စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (37)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (37)


 

“အင့်… ဝေါ့..”
 

“ဆူမီရာ.. ဆူမီရာ.. မင်းဘယ်လိုနေလဲ သက်သာရဲ့လား…”
 

ဆူမီရာသည် ရေတွေ အန်ပြီးမှ သတိကောင်းကောင်းရလာခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကီလာတိုင် မိမိကို စိတ်ပူပြီးကြည့်နေသည်ကိုတွေ့တော့မှ မိမိရေနစ်မသေသည်ကို သိတော့သည်။

 

“ကီလာတိုင်လား.. ငါဘာဖြစ်သွားတာလဲ။”

 

“တော်သေးတယ်။ မင်းရေနစ်ပြီး သေပြီထင်နေတာ.. ”
 

“မင်းရဲ့သက်တော်စောင့်တွေရော… မင်းဘာဖြစ်သေးလဲ။ ဒဏ်ရာရသေးလား…”
 

“မရဘူး.. ငါရေကူးတတ်လို့တော်သေးတယ်။ မင်းတခုခုဖြစ်မှာကို ငါစိုးရိမ်နေတာ.. တော်သေးတယ်။ ငါမင်းကို

အဖော်လုပ်ခိုင်းတာ တခုခုများဖြစ်သွားရင်ဆိုပြီး အရမ်းကြောက်သွားတာ…”

 

ဆူမီရာသည် ကီလာတိုင်ကို စိုးရိမ်တကြီးမေးလိုက်သည်။ ကီလာတိုင်က ဆူမီရာကိုဖက်ကာ ပြောလိုက်သည်ကိုကြားတော့ မိမိအပေါ်စိတ်ပူပေးသည်ကိုလည်း ကျေးဇူးတင်မိသည်။

 

“ကီလာတိုင်… ငါ့အသက်ကိုကယ်တာ ကျေးဇူးတင်ပါတယ်ကွာ… မင်းက ငါ့ရဲ့အသက်သခင် ကျေးဇူးရှင်ပဲ…”
 

“မဟုတ်တာ… မင်းနဲ့ငါက သူငယ်ချင်းတွေလေ… ငါ့ဘ၀မှာ ပထမဆုံးရဖူးတဲ့ သူငယ်ချင်းက မင်းပဲ ဆူမီရာ…”
 

“ကီလာတိုင်ရာ… ”

 

ကီလာတိုင်၏စကားများက ဆူမီရာကို စိတ်မကောင်းဖြစ်သွားသလို သူ့ခံစားချက်ကိုလည်းနားလည်သွားသည်။ ကီလာတိုင်အတွက် မိမိက တစ်ဦးတည်းသောသူငယ်ချင်းဖြစ်နေသည် မဟုတ်လား။

 

ထိုစဉ် ကီလာတိုင်၏သက်တော်စောင့်များက ပြေးလာပြီးအစီရင်ခံသည်။ ကီလာတိုင်ပင် သူတို့ မိမိတို့ကိုခြေရာခံမိပုံကို အံ့သြနေမိသည်။

 

“အရှင့်သား… ကျွန်တော်မျိုးတို့ ပြေးမှဖြစ်မယ်.. ဒီဘက်ကို တပ်ဖွဲ့တစ်ဖွဲ့ချီတက်လာတယ်…”
 

“သူတို့ခြေရာခံမိတာ မြန်လှချည်လား…”
 

သက်တော်စောင့်က ကီလာတိုင်ကို မျက်ရိပ်မျက်ခြေပြသဖြင့် ကီလာတိုင်သည် ဆူမီရာကို အခြားသက်တော်စောင့်များနှင့် ထားကာ ခပ်လှမ်းလှမ်းကိုလိုက်ခဲ့သည်။ အဝေးကိုရောက်မှ သက်တော်စောင့်က အစီရင်ခံသည်။

 

“သူတို့ရဲ့နောက်ခံအဖွဲ့ရောက်ရှိလာလို့ တခါတည်း လက်စတုန်းဖို့ဖြစ်ပုံရတယ် အရှင့်သား…ကျွန်တော်မျိုး သစ်ပင်ပေါ်ကနေ တိတ်တဆိတ်ချောင်းနားထောင်လို့ သိရတာပါ။ အထူးသဖြင့်အရှင့်သားဆူမီရာကို လိုက်သတ်ဖို့မှာနေတာကို ကြားခဲ့တာပါ။”

 

“ဘာ.. ဘယ်လိုဖြစ်နိုင်မှာလဲ.. ဆူမီရာကို ဘာကြောင့်လိုက်သတ်မှာလဲ။ သူတို့ကိုဖော်တာ ငါကိုယ်တော်လုပ်တာလေ..”
 

“ကျွန်တော်မျိုးထင်တာက မုတိုင်းပြည်ရဲ့မိဖုရားကြီးကြောင့်ထင်ပါတယ်။ ကျွန်တော်မျိုးကြားထားတဲ့စကားအရဆိုရင် မိဖုရားကြီးမုယုံချင်းက သူ့လုပ်ရပ်တွေကို သူတို့ရဲ့ခေါင်းဆောင်ဆီကိုမပေါက်ကြားအောင် အရှင့်သားဆူမီရာကိုပါ လုပ်ကြံမယ့် သဘောရှိပါတယ်…”
 

“တော်စမ်း… မင်းထင်ရာလျှောက်မပြောနဲ့… မုယုံချင်းရဲ့ခေါင်းဆောင်က ဘယ်သူမို့ ဆူမီရာကိုသတ်ချင်ရမှာလဲ.. ဆူမီရာက ငါ့သူငယ်ချင်း။ သူ့ကိုကငါရအောင် ကာကွယ်မယ်…”

 

ကီလာတိုင်သည် မိမိသူငယ်ချင်းကို သတ်မည်ဆိုသည့် စကားကို ကြားသည်နှင့် ဒေါပွလာခဲ့သည်။ ရာရာစစ မိမိရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကိုလုပ်ကြံချင်သည်။

 

“မိဖုရားကြီးမုယုံချင်းကြောက်ရတဲ့သူက အာနန်ပြည်က မင်းသားတင်ဂီရိပါ အရှင့်သား…။ ကြည့်ရတာ မင်းသားတင်ဂီရိရဲ့ နောက်ကွယ်မှာ လုပ်နေတဲ့ မကောင်းမှုကိုမပေါက်ကြားဖို့ မင်းသားဆူမီရာကိုရှင်းပစ်ချင်တဲ့ သဘောပါ.”
 

ကီလာတိုင်သည် အာဏာအတွက် လူရဲ့စိတ်ပြောင်းလဲကာ ရက်စက်ကြမ်းကြုတ်လာသည်ကို ကောင်းစွာသိသူပီပီ ဆူမီရာကို လုပ်ကြံမည့်သူက မုယုံချင်းဆိုတာကို သေချာပေါက်သိလိုက်သည်။ ဒါကြောင့် ချက်ချင်းမုတိုင်းပြည်မှထွက်ရန် အမိန့်ပေးလိုက်သည်။

 

“အင်း… သူတို့အကြံမထမြောက်စေရဘူး။ ငါတို့ ဒီနယ်ကနေ ချက်ချင်းခွာမှဖြစ်မယ်။ ဆူမီရာကို ဒီအကြောင်းမသိစေနဲ့.. သူသိသွားရင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်.. ငါတို့လူတွေကိုစုထား။ ခုချက်ချင်း အနောက်ဘက်ကိုသွားမယ်…”
 

“မှန်လှပါ မင်းသားလေး…”

 

သို့သော် ကီလာတိုင်လှည့်ထွက်လာသည်နှင့် ဆူမီရာနှင့်တိုးတော့သည်။ ဆူမီရာက သူတို့ဘာပြောနေသလဲဆိုတာ သိချင်လို့ လိုက်လာပြီးနားထောင်နေခြင်းဖြစ်သည်။

 

“အစ်မတော်မုယုံချင်းက အဲ့လောက်ရက်စက်ကြမ်းကြုတ်မယ်လို့ငါမထင်ဘူး ကီလာတိုင်…”
 

“မင်း ကြားသွားတာလား..”
 

ကီလာတိုင်က စိတ်မကောင်းဟန်ဖြင့်မေးလိုက်သည်။ ဆူမီရာ၏ မျက်နှာပေါ်မှ စိတ်ထိခိုက်သည့် အရိပ်အယောင်ကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားမိသည်။

 

ဆူမီရာက ကီလာတိုင်ကို ခိုင်မာစွာပြောသည်။ ယခုထိ အစ်မတော် မုယုံချင်း ရက်စက်စွာလူသတ်မည်ကို မယုံနိုင်ပါ။ သံသယကိုရှင်းအောင်လုပ်ရမည်။

 

“ဟုတ်တယ်။ ဒီအကြောင်းမှာ တခုခုမှားနေတာဖြစ်မယ်။ ဒါမှမဟုတ် အစ်မတော်ကို တယောက်ယောက်က ထိန်းချုပ်နေတာ ဖြစ်မယ်။ ငါ အစ်မတော်ကို မျက်နှာချင်းဆိုင်မေးမယ်..ကီလာတိုင်…”

 

“မသွားပါနဲ့ဆူမီရာ… သူတို့တွေက ငါတို့ကို တွေ့တဲ့နေရာမှာသတ်ဖို့ မှာကြားလိုက်ပြီ…”
 

“ငါ မယုံဘူး ကီလာတိုင်။ ဒီအကြောင်း သေချာသိမှဖြစ်မယ်။ ငါသိတဲ့ အစ်မတော်မုယုံချင်းဆိုတာ ဥာဏ်ရည်ထက်မြက်ပြီး ကြင်နာတတ်သူပါ…”
 

“မသွားပါနဲ့ ဆူမီရာ… မင်းတခုခုဖြစ်ရင် မင်းရဲ့မိဘတွေကို ငါဘယ်လိုပြောမလဲ…”

 

“မင်းနဲ့မဆိုင်ဘူး..ကီလာတိုင်။ ငါ့သဘောနဲ့ငါသွားတာပါ။ နောင်တော်တင်ဂီရိက ဘယ်တော့မှ လူကြည့်မမှားဘူး။ နောင်တော့်လူတွေက ရက်စက်ကြမ်းကြုတ်တဲ့သူဆိုတာ ငါမယုံဘူး. အစ်မတော် မုယုံချင်း အခက်ခဲကြုံနေတယ်ဆိုလည်း ငါရအောင် ကူညီမယ်…”
 

ဆူမီရာက ခေါင်းမာစွာဖြင့် ကီလာတိုင် ထပ်ခါထပ်ခါတားသော်လည်း သွားမည်ပြောနေသဖြင့် နောက်ဆုံးကီလာတိုင်က သူ့ကို သေချာအောင်ထပ်မေးလိုက်သည်။

 

“မင်း တကယ်ကိုဆုံးဖြတ်ပြီးပြီလား ဆူမီရာ…”
 

“ဆုံးဖြတ်ပြီးပြီ။ မင်းတို့အခြားကို သွားကြတော့. ငါ့ဖာသာနန်းတွင်းထဲကိုသွားမေးမယ်…”

 

“ကောင်းပြီ။ သွားရင် မင်းတစ်ယောက်တည်း သွားစရာမလိုဘူး။ငါလည်းလိုက်မယ်။ ငါတို့က သူငယ်ချင်းတွေလေ။ သေအတူ ရှင်အတူ.. ဘယ်တော့မှမခွဲဘူး..”
 

ကီလာတိုင်၏စကားကြောင့် ဆူမီရာတွန့်သွားခဲ့သည်။ မိမိကြောင့် သူ့ကိုဘေးတော့မဖြစ်စေချင်ပါ။ မိမိတစ်ယောက်တည်းသွးလျှင် အစ်မတော် မုယုံချင်းက ဘာမှလုပ်မည်မဟုတ်ဟု ယုံကြည်သည်။

 

“မဖြစ်ဘူး..မင်းကို မိသွားရင် သူတို့သတ်ပစ်လိမ့်မယ်။ ငါ့ကိုဆို အစ်မတော်က အသက်ချမ်းသာပေးနိုင်တယ်ကွ”
 

“ငါမပါပဲ မင်းသွားရမယ် မကြံနဲ့ ဆူမီရာ..”

 

ကီလာတိုင်က ဆူမီရာ၏ လက်ကိုဆုပ်ကိုင်ကာ စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့်ပြောလိုက်သည်။ ဆူမီရာသည် ကီလာတိုင်၏ မျက်ဝန်းထဲမှာ ခေါင်းမာသည့်အရိပ်ကိုတွေ့တော့ စိတ်အိုက်သွားသည်။ သူမပါလျှင် မိမိကိုဘယ်လိုမှသွားခွင့်ပြုမည်မဟုတ်ပေ။ မိမိကလည်း သေချာမသိရပဲ မုတိုင်းပြည်မှ မထွက်သွားနိုင်ပေ။ ဒါကြောင့်ခဏစဉ်းစားပြီးနောက်အကြံရသွားသည်။ နောင်တော်တို့အဖွဲ့သုံးနေကျနည်းဖြင့် အစ်မတော်ကို တိတ်တိတ်လေးခေါ်မေးရန်အကြံ ရလိုက်ခြင်းဖြစ်သည်။

 

“ကောင်းပြီ။ ငါ မင်းကိုခေါ်သွားမယ်။ ငါတို့လျှို့ဝှက်ပြီးသွားကြတာပေါ့… ငါ.. သူတို့ လျှို့ဝှက်ဆက်သွယ်တဲ့နည်းကိုသိတယ်.. အစ်မတော်ကို တစ်နေရာလာဖို့ချိန်းလိုက်မယ်..”

 

ကီလာတိုင်သည် မုမြို့ရိုးတွင် တိတ်တဆိတ်ဆွဲထားသည့် ကလေးပုံလိုလို အရုပ်လေးများကိုကြည့်ပြီးမေးလိုက်သည်။


“မင်း ဒီအုတ်နံရံမှာ မီးသွေးနဲ့လျှောက်ဆွဲထားတဲ့ပုံလေးတွေက မိဖုရားကြီးထွက်လာအောင် ဆွဲဆောင်နိုင်ပ့ါမလား..”
 

“အစ်မတော် သေချာပေါက်လာမှာပါ.. ငါ အကိုတော့်ကိုယ်စား သူ့ကိုခေါ်လိုက်တာပဲ..အခုည မြို့ပြင်က င်္သချိုင်းမှာ သူလာတွေ့လိမ့်မယ်…”

 

“မင်း သူတို့အဖွဲ့ထဲကလား..”
 

ကီလာတိုင်က ဆူမီရာကိုမျက်မှောင်ကြုတ်ကာမေးလိုက်သည်။ တိုင်းပြည်များကြားမှ အရှုပ်အထွေးတွင် ဆူမီရာကို မပါဝင်စေသည်က ဘာကြောင့်ဆိုတာ ကီလာတိုင် ကိုယ့်ဖာသာ မဆန်းစစ်မိသေးပါ။

 

“မဟုတ်ပါဘူး။ နောင်တော်က ငါ့ကို သူတို့ရဲ့ လှုပ်ရှားမှုတွေမှာပါဝင်ခွင့်မပြုပေမယ့် သူတို့လျှို့ဝှက်သင်္ကေတနဲ့ရေးသားနည်း ကိုသင်ထားပေးတယ်။ ဒါကြောင့် ငါ ဒီလိုရေးတတ်နေတာ.. ”

ဆူမီရာသည် ညအချိန်တွင် င်္သချိုင်းထဲစောင့်နေစဉ် ရထားလုံး တစ်စီးဆိုက်လာပြီး ၀တ်ရုံမည်းရုံထားသည့် လူရိပ်က အထဲကိုလမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်သည်။ ထိုလူရိပ်က ဟိုဟိုသည်သည်ကြည့်ကာ အသံပြုလိုက်သည်။


“ဆူမီရာ…”

 

“အစ်မတော်…”
 

ဆူမီရာက သစ်ပင်နောက်မှထွက်လာပြီး အစ်မတော်ကိုခေါ်လိုက်သည်။ ကီလာတိုင်က သစ်ပင်နောက်တွင် ဆက်လက်ပုန်းခိုနေသည်။ ဒါကလည်း ဆူမီရာ၏ အကြံဖြစ်သည်။ အရေးအကြောင်းကြုံလျှင် ကူညီဖို့ ကီလာတိုင် အားလုံးပြင်ဆင်ထားသည်။

 

မုယုံချင်းသည် ဆူမီရာကိုကြည့်ကာ စိတ်ဓါတ်ကျသွားခဲ့သည်။ သူက မိမိတိုင်းပြည်ထဲက ထွက်သွားပြီဟု တစ်ထစ်ချတွက်ထားခဲ့ရာမှ ပြန်လာသဖြင့် မလုပ်ချင်သည့် အလုပ်ကိုလုပ်ရတော့မည်။

 

“မင်း ဘာကြောင့် ဒီကထွက်မသွားသေးတာလဲဟင်။ မင်းကို မုတိုင်းပြည်ထဲက ထွက်သွားပြီထင်နေတာ…”
 

“ကျွန်တော်သွားမှာပါ။ မသွားခင် အစ်မတော် ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာကို သိချင်လို့နေခဲ့တာ…”

 

“ဒါဆို မင်းတစ်ယောက်တည်းကျန်ခဲ့တာလား..”
 

မုယုံချင်းက သေချာအောင်ထပ်မေးလိုက်သည်။ ဆူမီရာက အမှန်တိုင်းဖြေမည်လုပ်ပြီး ကီလာတိုင်မှာထားသည်ကို သတိရလို့ လိမ်ပြောလိုက်သည်။

 

“ဟုတ်တယ်.. ကီလာတိုင်တို့ကို ကျွန်တော် သွားခိုင်းလိုက်ပြီ။ အစ်မတော် အကျပ်ကိုင်ခံရတာကို သိချင်လို့ နေရစ်ခဲ့တာ.. အစ်မတော်ကို သူတို့ဘယ်လိုနိုင်ကွက်ကိုင်ထားလို့ ဒါတွေကိုလုပ်နေတာလဲ..”
 

“အစ်မတော်ကို အကျပ်ကိုင်တယ်..ဟုတ်လား.. ဘယ်သူကပြောလဲ..”

 

မုယုံချင်းက ဆူမီရာကို မေးလိုက်သည်။ ဆူမီရာက မုယုံချင်းကိုကြည့်ကာ ယုံကြည်စွာဖြင့်ပြောလိုက်သည်။

 

“အစ်မတော်ကို ကျွန်တော် ကောင်းကောင်းသိတယ်။ အစ်မတော်က ရက်စက်တဲ့သူမဟုတ်ဘူး။ ဒီလို မင်းလောင်းတွေကို သတ်ဖြတ်တာတွေ၊ မင်းသစ်ကိုထောက်ခံတဲ့သူတွေကို ရက်ရက်စက်စက်လက်စတုံးတာတွေကို ဘယ်တော့မှာ လုပ်မှာမဟုတ်ဘူး…”
 

“မင်း.. အစ်မတော်ကို အတော်ယုံကြည်ခဲ့တာပဲနော်… ”
 

မုယုံချင်းက ဆူမီရာကိုကြည့်ကာ အေးအေးဆေးဆေးမေးလိုက်သည်။ ဆူမီရာစိတ်ထဲ ထင့်သွားသော်လည်း အစ်မတော်ကို မိမိယုံကြည်ချက်အတိုင်း ပြောလိုက်သည်။ နောင်တော်တင်ဂီရိကိုမိမိယုံကြည်သည်။

 

“ကျွန်တော်က နောင်တော်တင်ဂီရိကိုယုံကြည်တာပါ။ နောင်တော်က ဘယ်တော့မှ လူရွေးမမှားနိုင်ဘူး။ ”

 

“ဆူမီရာမှန်ပါတယ်.. အရှင်ကုလန်က လူရွေးမမှားပါဘူး… ”
 

မုယုံချင်းက ပြုံးကာပြောလိုက်သည်။ ၀ိုးတ၀ါးလရောင်အောက်တွင် အချောအလှမိဖုရားကြီး မုယုံချင်း၏ အပြုံက မပီပြင်ဝိုးတ၀ါးသာ မြင်ရသည်။ ဘာကြောင့်ရယ်မသိတော့။ အစ်မတော် မုယုံချင်း၏အပြုံးကိုကြည့်ပြီး ဆူမီရာ စိတ်မချမ်းမသာဖြစ်လာသည်။

 

“ဒါဆို အစ်မတော်ကို တစ်ယောက်ယောက်က အကျပ်ကိုင်ထားတာလား။ ကျွန်တော့်ကိုပြောပါ..နောင်တော့်ကို ကျွန်တော် အကြောင်းကြားပြီး အစ်မတော်ကိုလာကယ်ခိုင်းပါ့မယ်..”
 

မုယုံချင်းသည် ဖြူစင်လှသည် ငွေတောင်မင်းသားလေးကို စိုက်ကြည့်ကာ အမှန်ကိုဝန်ခံလိုက်သည်။ ထပ်ပြီးတော့လည်း မိမိဘာကိုမှ လိမ်မထားချင်တော့ပါ။ အားလုံးသိပါစေတော့။ မိမိအတွက် ဘာမှထူးလာမည်မဟုတ်တော့ပါ။

 

“ဟင့်အင်း.. အစ်မတော်ကိုယ်တိုင် သတ်ခိုင်းခဲ့တာ…”

 

“မဖြစ်နိုင်ဘူး..”
 

ဆူမီရာသည် အစ်မတော်၏ ၀န်ခံစကားကိုကြားသော်ချက်ချင်းပင် ကန့်ကွက်လိုက်သည်။ အစ်မတော် မုယုံချင်းလိမ်ပြောနေသည်ဟုသာယုံကြည်နေမိသည်။

 

“ဘာလို့မဖြစ်နိုင်ရမှာလဲ။ မုမင်းကြီးကိုလည်း အစ်မတော် အဆိပ်နဲ့လုပ်ကြံခဲ့တာ။”
 

“အစ်မတော် အဆိပ်နဲ့လူသတ်တဲ့အကြောင်းကိုသိရင် နောင်တော်အပြစ်ပေးလိမ့်မယ်…”

 

ဆူမီရာသည် အစ်မတော်၏ သွေးအေးလှသည့် စကားကိုကြားသော် ကျောထဲကစိမ့်လာခဲ့သည်။ ကီလာတိုင်ပြောတာ မှန်နေပြီထင်သည်။ အစ်မတော်က ကျောင်းတုန်းကနှင့်မတူပြောင်းလဲခဲ့လေပြီ။

 

“အရှင်ကုလန်သိပါတယ်.. အစ်မတော် လူသတ်ချင်လို့ အဆိပ်ပညာကို သင်တယ်လို့ပြောပြထားပါတယ်။ အရှင်ကုလန်က အစ်မတော်ရဲ့စိတ်ထားကို သဘောကျလို့ အဆိပ်ပညာကိုသင်ပေးခဲ့တာပါ။ အပြန်လှန်အားဖြင့် အစ်မတော်က အရှင်ကုလန်ရဲ့ သစ္စာကိုခံယူခဲ့တာပါ..”
 

“မဖြစ်နိုင်ဘူး။ နောင်တော့်ကို အစ်မတော် လိမ်ညာပြီး  အဆိပ်ပညာသင်ခဲ့တာ..”
 

ထိုစကားကိုကြားသော် ဆူမီရာရှုးရှုးရှဲရှဲဖြစ်သွားသည်။ မဖြစ်နိုင်သည့် စကားကို အစ်မတော်မုယုံချင်း ဘာကြောင့် လိမ်ပြောသည်၊ နောင်တော်တင်ဂီရိကို ဘာကြောင့်ဆွဲထည့်ရသည်ကို နားမလည်တော့ပါ။

 

“အစ်မတော်က သေတော့မယ့်လူကိုလိမ်စရာလား..”

 

မုယုံချင်းသည် ခေါင်းပေါင်းထားသည့် ပုဝါကိုဖွင့်လိုက်ပြီး ပြုံးကာပြောလိုက်သည်။ မုယုံချင်း၏အပြုံးက အေးမြသည့် လရောင်အောက်တွင် မရဏနတ်သမီးပမာ ကျောချမ်းချင်စရာကောင်းလှသည်။ ကျောင်းတော်တုန်းက ဖြူစင်ခြင်း နတ်သမီးလေးလို ထင်ခဲ့မိသည့် အစ်မတော်ဘာကြောင့် ဒီလိုပြောင်းလဲသွားရသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။  အစ်မတော်၏ပုံစံကိုကြည့်ကာ ဆူမီရာ သူမကိုပြောလိုက်သည်။

 

“အစ်မတော် ကျွန်တော့်ကို အဆိပ်နဲ့လုပ်ကြံလို့မရဘူး..ကျွန်တော်က ထန်ဖိုးဖိုးရဲ့ အဆိပ်ဖြေဆေးကိုစားထားတယ်… ဘယ်အဆိပ်မှာ ကျွန်တော့်ကို ထိခိုက်အောင်မလုပ်နိုင်ဘူး..”
 

အလှနတ်သမီးလေး၏ နူတ်မှရက်စက်သည့် စကားလုံးများကိုကြားသော် ရင်မှာနာကျင်လာခဲ့သည်။ မိမိကို သတ်မည်စိုးသောကြောင့်မဟုတ်ပဲ နောင်တော်တင်ဂီရိ လူရွေးမှားသည့်အတွက် စိတ်မကောင်းဖြစ်မိခြင်းဖြစ်သည်။

 

“မင်းကို အဆိပ်နဲ့မလုပ်ကြံပါဘူး။ မင်းကို အစ်မတော်လက်နဲ့သွေးစွန်းအောင်လုပ်ဖို့မလိုပါဘူး။”


“အစ်မတော်.. ကျွန်တော့်ကို သတ်ရင် နောင်တော်က အစ်မတော်ရဲ့တိုင်းပြည်ကို မြေလှန်လိမ့်မယ်…”

 

ဆူမီရာသည် အစ်မတော်၏ ရက်စက်သည့် စကားများကြောင့် ရင်ကိုဓါးနှင့်ခွဲသလိုခံစားလိုက်ရသည်။ မိတ်ဆွေသူငယ်ချင်းဆိုသည့် ငဲ့ညှာမှုလေးပင် အစ်မတော်ထံမှာ မမြင်ရတာက နာကျင်စရာကောင်းလှသည်။ မိတ်ဆွေများ၏ သစ္စာမဲ့မှုကို နောင်တော်ဘယ်လောက်တောင် နာကျင်ခံစားရမလဲ။

 

“သူ မသိနိုင်ပါဘူး… မင်းသေသွားတာ.. မင်းနဲ့အတူလာတဲ့ မြောက်ပိုင်းက မင်းသားလေးတွေလက်ချက်နဲ့လို့ သူထင်လိမ့်မယ်.. ”
 

“အစ်မတော် ဘာကြောင့် ခုလိုလုပ်တာလဲ… အစ်မတော်ရဲ့ ပင်ကိုယ်စရိုက်က ဒီလိုမဟုတ်ဘူး..”
 

“မင်းရှိရင် အရှင်ကုလန်က မြောက်ပိုင်းကို စစ်ချီတာ နှောင့်နှေးနေနိုင်တယ်။ အရှင် အလေးထားတဲ့ မင်းသာ အသတ်ခံရရင် မြောက်ပိုင်းက နန်ကျောင်ပြည်ကို ချက်ချင်းစစ်ချီလိမ့်မယ်။ ဒါမှ ငါတို့မုတိုင်းပြည်လည်း အခွင့်ရေးအများကြီးရနိုင်တယ်.. သတ်လိုက်တော့..”

 

အစ်မတော်၏နူတ်မှဖွင့်ဟ၀န်ခံစကားကိုကြားတော့ ဆူမီရာ မျက်ရည်စို့လာမိသည်။ ရင်နာသည်။ တစ်ကျောင်းတည်းတက်ခဲ့သည့် သံယောဇဉ်ကိုမှ မထောက် အာဏာကြောင့် ပြောင်းလဲကာ ရက်စက်ကြမ်းကြုတ်သည့် အစ်မတော်၏ လုပ်ရပ်က ဆူမီရာ၏ စိတ်ကိုနာကျင်ကြေကွဲစေတော့သည်။

 

“အစ်မတော်…”
 

 “နူတ်ဆက်ပါတယ် ဆူမီရာ…”

 

မုယုံချင်းသည် ဆူမီရာကို တချက်လှည့်ကြည့်ကာ င်္သချိုင်းမှချက်ချင်းထွက်ခွာသွားတော့သည်။ အုတ်ဂူများနောက်မှ ဓါးကိုင်ထားသည့် ရဲမတ်များက ဆူမီရာကို သတ်ဖြတ်ရန်ဝိုင်းလာစဉ် ဆူမီရာ၏ အနောက်ဘက်သစ်ပင်များကြားမှ မြှားတံများအဆက်မပြတ်ကျလာခဲ့ပြီး ဆူမီရာကို သတ်မည့်ရဲမတ်များကို မှန်ကုန်သည်။ တချို့မြှားတံများက မြေပြင်ကိုထိမိသည်နှင့် ပေါက်ကွဲသံခပ်အုပ်အုပ်နှင့် မီးခိုးလုံးများတက်လာခဲ့သည်။ င်္သချိုင်းတစ်ခုလုံးမီးခိုးမည်းများနှင့်ဖုံးအုပ်ပြီး ဆူမီရာကိုသတ်မည့် ရဲမတ်များက မထင်မှတ်ထားသည့် အခြေနေကြောင့် အမှောင်ထဲလွင့်ပျံလာသည့် မြှားချက်များကို အသည်းအသန်ကာကွယ်ရတော့သည်။ မုယုံချင်းသည် အခြေနေရှုပ်ထွေးနေသည်ကိုတွေ့သော် နန်းတော်ကိုချက်ချင်းပြန်သွားတော့သည်။

 
“၀ှစ်..၀ှစ်..၀ှစ်…”

“၀ုန်း..၀ုန်း..၀ုန်း…”
“ရွှီး…ရွှီး..ရွှီး…”

 

ဆူမီရာက ရှုပ်ထွေးသည့်အခြေနေကိုကြောင်ကြည့်နေမိစဉ်
ကီလာတိုင်သည် ဆူမီရာ၏နားကိုပြေးလာပြီး လက်ဆွဲကာပြောလိုက်သည်။ “ဆူုမီရာ…လာ…မြန်မြန်…ပြေးကြစို့…”

 

“လိုက်… မြင်းနဲ့ပြေးပြီ။ သူတို့ခေါင်းကို ရအောင်ယူနိုင်ရင် ရွှေပြားတစ်ရာပေးမယ်…”
“ကျား…လိုက်ကြစမ်း…”

 

မုတိုင်းပြည်မှရဲမတ်များက မီးခိုးလုံးစဲသွားတော့ ဆူမီရာတို့ထွက်ပြေးသည်ကိုတွေ့တော့ ညာသံပေးကာ နောက်မှ တရကြမ်းလိုက်ခဲ့သည်။ ကီလာတိုင်၏ သက်တော်စောင့်များက မင်းသားနှစ်ပါးကိုပြေးခိုင်းပြီး နောက်မှလိုက်လာသည့်ရဲမတ်များကို ခုခံထားရန်ဆုံးဖြတ်ထားကြသည်။


“အရှင့်သားတို့..ပြေးတော့… ကျွန်တော်မျိုးခုခံထားလိုက်မယ်…”

 

“ဆူမီရာ..လာ.. လှည့်မကြည့်နဲ့..ပြေးကြစို့…”
 

ကီလာတိုင်က မိမိ၏လေ့ကျင့်ထားသည့် သက်တော်စောင့်များအကြောင်းကိုသိသဖြင့် တုန့်ဆိုင်းနေသည့် ဆူမီရာကို လောဆော်ကာပြေးသည်။ အနောက်မှမြင်းတပ်က မှီလာတော့မည်။

 

“၀ှစ်..၀ှစ်…”
“ဒုတ်…အင့်…”

 

“ဟာ.. သက်တော်စောင့်ကြီးမြှားထိသွားပြီ..”
 

“မလှည့်နဲ့..ဆက်သွား…”

 

ဆူမီရာ စိတ်ထိခိုက်စွာပြောသည်ကိုကြားသော် ကီလာတိုင်က တင်းမာစွာအမိန့်ပေးပြီး ဆူမီရာစီးလာသည့် မြင်း၏တင်ပါးကို အနောက်မှ၇ိုက်လိုက်သည်။ မြင်းကောင်းနှစ်စီးသည် သခင်နှစ်ဦးကိုသယ်ကာ အဝေးဆုံးကိုပြေးထွက်သွားတော့သည်။ လေကိုဆန်ပြီး ညအမှောင်ထဲတွင် မင်းသားနှစ်ပါးစီးသည့်မြင်းများကို အမှောင်ကစုပ်ယူသွားတော့သည်။ မုတိုင်းပြည်၏ရဲမတ်များသည် ကီလာတိုင်၏ သက်တော်စောင့်များကိုရှင်းပြီးနောက် မည်သည့်အရိပ်အယောင်ကိုမှမတွေ့ရတော့ပေ။ သို့သော်လည်း သခင်မ၏ အမိန့်ကြောင့် ရေဆုံးကုန်းဆုံးလိုက်ရန် မြင်းကို တရကြမ်းနှင်လိုက်သည်။

 

--------------------------------------

မုတိုင်းပြည်မှရဲမတ်များကိုမျက်ခြေဖြတ်ပြီးနောက် မိုးလင်းခါနီးတွင် ဆူမီရာနှင့် ကီလာတိုင်ခဏအမောဖြေစဉ် ဆူမီရာကစိတ်ထိခိုက်စွာပြောလိုက်သည်။


“ကီလာတိုင်..ငါတောင်းပန်ပါတယ်..ငါ့ကြောင့် မင်းရဲ့လူတွေ သေကုန်ပြီ…”

 

“မင်း ဘာမှမဖြစ်တာပဲတော်သေးတယ်။ ငါ့လူတချို့လွတ်အောင် ပြေးနိုင်မှာပါ.. ငါတို့ ကြာကြာနားလို့မဖြစ်ဘူး.. ဆက်သွားရအောင်… ဟိုးရှေ့ဆို မုတိုင်းပြည်နယ်နိမိတ်ကလွတ်ပြီ..”
 

ကီလာတိုင်က အပြောမခံပဲ စကားလွှဲလိုက်သည်။ ပြီးတော့ မိမိသက်တော်စောင့်များ၏ အစွမ်းကိုယုံကြည့်တာလည်းပါသည်။

ကီလာတိုင်၏စကားကြောင့် ဆူမီရာ သတိဝင်လာသည်။ ဟီဒယ်တို့တိုင်းပြည်၏ နယ်နိမိတ်ကိုတွေ့တော့ အားတက်သွားခဲ့သည်။

 

“အင်း..အဲ့ဒါလျံတိုင်းပြည်ပဲ.. ငါ့ရဲ့သူငယ်ချင်းရှိတယ်..မင်းသမီးဟီဒယ်နဲ့မင်းကို မိတ်ဆက်ပေးခွင့်ရပြီပေါ့… ”

 

ဆူမီရာသည် မြို့ပြင်တွင် အမှာပါးပြီး စောင့်နေစဉ် ဟီဒယ်အူယားဖားယားရောက်လာခဲ့သည်။


“ဆူမီရာ.. နင်ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ…”

 

“ဟီဒယ်.. ဇာတ်လမ်းကအရှည်ကြီးပဲ.. နင် ငါတို့ကိုဝှက်ထားပေးစမ်းပါ… ငါရောက်နေတာ နောင်တော်ထန်လိုခိသိလို့ မဖြစ်ဘူး..”
 

ဆူမီရာသည် သူငယ်ချင်းကိုဖက်ကာ ပြောလိုက်သည်။ သေဘေးမှလွတ်ပြီးသူငယ်ချင်းကို ဖက်လိုက်ရတာ ဘယ်လောက်အားရှိ လိုက်သည်ကို မပြောပြနိုင်အောင်ပင်။ သို့သော် အေ၇းကြီးသည့်အချက်ကို အရင်မှာရသေးသည်။

 

“ဘာဖြစ်လို့လဲ..နင်ဘာတွေလုပ်ထားလို့လဲ..”
 

“မလုပ်ပါဘူး။ ငါက နောင်တော် တင်ဂီရိမသိအောင် တိတ်တိတ်လေး ခိုးထွက်လာလို့..”

 

“ဟဲ့.. နင်က အစ်ကိုတော်မသိအောင် ဘာလို့လာတာတုန်း။ နေဦး.. ဟို ချောချောနဲ့ကောင်လေးက ဘယ်သူတုန်း…”
 

ဟီဒယ်က ဆူမီရာကို ပျာပျာသလဲမေးလိုက်သည်။ အကိုတော် တင်ဂီရိနှင့်ပြန်သွားတာမှ တစ်လမရှိသေး။ အခြား ကောင်းလေးတစ်ယောက်နှင့် တိတ်တိတ်လေးရောက်လာသည့် သူငယ်ချင်းကို မေးရသည်။

 

“သူက ငါ့သူငယ်ချင်း ကီလာတိုင်တဲ့။ ခမည်းတော်ရဲ့မိတ်ဆွေ ပန်မင်းကြီးရဲ့သားတော်.. သူ့နာမည်က ကီလာတိုင်….. ကီလာတိုင်… သူက ငါပြောတဲ့ ငါ့အချစ်ဆုံး သူငယ်ချင်း ဟီဒယ်…လျံတိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသမီး..”
 

ကီလာတိုင်က မင်းသမီးဟီဒယ်ကို ရည်မွန်စွာနူတ်ဆက်လိုက်သည်။ ဆူမီရာ၏ အချစ်ဆုံးသုငယ်ချင်းမလေးကို အကဲခတ်ကြည့်နေလိုက်သည်။ သူမလေးက ကြားထားဖူးသည့်အတိုင်း ထက်မြက်မည့်ပုံပေါ်သည်။

 

“တွေ့ရတာ ၀မ်းသာပါတယ် သမီးတော်..”

“ကျွန်မကို ဟီဒယ်လို့ပဲခေါ်ပါ… အရှင့်သား.”
 

ဟီဒယ်ကလည်း ရုပ်ရည်ချောမောသည့် မင်းသားကို သွက်လက်စွာတုန့်ပြန်လိုက်သည်။ ဒီမင်းသား၏ မျက်ဝန်းများက တောက်ပကာ ရုပ်ရည်က နံနက်ခင်းမိုးသောက်ချိန်လိုပင် မြင်ရသူကို လန်းဆန်းတက်ကြွစေသည်။ သူ့ရုပ်ရည်ကိုကြည့်ရတာ သာမန်မင်းသားမဖြစ်နိုင်ဟုတွက်လိုက်မိသည်။ နောင်တချိန်တွင် အထွပ်အထိပ်ရောက်မည့်ဥပတိရုပ်မှန်း အလိုလိုခံစားမိ နေသည်။

 

“ဒါဆို ကျွန်တော့်ကိုလည်း ကီလာတိုင်လို့ပဲ ခေါ်ပေးပါ။ ကျွန်တော်က ဆူမီရာနဲ့ရွယ်တူပါပဲ။ ဆူမီရာလို ခင်ခင်မင်မင်ပြောဆိုနိုင်ပါတယ်…”

 

ကီလာတိုင်လည်း ဟီဒယ်ကို သွက်လက်ရည်မွန်စွာပြန်ပြောလိုက်သဖြင့် ဟီဒယ် သူ၏ ပါးနပ်မှုကိုအမှတ်ပေးလိုက်သည်။

-----------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet