဲ။”

“ကျွန်မရဲ့ မျိုးနွယ်တွေကို သွားတွေ့ခဲ့တာပါ မင်းကြီး။”

“အင်း…. မင်းရဲ့ အတိတ်ကို ပြန်သတိရစေတဲ့နေရာကို မောင်တော် မသွားစေချင်ဘူး ဟော်သွန်း။”

ဟော်သွန်းသည် မိမိ၏ လွတ်လပ်ခွင့်ကိုပါ ထိခိုက်လာသည့် မင်းကြီးကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

“ဒီအချက်ကို မင်းကြီးကို ကျွန်မ အရင်ကတည်းက သေချာပြောပြီး ခွင့်တောင်းထားပြီးပြီ။ မင်းကြီးလည်း ခွင့်ပြုထားခဲ့တာကို ဘာကြောင့် အခုမှ အထူးဆန်းလုပ်ပြီး ပြောချင်နေရတာလဲ။”

“မင်း အဲ့ဒီက ပြန်လာတိုင်း ၀မ်းနည်းပူဆွေးနေတာကို မမြင်ရက်လို့ပဲ ဟော်သွန်း။ မောင်တော်က မင်းပျော်အောင် သားတော်လေး တစ်သက်လုံး ကြိုးစားလာခဲ့တယ်။ ဒီ နန်ကျောင်ပြည်ရဲ့ ဧကရီ ဟော်သွန်းဖြစ်ကို မောင်တော်ကိုယ်တိုင် တရားဝင် တင်မြှောက်ထားခဲ့တယ်လေ။ မောင်တော့်ကို မင်းပိုင်တယ်။ မောင်တော့် တိုင်းပြည်ကိုပိုင်တယ်။ ဖြစ်နိုင်ရင် မင်းရဲ့ အတိတ်က အကြောင်းရာကို မေ့ပျောက်ပြီး ပျော်လိုက်စမ်းပါ။ မင်းသာ ပျော်မယ်ဆိုရင် မောင်တော် ခုနှစ်ပြည်ထောင်ကို သိမ်းဆို သိမ်းပေးပါ့မယ်။”

“မင်းကြီးကို အရင်ကတည်းက ကျွန်မပြောခဲ့ပြီ။ ကျွန်မရဲ့ ကိုယ်ခန္ဓာကို ကြိုက်တာ လုပ်နိုင်တယ်။ ဒါပေမယ့် ကျွန်မရဲ့ စိတ်ဝိဥာဉ်ကို လွတ်လပ်ခွင့်ပေးပါလို့ တောင်းဆိုခဲ့တယ်။ မင်းကြီးကိုယ်တိုင် ခွင့်ပြုခဲ့တာကို ချိုးဖောက်တော့မှာလား။”

“မောင်တော်က မင်းကို ပျော်စေချင်လို့ ပြောတာ ဟော်သွန်း။”

“ကျွန်မ အခုပျော်ပါတယ်။ ကျွန်မ စိတ် လွတ်လပ်နေသရွေ့ ကျွန်မ ပျော်တယ်… မင်းကြီး ဒါဆိုကျေနပ်ပါတော့။”

“မင်း ပျော်တယ်ဆိုရင် မင်းမျက်လုံးထဲ ဘာကြောင့် အလွမ်းတွေ နာကျင်မှုတွေရှိနေတာလဲ ဟော်သွန်း..”

“ကျွန်မက နာကျင်မှုတွေ၊ အလွမ်းတွေနဲ့ ပျော်မွေ့လို့ပါ မင်းကြီး။”

“ဟော်သွန်းရာ…. မင်းကွာ…. ဘာကြောင့်များ မောင်တော့် အချစ်ကို နည်းနည်းမှ အသိမှတ်မပြုရတာလဲ…”

“အရှင်မင်းကြီး….တော်ပါတော့။ ကျွန်မ နားပါရစေတော့…. ဒီအကြောင်းရာကို အခုမပြောချင်သေးဘူး။”

“မရဘူး။ မင်းကို မောင်တော် သည်းခံလာတာ ကြာပြီ။ အခု ဖြေပါ။ မင်း ဘာကြောင့် မောင်တော့် အချစ်ကို နည်းနည်းလေးမှ အသိမှတ်မပြုရတာလဲ။”

“အာဏာက အချစ်ကို မဖြစ်စေပါဘူး မင်းကြီး….”

ဟော်သွန်း သည် ကာလိုခန် မင်းကြီးကို အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်သည်။ သူ့အသံသည် ရေခဲတောင်မှ အရည်ပျော်ကျလာသည့် ရေလို အေးစက်သည်။ သူ့အကြည့်သည် မာကျောသည်။ ထိုအကြည့်ထဲမှ မိမိကို ဘယ်လောက် ခါးသီးစွာမုန်းသည်ကို ကာလိုခန်မြင်လိုက်ရသည်။ ထို့ကြောင့် ဟော်သွန်း၏ လက်မောင်းကို အတင်းဆုပ်ကိုင်ကာ မေးနေသည့် မိမိလက်များ အားလျော့ကာ ပြုတ်ကျသွားခဲ့သည်။

“ကျွန်မ ဘုရားဝတ်ပြုဦးမယ် မင်းကြီး ခွင့်ပြုပါ….”

ဟော်သွန်းက ထိုမျှပြောပြီး အဆောင်ထဲမှ လှည့်ထွက်သွားခဲ့သည်။ ငွေပြာရောင် မိဖုရားဝတ်စုံနှင့် ကျော့ရှင်းလှပသည့် မိဖုရား မြင်ကွင်းမှ ကွယ်သွားတော့မှ ကာလိုခန် ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားကာ ကြမ်းပြင်ကို လက်သီးနှင့်ထိုးချလိုက်မိသည်။

“မင်း မောင်တော်ကို အဲ့လောက်မုန်းသလား ဟော်သွန်း။ မင်းမုန်းသလောက် မောင်တော် မင်းကို ချစ်တယ်။ မင်းပျော်မယ်ဆို မောင်တော် သေ၀ံ့ပါတယ်။ ဒါပေမယ့် ဟိုကောင် ယေစုကိုင်းလက်ထဲကို မင်းကို ဘယ်နည်းနဲ့မှ ပြန်မထည့်နိုင်ဘူး ဟော်သွန်း။ မောင်တော်သေမှ မင်းကို လက်လွှတ်မယ်။ မင်းကို ချစ်တယ် ဟော်သွန်း မင်းကို မောင်တော် အရမ်းချစ်တယ် ဟော်သွန်းရယ်…”

ကာလိုခန် မချိတင်ကဲ ရေရွတ်ကာ မျက်ရည်တစ်စက် ကြမ်းပြင်ပေါ် ကျသွားခဲ့သည်။ သောကမျက်ရည်လား။ ဒေါသမျက်ရည်လားဆိုတာ ကာလိုခန်ပဲ သိပါလိမ့်မည်။

------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet