စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (59)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

 

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (59)

 

ဟော်သွန်းသည် မိမိကိုဆေးကုပေးသည့် ဆူမီရာကို ငေးကြည့်နေသည့် သားတော်ကိုကြည့်ရင်း ရင်ထဲမကောင်းအောင် ခံစားမိသည်။ သားငယ်လေးက သားကြီးချစ်သည့် ကလေးကို မည်မျှချစ်နေသည်ကို အကြည့်ထဲမှာပျော်ဝင်နေသည့် အချက်က သက်သေခံနေသည်။ ဆူမီရာကတော့ သားငယ်လေးပေါ် ဖြူစင်သည့် သံယောဇဉ်ဖြင့် ရစ်တွယ်သည်ကိုသိတော့ သားလေးကို သူ့ခမည်းတော်လိုမဖြစ်စေချင်ပါ။ ဒါကြောင့် အနည်းငယ်ထူထူထောင်ထောင်ဖြစ်လာသည်နှင့် ဟော်သွန်းသည် သားနှင့်အတူ ဥယျာဉ်ထဲ နေပူဆာလုံရင်း သားကို ဖြောင့်ဖြရန်တွေးနေစဉ် ယွမ်ချူးခန်က အရင်ပြောခဲ့သည်။

 

“မယ်မယ်.. သားတော် တစ်ခုမေးချင်လို့… မယ်မယ် စိတ်မဆိုးနဲ့နော်…”
 

“မေးလေ.. မယ်မယ်က ဘာလို့သားတော်ကိုစိတ်ဆိုးရမှာလဲ….”
 

“ချစ်တဲ့သူနဲ့အတူနေရတာ မယ်မယ်စိတ်ချမ်းသာလား…ဟင်… ”

 

ဟော်သွန်းသည် ယွမ်ချူးခန်၏ မျက်နှာကိုစိုက်ကြည့်လိုက်သည်။ သားငယ်က ဘာကိုရည်ရွယ်သည်ကို စဉ်းစားနေသည်။ သူ့မျက်လုံးများက ပကတိဖြူစင်ကာ သိချင်စိတ်သက်သက်ဖြင့် တောက်ပနေသည်ကို တွေ့သော် သက်ပြင်းဖွဖွချကာ ပြုံးပြီး ဖြေလိုက်သည်။
 

“အင်း… စိတ်ချမ်းသာတယ်…”
 

“ဒါဆို ချစ်တဲ့သူနဲ့ခွဲခွာရတော့ မယ်မယ် အရမ်းကို စိတ်ဆင်းရဲမှာပေါ့နော်…”
 

“သားတော် ဘာကိုဆိုလိုချင်တာလဲကွယ်…”
 

“မယ်မယ့်ကိုကြည့်ရင်း အတွေးပွားမိတာပါ။ မယ်မယ်က စစ်သူကြီးယေစုကိုင်းကို ချစ်တယ်လေ။ သူနဲ့ခွဲခွာရလို့ မယ်မယ် စိတ်ဆင်းရဲခဲ့တာ သားတော် တစ်သက်ရှိပြီမဟုတ်လား။ အဲ့ဒါကြောင့် မယ်မယ်လည်း နှလုံးအားနည်းတဲ့ရောဂါဖြစ်တာမလား”

 

ဟော်သွန်းသည် သားတော်၏ လေသံအေးနှင့်ပြောနေသည်ကိုကြည့်ကာ စိတ်ထဲ တခုခုမှားယွင်းနေသည်ကို သိလိုက်သည်။ သားတော်သည် ဘယ်တုန်းကမှ မိမိအကြောင်းကိုခုလိုရဲတင်းစွာ မမေးခဲ့ဖူးပါ။ သူ့ခမည်းတော်နှင့် မိမိအဆင်ပြေစွာ ချစ်ခင်နေသည်ဆိုသည့် အမြင်မျိုးဖြင့်သာ တစ်သက်လုံးနေခဲ့ပြီး အခုမှ အမှန်တရားကိုထုတ်ပြောနေသည်။ ပြောပုံကလည်း သူနှင့်မဆိုင်သည့်အကြောင်းရာလိုလို တည်ငြိမ်လွန်းလှသည်။ တကယ်တမ်းပြောရလျှင် နန်းတွင်းထဲ မိမိကို

သတ်ရန်အကြံပေးသူများကို ရက်စက်စွာသတ်မိန့်ကိုပေးပြီးနောက် သားတော် အများကြီးပြောင်းလဲသွားခဲ့သည်။ ဟော်သွန်းသည် သားငယ်ကို ထက်မြက်စေရန် ပျိုးထောင်ခဲ့သည်ဆိုသော်လည်း ယခုလို ရက်စက်သည့် လူတစ်ယောက်အဖြစ်ကို မပြောင်းသွားစေချင်ပါ။
 

“သားတော်… မင်း.. ဒီလိုမတွေးစေချင်ဘူး။”
 

“သားတော်တွေးမှ ဖြစ်တော့မယ် မယ်မယ်… သားတော် ကလေးဘ၀ကတည်းက နန်းတော်ထဲမှာ တီးတိုးပြောနေတာကို ကြားပြီးကြီးပြင်းလာခဲ့တာပါ။ အခု စစ်သူကြီးယေစုကိုင်းက မယ်မယ့်ကိုလိုချင်လို့ နန်ကျောင်ကိုစစ်ကြေငြာတယ်။ ခမည်းတော်က ယေစုကိုင်းဆီကနေ မယ်မယ့်ကိုလုယူထားတာကို ဖုံးကွယ်ထားလို့မရတော့ဘူး။ ဒါကြောင့် သားတော် အမှန်အတိုင်းပဲ လက်ခံလိုက်မယ်။ ပြီးတော့ သားတော်လည်း ချစ်တဲ့သူရှိလာလို့ မယ်မယ်ကိုမေးချင်တာလေး မေးကြည့်တာပါ။ ခမည်းတော်ဆီက မမေးချင်ဘူး။ ”

 

ဟော်သွန်းသည် သားတော်၏ စကားကြောင့်ရင်ဘတ်ကိုဖိမိသည်။ သားတော်၏ စကားများက ဘယ်ကိုဦးတည်နေသည်ကို သိကာ ရင်တုန်လာခဲ့သည်။
 

“သားတော်က ဘယ်သူ့ကိုချစ်နေတာလဲ…”
 

“မယ်မယ်လည်းသိလျက်နဲ့။ သားတော်သူ့ကြောင့် သေလုမျောပါးတောင် ဖျားနာသွားခဲ့သေးတာပဲ။ သားတော် ဆူမီရာကို

ချစ်နေတယ် မယ်မယ်… သားတော် သူ့ကိုလိုချင်တယ်။ သားတော်ရဲ့ဘေးမှာ သူ့ကိုတသက်လုံးထားချင်တယ်။ သားတော်ရဲ့ အသက်ထက် သူ့ကိုတန်ဖိုးထားတယ်။ မယ်မယ် သားတော်ကို ကူညီပေးပါ။ သူ သားတော်ကို ပြန်ချစ်လာအောင် မယ်မယ် ဖြောင့်ဖြပေးပါ…”

 

ယွမ်ချူးခန်သည် မယ်မယ့်လက်ကို ဆုပ်ကိုင်ကာ တောင်းပန်လိုက်သည်။ တကယ်ပဲ မယ်မယ်တစ်ယောက်သာ ဆူမီရာကို မိမိနားရောက်အောင် လုပ်ပေးနိုင်သည်ကို ယွမ်ချူးခန်သိသည်။ တင်ဂီရိသည် ဘယ်နည်းနှင့်မဆို မယ်မယ့်စကားကို ငြင်းပယ်မည် မဟုတ်ပေ။ တင်ဂီရိ၏ စကားကို ဆူမီရာ မငြင်းနိုင်သည်ကို မိမိသိသည်။ ဒါကြောင့် အားလုံးရဲ့ အရင်းမြစ်ကို တွေးပြီး မယ်မယ့်ကို တောင်းဆိုလိုက်သည်။
 

“သားတော်…ဆူမီရာက မင်းသားတစ်ပါးလေ… သားတော်ရဲ့နံဘေးမှာ သူတစ်သက်လုံးနေလို့ မရဘူး..”
 

“သိပ်ရတာပေါ့ မယ်မယ်ဘုရား။ သားတော်က သူ့ကို သားတော်ရဲ့သက်တော်ရှည်အမတ်ခန့်မယ်။ သားတော်ရဲ့နား သေတဲ့အထိ အတူရှိနေခိုင်းမယ်။ မယ်မယ်စိတ်ချပါ။ သားတော်ရဲ့အသက်ထက် ဆူမီရာကို သားတော်တန်ဖိုးထားမှာပါ…”
 

ယွမ်ချူးခန်သည် ကလေးတစ်ယောက်လိုပွင့်လင်းစွာပြုံးလိုက်ကာ မယ်မယ့်ကိုပြောလိုက်သည်။ ဟော်သွန်းသည် သားတော်၏ လက်ကို ပြန်လည်ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။

 

“ဆူမီရာက ချစ်ရမယ့်သူရှိတယ်လေ သားတော်။ ”
 

“ကျွန်တော်သိတယ်။ ဒါကြောင့် ဆူမီရာကို ကျွန်တော့်နားမှာနေအောင် လုပ်ပေးဖို့ သားတာ် မယ်မယ့်ကိုတောင်းဆိုနေတာပါ။ တစ်သက်လုံး မယ်မယ့် စိတ်တိုင်းကျနေခဲ့တာပါ။ သားတော် တစ်ခါမှ မတောင်းဆိုဖူးပါဘူး။ ဒါကြောင့် ဒီတစ်ခါ သားတော်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးပါလို့ သားတော်တောင်းပန်ပါတယ် မယ်မယ်ဘုရား”

 

ဟော်သွန်းသည် သားတော်၏ စိတ်ပိုင်းဖြတ်ထားသည့် မျက်ဝန်းကိုကြည့်ကာ မိမိတို့မောရကစ်မျိုးနွယ်၏ အစွဲလမ်းကြီးသည့် စိတ်ကိုမြင်လိုက်ကာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ သားငယ်က ဆူမီရာက သားကြီးကိုချစ်သည်ကို သိလျက်နှင့် အတင်းကျပ်ရယူချင်နေသည်။ သူ့ခမည်းတော်လို အမှားမျိုးကို ထပ်ပြီးကျူးလွန်ဦးမည့် သားကိုကြည့်ကာ ဟော်သွန်း ငိုင်ကြည့်ကာ ပြောလိုက်သည်။
 

“မင်းရဲ့ခမည်းတော်လို အမှားမျိုးထပ်ပြီး ကျူးလွန်ဦးမလို့လား သားတော်…”
 

ယွမ်ချူးခန်သည် မယ်မယ့်ပါးစပ်မှ ခမည်းတော်ကို အပြစ်တင်သည့် စကားကိုကြားသော် ရင်ထဲနင့်ခနဲဖြစ်သွားခဲသည်။ မယ်မယ်က ခမည်းတော်၏ အပြစ်ကိုသာ စွဲနေပြီး မယ်မယ့်ကို အသက်ထက်မြတ်နိုးသည့် ခမည်းတော်၏ စိတ်ရင်းကို အသိမှတ်မပြုခဲ့ပါလား။

 

“ချစ်တဲ့သူကို ခေါင်းပေါ်ရွက်ထားတဲ့ ခမည်းတော်ရဲ့ အချစ်က မယ်မယ့်မျက်လုံးထဲမှာ သိပ်ကိုတန်ဖိုးမဲ့နေလား မယ်မယ်ဘုရား.. ခမည်းတော်က သားတော်ထက် မယ်မယ့်ကို ပိုချစ်ခဲ့တာလေ။ မယ်မယ့်အတွက် စစ်ပွဲကြီးတစ်ခုကို လက်ခံခဲ့တယ်လေ… ခမည်းတော်ရဲ့ အချစ်လို သားတော်ရဲ့အချစ်ကလည်း ရှက်စရာကောင်းနေတာလား…”

 

ဟော်သွန်းသည် ပြောရင်း မျက်လုံးများရဲလာပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည့် သားတော်ကို ငြင်သာစွာပြောလိုက်သည်။
 

“သားတော်က ခမည်းတော်ဘက်က အချစ်ကို ကြည့်ပြီး နာကျင်နေတာကိုး။ ခုနက သားတော်ပြောသလို မယ်မယ်က စစ်သူကြီး ယေစုကိုင်းကို ချစ်တယ်။ သူနဲ့လက်ထပ်ပြီး သာယာတဲ့မိသားစုကို ပိုင်ဆိုင်ထားတယ်။ အဲ့ဘ၀ကနေ သားတော်ရဲ့ ခမည်းတော်ရဲ့ ကြီးမားလှတဲ့အချစ်နဲ့တွေ့တော့ မိသားစုပြိုကွဲပြီး ချစ်လင်နဲ့ကွဲ၊ သားနဲ့ကွဲခဲ့တယ်။ ဒါ့အပြင် ကိုယ်မချစ်တဲ့ သူနဲ့ လက်ထပ်ခဲ့ရတယ်။ ဒီဒဏ်ကြောင့် မယ်မယ့်နောက်ပိုင်းတစ်ဘ၀လုံး နာကျင်မှုနဲ့ဖြတ်သန်းခဲ့ရတယ်။ ဆူမီရာကိုလည်း မယ်မယ့်လို ထပ်ပြီးနာကျင်စေဦးမှာလားဟင်…သားတော်… မယ်မယ်လေ သားတော်ကို ချစ်တဲ့သူအတွက် စိတ်ချမ်းသာမှုကို ဖန်တီးပေးနိုင်တဲ့ ယောကျာ်းကောင်းတစ်ယောက်ပဲ ဖြစ်စေချင်တာ…”

 

ယွမ်ချူးခန်သည် မယ်မယ့်စကားများကိုကြားသော် ခေါင်းပေါ်မှရေအေးအေးနှင့်လောင်းချခံလိုက်ရသလို တကိုယ်လုံးအေးစက် သွားခဲ့သည်။ မယ်မယ် စိတ်မချမ်းသာသည်ကို သိသော်လည်း ယခုလို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်သည်ကို နူတ်မှ ဖွင့်ဟပြောသည်ကို ပထမဆုံးကြားဖူးခြင်းဖြစ်သော်ကြောင့် နာကျင်ခြင်းနှင့်ဝမ်းနည်းခြင်းက ရင်တခုလုံး လှိုင်းလုံးပမာ ရိုက်ခတ်လာခဲ့သည်။
 

“သားတော်က မယ်မယ့်အတွက် နာကျင်မှုတစ်ခုပဲလား မယ်မယ်…”

 

ဟော်သွန်းသည် မိမိပြောချင်သည့်အချက်ထက် မထင်မှတ်သည့် သူ့ခမည်းတော်ကို ထိခိုက်သလိုဖြစ်သွားသည့်အတွက် မျက်နှာပျက်ယွင်းကာ မေးလာသည့် သားတော်ကြောင့် လှမ်းဖက်ကာ ပြောလိုက်သည်။
 

“မဟုတ်ဘူး။ သားတော်ရှိလို့ မယ်မယ် ဒီနန်ကျောင်ပြည်မှာ အသက်ဆက်ရှင်နေနိုင်ခဲ့တာ။ သားတော်က မယ်မယ့်အတွက် အသက်ဆက်ဆေးလေးပါ။ ”

 

မယ်မယ်၏ တုန်ယင်နေသည့် ကိုယ်လေးအရ မယ်မယ်စိတ်ထိခိုက်ကာ မျက်ရည်ကျသည်ကို သိသဖြင့် ယွမ်ချူးခန် စိတ်လျှော့လိုက်ပြီး မယ်မယ့်ကိုပြောလိုက်သည်.။
 

“သားတော် တောင်းပန်ပါတယ် မယ်မယ်။ သားတော်လေ… မယ်မယ့်ကို ခမည်းတော်ထက်တောင် ချစ်ခဲ့တာ။ ဒီနန်ကျောင်ပြည်မှာ သားတော်တစ်ယောက်တည်းပဲ ဆွေမျိုးအရင်းချာရှိတဲ့ မယ်မယ့်ကို သားတော် ကာကွယ်ဖို့ အခုကစပြီး အင်အားကြီးအောင် လုပ်တော့မယ် … ခုကစပြီး မယ်မယ့်ကို ဘယ်သူမှ မထိစေရဘူး။ သားတော်ဆီကနေ မယ်မယ့်ကို ဘယ်သူမှ ခေါ်မသွားနိုင်စေရဘူး…”

 

ဟော်သွန်းသည် သားတော်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
 

“သားတော် စစ်ပွဲကို ဆက်မလို့လား…”
 

“မယ်မယ်က သားတော်ရဲ့မယ်မယ်ပါ။ မယ်မယ့်ကို သားတော် ဘယ်တော့မှ အဆုံးရှုံးမခံနိုင်ဘူး။ ပြီးတော့ ဆူမီရာကို သားတော် အတင်းကျပ်ခေါ်ထားတာ မလုပ်ပါဘူး။ သူကိုယ်တိုင် သားတော်ကိုရွေးချယ်လာစေရမယ် ..”

 

ဟော်သွန်းသည် သားတော်၏ တစ်ဇွတ်ထိုးလုပ်မည့် ဟန်ကိုကြည့်ကာ သက်ပြင်းရှိုက်ရုံကလွဲပြီး ဘာမှမပြောနိုင်တော့ပေ။

 

-----------------------------------------

 

တင်ဂီ၇ိသည် တောင်ကုန်းပေါ်မှနေပြီး ဟိုးနန်ကျောင်နေပြည်တော်ဘက်ကိုငေးနေစဉ် မိမိအနောက်နားမှကြားလိုက်ရသည့် ခြေသံကြောင့် ချက်ချင်းဖြတ်ခနဲလှည့်ကာ လက်ကဓါးကို အရံသင့်ဆွဲထုတ်ပြီးဖြစ်သည်။
 

“သားတော်….”
 

“ခမည်းတော်ဘုရား…ည မိုးချုပ်နေပြီ။ ဘာကြောင့် တစ်ယောက်တည်းထွက်လာတာလဲ …”
 

“သားလိုပဲပေါ့။ ခမည်းတော်လည်း အိပ်မရလို့ထွက်လာတာပဲ…”

 

ယေစုကိုင်းသည် သားတော်ကို အေးဆေးစွာဖြေလိုက်ပြီး အနားမှကျောက်တုံးပေါ်ကိုထိုင်ကာ ဟိုးမီးတောင်အောက်ဘက် မီးရောင်သဲ့သဲ့လင်းသည့်နေရာကို မျှော်ငေးကြည့်ကာ ပြောလိုက်သည်။
 

“သားတော်ရဲ့မယ်မယ်ရှိမယ့်နေရာကို လှမ်းမြင်နေရတော့ ခမည်းတော်လည်း ညညဆို တော်တော်နဲ့အိပ်မပျော်ဘူး။ မင်း မယ်တော်နဲ့ဟိုးအရင်က အတူတူနေခဲ့တာကို ပြန်သတိရပြီး ဒီနေရာမှာ လာလာထိုင်နေမိတယ်။ အိပ်မပျော်မယ့်အတူတူ အတင်းမအိပ်ပဲ လွမ်းစရာအတိတ်ကို ထိုင်တွေးနေတာ စိတ်ဓါတ်ခွန်အားတောင် ရသေးတယ်ကွ။”

 

တင်ဂီရိသည် ခမည်းတော်၏ပွင့်လင်းသည့် စကားကြောင့် ခမည်းတော်ဘေးနားရှိ ကျောက်တုံးပေါ်ထိုင်ချကာ သက်ပြင်းသဲ့သဲ့ချ မိသည်။ ခမည်းတော်ကို မိမိဘာမှ သိုဝှက်ထားစရာမလိုသဖြင့် တင်ဂီရိ စိတ်ထဲက ရှိသည့်အတိုင်း ၀န်ခံလိုက်သည်။
 

“သားတော်လည်း ငယ်ဘ၀ နန်ကျောင်ပြည်ကို ရောက်စအချိန်ကို သတိရနေတာ။ ပြီးတော့ မယ်မယ့်အခြေနေ ဘယ်လို နေလည်း မသိဘူး။ ဆူမီရာပြောပုံအရဆိုရင် မယ်မယ်ဖြစ်တာက နှစ်ရှည်လများ စိတ်ဆင်းမှုကြောင့် နှလုံးကို ထိခိုက်တယ်တဲ့။ ဒီလိုဖြစ်ရင် ဆေးနဲ့ဖြည်းဖြည်းချင်းကုသရမယ်။ စိတ်ကို လုံးဝအနားပေးရမယ်။ အဟာရမျှတအောင် စားသောက်နေထိုင်မှ တဖြည်းဖြည်းပြန်ပြီး သက်သာလာမယ့် ရောဂါဆိုလို့ သားတော် ပိုပြီးစိုးရိမ်နေတာ။ ”
 

“ဟုတ်တယ်… အခုလို စစ်ဖြစ်တဲ့အနေအထားက ဟော်သွန်းကို အများကြီးဖိစီးမှုဖြစ်စေမယ်။ နန်ကျောင်နန်းတွင်းတစ်ခုလုံးက နဂိုကမှ ဟော်သွန်းကို မကြည်ဖြူ၇တဲ့အထဲ ခုလို မင်းကြီးရဲ့မယ်တော်ရဲ့လုပ်ရပ်ကြောင့် ပိုပြီးမကောင်းမြင်ကြပြီ။ ယွမ်ချူးခန်ရဲ့ လက်စလက်နကို ကြောက်လို့ ဖွင့်မပြောရင်သာနေမယ်။ အားလုံးက စစ်ဖြစ်ရတဲ့ တရားခံကို ဟော်သွန်းလို့သတ်မှတ်နေတဲ့ အခြေနေမှာ ဟော်သွန်း ဘယ်လိုမှ အေးချမ်းနိုင်မှာမဟုတ်ဘူး။”

 

ယေစုကိုင်းက သားတော်ကို အမှန်တိုင်းပြောကာ သက်ပြင်းကိုလေးလေးချလိုက်သည်။ ဟော်သွန်း၏ အပျော်မျက်လုံးလေးမျာကို မြင်ယောင်ပြီး ယေစုကိုင်း တီးတိုးရွတ်လိုက်မိသည်။
 

“မင်းရဲ့ မယ်မယ် ခုလိုဖြစ်တယ်ဆိုတာ ခမည်းတော်နဲ့သားတော်ရဲ့ အသက်ရှင်ဖို့ သူ့ကိုယ်သူ စတေးခဲ့လို့ပဲ။ တရားခံက ခမည်းတော် အသုံးမကျလို့။ ယုတ်မာတဲ့မင်းကြီးက မင်းရဲ့မယ်တော်ကို မရိုးသားစိတ်ဝင်နေတာကို မသိခဲ့လို့၊ ပြီးတော့ သူတို့ ခိုင်းတာကို နွားကျကျလုပ်ခဲ့မိလို့။ ကိုယ့်လူမျိုးနဲ့ မိသားစုကို မကာကွယ်နိုင်တဲ့ ကျွန်ကောင်းဖြစ်ခဲ့မိလို့… ဒီအတွေးကြောင့် ခမည်းတော် မင်းရဲ့မယ်တော်ကို အရမ်းအားနာတယ်။ ဖြစ်နိုင်ရင် မင်းရဲ့မယ်မယ်ကို စိတ်ချမ်းသာအောင် တစ်ခါလောက်ဖြစ်ဖြစ် လုပ်ပေးချင်တယ်…”

 

ယေစုကိုင်းသည် စစ်ပွဲများစွာကိုရင်ဆိုင်ခဲ့ပြီး ခံစားချက်ကို မြိုသိပ်ထားနိုင်သူပီပီ ဒီလောက်နာကျင်ကြေကွဲကာ ယူကျုံးမရဖြစ်နေသော်လည်း မျက်ရည်တစ်စက်မကျပေ။ သို့သော် သူ့စကားလုံးများထဲတွင် မျက်ရည်ထက် နာကျင်သည့် ခံစားချက်တို့ အတိုင်းသားပေါ်လွင်နေသည်။ တင်ဂီရိသည် ခမည်းတော်၏ စကားကိုကြားသော် အမှန်တ၇ားကို ပြောလိုက်သည်။
 

“ခမည်းတော်က ဒါတွေကိုကြိုတင်သိခဲ့တယ်ထားဦး။ မင်းကြီးက တနည်းမဟုတ် တနည်းနဲ့လုပ်ကြံဦးမှာပဲ။ မယ်တော်က အိမ်ထောင်ရှင်ဖြစ်နေလျက်နဲ့ တပ်မက်စိတ်ကို မထိန်းချုပ်ပဲ အရယူခဲ့တာ ကာလိုခန်ပါ။ သားတော်တို့က မတရားခံရတဲ့သူပါ။ ပြီးတော့ မယ်မယ်က သားတော်တို့နဲ့ မျိုးနွယ်စု တစ်စုလုံးကို အသက်ရှင်စေခဲ့တဲ့ တစ်ဦးတည်းသော ကယ်တင်ရှင်ပါ။ မယ်မယ် ခုလိုဖြစ်နေတာ ကာလိုခန်ရဲ့ မချစ်သင့်တဲ့အချစ်ကြောင့်ပဲ။ ခမည်းတော် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့… မယ်မယ်က သားတော်နဲ့ ခမည်းတော် ခုလိုလာရောက်ကယ်တင်မယ့်နေ့ကို စောင့်ပြီး အသက်ရှင်နေတာပါ။ ဒါကြောင့် မယ်မယ့်ကို အမင်္ဂလာအရပ်ကနေ ရအောင် ကယ်ထုတ်ရမယ်။ ”

 

ယေစုကိုင်းသည် သားတော်ကို ပြုံးကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
 

“ယွမ်ချူးခန်က သူ့မယ်တော်ကို လက်လွှတ်မယ် မထင်ဘူး။ သူ့မယ်တော်ကို သူအရမ်းချစ်တယ်ဆိုတာ သိသာတယ်။ သူ့ဖွားတော်ကိုတောင် အကျယ်ချုပ်နဲ့ပြန်ထားပြီး အပေါင်းပါးတွေကို ကွပ်မျက်လိုက်တာပဲကြည့်တော့။ မကြာခင် သူ နန်ကျောင်ထီးနန်းကို ဆက်ခံတော့မယ်ထင်တယ်… ခုလက်ရှိမှာ သူ့လက်ထဲ စစ်တပ်အာဏာရောက်နေပြီ။”

 

ယေစုကိုင်း၏ စကားကြောင့် တင်ဂီရိ စိတ်ပူသွားခဲ့သည်။ သူလျှိုများ၏စကားအရ ခမည်းတော်ပြောတာ မကြာခင်ဖြစ်လာတော့ မည်ကိုနားလည်လိုက်သည်။ ဒါကြောင့် ခမည်းတော်ကို ခွင့်တောင်းကာ နန်ကျောင်ပြည်ကို ညချင်းတွင်းလိုက်လာခဲ့သည်။
 

“ဆူမီရာ…. ”

 

-------------------------------

 

ဆူမီရာသည် ညသန်းခေါင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ ဖြတ်ခနဲလန့်နိုးလာခဲ့သည်။ ရုတ်တရက် မိမိရှေ့တွင် ငုတ်တုတ်ထိုင်ကာ ကြည့်နေသည့် လူတစ်ယောက်ကြောင့် လန့်သွားပြီးထထိုင်လိုက်စဉ် ထိုလူက ဆူမီရာကို နူတ်ဆက်ခဲ့မှ စိတ်သက်သာရာရသွားတော့သည်။
 

“ဆူမီရာ… ဘာဖြစ်လို့လဲ…အိပ်မက်ဆိုးမက်လို့လား…”
 

“ရုတ်တရက် နိုးလာတော့ မင်းမျက်နှာကြီး မြင်လိုက်ရလို့ လန့်သွားတာကွ။ ဘာဖြစ်လို့လဲ ချူးခန်။ အရီးတော် တခုခုဖြစ်လို့လား။ မင်း ငါ့ကိုနိုးလိုက်တာ မဟုတ်ဘူး။”
 

“မယ်မယ် ဘာမှမဖြစ်ပါဘူး.. ငါ ဒီလိုပဲ အိပ်မပျော်လို့ မင်းကို စကားပြောချင်လို့ လာရှာတာ။ မင်းက အိပ်ပျော်နေတာနဲ့ မနိုးပဲ ထိုင်ကြည့်နေတာ။ မီရာ… မင်းအိပ်နေတာ တကယ့် ကလေးလေးအတိုင်းပဲ။ အရမ်းချစ်ဖို့ကောင်းတယ် သိလား။”
 

ဆူမီရာသည် ဆံပင်ကို ပြန်ထုံးလိုက်ပြီး ယွမ်ချူးခန်ကို မျက်မှောင်ကုတ်ကာကြည့်လိုက်သည်။

 

“ပြောလိုက်တာကြီးက ဘယ်လိုတုန်း။ ငါက မင်းလို ကောင်လေးတစ်ယောက်ပါကွ။ ပြီးတော့ မင်းနဲ့ရွယ်တယ်။ မင်းကမှ အရီးတော်နဲ့တူလို့ ငါ့ထက်တောင် ချစ်စရာကောင်းသေး။ ဟီး…ဟီး… ပြောရရင် မင်းသာ မိန်းကလေး လိုဝတ်ထားရင် မင်းရဲ့ မိဖုရားလောင်းတွေထက် ချောမှာသေချာတယ်။ အဲ့ဒါများ ငါ့ကို ကလေးလေးလို ချစ်စရာလေး လာလုပ်နေတယ်။ ”

 

ဆူမီရာက ရယ်စရာ စကားနိုင်လုပြောရင်း အိပ်ယာမှထကာ စားပွဲတွင် ၀ိုင်ထိုင်ပြီး ရေနွေးကြမ်းကို ဌဲ့သောက်လိုက်သည်။ ယွမ်ချူးခန်က ပြုံးကာ ဆူမီရာကို ပြန်ပြောလိုက်သည်။
 

“ဟုတ်လား…. ငါ ချောတာ မင်းပြောမှ သိတော့တယ်။ ကြည့်ရတာ မင်း ငါ့ကို အမြဲခိုးခိုးကြည့်နေတာ ထင်တယ်။ ”
 

“ကြည့်စရာလား ယောကျာ်းခြင်းကို။ ကြည့်မယ့်ကြည့် မင်းသမီးလေးတွေ လျှောက်ကြည့်မှာပေါ့ကွ….”

 

ဆူမီရာက ရေနွေးကို မော့သောက်ရင်းပြောလိုက်စဉ် ဗိုက်ထဲက အသံမြည်လာခဲ့သည်။ ယွမ်ချူးခန်က မျက်ခုံးပင့်လိုက်တော့ ဆူမီရာက ရှက်ရယ်ရယ်ကာ ပြောလိုက်သည်။
 

“မင်းလုပ်လို့ ငါဗိုက်ဆာလာပြီ။”
 

“အေး…ဒါဆို ညလယ်စာ တခုခုစားရအောင်။ ငါလည်း ဗိုက်ဆာနေတာ။ ခဏလေး။ မီးဖိုဆောင်ကို တခုခုလာပို့ခိုင်းရမယ်…”

 

ယွမ်ချူးခန်သည် အတွင်းဝန်ကို မှာကြားလိုက်စဉ် ဆူမီရာက အရီးတော်ကို သတိရပြီးသွားကြည့်ရန်ထလိုက်သည်။
 

“မင်းဘယ်သွားမလို့လဲ….”
 

“အရီးတော်ကို သွားကြည့်မလို့။ အရီးတော် အိပ်မပျော်ရင် အိပ်ဆေးနည်းနည်းပေးရအောင်လို့။ နှလုံးအားနည်းတာက အိပ်ရေးပျက်ရင် ပိုဆိုးလာလို့… မင်းလည်း လိုက်ခဲ့လေ… ”

 

နှစ်ယောက်သား မိဖုရားကြီးအဆောင်ကိုလာခဲ့သည်။ အဆောင်ပြင်တွင် ယွမ်ချူးခန်ချထားသည့် အမှုထမ်းများက ၀ီရိယရှိစွာနှင့် သေချာစောင့်ကြပ်နေသည်ကိုတွေ့တော့ ယွမ်ချူးခန် သူ့မယ်တော်ကို အရမ်းချစ်သည်ကို ဆူမီရာ ချီးမွန်းမိသည်။ ထို့နောက် တစ်လက်စတည်း နောင်တော်နှင့် ယွမ်ချူးခန်တို့ သူတို့မယ်တော်ကို မည်သူမျှလွယ်လွယ် လက်မလျော့သည်ကို သတိရကာ စိတ်မောသွားခဲ့သည်။

 

ဆူမီရာနှင့် ယွမ်ချူးခန်လာသည်ကိုတွေ့သော် အတွင်းဝန်ကြီးက အရိုသေပေးကာ မိဖုရားကြီး ခုလေးတင် အိပ်ပျော်သွားသည်ကို တင်လျှောက်သဖြင့် ဆူမီရာတို့အထဲမ၀င်ပဲ ပြန်လှည့်လာခဲ့သည်။ အပြန်လမ်းတွင် ဆူမီရာက ယွမ်ချူးခန်၏ ညှိုးနေသည့် မျက်နှာကို တချက်စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။
 

“မင်းရဲ့ မယ်မယ် တဖြည်းဖြည်းသက်သာလာမှာပါ။ တခုတော့ရှိတယ်။ အရီးတော်ကို လုံးဝ ဖိအားမရှိပဲ စိတ်အေးချမ်းတဲ့နေရာ ထားရမယ်..”

 

ယွမ်ချူးခန်သည် ဆူမီရာ၏ လက်ကို လှမ်းဆွဲကာ မနက်ခင်းက စကားများခဲ့သည်ကို ၀န်ခံလိုက်သည်။
 

“ငါ မနက်က မယ်မယ်နဲ့စကာများမိတယ် ဆူမီရာ… မယ်မယ် ငါ့ကြောင့် စိတ်ညစ်သွားတယ်ထင်တယ်… ”
 

“မင်းကကွာ။ ငါသေချာမှာထားလျက်နဲ့။ ဘာကြောင့် အရီးတော်ကို စိတ်ညစ်အောင်လုပ်ရတာလဲ။ မင်းရဲ့ မယ်မယ်ကို တကယ် ချစ်တယ်ဆိုရင် မင်းမယ်မယ်ကို စိတ်ချမ်းသာအောင်ထားပါ။”

 

ယွမ်ချူးခန်က အံကြိတ်ကာ နာကျင်စွာမေးလိုက်သည်။
 

“မယ်မယ့်ကို ဟိုသားအဖလက်ထဲ ထည့်လိုက်ရင် ငါ့မယ်မယ် စိတ်ချမ်းသာမှာလား… မယ်မယ့်ကို ငါအဆုံးရှုံးမခံနိုင်ဘူး မီရာ.. ငါ့မှာ မယ်မယ် တစ်ယောက်တည်းရှိတာ။ တသက်လုံး မယ်မယ်ငါ့ကို မချစ်ပေမယ်… ငါ မယ်မယ့်ကိုအရမ်းချစ်တယ်။ ငါ မယ်မယ့်ကို လက်လွှတ်မခံနိုင်ဘူး။ ပြီးတော့ မယ်မယ်မရှိရင် ခမည်းတော်လည်း အသက်ရှင်လျက် သေသွားမှာ…. ”

 

ဆူမီရာသည် လမ်းလျှောက်နေရာမှ ဖြုန်းခနဲရပ်လိုက်ပြီး ယွမ်ချူးခန်ကို လှမ်းဖက်ကာ ကျောကိုပုတ်ပေးရင်း ပြောလိုက်သည်။
 

“ငါ အဲ့သဘောကိုပြောတာ မဟုတ်ပါဘူး။ ငါတို့အကောင်းဆုံး လုပ်ပေးကြဖို့ပြောတာပါ။ တခါတလေ.. ကိုယ်ကချစ်လို့ အဆုံးရှုံးမခံနိုင်ပေမယ့် ကိုယ့်ချစ်သူ စိတ်ချမ်းသာအောင် လက်လွှတ်လိုက်တာမျိုးလည်းရှိတယ် ချူးခန်…. မင်း ခေါင်းအေးအေးထား စဉ်းစားပါကွာ… ”

 

ယွမ်ချူးခန်သည် ဆူမီရာကို တင်းနေအောင်ပြန်ဖက်ထားပြီး ပြောလိုက်သည်။
 

“ငါ မယ်မယ့်ကို ဆုံးရှုံးသွားမှာကို အရမ်းကြောက်တယ်။ တသက်လုံး အာနန်မင်းသားတို့ သားအဖကြောင့် မယ်မယ်ရဲ့လျစ်လျူရှုတာခံခဲ့ရတယ်။ ဒါပေမယ့် မယ်မယ့်ကို ငါတို့ ပိုင်ဆိုင်သေးတယ်။ အခုတော့ သူတို့နောက်ကို မယ်မယ်ပါသွားရင် ငါ ဘယ်လိုမှ ကြည့်နေနိုင်မှာ မဟုတ်ဘူး။ ငါကြောက်တယ် မီရာ။ ငါချစ်တဲ့သူတွေကို ဆုံးရှုံးရမှာကို ငါကြောက်တယ်….”
 

“ချူးခန်ရာ….”

 

ဆူမီရာ စိတ်မကောင်းစွာတီးတိုးရွတ်ရင်း မိမိကိုဖက်ကာ ငိုနေသည် နန်ကျောင်အိမ်ရှေ့စံကို ပြန်ဖက်ထားလိုက်သည်။

 

--------------------------------------------

 

ဟော်သွန်းသည် သန်းခေါင်ကျော်မှ မှေးခနဲဖြစ်သွားပြီး မနက်အစောကြီး ဖြတ်ခနဲနိုးလာခဲ့သည်။ ခဏအိပ်လိုက်ရသဖြင့် လူလည်း နည်းနည်းလန်းလာခဲ့သည်။ဒါကြောင့် အိပ်ယာထက်မှ ထကာ ပြတင်းတံခါးနားကို သွားရပ်ရင်း အရုဏ်ဦးရဲ့ လေနုအေးကို ရင်ထဲရှိုက်သွင်းလိုက်သည်။ ထိုစဉ် မျက်နှာချင်းဆိုင် သစ်ပင်ပေါ်မှ မိမိကိုကြည့်နေသည့် လူရွယ်တစ်ဥိးကြောင့် ဟော်သွန်း ထိတ်ခနဲဝမ်းသာသွားခဲ့သည်။
 

“သားတော်…..”

 

တင်ဂီရိသည် နန်ကျောင်နန်းတွင်းကို ရောက်ရောက်ချင်း မယ်မယ့်အဆောင်ကို အရင်သွားကြည့်သည်။ သစ်ပင်ပေါ်မှာထိုင်ပြီး မယ်မယ့်အဆောင်ကို ငေးနေစဉ် ပြတင်းပေါက်တွင် မယ်မယ်ပုံရိပ်ကိုမြင်တော့ တင်ဂီရိ ရင်ထဲ ချမ်းမြေ့သွားခဲ့သည်။ မယ်မယ်ဟု ရင်ထဲမှ အကျယ်ကြီးအော်ခေါ်လိုက်မိစဉ် စိတ်ချင်းဆက်သွားလို့ထင်သည်။ မယ်မယ်က မိမိရှိရာကို ဖျတ်ခနဲလှမ်းကြည့်ကာ မျက်နှာကပြုံးသွားခဲ့သည်။ မယ်မယ့်နူတ်မှ သားတော်ဟု ခေါ်လိုက်သည်ကို မြင်လိုက်ရစဉ် တင်ဂီရိ ဘယ်လိုမှမနေနိုင်တော့ပဲ သစ်ကိုင်းမှ တဆင့် ပြတင်းပေါက်ပေါင်ပေါ်လွှားခနဲတက်လာခဲ့သည်။
 

“မယ်မယ်…. မယ်မယ်….”

 

တင်ဂီရိသည် မယ်မယ့်ကိုယ်ကို ပွေ့ဖက်ကာ တီးတိုး ခေါ်လိုက်စဉ် ရင်ထဲလစ်ဟာခဲ့သမျှ အားလုံးပြည့်စုံသွားတော့သည်။ ဟော်သွန်းသည် သားတော်၏ ကိုယ်ကိုပြန်ဖက်ထားပြီး ပီတီလှိုင်းလုံးများက တကိုယ်လုံးကိုပျံ့နှံ့သွားခဲ့သည်။ ရုတ်တရက် နှလုံးက အောင့်တက်လာသဖြင့် ရင်ဘတ်ကို ဖိထားကာ သားကြီး၏ မျက်နှာကို လက်နှင့်ထိကာ ပြောလိုက်သည်။
 

“သားတော်…တင်ဂီရိ…. သားကို မယ်မယ် စောင့်နေတာ ကြာပြီ…”

 

ဟော်သွန်း ထိုစကားကိုပြောရင်း အသက်ရှုရခက်လာခဲ့သည်။ ရင်ဝယ် ရုတ်တရက်ဖြစ်ပေါ်လာသည့် ပီတိအဟုန်ကို နှလုံးက မခံနိုင်တော့ပေ။ သားကိုဖက်ရင်း မျက်လုံးမှိတ်ကျသွားခဲ့စဉ် တင်ဂီရိသည် ချက်ချင်း မယ်မယ့်ကိုပွေ့ကာ သွေးကြောကို နှိပ်နယ်ပေးလိုက်သည်။ သွေးလည်ပတ်မှုကို မှန်အောင်လုပ်ပေးပြီး မယ်မယ်သတိရလာတော့မှ တင်ဂီရိ သက်ပြင်းချနိုင်တော့သည်။
 

“မယ်မယ်… သားတော်ရှိပါတယ်။ မယ်မယ် အသက်ကိုပုံမှန်ရှုလိုက်နော်… စိတ်ကို လွှတ်မထားနဲ့။ မယ်မယ့် နှလုံးက ဒီဒဏ်ကို မခံနိုင်တော့ဘူး …”

 

ဟော်သွန်းသည် ထိုအခါမှ စိတ်ကို ပြန်ထိန်းပြီး သားတော်ကို တင်းနေအောင်ဖက်ကာပြောလိုက်သည်။
 

“မယ်မယ်က သားတော်ကို တွေ့တော့ ရုတ်တရက် စိတ်လွှတ်လိုက်မိတယ်။ သားတော်ကို ဟိုနေ့ကလည်း သေချာစကားမပြောလိုက်ရဘူး… သားတော်ကို မယ်မယ် တလျှောက်လုံး မျှော်နေခဲ့တာ…”

 

တင်ဂီ၇ိသည် မယ်မယ်၏ ထိုစကားကိုကြားသော် မျက်ရည်က ပါးပြင်ပေါ်စီးကျလာခဲ့သည်။
 

“မယ်မယ်….. ကျွန်တော်လည်း မယ်မယ်နဲ့ပြန်ဆုံရမယ့် နေ့ကိုစောင့်နေခဲ့တာ….”
 

“သားတော်နဲ့ သားရဲ့ခမည်းတော်ကို မယ်မယ်ပြန်တွေ့ရလို့ မယ်မယ် သေပျော်ပါပြီကွယ်…”
 

“သေစကားမပြောပါနဲ့ မယ်မယ်… သားတော်က မယ်မယ့်ကို အမြဲပျော်အောင်ထားမှာ။ မယ်မယ် နည်းနည်းပဲ ထပ်စောင့်ပေးပါ….”

 

ထိုစဉ် အပြင်မှ အပါးတော်မြဲ၏ အသံကိုကြားလိုက်ရသဖြင့် ဟော်သွန်းက သားတော်ကို ချက်ချင်းပြန်လွှတ်လိုက်သည်။ တင်ဂီရိလည်း သစ်ပင်ပေါ်လှမ်းခုန်ကူးကာ ပျောက်ကွယ်သွားစဉ် မျက်နှာသစ်ရည်ဆက်ရန် အတွင်းဝန်နှင့် အပျိုးတော်ကြီးများ ၀င်လာခဲ့သည်။

--------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet