စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (63)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (63)


“ယွမ်ချူးခန်…”
 

“မီရာ… မင်း ငါ့ကိုလာစောင့်နေတာလား…”

 

ညီလာခံမှအပြန် မောပန်းစွာလျှောက်လာစဉ် အဆောင်ထဲမှာထိုင်နေသည့် ဆူမီရာကို တွေ့လိုက်သည်နှင့် ယွမ်ချူးခန် မ၀ံမရဲနှင့် မေးလိုက်သည်။ ဒီနန်းတော်ထဲ ရောက်ကတည်းက မယ်မယ့်ကျန်းမာရေးအတွက် ကိုယ်ဖိရင်ဖိပြုစုနေသည့် ဆူမီရာတစ်ယောက် မိမိကိုလာစောင့်နေသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။

 

ဆူမီရာသည် ယွမ်ချူးခန်၏ စကားကြောင့် ရယ်မောကာ ကဗျာစာအုပ်ကိုပိတ်ကာ ပြောလိုက်သည်။
 

“မင်းအတွက် အားရှိမယ့် စွပ်ပြုတ်ကို ငါကိုယ်တိုင်ပြုတ်လာတာ။ အတူစားရအောင်လို့…”
 

ယွမ်ချူးခန်သည် ဆူမီရာ၏ စကားကြောင့် ရင်ထဲလှိုက်ခနဲဖြစ်သွားခဲ့သည်။ မိမိအတွက် ကြင်ယာတော်လောင်းများပင် မလုပ်ပေးခဲ့ဖူးသည်ကို ဆူမီရာလုပ်ပေးခဲ့သည်။ မိမိအတွက် တကူးတကလုပ်ပေးသည် ဆိုသည့် အသိက ယွမ်ချူးခန်ကို စိတ်လှုပ်ရှားပြီး မျက်ရည်ဝဲလာစေသည်။ ထိုမျက်ရည်ကို ဆူမီရာမမြင်အောင် ဖက်ကာ အသာကျိတ်ပြီး သုတ်လိုက်သည်။ ဆူမီရာသည် ယွမ်ချူးခန်၏ ကျောကို ပုတ်ကာ ကျီစယ်လိုက်သည်။

 

“မင်းကလည်း…. ငါ့ကို လွှတ်ပါဦး။ မင်းကြင်ယာတော်တွေ မြင်ရင် အထင်လွဲအောင်လုပ်နေတယ်။ ”
 

“ငါ့အတွက် တကူးတက စွပ်ပြုတ်ပြုတ်လာပေးတဲ့ သူငယ်ချင်းကို ချစ်လို့ ဖက်တာ ဘာအထင်လွဲစရာရှိလဲ…”
 

“ဟ…ပြောလို့ရမလား။ မိန်းကလေးဆိုတာ သူတို့ချစ်တဲ့သူကို ဘယ်သူမှ ထိတာ ကြိုက်တာ မဟုတ်ဘူး။ နေရင်းထိုင်ရင်း ငါ့ကို မုန်းတီးပြီး နောင်တချိန် လူသတ်သမားလွှတ်စေချင်လို့လား… အေးဆေးနေပါရစေ ချူးခန်ရာ…လာ… ပူတုန်း စားလိုက်ရအောင်….”

 

ဆူမီရာသည် ကြွေအိုးကိုဖွင့်ကာ ပန်းကန်ထဲ ဟင်းရည်ထည့်ပေးပြီး ယွမ်ချူးခန်ရှေ့ကိုချပေးသည်။ ယွမ်ချူးခန်က ဆူမီရာရှေ့ကို ပြန်တွန်းပေးကာ အိုးလိုက်လှမ်းယူလိုက်သည်။
 

“ငါ့အတွက်ဆို… မင်းက ပန်းကန်ထဲက ဟာကိုစား။ ငါ အိုးလိုက်စားမယ်…. ”

 

ဆူမီရာသည် မိမိလက်ရာကို အားပါးတရစားနေသည့် သူငယ်ချင်းကိုကြည့်ကာ ပီတိဖြစ်နေသည်။ ယွမ်ချူးခန်သည် တခဏတွင်း ပြောင်အောင် မော့သောက်ပစ်ပြီး ကျေနပ်စွာဖြင့်ပြောလိုက်သည်။
 

“မင်း လက်ရာ ပြိုင်ဖက်ကင်းပဲ မီရာ။ မင်းလက်ရာကို စားခွင့်ရတဲ့သူ အရမ်းကံကောင်းမှာပဲ…”
 

“ငါ့ လက်ရာကို ပထမဆုံးစားရတာ မင်းမယ်မယ်ပြီးရင် မင်းပဲ….”

 

ဆူမီရာ၏ စကားကြောင့်ယွမ်ချူးခန် မျက်လုံးကျယ်သွားပြီး ပီတိဖြစ်သွားခဲ့သည်။ ဟိုလူကို ချက်မကျွေးဖူးဘူးဆိုသည့် အသိက အရမ်းကိုပျော်သွားစေခဲ့သည်။ ဆူမီရာသည် ယွမ်ချူးခန်ကို ကြည့်ကာ ပူဆာလိုက်သည်။
 

“ညနေ မင်းအားမလား။ ”
 

“အင်း… မင်း ဘယ်သွားချင်လို့လဲ… ”
 

“ငါ ကန်ထဲက ညနေဆည်းဆာအလှကို ကြည့်ချင်လို့…”

 

ယွမ်ချူးခန်သည် ဆူမီရာ၏ လက်ကို ဆွဲကာ ချက်ချင်း အဆောင်ပြင်ကိုထွက်လာခဲ့သည်။ အတွင်းဝန်ကြီးကိုလည်း တခါတည်း အမိန့်ပေးလိုက်သည်။
 

“စာပို့ခိုလွှတ်ပြီး ကန်ထဲက အပျော်စီးလှေကို အသင့်ပြင်ထားခိုင်းလိုက်… လာ…မီရာ… အခုသွားမှ ဆည်းဆာရဲ့အလှဆုံး

အချိန်ကို မင်းကြည့်လို့၇မယ်…”

 

ဆူမီရာသည် ယွမ်ချူးခန်ဆွဲခေါ်သည့်နောက်ကို ပါလာပြီး အံ့အားသင့်ပြီး ပြုံးသွားမိသည်။
 

“မင်း မပင်ပန်းဘူးလား။ ခဏနားဦးလေ…”
 

“မင်းနဲ့အတူရှိရင် မပင်ပန်းဘူး…”

 

ယွမ်ချူးခန် ဒီစကားကို အတည်ပြောလိုက်ခြင်းဖြစ်သည်။ တကယ်လည်း ဆူမီရာ၏ မျက်နှာကို မြင်လိုက်သည်နှင့် စိတ်မော၊ လူမော အမောအားလုံး ပိန်းကြာဖက်ရေမတင်သလို လျောကျခဲ့ပြီးဖြစ်သည်။ နာရီတစ်မောင်းစာခန့် မြင်းစီးခဲ့ပြီး ဆည်းဆာရွှေရည်လင်းနေသည့် ရေကန်စပ်ကိုရောက်ခဲ့သည်။ မကြာခင် လှေလှော်သားများနှင့် အပျော်စီးလှေကြီးသည် ကန်လယ်ကို အရှိန်နှင့် လှော်ခတ်လာခဲ့သည်။ ဆူမီရာသည် လှေလှော်ကျွမ်းလှသည့် လှေလှော်သားများကို ကြည့်ကာ နန်ကျောင်လို တိုင်းပြည်မှ ဘယ်လိုလုပ်ပြီး ဒီလောက်လှေလှော်ကျွမ်းသူရှိနေသည်ကို တွေးမရအောင်ဖြစ်နေမိသည်။ တကယ်ဆို နန်ကျောင်က ကုန်းတပ်မကြီး အင်အားကြီးသည့် တိုင်းပြည်ဟု နာမည်ကျော်ကြားခဲ့သည်။
 

“မင်းရဲ့လှေလှော်သားတွေက အရမ်းကိုကျွမ်းကျင်တာပဲ။ ပင်လယ်ထဲက အကျွမ်းကျင်ဆုံးရေတပ်သားတွေလိုပဲ စွမ်းရည်ပြည့်ဝတယ်။”
 

“ဟုတ်လား။ တတိယမြေက် ကြင်ယာတော်လောင်း ရဲ့တိုင်းပြည်က ပင်လယ်ကမ်းနားကလေ။ သူတို့က ကိုယ်လှေလှော်သားလိုတယ်ဆိုလို့ လက်ဆောင်ပေးထားတာ။ မဆိုးဘူးမလား…”
 

“မဆိုးရုံတင် ဘယ်ကမလဲ။ အာနန်ပြည်က ရေတပ်သားတွေလိုပဲ လှေလှော်စွမ်းရည် ကောင်းလှတယ်…”
 

“ဟုတ်လား…”

 

ယွမ်ချူးခန်က ထိုမျှသာပြောပြီး ဆူမီရာ၏ လက်ကိုဆွဲကာ ဆည်းဆာတောက်နေသည့် တိမ်တိုက်ကြီးကို ပြကာ ပြုံးပြီးပြောလိုက်သည်။
 

“ကြည့်စမ်း မီရာ… ဆည်းဆာက ကန်ထဲမှာ ပိုလှသလိုပဲ။ မင်းကို ကျေးဇူးတင်ရမယ်။ ဒီအချိန် ဘယ်တုန်းကမှ

လှေမစီးဖူးဘူးကွ…..”

 

ဆူမီရာသည် နန်းတော်ထဲကနေ ယွမ်ချူးခန်ကို ဖယ်ထုတ်ချင်သဖြင့် ပါးစပ်ထဲရှိရာကို ပြောခဲ့သော်လည်း တကယ်ကို စီဟုကန်ကြီး၏ ဆည်းဆာအလှက ညှို့ယူဖမ်းစားနိုင်အောင် လှပလွန်းလှသည်။ ဆူမီရာ သက်ပြင်းချကာတိုးတိုးပြော လိုက်သည်။
 

“မင်း အရမ်းကံကောင်းတာပဲ ချူးခန်။မင်းရဲ့ နန်ကျောင်ပြည်က အရမ်းကို လှပတာပဲကွာ။ ငါ ဒါတွေကို အမြဲ လွမ်းနေတော့မှာပဲ…”
 

“မင်း အချိန်မရွေး ငါ့ဆီလာလည်လို့ရပါတယ်။ တကယ်လို့ ငါတို့ စစ်ရှုံးမသွားခဲ့ဘူး၊ ဒီအလှတွေ ပျောက်ကွယ် မသွားသေးဘူး ဆိုရင်ပေါ့…”
 

ယွမ်ချူးခန်သည် ဆည်းဆာကိုငေးကြည့်ပြီး ထိုသို့ပြောလိုက်သောအခါ ဆူမီရာ မလုံမလဲဖြစ်သွားမိသည်။ တကယ်ပဲ ဒီညီအစ်ကိုကို စစ်မဖြစ်အောင် မိမိဘာမှ လုပ်မပေးနိုင်တော့ဘူးလားဟု တွေးမိသည်။

 

“စစ်မဖြစ်လို့ မရဘူးလား ယွမ်ချူးခန်ရာ…”
 

“ငါက အာနန်ပြည်ကို စစ်ချီနေတာ မဟုတ်ဘူး။ သူတို့က ငါတို့ကို အရင်စစ်ကြေငြာတာ မီရာ…”
 

“အင်း…..”

 

ဆူမီရာ သက်ပြင်းချရုံကလွဲပြီး ဘာမှ မပြောနိုင်တော့ပေ။ တကယ်လဲ ဘာဆက်ပြောရမှန်းမသိအောင်ဖြစ်မိသည်။ နောင်တော် တင်ဂီရိဘက်ကကြည့်ရင်လည်း မှန်သလို သူ့ဘက်ကကြည့်ရင်လည်း မှန်နေသည် မဟုတ်လား။ ဆူမီရာ အတွေးများဖြင့် ခေါင်းပူလာစဉ် ယွမ်ချူးခန်က မီရာ၏ ပုခုံးကို ဖက်ကာ နဖူးအလည်ကို လက်ညှိုးနှင့် အသာဖိထောက်ကာ ပြောလိုက်သည်။
 

“မျက်မှောင်ကြုတ်တာ ဖြည်ပါဦး။ အဖိုးကြီးလေးကျနေတာပဲ။ ငယ်ငယ်လေးနဲ့ နဖူးကျောတွန့်သွားလိမ့်မယ်….”

 

ဆူမီရာသည် ထိုအခါမှ မျက်မှောင်ကြုတ်ထားတာကိုဖြည်ပြီး ရယ်လိုက်သည်။ ယွမ်ချူးခန်၏ မျက်နှာသည် ဆည်းဆာရောင်တောက်နေလို့လားမသိ။ အရမ်းကို ကြည့်ကောင်းကာသူ့မျက်လုံးများက အရောင်များစွာ တောက်ပနေသည်။
 

“မင်း အရမ်းချောတာပဲ ယွမ်ချူးခန်….”

 

ဆူမီရာ သူ့ကို တအံ့တသြပြောလိုက်တော့ သူက ရယ်မောကာ ဆူမီရာ၏ နှာခေါင်းကို ညစ်ကာပြောခဲ့သည်။
 

“မင်းက အရမ်းချစ်စရာကောင်းတယ် ဆူမီရာ…”

 

ယွမ်ချူးခန်၏ စကားကြောင့် ဆူမီရာ မျက်နှာနွေးခနဲဖြစ်သွားပြီး ချောင်းဟန့်ကာ ကန်ထဲမှ ရှုခင်းဘက်ကို အကြည့်လွဲလိုက်သည်။ ရင်ထဲမှာတော့ တဒိတ်ဒိတ်ဖြစ်နေမိသည်။

 

------------------------------------

ကာလိုခန်မင်းကြီးသည် ဆူမီရာနှင့်အတူရှိတိုင်း ပြုံးရွှင်နေသည့် သားတော်ကိုကြည့်ပြိီး သက်ပြင်းလေးလေးချမိသည်။ သားတော်သည် မိမိနှင့်ထပ်တူညီသည့် အချစ်မျိုးဖြင့် ငွေတောင်မင်းသားလေးကို ချစ်မိနေသည်ကို မြင်ရတာ ယခင် ဟော်သွန်းကို ချစ်သည့်အချစ်ကို ပြန်သတိရပြီး နာကျင်ခြင်းနှင့် ဆွတ်ပျံ့ကြည်နူးခြင်းတို့ကို တပြိုင်တည်းခံစား၇စေသည်။ မကောင်းသည့်အချစ်တစ်ခုကို အတင်း တည်ဆောက်မိသော်လည်း ဟော်သွန်းကို ရအောင်ယူပြီး မိသားစုဘ၀ကို တည်ထောင်နိုင်ခြင်းက မိမိဘ၀အတွက် အပျော်ဆုံးအချိန်တစ်ခုဖြစ်ခဲ့သည်။ သူတပါး မိသားစုကို ဖြိုခွဲပြီး ပျော်ရွှင်မှုကို အတင်းလုယူခဲ့သည့်အတွက် အပြစ်ရှိသည်ကို သိသည့်တိုင်အောင် ကာလိုခန် ဘယ်လိုမှ နောင်တမရနိုင်အောင် ဖြစ်နေမိသည်။
 

“သား….သားတော်လေး….”

 

ကာလိုခန်သည် သားတော်လေးကို ချစ်ခြင်းပြည့်သည့် မျက်ဝန်းနှင့်ငေးကြည့်ကာ သက်ပြင်းနောက်တခါ ထပ်ချမိပြန်သည်။ အမတ်ချုပ်ကြီး တားဂေါတိုင်းသည် မင်းကြီးဘယ်လိုခံစားနေရသည်ကို သိကာ မေးလိုက်သည်။
 

“မင်းကြီး… မင်းသားလေးရဲ့ အိမ်ထောင်ရေးကို ဘယ်လိုဖြစ်စေချင်ပါသလဲ…”
 

“သူချစ်တဲ့သူနဲ့ အတူရှိစေချင်တယ် အမတ်ချုပ်ကြီး… ငွေတောင်မင်းသားလေးက အာနန်မင်းသားကို ချစ်နေတယ် ဆိုပေမယ့် သူတို့က လက်ထပ်ထားတဲ့သူ မဟုတ်တာ သားတော်လေးအတွက် ကံကောင်းတယ်။ ကိုယ်တော်တုန်းကလို အပြစ်စွဲစိတ်ကို သားတော်လေး ခံစားစရာမလိုတော့ဘူး။”

 

ကာလိုခန်မင်းကြီးပြောပြီး ခေါင်းဆက်တိုက်ဆိုးပြီး လည်ချောင်းထဲမှ ငန်ကျိကျိအရည်များ အန်ထုတ်လိုက်သည်။ ကြမ်းပြင်တွင် မင်းကြီး၏ သွေးများဖြင့်ရဲသွားခဲ့သည်။ အမတ်ချုပ်ကြီးသည် ယိုင်နဲ့လာသော မင်းကြီးကို ပွေ့ကာ သမားတော် ခေါ်ရန် အော်ပြောလိုက်သည်။ ကာလိုခန်သည် အမတ်အိုကြီး၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
 

“သားတော်လိုချင်တာကို ရအောင်ယူပေးဖို့ ကိုယ်တော် ဆုံးဖြတ်လိုက်ပြီ။ ”
 

“မင်းကြီး …ဒါတွေကို မင်းကြီး သက်သာမှ ဆက်ပြောကြတာပေါ့… ”
 

“အမတ်ချုပ်ကြီးက ကိုယ်တော်ဖြစ်ချင်တာကို တသက်လုံးဖြည့်ဆည်းပေးခဲ့တယ်။ အခု နောက်ဆုံးတခါ ဖြည့်ဆည်းပေးပါအုံး လို့ ကိုယ်တော် တောင်းဆိုပါရစေ”

 

တားဂေါတိုင်းသည် မိမိလက်ပေါ်ကြီးပြင်းလာသည့် မင်းကြီးကို အံတင်းတင်းကြိတ်ကာ စိုက်ကြည့်ပြီး ကတိပေးလိုက်သည်။
 

“မင်းကြီးက ကျွန်တော်မျိုးရဲ့သခင်ပါ။ ကျွန်တော်မျိုး မင်းကြီဖြစ်ချင်တာကို ဖြည့်ဆည်းပေးဖို့ အသင့်ပါ…”

 

ကာလိုခန်သည် အမတ်ချုပ်ကြီး၏ ကတိစကားကြောင့် စိတ်လျော့လိုက်သဖြင့် ပျော့ခွေကျသွားခဲ့သည်။ သမားတော်ကြီး ရောက်လာသောအခါ အရေးပေါ် အပ်စိုက်ကုသစေသည်။ မင်းကြီး သတိမရမချင်း အမတ်ချုပ်ကြီး မတုတ်မလှုပ် ထိုင်ကြည့် နေပြီး ငွေတောင်မင်းသားကို အိမ်ရှေ့မင်းသား ယွမ်ချူးခန်နံဘေး အမြဲနေနိုင်ရန် ကြံနေသည်။
 

“မိဖုရားခေါင်ကြီး ကြွချီလာပါပြီ…”

 

ဟော်သွန်း ရောက်ရှိလာကြောင်း အပါးတော်မြဲအကြောင်းကြားသဖြင့် တားဂေါတိုင်း ထကာ အရိုသေပေးလိုက်သည်။ ဟော်သွန်းသည် အပျိုတော်တစ်ပါး၏ တင်လျှောက်မှုကြောင့် မင်းကြီး အဆောင်ထဲကို တော်ဝင်သမားတော် အပြေးလွှား ၀င်ရောက်သွားသည်ကိုကြားပြီး ချက်ချင်းလိုက်လာခဲ့သည်။ ယခုရက် မင်းကြီး အရမ်းပိန်လာပြီး နေမကောင်းသည်ပုံ ပေါက်နေသဖြင့် မင်းကြီးတခုခုဖြစ်သလားဟု စိုးရိမ်ပြီး လိုက်လာခဲ့သည်။ မချစ်သော်လည်း သားတော်လေးတစ်သက် အတူ နေလာခဲ့ပြီး မိမိကို ချစ်သည့် မင်းကြီးကို လျစ်လျူရှုသည်အထိ အသည်းမမာနိုင်သေးပါ။
 

“မင်းကြီး ဘာဖြစ်တာလဲ အမတ်ချုပ်ကြီး….ကျွန်မကို ဘာတွေ ဖုံးကွယ်ထားတာလဲ…”

 

တားဂေါတိုင်းသည် အနည်းငယ်စိုးရိမ်မှုစွတ်ဖက်နေသည့် မိဖုရားကြီး၏ မျက်ဝန်းကို တချက်ကြည့်ကာ မကျေနပ်စိတ်ကို မျိုသိပ်ပြီးပြောလိုက်သည်။
 

“မင်းကြီးရဲ့ ကိုယ်တွင်းအင်္ဂါက ကောင်းကောင်း အလုပ်မလုပ်လို့ တော်ဝင်သမားတော်ကြီး ကုသပေးနေတာ သုံးနှစ်ရှိပါပြီ မိဖုရားကြီး။ အခု ရောဂါက တဖြည်းဖြည်းပိုသည်းလာခဲ့ပါတယ်။ မိဖုရားကြီးလည်း မကျန်းမာတဲ့အတွက်  မင်းကြီးက သူ့ရောဂါကို လျှို့ဝှက်ထားဖို့ အမိန့်ပေးထားလို့ ကျွန်တော်မျိုးတို့လျှို့ဝှက်ထားရတာပါ…”

 

ဟော်သွန်းသည် သုံးနှစ်တိတိ ကျိတ်ကာကုသနေသည့် မင်းကြီးကိုကြည့်ပြီး သက်ပြင်းရှိုက်မိသည်။ မိမိကိုယ်တိုင်ကလည်း မင်းကြီးနှင့် ခပ်ကင်းကင်းနေသဖြင့် မင်းကြီး ဘာရောဂါဖြစ်သည်ကို သတိမထားမိခဲ့ပေ။ ယုတ်စွအဆုံး မင်းကြီး မည်သည့် ဟင်းကို ကြိုက်သည်ကိုပင် မှတ်မထားမိသည်ကို သတိရမိသည်။ မင်းကြီးကသာ မိမိအကြိုက်ကို မှတ်သားပြီး အမြဲ ဂရုစိုက်ခဲ့သည်။ မချစ်မနှစ်သက်သည့် ယောကျာ်းတစ်ယောက်ဖြစ်သည့်တိုင် သားတော်လေး ယွမ်ချူးခန်၏ ဖခင်ဖြစ်သည့် အတွက် သူ့ကို မိမိလုပ်ပုံက နည်းနည်းလွန်သွားပြီလားဟု တွေးမိသည်။

 

“မင်းကြိီး သတိရပြီလား…”
 

“ဟော်သွန်း…ဒီကို ဘယ်လိုရောက်နေတာလဲ…”

 

ကာလိုခန်သည် သတိရရချင်း ဟော်သွန်း၏ အသံကိုကြားလိုက်ရသည်နှင့် ချက်ချင်းမေးလိုက်သည်။ မိမိရောဂါကို သူမ သိသွားပြီလားဟု ပူပန်မိသွားသည်။ သမားတော်ကြီးက မင်းကြီးသတိရသည်ဟု မိဖုရားကြီးပြောသည်နှင့် ချက်ချင်းသွေးကြောကိုစမ်းကြည့်ပြီး ပြောလိုက်သည်။
 

“မင်းကြီးရဲ့ သွေးခုန်နှုန်းအရမ်းကို အားနည်းနေပါတယ်…. အိပ်ယာပေါ်မှာပဲ အနားယူသင့်ပါတယ် မင်းကြီး… မင်းကြီးရဲ့ ဝေဒနာကို သက်သာစေမည့် ဆေးဝါးကို ကြိုထားပါတယ် အရှင်….”

 

ဟော်သွန်းသည် သမားတော်လက်ထဲမှ ဆေးကို ယူလိုက်ပြီး မင်းကြီး နံဘေးတွင် ၀င်ထိုင်ကာ ပြောလိုက်သည်။
 

“မင်းကြီး ဆေးသောက်ရအောင်…. ”
 

“ဟော်သွန်း…”

 

ကာလိုခန်သည် ဟော်သွန်းထံမှ မထင်မှတ်ထားသည့် ပြုစုမှုကိုရလိုက်သော်အခါ မျက်လုံးအရောင်တောက်သွားခဲ့သည်။ အေးခဲ့သည့် ဟော်သွန်း၏ နှလုံးသားထဲတွင် မိမိအတွက် အကြင်နာအနည်းငယ်ရှိနေသည်က ခံစားနေရသည့် ဝေဒနာကိုပင် တ၀က်သက်သာသွားစေခဲ့သည်။
 

“မင်းကြီး ဘာမှ မတွေးပါနဲ့။ ကျွန်မ အားလုံးသိထားပါပြီ။ ကျွန်မက မင်းကြီးရဲ့မိဖုရားပါ။ ရှေ့လျှောက် မင်းကြီးဘာဖြစ်ဖြစ် ကျွန်မသိပါရစေ… ”

 

ဟော်သွန်းသည် မင်းကြီးကို ဆေးတိုက်ပြီး ညင်သာစွာပြောလိုက်သည်။ ကာလိုခန်သည် ဟော်သွန်း၏လက်ကို ဆုပ်ကိုင်ပြီး နူတ်ခမ်းမှာတေ့လိုက်ပြီး တီးတိုးပြောလိုက်သည်။
 

“ကျေးဇူးတင်ပါတယ် ဟော်သွန်း…”
 

“မင်းကြီး အနားယူလိုက်ပါအုံး…ကျွန်မ မင်းကြီးဘေးမှာ စောင့်နေပေးပါ့မယ်…”
 

“ဟော်သွန်း အနားယူပါ… မောင်တော် နိုးလာရင် ကောင်းသွားမှာပါ….မိဖုရားကြီးလည်း ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး… ”

 

ကာလိုခန်သည် ဟော်သွန်းပင်ပန်းမည်စိုးသဖြင့် အတင်းသွားနားခို်င်းသည်။ ဟော်သွန်းက မင်းကြီးကို နှစ်သိမ့်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
 

“မင်းကြီး အိပ်ပျော်အောင် အိပ်လိုက်ပါ။ မင်းကြီး အိပ်ပျော်သွားရင် ကျွန်မသွားနားပါ့မယ်…”

 

ဟော်သွန်း၏ စကားက နူးညံ့သော်လည်း ပြတ်သားသဖြင့် ကာလိုခန် ခေါင်းငြိမ့်ကာ မျက်လုံးမှိတ်ပြီး အေးအေးချမ်းချမ်း အိပ်ပျော်သွားခဲ့သည်။ မိမိအိပ်မှ ဟော်သွန်း သွားအနားယူမည်ဖြစ်လို့ မိမိအိပ်ပျော်သွားဖို့ အရေးကြီးသည်။ ထိုအတွေးနှင့် ကာလိုခန် အမြန်အိပ်ပျော်သွားတော့သည်။ ဟော်သွန်းသည် ကာလိုခန် မင်းကြီး၏ မျက်နှာကိုငေးကြည့်ရင်း အချစ်ကင်းမဲ့သည့် တန်ဆာခံ အိမ်ထောင်ရေးကို တွေးနေမိသည်။ ကာလိုခန်သည် မိမိတို့မိသားစုကိုဖြိုခွင်းခဲ့သည့် လူယုတ်မာဖြစ်ခဲ့သော်လည်း မိမိကို သူ့အသက်ထက် ချစ်သည့် ယောကျာ်းတစ်ဦးဖြစ်သည့် အချက်က ငြင်းမရပေ။ မလုပ်သင့်သည့်အချက်ကို လုပ်ခဲ့အောင် မျက်ကန်းချစ်သည့် သူ့ကို ငေးကြည့်ရင်း သက်ပြင်းသာချနေမိသည်။

ကာလိုခန်မင်းကြီး အိပ်ပျော်သွားမှ ဟော်သွန်း မိမိအဆောင်ကိုပြန်လာခဲ့သည်။ အဆောင်သို့ရောက်သော် မိုးချုပ်လို့နေပြီ။ ထိုစဉ် ခန်းစီးနောက်ကွယ်မှ သားတော်၏ မျက်နှာကိုတွေ့လိုက်သည်နှင့် အစေခံများကို အိပ်တော့မည်ပြောပြီး အားလုံး ထွက်သွားခိုင်း လိုက်သည်။ အိပ်ခန်းတံခါးပိတ်သွားပြီး အပြင်မှ ခြေသံပျောက်သွားမှ တင်ဂီရိ အပြင်ကို ထွက်လာခဲ့သည်။
 

“မယ်မယ် မနက်ဖြန်ည ဥယျာဉ်ထဲကို ဆင်းခဲ့ပါ။ သားတော် မယ်မယ့်ကို နန်းတော်ကနေ ရအောင် ခေါ်ထုတ်သွား တော့မယ်….”
ဟော်သွန်းသည် သားကြီး၏ စကားကြောင့် ဆွံအသွားခဲ့သည်။ သားတော်က မိမိကို ကယ်ထုတ်သွားတော့မည်ကို ကြားသော်လည်း ၀မ်းမသာနိုင်ပဲ တစ်ချက်တွေဝေသွားခဲ့သည်။

 

“မယ်မယ် မလိုက်နိုင်သေးဘူး သားတော်…. ယွမ်ချူးခန်ရဲ့ ခမည်းတော် အသည်းအသန်ဖြစ်နေတယ်… မယ်မယ် အခုချိန် ထွက်မသွားချင်သေးဘူး…”

 

တင်ဂီရိသည် မယ်မယ့်လက်ကို ဆုပ်ကိုင်ကာ နားချလိုက်သည်။
 

“မယ်မယ်…. အခုက ထွက်ဖို့အချိန်ကောင်းပါ။ အစက ခမည်းတော်က မယ်မယ့်ကို ဂုဏ်သိက္ခာရှိရှိ ခေါ်ထုတ်ချင်လို့ သူတို့ကို စစ်ကြေငြာ်ပြီး တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သူတို့ဘက်က မယ်မယ့်ကို လက်လွှတ်မယ့်ပုံမပေါ်ဘူး၊ စစ်ပွဲရဲ့ဖိအားကြောင့် မယ်မယ့် နှလုံးရောဂါ ပိုဆိုးလာခဲ့တယ်။ ဒါကြောင့် မယ်မယ့်ကို ရအောင်ခေါ်ထုတ်ပြီး အေးဆေးတဲ့နေရာမှ ဆေးကုပေးဖို့ သားတော် ဒီလိုစီမံရတာပါ… ”
 

“သားတော်ရဲ့ စေတနာကို မယ်မယ်သိတယ်။ ဒါပေမယ့် အခုမင်းကြီးက သားလေးချူးခန်ရဲ့ ခမည်းတော်ပါ။ သူ့ခမည်းတော် အသည်းသန်ဖြစ်တဲ့အချိန် မယ်မယ်ထွက်သွားရင် သားတော်လေး တစ်သက်လုံး စိတ်ဒဏ်ရာဖြစ်ကျန်ခဲ့လိမ့်မယ်။ ဒါကြောင့် မယ်မယ် အခုချိန် မလိုက်နိုင်သေးဘူး…. သားရဲ့ခမည်းတော်ကိုပြောလိုက်ပါ။ မယ်မယ်က သေတဲ့အထိ သားရဲ့ခမည်းတော် တစ်ယောက်တည်းကိုပဲ ချစ်သွားခဲ့တာပါ။ အချိန် နည်းနည်းပဲ ထပ်စောင့်ပေးပါလို့ တောင်းပန်ပေးပါ…”

 

ဟော်သွန်းသည် သားကြီးနှင့် ချစ်လင်၏ စေတနာကို သိသော်လည်း တစ်ဖက်က မိမိကြောင့်လူ့လောကကထဲ ၀င်ရောက်လာသည့် သားငယ်အတွက်ကို စဉ်းစားပြီး သားကြီး၏ အစီစဉ်ကို ငြင်းလိုက်သည်။ ကာလိုခန်မင်းကြီးနှင့် မချစ်ပဲ အတူနေလို့ရလာသည့်တိုင် သားငယ်သည် မိမိ၏ ရင်သွေးဖြစ်သည်။ မိမိကြောင့် လူဖြစ်လာသည့် ကလေးကို ကျွေးမွေးရုံ မကပဲ ဖြောင့်မှန်သည့် လူတစ်ယောက်အဖြစ် ကြီးပြင်းအောင် ပျိုးထောင်ရမည်က မိမိတာဝန်ဖြစ်သည်ဟု ဟော်သွန်း ခံယူထားသည်။ သူ့ခမည်းတော်က လူယုတ်မာဖြစ်ခဲ့သည့်တိုင် သူနှင့် ဘာမှမပတ်သတ်သည့်အတွက် သားငယ် စိတ်ထိခိုက်အောင် မိမိ ဘယ်နည်းနှင့်မှ မလုပ်နိုင်ဟု ဆုံးဖြတ်ပြီး သားကြီးကို တောင်းပန်လိုက်သည်။

 

တင်ဂီရိသည် မယ်မယ့် စကားကို နားလည်သည်။ မယ်မယ့်စေတနာကို နားလည်သည်။ သို့သော် အခုလို ဆက်နေလျှင် မယ်မယ့်ရောဂါပိုဆိုးမည်ကိုလည်းစိုးရိမ်သည်။ ဒါကြောင့် ခမည်းတော်နှင့်တိုင်ပင်ရန် နန်းတော်က ပြန်ထွက်လာခဲ့သည်။

 

-----------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet