Chapter - 12

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (12)


“နောင်တော်တင်ဂီရိက မင်းကို အတော့်ကို ချစ်တယ်နော် ဆူမီရာ…. မသိရင် မင်းရဲ့ နောင်တော် အရင်းလို့ ပဲထင်မှာ..”
 

ချုလူလူသည် ဆူမီရာနှင့် အတူ စောင်းတီးရင်း ပြောလိုက်သည်။ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားကာ အနေတည်လွန်း သည့် အာနန်မင်းသား တင်ဂီိရိသည် ဆူမီရာကို အရမ်းချစ်သည့်ကို ခံစားမိတော့ ချူလူလူ မအောင့်နိုင်ပဲ ပြောလိုက်မိသည်။

 

“အခုလည်း နောင်တော်က ငါ့ရဲ့ နောင်တော်အရင်းပါပဲ ချူလူလူ… နောင်တော့်ကို သူစိမ်းလို ငါမခံစားရဘူး”
နောင်တော့်ကို သူစိမ်းဟု ပြောလိုက်သည့် စကားကို ဆူမီရာ နားမခံသာသဖြင့် ချူလူလူကို ချက်ချင်းပြောလိုက်သည်။

 

“မင်းကို အားကျတယ် ဆူမီရာ.. ငါ့နောင်တော်တွေတောင် နောင်တော် တင်ဂီရိ မင်းကို ဂရုစိုက်သလို ဂရုမစိုက် ဖူးဘူး။”
 

ချူလူလူက သက်ပြင်းချကာ အားကျစွာပြောလိုက်သည်။ တကယ်လည်းအားကျသည်။မိမိနောင်တော်များနှင့် တခြားစီဖြစ်သည်။

 

“ဒါတော့ ဘယ်တူမလဲ ချူလူလူရယ်။ အကိုတော် တင်ဂီရိနဲ့ ဆူမီရာမှာ ထူးခြားတဲ့ ရေစက်ရှိတယ်တဲ့။ ”

 

စာဖတ်နေသော ဟီဒယ်ကရုတ်တရက် ၀င်ပြောလိုက်သည်။ ဆူမီရာ က အံ့အားသင့်ကာ ဟီဒယ်ကို မေးလိုက်သည်။
 

“နင် ဘယ်လိုသိတာလဲ။ ငါတောင် သေသေချာချာမသိဘူး။ မယ်မယ်တို့ကိုမေးတော့ ကြီးလာမှ ပြောပြမယ်ဆိုပြီး.. ခု အဲ့အကြောင်းကို မပြောခိုင်းဘူး။”

 

ဆူမီရာသည် ဟီဒယ်၏ စကားကိုကြားသော် စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောလိုက်သည်။

 

“တကယ်လား။ နင်တကယ် နင့် ကြိုဟောစာတန်း အကြောင်းကို မသိဘူးလား..”

 

ဟီဒယ်က စာအုပ်ကို ချကာ တအံ့တသြမေးလိုက်သည်။

 

တကယ်ပဲ မိမိဘာမှမသိသည့် အဖြစ်ကို ဟီဒယ်က အံ့သြသလို ဟီဒယ် သိသည့်အတွက်လည်း ဆူမီရာက တအံ့တသြဖြစ်နေမိသည်။ ချူလူလူက စိတ်ဝင်စားလှပြီဖြစ်လို့ စောင်းကိုချကာ အနားတွင် လာထိုင်ပြီး  ဟီဒယ်ကို မေးလိုက်သည်။
 

“ဟီဒယ် နင်သိတယ်ဆိုရင် ပြောပြစမ်းပါ။ နောင်တော် နဲ့ဆူမီရာက ဘယ်လို ကံတရားခြင်း ဆက်စပ်နေတာလဲ။”
 

ဟီဒယ်က တစ်ချက် တွေဝေသွားပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အသံကို နှိမ့်ပြီးပြောလိုက်သည်။

 

“နင့်ရဲ့ အနာဂတ်က နဂါးနှစ်ကောင်နဲ့ ပတ်သတ်တယ်။ နင်မမွေးခင်ကတည်းက ကောင်းကင်ပြင်မှာ ထူးခြားတဲ့ ကြယ် သုံးလုံးတောက်ပတယ်။ တစ်လုံးက အရှေ့ဘက်မှာတောက်ပတဲ့ ကြယ်နီကြီး။ အမြီးရှည်ရှည်လည်းရှိတယ်။ အဲ့ကြယ်နီထွက်တဲ့အချိန်မှာ ကောင်းကင်တစ်ခုလုံး လင်းသွားတယ်။ ကြယ်အများကြီးလည်း တပြိုင်တည်းကြွေတယ်။  ပညာရှင်တွေက တွက်ချက်ကြည့်တော့ အရှေ့ဘက်အရပ်ကနေ စစ်ဘုရင် တစ်ပါး ပေါ်ထွန်းလာမယ်။ သူ့ကြောင့် သွေးချောင်းစီးတိုက်ပွဲဖြစ်လိမ့်မယ်တဲ့။ ”
 

“အဲ့ဒါ ငါနဲ့ ဘယ်လိုပတ်သတ်လို့လဲ။”

 

ဆူမီရာက အူကြောင်ကြောင်လေးနှင့်မေးလိုက်သည်။ ကြယ်နီကြီးပေါ်တာနှင့် မိမိက ဘာပတ်သတ်လို့လဲဟု တွေးနေမိသည်။

 

“လာမယ်လေ။ နောက်ရက်ကျတော့ ကောင်းကင်မှာ ကြယ် နှစ်လုံးထွက်တယ်။ တစ်လုံးက မြောက်ဘက်အရပ်က။ သူလည်းလင်းပြီး သူနဲ့အတူ ကြယ်တွေကြွေတယ်။ အဲ့ချိန် တပြိုင်တည်းမှာ ကြယ်နီနဲ့ ကပ်လျက်ကနေ ကြယ်နောက် တစ်လုံး ပေါ်လာတယ်။ အဲ့ကြယ်လေး ပေါ်လာတော့ ကြယ်နီကြီး အရောင်မှိန်သွားတယ်။”

 

“ဒါ ဘာသဘောလဲ ဟီဒယ်… နောင်တော်က ကြယ်နီလား။ ငါက နောက်ဆုံးမှ ပေါ်တဲ့ကြယ်လား။”
 

“နင် တကယ်ကို ဥာဏ်ကောင်းတာပဲ။ ဟုတ်တယ်။ အကိုတော် တင်ဂီရိက ကြယ်နီပဲ။ နင်က ကြယ်နီကို ထိန်းချုပ်နိုင်နဲ့ ကြယ်ပဲ။ ”

 

“မြောက်ဘက်က ပေါ်တဲ့ကြယ်ကို ဘယ်သူထိန်းမှာလဲ။”
 

“အဲ့ဒါကို နင်ပဲ ထိန်းနိုင်မယ်လို့ ကြိုဟောခဲ့တယ်။ မြောက်ပိုင်းက ကြယ်က နဂါးဖြူ။ အရှေ့ပိုင်းကြယ်က နဂါးနက်။ သူတို့ကြောင့် တိုက်ပွဲကြီး တစ်ခုဖြစ်လိမ့်မယ်။ နင်က တိုက်ပွဲကို တားဆီးနိုင်လိမ့်မယ်တဲ့။”
 

“မြောက်ပိုင်းက ကြယ်ဆိုတာ မဟုတ်မှ နန်ကျောင်မင်းသားကိုများပြောတာလား မသိဘူး။ နောင်တော် တင်ဂီရိနဲ့ အမေတူ အဖေကွဲ ညီဖြစ်မယ့် မင်းသားလေးထင်တယ်။”
 

တောင်ပိုင်း မှာနေသည့် ချူလူလူပင် ဒီအကြောင်းကို သိသည်။ ဆုမီရာသည် မိမိဘာမှ မသိပဲဖြစ်နေသည်ကို သဘောမကျဖြစ်နေမိသည်။ နောင်တော် တင်ဂီရိတွင် ညီတော် တစ်ပါး ရှိမှန်းလည်း မသိခဲ့။ နောင်တော်က သူ့မိသားစု အကြောင်းကို ပြောလည်းမပြောပြဖူးပေ။   

 

“ငါ့ကို ဘယ်သူမှ မပြောပြဘူး။ နောင်တော် ကလည်း မပြောပြဖူးဘူး။ သူ့ညီတော်က ဘာလို့ နန်ကျောင်ပြည်မှ နေရစ်ခဲ့တာလဲ။”
 

“အင်း… ငွေတောင်ပြည်ကို အကိုတော်ရဲ့ ခမည်းတော်က မဖျက်ဆီးပဲ ထားရစ်ခဲ့လို့ နင့် ခမည်းတော်၊ မယ်တော်တို့က ကျေးဇူးဆပ်တဲ့အနေနဲ့ အကိုတော် တင်ဂီရိအကြောင်း၊ နန်ကျောင်ပြည်အကြောင်းကို မပြောဖို့ အမိန့်ထုတ်ထားတာ ဖြစ်မယ်။ သူ ကျောင်းလာတက်တုန်း အနေခက်မှာစိုးလို့ထင်တယ်။ ”
 

“အင်း အဲ့ဒါတော့ ကြားဖူးတယ်။ ဦးရီးတော် ယေစုကိုင်းက ငွေတောင်ပြည်ကို ဘာမှ လုပ်မသွားဘူး။ဒါပေမယ့် နောင်တော့်အကြောင်း နဲ့ နန်ကျောင်ပြည်အကြောင်းကို ဘာလို့ မပြောခိုင်းတာလဲ။”

 

ဆူမီရာက ဟီဒယ်ကို မေးလိုက်မိသည်။ မိမိမသိသည့် အကြောင်းရာများစွာကို သိသည့် ဟီဒယ် ဖြေနိုင်လိမ့်မည်ဟု ဆူမီရာ ထင်လိုက်မိသည်။
 

“နင်ကလည်းနော်။ အကိုတော် တင်ဂီရိရဲ့ မယ်မယ်ကို ခန်မင်းကြီးကသိမ်းပိုက်ပြီး သူတို့မျိုးနွယ်စုကို မောင်းထုတ်ခဲ့တာ။ ဒါကြောင့် အကိုတော်တို့က အရှေ့ဘက် တုံလေဆပ်အိုင် လွင်ပြင်မှာ တိုင်းပြည်ထူထောင်ခဲ့ တာပေါ့။ နန်ကျောင်ပြည်အကြောင်းကို ပြန်ကြားရင် အကိုတော် တင်ဂီရိက ဘယ်လိုလုပ် စိတ်ချမ်းသာမှာလဲ ဆူမီရာရယ်…”
 

ဆူမီရာ ဘာစကားမှ မပြောနိုင်တော့ပေ။ တကယ်လည်း ဆွံ့အသွားခဲ့မိသည်။ နောင်တော်၏ မယ်မယ်ကို ခန်မင်းကြီးသိမ်းပိုက်သွားခဲ့သည်။ ပြီးတော့ နောင်တော်တို့ မောင်းထုတ်ခံခဲ့ရသည်။ ဆူမီရာ၏ ရင်ဘတ်ထဲမှ နာကျင်လာခဲ့သည်။

 

 

“နောင်တော်က သူ့မှာ ညီရှိတယ် ဆိုတာ သိရဲ့လားဟင်။”
 

“သိတာပေါ့… ငါထင်တာ မမှားဘူးဆိုရင် အကိုတော် တင်ဂီရိက ဒီမှာ ပညာလာသင်ရင်း မဟာမိတ်စုတယ် ထင်တာပဲ။”

 

ချူလူလူ ခေါင်းထောင်လာပြန်သည်။ ဟီဒယ်ကို ငေးကြည့်ကာ မေးလိုက်သည်။
 

“နင် မသိတာ ရှိသေးရဲ့လား ဟီဒယ်ရယ်။ ဘာမဆို အကုန်သိနေတာပဲ။ နင့် မယ်မယ်ကို ပညာရှိ ဘုရင်မလို့ပြောတာ အဲ့ဒါကြောင့်ထင်တယ် ”
 

“ဟီဒယ်ရဲ့ မယ်မယ်က ဘုရင်မလား။”

 

ဆူမီရာက မျက်လုံးပြူးသွားပြန်သည်။ ဟီဒယ်က ရယ်မောကာ ပြောလိုက်သည်။
 

“ဟုတ်တယ်။ ငါ့မယ်မယ်က ရှီဗာ ဘုရင်မလေ။ နင်ကလည်း တကယ့်ကလေးလေးလိုပဲ။ အဲ့လို မနေနဲ့နေ။

နောင်တချိန် နင်လည်း တိုင်းပြည်ကိုအုပ်ချုပ်တဲ့သူ ဖြစ်လာမှာ။ အခုကတည်းက မျက်စိဖွင့်၊ နားကိုဖွင့်ပြီး သေချာလေ့လာတော့။ ဒီငွေတောင်ပြည်ဆိုတာ ပညာဖြန့်ဖြူးရာဒေသ၊ အတိုင်းတိုင်းအပြည်ပြည် အတွက်အရေးပါတယ်လေ…”

 

ဆူမီရာ သက်ပြင်းချကာ နောင်တော့်အကြောင်းကိုသာ တွေးနေမိသည်။ မိမိတိုင်းပြည်အကြောင်း ခေါင်းထဲပင် မရှိပေ။ ချူလူလူလည်း ဆူမီရာကိုကြည့်ကာ ပြောသည်။
 

“အင်း… ငါတော့ မင်းကိုအားကျတယ်သိလား။ မင်းက အင်မတန်ကို ကြီးကျယ်တဲ့ ဖြစ်ရပ်ကြီးကို တားမြစ်နိုင်တဲ့ စွမ်းအားနဲ့မွေးဖွားလာတဲ့သူ။ မင်းကို အရိပ်တကြည့်ကြည့်နဲ့ချစ်တဲ့ နောင်တော် တစ်ယောက်ရှိတယ်။ ငါကတော့ သာမာန် တိုင်းပြည်တစ်ခုက မင်းသားများစွာထဲက တစ်ယောက်ပဲ။ ဒီတော့ ငါ့ ဘ၀ကို ဂီတနဲ့ပဲ ကုန်လွန်ဖို့ပဲ ကြိုးစားရတော့မယ်၊”
 

“ချူလူလူကလည်း။ မဟုတ်တာတွေ ပြောနေတယ်။ ဘုရင် ဆိုတာ သားအကြီး၊ အလတ်နဲ့မဆိုင်ပါဘူး။ စွမ်းအားရှိသူ က ဘုရင်ဖြစ်တာပဲလေ။ ”

 

“အင်း တကယ်တမ်းပြောရင် ငါက ဘုရင်လည်း မဖြစ်ချင်ဘူး။ တလောကလုံးကို ညှို့နိုင်တဲ့ ဂီတ နတ်ဘုရားပဲဖြစ်ချင်တယ်။ နင်ကရော ဘာဖြစ်ချင်တာလဲ ဟီဒယ်။”
 

“ငါလား။ နတ်ဘုရားသာဖြစ်ခွင့်ရှိမယ်ဆိုရင် ငါက ဥာဏ်ပညာကို စောင့်ရှောက်ရတဲ့ ပညာနတ်ဘုရားဖြစ်ချင်တယ်။ ဆူမီရာ နင်ရော…”
 

“ငါမသိဘူး။ ငါက နောင်တော့်ရဲ့နောက်လိုက်ပဲဖြစ်ချင်တယ်..”

 

ဆူမီရာ ရိုးရိုးလေးပဲပြောလိုက်သည်။ ဆူမီရာ ဘာကိုမှ မဖြစ်ချင်ပါ။ နောင်တော်သမားတော်လုပ်လျှင် မိမိက သမားတော် လက်ထောက်လုပ်မည်။ နောင်တော်က စစ်သူကြီးလုပ်လျှင် မိမိက လက်ထောက်စစ်သူကြီးလုပ်မည်။ နောင်တော်က ဘုရင်လုပ်လျှင် မိမိက အမတ်ကြီးလုပ်မည်။ တကယ်လို့ နောင်တော်က လယ်သမားလုပ်လျှင် မိမိလည်း နောင်တော့်အလုပ်ကို ကူပေးနိုင်သည့် လက်ထောက်လယ်သမားပဲဖြစ်ချင်သည်။
 

“အင်း… နောင်တော် တင်ဂီရိက မင်းကို ချစ်တာလည်းမပြောနဲ့။ မင်းကလည်း နောင်တော့်ကို အရမ်းချစ်တာကိုး။ တကယ့်ကို အားကျတယ်ကွာ။”

 

ချူလူလူပြောသည့်စကားများကို ကြားတလှည့်မကြားတလှည့်ဖြစ်နေသည်။ ဆူမီရာ၏ စိတ်ထဲတွင် နောင်တော့် ညီလေး အကြောင်းနှင့် နောင်တော် မည်မျှ စိတ်ဆင်းရဲရမလဲဆိုတာပဲ တွေးနေမိသည်။

 

တင်ဂီရိသည် ဆူမီရာနှင့် မိမိတို့ဆက်နွယ်နေသည့် အတိတ်တဘောင်ဆိုတာကို ငွေတောင်ပြည်ကို မလာခင်ကတည်းက ကြားဖူးသည်။သို့သည် ထိုအရာများကို အယုံကြည်မရှိသူပီပီ မည်သို့မှ သဘောမထားပေ။ မိမိကို မည်သူမှ မလွှမ်းမိုးနိုင်သည်ကို မိမိဖာသာ အသိဆုံးဖြစ်သည်။ ငွေတောင်ပြည်ကိုလာတော့ ဆူမီရာကို မည်သို့မှ သဘောမထားမိပေ။

 

ဆူမီရာကို မိမိ ချစ်သည် ဂရုစိုက်သည် ဆိုတာကလည်း ဆူမီရာလေးက မိမိအပေါ်ကို အရမ်းကို သိတတ်လွန်း သောကြောင့်ဖြစ်သည်။ တခါတလေ ကလေးနှင့်မမျှအောင်ကို မိမိကို သိတတ်သည့်စိတ်လေးကို သနားပြီး တွယ်တာသွားမိသည်။ ထို့ကြောင့် အတိတ်ဘောင်မည်သို့ရှိစေကာမူ မိမိ ၏ ရည်ရွယ်ချက်ကို အကောင်ထည်ဖို့ စိတ်က နည်းနည်းမှ လျော့ပါးမသွားခဲ့ပါ။
 

မယ်မယ့်ကို ရအောင်ပြန်ခေါ်ရန် ကြိုးစားဖို့သာ တင်ဂီရိ၏ ခေါင်းထဲတွင်ရှိနေသည်။ မယ်မယ်က ခန်မင်းကြီးနှင့် ကလေး တစ်ယောက်ရသည့် သတင်းကို ငွေတောင်ပြည်ကို ရောက်သည့်နေ့က မိမိကြားသိခဲ့သည်။ တင်ဂီရိသည် ခမည်းတော် ထိုသတင်းကြောင့် မည်မျှ စိတ်ထိခိုက်သွားသည်ကို မျက်မြင်တွေ့ခဲ့သည်။ နောက်ပိုင်း ခမည်းတော်က ဖွင့်မပြောသည့်တိုင် ရင်ထဲကြိတ်ခံစားနေသည်ကို မိမိ အသိဆုံးဖြစ်သည်။

 

ထို့ကြောင့် အာနန်ပြည်ကို တည်ထောင်ချိန်တွင် မယ်မယ့်အကြောင်းကို ခမည်းတော် လုံးဝမဟ သကဲ့သို့ မိမိကလည်း ခမည်းတော်ကို အစမဖော်ပေးပေ။ ပြီးတော့ တင်ဂီရိက အာနန်ပြည်သူများကို နန်ကျောင်ပြည်မှ အကြောင်းပြောဆိုခြင်းကို တားမြစ်ထားခဲ့သည်။ မယ်မယ့်ကို နန်ကျောင်မိဖုရားခေါင်ဘ၀မှ အာနန်ပြည်၏ မိဖုရားခေါင် ဘ၀ကို ရောက်အောင်ပြန်ုလုပ်ရမည်။ ထို့ကြောင့် ငွေတောင်ကိုလာတော့ တင်ဂီရိ၏ စိတ်ထဲတွင် မဟာမိတ်ကို အခိုင်မာရဖို့ကို အထူးအာရုံစိုက်ထားခဲ့သည်။

 

ငွေတောင်ပြည်တွင် တင်ဂီရိက အသက်အကြီးဆုံးဖြစ်သည့်အပြင် တကယ့်လက်တွေ့ စစ်ပွဲများကို ရင်ဆိုင်ဖူးသည့် တစ်ဦးတည်းသော မင်းသားဖြစ်သည်။ ငွေတောင်ပြည်တွင် တင်ဂီရိက လူတိုင်းသတိပြုမိသည့်သူဖြစ်ပြီး လူတိုင်းက ခင်မင်မိတ်ဖွဲ့ချင်ကြသည်။ ထိုအချက်ကို အသုံးချပြီး တင်ဂီရိ လူစုသည်။

 

လုတိုင်းပြည်မှ မင်းသား တိုလုအီ၊ ထန်ပြည်မှ မင်းသား ထန်လိုခိက ပထမဆုံး တင်ဂီရိ၏ မိတ်ဆွေဖြစ်ခဲ့သည်။ သူတို့က တင်ဂီရိကို လေးစားသည်။ တင်ဂီရိ၏ တိုက်ရည်ခိုက်ရည်က အထင်ကြီးလေးစားစရာ ကောင်းလှသည်။ မိမိတို့က ရွှေနန်းတော်က မင်းသားလေးဘ၀နှင့် စစ်ပွဲဆိုတာ ဘာမှန်းမသိစဉ် နောင်တော် တင်ဂီရိက တိုက်ပွဲများစွာ ကို ဦးဆောင်တိုက်ခိုက်လာခဲ့သည် ဆိုသည့် အချက်ကာ မင်းသား၊ မင်းသမီးများကြား အတော့်ကို နာမည်ကျော် ကြားသည်။ လူတိုင်းက တင်ဂီရိ နားကို ကပ်ချင်သည်။ ခင်မင်ချင်သည်။ သို့သော် တင်ဂီရိက လူတိုင်းကို လက်မခံပေ။

 

တင်ဂီရိက ထူးခြားသော စွမ်းရည်ရှိသည့် သူများကို လိုက်လံစုဆောင်းသည်။ ပြီးတော့ စိတ်နေစိတ်ထား ပြတ်သားသူ များ၊ လုပ်မိလုပ်ရာကို တဇွတ်ထိုးလုပ်သူများ၊ မည်သည့်အရာကိုမှ ဂရုမစိုက်ပဲ လုပ်ရဲသူများကို ပိုပြီးသဘောကျသည်။ ထန်လိုခိ သည် မြာပွေသလောက် တိုက်ရည်ခိုက်ရည်တော်သည်။ မြင်းစီးကျွမ်းသည်။ အကြောက်လန့်မရှိ။ တိုက်ခိုက်ရေးအတန်းတွင် မိမိပြီးလျှင် ထန်လိုခိက အတော်ဆုံးဖြစ်သည်။

 

လုမင်းသား တိုလုအီသည် အငြိမ်သမား။ ထန်လိုခိနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ မိန်းကလေးများနှင့် ကင်းရှင်းသည်။ အတွေးခေါ်ကောင်းသည်။ စစ်ရေးဗျူဟာများကို လေ့လာမှုအားကောင်းသည်။

 

ထန်လိုခိသည် ထန်တိုင်းပြည်၏ ဆက်ခံသူ အိမ်ရှေ့မင်းသားဖြစ်သည်။ ထန်တိုင်းပြည်က တက်ကြွသည့် စစ်သည်တော်များနှင့် ဖွဲ့စည်းထားသည်။ ထန်လိုခိ၏ ခမည်းတော် ထန်မင်းကြီးက နယ်မြေတိုးချဲ့ရသည်ကို ၀ါသနာပါသူဖြစ်သည်။ လောလောဆည် ထန်တိုင်းပြည်၏ ပတ်ပတ်လည်ကို နည်းမျိုးစုံနှင့် သိမ်းသွင်းနေသည်။ ထန်တိုင်းပြည်၏ ပိုင်နက်သည် တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာခဲ့သည်။ တင်ဂီရိ ခန့်မှန်းတာ မမှားဘူးဆိုလျှင် နောက် ငါးနှစ်တွင် ထန်တိုင်းပြည်သည် ဆွေမျိုးတော်စပ်သည့် လျံတိုင်းပြည်ကို တနည်းနည်းနှင့် ပေါင်းစပ်ကာ အင်အားကြီးနိုင်ငံကိုထူထောင်နိုင်မှာ သေချာသည်။

 

လုတိုင်းပြည်က တောင်ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။ ပင်လယ်ရေကြောင်း ကူးသန်းရောင်းဝယ်ရေး ထွန်းကားပြီး ကြွယ်ဝချမ်းသာသည်။ တိုလုအီက လုတိုင်းပြည်၏ သားတော်အလတ်ဖြစ်ပြီး ကျန် ညီတော်၊ နောင်တော်နှင့် မတူပဲ စဉ်းစားရသည်ကို နှစ်ခြိုက်သူဖြစ်သည်။ လောလောဆည်တွင် တိုလုအီသည် လိပ်ခေါင်း လျှို သလိုနေသော်လည်း သူ့တွင် ကြီးပွားချင်စိတ်ပြင်းပြသည်ကို တင်ဂီရိ ရိပ်မိသည်။

 

ထို့ကြောင့် ထန်လိုခိနှင့် တိုလုအီတို့သည် တင်ဂီရိ ရွေးချယ်သည့် မိတ်ဆွေများဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်မှ တဆင့် ကျောင်းတော်ရှိ အခြားသော မင်းညီမင်းသားများနှင့် မင်းသမီးများကို တင်ဂီရိ စည်းရုံးသည်။ တဖြည်းဖြည်းနှင့် တင်ဂီရိ စုဆောင်းသည့် လူငယ်များ တဖြည်းဖြည်းများလာခဲ့သည်။ ထိုလူငယ်လေးများကို ညနေတိုင်း ပုံမှန်တွေ့ဆုံးသည်။ စကားစမြည်ပြောကာ သူတို့ကို လွှမ်းမိုးရန် တဆင့်ချင်းလုပ်ဆောင်ရသဖြင့် ဆူမီရာ ကို အချိန်သိပ်မပေးနိုင်တော့ပေ။

 

ယခုဆိုလျှင် တနေ့လျှင် တကြိမ်ပင် သိပ်မတွေ့ဖြစ်တော့ပေ။ ညစာလည်း အတူမစားဖြစ်တာ ကြာလေပြီ။ တစ်ပတ်လျှင် နှစ်ရက်တောင်ပေါ်တက်သည့် အချိန်သာ ဆူမီရာနှင့် အတူတွေ့ဖြစ်တော့သည်။ ထို့ကြောင့် ဆူမီရာလေးက မိမိကို ယခုလို ညစာအတူစားဖို့တောင်းဆိုတော့ တင်ဂီရိ စိတ်မကောင်းဖြစ်မိသည်။ ဆူမီရာလေးနှင့် အတူညစာစားရန် တင်ဂီရိ အတတ်နိုင်ဆုံးပြန်လာခဲ့သည်။ မိုးတောင်ချူပ်လို့နေပြီ။ ကလေးလေး စားပြီးသားဖြစ်နေလောက်ပြီ။

 

“မင်းသားလေး ရော…”
 

“အရှင့်သားကို စောင့်နေပါတယ် အရှင်…”
 

“ဆူမီရာ…”
 

“နောင်တော်ရောက်လာပြီ။ စားတော့မယ် မဟုတ်လားဟင်…”
 

“စားရအောင်လေ။ နောင်တော်ဗိုက်ဆာနေပြီ။ ဆူမီရာလေးရော…စားပြီးပြီလား။”

 

“မစားသေးဘူး။နောင်တော်နဲ့ အတူစားချင်လို့ စောင့်နေတာ…”

 

“ဆာရောပေါ့ ကလေးရယ်။ စားနှင့်တာ မဟုတ်ဘူး။ နောင်တော် နည်းနည်းနောက်ကျသွားတယ်။ ဘာလို့စောင့်ရတာလဲကွာ။”
 

တင်ဂီရိသည် ဆူမီရာလေး ဗိုက်ဆာနေမည်ကို တွေးကာ တဖွဖွပြောလိုက်မိသည်။ နောက်တခါ ဆူမီရာလေးနှင့် ညစာစားမည်ဆိုလျှင် မိမိ နောက်လိုက်များနှင့် သွားမတွေ့တော့ဟု တေးထားလိုက်သည်။

ဆူမီရာသည် နောင်တော်၏ စေတနာကို နားလည်လိုက်သည်။ နောင်တော် မိမိကို ဒီလိုပြောလိုက်သည်နှင့် အရင်ရက်က မိမိကိုပြစ်ထားသဖြင့် ၀မ်းနည်းနေသည်တို့ တစ်ဝက်လောက် ပြေသွားတော့သည်။ ဆူမီရာသည် နောင်တော့်ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြကာ ပြောလိုက်သည်။

 

“ဟင့်အင်း။ ဆူမီရာ မုန့်နည်းနည်း အဆာပြေစားထားပါတယ်။ နောင်တော်နဲ့ အတူစားချင်လို့ စောင့်နေတာ… အထိန်းတော်ကြီး ညစာ ပြင်လိုက်ပါတော့။”

 

ဆူမီရာလေးက ပြောပြီး လှမ်းပြောလိုက်သည်။ တင်ဂီရိသည် အပြောဆို လူကြီးပုံပေါက်နေသည့် ကလေးလေးကို ချစ်စနိုးဖြင့်ကြည့်ကာ ခေါင်းကိုပွတ်လိုက်မိသည်။ ဆူမီရာသည် နောင်တော် ခုလို ခေါင်းကိုပွတ်လိုက်သဖြင့် ကြည်နူးသွားမိသည်။ သေချာသည်။ နောင်တော်သည် မိမိအပေါ် အချစ်တို့တစ်စက်မှ မလျော့သေးပေ။

 

“စား…ဆူမီရာလေး… ကလေး ခုရက် မြင်းစီးရော၊ ကိုယ်ခံပညာရော သင်ရလို့ထင်တယ် ကိုယ်ရည်စစ်သွားတယ်။ များများစားပေ။ ဒါမှ ထွားကျိုင်းတဲ့ ယောကျာ်းတစ်ယောက်ဖြစ်လာမှာ။”
 

“နောင်တော်လည်းစား…”

 

တင်ဂီရိက ဆူမီရာထဲကို ဟင်းထည့်ပေးသည်။ဆူမီရာက တင်ဂီရိ မစားရမည်စိုးလို့ ဟင်းများကိုအလုယက် ထည့်ပေးသည်။ အထိန်းတော်နှင့် အခြွေရံများသည် တစ်ယောက်ကို တစ်ယောက်ချစ်ကြသည့် မင်းသားနှစ်ပါး၏ ပုံစံလေးကို ကြည့်ကာ ကြည်နူးမိကြသည်။

 

ယွမ်ချူးခန်သည် နန်းတွင်းလေ့ကျင့်ရေးကွင်းမှာ ပြန်လာပြီးနောက် မောပန်းကာဆာလောင်လို့ နေသည်။ အဆောင်ထဲကို ၀င်လိုက်စဉ် မွှေးပျံ့သော ယာဂုနံ့ကိုရလိုက်သည်နှင့် ပျော်သွားခဲ့သည်။
 

“မယ်မယ်….”
 

“ဟော… သားတော်လည်းပြန်လာပြီ။ သားလေးအတွက် မယ်မယ် ယာဂု ချက်ထားတယ်။ မယ်မယ့်သားလေးက ကောင်းကောင်းလေ့ကျင့်လို့ မယ်မယ်ချက်ကျွေးတာ…”
 

“ဟေး………ပျော်လိုက်တာ…”
 

“ပျော်ရင် ရေသွားချိုးတော့။ ပြီးရင် မင်းရဲ့ ခမည်းတော်လည်းလာစားလိမ့်မယ်။”

 

ယွမ်ချူးခန်က ပျော်သွားပြီး ရေချိုးဆောင်ထဲကို ပြေးဝင်သွားတော့သည်။အသက် ၁၀ နှစ်ရှိသည့်တိုင် ကလေးလို လုပ်နေသော သားလေးကို ကြည့်ကာ ဟော်သွန်းသက်ပြင်းချလိုက်မိသည်။ ခန်မင်းကြီး၏ မျက်ကန်းအချစ်ကြောင့် မိမိ၏ သားတော်လေး အရည်ချင်းမရှိသည့် ပျော့ညံ့သော မင်းသားတစ်ပါးမဖြစ်စေရဟုဆုံးဖြတ်လိုက်သည်။ ရေခဲဖြူဒေသမှ မောရကစ်အနွယ် မင်းသားတစ်ပါးသည် ထက်မြက်သောသူတစ်ယောက်ဖြစ်ရမည်ဟု ဆုံးဖြတ်ကာ အတတ်နိုင်ဆုံး မြေတောင်မြှောက်ပေးရန် ဟော်သွန်း စိတ်ပိုင်းဖြတ်ထားသည်။ထို့ကြောင့် ခန်မင်းကြီးကို အတိုက်ခံလုပ်ကာ ယွမ်ချူးခန်ကို တင်းကျပ်စွာလေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။

 

အမတ်ချုပ်ကြီး တားဂေါတိုင်းက မိမိဘက်မှ ၀င်ရောက်ပြောပေးသဖြင့် သားလေးကို ယခုလို လေ့ကျင့်ပေး နိုင်ခြင်းဖြစ်သည်။နောင်တချိန်တွင် ယွမ်ချူးခန်သည် နန်ကျောင်ထီးနန်ကို ထိုက်ထိုက်တန်တန် ဆက်ခံသော မင်း တစ်ပါး ဖြစ်စေရမည်။ ထိုမင်းလက်ထက်တွင် လူနည်းစုများကို ကာကွယ်နိုင်သည့် စိတ်နှလုံးပြည့်ဝသော မင်းကောင်း တစ်ပါးဖြစ်စေ ရမည်။ ဘယ်တော့မှ အင်အားနည်းသည့် လူမျိုးစုကို အနိုင်မကျင့်စေရန် ယခုကတည်းက သင်ကြား ပေးရမည်။ ဟော်သွန်းသည် ခင်ပွန်းနှင့် သားကြီးကို သတိရကာ ရင်မှ နာကျင်သည့် ဝေဒနာကို ခံစားလိုက်ရသည်။


 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet