Chapter - 24

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (24)

ဆူမီရာသည် မျက်လုံးဖွင့်လိုက်သည်နှင့် ချက်ချင်း နောင်တော် တင်ဂီရိ လာမည်ကို သတိရကာ အိပ်ယာထက်မှ အပြေးခုန်ထကာ အပြင်ဘက်ကို အပြေးထွက်လာခဲ့သည်။

“အပါးတော်မြဲကြီး…. ကိုယ်တော်ဝတ်မယ့် အ၀တ်တွေကို ပြင်ထားတော့…”

“အဆင်သင့်ပါ အရှင့်သား”

ဆူမီရာ မကြားတော့ပါ။ ရေချိုးဆောင်ကိုဝင်ကာ ချက်ချင်း ကိုယ်လက်သန့်စင်လိုက်သည်။ အမြန်ဆုံးလုပ်ပြီး နောက် အမြန်ထွက်လာခဲ့သည်။ မိမိအိပ်ဆောင်ကိုဝင်လိုက်ပြီး အပါးတော်မြဲကြီးကိုလောဆော်လိုက်သည်။

“အပါးတော်မြဲကြီး လုပ်တော့ ..ကိုယ်တော့် မြင်းကို အသင့်ပြင်ပြီး အဆောင်ရှေ့ကိုစောင့်ခိုင်းထားလိုက်။”

“အသင့်ပါပဲ အရှင့်သား။ အချိန်မှီပါတယ် ခုမှ နာရီငါးမောင်းတီးရုံရှိပါသေးတယ် အရှင့်သားရယ်။ ဖြည်းဖြည်းလုပ်ပါ။”

ဆူမီရာသည် ညအိပ်ဝတ်စုံကို အမြန်ချွတ်ကာ အပါးတော်မြဲကြီးဝတ်ပေးသည့် အ၀တ်ကို အမြန်စွပ်ကာ ပြောလိုက်သည်။

“မှီတယ်ဆိုပေမယ့် ကိုယ်တော်က အရှေ့ဘက်နေခြည်ဖြာလာတာနဲ့ နောင်တော် မြင်းနက်ကြီး စီးလာတာကို အရင် တွေ့ချင်တာ။ ဖြစ်နိုင်ရင် ညကတည်းက အဲ့မှာ သွားစောင့်နေချင်တာ။ မယ်မယ် ဆူမှာစိုးလို့ မနည်းအောင့်ထား ရတာ အပါးတော်မြဲကြီးရ။ မြန်မြန်၊ ဆံပင် မြန်မြန်ဖြီးပေးတော့…”

ဆူမီရာသည် ပြောရင်း ပိုပြီးစိတ်လောလာခဲ့သည်။ နောင်တော် နှင့် မတွေ့ရတာ နှစ်နှစ်ကျော်သွားပြီဖြစ်လို့ တွေ့ချင်ဇောဖြင့် ဖျတ်ဖျတ်လူးလို့နေပြီ။ ရင်အစုံလည်း တဒိတ်ဒိတ်ခုန်နေသည်။ နောင်တော် ရုပ်ရင့်သွားမလား။ အသားတွေညိုလာမှာ သေချာသည်။ ပြီးတော့ အရှေ့ပိုင်းဒေသ၏ လူငယ်စစ်ဘုရင် ကုလန်ဆိုပြီး နာမည်ကြီးလာ သည့် နောင်တော် မည်သို့ပြောင်းလဲသွားသည်ကို ဆူမီရာ အရမ်းကိုတွေ့ချင်လှပြီ။ နောင်တော်က သုံးနှစ်စောင့်ဟု ဆိုသော်လည်း ယခုဆိုလျှင် ငါးနှစ်ပင် ပြည့်ခဲ့လေပြီ။ ပထမ သုံးနှစ်သာ နောင်တော် တစ်နှစ်ကို တစ်ခါ လာတွေ့ နိုင်သည်။ သုံးကြိမ်မြောက်တွေ့ပြီးနောက် နောင်တော်က အရှေ့ပင်လယ်ရှိ ဓါးပြများကို တိုက်ခို်က်နှိမ်နှင်းရမည်ဖြစ် သောကြောင့် ပင်လယ်ပြင်ကို တိုက်ခိုက်အောင်မြင်မှ လာတွေ့နိုင်မည်ဟု မိမိကို ခွင့်တောင်းသွားခဲ့သည်။

ဆူမီရာသည် နောင်တော့်စကားကိုကြားသော် ငိုချင်သော်လည်း မိမိကြောင့် နောင်တော် စိတ်မဖြောင့်မည်စိုးသဖြင့် အောင့်အီးထားပြီး နောင်တော်အားမှ လာရန် စိတ်ကိုတင်းပြီးဖြေလိုက်ရသည်။ နောက်ဆုံးအကြိမ် နောင်တော် ပြန်သွားပြီးနောက် ဆူမီရာ အတော့်ကို ၀မ်းနည်းသွားသည်။ သို့သော် မင်းယောကျာ်းတို့မည်သည် စိတ်မပျော့ရ ဆိုသည့် နောင်တော့်အမှာစကားကို လေးစားသောကြောင့် ဆူမီရာ ငိုချင်စိတ်ကို အောင့်ကာ ဆေးပညာကိုသာ ဖိပြီး လေ့လာခဲ့သည်။

“မြန်မြန် အပါးတော်မြဲကြီးရ… နှေးလိုက်တာ..”

“ပြီးပါပြီ အရှင့်သား…”

အပါးတော်မြဲကြီးသည် အရမ်းကိုအလျင်လိုပြီးခါတိုင်းလို စိတ်မရှည်ဖြစ်နေသည့် ကိုယ်တော်လေးကို အပြစ်မတင်ရက်ပါ။ အာနန်မင်းသား တင်ဂီရိကို ကိုယ်တော်လေး မည်မျှ လွမ်းဆွတ်ကာ စောင့်မျှော်နေသည်ကို မိမိအသိဆုံးဖြစ်သည်။ အပါးတော်မြဲကြီးတွေးနေစဉ် ငွေတောင်မင်းသားလေး ဆူမီရာက အဆောင်ပြင်ကိုပင်ရောက်သွားလေပြီ။

“ကိုယ်တော်လေး စောင့်ပါဦး။ ကျွန်တော်မျိုးလည်းလိုက်ရမယ်လေဗျာ….”

အပါးတော်မြဲကြီး အဆောင်ရှေ့ကိုရောက်တော့ မင်းသားလေးကို မြင်းစိုင်းကာ ထွက်သွားသည်ကိုသာ တွေ့ရတော့သည်။ အပါးတော်မြဲကြိးက မြင်းပေါ်ကို အမြန်တက်ကာ အနောက်မှ လိုက်ခဲ့သည်။

ဆူမီရာသည် မြင်းကို စိုင်းကာ နန်းတော်မှ ထွက်လာခဲ့သည်။ မြို့ရိုးတံခါးကိုရောက်တော့ အစောင့်များက မင်းသားလေးကို တွေ့သည်နှင့် မြို့တံခါးကိုဖွင့်ပေးလိုက်သည်။ ဆူမီရာသည် မြင်းကိုစိုင်းကာ မြို့ပြင်ကိုလိုက်ခဲ့သည်။ အနောက်မှ ကိုယ်ရံတော်အုပ်စုလည်း မြင်းကို အမြန်စိုင်းကာလိုက်ခဲ့ကြသည်

ဆူမီရာသည် နောင်တော်နှင့် ချိန်းဆိုထားသည့် တောင်ကုန်းကို ရောက်တော့ ရောင်နီပျို့လာခဲ့လေပြီ။ ဆူမီရာသည် အဆမတန်ခုန်နေသည့် ရင်ဘတ်ကိုဖိကာ နောင်တော်လာမည့်လမ်းကိုမျှော်နေသည်။ မကြာခင် မြင်းခွာသံများကို ကြားရပြီး နောင်တော်၏တပ်စုသည် နံနက်ခင်းနေခြည်အောက်တွင် ပေါ်ထွက်လာခဲ့သည်။
ဆူမီရာသည် မြင်းဇတ်ကြိုးကို တင်းအောင်ဆုပ်ကိုင်ပြီး နောင်တော့်ကို ရှာနေမိသည်။ ဟော…..တွေ့ပါပြီ။ နောင်တော့်ကို မဟူရာရောင်တောက်နေသည့် မြင်းနက်ကြီးပေါ်တွင် သားမွေးဝတ်ရုံအနက်ကိုခြုံလွှမ်းကာ ခန့်ညားစွာ ရှေ့မှ ဦးဆောင်လာသည်ကိုတွေ့လိုက်ရသည်။

“နောင်တော်…နောင်တော်….”

ဆူမီရာ ဘယ်လိုမှ မအောင့်နိုင်တော့ပဲ နောင်တော်ရှိရာသို့ မြင်းကိုဒုန်းစိုင်းပစ်လိုက်မိသည်။ တဖြည်းဖြည်းနှင့် နီးလာသည့် နောင်တော်သည် မိမိစိတ်ကူးထဲ မြင်ယောင်နေသည်ထက် ပိုပြီးခန့်ညားလာခဲ့သည်ကို တွေ့လိုက်ရ တော့ ဆူမီရာက မိမိမြင်းမှ လွှားခနဲ နောင်တော့် မြင်းဘက်ကို ခုန်ကူးလိုက်တော့သည်။ မိမိကို နောင်တော် ဆီးဖမ်းထားမည်ကို ဆူမီရာ ယုံကြည်သည်။ ချစ်သော နောင်တော့်ကို တင်းကျပ်စွာဖက်ထားချင်စိတ်က ထိန်းမရအောင်ဖြစ်နေမိသည် ။ ထို့ကြောင့် ဆူမီရာက နောင်တော်ရှိရာသို့ မြင်းပေါ်မှ ခုန်ကူးလိုက်တော့သည်။

“ဟာ…..ဟင်…”

“အရှင့်သား…….”

ဆူမီရာ၏ ကိုယ်ရံတော်တပ်များနှင့် အပါးတော်မြဲကြီး၏ အထိတ်တလန့် အော်ဟစ်သံကို ဆူမီရာ မကြားတော့ပါ။ ဆူမီရာသိသည်က မိမိကို လွမ်းဆွတ်စွာ၊ချစ်ခင်စွာ ပြုံးကာ ကြည့်နေသည့် နောင်တော် တင်ဂီရိ၏ မျက်နှာကိုသာ မြင်တော့သည်။

“နောင်တော်….”

“ဆူမီရာ…ကလေးလေး….”

ထင်သည့်အတိုင်း နောင်တော်က မြင်းပေါ်မှ လေထဲ တပတ် လှည့်ကာ မိမိကို ဆီးကာ ဖမ်းလိုက်ပြီး ပွေ့ချီလျက်နှင့် မြင်းနက်ကြီးပေါ် အလိုက်သင့်ကျသွားတော့သည်။ ဆူမီရာသည် နောင်တော့် လည်ပင်းကို တင်းကြပ်စွာဖက်ကာ ပုခုံးတွင် မျက်နှာအပ်ကာ မျက်ရည်ကျလာမိသည်။ ဒီအထိအတွေ့၊ ဒီပူနွေးပြီး ယောကျာ်းပီသ၏ ရင်ခွင်ကို ဆူမီရာ နေ့စဉ် မည်မျှ လွမ်းဆွတ်နေမိသည်ကို နောင်တော်သိနိုင်ပါ့မလားဟု တွေးနေမိသည်။

“ဆူမီရာလေး…. ဘာလို့ငို၇တာလဲကွာ…”

နောင်တော်၏ တင်းကြပ်သည့် ပွေ့ဖက်မှုနှင့် ကြင်နာသည့် လေသံများက ဆူမီရာကို ချက်ချင်း ပျော်ရွင်ကာ ရယ်ချင်စိတ်ဖြစ်လာစေပြီး မျက်ရည်များကြားမှ ရယ်ကာ ဖြေလိုက်သည်။

“နောင်တော့်ကို လွမ်းလွန်းလို့၊ ပြီးတော့် နောင်တော့်ကိုတွေ့လို့ ပျော်လွန်းလို့….”

တင်ဂီရိသည် ဆူမီရာ၏ အဖြေကိုကြားသော် တစ်ချက်ဖျစ်ညစ်လိုက်ပြီး ပြောလိုက်သည်။

“အခုကစပြီး နောင်တော် ဆူမီရာ့ကို ပစ်မထားတော့ဘူး။ အရှေ့ပင်လယ်ကို နောင်တော် ကောင်းကောင်း ထိန်းနိုင်ပြီ…”

“တကယ်လားဟင်။ ကောင်းလိုက်တာ။ ”

ဆူမီရာက ပျော်ရွင်စွာပြောလိုက်သည်။ နောင်တော်နှင့်အရင်လို အတူနေရတော့မည်ဟု တွေးကာ ပျော်မဆုံးဖြစ်နေသည်။

တင်ဂီရိသည် ဆူမီရာကို ပွေ့ဖက်လျက် ငွေတောင်ကိုယ်ရံတော်တပ် ရှေ့ကို ရောက်သောအခါ ကိုယ်ရံတော်တပ်မှုးကြီးနှင့် အပါးတော်မြဲကြီးက အရိုသေပြုကာ တင်လျှောက်ကြသည်။

“အရှင်မင်းသားကို ကြိုဆိုပြီး နန်းတော်ကို ခေါ်ဆောင်ဖို့ ကျွန်တော်မျိုးတို့ ရောက်ရှိလာကြခြင်းဖြစ်ပါတယ် အရှင့်သား။”

“ကောင်းပြီ။ သွားကြတာပေါ့။ ဆူမီရာ… ကလေးရဲ့ မြင်းပေါ်ပြန်တက်တော့.. မြို့ထဲမှာ ပြည်သူတွေသွားလာ နေလောက်ပြီ။ အခုလို နောင်တော့်မြင်းပေါ်တက်လိုက်လာရင် ပြည်သူတွေ မင်းကို ကလေးလိုပဲ မြင်ကြလိမ့်မယ်။”

ဆူမီရာသည် နောင်တော့် ရင်ခွင်ထဲမှ လိုက်ချင်သော်လည်း နောင်တော့် စကားကို မလွန်ဆန်ဝံ့သဖြင့် မိမိမြင်းဖြူ ပေါ်သို့ ပြန်တက်လိုက်ပြီး နောင်တော်နှင့် ဘေးချင်းယှဉ်ကာ နန်းတော်ကို လာခဲ့သည်။

“နောင်တော်…အခု ကြာကြာနေမှာလားဟင်…”

“အင်း တစ်ပတ်လောက်နေမယ်… ပြီးရင် ထန်လိုခိတို့၊ တိုလုအီတို့တိုင်းပြည်ကို သွားလည်မယ်။ ”

“ဟင်..ဒါဆို ကျွန်တော်လည်းလိုက်မယ် နောင်တော်။ မယ်မယ်တို့ကို ခွင့်တောင်းပေးပါနော်။”

“စိတ်ချ၊ ကလေးနဲ့ အတူသွားမလို့ နောင်တော် စီစဉ်ထားခဲ့ပြီးသား။”

ဆူမီရာသည် ပျော်လွန်းသဖြင့် အော်လိုက်မိပြီး ဇက်လေးပုကာ နောင်တော်များဆူမလားဟု စိုးရိမ်တကြီးကြည့်လိုက်မိသည်။ သို့သော် နောင်တော် တင်ဂီရိ၏ ခွင့်လွှတ်ဟန်ကြည့်သည်ကိုတွေ့တော့မှ စိတ်လွတ်လက်လွတ်ရယ်ပစ်လိုက်သည်။

တင်ဂီရိသည် ဆူမီရာလေး၏ လွတ်လပ်ပေါ့ပါးသည့် အရယ်မျက်နှာလေးကို ကြည့်ကာ ရင်ဘတ်က ပေါက်ထွက် မလိုကို ခုန်လာခဲ့သည်။ အိပ်မက်ထဲထိ တမ်းတခဲ့ရသည့် ဖြူစင်ရိုးသားသည့် မျက်နှာလေးကို ကြည့်ကာ တင်ဂီရိ ပြုံးပြုံးကြီးလုပ်နေမိသည်။ တင်ဂီရိ၏ တပ်သားများသည် မိမိတို့ မင်းသား၏ ရှားပါးသော အပြုံးကို တွေ့ရသဖြင့် အံ့အားသင့်လို့နေသည်။

ငွေတောင်ပြည်သူ၊ ပြည်သားများသည် အင်မတန်ကို ကျော်ကြားလှသည့် အရှေ့ဘက်တိုင်းပြည်မှ စစ်ဘုရင် ကုလန်မှန်းသိသည်နှင့် တိုးဝှေ့ကာ ကြည့်နေကြသည်။ ပြီးတော့ မိမိတို့ ကြားထားသည်နှင့် မတူသည့် စစ်ဘုရင် ကုလန်၏ ကြည်ရွှင်နေသည့် မျက်နှာကို ကြည့်ကာ အံ့အားသင့်နေကြသည်။ စစ်ဘုရင် ကုလန်သည် စစ်တိုက်ရာတွင် မုန်တိုင်းတိုက်သလို ပြင်းထန်ကြမ်းတမ်းလွန်းသည်။ ပြီးတော့ ရန်သူများ ဖိန့်ဖိန့်တုန်အောင် ရက်စက် ပြတ်သားသည်တဲ့။ ယခုလို ရယ်ပြုံးနေသည့် ခန့်ညားလှသည့် လူငယ်သည် စစ်ဘုရင် ကုလန်ဆိုတာ ထင်ရက်စရာပင် မရှိပေ။

တင်ဂီရိသည် ပြည်သူများ၏ အကြည့်ကို သတိမထားမိလောက်အောင်ပင် ဆူမီရာလေး ပြောသည့် အကြောင်းရာ တွင် နစ်မြောလို့နေသည်။ မိမိဘ၀သည် ငါးနှစ်တိုင်တိုင် သတ်ဖြတ်ခြင်း သေခြင်းတရား ရက်စက်ခြင်းတရားနှင့်သာ နဘမ်းလုံးနေမိသည်။ ယခုမှ ချစ်သော ဆူမီရာလေး၏ သာယာနာပျော်ဖွယ် စကားလေးကို ကြားရ မြင်ရသည်မှာ မိမိ ၏ တင်းမာနေသည့် စိတ်များကို ပြေလျော့သွားစေသည်။

“ဦးရီးတော်နဲ့ အရီးတော်ကို တူတော်မောင် ဂါရ၀ပြုပါတယ်…”

“ထပါ တူတော်မောင်၊ တူတော်မောင် လာမယ်ဆိုလို့ ဦးရီးတော်တို့မျှော်နေတာ။ အရှေ့ဘက် နယ်တခွင်က
တူတော်မောင်ရဲ့ အောင်မြင်မှုကို ကြားသိရပြီး ချီးကျူးဂုဏ်ပြုချင်နေတာကွဲ့။ အင်မတန်ကို တော်ပါပေတယ် တူတော်မောင်ရယ်။ နှစ်ပေါင်း များစွာမှာ ပထမဆုံးပေါ်ထွန်းခဲ့တဲ့ အသက်အငယ်ဆုံး စစ်ဘုရင်ပါပဲ။ ”

ငွေတောင်ပြည့်ရှင်သည် အာနန်မင်းသား တင်ဂီရိကို ချီးကျူးလိုက်သည်။ တကယ်လည်း တင်ဂီရိလိုတော်သည့် လူငယ် စစ်ဘုရင်ကို မမြင်ဖူးသေးပေ။ တင်ဂီရိသည် ငွေတောင်ပြည်တွင် ပညာဆည်းပူးပြီး ငါးနှစ်အတွင်း အာနန်ပြည်ကို ခိုင်မာတောင့်တင်းကာ အင်အားကြီးနိုင်ငံတခုဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ အထင်ကြီး စရာ အချက်ကား အရှေ့ဘက်ပင်လယ်ပြင်ကို နှစ်ပေါင်းရာချီ အုပ်စိုးထားသည့် ပင်လယ်ဓါးပြ ကျွန်းနေ လူမျိုးစုများကို တိုက်ခိုက်အောင်နိုင်ပြီး အင်အားကြီးရေတပ်ကို ထူထောင်နိုင်ခြင်းဖြစ်သည်။

“ဦးရီးတော်ရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး ခင်ဗျာ။ ကျွန်တော်က အများကြီးလိုအပ်မှုရှိပါသေးတယ်။”
ငွေတောင်ပြည့်ရှင်မင်းသည် နှိမ့်ချသည့် စိတ်ထားရှိသည့် အာနန်မင်းသားကို နှစ်လိုဖွယ်ကြည့်ကာ မိမိသားတော်ကိုလည်း ကြည့်ကာ ပြောလိုက်သည်။

“အင်း လူငယ်ဖြစ်ပေမယ့် နှိမ့်ချတဲ့ စိတ်ထားရှိတာ လေးစားစရာပါပဲ။ သားတော် မင်းရဲ့ နောင်တော်ကို အတုခိုးရမယ်နော်…”

“ဟုတ်ကဲ့ပါ ခမည်းတော်ဘုရား…”

ဆူမီရာသည် ခမည်းတော်ကိုအမြန်ပြန်ဖြေလိုက်သည်။ ဖြစ်နိုင်လျှင် အမြန်ပြောစရာရှိတာ ပြောပြီး နောင်တော့်ကို မိမိအဆောင်ကို ခေါ်သွားချင်လှပြီ။ တင်ဂီရိက ဆူမီရာ၏ စိတ်လောနေသည်ကို တချက်ကြည့်ကာ ပြုံးမိသည်။

“နောင်တော် ယေစုကိုင်းရော ကျန်းခံ့သာလို့ မာရဲ့လားတူတော်မောင်…”

“ခမည်းတော် ကျန်းမာပါတယ် ဦးရီးတော်ဘုရား။ ခမည်းတော် ပေးလိုက်တဲ့ လက်ဆောင်ကို လက်ခံပေးတော်မူပါ ဦးရီးတော်ဘုရား…”

တင်ဂီရိ လက်ပြလိုက်သည်နှင့် သေတ္တာ ဆယ်လုံးကို အာနန်ရဲမတ်များသယ်ကာ ဖွင့်ပြလိုက်သည်။ သေတ္တာတိုင်း တွင် အဖိုးတန် ပစ္စည်းများပြည့်နေသည်။

“ငါးကြီးအန်ဖတ်နဲ့ ဌက်သိုက်၊ အရှေ့ပိုင်းကျွန်းစုက ရှားပါး ဆေးပင်၊ ဆေးမြစ်တွေနဲ့ နေမ၀င်တိုင်းပြည်က ထွက်ရှိတဲ့ ကြွေထည်၊ ပိုးထည်တွေပါ။ တန်ဖိုးမရှိပေမယ့် လက်ခံပေးတော်မူပါ။”

မင်းကြီးနှင့် မိဖုရားသည် တန်ဖိုးမသေးလှသည့် ရတနာများကို လက်ဆောင်အဖြစ်ရသဖြင့် အားတုန့်အားနာပင်ဖြစ် နေမိသည်။

“အင်မတန်ကို ရှားပါးပြီး အဖိုးတန်တဲ့ ပစ္စည်းတွေပါလား။ နောင်တော် ယေစုကိုင်းနဲ့ တူတော်မောင်ကို ကျေးဇူးတင်ပါတယ်။”

တင်ဂီရိသည် ငွေတောင်ပြည့်ရှင်မင်းကို တစ်လက်စတည်း ခွင့်တောင်းလိုက်သည်။

“ကျွန်တော်အခု တိုင်းပြည်ရေး အားလုံး ပြီးသလောက်ဖြစ်လို့ အရင်က ကျောင်းတော်မှာ အတူ ပညာသင်ခဲ့တဲ့မင်းသားတွေရဲ့ တိုင်းပြည်ကို အလည်သွားမလို့ထွက်လာခဲ့တာပါ ဦးရီးတော်ဘုရား။”

“ကောင်းတာပေါ့ကွယ်။ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်တာ အင်မတန်ကို ကောင်းမွန်တဲ့အချက်ပါပဲ။ သက်တံ့တောင်ပေါ်က ဖိုးဖိုးဆီကိုလည်း သွားလိုက်ပါဦးကွယ်။”

“နေ့လည် ဖိုးဖိုးကို သွားပြီး ဂါရ၀ပြုပါ့မယ် ဦးရီးတော်ဘုရား။ ကျွန်တော် သွားမည့် ခရီးမှာ ဆူမီရာကို ခေါ်သွားခွင့်ပြုပေးပါလို့ အတင့်ရဲစွာ တောင်းဆိုပါရစေ ဦးရီးတော် ဘုရား။”

ငွေတောင်ပြည့်ရှင်နှင့် မိဖုရားက တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ သားတော်ကို ကြည့်လိုက်တော့ မိမိတို့ကို အသနားခံသည့် မျက်နှာကိုတွေ့တော့ မငြင်းရက်တော့ပေ။ ငြင်းမည်ဆိုလည်း ငြင်းရန် အကြောင်းပြချက်လည်း မရှိပေ။ ထို့ကြောင့် ခွင့်ပြုလိုက်ရတော့သည်။

“ကောင်းပါပြီကွယ်။ တူတော်မောင်လက်ထဲကို သားတော်လေးကို အပ်လိုက်ပြီ။ အမြင်မတော်တာ ရှိရင် ဆုံးမလိုက်ပါကွယ်။”

“ဆူမီရာက လိမ္မာပြီးသားပါ ဦးရီးတော်ဘုရား။ ”

တင်ဂီရိ၏ စကားကြောင့် ဆူမီရာ၏ မျက်နှာလေးပြုံးသွားတော့သည်
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet