စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (67)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (67)

 

ဟော်သွန်းသည် မိမိခေါ်လို့ မိမိချစ်လင်ထပ်ပြီး အဖမ်းခံရပြီဆိုသည့် အသိကြောင့် ရင်ထဲစူးအောင့်လာခဲ့သည်။ မိမိကိုငဲ့ညှာပြီး နန်းတွင်းထဲထိ အရဲစွန့်ပြီးလာတွေ့သည့် ချစ်ရသည့် ခင်ပွန်းကို ထပ်မံကာကွယ်ရန် ဟော်သွန်းမတ်တပ်ရပ်ကာ နန်းတွင်း လက်ရွေးစင်စစ်တပ်ကို ရင်ဆိုင်လိုက်သည်။
 

“ရှင်တို့ သူ့ကိုလိုချင်ရင် ကျွန်မကို အရင်သတ်လိုက်ပါ။ ”
 

“သခင်မ… အခု သခင်မက ကျွန်တော်မျိုးတို့တိုင်းပြည်ကို စစ်ကြေငြာထားတဲ့ သူပုန်ဘုရင်ကို ကာကွယ်ပေးနေတယ်ဆိုတာ သိပါရဲ့လား။ သခင်မက တိုင်းပြည်ရဲ့ မိခင် မိဖုရားခေါင်ကြီးပါ။ အရင်တုန်းက ဒီသူပုန်နဲ့ လင်မယားတော်စပ်မှုကို အားလုံးမေ့ပစ်ပြီး နန်ကျောင်ပြည်ရဲ့ ဧကရီအဖြစ် တင်မြှောက်ခဲ့တဲ့ မင်းကြီးရဲ့ ကျေးဇူးတရားကို နည်းနည်းတော့ အမှတ်ရသင့်ပါတယ်။ ”
 

အမတ်ချုပ်ကြီးက စကားကြောင့် ဟော်သွန်းမပြောနှင့် ယေစုကိုင်းပင် မခံမရပ်နိုင်ဖြစ်လာပြီး ဟော်သွန်းကို မိမိနောက်ကို ဆွဲယူကာ ပြောလိုက်သည်။

 

“ယောကျာ်းဆိုတာ စကားလုံးထက် လက်ရုံးရည်ပြောင်မြောက်ရတယ်။ ဟော်သွန်း မိဖုရားခေါင်ဖြစ်လာတယ်ဆိုတာ ယုတ်မာတဲ့နည်းနဲ့ အကျပ်ကိုင်သိမ်းပိုက်ပြီး သားတော်လေးမွေးလို့ မိဖုရားခေါင်အဖြစ်ကို ပေးခဲ့တာဆိုတဲ့ အမှန်တရားကို ဖျောက်ထားပြီးပြောရဲ့တာ အမတ်ကြီးတယောက်ပဲရှိတယ်။ ”

 

အမတ်ချုပ်ကြီးတားဂေါတိုင်းက ယေစုကိုင်း၏စကားကိုကြားသော် မရှက်ပဲ မုတ်ဆိတ်ကိုလက်နှင့်သပ်ကာ ခေါင်းမော့ရယ်မောပြီး ပြောလိုက်သည်။
 

“မင်းရဲ့ ဇနီးသည်က ပထမအကြိမ် မင်းကို ကယ်လို့ အသက်ရှင်ရပြီးပြီ.။ နောက်ထပ် ဇနီးသည်ရဲ့ အကာကွယ်အောက်မှ ဆက်နေဦးမှာလား စစ်သူကြီးရ… မင်းမှာ ကိုယ်ပိုင်အစွမ်းရှိတယ်ဆိုရင် ငါ့စစ်တပ်ကို ထိုးဖောက်သွားလိုက်။ တကယ်အစွမ်းရှိတဲ့ ယောကျာ်းက မိန်းမရဲ့ အကာအကွယ်အောက်ကနေ အသက်မရှင်ဘူးကွ…”

 

အမတ်ချုပ်ကြီးက ပြောပြီးရွံရှာဟန်ဖြင့် မြေပြင်ပေါ်ကို တံတွေးထွေးချလိုက်သည်။ တားဂေါတိုင်း၏ လုပ်ရပ်က ယေစုကိုင်းကို တကယ့်ကို ထိသွားသည်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ရှေ့ကိုတိုးမည်အပြု ဟော်သွန်းက ခါးကို အတင်းဖက်ကာ အမြန်ပြောလိုက်သည်။
 

“ထွက်ပြေးပါ.. ကျွန်မကို ချစ်ရင် ထိုးဖောက်ထွက်ပါ။ အသက်ရှင်နေပေးပါ။ ကနေ့ မောင်မောင် တခုခုဖြစ်ရင်

ဟော်သွန်းလည်း မောင်မောင်နဲ့အတူတူလိုက်ခဲ့မယ်။ ဟော်သွန်းကို အသက်ရှင်စေချင်ရင် မောင်မောင် အသက်ရှင်အောင် ထိုးဖောက်ထွက်ပါ….”

 

ပေါက်ကွဲထွက်လာမည့် ဒေါသအားလုံး ဟော်သွန်း၏မျက်ရည်ကြောင့် ငြိမ်းသွားခဲ့သည်။ စကားနည်းသော ဟော်သွန်းက ဖွဲနွဲ့မပြောတတ်ပေမယ့် ပြောသည့်အတိုင်း လုပ်တတ်သည်ကို သိသည့် ယေစုကိုင်းက ဟော်သွန်း၏ ကိုယ်ကို ရင်ခွင်ထဲဆွဲသွင်းကာ ဖက်လိုက်ပြီး နဖူးပြင်ကို နမ်းကာပြောလိုက်သည်။
 

“ဟော်သွန်းရဲ့ စကားကို မောင်မောင် လိုက်နာတယ်၊ ဟော်သွန်း အသက်ရှင်နေသရွေ့ စိတ်ချမ်းသာအောင် နေရမယ်နော်…”
 

“ဟော်သွန်း ကတိပေးပါတယ်… သွားတော့.. မောင်မောင် …သွားပါတော့…”

 

ယေစုကိုင်းသည် အနောက်ဘက် ကိုဦးတည်ပြီးပြေးထွက်သွားတော့သည်။ တားဂေါတိုင်း လက်ပြလိုက်သည်နှင့် လေးသည်တော်များက ယေစုကိုင်း၏ နောက်ကျောကို မြှားဖြင့်ချိန်ရွယ်လိုက်ကြသည်။ ဟော်သွန်းက ရှေ့ကို တိုးကာ အမိန့်ပေးလိုက်သည်။
 

“အားလုံး ရပ်ပါ…. ”
 

“အရှင်မိဖုရားက ဒီစစ်တပ်ကို အမိန့်ပေးပိုင်ခွင့်မရှိဘူး။ ဒီတပ်က မင်းကြီးရဲ့ လက်အောက်က တပ်မဟုတ်ဘူး။ အားလုံး…. ပစ်….”

 

စူးရှသည့် အမတ်ကြီး၏ အမိန့်ပေးသံအဆုံး မြှားအားလုံး ယေစုကိုင်းထံကို ပြုံထွက်သွားတော့သည်။ ဟော်သွန်းသည် စိုးရိမ်တကြီး နောက်ကိုပြန်လှည့်ကြည့်လိုက်စဉ် အနီးကပ်လာသည့် လူတစ်ဦးက ဟော်သွန်းကို မေ့ဆေး လက်ကိုင်ပ၀ါဖြင့် နှာခေါင်းကို အုပ်လိုက်တော့သည်။ ဟော်သွန်း ရုန်းကန်ရင်း သတိမေ့သွားသဖြင့် ယေစုကိုင်း၏ ကိုယ်ထဲ မြှားစိုက်ဝင် သွားသည်ကို မတွေ့လိုက်ရတော့ပေ။

 

---------------------------------

 

ကာလိုခန် မင်းကြီးသည် သားတော်၏ တင်လျှောက်သံကိုကြားသော် မျက်လုံးကိုစုံမှိတ်ကာ အသက်မှန်မှန်ရှုနိုင်အောင် ကြိုးစားနေ လိုက်သည်။ ချစ်သော မိဖုရားဟော်သွန်းက သူ့အရင်ခင်ပွန်းကို နန်းတော်ထဲ တွေ့ရန်ခေါ်လိုက်သည်တဲ့လား။ ထိုသတင်းက လက်ကျန် မိမိရင်ထဲမှ စိတ်ကောင်းစေတနာ ကောင်းကို ခြေမွပြစ်လေပြီ။ ဟော်သွန်း စိတ်ဆင်းရဲနေသည်ကို တွေ့သော် ကာလိုခန်က ယေစုကိုင်းနှင့် စစ်ပြေငြိမ်းဖို့ စဉ်းစားနေခဲ့ပြီဖြစ်သည်။ ဟော်သွန်းကို ပြန်မပေးရပဲ သူတို့ စစ်ပြေငြိမ်းကာ ထွက်သွားအောင် လုပ်မည့် နည်းကိုရှာဖို့ အမတ်ချုပ်ကြီးကို ခေါ်ပြီးပြောခဲ့ပြီးဖြစ်သည်။ အမတ်ချုပ်ကြီး သဘောမတူသည့်ကြားမှ ကာလိုခန် ဟော်သွန်းအတွက် နောက်ဆုံး လုပ်ပေးရန်ဆုံးဖြတ်ခဲ့ပြီးဖြစ်သော်လည်း ယခုလို မိမိ အရိပ် ရှိသည့် နန်းတော်အထိ သူတစ်သက်လုံးတမ်းတနေတသည့် ချစ်သူကို ခေါ်လိုက်သည့် အဖြစ်က ကာလိုခန်၏ အသည်းကို ခွဲပြီး ဆားသိပ်လိုက်သလိုပင်။
 

“ရက်စက်လိုက်တာ ဟော်သွန်းရယ်…. မင်း ကိုယ့်ကို မချစ်တာကို သိပေမယ့် ကိုယ်သေတဲ့အထိတောင် မစောင့်နိုင်တော့ ဘူးလား… မင်း အတွက် ကိုယ့်ဖြစ်တည်မှုက အဟန့်တားပဲဖြစ်နေခဲ့တာလား ဟော်သွန်းရယ်…  ကိုယ့်ရင်ခွင်ထဲကနေ တသက်လုံး မင်းချစ်လင် ကို တမ်းတနေခဲ့တာကို နားလည်တယ်။ ကိုယ်က မင်းရဲ့အသိုက်အမြုံကို ဖျက်ဆီးပြီး လုယူသူ ဖြစ်ခဲ့တာကိုး။ ဒါပေမယ့် သားလေး ယွမ်ချူးခန်ကို နည်းနည်းတော့ ထည့်မတွက်ပေးတာကို ကိုယ် … ရင်နာတယ်… ကိုယ် အကြာကြီးအသက်မရှင်နိုင်ဘူး ဆိုတာ သိတယ်။ ဒါကြောင့် ကိုယ်သေသွားပြီးနောက်ပိုင်း မင်း ယေစုကိုင်း ဆီပြန်သွားမယ် ဆိုတာကို သိတယ်။ ဒီလိုတွေးရုံနဲ့ ကိုယ့်ရင်မှာ ဘယ်လောက်တောင် နာကျင်တယ်ဆိုတာ မင်း သိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အချစ်ကို မင်းနည်းနည်းမှ ထည့်မတွက်ထားဘူးလို့။ ဒါပေမယ့် အခုလို ကိုယ်မသေခင် ကိုယ့်နန်းတော်ထဲ ယေစုကိုင်းကို ခေါ်တွေ့တဲ့အထိတော့… ခွင့်လွတ်ပါ ဟော်သွန်း.. ကိုယ့်ကို ခွင့်လွှတ်ပါ…”
 

ယွမ်ချူးခန်သည် မျက်လုံးမှိတ်ကာ ငြိမ်နေသည့် ခမည်းတော်ကို ငေးကြည့်ရင်း မိမိလည်း ဆူမီရာနှင့် ပတ်သတ်ပြီး ခမည်းတော်လို ခံစားနေရသူဖြစ်လို့ နာကျင်သည့် ခံစားချက်ကို နားလည်သွားသည်။ မိမိမည်မျှချစ်သည်ကို သိသည့်တိုင် အခြားလူကို တမ်းတ နေသည့် ချစ်သူကို မုန်းလို့လည်းမရ၊ မိမိက ချစ်သည်နှင့်အမျှ မိမိရင်ကို နာကျင်စေသည့် ခံစားချက်…

 

“ခမည်းတော်ဘုရား… သားတော် ဘယ်လို ဆက်လုပ်ရမလဲ… မယ်မယ့်ကို မဆုံးရှုံးရအောင် ခမည်းတော် လုပ်ပေးပါ… သားတော်ရဲ့ မယ်မယ်ကို မဆုံးရှုံးပါရစေနဲ့.. သားတော် တောင်းပန်ပါတယ်…”

 

ယွမ်ချူးခန်သည် ခမည်းတော်၏ ရှေ့တွင် ဒူးထောက်ကာပြောရင်း ခံစားချက်ကို မထိန်းနိုင်ပဲ တချက်ရှိုက်မိကာ မျက်ရည်က ကြမ်းပြင်ပေါ်ကျဆင်းသွားခဲ့သည်။ သားတော်၏ရှိုက်သံကြောင့် ကာလိုခန်၏ မျက်လုံးပြန်ပွင့်လာခဲ့သည်။ တဦတည်းသော သားတော်လေးကို ထူမပေးပြီး ကတိပေးလိုက်သည်။ သားတော်လေး ပထမဆုံးမိမိကို တောင်းဆိုခဲ့သည့် စကားကို ကြားသော် ရင်နာမိသည်။ တသက်လုံး ဟော်သွန်းကို အ၇ိပ်တကြည့်ကြည့်နှင့်ချစ်သည့် သားတော်လေး၊ မိမိထက် သူ့မယ်တော်ကို အချစ်ကြီးသည့် သားတော်လေးက မိမိရှေ့တွင် ငိုရှိုက်ကာ တောင်းဆိုနေသည်။
 

“စိတ်ချပါ သားတော်… သားရဲ့မယ်မယ်ကို ဘယ်သူမှ မလုယူနိုင်စေရဘူး…ခမည်းတော် ကတိပေးတယ်… သားရဲ့ မယ်တော်က သားတော်တစ်ယောက်တည်း အတွက်ပဲ ဖြစ်ရမယ်…”

 

ကာလိုခန်ပြောပြီးနောက် လျှို့ဝှက်စစ်တပ်ကို အမိန့်ပေးနိုင်သည့် တံဆိပ်ပြားကို သားတော်ကို ပေးအပ်လိုက်သည်။
 

“ဒီတံဆိပ်ပြားက အခုကစပြီး သားတော်ရဲ့ အပိုင်ဖြစ်သွားပြီ။ ”

 

ယွမ်ချူးခန်သည် ထိုတံဆိပ်ကိုကြည့်ပြီး ကြက်သေသေသွားခဲ့သည်။ ခမည်းတော်ပေးသည့် တံဆိပ်က ဘိုးတော်ဘုရား လက်ထက် ကတည်းက ဖွဲစည်းထားသည့် လျှို့ဝှက်စစ်တပ်ကို အမိန့်ပေးခွင့်ဖြစ်သည်။ မိမိလက်ရှိ အုပ်ချုပ်နေသည့် အထူးတပ်ထက် ပိုကြမ်းတမ်းပြီး ရက်စက်သည့် တပ်ဖွဲ့။ မည်သူ့အမိန့်ကိုမှ လက်မခံပဲ ဒီအမိန့်ပေးတံဆိပ်ရှိသူကိုသာ နာခံသည့် တပ်ဖွဲ့။ ကြားဖူးသော်လည်း ခမည်းတော်ထုတ်သုံးသည်ကို မတွေ့ဖူးသည့် တပ်ဖွဲ့။ လျှို့ဝှက်သည့် ၀င်္ကဘာ တောအုပ်ထဲမှာ တည်ရှိသည့် စစ်တပ်အမိန့်ပေးတံဆိပ်ကို ထုတ်သုံးသည်ဆိုတော့ ခမည်းတော်က မိမိကို နန်းအပ်သည့် သဘောသက်ရောက်နေသဖြင့် ယွမ်ချူးခန် တုန်လှုပ်သွားခဲ့သည်။
 

“ခမည်းတော်…ဒါ…”
 

“ယူလိုက်ပါ။ ခန်စစ်ဘုရင်ကြီးရဲ့သွေးက သားတော်ရဲ့ကိုယ်ထဲ စီးဆင်းနေတာပဲ။ အခုချိန်ကစပြီး ဒီနန်ကျောင်ပြည်က သားတော်ရဲ့ အပိုင်ဖြစ်သွားပြီ။ သားတော်ပိုင်ဆိုင်တဲ့အရာကို သားတော်ကိုယ်တိုင် ကာကွယ်ပါ။ ကာကွယ်ခွင့်ကို အပြည့်ဝ ပေးလိုက်ပြီ… သားတော်ကို ခမည်းတော် ယုံကြည်တယ်။ ခမည်းတော် မလုပ်နိုင်တဲ့အရာတွေကို သားတော် လုပ်နိုင်မယ် ဆိုတာ ခမည်းတော်ယုံကြည်တယ်…”

 

ယွမ်ချူးခန်သည် ခမည်းတော်ပြောသည့် သဘောကို နားလည်ပြီး ခမည်းတော်ကို ကြမ်းပြင်နှင့်နဖူးထိပြီး အရိုသေပေးကာ တံဆိပ်ကို လှမ်းယူလိုက်သည်။ အနက်ရောင်ထူးဆန်းသည့် သတ္တုဖြင့်ပြုလုပ်ထားသည့် တံဆိပ်ပြားက ပူနွေးသည့်အရှိန်ကို ခံစားလိုက်ရသည်။ ယွမ်ချူးခန်၏ ကိုယ်ထဲ အားအင်တမျိုးစီးဝင်လာပြီးနောက် ဘာလုပ်ရမည်ကိုသိသွားလေပြီ။ ခမည်းတော်၏အဆောင်မှ ထွက်လာ ပြီးနောက် အမတ်ချုပ်ကြီးကို တံဆိပ်ပြလိုက်သည်နှင့် အမတ်ချုပ်ကြီးက အရိုသေပေးကာ ပြောလိုက်သည်။
 

“ကျွန်တော်မျိုးနောက်ကို လိုက်ခဲ့ပါ အရှင်။ အရှင့်ရဲ့ ကိုယ်ပိုင်စစ်တပ်ရှိတဲ့နေရာကို လိုက်ပို့ပါ့မယ်”

 

အမတ်ချုပ်ကြီးနှင့် ၀င်္ကဘာတောကို လာခဲ့သည်။ တောင်နံရံတစ်ခုရှေ့ကို ရောက်သည်အထိ ခက်ခက်ခဲခဲဝင်လာပြီးနောက် အမတ်ချုပ်ကြီးက ယွမ်ချူးခန်ဘက်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။
 

“အရှင့် တံဆိပ်နဲ့ဒီတောင်နံရံ အပေါက်မှာ ကပ်လိုက်ပါ…”

 

ယွမ်ချူးခန်လုပ်လိုက်သည်နှင့်တောင်နံရံကြီးရှိ လျှို့ဝှက်တံခါး ပွင့်သွားခဲ့သည်။ တားဂေါတိုင်းက တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
 

“အရှင့်ကိုယ်ပိုင် လျှို့ဝှက်စစ်တပ်တည်ရှိရာကို အရှင် ရောက်ပါပြီ…”

 

လှိုက်ခေါင်းကြီးတစ်ခုလုံး မီးရောင်လင်းလာပြီး အနက်ရောင် သံချပ်ဝတ်ထားသည့် စစ်သူကြီးတစ်ဦးထွက်လာပြီး ယွမ်ချူးခန်ကို ဦးညွတ်ကာ ပြောခဲ့သည်။ သူတို့မျက်နှာက အေးစက်ကာ ခံစားချက်ကင်းမဲ့သည်။ ချစ်ခြင်း၊ မုန်းခြင်းကင်းပြီး အမိန့်တစ်ခုတည်း ကိုသာ နာခံမည့် မျက်လုံးများက ရက်စက်ခြင်းတစ်ခုသာရှိသည်။ ထိုစစ်သူကြီးကိုကြည့်ပြီး ယွမ်ချူးခန်ရင်ထဲ အေးစက်သွားသလိုပင် ခံစားလိုက်ရသည်။

 

“ကျွန်တော်မျိုး အမိန့်နာခံလျက်ပါ အရှင်… လုပ်ရမယ့် တာဝန်ကိုပေးအပ်တော်မူပါ…”
 

“ယေစုကိုင်းကို ရအောင်ဖမ်းဆီးပါ….သူ့ကို အရှင်လိုချင်တယ်…လျှို့ဝှက် တပ်သားတွေကို အသုံးပြုပါ.. ”
 

“အမိန့်အတိုင်းပါ…”

 

---------------------------------------------

ဆူမီရာသည် ယွမ်ချူးခန် လာတွေ့မည်ကိုစောင့်နေသော်လည်း ညမှောင်သည်အထိ လုံးဝလာမတွေ့ခဲ့ပေ။ ဦးရီးတော်သာ တခုခုဖြစ်လျှင် ဒီကောင့်ကို မိမိအရင် သတ်မိမည် ထင်သည်။ အဆောင်ထဲကနေပြီးတံခါးကို တဒုန်းဒုန်းထုသော်လည်း မည်သူမှ လာမဖွင့်ပေးပေ။ ပြတင်းတံခါးများကိုလည်းအပြင်မှ အသေပိတ်ထားသည်။ မိမိ အဆောင်ထဲ မည်သူ့ကိုမှ အ၀င်မခံပဲ တစ်ယောက်တည်း ပိတ်လှောင် ထားခြင်း ခံရလိုက်ရသည်။ ဦးရီးတော် နန်းတော်ထဲလာလျှင် ဘယ်နည်းနှင့်မှ တယောက်တည်း အကာကွယ်မဲ့လာမည်မဟုတ်ပေ။ နောင်တော်ကသေချာပေါက် ကာကွယ်ပေးမည်ကို သိသည်။ ဒါကြောင့် နောင်တော့်အတွက်ကိုပါ ပူနေမိသည်။ နောင်တော်က ကြိုတင် စီစဉ်ထား ပေမယ့် မိမိမြင်လိုက်ရသည့် ထူးဆန်းသော အနက်ရောင်သံချပ်ဝတ် တပ်သားများနှင့် လူသတ်ရိပ်လွှမ်းနေသည့် မျက်ဝန်းကို သတိရကာ ဆရာသခင် ဖိုးဖိုးပြောဖူးသည့် အနက်ရောင် သေမင်းတမန် စစ်တပ်ကို သတိရသွားသည်။
 

“ဂျင်ဂျစ်ခန် မင်းကြီးက အစွမ်းထက်တဲ့ သမားတော်တွေကို ခေါ်ပြီး သာမန်လူ တွေထက် ခံနိုင်ရည်ရှိတဲ့ သေမင်းတမန် စစ်သည်တော်တွေကို ဖန်တီးခဲ့တယ်။ စစ်သည်တော်တွေ အားလုံးက ဆေးမျိုးစုံနဲ့ပြုပြင်ပြီး သာမန်လူထက် အင်အားငါးဆ ပိုတဲ့ လူဖြစ်အောင်ဖန်တီးခဲ့တယ်။ သူတို့ရဲ့ အသိစိတ်ကိုလည်း ဖျောက်ပစ်လိုက် တယ်။ အားလုံးရဲ့စိတ်က အမိန့်ပေး တံဆိပ်ရှင်ရဲ့ အမိန့်ကို နာခံဖို့တခုပဲဖြစ်အောင် လုပ်ထားတယ်။ သူတို့မှာနာကျင်တယ်ဆိုတာ မရှိဘူး။ ၀မ်းနည်းတယ်ဆိုတာ မရှိဘူး။ အကြောက်တရားဆိုတာ မရှိဘူး။ သူတို့က လူသားတွေ မဟုတ်တော့ဘူး။ ဂျင်ဂျစ်ခန်ရဲ့ တပ်တွေ အနိုင်ရခဲ့တယ်ဆိုတာ အဲ့စစ်တပ်ကို အသုံးပြုခဲ့လို့ပဲ။ နောက်ပိုင်းဘုရင်တွေက အဲ့တပ်ကို အသုံးမပြုတော့ပဲ လျှို့ဝှက် ဆက်လက်ထားရှိ ခဲ့တယ်။ ဒီတပ်သာ ပြန်ပေါ်လာရင် သွေးချောင်းစီး လူသတ်ပွဲတွေ ဆက်တိုက် ဖြစ်လာတော့မယ် ”
 

“ဖိုးဖိုး ဘာလို့ အဲ့အကြောင်းတွေကို သိနေတာလဲ..”
 

“ဖိုးဖိုးက အဲ့စစ်သားတွေကို ဖန်တီးခဲ့တဲ့ သမားတော်တွေထဲက တစ်ယောက်ဖြစ်လို့ပဲ။ ဒီစစ်တပ်အကြောင်းကို လူမသိ အောင် သမားတော်အားလုံးကို သတ်ပြစ်လိုက်တဲ့အထဲ ဖိုးဖိုးရဲ့ပညာသင်ဘက် သမားတော်တွေ အားလုံးပါသွားခဲ့တယ်။ နတ်ဆေး သမားတော်ကြီးရဲ့ တပည့်တွေထဲမှ ဖိုးဖိုးတစ်ယောက်တည်း အသက်ရှင်လျက်လွတ်လာခဲ့တာ။ ”
 

ထိုအကြောင်းကို နောင်တရစွာဖြင့် ပြန်ပြောပြသည့် ဖိုးဖိုးအကြောင်းကို ပြန်တွေးနောင်တော့်ကို သတိပေးချင်လာသည်။ လောလောဆည် ဒီနေရာကနေ ဘယ်လိုထွက်ရမလဲဆိုတာကို စိတ်အေးအေးဖြင့် ထိုင်စဉ်းစားနေစဉ် အဆောင်တံခါး ပွင့်သွားပြီး ဆူမီရာမျှော်နေသည့် လူ ၀င်လာခဲ့သည်။

 

“ချူးခန်…. ဦးရီးတော် ယေစုကိုင်းကို ဖမ်းထားသေးလား….”

 

ဆူမီရာ၏ စကားဆုံးအောင် ပြောခွင့်မရလိုက်ပဲ ဆောင့်တွန်းခံလိုက်ရပြီး ကြမ်းပြင်ပေါ်လဲကျသွားစဉ် ယွမ်ချူးခန်က အပေါ်မှ ဖိထားပြီး ဆူမီရာကို အေးစက်စွာပြောလိုက်သည်။
 

“မင်းက ငါ့နောက်ကျောကို ဒါးနဲ့ထိုးတယ်။ မင်းကို ငါယုံကြည်ထားခဲ့တာ။ မင်းတစ်ယောက်က ငါ့အပေါ် စိတ်ရင်းမှန်နဲ့ ဆက်ဆံမယ်လို့ ငါယုံကြည်ထားခဲ့တာ။ အခု မင်းက ရန်သူဘက်က ကူညီပြီး ငါ့မယ်မယ်ကို ခိုးဖို့ကြိုးစားတယ်… မင်း အရမ်း ရက်စက်တယ်.. ဆူမီရာ…”

 

ဆူမီရာအပြစ်ရှိသလို ခံစားလိုက်ရပြီး တောင်းပန်မည်အပြု မထင်မှတ်သည့်အပြုမှုကို ယွမ်ချူးခန်ပြုလုပ်ခဲ့သည်။ မိမိလက်ကို ကြမ်းပေါ်ဖိကပ်ကာ သူက အပေါ်က ချူပ်ထားပြီး သူ့ကိုယ်က မိမိပေါ်ခွထိုင်ထားသဖြင့် မလှုပ်နိုင်အောင်ချုပ်မိထားစဉ် သူက မိမိနူတ်ခမ်းကို ဖိကာ ခပ်ကြမ်းကြမ်းနမ်းပစ်လိုက်သည်။ တောင်းပန်စကားဆိုရင် ပါးစပ်ဟနေသည့် ဆူမီရာ၏ နူတ်ခမ်းကို သူ အပိုင်စီးပစ်လိုက်သည်။ တသက်လုံးနမ်းချင်နေသည့် နူတ်ခမ်းလေးကို နာကျင်ခြင်းဖြင့် နမ်းလိုက်သည်။ နမ်းရုံမက ဖိကိုက်လိုက်သဖြင့် ဆူမီရာ၏ နူတ်ခမ်းပေါက်သွားပြီး သွေးထွက်လာခဲ့သည်။
 

“အား.. မင်း ဘာလို့ငါ့ကို ကိုက်တာလဲ….”

 

ယွမ်ချူးခန်က အေးတိအေးစက်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည့် စကားကိုကြားသော် ရင်ထဲနိမ့်ဆင်းသွားခဲ့သည်။
 

“ကိုက်ရုံမဟုတ်ဘူး။ မင်းကို ငါ စိတ်ကြိုက်လုပ်မယ် ဆူမီရာ။ အခုကစပြီး ငါ့ကို သစ္စာဖောက်လို့ မင်းပြန်ပေးဆပ်ရမယ်..”

 

ဆူမီရာသည် ယွမ်ချူးခန်၏ အေးစက်စက်အကြည့်နှင့် မျက်နှာထားကို မယုံနိုင်အောင် စိုက်ကြည့်နေမိစဉ် ယွမ်ချူးခန်က သူ့ကိုယ်ပေါ်မှထပြီး အမိန့်ပေးလိုက်သည်။
 

“သူ့ကို ငါ့နန်းဆောင်ကို ခေါ်လာခဲ့… ”

 

အခန်းထဲဝင်လာသည့် အနက်ရောင်သံချပ်ဝတ် စစ်သည်တော်များက ဆူမီရာကို ချက်ချင်းချုပ်နှောင်ကာ ယွမ်ချူးခန်၏ အဆောင်ကို ခေါ်လာခဲ့သည်။
 

“သူ့ခြေထောက်ကို ခြေကျင်းခတ်ထားလိုက်…”
 

“မင်း ငါ့ကို အကျဉ်းသားလို သဘောထားမှာလား ယွမ်ချူးခန်…”
 

“အေး..ဟုတ်တယ်။ မင်းက ခုချိန်ကစပြီး ငါ့အကျဉ်းသား။ ငါ့သုံ့ပန်း။ ပြီးတော့ မင်းက ငါပိုင်တဲ့သူ။ မင်းကို ဘယ်သူ့လက်မှ ထည့်မပေးနိုင်ဘူး။ မင်းရဲ့ကိုယ်ကို ငါတစ်ယောက်တည်းပိုင်တယ်… ခုချိန်ကစပြီး မင်းက ငါ့အပိုင်…အခုချိန်ကစပြီး မင်း ချစ်တဲ့သူ အားလုံးကို တစစီဖြစ်အောင်လုပ်ပစ်မယ်။ မင်း မျက်စိအောက်မှာပဲ အားလုံးကို သတ်ပစ်မယ်။ ”

 

ဆူမီရာသည် အတင်းအကျပ်ခြေကျင်းခတ်ခံလိုက်ရပြီးနောက် ကျောခိုင်းထွက်သွားသည့် ယွမ်ချူးခန်နောက်ကို ပြေးလိုက်သော်လည်း အနက်ရောင်ကြိုးဆုံးသည်နှင့် ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။
 

“ချူးခန်…ချူးခန်…မလုပ်နဲ့… မလုပ်ပါနဲ့.. ပြန်လာပါ… ငါတောင်းပန်ပါတယ် ပြန်လာပါ…”

 

ဆူမီရာ အော်ခေါ်သည့်အသံကို လျစ်လျူရှုပြီး ယွမ်ချူးခန် တက်ကြွစွာဖြင့် ထွက်လာခဲ့သည်။ မိမိနန်းဆောင်ကို လျှို့ဝှက်တပ်များဖြင့် ကာကွယ်ထားပြီး ဖြစ်လို့ ဖမ်းမိသည့် သုံ့ပန်းကို စစ်ကြောရန် မြေအောက် အကျဉ်းထောင်ကို ဆင်းလာခဲ့သည်။
 

“သူ့ကိုနှိုးလိုက်….”

 

ယွမ်ချူးခန်၏စကားအဆုံး ရေတပုံးဖြင့် တိုင်မှာကပ်ပြီး ချည်ထားသည့် လူကို ပက်လိုက်သည်။ အေးစက်သော ရေများကြောင့် အကျဉ်းသားသတိရလာသည်။
 

“တွေ့ရတာ ၀မ်းသာပါတယ် တင်ဂီရိ… နန်ကျောင်နန်းတွင်းကနေ ကြိုဆိုပါတယ်…”

 

ယွမ်ချူးခန်က အေးစက်စက်ပြောကာ သတိရလာသူကို နူတ်ဆက်လိုက်သည်။

 

------------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet