Chapter - 20

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (20)

ဆူမီရာသည် အကိုတော် ဂျူဒါအမ်း ၏ ကဗျာရွတ်ပွဲတိုင်းကို လိုက်တက်သည်။ နားထောင်သည်။ တကယ်တော့ အကိုတော် ဂျူဒါအမ်းကို ကျောင်းတော်မရောက်ခင်ကတည်းက သိနေခြင်းဖြစ်သည်။ မိမိတို့ တိုင်းပြည်ကို အကိုတော် လာလည်ခဲ့ဖူးသည်။ ထိုစဉ်ကတည်းက အနေတည်ကာ အေးချမ်းသည့် အကိုတော်ကို ဟီဒယ်က သဘောကျခဲ့သည်။ ဟီဒယ်သည် စာပေပညာကို ဖတ်ရှုရသည်ကို နှစ်ခြိုက်သူပီပီ အကိုတော်၏ စာပေ ပညာတော် ထက်ခြင်းက စံပြဖြစ်ခဲ့သည်။ အကိုတော်ကို ငယ်ကတည်းက လေးစားအားကျသည့် အချက်က စာလုံးပေါင်း လှကာ ကဗျာစပ်တော်ခြင်းဖြစ်သည်။

မိမိတို့ နန်းတော်ကို လာခဲ့စဉ်က အစ်မ၀မ်းကွဲများကြား အကိုတော်၏ နံမည်ကို နေ့ညမပြတ်ကြားခဲ့ရသည်။ ဟီဒယ်သည် အကိုဂျူဒါအမ်းကို တွေ့ချင်သောကြောင့် ငွေတောင်ပြည်ကို မရရအောင် ပညာလာသင်ခြင်းဖြစ်သည်။ ယခုလည်း အကိုတော်၏ ကဗျာကို နားထောင်ပြီး သက်ပြင်းချမိသည်။ အကိုတော်ကတော့ မိမိကို မှတ်မိမည် မထင်ပါ။ ဟီဒယ် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။

“ညီမလေး….”

အနောက်နားမှ ကပ်ခေါ်လိုက်သည့် အသံကြောင့် ဟီဒယ် သတိဝင်လာသည်။ လှည့်ကြည့်လိုက်တော့ အကိုတော် ထန်လိုခိကို အခြား မိန်းမလှလေးနှင့် တွဲကာ တွေ့လိုက်ရသည်။ မီဒယ်ကတော့ အကိုတော် ထန်လိုခိနားကို ၀မ်းသာအားရ ပြေးဖက်ကာ ပြောလိုက်သည်။

“အကိုတော် …. ဘာလာလုပ်တာလဲ။ ညီမလေးတို့ကို မုန့်ဝယ်ကျွေး။”

“အေးပါ။ ကျွေးပါ့မယ်။ အမ်းအမ်း။ အကို မအားတော့ဘူး။ နောက်နေ့မှ အပြင်ကို အတူသွားရအောင်နော်။”

မင်းသမီး အမ်းအမ်းသည် ဟီဒယ်နှင့် မီဒယ်ကြောင့် မိမိကို ထန်လိုခိ နှင်ထုတ်သောကြောင့် ဒေါသထွက်သွားပြီး ခြေဆောင့်ကာ ထွက်သွားတော့သည်။ ဟီဒယ်က မီဒယ်ကို ကြည့်ကာ ပြောလိုက်သည်။

“မီဒယ်။ အကိုတော်ကို အခက်တွေ့အောင် မလုပ်နဲ့။ အကိုတော်ရဲ့ ချစ်သူ စိတ်ဆိုးသွားပြီ။ အကိုတော် လိုက်ချော့ လိုက်ဦးလေ။”

မီဒယ်က နူတ်ခမ်းဆူကာ လက်ကို ဖြုတ်လိုက်သည်။ ထန်လိုခိက ရယ်မောက ဟီဒယ် နားတွင်ဝင်ထိုင်ကာ ပြောလိုက်သည်။

“ချစ်သူ မဟုတ်ပါဘူး။ သူငယ်ချင်းပါ။ ကဲ … အကို့ညီမတွေအတွက် အကို အမြဲအားတယ်။ သွားကြစို့။ဟီဒယ် ဘာစားချင်လဲ။”

ဟီဒယ် ခေါင်းယမ်းလိုက်သည်။

“တော်ပြီ။ မစားချင်ဘူး။ ညီမ စာလုပ်ရအုံးမယ် အကိုတော်။ မီဒယ်ကို ပဲလိုက်ကျွေးလိုက်တော့…”

ထန်လိုခိသည် ဟီဒယ်ကို ရအောင် ခေါ်လိုက်သည်။ မဟုတ်လျှင် ဂျူဒါအမ်းနားကို ရောက်သွားမည်ကို စိုးသည်။ မိမိသာ ပွေရှုပ်ချင်သည်။ မိမိညီမများကို အခြားကောင်လေးနား မရောက်စေချင်ပါ။ ထို့ကြောင့် ဟီဒယ်ကို ရအောင်ခေါ်လိုက်သည်။ နောက်ဆုံး ဟီဒယ်က စိတ်ပျက်လက်ပျက်နှင် လိုက်လာခဲ့သည်။ မိမိက အကိုတော် ဂျူဒါအမ်းနားကို သွားရန်ကြံထားသည်။ ယခုတော့…………

ချူလူလူသည် နောင်တော် တိုလုအီနှင့် အတူသွားလာရသည်ကို သဘောကျနေမိသည်။ နောင်တော် တိုလုအီသည် မိမိ နောင်တော်များနှင့် မတူပေ။ မိမိကို ကြင်နာသည်။ မသိသည်ကို သေချာရှင်းပြသည်။ စိတ်ရှည်သည်။

“ချူလူလူ………”

“ဗျာ….. နောင်တော်.”

ချူလူလူသည် ဗျပ်စောင်းကြိုးညှိနေရာမှ နောင်တော် တိုလိုအီကိုထူးလိုက်သည်။ နောင်တော်တိုလုအီက ချူလူလူနား ၀င်ထိုင်ကာ ပြောလိုက်သည်။

“မင်း မယ်မယ်ရဲ့ မျိုးနွယ်စုကို မတွေ့ချင်ဘူးလား။”

တိုလုအီ၏ အမေးကြောင့် ချူလူလူ စိတ်လှုပ်ရှားလာခဲ့သည်။ မယ့်မယ့် မျိုးနွယ်စုသည် မည်သို့သောလူမျိုးဆိုတာ ကို သိပြီးကတည်းက တွေ့ချင်နေခဲ့သည်။ ခမည်းတော်စိတ်ဆိုးမည်ကို စိုးရွံ့မိသည်။

“တွေ့ချင်ပါတယ်။ ဒါပေမယ့်……..”

ချူလူလူ ပြောရင်း အသံတိုးသွားခဲ့သည်။ မယ်မယ်ရောတွေ့ချင်ပ့ါမလား။ပြီးတော့ မိမိတို့ တွေ့ချင်သည် ဆိုလျှင် ခမည်းတော် မည်သို့ပြောမည်နည်းဟု တွေးကာ စိတ်ရှုပ်သွားခဲ့သည်။

တိုလုအီ က ချူလူလူ၏ ခံစားချက်ကို နားလည်သည်။ ထို့ကြောင့် ပြုံးကာ ချူလူလူ၏ လက်ကို ဖျစ်ညစ်ပြီးပြောလိုက်သည်။

“မင်း တွေ့ချင်တယ်ဆိုရင် မင်းရဲ့ ခမည်းတော် မသိအောင်စီစဉ်ပေးလို့ရတယ်။ ”

“နောင်တော် ဘယ်လိုစီစဉ်ပေးမှာလဲ။ တကယ် ခမည်းတော် မသိအောင် လုပ်ပေးလို့ရလားဟင်…………”

ချူလူလူစိတ်လှုပ်ရှားစွာပြောခဲ့သည်။ တိုလုအီက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“နောင်တော် တင်ဂီရိက အားလုံးစီစဉ်ပေးလိမ့်မယ်။ မင်းရဲ့ ခမည်းတော် မသိစေရဘူး။”

တိုလုအီသည် ချူလူလူကို ကတိပေးပြီး အနောက်ကို ညွန်ပြလိုက်သည်။ ချူလူလူလှည့်ကြည့်လိုက်သောအခါ နောင်တော် တင်ဂီရိ မိမိတို့ဘက် လျှောက်လာသည်ကိုတွေ့လိုက်ရသည်။ ချူလူလူသည် နောင်တော် တင်ဂီရိကို ငေးကြည့်နေမိသည်။ နောင်တော်သည် မည်သည့်အချိန်ကြည့်ကြည့် မိမိမျက်လုံးထဲတွင် ခန့်ညားလွန်းလှသည်ဟု မြင်မိသည်။

တင်ဂီရိသည် ချူလူလူတို့ အနားတွင် အသာဝင်ထိုင်ရင်း ဗျပ်စောင်းဝါသနာအိုးလေးကို ပြုံးပြကာ ပြောလိုက်သည်။

“ချူလူလူတွေ့ချင်ရင် နောင်တော် အားလုံးစီစဉ်ပေးမယ်။ ဘယ်လိုလဲ။ မင်း မယ်မယ်ဘက်က မျိုးနွယ်ကိုတွေ့ဖူးတာ ကောင်းတာပေါ့။ နောင်တော်ဆိုရင် အသက် ရှစ်နှစ်လောက်က နောင်တော့် မယ်မယ်ရဲ့ မောရကစ်မျိုးနွယ်တွေရှိတဲ့ဘက်ကို တခါ သွားတွေ့ဖူးတယ်။ သူတို့က နောင်တော့်ကို တွေ့တော့ အရမ်းဝမ်းသာနေကြတာ။ ယုံတောင် မယုံနိုင်ဘူး။ ”

နောင်တော့်စကားကို ကြားသော် ချူလူလူခေါင်းငြိမ့်လိုက်သည်။ သို့သော် စိုးရိမ်သည့် အချက်ကို ဖွင့်မေးလိုက်သည်။

“ကျွန်တော် ဒီက သွားရင် ခမည်းတော် ချက်ချင်းသိမှာစိုတယ် နောင်တော်။”

တင်ဂီရိက ပြုံးကာ ခေါင်းယမ်းလိုက်သည်။

“ဒီ ငွေတောင်ပြည်ကို ခေါ်လာပေးမယ်။ တိုလုအီ တို့ တိုင်းပြည်မှာ ပင်လယ်လူမျိုးက တစ်ယောက်အမှုထမ်းနေတာ ရှီတယ်။ သူကနေတဆင့် မင်းတို့ မယ်မယ်ဘက်က မျိုးနွယ်ကို ဆက်သွယ်လို့ရတယ်။ ”

ချူလူလူသည် ထိုစကားကိုကြားသော် ချက်ချင်းခေါင်းငြိမ့်လိုက်သည်။

“ကျွန်တော် တွေ့ချင်ပါတယ် နောင်တော်။ ကျေးဇူးပြုပြီး ကူညီပေးပါ။”

“စိတ်ချပါ။ နောင်တော် အမြန်ဆုံးစီစဉ်ပေးမယ်။ ”

တင်ဂီရိ ထရပ်ကာ နူတ်ဆက်လိုက်သည်။ စိတ်ထဲလည်း အေးသွားခဲ့သည်။ ချူလူလူသည် တင်ဂီရိကို လှမ်းမေးလိုက်သည်။

“နောင်တော်က ဘာလို့ ကျွန်တော့်ကို အကူညီပေးတာလဲဟင်။ ”

တင်ဂီရိက ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်သည်။

“နောင်တော့် အရှေ့ပင်လယ် ရေတပ်ကို တိုးချဲ့ဖို့ ပင်လယ်ပျော် မျိုးနွယ်စုရဲ့ အင်အား အကူညီကို လိုအပ်လို့ပါ။”

ချူလူလူသည် ပွင့်လင်းသည့် နောင်တော် တင်ဂီရိကို စိုက်ကြည့်ကာ ကျန်ရစ်ခဲ့သည်။ စိတ်ထဲတွင် နောင်တော်ကို ဖြစ်အောင် ကူညီပေးချင်စိတ်တို့ဖြစ်ပေါ်နေသည်။

ဆူမီရာ ကျောင်းသို့ရောက်သည်နှင့် ချူလူလူက ဆူမီရာကို ဆွဲခေါ်ကာ တိုင်ပင်သည်။ မိမိကို နောင်တော် တင်ဂီရိ ပြောသည့် အကြောင်းကို ပြောပြလိုက်သည်။ ဆူမီရာသည် နောင်တော် တင်ဂီရိ အရှေ့ဘက် ပင်လယ်ကို အပိုင်စိုးထားသည့် ပင်လယ်ဓါးပြများကို ဖြိုခွင်းရန် မည်မျှအရေးကြီးနေသည်ကို မယ်မယ်နှင့် ခမည်းတော် ပြောနေသည်ကို ကြားထားလို့ ယခုက မည်မျှ အရေးပါသည်ကို သိလိုက်သည်။ ထို့ကြောင့် ချူလူလူ၏ လက်ကိုဆွဲကာ တောင်းပန်လိုက်သည်။

“ချူလူလူ………. နောင်တော့်ကို ကူညီပေးပါဟာ။ နင့် ဖိုးဖိုးကို နောင်တော့်ကို ကူညီဖို့ပြောပေးပါနော်။ နောင်တော်
အရမ်းကို အခက်ကြုံနေတယ်။ နန်ကျောင်ပြည်က နောင်တော်တို့ တိုင်းပြည်ကို ဖိအားပေးပြီး အင်အားနည်းအောင်လုပ်နေတယ်။ အရှေ့ပင်လယ် ထွက်ပေါက်ရမှ နောင်တော်တို့တိုင်းပြည် ဆက်ရှင်သန်နိုင်မှာမို့ပါ။ ကူညီပေးပါနော်။”

ချူလူလူသည် ဆူမီရာ၏ အကူညီတောင်းမှုကို ကြားသော် ခေါင်းငြိမ့်လိုက်သည်။ မိမိတို့လည်း နန်ကျောင်ပြည်၏ ၀ါးမျိုးမှုကို မခံနိုင်ပါ။ ပြီးတော့ ခင်မင်ရသော နောင်တော် တင်ဂီရိကို ကူညီရန် ခေါင်းငြိမ့်လိုက်သည်။

“စိတ်ချပါ။ ငါ ဖိုးဖိုးနဲ့တွေ့ရင် ရအောင်ပြောလိုက်ပါ့မယ်။”

“ကျေးဇူးတင်လိုက်တာ ချူလူလူရာ။ နင့်ကို အရမ်းချစ်သွားပြီ။”

ဆူမီရာက ၀မ်းသာစွာဖြင့် ချူလူလူကို ခုန်ကာ လည်ပင်းကို ဖက်ရင်းပြောလိုက်သည်။ တကယ်လည်း ပျော်သွားမိသည်။

“အဟွက်…ဟွက်… ငါသေတော့မယ် ဆူမီရာ. လွှတ်ပါအုံး။”

ဆူမီရာသည် ထိုအခါမှ ရယ်မောကာ ချူလူလူကိုလွှတ်ပေးလိုက်သည်။ ဒါကို အကွယ်တနေရာမှ ကြည့်နေသော တိုလုအီက ရယ်ရမလို၊ ငိုရမလိုဖြစ်နေမိသည်။ ချူလူလူနှင့် ဆူမီရာ ခင်မင်လွန်းလှသည်။ သူတို့အချစ်က ဖြူစင်သည်ကို သိသော်လည်း မိမိ တမျိုးတမြည် ခံစားနေရသည်။

ဂျူဒါအမ်းသည် ပထမ ဟီဒယ်ကို မမှတ်မိသော်လည်း မိမိကဗျာဖတ်ပွဲတိုင်း တက်ရောက်ပြီး စူးစိုက်နားထောင်တတ်သည် ဟန်လေးကို မှတ်မိသွားသည်။ လျံတိုင်းပြည်မှ မင်းသမီးလေး ဟီဒယ်သည် ငယ်စဉ်က မိမိတွေ့ဖူးသည်ထက် ပိုလှလာသည်က လွဲရင် အရင်လို စာပေကို မြတ်နိုးကာ အပတ်တကုတ်ကြိုးစားသည်ကို တွေ့သော် သဘောကျမိသည်။ အရီးတော်၏ သမီးအကြီးဆုံးသည် ထက်မြက်မည့်သူဖြစ်သည်ကို သူမလေး ငယ်စဉ် တွေ့ကတည်းက မိမိ ထင်ခဲ့တာ မှန်နေလေပြီ။

သို့သော် ဂျူဒါအမ်း သူမ အနားကို မသွားချင်ပါ။ ပထမ သူမလေးကို သွားပြီး နူတ်ဆက်မည် ပြုသော်လည်း ထန်လိုခိ၏ မိမိကို ရန်လိုသလိုကြည့်သည့် မျက်နှာထားကို မနှစ်မြို့သော်ကြောင့် သွားမနူတ်ဆက်တော့ပေ။ ထန်လိုခိ၏ မျက်လုံးထဲဝယ် သူ့ညီမ အနားကိုလာလျှင် ငြိမ်ပြီးကြည့်မနေသည့် အရိပ်ကို တွေ့နေရသည်။ မိမိကလည်း ကျောင်းတော်ကို ပညာဆည်းပူးရန်လာခဲ့သဖြင့် ခိုက်ရန်ဖြစ်ပွားတာမျိုးကို မလုပ်ချင်ပေ။ ဒါကြောင့် ဟီဒယ်ကို ဆက်လက်ပြီး မသိဟန်ဆောင်နေလိုက်သည်။

------------------------------------------------------------

ကာလိုခန်မင်းကြီးသည် အာနန်ပြည်ကို လမ်းကြောင်းပိတ်ဆိုးသည့် အကြောင်း ဟော်သွန်းမိမိကို မေးမြန်းမည်ကို စိုးရွံနေမိသည်။ မေးလာခဲ့လျှင် မည်သို့ဖြေရမည် မသိတော့ပေ။ ပြည့်ရှင်မင်းတစ်ပါးဖြစ်ပြီး အမတ်ချုပ်ကြီး လုပ်သမျှ ခံနေသည်ကို ဟော်သွန်းကိုလည်း မပြချင်ပါ။ ထို့ကြောင့် စိတ်မချမ်းမသာဖြစ်နေမိသည်။

ဟော်သွန်းသည်လည်း အာနန်ပြည်ကို စီးပွားရေး လမ်းကြောင်းပိတ်ဆို့ထားသည်ကို သိသည်။ ကာလိုခန်မင်းကြီးကို မေး သော်လည်း ဘာမှ ရေရေ ရာရာ သိလာမည် မဟုတ်ပေ။ ထို့ကြောင့် မည်သည့်စကားကို မှ မပြောပဲ မိမိတို့ အရင်နေသည့် စံအိမ်ဘက်ကို ထွက်လာခဲ့သည်။ ထိုစံအိမ်တွင် မိမိကို သံယောဇဉ်မကင်းသဖြင့် ကျန်နေရစ်သည့် မိသားစု တစ်စုကျန်နေရစ်ခဲ့သည်။

မြင်းရထားပြင်ခိုင်းစဉ် သားတော် ယွမ်ချူးခန်ရောက်လာသဖြင့် ဟော်သွန်း တစ်ခါတည်း ခေါ်လာခဲ့သည်။ မိမိတို့ မျိုးနွယ်များနှင့် သားတော်ကို ရင်းနှီးစေချင်မိသည်။

ယွမ်ချူးခန်သည် မယ်မယ်ခေါ်သဖြင့် စံအိမ်ဟောင်းကိုလိုက်ခဲ့သည်။ အရင်က မယ်မယ်နေခဲ့သည့် စံအိမ်ဟု သိသော်လည်း ဒီနေရာကို ယွမ်ချူးခန် သိပ်မလာချင်ပါ။ ဘာကြောင့်ရယ်မသိ။ ဒီနေရာကို မယ်မယ်လာတိုင်း မိမိလိုက်လာနေကျဖြစ်သော်လည်း လာမိတိုင်း ရင်ထဲ မကောင်းပေ။

မယ်မယ်သည် ဒီနေရာကို ရောက်လျှင် တစ်စုံတစ်ခုသော ဝေဒနာကို ခံစားနေရသလို နန်းတော်ကို ပြန်ရောက်လျှင် စကားမပြောတော့ပဲ အိပ်အိပ်သွားလေ့ရှိသည်။ ဒါကြောင့် ဒီနေရာကို ယွမ်ချူးခန် မလိုက်ချင်ပါ။ သို့သော် မယ်မယ့် ရှားရှားပါးပါး အပြုံးကို တွေ့ရမည်ဖြစ်လို့ အမြဲလိုက်ခဲ့သည်။ နန်းတော်ထဲကနဲ့မတူ မယ်မယ့် မျက်နှာ အသက်ဝင်လာခဲ့သည်။မိမိတို့ နှင့် မတူသည့် စကားကို ပြောဆိုကာ နူးညံ့သော သက်ဝင်လှုပ်ရှားသော မယ့်မယ့် အမူရာများကို ယွမ်ချူးခန် ငေးမောကြည့်နေကျဖြစ်သည်။

“သခင်မဘုရား……….”

အိမ်တော်မှ လူအားလုံး ဟော်သွန်းကို ဖက်လှဲတကင်း ကြိုဆိုနူတ်ဆက်ကြသည်။ ဟော်သွန်းကလည်း စိတ်ရင်းတစ်ခုလုံးနှင့် နူတ်ဆက်စကားပြောသည်။ နန်းတွင်းထဲတွင် ပြောခွင့်မရသည် မိမိတို့ မျိုးနွယ်၏ စကားကို အားပါးတရပြောဆိုသည်။ ထို့နောက် မိမိတို့ မျိုးနွယ်၏ အစားအစာကို မက်မက်မောမောစားသည်။ သားလေး
ယွမ်ချူးခန်သည် ဒီနေရာကို လာတာ သိပ်မနှစ်မြို့သော်လည်း အမြဲခေါ်ခဲ့သည်။ ဒီက အစားစာကိုလည်း အမြဲကျွေးသည်။ သို့သော် သားတော်လေးက သူတို့ကို စကားပြောခဲ့သည်။

ဟော်သွန်းသည် သားတော်ကို အသာလွှတ်ထားလိုက်သည်။ အတင်းကျပ်လည်းမလုပ်ချင်ပေ။ သားတော် စိတ်ရှုပ်သွားမည်ကို မလိုလားပေ။ တကယ်တော့် သားတော်က နန်ကျောင်နန်းတွင်း က ဖူးဖူးမှုတ်ထားသည့် ရတနာလေးဖြစ်သော်လည်း မိမိတို့ မျိုးနွယ်အကြောင်းကိုလည်း သိစေချင်သည်။ သူ့မယ်တော်သည် နန်ကျောင်ပြည်၏ မိဖုရားဖြစ်သော်လည်း ယခင်က မြင်းစီးလှည့်လည်ခဲ့သည့် မျိုးနွယ်က ဆိုတာကို သိစေချင်သည်။
မျိုးရိုးဆိုတာ မတိမ်ကောကောင်းပေ။ ဖြစ်နိုင်လျှင် မိမိတို့ မောရကစ်ဒေသ၏ ရေခဲဖြူနယ်ကို ပို့ကာ အဖိုးဘွားများကို
တွေ့စေချင်သေးသည်။

မယ်မယ်၏ အပြုံးကို ကြည့်ပြီး ယွမ်ချူးခန် စိတ်မကောင်းဖြစ်မိသည်။ နန်းတော်ထဲတွင် မယ်မယ် အထီးကျန်လွန်းလှသည်.။ ခမည်တော်နှင့် လက်ဆက်ထားသော်လည်း မယ်မယ် ခမည်းတော်ကို မချစ်သည်ကိုလည်း သိသည်။ ထိုအသိက ယွမ်ချူးခန်၏ ရင်ကိုနာကျင်စေသည်။ ဒါကြောင့် ယေစုကိုင်း စစ်သူကြီး နေသွားသည့် အိမ်တော်ကို မယ်မယ်လာတိုင်း ယွမ်ချူးခန် စိတ်ထဲ တင်းတင်းကျပ်ကျပ်ခံစားရခြင်းဖြစ်သည်။ နောင်တချိန် မိမိ လက်ထဲ လုပ်ပိုင်ခွင့်ရှိလျှင် ဒီစံအိမ်ကို ဖျက်စီးပစ်မည်ဟု တေးထားသည်။
မယ်မယ့်ရင်ထဲက စစ်သူကြီး ယေစုကိုင်းနေရာတွင် ခမည်းတော်ပဲ ရှိစေချင်မိသည်။ ဒါဆိုလျှင် နန်းတော်ထဲမှာ မယ်မယ်ပျော်မည်ဟု ယုံကြည်သည်။ ယွမ်ချူးခန်က မယ်မယ့် မျက်နှာတွင် အပြုံးရိပ်ကို ထာဝရ မြင်ချင်သူဖြစ်သည်။
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet