စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (42)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (42)

 

တင်ဂီရိသည် တိုက်ပွဲတစ်ခုလုံးကိုကြီးကြပ်ပြီးနောက် ရုမာသီ၊ ချူလူလူအပါအ၀င် စစ်ကဲများ၏ တိုက်ရည်ခိုက်ရည်နှင့် အောင်မြင်မှုကို ကျေနပ်နေသည်။ ရှေ့တန်းကို တမင်ပင် ချူလူလူနှင့်ရုမာသီကို ဦးဆောင်တိုက်ခိုင်းပြီးနောက်ကွယ်မှ လိုအပ်သည်ကိုပံ့ပိုးပေးခိုင်းထားခြင်းဖြင့် လူငယ်များ၏ လုပ်ရည်ကိုင်ရည်ကိုပိုမို ထင်ရှားလာစေသည်။ ပြီးတော့ သူတို့ကိုယ်ကိုယ် ယုံကြည်မှုတိုးပွားလာစေသည်။ ယခု စစ်မှုးချုပ် နှင့်အခြားစစ်ကဲများ လာရောက်အစီရင်ခံကြသည်ကို တည်ငြိမ်စွာနားထောင်နေသည်။ စစ်မှုးချုပ်က မင်းသားတင်ဂီရိကို အရင်အစီရင်ခံသည်ကို နားထောင်ပြီး မေးလိုက်သည်။

 

“အရှင်… ကျွန်တော်မျိုးတို့ ကျွန်းနေလူမျိုးစုကို အောင်မြင်အောင် တိုက်ထုတ်ခဲ့ပါပြီ။”
 

“ရုမာသီနဲ့ ချူလူလူကော ဘေးကင်းရဲ့လား”
 

“ဘေးကင်းပါတယ် အရှင်။ မင်းသား ချူလူလူက တကယ့်ကိုရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့အပြင် ဖြတ်ထိုးဥာဏ်လေး ကောင်းပါတယ်။ အခုလည်း မင်းသားချူလူလူရဲ့အကြံကြောင့် ၀ိဇယပြည်ရဲ့ ဘိုးတော်မင်းတရားကြီးကို တန်ဆာခံလုပ်မယ့် မင်းသမီးမုယောနဲ့ သူ့ချစ်သူ ဓါးပြခေါင်းဆောင်ကို အရှင်မိထားပါပြီ။ ”
 

“ကောင်းပြီ။ ရုမာသီနဲ့ချူလူလူကိုခေါ်လိုက်…”
 

တင်ဂီရိ သည်တပ်မှုးချုပ်ကြီးနှင့်အခြားတပ်မှုးများကို ချီးကျူးစကားပြောပြီးနောက် ချူလူလူနှင့် ရုမာသိကိုခေါ်ရန် အမိန့်ပေးလိုက်သည်။ သူတို့က ၀ိဇယမြို့ပြနိုင်ငံထဲမှာ ဒဏ်ရာရပြည်သူများကို ဖေးမသည့် အဖွဲ့တွင်ကြီးကြပ်ကွပ်ကဲ နေရာမှ တင်ဂီရိအခေါ်လွှတ်သဖြင့် ချက်ချင်းလိုက်လာကြသည်။

 

“ကျွန်တော် ရောက်လာပါပြီ အရှင့်သား…”
 

“ရုမာသီ အခု မင်းတို့တိုင်းပြည်ဘေးကင်းသွားပြီ။ မင်း ငါ့ကိုပေးထားတဲ့ ကတိကို အကောင်အထည်ဖော်ပါ..”

 

တင်ဂီရိသည် ရုမာသီမင်းသားကို ကတိတည်ရန် သတိပေးလိုက်သည်။ ရုမာသီက မဆိုင်းမတွပင် အရိုအသေပြုကာ ချက်ချင်းပြန်လည်လျှောက်တင်လိုက်သည်။ ထီးနန်းဆိုသည့်အရာကို ရုမာသီစိတ်မ၀င်စားပါ။ မိမိလူမျိုးနဲ့တိုင်းပြည် လူနေမှုအဆင့်အတန်းနှင့်စီးပွားရေးမြှင့်လာဖို့အရေးကြီးသည်ဖြစ်လို့ အာနန်မင်းသားကို အသာတကြည်ထီးနန်းလွှဲဖို့ကို မည်သို့မှ မခံစားရခြင်းဖြစ်သည်။
 

“ကျွန်တော် မနက်ဖြန် ညီလာခံကျင်းပပြီး အရှင့်သားကို ထီးနန်းအပ်နှင်းပါ့မယ်..”
 

“မဟုတ်ဘူး။ မင်းရဲ့တိုင်းပြည်မှ မင်းပဲ အုပ်ချုပ်ပါ။ မင်းက ငါတို့ အာနန်ပြည်ကို သစ္စာခံကြောင့် နောက်လမှ လက်ဆောင် ပဏ္ဏာနဲ့အခစားဝင်ပါ။ အခု ချူလူလူက ငါ့ကိုယ်စား မင်းတို့ဆီမှာကိုယ်စားလှယ်အဖြစ်ကျန်နေရစ်ခဲ့လိမ့်မယ်… ”
 

တင်ဂီရိသည် ရုမာသီ၏ မျက်နှာထားနှင့်လေသံကို အကဲခတ်နေသဖြင့် ရုမာသီ၏တင်လျှောက်ပုံမှတဆင့် သူ၏ကတိတည်ခြင်း၊ သစ္စာရှိခြင်းကို ထိုးထွင်းသိလိုက်ကာ ကျေနပ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ ၀ိဇယသည် ယခင်ကတည်းက ကတိတည်ကြည်ခြင်းကြောင့် နာမည်ကျော်သည့်အတိုင်း ရုမာသီလည်း ၀ိဇယမင်းသားပီသပေသည်ဟု အသိမှတ်ပြု လိုက်သည်။ အရှေ့ဘက်ပင်လယ်တွင် ကျွန်းနေဓါးပြမျိုးနွယ်စုများကို နှိမ်နှင်းရသည့် ရည်၇ွယ်ချက်ကလည်း အာနန်ပြည်၏ ကုန်သွယ်ရေးဖွံ့ဖြို့စေဖို့ဖြစ်ပြီး အရှေ့ပိုင်းနိုင်ငံများကို ရောင်းကောင်းရောင်းဝယ်ဖြင့် အသက်မွေးစေချင်သည့် အတွက် ဖြစ်သည်။ ဒါကြောင့် ၀ိဇယပြည်က မိမိတို့ကို သစ္စာရှိလျှင်ရပြီ။ သူတို့တိုင်းပြည်ကို ရုမာသီအုပ်ချုပ်တာ အကောင်းဆုံး ဖြစ်သည်ဟု ခမည်းတော်နှင့် မိမိက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဒါကြောင့် ရုမာသီကိုပေးရန် ယေစုကိုင်းက အာနန်ပြည်၏ အမှတ်တံဆိပ်ခတ်နှိပ်ထားသည့် စာလွှာဖြင့် ၀ိဇယပြည်၏ ထီးနန်းကို ဆက်ခံရန် အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။ တင်ဂီရိသည် ထိုအမိန့်စာလွှာကိုကမ်းပေးလိုက်စဉ် ရုမာသီက ဒူးထောက်ကာ လက်ခံယူပြီး နဖူးနှင့်ကြမ်းပြင်ထိအောင် အရိုအသေပေးလိုက်သည်။

 

“အမိန့်အတိုင်းပါ အရှင့်သား…”

 

တင်ဂီရိသည် ချူလူလူဘက်ကိုလှည့်ကာ မိမိပေးအပ်သည့် တာဝန်ကို တစ်လက်စတည်းပြောလိုက်သည်။

 

“ချူလူလူ ငါပေးတဲ့ တာဝန်ကို မင်းထမ်းဆောင်နိုင်မလား.. မင်းက အာနန်ပြည်ရဲ့ တရားဝင် စစ်သံမှုးပဲ။ ၀ိဇယပြည် တိုးတက်လာအောင် လိုအပ်တဲ့အကူညီအားလုံးပေးရမယ်။ ပြီးရင် မင်းရဲ့ဖိုးဖိုးလည်း မင်းကို မကြာခဏလာကြည့်လိမ့်မယ်..”
 

“ကျွန်တော် နောင်တော်ပေးတဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါ့မယ် နောင်တော်…”
 

ချူလူလူ၏ မျက်ဝန်းများတောက်ပလာခဲ့သည်။ မိမိ အမြဲတမ်း နောက်လိုက်ဘ၀ဖြင့် နေရာပေးမခံရပဲနေခဲ့ရာမှ နောင်တော် တင်ဂီရိ လေ့ကျင့်ပေးမှုကြောင့် လက်တွေ့တိုက်ပွဲလည်းဝင်ဖူးပြီ။ ပြီးတော့ ယခုလို စစ်သံမှုးနေရာကိုလည်းပေးသဖြင့် ၀မ်းမြောက်စိတ်က ခြေဆုံးခေါင်းဆုံးပြန့်နှံသွားတော့သည်။ ဒါကြောင့် ချက်ချင်းပင်း နောင်တော်တင်ဂီရိကို စိတ်အား ထက်သန်စွာဖြင့် ကတိပြုလိုက်သည်။ မယ်မယ်နှင့် ဖိုးဖိုးကို မိမိ၏ လုပ်ရည်ကိုင်ရည်ဖြင့် ဂုဏ်ယူရအောင်လုပ်မည်ဟုလည်း ဆုံးဖြတ်ထားသည်။

 

“ကောင်းပြီ… ခုချိန်ကစပြီး ရုမာသီက ၀ိဇယပြည်ရဲ့ ဘုရင်ဖြစ်ပြီး ချူလူလူက အာနန်ပြည်ရဲ့သံတမန်ဖြစ်တယ်… ”

 

တင်ဂီရိသည် ပင်လယ်မျိုးနွယ်ခေါင်းဆောင်နှင့် တိုင်ပင်ပြီးနောက် ရေတပ်တစ်တပ်ကိုချန်ထားပြီး ကျန်သည့်ရေတပ်အားလုံးကို ကျွန်းအကြိုအကြားကို လိုက်လံရှင်းလင်းရေးလုပ်ငန်းကို လွှဲထားကာ အာနန်ပြည်ကိုပြန်လာခဲ့သည်။ တကယ်တော့ ခမည်းတော်ကို ၀င်တွေ့ပြီး ငွေတောင်ပြည်ကို ခရီးဆက်မည်ဖြစ်သည်။ ထန်လိုခိပို့လိုက်သည့် စာလွှာက တင်ဂီရိကို ပြန်ခေါ်နေသည်။

 

အပြန်ခရီးတွင် တင်ဂီရိသည် ဆူမီရာအတွက် စိတ်မအေးနိုင်အောင်ဖြစ်နေမိသည်။ ဒီကောင်လေး ရိုးသားလွန်းသည့်အချက်က ရန်သူ၏ပြစ်မှတ်ဖြစ်သွားမည် မထင်ခဲ့ပေ။ မိမိထင်တာက ငွေတောင်ပြည်မှာဆိုလျှင် ဆူမီရာ ဘေးကင်းမည်ထင်ထားခဲ့သည်။ ၇န်သူအင်အားကို မိမိလျှော့တွက်ထားပုံရသည်။ ယခု မိမိကမြောက်ပိုင်းကို ရန်မစသော်လည်း မြောက်ပိုင်းကရန်သူက ငွေတောင်ပြည်အထိရောက်ရှိခဲ့ရုံမျှမက မိမိနှလုံးသည်းပွတ်ကိုပင် ခိုးယူသွားခဲ့လေပြီ။ တင်ဂီရိသည် စားပွဲကို လက်သီးဆုပ်ဖြင့် ထုကာ အခန်းထဲ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ပြီး လှောင်ချိုင့်ထဲက ခြင်္သေ့လို ယောက်ယတ်ခတ် နေသည်။ ရည်းစားလူလု အူနုကျွဲခတ်သည် အတော့်ခံရဆိုးသည့် ဝေဒနာပါလား ဟု အံကြိတ်ကာ ညည်းမိသည်။
 

“ဆူမီရာ မင်းဘာတွေလုပ်နေတာလဲကွာ… မင်းနဲ့အတူရှိတဲ့သူက ဘယ်သူဆိုတာ မင်းသိရဲ့လား…”
 

“အရှင့်သား… ငွေတောင်ပြည်က အထောက်တော်တွေဆီက သတင်းရောက်လာပါပြီ…”

 

ရဲမတ်ဆီက စာချွန်လွှာကို ချက်ချင်းယူကြည့်လိုက်ပြီး ဆူမီရာပါသွားရသည့် အကြောင်းရင်းကို သိကာ လူသတ်ချင်စိတ်တို့ ထိန်းမရအောင်ပေါ်လာခဲ့သည်။ ငွေတောင်ပြည် မင်းမိဖုရားက အကြပ်ကိုင်ခံရပြီး ဆူမီရာကို ထည့်လိုက်ရသည်ကိုး။ နန်ကျောင်ပြည်က လုပ်သင့်တာထက်ကို ကျော်လွန်လာခဲ့လေပြီ။ မယ်တော့်ကို သိမ်းပိုက်ထားသည့်ရန်ငြိုးဟောင်းကို မ၇ှင်းလင်းရသေးခင် ရန်ငြိုးသစ်ကို အစပျိုးနေပြီ။ ဒီတိုက်ပွဲကို မိမိတို့စတင်ချိန်ရောက်လာလေပြီ။

 

တင်ဂီရိသည် သဘောင်္ဆိုက်သည်နှင့် ခမည်းတော်ထံ အခစားဝင်ပြီး စာပို့ခိုမှ သတင်းကိုပြကာ တစ်ခါတည်း စစ်ချီခွင့် တောင်းတော့သည်။
 

“ခမည်းတော်ဘုရား.. သားတော်အနောက်ပိုင်းနယ်မြေကို တရားဝင်စုစည်းပါရစေတော့…ပြီးရင် မြောက်ပိုင်းကို

ကျွန်တော်စစ်ကြေငြာတော့မယ် ခမည်းတော်..”
 

“သူုတို့လှုပ်ရှားနေပြီလား သားတော်…”

 

“ဟုတ်ကဲ့။ အခု ကျွန်တော့်လူတွေကို ချုပ်ကိုင်ပြီး လီတိုင်းပြည်နဲ့ မုတိုင်းပြည်ရေးကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်နေပါပြီ.. ဒါ့အပြင် လျံနဲ့ထန် တိုင်းပြည်ကိုလည်း ရန်တိုက်ပေးနေပါတယ် ခမည်းတော်..”

 

ယေစုကိုင်းသည် သားတော်၏တင်လျှောက်စကားကိုကြားသော် အဖြစ်ပျက်အားလုံးကို ချုံငုံသုံးသပ်ပြီး မေးလိုက်သည်။

 

“ဗော်ချူး အသတ်ခံရတဲ့အကြောင်းရင်းကို သိရပြီလား..”
 

“လီတိုင်းပြည်ရဲ့တူတော် မင်းသားရှောင်ဖုန်း လက်ချက်ပါ ခမည်းတော်ဘုရား။ သူက မြောက်ပိုင်းနန်ကျောင်ပြည်ကို တိတ်တဆိတ်သြဇာခံလိုက်ပြီး စစ်မှုးကြီးဗော်ချူးကို လုပ်ကြံလိုက်တာပါ ခမည်းတော်ဘုရား…”

 

“ဒီအတွက် တရားမျှတမှုကိုရအောင်ယူခဲ့ပါ သားတော်။ လီမင်းကြီးကို အမှန်တရားကို လျစ်လျူရှုထားတဲ့အတွက် နောင်ကျဉ်အောင် သတိပေးခဲ့ပါ။ ရှောင်ဖုန်းကို ထိုက်တန်တဲ့ အပြစ်ကိုပေးဆပ်ပါစေ။ အခု အနောက်ပိုင်းကို စုစည်းဖို့ အချိန်ကျပြီသားတော်…”

 

ယေစုကိုင်းသည် သားတော်ကို စစ်ချီရန်အတွက် အနောက်ပိုင်းတိုင်းပြည်များကို တရားဝင်စုစည်းခွင့်ပြုလိုက်သည်။ ဟော်သွန်းကို ပြန်လည်ခေါ်ဆောင်ဖို့ အချိန်ကျလေပြီ။ တရားမျှတမှုအတွက် စစ်ကို စတင်ရတော့မည်ဖြစ်လို့ မရှောင်လွဲနိုင်သော အသက်များစွာသေကျေပျက်စီးရမည်ကိုတော့ စိတ်မကောင်းပါ။ သို့ပေမယ့် မတရားမှုလွှမ်းသွားလျှင် တိုင်းပြည်အများစုမှ သားစဉ်မြေးဆက် အညွှန့်တုံးရပေတော့မည်။ ဒါကြောင့် တဆယ့် ခုနှစ်နှစ်ကြာပြီးနောက် ဟော်သွန်းကို ပြန်လည်ခေါ်ဆောင်ရန် နန်ကျောင်ပြည်ကို စစ်ခင်းရတော့မည်။

 

ကီလာတိုင်သည် လျံနန်းတော်မှ ထွက်လာပြီး မြင်းအမောပြေရန် ခဏနားနေစဉ် ချီတုံချတုံဖြစ်နေပြီးနောက်ဆုံး ဆူမီရာကို စကားစလိုက်သည်။ အမှန်တရားကို ဖုံးကွယ်မထားချင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် ဆူမီရာကို မိမိတကယ့်ကို ခင်မင်သွားမိပြီးဖြစ်လို့ ဖုံးကွယ်မှုမထားချင်တော့ပါ။ သူငယ်ချင်းဆိုတာ နှလုံသားချင်းဖုံးကွယ်မှုမရှိပဲ ရိုးသားရမည်ဟု ကီလာတိုင် ယူဆသည်။  
 

“ဆူမီရာ… မင်းကိုငါပြောစရာရှိတယ်…”
 

“ပြောလေ…”

 

ဆူမီရာသည် ချွေးသုတ်လိုက်ပြီး ကီလာတိုင်ကို ကြည့်ကာပြောလိုက်သည်။ ကီလာတိုင်၏ မျက်နှာက အနည်းငယ်ဖြူဖျော့ကာ တွေဝေနေဟန်ပေါ်သဖြင့် ဆူမီရာ အံ့အားသင့်ကာကြည့်လိုက်သည်။ ဒီကောင်လေး မိမိတွေ့စနှင်မတူပဲ ပိုပိုပျော့ပြောင်းလာ သည်ဟု ဆူမီရာထင်မိသည်။ ပိုပြီး ခင်စရာလည်းကောင်းလာသည်။
 

“ငါပြောရင် မင်းင့ါကိုမုန်းသွားမှာလား..”
 

“မင်းက ငါမုန်းရအောင် ဘာမှလုပ်မထားတဲ့ဟာ။ ငါဘာကြောင့် မင်းကိုမုန်းရမှာလဲ…”

 

အခုလည်း ကလေးလေးလိုလုပ်ကာ ပြောရမည့်အရေး တွန့်ဆုတ်နေသည့်ပုံက တွေ့စက တကယ့်ကိုဖူးဖူးမှုတ်ခံရပြီး ဆိုးသွမ်းသည့် ဂျစ်ကန်ကန် မင်းသားလေးက သူမဟုတ်သလိုပင်။ဒါကြောင့် ဆူုမီရာ သူ့ကိုတိုက်တွန်းလိုက်သည်။

ကီလာတိုင်က မျက်လုံးမှိတ်ကာ အားတင်းပြီး အမှန်တိုင်းပြောချလိုက်သည်။ ဆူမီရာ၏ မျက်နှာကိုမကြည့်ရဲပဲ အကြည့်လွှဲထားလိုက်သည်။
 

“ငါက ပန်တိုင်းပြည်က မင်းသားမဟုတ်ဘူး။ မင်းကို ငါလိမ်ထားတာ.. ”
 

“အင်း ငါသိတယ်။ ”
 

“ဟင် မင်းသိတာကြာပြီလား။ ငါ့ကို စိတ်မဆိုးဘူးလား။”

 

သို့သော် ဆူမီရာထံမှ အသံအကျယ်ကြီးနှင့်အပြစ်တင်သံကို မကြားရပဲ အေးအေးဆေးဆေးပြောသည့် လေသံကိုကြား သောအခါမှ ကီလာတိုင် စိတ်သက်သာသွားပြီး ဆူမီရာကို ကြည့်ကာ မေးလိုက်သည်။ ဆူမီရာ၏ မျက်လုံးက ယခင်လို ဘာမှမထူးခြားသည်ကိုတွေ့မှ ကီလာတိုင် စိတ်အေးသွားခဲ့သည်။

 

ဆူမီရာသည် ကီလာတိုင်ကို ပြုံးကြည့်ကာ အမှန်တိုင်းပြောခဲ့သည်။ ဒီကောင် မိမိစိတ်ဆိုးမည်ကို လန့်နေပုံက ချစ်စရာကောင်းလှချည်လားဟု တွေးနေမိသည်။
 

“ဟီဒယ်တို့နန်းတော်ထဲ မင်းမေ့လဲသွားတဲ့အချိန် မင်းယောင်နေခဲ့တယ်။ မင်း ဘယ်သူဆိုတာ ငါသိသွားခဲ့တာပဲ။ ပြီးတော့ မင်း ဘယ်သူဆိုတာ ငါ့ကို မပြောရုံနဲ့မင်းကို ငါစိတ်ဆိုးစရာမှမရှိတာ..သူငယ်ချင်းတွေဆိုတာ အသေးဖွဲလေးနဲ့ စိတ်ဆိုးရမယ့်သူ မဟုတ်ဘူး။ ပြီးတော့ မင်းငါ့ကို နာမည်မှန်မပြောတာကလည်း မင်းအကြောင်းနဲ့မင်းရှိမယ်ဆိုတာ ငါနားလည်ပါတယ်.. ”
 

“ဆူမီရာ… ကျေးဇူးတင်ပါတယ် ။ ငါ့ကို သူငယ်ချင်းအဖြစ် ဆက်ပြီးလက်ခံပေးလို့။ ”

 

ကီလာတိုင်သည် ကျေးဇူးတင်လွန်းသဖြင့် ဆူမီရာကို ပြေးဖက်ပြီး စိတ်မှ လှိုက်လှဲသည့် စကားဖြင့်ပြောလိုက်မိသည်။ ထိုစဉ် အဝေးမှ မြင်းခွာသံကြားသဖြင့် ဆူမီရာထိတ်ပျာသွားခဲ့သည်။ မိမိကိုပြန်ခေါ်ရန် နောင်တော် ထန်လိုခိလိုက်လာပြီးဟုထင်ပြီး လန့်သွားခဲ့သည်။ နောင်တော်သိလျှင် နောင်တော်တင်ဂီရိသိမှာသေချာသည်။ ဆူမီရာ လက်ဖျားများအေးသွားသည်အထိ လန့်သွားမိသည်။
 

“နေဦး မြင်းခွာသံတွေကြားနေရတယ်… ကီလာတိုင်…ငါတို့ပုန်းနေရအောင်.. နောင်တော် ထန်လိုခိလိုက်လာတာ ထင်တယ်…”
 

နှစ်ယောက်သား လျှိုထဲအမြန်ဝင်ပုန်းပြီး မြင်းများကိုပါ အသံမထွက်အောင်ထိန်းထားလိုက်သည်။ မိမိတို့ ခဏထိုင် နားသည့် အနားတွင် နောင်တော် ထန်လိုခိတို့ အုပ်စုရပ်သွားပြီး မကြာခင် နောင်တော့်အသံကိုကြားလိုက်တော့သည်။ ဆူမီရာ မျက်နှာရှုံ့ကာ တိတ်တိတ်လေးနားထောင်နေမိသည်။

 

“ဆူမီရာ… ဆူမီရာ… မင်းပုန်းမနေနဲ့။ ထွက်လာပါ။ နောင်တော် တင်ဂီရိဆီက မင်းအတွက် စာလွှာပါတယ်… ”
 

“ဘယ်လိုလုပ်မလဲ ဆူမီရာ… မင်း ထွက်တွေ့လိုက်မလား.”
 

“ဘယ်ဖြစ်မလဲ။ နောင်တော် သိသွားပြီ ဆိုရင် သေချာပေါက် နောင်တော်ထိန်လိုခိက ငါ့ကို ပြန်လာခေါ်တာပဲ။ ငါတို့ ပုန်းနေမယ်… ခဏနေ သူတို့ထွက်သွားလိမ့်မယ်…”
 

ကီလာတိုင်က အေးစက်နေသော ဆူမီရာ၏ လက်ကိုဆုပ်ကိုင်ကာမေးလိုက်သည်။ ဆူမီရာ ချက်ချင်းငြင်းလိုက်သည်။ မဖြစ်သေးပါ။ ကီလာတိုင်ကို သူ့လူများလက်ပြန်ပို့ပေးပြိးမှ အတွေ့ခံမည်ဟု ဆုံးဖြတ်ထားသည်။ နောင်တော် ထန်လိုခိက မိမိကို ပြန်ခေါ်ရုံသာမက ကီလာတိုင်ကို တခုခုလုပ်မည်ဟု စိတ်ထဲထင်နေသည်ကို ကီလာတိုင်ကို မပြောပြလိုက်ပါ။ ဘာကြောင့်ရယ်မသိတော့။ နောင်တော်ထန်လိုခိကို စိတ်ထဲ ရက်စက်သူဟု ထင်မြင်စပြုနေမိသည်ကိုလည်း ကီလာတိုင်ကို မသိစေချင်ပါ။

 

“အရှင့်သား… သူတို့ မြောက်ပိုင်းကို ခရီးဆက်ပြီထင်တယ်… ”
 

“အားလုံးမြောက်ဘက်ကို ဆက်လိုက်မယ်… မင်းသားဆူမီရာနဲ့ အခြားတစ်ယောက်ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် မိအောင်ဖမ်းရမယ်.. မိတဲ့သူကို တပ်မှုးရာထူးတန်းတိုးပေးမယ်…”

 

လျံတပ်မှုးတစ်ဦးက မင်းသားထန်လိုခိကိုလျှောက်တင်လိုက်သည်။ ထန်လိုခိသည် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြိးနောက် အမိန့်ပေးလိုက်သည်။ အားလုံး မြောက်ပိုင်းကို ဆက်လက်ဒုန်းစို်င်းထွက်ခွာသွားကြတော့သည်။

 

အတော်ကြာမှ ဆူမီရာတို့ ပုန်းနေရာမှထွက်လာကြသည်။ ဆူမီရာသည် မိမိကိုဖမ်းမိရန် အသည်းအသန်ကြိုးစားနေသည့် နောင်တော့်အကြောင်းကိုတွေးကာ စိတ်မကောင်းဖြစ်လာသည်။ အရင်က ကျောင်းတော်တွင် ခင်မင်ဖူးသူမဟုတ်သည့်အလား နောင်တော်က မိမိကိုတောနင်းရှာနေသည်။ ဆုလာဘ်နှင့်မျြှားပြီး ၀ိုင်းဖမ်းရန်လုပ်ဆောင်နေသည်။ နောင်တော်ထန်လိုခိ၏ ပင်ကိုယ်စိတ်ရင်းတွေပဲလားဟု တွေးကာ သက်ပြင်းရှိုက်မိသည်။

 

ကီလာတိုင်သည် ဆူမီရာမျက်နှာမကောင်းသဖြင့် ငြိမ်နေပြီးမှာ တိုးတိုးလေးမေးလိုက်သည်။ မိမိကြောင့် ဆူမီရာလည်း အရှာဖွေခံရနေသည် မဟုတ်လား။

 

“ဘယ်လိုလုပ်မလဲ… ဆူမီရာ…”

 

“မင်းရဲ့လူတွေကို ပြန်ဆက်သွယ်လို့ရတဲ့နေရာအထိ မင်းကိုလိုက်ပို့မယ်။ မင်းကို သူတို့ဖမ်းမိသွားလို့မဖြစ်ဘူး။ နောင်တော်ထန်လိုခိက မင်းကို နောင်တော်တင်ဂီရိလက်ထဲအပ်ဖို့များတယ်။ ”

 

ဆူမီရာက စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ကီလာတိုင်ကို ပြန်ဖြေလိုက်သည်။ ဆူမီရာ၏စကားကိုကြားသော် ကီလာတိုင် တွေငေးကာကြည့်ရင်း တလုံးချင်းမေးလိုက်သည်။ သူ့မျက်နာက ထူးဆန်းသည့်အရိပ်ထင်ဟပ်နေသည်။
 

“မင်း ငါဘယ်သူဆိုတာ သိနေတာလား။”

 

“အင်း… မင်းက ယွမ်ချူးခန်ပဲ။ နန်ကျောင်ပြည်ရဲ့ အိမ်ရှေ့မင်းသား ယွမ်ချူးခန်။ နောင်တော်တင်ဂီရိ မင်းကို တွေ့ရင် ကောင်းတာထက် ဆိုးတာပဲဖြစ်သွားလိမ့်မယ်။ မင်းလူတွေကို အမြန်ခေါ်လိုက်ပါ…”

 

ဆူမီရာက သက်ပြင်းရှိုက်ကာဖြေလိုက်သည်။ နောင်တော် မကြိုက်သည်ကို တည့်တည့်ကြီးလုပ်မိပြီးမှ စိတ်ဆိုးမည်ကို တွေးပြီး စိတ်မသက်မသာတော့ဖြစ်မိသည်။ အတိတ်တဘောင်ကိုကြားဖူးထားလျက်နှင့် တမင်ကိုလာပတ်သတ်သည်ဟု နောင်တော် အထင်မှားလေမလားဟုလည်း စိုးရိမ်မိသည်။ ကီလာတိုင်သည် ဆူမီရာ၏ မျက်နှာညိုးနေသည်ကိုတွေ့တော့ ပြတ်သားစွာ ပြောလိုက်သည်။
 

“ငါ့လူတွေနဲ့တွေ့ဖို့ချိန်းထားတာ မိုးမျှော်တောင်ခြေမှာပဲ.. မင်း လိုက်မလာနဲ့တော့… င့ါဖာသာပဲသွားတော့မယ်…”
 

ထိုစဉ် မိမိတို့ကိုဝန်းရံထားသည့် လျံမြင်းတပ်သားများပေါ်လာခဲ့သည်။ နောင်တော် ထန်လိုခိ မိမိတို့ထွက်လာအောင် တမင်အယောင်ပြကာ ထွက်သွားသည်ကို နားလည်လိုက်သည်။

 

“ဆူမီရာ… မင်းဒီမှာပုန်းနေတယ်လို့ငါထင်တာ မှန်နေတာပဲ.. မင်းတို့နှစ်ယောက်လုံး ငါနဲ့ပြန်လိုက်ခဲ့ပါ.”
 

“နောင်တော်…. သူ့ကိုသွားခိုင်းလိုက်ပါ။ ကျွန်တော် နောင်တော်နဲ့ပြန်လိုက်ခဲ့မယ်..”
 

“မဖြစ်ဘူး။ ငါတို့ကို နောင်တော်တင်ဂီရိက မင်းဘေးက မင်းသားလေးကိုပါ ခေါ်ခဲ့ဖို့အမိန့်ပေးထားတယ်။ သူ့ကိုပါ အပါခေါ်ရလိမ့်မယ်။ အားလုံး ၀ိုင်းထားစမ်း… ”

 

ဆူမီရာသည် နောင်တော်ထန်လိုခိကို တောင်းပန်သော်လည်း နောင်တော်က တင်းမာစွာပြောသဖြင့် ဆူမီရာ အခြားနည်းမရှိ တော့သဖြင့် ကီလာတိုင်ကို အကြံဖန်လုပ်ရန် ချက်ချင်းတိုးတိုးပြောလိုက်သည်။


“ဖောက်ထွက်မယ် ကီလာတိုင်…မီးခိုးငွေ့ကိုသုံး…”

 

ကီလာတိုင်သည် ဆူမီရာပြောသည်ကို သဘောပေါက်စွာဖြင့် မီးခိုးငွေ့ထွက်စေသည့် ဗျောက်များကို ပစ်ဖောက်ကာ အော်လိုက်သည်။
 

“မြောက်ပိုင်း အဆိပ်ငွေ့ကိုရှုပြီး သေကြစမ်း။”
 

“ဖျောက်…ဖျောက်…. ၀ုန်း…၀ုန်း…”
 

“အဟွတ်…အဟွတ်… ”
 

လျံတပ်သားများအားလုံး မြောက်ပိုင်းအဆိပ်ဟူသော အသံကိုကြားသည်နှင့် အထိတ်တလန့်ဖြင့် နောက်ကို အလုယက်ဆုတ်သွားကြသည်။ မည်သူမှ မသေချင်ကြသေးပါ။ ဒါကြောင့် ထန်လိုခိ၏ ၀ိုင်းထားသည့်တပ်က အနေထားပျက်ကာ ဟာကွက်ပေါ်လာတော့သည်။ ဆူမီရာနှင့်ကီလာတိုင်က ထိုနေရာမှ အခွင့်ကောင်းယူကာထိုးဖောက်သွားတော့သည်။ ကံကောင်းသည့်အချက်က ဟီဒယ်က အကောင်းဆုံးမြင်ကို ပေးလိုက်သဖြင့် အလွယ်တက်ူကျော်လွှားသွားနိုင်ခြင်းဖြစ်သည်။

 

“အဆိပ်ငွေ့နဲ့ပစ်ဖောက်ပြီကွ.။ နောက်ဆုတ်..နောက်ဆုတ်…”

 

ထန်လိုခိသည် ဆူမီရာ၏စိတ်ထားကိုသိသူပီပီ ခြောက်လှန့်သည်ကိုသိကာ ချက်ချင်းအော်ပြောလိုက်သည်။
 

“တောက်… ဘာအဆိပ်ငွေ့မှ မဟုတ်ဘူး။ မီးခုံးသက်သက်ပဲ လိုက်ကြစမ်း…”
 

သို့သော် ဆူမီရာနှင့်ကီလာတိုင်က လွတ်ထွက်သွားခဲ့လေပြီ။

 

-----------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet