Chapter -7

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (7)

 

ငွေတောင်ပြည့်ရှင်မင်းနှင့် မိဖုရားသည် အာနန်မင်းသား တင်ဂီရိကို ခင်တွယ်လွန်းသည့် မိမိတို့သားတော်လေး ကြောင့် ခဏခဏစိတ်ညစ်ရသည်။ ဆူမီရာသည် တင်ဂီရိသွားလေရာနောက်ကို တကောက်ကောက်လိုက်တတ်သည် က တင်ဂီရိ ငွေတောင်ပြည်ကို ရောက်ကတည်းကဖြစ်သည်။

 

တင်ဂီရိသည် မိမိအတွက် သီးခြားအဆောင်မှ ငွေတောင်ပြည်၏ နာမည်ကြီးလှသည့် အတတ်ပညာများကို ဆည်းပူးသည်။ ဆူမီရာသည် တင်ဂီရိ စာသင်သွားလျှင် နောက်မှ လိုက်သည်။ စာသင်ခန်းထဲဝင်ချင်သဖြင့် အထိန်းတော်ကြီးများက အတင်းဆွဲထားရသည်။

 

ငွေတောင်ပြည်၏ စာသင်ကျောင်းများက စည်းကမ်းကြီးလွန်းလှသည်။ အတိုင်းတိုင်းအပြည်ပြည်သို့ ဒီလောက် သေးငယ်လှသည့် ငွေတောင်ပြည်က သြဇာလွှမ်းနေနိုင်ခြင်းမှာ ဘုရင့်သားသမီးများကို ပညာသင်ပေးသည့် နေရာ တစ်ခုဖြစ်သောကြောင့်ပင်။ ငွေတောင်ပြည်သည် အတတ်ပညာဖြင့် နာမည်ကျော်သည်။ စစ်ဗျူဟာပညာ၊ နိုင်ငံ အုပ်ချုပ်သည့် ပညာ၊ စိုက်ပျိုးရေးပညာ၊ ကူးသန်းရောင်းဝယ်သည့် ပညာ၊ ဆေးပညာ စသဖြင့် အတိုင်းတိုင်း အပြည်ပြည် မှ ပညာလိုလားသူများ လာရောက်သင်ကြားရသည့် ဌာနကြီးတစ်ခုဖြစ်ခဲ့သည်။

 

ငွေတောင်ပြည်မှ ဆရာများသည် အတိုင်းတိုင်းအပြည်ပြည်မှ အငြိမ်းစားယူသည့် စစ်သူကြီးများ၊ အမတ်ကြီးများ၊ အတိုင်ပင်ခံ ပညာရှိများဖြစ်သည်။ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ပိုင်နိုင်သည့် သူများဖြစ်သဖြင့် သင်ကြားရေးပိုင်း တွင် တိုင်းပြည်တကာကြား နာမည်ကျော်ကြားခြင်းဖြစ်သည်။ ပြီးတော့ ငွေတောင်ပြည်မှ မင်းဆွေမင်းမျိုးတချို့သည် အတတ်ပညာရှင်များအဖြစ် ကျောင်းတွင် ပညာသင်ပေးလျက်ရှိသည်။ ထို့ကြောင့် ကျောင်းသို့ ဆူမီရာလေး လိုက်လာရဲခြင်းဖြစ်သည်။

 

တင်ဂီရိသည် အတန်းထဲတွင် အသက်အကြီးဆုံးဖြစ်သည်။ ပြီးတော့ မင်းညီမင်းသားများကြား တကယ့်ကိုအထင်ကြီး စရာ အရည်အချင်းနှင့်ပြည့်စုံသည်။ နောက်မှတည်ထောင်ထားသည့် အာနန်ပြည်အကြောင်းသည် တိုင်းပြည်တကာ ကြားတွင် အများစိတ်ဝင်စားသည့် သတင်းဖြစ်သည်။ မြောက်ပိုင်း နန်ကျောင်ပြည်မှ နာမည်ကျော်စစ်သူကြီး ယေစုကိုင်း၏ သားတော် တင်ဂီရိမင်းသား ငွေတောင်ပြည်ကို ကျောင်းလာတက်နေသည် ဆိုကတည်းက တိုင်းပြည် တကာမှ မင်းသား၊မင်းသမီးများက စိတ်ဝင်စားကာ အကဲခတ်နေကြသည်။

 

တင်ဂီရိသည် မည်သူ့ကိုမှ မရောပဲ မှန်တန်းနေကာ အကဲခတ်နေသည်။ တိုင်းပြည်တကာတွင် နန်ကျောင်ပြည်ကို ဆန့်ကျင်ရာတွင် မိမိတို့ မဟာမိတ်ဖြစ်နိုင်မည့် တိုင်းပြည်ကို အကဲခတ်သည်။ ပြီးတော့ ထူးခြားသည့် အရည်ချင်းရှိ သည့်သူကို ရွေးချယ်သည်။

 

ကျောင်းတက်သည့် ခြောက်လတာ ကာလအတွင်း တင်ဂီရိသည် နာမည်ကျော်ကြားသူ တစ်ယောက်ဖြစ်လာခဲ့သည်။ ကျောင်းမှ ကျင်းပသည့် မြင်းစီးပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ တိုက်ခိုက်ရေးပွဲများတွင် တင်ဂီရိကို ယှဉ်နိုင်သူမပေါ်သေးပေ။ ခြောက်လကြာပြီးနောက် တင်ဂီရိ၏ နောက်လိုက်များစွာကို ရရှိလာခဲ့သည်။

 

သူတို့သည် တင်ဂီရိ၏ အရည်သွေးကို လေးစားသည်။ တင်ဂီရိ၏ ပညာကို အထင်ကြီးသည်။ တင်ဂီရိ၏ အတွေးခေါ် များကို သဘောကျပြီး လိုလိုလားလားဖြင့် တင်ဂီရိနှင့် လာရောက်ပူးပေါင်းသည့်သူများ တစ်စတစ်စ များပြား လာခဲ့သည်။

 

ဆူမီရာသည် အော်ခေါ်ရင်း နောင်တော် တင်ဂီရိအဆောင်ထဲကို ၀င်လာခဲ့သည်။ ဒီငွေတောင်ပြည်ကို နောင်တော် ရောက်လာခဲ့တာ နှစ်နှစ်ရှိခဲ့လေပြီ။ ဒီနှစ်နှစ်အတွင်း ဆူမီရာလည်း နောင်တော့် နောက်ကို တကောက်ကောက်လိုက် ရင်း ကြီးပြင်းလာခဲ့သည်။ ယခုလည်း နောင်တော်နှင့် သက်တန့်တောင်ပေါ် သွားရန် ချိန်းထားသဖြင့် အတန်းလစ် ကာ အဆောင်ကိုလာခဲ့ခြင်းဖြစ်သည်။

 

“နောင်တော် …နောင်တော်….”
 

“သခင်လေးအပြင်သွားပါတယ် မင်းသားလေး…”
 

“နောင်တော် ဘယ်သွားတာလဲ ကိုယ်ရံတော်ကြီး…”
 

“ကျွန်တော်မျိုးတို့လည်း မသိဘူး မင်းသားလေး.. ပြန်လာရင် ဘာပြောပေးရမလဲ…”
 

“မပြောနဲ့။ ကျွန်တော် ဒီမှာစောင့်မှာ…. ”
 

အထိန်းတော်ကြီးက မင်းသားလေး ဆူမီရာကို သတိပေးလိုက်သည်။

 

“မင်းသားလေး ဒီနေ့ ကျောင်းသွားရမှာ မဟုတ်လား။ မင်းသားလေးရဲ့ ဦးရီးတော် စာပေပညာသင်မည့် နေ့နော်။ ဦးရီးတော်က သူ့အတန်းပျက်ရင် ဒဏ်ပေးလိမ့်မယ်…”
 

“အာ… ပေးပါစေ.. နောင်တော်က ဒီနေ့ အတူအပြင်သွားမယ်ပြောထားတာ… နောင်တော့်ကိုစောင့်မှာ…”

 

ဆယ်နှစ်သား ဆူမီရာ မင်းသားလေးသည် နောင်တော်တင်ဂီရိကို ပိုပိုပြီးခင်တွယ်လာခဲ့သည်။ နောင်တော်နှင့် ချိန်းထားလျှင် အကြောက်ရဆုံး ဦးရီးတော်၏ အတန်းကိုပင် လစ်ရဲသူဖြစ်သည်။ ယခုလည်း အထိန်းတော်ကြီး မည်မျှပြောပြော တင်ဂီရိ၏ အိပ်ယာပေါ်တက်အိပ်ကာ စာဖတ်ရင်းစောင့်နေသည်။ နေခြည်နွေးနွေးလေးက အခန်းထဲ ဖြာကျလာသည်။ သို့သော် ဆောင်းလေအေးကြောင့် ဆူမီရာက စောင်ကို ဆွဲကာခြုံလိုက်သည်။ အနွေးဓါတ်ကြောင့် စာဖတ်ရင်း မကြာခင် ဆူမီရာ အိပ်ပျော်သွားတော့သည်။
 

“သခင်လေးကို မင်းသားလေး စောင့်နေပါတယ် ..”
 

“ဟုတ်သားပဲ။ ဆူမီရာကို ဒီနေ့ အပြင်လိုက်ပို့ပေးမယ်။ သူစားချင်တာ ၀ယ်ကျွေးမယ် ပြောထားတာ။ စောင့်နေတာ ကြာပြီလား။”

 

“နာရီ တစ်မောင်းတော့ရှိပါပြီ သခင်လေး…”

 

တင်ဂီရိ အိပ်ခန်းထဲဝင်ခဲ့တော့ ထင်သည့်အတိုင်း မိမိအိပ်ယာထက်တွင် စောင်ကို ခြုံကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ငွေတောင်မင်းသားလေး ဆူမီရာ မိမိ၏ အသည်းကျော်လေးကို တွေ့လိုက်ရသည်။ နှင်းပွင့်လို့ ဖြူဆွတ်သည့် မျက်နှာပြင်လေးတွင် သွေးကြောမျှင်များကိုပင် တွေ့နေရသည်။ နဖူးပြင်ပြေပြေ၊ နှာတံပေါ်ပေါ်၊ နူတ်ခမ်းဖူးဖူးလေးနှင့် အင်မတန်ကို ချစ်စဖွယ် တွတ်တီးတွတ်တာ ပြောတတ်သည့် ဆူမီရာလေးသည် လူတကာ ကြောက်ရသည့် တင်ဂီရိ၏ အိပ်ယာထက်တွင် ပိုင်စိုးပိုင်နင်းနှင့် တက်ကာ အိပ်ပျော်နေတော့သည်။

 

“အရှင့်သား…”

 

မည်မျှငေးနေမိသည် မသိတော့ပေ။ အခန်းထဲ ၀င်လာသည့် ဆူမီရာ၏ အထိန်းတော်ကြီး၏ အသံကိုကြားလိုက်မှ တင်ဂီရိ သတိဝင်လာခဲ့သည်။ အထိန်းတော်ကြီးက တခုခုပြောချင်နေဟန်တူသဖြင့် အပြင်ကို ပြန်ထွက်လာခဲ့သည်။

မိမိတို့ စကားသံကြောင့် ဆူမီရာလေး နိုးသွားမည်ကို စိုးလှသည်။ အပြင်ကိုရောက်တော့ အထိန်းတော်ကြီးကို မေးလိုက်သည်.။
 

“ဘာများလဲ အထိန်းတော်ကြီး။ ဆူမီရာ ဒီနေ့ အတန်းမရှိဘူးလား..”

 

“ဦးရီးတော် မင်းသားကြီးရဲ့ စာပေပညာအတန်းပါ အရှင့်သား။ ”
 

တင်ဂီရိသိလိုက်လေပြီ။ ဦရီးတော် မင်းသားကြီးက အင်မတန်ကို စည်းကမ်းကြီးသည်။ စာပေပညာကို နှံ့စပ် ကျွမ်းကျင် ပြီး စည်းကမ်းကြီသောကြောင့် တင်ဂီရိပင် သိပ်မပျက်ပေ။ ယခု ထိုဆရာကြီး၏ အတန်းကို တူအရင်းခေါက်ခေါက်က လစ်လျှင် မည်မျှ ဒေါသထွက်ကာ အပြစ်ပေးခံရမည်ကို သိလိုက်သဖြင့် ချက်ချင်း အခန်းထဲဝင်ကာ ဆူမီရာလေးကို နိုးလိုက်သည်။

 

“ဆူမီရာ…ဆူမီရာ…”
 

“နောင်တော် ပြန်လာပြီလား..”
 

“အင်း…ထ..ထ.. သွားကြစို့.. အချိန်မရဘူး…”
 

“ဟုတ်ကဲ့…”

 

နောင်တော် လောဆော်သဖြင့် ဆူမီရာ ချက်ချင်းကို ထလိုက်သည်။ ဆူမီရာ၏လက်ကိုဆွဲကာ တင်ဂီရိ ချက်ချင်း ထွက်လာခဲ့သည်။ ဆူမီရာလေးက အနောက်မှအပြေးလေး လိုက်ပါလာခဲ့သည်။ တင်ဂီရိသည် အပြင်မှ အထိန်းတော်ကြီး လက်ထဲမှ ဆူမီရာလေး၏ စာအုပ်များထည့်ထားသည့် အိတ်ကို တလက်စတည်း ဆွဲယူလိုက်သည်။
 

“နောင်တော် ဘယ်သွားမှာလဲ။ နေဦးလေ…”
 

“လာ… အချိန်မရဘူး။”
 

တင်ဂီရိသည် ဆူမီရာလေးကို မြင်းပေါ်ပွေ့တင်ကာ စာသင်ခန်းရှိရာသို့ ဒုန်းစိုင်းတော့သည်။ ကျောင်းရှေ့သို့ရောက် သော် ဆူမီရာလေးကို မြင်းပေါ်မှ ချပေးကာ စာသင်ခန်းကို ဆွဲခေါ်လာတော့သည်။

 

“နောင်တော်… ကျွန်တော် ဒီနေ့ အတန်းမတက်ဘူးနော်… နောင်တော်နဲ့အတူတူသွားမှာ..”
 

“နောင်တော် မင်းကို စောင့်ပါ့မယ် ဒါပေမယ့် အတန်းတက်ရမယ်နော်..။ အတန်းမတက်ရင် ဆရာကြီးက စိတ်ဆိုးလိမ့်မယ်။”
 

“ဟင့်အင်း။ နောင်တော် စောင့်နေရမှာပေါ့…မတက်တော့ဘူး။ ဦးရီးတော်ပေးတဲ့ အပြစ်ကိုပဲ ခံယူလိုက်မယ်။”
 

“နောင်တော် အပြင်ကနေ စာဖတ်ရင်း စောင့်မှာပေါ့။ ပြီးတော့ ကျောင်းထဲမှာ နောင်တော် လုပ်စရာလေးရှိလို့..”
 

“နောင်တော် တကယ်ပြောတာလား။”

 

ဆူမီရာလေးက မျက်လုံးပုတ်ခတ် ပုတ်ခတ်နှင့် ပြန်မေးလိုက်သည်။ တင်ဂီရိသည် ဆူမီရာ၏ လက်ထဲကို လွယ်အိတ် ထည့်ပေးပြီး ပြောလိုက်သည်။ ဒီကလေး၏ အမူယာလေးများက အင်မတန်ကို ချစ်စရာကောင်းလွန်း လှသည်။
 

“တကယ်ပေါ့။ နောင်တော် ဘယ်တုန်းက လိမ်ဖူးလို့လဲ။ သွားတော့။ အတန်းစတော့မယ်.. နောင်တော် ကျောင်းထဲ သူငယ်ချင်းနဲ့ တွေ့စရာရှိတယ်။ပြီးရင် အတန်းအပြင်မှာ စာဖတ်ရင်း စောင့်မယ်။ နာရီ ၂ မောင်းတည်းဟာကိုကွာ။ ”
 

“နာရီ နှစ်မောင်းတောင်မှ….မတက်ချင်ဘူး။”
 

“မတက်ရင် နောင်တော်နဲ့ ဒီနေ့ အပြင်မလိုက်နဲ့။ နောင်တော့်ကြောင့် ဆူမီရာ အတန်းပျက်တယ်လို့ အပြောမခံ နိုင်ဘူး။ ”

 

တင်ဂီရိသည် နည်းနည်းဂျီကျနေသည့် ဆူမီရာကို မျက်နှာထားတည်တည်နှင့်ပြောလိုက်တော့ ဆူမီရာ မျက်နှာလေး ငယ်သွားပြီး တင်ဂီရိ၏ လက်ကလှမ်းကိုင်ကာ တောင်းပန်လိုက်သည်။
 

“နောင်တော်… ဆူမီရာ အတန်းသွားတက်ပါ့မယ်… နောင် ဘယ်တော့မှ အတန်းမပျက်တော့ပါဘူး။ ဆူမီရာ့ကို စိတ်မဆိုးပါနဲ့နော်။”

 

တင်ဂီရိသည် ဆူမီရာ၏ မျက်နှာလေးကို ငုံကြည့်ကာ ပြုံးလိုက်ပြီး ခေါင်းလေးကို အသာပွတ်ပေးကာ ပြောလိုက်သည်။

 

“နောင်တော်က ဆူမီရာကို အတော်ဆုံးဖြစ်စေချင်တယ်။ နောင်တော်က လူတော်တွေကိုပဲ သဘောကျတယ်။ ”

 

“စိတ်ချပါ နောင်တော်။ ဆူမီရာ အတော်ဆုံးဖြစ်စေရပါ့မယ်…”
 

“အတော်ဆုံးဖြစ်ချင်ရင် ကျောင်းမပြေးနဲ့။ကဲ သွားတော့။ ဆရာလာပြီ။”

 

ဆူမီရာသည် ဦးရီးတော် ဆရာကြီးကိုတွေ့တော့ အတန်းထဲကို ပြေးဝင်သွားတော့သည်။ ဆူမီရာ၏ ဦးရီးတော် ဆရာကြီး နာဒါချီ သည် မိမိတူတော်မောင် အတန်းပြေးသည်ဟု ကြားထားပြီး တင်ဂီရိ ကိုယ်တိုင် လိုက်ပို့ ပေးသည်ကိုတွေ့တော့ ကျေနပ်သွားသည်။ တင်ဂီရိကို ခေါင်းငြိမ့်ပြကာ စာသင်ခန်းထဲ ၀င်လာခဲ့သည်။ အတန်းထဲတွင် ဆူမီရာကို စာအုပ်ဖွင့်ကာ အသင့်စောင့်နေသည်ကိုတွေ့ရတော့မှ သက်ပြင်းချလိုက်သည်။ ညီမတော် အလိုလိုက်လွန်းလို့ တူတော်မောင် ဆိုးသွမ်းမည်ကို စိုးရိမ်နေရာမှ တင်ဂီရိ၏ စကားကိုနားထောင်သည်ကိုတွေ့တော့ အနည်းငယ်စိတ်အေးသွားခဲ့သည်။

 

ဆူမီရာသည် နောင်တော်ကို ကတိပေးပြီးနောက် စာသင်ချိန်တွင် အတန်းအပြင်ကို တချက်တချက်ကြည့်သည် ကလွဲလို့ စာကိုသေချာစွာလိုက်ပြီး လေ့လာသင်အံသည်။ ဦးရီးတော် ရေးခိုင်းသည်ကိုလည်း လိုက်ရေးသည်။ အတန်းပြီးသွားတော့ အပြင်ကိုထွက်လာစဉ် နောင်တော် ပြုံးကာ စောင့်နေသည်ကိုတွေ့တော့ ဆူမီရာ ၀မ်းသာ အားရပြေးသွားခဲ့သည်။ တင်ဂီရိသည် ဆူမီရာ၏ လက်ကို တွဲကာ အပြင်ကိုထွက်လာခဲ့သည်။ ကျောင်းဝင်းပြင် မြင်းဇောင်းမှ မိမိမြင်းပေါ်ကို ဆူမီရာလေးကို တင်ကာ လေဟုန်ကို ခွင်းပြီးထွက်လာခဲ့သည်။ လားရာကာ သက်တန့် တောင်ပေါ်သို့ဖြစ်သည်။

 

“နောင်တော်… ချမ်းတယ်…”

 

တောင်ပေါ်တက်တော့ ဆူမီရာလေး ချမ်းကာ တင်ဂီရိကိုပြောခဲ့သည်။ တင်ဂီရိက မိမိအိတ်ထဲမှ ၀တ်ရုံကြီးကို ထုတ်ကာ ဆူမီရာကို လွှမ်းခြုံပေးလိုက်သည်။ ထိုသို့ခြုံပေးသည်ကိုလည်း ဆူမီရာကလက်မခံပေ။
 

“နောင်တော်လည်းခြုံ၊ နောင်တော်အေးနေလိမ့်မယ်။”
 

“နောင်တော်က ရတယ် မင်းပဲခြုံ၊”
 

“ဟင့်အင်း။ နောင်တော် မခြုံရင် ဆူမီရာလည်းမခြုံဘူး။”
 

“ကဲ..ကဲ… မင်းသားလေးရဲ့ သဘော…”
 

တင်ဂီရိက ခြုံထည်ကို ခြုံလိုက်ပြီး ဆူမီရာက မိမိရင်ခွင်ထဲတိုးဝင်ကာ ခြုံထည်ကြားပုနေလိုက်သည်။

 

“အဟီး…အခုမှ ပိုနွေးတာ။ နောင်တော့်ကိုယ်ကအရမ်းနွေးတယ် သိလား…”

 

ဆူမီရာလေးက ပြောပြီး မိမိကိုယ်ကို တင်းကျပ်စွာဖက်ကာ ခြုံထည်အောက် နွေးထွေးစွာလိုက်ပါလာတော့သည်။ တင်ဂီရီလည်း ကလေးလေး၏ အပြောကြောင့် ပြုံးလိုက်မိပြန်သည်။ ဒီကလေး မိမိကို အမြဲပြုံးအောင် လုပ်ပေး နိုင်သည်။
 

x…………….x…………………..x……………..

 

ရံရွေတော်များသည် မင်းသားလေးကို ဒေါင်းတောက်အောင်လိုက်ရှာနေကြသည်။ စာသင်ချိန်တွင် ရုတ်တရက် မိဖုရားခေါင်ကြီးရောက်လာခဲ့စဉ် ဆရာဖြစ်သူ အမတ်ကြီး တစ်ယောက်တည်း စာဖတ်နေသည်ကို တွေ့ရပြီး မိမိသားတော် ယွမ်ချူးခန်ကို မတွေ့သဖြင့် မေးလိုက်သည်။ ထိုအခါ ဆရာက အကြောင်းစုံကို တင်လျှောက် လိုက်သည်။

 

“မင်းသားလေးက ကျွန်တော့်စာသင်ချိန်ကို တပတ်ကို တစ်ချိန်လောက်ပဲ တက်ပါတယ် သခင်မ…”
 

“သားတော်လေး ဘယ်မှာလဲ..အထိန်းတော်ကြီး… အခုချက်ချင်းသွားခေါ်ခဲ့စမ်း..”
 

“မှန်လှပါ သခင်မ…”

 

အထိန်းတော်ကြီးနှင့် အပါးတော်မြဲ ကုန်းကုန်းက ပြာယာခတ်ကာ မင်းသားလေးကို ဒေါင်းတောက်အောင် လိုက်ရှာကြသည်။ နောက်ဆုံး ဥယျာဉ်ထဲတွင် မိန်းကလေးများနှင့် ကစားနေသည့် မင်းသားလေးကိုတွေ့သော် အတင်းဆွဲခေါ်လာကြသည်။
 

“ငါ့ကို ဘာလို့ဆွဲရတာလဲ အပါးတော်မြဲကြီး…”

 

ယွမ်ချူးခန်က ဒေါသတကြီးနှင့် ပြောကာ လက်ကို အတင်းဆောင့်ဆွဲသည်။ အပါးတော်မြဲ ကုန်းကုန်းက ထိတ်ထိတ်ပျာပျာနှင့်ပြောလိုက်သည်။
 

“သခင်မ စာသင်ခန်းကိုရောက်နေတယ်…”
 

“ဟာ…သေတော့မှာပဲ…. မယ်မယ့်ကို ဘယ်သူသွားပြောလိုက်တာလဲ…”

 

ယွမ်ချုးခန်က အလန့်တကြားနှင့် ပြေးထွက် မည်အပြု အပါးတော်မြဲ့ လက်သွက်သွက်နှင့် ဖမ်းဆွဲကာ ခေါ်လာခဲ့သည်။
 

“မင်းသားလေး သခင်မက ခေါ်ခိုင်းလို့ပါ။ မလိုက်လို့ မဖြစ်ဘူး.. မင်းသားလေး မလိုက်ရင် ကျွန်တော်မျိုးတို့ အသတ်ခံရလိမ့်မယ်….”
 

“မလိုက်ဘူး။ ခမည်းတော်ဆီသွားမယ်….”

 

 

ယွမ်ချုးခန်က ခမည်းတော် မင်းကြီးထံပြေးရန်ကြံသော်လည်း အပါးတော်မြဲက ပါးသွားလေပြီ။ လက်အောက်မှ အပါးတော်မြဲ လက်နှစ်ယောက်ကို အချက်ပြကာ မင်းသားလေးကို အတင်းပွေ့ချီကာ သခင်မ ဘုရားထံသို့ ခေါ်လာခဲ့သည်။
 

“လွှတ်..ငါ့ကိုလွှတ်…မလိုက်ဘူး..မလိုက်ဘူး… ခမည်းတော်…ခမည်းတော် ဘုရား…”

 

ယွမ်ချူးခန်က ကလေးလို အော်ဟစ်ရုန်းကန်ရင်း မယ်တော်ရှေ့ကိုရောက်လာခဲ့သည်။
 

“သားတော်…”

 

မယ်တော် ဟော်သွန်း၏ အသံကိုကြားတော့ ယွမ်ချူးခန် အသံတိတ်သွားသည်။ အပါးတော်မြဲများက မင်းသားလေးကို မိဖုရားခေါင်ဟော်သွန်းရှေ့တွင် ချပေးပြီးနောက် ရို့ရို့လေး ရုပ်နေကြသည်။ ဟော်သွန်းက အားလုံးကို ဝေ့ကြည့်ကာပြောလိုက်သည်။

 

“အားလုံးထွက်သွားကြ။ တံခါးကို အပြင်ကနေ ပိတ်ထားလိုက်။ ”

 

ယွမ်ချူးခန် တုန်သွားသည်။ သိလိုက်ပြီ။ မယ်မယ် မိမိကို အခန်းပိတ်ကာ ရိုက်တော့မည်။ ယွမ်ချူးခန်က မယ်မယ့်ကို မော့ကြည့်လိုက်တော့ ထာဝစဉ် နူးညံ့သော မယ်မယ့် မျက်ဝန်းက မာကျောနေသဖြင့် မရိုက်ရသေးခင် မျက်ရည်က

စိမ့်ကျလာခဲ့သည်။
 

“အထိန်းတော်ကြီး ကြိမ်လုံးယူခဲ့…”

 

ထိုအသံကိုကြားသော် ယွမ်ချူးခန်က မယ်မယ့်ရှေ့တွင် ဒူးထောက်ကာ မျက်ရည်ကျရင်း တောင်းပန်ရတော့သည်။
 

“မယ်မယ်… သားတော် တောင်းပန်ပါတယ်။ သားတော် နောက် အတန်း မလစ်တော့ပါဘူး။”

 

ဟော်သွန်းက စကားတစ်ခွန်းမှ မပြောပဲ ကြိမ်လုံးကို လှမ်းယူကာ အထိန်းတော်ကြီးကို ပြောလိုက်သည်။
 

“မင်းသားလေးကို မတ်တပ်ရပ်ခိုင်းလိုက်။”
 

“မယ်မယ်… မယ်မယ်…. ဟင့်အင်း…”

 

အထိန်းတော်များကလည်း ကြောက်ကြောက်နှင့် မင်းသားလေးကို မတ်တပ်ဆွဲထူလိုက်ကြသည်။ ခါတိုင်းဆိုလျှင် မင်းသားလေးက ခြေထောက်နှင့်လှမ်းကန်မည်ဖြစ်သော်လည်း မယ်တော်ရှေ့ဖြစ်သောကြောင့် အလိုက်သင့် မတ်တပ်ရပ်ရင်း သူ့မယ်တော်ကို တောင်းပန်နေသည်။
 

“မင်း အပြစ်ကို သိတယ်မလား ယွမ်ချူးခန်…”
 

“သိ..သိပါတယ်…မယ်မယ်…”
 

“ရွှမ်း…ရွှမ်း…”
 

“အား…မယ်မယ်…နာတယ်… မယ်မယ်… နောက် သားတော် အတန်းမလစ်တော့ပါဘူး…အား…မယ်မယ်..”

 

အဆောင်ထဲတွင် ကြိမ်လုံးသံနှင့် နန်ကျောင်ပြည်၏ မင်းသားလေး ယွမ်ချူးခန်၏ အော်ငိုသံသာ ဆူညံနေတော့သည်။

ဆယ်နှစ်သားဖြစ်သည့်တိုင် ကလေးလို ဆိုးသွမ်းကာ အော်ဟစ်ငိုယိုနေသည့် အသံကိုကြားသော် အပြင်မှ ကုန်းကုန်း များက ကြိတ်ကာ ပြုံးနေမိသည်။ နန်ကျောင်ပြည်၏ အိမ်ရှေ့စံ မင်းသားလေး ယွမ်ချူးအာ၏ သာယာနာပျော်ဖွယ် ငိုသံကား ကြားရခဲသည် မဟုတ်လား။ နေ့တိုင်း အနိုင်ကျင့်လွန်းသည့် ဆိုးသွမ်းလှသည့် မင်းသား၏ ဒဏ်ကို ခံရသဖြင့် ကုန်းကုန်းများက ကြိတ်ကာ ၀မ်းသာနေကြသည်။

 

ထိုစဉ် ခန်မင်းကြီး ကြွလာသဖြင့် ကုန်းကုန်းနှင့် အခြွေရံအားလုံး ရုပ်ရုပ်သဲသဲဖြစ်သွားကြသည်။

 

“မိဖုရားကြီး အထဲမှာလား…”

 

“ဟုတ်ပါတယ် မင်းကြီး။”

 

ကာလိုခန် မင်းကြီးက အထဲကိုဝင်လိုက်တော့ မြင်ရသည့် မြင်ကွင်းက ရင်ကွဲမတတ်ခံစားလိုက်ရသည်။ မိမိ၏ ချစ်လှစွာသော မိဖုရားဟော်သွန်းက အသည်းကျော် သားတော်လေး ယွမ်ချူးခန်ကို ကြိမ်လုံးနှင့် ရိုက်နှက်နေသည် မဟုတ်လား။
 

“နှမတော်…”

 

“ခမည်းတော်….ဟီး..ဟီး….သားတော်ကို ကယ်ပါဦး။”
 

“သားတော်လေး…လာ…လာ… ခမည်းတော်ဆီကို…”

 

ဟော်သွန်းက ကြိမ်လုံးကို အထိန်းတော်လက်ထဲ ကမ်းပေးကာ မင်းကြီးဘေးမှ ဖြတ်လျှောက်ကာ အပြင်ကို ထွက်လာခဲ့သည်။ ခန်မင်းကြီးသည် ဟော်သွန်း စိတ်ဆိုးသွားသည်ကိုသိလိုက်ကာ သားတော်ကိုချော့ရင်း အထိန်းတော်ကို ပြောလိုက်သည်။
 

“သမားတော်ခေါ်ပြီး သားတော်ကို ဆေးထည့်ပေးလိုက်။ သားတော်လေး…. အိပ်ယာပေါ်မှာ လှဲနေနော်။ ခမည်းတော် မင်းရဲ့ မယ်မယ်နောက်ကို လိုက်ပြီး တောင်းပန်ပေးမယ်…. မယ်မယ် စိတ်ဆိုးနေတယ်..”

 

ယွမ်ချူးခန်က မယ်မယ် ဒီလောက်နဲ့ စိတ်မပြေသည်ကို သိသောကြောင့် ခမည်းတော်ကို အားကိုးတကြီးပြော လိုက်သည်။
 

“မယ်မယ့်ကို ရအောင် တောင်းပန်ပေးနော် ခမည်းတော်ဘုရား။ မယ်မယ့်ကို ကြောက်တယ်… ”
 

“အေး..အေး…ခမည်းတော် လိုက်ပြောပေးမယ်နော်..”

 

ကာလိုခန် မင်းကြီးက ဟော်သွန်း၏ အဆောင်ကို အပြေးလာခဲ့သည်။ လမ်းတွင် သက်ပြင်းချလိုက်သည်။ ဟော်သွန်းက မိမိကို ကြိုပြောထားပြီးသား။ သားတော်လေးကို ဆုံးမနေစဉ် လုံးဝ ၀င်မပါရန် ပြောထားသည့်ကြားက သားတော်လေး အရိုက်ခံရမည်ကို သိတော့ ဘယ်လိုမှ မနေနိုင်ပဲ လိုက်လာပြီးတားလိုက်မိသည်။ မိမိကိုလည်း ဟော်သွန်း စိတ်ဆိုးမည်ကို တွေးကာ သက်ပြင်းသာ အကြိမ်ကြိမ်ချနေမိသည်။

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet