စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (34)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (34)

 

သက်တော်စောင့်များက အကမယ်များကို မောင်းထုတ်ပြီးတံခါးပြန်ပိတ်ထားလိုက်သည်။ ကြီးကြပ်ရေးမှုးကို လူနှစ်ယောက်က ချုပ်ထားပြီးကျန်လူက သွားကို ရိုက်ချိုးမည် အပြု ကြီးကြပ်ရေးမှုးက မိမိသခင် အမည်ကိုအော်ပြောလိုက်သည်။

 

“ခဏနေပါဦး.. ကျွန်တော့်ကို ထိခိုက်အောင် လုပ်ရင် သခင်လေးတို့ တိုင်းပြည်ထဲက အေးအေးဆေးဆေး ထွက်သွားလို့ ရမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဆိုင်ပိုင်ရှင်က မင်းသားရှောင်ဖုန်းပါ.. ”
 

 “မင်းသားရှောင်ဖုန်းမကလို့ ဘာဖြစ်ဖြစ် ..မင်းတို့က ငွေလိမ်ယူချင်လို့ အပြစ်ပေးရမှာပဲ။ သူ့သွားတွေကိုရိုက်ချိုးပစ်စမ်း။ နောက်ခါ ဧည့်သည်ကိုမလိမ်ရဲအောင်…”
 

ကီလာတိုင်က အေးစက်စက်ပြန်ပြောကာ သက်တော်စောင့်ကို အချက်ပြလိုက်သည်။ သက်တော်စောင့်က အရက်အိုးနှင့် မျက်နှာကိုပစ်ပေါက်မည်အပြု ဆူမီရာက လှမ်းတားမည်အပြု ကြီးကြပ်ရေးမှုးက အမြန်ပြောလိုက်သည်။

 

“နေပါဦး..ကျွန်တော် မေ၀ါးကို ရအောင်စီစဉ်ပေးပါ့မယ် သခင်လေး..”
 

“အဲ့လိုလုပ်စမ်းပါ.. ကဲ မင်းတပည့်ကိုလွှတ်ပြီး မေ၀ါးကိုခေါ်ခိုင်းလိုက်… ”
 

“ကျွန်တော်ကိုယ်တိုင် သွားခေါ်မှရမှာမို့ပါ…”
 

“မင်းရဲ့သခင် နာမည်ကိုသုံးလိုက်ရင် ဘယ်အကောင်က မေ၀ါးကိုဆွဲထားရဲမှာလဲ။ သွား မင်းတပည့်တယောက်ကိုလွှတ်ပြီး ခေါ်ခိုင်းလိုက်…လူလိုပြောတာ နားမလည်ဘူးထင်တယ်။ သွေးနည်းနည်းထွက်အောင်လုပ်လိုက်စမ်း..”
 

ကီလာတိုင်၏ စကားသံအဆုံး သက်တော်စောင့်က ဓါးဆွဲထုတ်ပြီးဖြစ်သည်။ ဆူမီရာသည် ကီလာတိုင်နှင့် ကြီးကြပ်ရေးမှုးတို့ ပြောဆိုနေသည်ကိုနားထောင်ရင်း ကီလာတိုင် မေ၀ါးဆိုသည့် မိန်းကလေးကို တွေ့ချင်သည်ကို ရိပ်မိလာသည်။ အကြောင်းတခုခုရှိမည်ကိုသိလို့ ငြိမ်ကာကြည့်နေလိုက်သည်။

 

“ရွှမ်း…”
 

“ဟေ့.. အားသုန်းကို သွားပြောလိုက်စမ်း.. မေ၀ါးကို အထူးခန်းကိုချက်ချင်းလွှတ်လိုက်လို့၊ပြီးတော့ သူဌေးကြီးကို အလှမယ်ရိရှုကိုလွှတ်ပြီး ဧည့်ခံခိုင်းလိုက်။ ရိရှု ရဲ့ဧည့်သည်ကို သူကြိုက်တဲ့နှစ်ချို့အရက် တပုလင်းနဲ့ အကအဖွဲ့ကို လွှတ်ပေးလိုက်..”
 

ကြီးကြပ်ရေးမှုးဆိုသည့်လူသည်လည်း အတော့်ကို ပေကတ်ကတ်နိုင်လှသည်။ သက်တော်စောင့်ဓါးဆွဲထုတ်မှ မလွဲသာပဲ အခန်းထဲမှ တယောက်ကို အမိန့်ပေးတော့သည်။

 

“မင်းစီမံတာ တော်တာပဲ။ ဒါကြောင့် ဒီနေရာကို ကြီးကြပ်ခွင့်ရတာ..ကဲ..ကဲ.. ကျုပ်တို့နဲ့ တစ်ဝိုင်းတည်းထိုင်ပြီး စားသောက်ပါဦး…”


ကီလာတိုင်က မိမိသက်တော်စောင့်များကိုလွှတ်ပေးရန် အချက်ပြပြီး ကြီးကြပ်ရေးမှုးကို မိမိရှေ့ခုံတွင်ထိုင်ရန်ပြလိုက်သည်။ သို့သော်ကြီးကြပ်ရေးမှုးက မိမိ၏ နာသွားသော ပုခုံးကို လက်နှင့်ပွတ်ကာ မကြည်မသာနှင့်ပြောလိုက်သည်။ မင်းသားရှောင်ဖုန်း၏ စားသောက်ဆိုင်တွင်လုပ်လာသည့် သက်တမ်းတွင် ယခုလို တခါမှ အနိုင်ကျင့်မခံရဘူးသဖြင့် ဒေါသက အလှိမ့်လိုက်ထွက်နေသည်။ ဒါကြောင့် ရုပ်ချောသလောက် ရက်စက်သည့် လူငယ်လေးကိုငြင်းလိုက်သည်။

 

“ကျွန်တော်တို့က ဧည့်သည်နဲ့အတူထိုင်မစားရပါဘူး..”
 

“မင်းကို ကျုပ်က ထိုင်စေချင်ရင် ထိုင်လိုက်တာ အကောင်းဆုံးပဲဆိုတာ သိတယ်မလား… ”

 

 ကီလာတိုင်၏ အေးစက်စက် စကားလုံးများကိုကြားသော် ချက်ချင်းထိုင်ချလိုက်သည်။

 

ခဏနေတော့ အစိမ်းဖျော့ရောင်ကို ၀တ်ထားသည့် မိန်းကလေးတစ်ဦး ဗျပ်စောင်းကိုပိုက်ကာ ရောက်လာခဲ့သည်။ မိန်းကလေး၏ ရုပ်ရည်က သိပ်ပြင်ဆင်မထားပဲ ယဉ်မွန်ကာ အထက်တန်းစားရုပ်ပေါ်လွင်နေသည်။ ပြီးတော့ နာကြည်းသည့် မျက်ဝန်းများနှင့် မိန်းကလေးကိုကြည့်ရတာ ဒီလို အပျော်မယ်ထားသည့် စားသောက်ဆိုင်နှင့်လားလားမှ မအပ်စပ်သည့်မိန်းကလေးဆိုတာ ဆူမီရာချက်ချင်းသိလိုက်သည်။

 

“မင်းက မေ၀ါးလား..”

“မှန်ပါတယ် သခင်လေး..”
“စစ်သူကြီး ဗော်ချူးရဲ့သမီးတော် မေ၀ါးလား..”

“မှန်ပါတယ်.. ကျွန်မ ဘယ်တေးဂီတကို တီးရမှာလဲရှင်…”
 

ကြီးကြပ်ရေးမှုးသည် ကီလာတိုင်နှင့် မေ၀ါးတို့အပြန်လှန်ပြောနေသည့်စကားကိုကြားသော် ထိတ်လန့်လာခဲ့သည်။ မိမိခေါင်းဆင်နင်းပြီဆိုတာကိုသိကာ လစ်ပြေးရန်ကြံတော့သည်။ မိမိသခင် မင်းသားရှောင်ဖုန်းကိုပြေးပြီး သတင်းပို့မှဖြစ်မည်။

 

“မေ၀ါးလည်းရောက်ပြီဆိုတော့ ကျွန်တော့်ကို သွားခွင့်ပြုပါတော့..”
“ဒုတ်…”

 

သို့သော် ကီလာတိုင် သက်တော်စောင့်၏လက်ချက်ဖြင့် ချက်ချင်းလောကကြီးနှင့်အဆက်ပြတ်သွားတော့သည်။ မေ၀ါးသည် ထိုမြင်ကွင်းကို ကြည့်ကာ မတုန်မလှုပ်နှင့်သာနေသည်။


“မင်းရဲ့ ဖခင်ကြီးဗော်ချူးအသတ်ခံလိုက်ရတာကို ကြားလိုက်ရတယ်။ ဒါပေမယ့် စစ်သူကြိး မိသားစု အားလုံး ပျောက်ကွယ်သွားလို့ မသင်္ကာလို့ မင်းကို ကယ်တင်ပေးဖို့ အကူညီလာတောင်းထားတဲ့သူ ရှိတယ်။ မင်းကို သူတို့ ခိုင်းစားထားမယ်ဆိုတာ မထင်ထားဘူး။ မင်းသားေ၇ှာင်ဖုန်း အတော်ကို အတင့်ရဲတာပဲ..ကဲ.. ယောကျာ်းလေး အ၀တ်လဲလိုက်ပါ။ ဒီကနေ အမြန်ထွက်မှာဖြစ်မယ်..”


“ကျွန်မကိုသူတို့ အဆိပ်တမျိုးကြွေးထားတယ်.. ပြီးတော့ ကျွန်မ မိသားစုတွေကို ဖမ်းထားတယ်..ကျွန်မသွားရင် မိသားစု အသတ်ခံရလိမ့်မယ်။”


“မင်းရဲ့ မိသားစုကို သူတို့သတ်ပစ်လိုက်ကြပြီ.. လွန်ခဲ့တဲ့ တပတ်ကတည်းက အားလုံးအသတ်ခံလိုက်ရတယ်.. ”

 

ထိုသတင်းကိုကြားတော့ မေ၀ါးယိုင်ခနဲဖြစ်သွားသဖြင့် ဆူမီရာက ဖမ်းထိန်းလိုက်ရသည်။ မေ၀ါးကိုအရမ်းလည်းသနားသွားမိသည်။ သူမခမျာ ဒီဒဏ်ကို ဘယ်လိုခံနိုင်မလဲဟုတွေးမိသည်။ လက်တွေ့လောကကြီးက ကြမ်းတမ်းလှသည်ကို ရင်နာစရာသိလိုက်ရသည်။ သို့သော်ကီလာတိုင်က ဆူမီရာကဲ့သို့တွေးပုံမရပါ။ ချက်ချင်းမေ၀ါးကို ပြောလိုက်သည်။
 

“ဒီကနေ အရင်ထွက်ရအောင်။ မင်းကလဲ့စားချေချင်ရင် အရင်ဆုံးအသက်ရှင်နေမှဖြစ်မယ်..”

 

မေ၀ါးက မျက်ရည်များကြားမှ ခေါင်းငြိမ့်ကာ ယောကျာ်းလေး အ၀တ်ကို အမြန်လဲပြီး ကီလာတိုင်တို့နှင့်အတူထွက်ခဲ့သည်။ ကီလာတိုင်သည် အခန်းထဲမှမထွက်ခင် သက်တော်စောင့်ကို မျက်ရိပ်ပြလိုက်သည်။ သက်တော်စောင့်က ချက်ချင်း စားသောက်ဆိုင်ကြီးကြပ်ရေးမှုးနှင့် ၀န်ထမ်းတစ်ဦးကို ဓါးနှင့်ထိုးသွင်းကာ နူတ်ပိတ်လိုက်သည်။ဒါကို မေ၀ါးနှင့် အတူအပြင်ကိုထွက်သွားသည့် ဆူမီရာ မမြင်လိုက်ပေ။

 

ကီလာတိုင်နှင့် ဆူမီရာတို့ စားသောက်ဆိုင်ထဲမှ ထွက်လာပြီးနောက် စားသောက်ဆိုင် အနောက်ဘက် အရက်သိုလှောင်ရုံမှ စပြီး မီးလောင်ခဲ့သည်။ သူဌေးသူကြွယ်များအပြေးအလွှားထွက်ခွာသော်လည်း တချို့ပိတ်မိကာ မီးတောက်ကြီးက တဆိုင်လုံးကို အရှိန်ပြင်းပြင်းနှင့်လောင်ကျွမ်းသွားတော့သည်။

x----------x---------------x-----------------

 

လီနန်းတွင်းထဲရှိ မင်းသားရှောင်ဖုန်း၏ အိမ်တော်တွင် သတင်းဆိုးကြောင့် စားသောက်ဆိုင်ပိုင်ရှင် မင်းသားရှောင်ဖုန်း ဒေါသနှင့်အော်ဟစ်လိုက်သည်။


“ဘာ…စားသောက်ဆိုင် မီးလောင်ပြီး လူတွေ ပိတ်မိနေတယ်ဟုတ်လား…”

 

မင်းသားရှောင်ဖုန်းချက်ချင်းလိုက်လာသည့်တိုင် စားသောက်ဆိုင်ကို မီးလုံးကြီးဝါးမျိုသွားသည်ကို ဒီအတိုငးကြည့်နေရပြီး တောက်ခေါက်လိုက်သည်။ မကြာခင် ဦးရီးတော် မင်းကြီး၏ စစ်ဆေးမေးမြန်းချက်ကို ခံရတော့မည်ကိုတွေးကာ အမြန် စီစဉ်စရာရှိတာ စီစဉ်လိုက်တော့သည်။
 

“ဒီစားသောက်ဆိုင်ကို အာနန်ပြည်က သူလျှိုတွေက မီးရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့ သတင်းဖြန့်လိုက်စမ်း…”
 

မင်းသားရှောင်ဖုန်းသည် မီးလောင်ပြင်ကိုကြည့်ကာ မကြာခင် မိမိခြေတလှမ်းတိုးသင့်ပြီဆိုတာ တွေးလိုက်မိသည်။ ဒီနေရာနှင့် မိမိ မတင်းတိမ်တော့တာကြာပြီ။ ဒါကြောင့်…ခုအဖြစ်ပျက်ကို ခုတုံးလုပ်ပြီး နန်းသိမ်းရမည်။

 

တည်းခိုခန်းသို့ရောက်သော် မေ၀ါးပျော့ခွေကျသွားတော့သည်။ ဦးခေါင်းက ဆူမီရာ၏ ပုခုံးပေါ်တင်နေသည်။ ကီလာတိုင်သည် သက်တော်စောင့်ကို ချက်ချင်းသမားတော်ခေါ်ခိုင်းလိုက်သည်။ မေ၀ါးသေလို့မဖြစ်သေးပေ။ သူမဆီက တန်ဖိုးရှိသည့် တစုံတရာရှိသေးသည်။

 

“မေ၀ါး ..မေ၀ါး.. သမားတော်ခေါ်ကြစမ်း..”
“မခေါ်နဲ့.. မင်းသားရှောင်ဖုန်းက ငါတို့နောက်ကို လိုက်လာလိမ့်မယ်.. ငါ ကုကြည့်မယ်..”

 

ဆူမီရာက မင်းသားရှောင်ဖုန်းတို့လိုက်လာမည်စိုးသဖြင့် ချက်ချင်းတားလိုက်သည်။ မိမိဆေးပညာက မေ၀ါးကို ပျောက်အောင်မကုနိုင်တောင် ထိန်းထားနိုင်မည်ဟု ယုံကြည်သည်။ မေ၀ါး၏ လက်ကောက်ဝတ်သွေးကြောကိုစမ်းကြည့်ပြီး ငွေအပ်ကိုယူကာ သွေးကြောတစ်နေရာကိုထောက်ကြည့်ပြီး စိုးရိမ်စိတ်လျော့သွားသည်။ ကီလာတိုင်လည်း ဆူမီရာ၏ ဆေးပညာအကြောင်းကိုကြားဖူးထားသဖြင့် စိတ်ချသွားသည်။ တကယ်တမ်းက ဆူမီရာကို ကုစေချင်သော်လည်း သူ့ကိုတိုက်ရိုက်ပြောလျှင် တမျိုးမြင်မည်စိုးသဖြင့် အပြင်သမားတော်ကို ခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်။ ဒါဆိုလျှင် ဆူမီရာ သေချာပေါက်ကုပေးမှာသေချာသည်။

 

“ဘယ်လိုနေသေးလဲ..”
 

“တော်သေးတယ်.. အဲ့အဆိပ်ကို ငါဖြေပေးနိုင်တယ်။ လိုတဲ့ ဆေးတွေကိုတော့ ပရဆေးဆိုင်ကနေ၀ယ်ရမယ်.. သူ့ကိုအဆိပ်ဖြေဆေးတိုက်ပြီး အပ်စိုက်ရမယ်။ ပြီးရင်သွေးကြောထဲက အဆိပ်ကို ဆေးရည်စိမ်ခိုင်းပြီး စိမ့်ထွက်အောင်လုပ်ရမယ်..”

 

ကီလာတိုင်သည် ဆူမီရာ၏ စကားကြောင့် စိတ်သက်သာရာရသွားခဲ့သည်။ ဆူမီရာလိုအပ်သည်ကို ချက်ချင်းစီစဉ်ပေးလိုက်သည်။ ညချင်းတွင်း ပရဆေးဆိုင်သို့ သက်တော်စောင့်ကိုလွှတ်ကာ လိုအပ်တာကို တိတ်တဆိတ်ယူငင်စေလိုက်သည်။ နိုးပြီးဝယ်လို့ကတော့ မီးခိုးကြွက်လျှောက်လိုက်လာတော့မည်။

 

အပ်စိုက်ပေးမှုနှင့် သွေးကြောများကိုနှိပ်နယ်ပေးမှုကြောင့် မေ၀ါးသတိရလာခဲ့သည်။ မိမိကိုချွေးပြိုက်ပြိုက်ကျအောင်ခြေဖ၀ါး အကြောဆုံနေရာကို နှိပ်ပေးနေသည့် လူငယ်ချောလေးကို ကျေးဇူးတင်စကားပြောလိုက်သည်။

 

“သခင်လေး.. ကျေးဇူးတင်ပါတယ်.. ကျွန်မမှာ သခင်လေးပေးတဲ့အသက်ပဲရှိပါတော့တယ်..”
 

“ကီလာတိုင်ရဲ့ကျေးဇူးကြောင့် မင်းကို စားသောက်ဆိုင်က ကယ်လာနိုင်တာပါ။ စိတ်ထဲဘာမှ မတွေးနဲ့။ မင်းကို အပ်စိုက်တဲ့အချိန် စိတ်ပျံ့လွင့်လို့မဖြစ်ဘူး။ မင်းရဲ့ မိသားစုအတွက် စိတ်ကိုစုစည်းထားပါ.”
 

“စိတ်ချပါ။ကျွန်မ အသက်ရှင်နေမှဖြစ်မယ်… သခင်လေး ကီလာတိုင်နဲ့ သခင်လေး ဆူမီရာကို ကျေးဇူးတင်ပါတယ်..”

 

မေ၀ါးသည် မိမိကိုဆေးကုပေးနေသည့် သခင်လေး၏ စကားကြောင့် နံဘေးမှာ သခင်လေးကိုလည်း ကျေးဇူးတင်စကားပြောလိုက်သည်။ သူတို့ကိုပြောသလို မိမိအသက်ရှင်ချင်သေးသည်။ မိမိမိသားစုကို သတ်ဖြတ်သည့် မင်းသားရှောင်ဖုန်းကို ကလဲ့စားမချေရသေးသရွေ့သေလို့မဖြစ်ပါ။ ပြီးတော့ ဖခင်ကြီး၏ မပြီးပြတ်သေးသောအလုပ်ကို မိမိဆက်လက်ထမ်းဆောင်ရမည်။ အရှင့်ထံသတင်းပို့ရဦးမည်။


“ကီလာတိုင်။ ငါသူ့ကိုအပ်စိုက်ကုပေးတော့မယ်။ မင်း ငါတို့ကို အခန်းပြင်ကနေ ဘယ်သူမှနှောက်ယှက်လို့မရအောင် စောင့်ပေးထားပါ..”

“ကောင်းပြီ ဆူမီရာ။ စိတ်ချလက်ချသာကုပါ။ မင်းရဲ့အခန်းထဲ ဘယ်သူမှမ၀င်လာစေရဘူး။”

 

ကီလာတိုင်သည် ဆူမီရာကိုကတိပေးပြီး လုံခြုံရေးစီစဉ်ရန် အပြင်ကိုထွက်လိုက်သည်။ ပြီးတော့ ဆူမီရာ လွတ်လွတ်လပ်လပ် ဆေးကုနို်င်ရန် ရှောင်ပေးလိုက်သည်။

 

မေ၀ါးသည် ဆူမီရာဆိုသည့် နာမည်ကိုကြားသော် စိတ်အားတက်သွားခဲ့သည်။ မိမိကြားဖူးသည့် ဆူမီရာသာဆိုလျှင် မိုးနတ်မင်းက မိမိတို့ကို ကယ်တင်စောင်မရန် လွှတ်လိုက်ခြင်းဖြစ်မည်။ ဒါကြောင့် လူသတ်ရိပ်လွှမ်းသည့် လူချောလေး မရှိခိုက် အကြင်နာမျက်ဝန်းရှိသည့် မင်းသားလေးကိုတီးတိုးမေးလိုက်သည်။


“သခင်လေး.. သခင်လေးက ငွေတောင်မင်းသား ဆူမီရာလား..”
 

“ဟုတ်တယ်.. ဒါဆို တင်ဂီရိ သခင်လေးနဲ့တွေ့တဲ့အချိန် ဒီလက်စွပ်ကို ပေးပေးပါ..”
 

မေ၀ါး ၀မ်းသာလွန်းလို့ ချက်ချင်းထထိုင်ပြီး မိမိရင်ဘတ်ကို နှိုက်ကာ လုံခြုံစွာသိမ်းဆည်းထားသည့် လက်စွပ်ကို ထုတ်ကာ ဆူမီရာမင်းသားလေး လက်ထဲကိုထည့်ပေးလိုက်သည်။ ဘုရားမလို့ မိမိကို ကယ်ဖို့ ဆူမီရာမင်းသားလေးကို တည့်တည့် လွှတ်ပေးလိုက်ခြင်းက မိမိတို့ ခံစားရသည်ကို တရားမျှတအောင် ယေစုကိုင်းအရှင်က အားလုံးလုပ်ဆောင်ပေးမည့်သဘောပင် ဖြစ်သည်ဟု မေ၀ါးယုံကြည်သည်။

 

ဆူမီရာသည် နောင်တော်တင်ဂီရိအမည်ကို ထုတ်ပြောလာသည့် မေ၀ါးကို အံ့အားသင့်ကာ ပြန်မေးလိုက်သည်။

 

“ဟင်..မင်းက နောင်တော် တင်ဂီရိကိုသိသလား..”
 

“ဟုတ်ကဲ့။ ကျွန်မရဲ့ဖခင်စစ်သူကြီးက သခင်ကြီး ယေစုကိုင်းရဲ့ လက်ရုံးတစ်ယောက်ပါ။ ဒီလက်စွပ်က ကျွန်မအဖေရဲ့လက်စွပ်ပါ။ မင်းသားလေးကလွဲပြီး ဒီလက်စွပ်အကြောင်းကို ဘယ်သူမှမသိပါစေနဲ့။ကျွန်မအသက်ကို ကယ်ခဲ့တဲ့ သခင်လေး ကီလာတိုင်ကိုတောင် မသိပါစေနဲ့..”
 

“ဘာဖြစ်လို့လဲ မေ၀ါး.. ကီလာတိုင်က မင်းအသက်ကိုကယ်ခဲ့တဲ့ ကျေးဇူးရှင်လေ..”

 

“ကျွန်မအသက်ကို ကယ်ခဲ့တဲ့ကျေးဇူးရှင်ဖြစ်ပေမယ့် အခုအကြောင်းက အာနန်ပြည်နဲ့ ပတ်သတ်လို့ ဘယ်သူ့ကိုမှ မသိစေချင်လို့ပါ မင်းသားလေး။ ကျွန်မကို ကူညီပေးပါ.”

 

မေ၀ါးက ကုတင်အောက်ကိုဆင်းကာ အတင်းဒူးထောက်တောင်းပန်နေသဖြင့် ဆူမီရာအမြန်ဆွဲထူကာ ကတိပေးလိုက်သည်။ နောင်တော်တို့တိုင်းပြည်နှင့်ပတ်သတ်သည်ဆိုမှတော့ ကီလာတိုင်ကိုလည်း ပြရန်စိတ်ကူးမရှိပါ။

 

“ဟာ မလုပ်ပါနဲ့။ ထပါ. ကျွန်တော် နောင်တော့်ကိုတွေ့မှ ပေးလိုက်ပါ့မယ်။ ကတိပေးပါတယ်ဗျာ။ ကဲ တင်ပျဉ်ခွေထိုင်လိုက်။ ကျွန်တော် အပ်စိုက်တော့မယ်..”

 

ဆူမီရာသည် ထန်ဖိုးဖိုးသင်ပြထားသည့် နည်းလမ်းအတိုင်း စိတ်ကိုငြိမ်အောင်စုစည်းကာ မေ၀ါးကို တင်ပျဉ်ခွေထိုင်ခိုင်းပြီး အရေးကြီးသည့် သွေးကြောများကို တခုပြီးတခု အပ်စိုက်လိုက်သည်။ အပ်ဖျားလေးများက ပိုနက်သွားလျှင်သွေးလေလည်ပတ်မှု ဖောက်ပြန်ကာ အကြောသေသွားနိုင်သည်။ သွေးအန်ပြီးသေသွားနိုင်သည်။ အပ်ဖျားလေးများက လိုသလောက်မနက်လျှင် အဆိပ်ကို ပိုပြန့်အောင်ကူညီသလိုဖြစ်သွားနိုင်သည်။ ဒါကြောင့် ဆူမီရာ ဆေးစကုပြီဆိုသည့် မည်သည့်အရာမှ ခေါင်းထဲမှာ မတွေးပဲ အာရုံကြောလေးများထဲ စိုက်ဝင်သည့် အပ်အတိမ်အနက်ထံသို့သာ စိတ်နစ်လိုက်သည်။

 

ကီလာတိုင်သည် ကိုယ်ရံတော်များကိုရုပ်ဖျက်ခိုင်းပြီး မြို့ထဲကို စနည်းနာရန်လွှတ်လိုက်သည်။ လိုအပ်လာလျှင် ထွက်ပြေးနိုင်ရန် အားလုံးစီစဉ်ထားသည်။ တည်းခိုခန်းပတ်ဝန်းကျင်တွင် စားသောက်ဆိုင်မီးလောင်မှုအကြောင်းပြောဆိုနေသော်လည်း မင်းမှုထမ်းများနှင့် ရုပ်ရုပ်သည်းသည်းမဖြစ်သေးသည့်အခြေနေအရ ရှောင်ဖုန်းက အခြေနေကို အုပ်ထိန်းကာ လူမသိအောင် ကြိတ်ရှင်းနေသည့်သဘောဖြစ်သည်။ ဒီလောက်လူသေထားသည့်တိုင် အမတ်များဘက်မှ မင်းကြီးကို တင်ပြလျှင် သေချာပေါက်ယနေ့ညီလာခံတွင် အခြေတင်စကားများက တင်းမာလာလိမ့်မည်။ မင်းကြီးကို ဆွဲဆောင်နိုင်သည့်အဖွဲ့ဘက်က လုပ်ပိုင်ခွင့်ရပြီး မြို့ထဲအခြေနေပြောင်းလဲလာလိမ့်မည်။ ဖြစ်နိုင်လျှင် ယနေ့ညနေ မိမိတို့ မြို့ထဲမှထွက်နိုင်ဖို့အရေးကြီးသည်ဟု ကီလာတိုင် တွက်ချက်လိုက်သည်။

 

လီတိုင်းပြည်၏ ညီလာခံတွင် အမတ်ကြီးက မင်းကြီးကို ဦးတည်လျှောက်ထားလိုက်သည်။ ထိုလျှောက်တင်သံကိုကြားသော် မင်းသားရှောင်ဖုန်းဘက်မှ အမတ်များက လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။


“အရှင်မင်းကြီး.. မနေ့ညက မြို့စွန်က မင်းသားရှောင်ဖုန်းရဲ့ စားသောက်ဆိုင် မီးလောင်ပြီး သူဌေးကြီး ငါးဦးနဲ့ လူ နှစ်ဆယ် မီးလောင်ပြီး အသက်ဆုံးရှုံးရတဲ့အမှုကို တရားသဖြင့်စစ်ဆေးပေးတော်မူပါ…”

 

လီမင်းကြီးသည် မိမိတူတော်လည်းဖြစ်၊ သားမက်တော်လည်းဖြစ်သည့် ရှောင်ဖုန်းကို မေမြန်းဟန်ဖြင့် အမည်ကို လေသံတင်းတင်းနှင့်ခေါ်လို်က်သည်။ မိမိ၏ အချစ်ဆုံးသမီးတော်သာ အရူးမူးချစ်သည့်သူသာမဟုတ်လျှင် ယုံကြည်မှုလွန်ကဲပြီး ထင်ရာစိုင်းတတ်သည့် တူတော်မောင်ကို နယ်ဝေးသို့ပို့ပစ်တာကြာပြီ။

 

“ရှောင်ဖုန်း… ”
 

“ဦးရီးတော်ဘုရား.. မနေ့ညက မီးရှို့လူသတ်သွားတာက တိုင်းပြည်တစ်ပြည်ကလျှို့ဝှက်အဖွဲ့ လုပ်ဆောင်သွားတာကို ကျွန်တော် စစ်ဆေးတွေ့ခဲ့ပါတယ်.. ကျွန်တော့် လူတွေကို လိုက်ပြီးစုံစမ်းခိုင်းလိုက်တော့.. စစ်သူကြီးဗော်ချူးကို သတ်ဖြတ်သွားတဲ့ အဖွဲ့နဲ့ ခြေရာလက်ရာတူပါတယ် ဦးရီးတော် မင်းကြီး..”
 

“မင်းတွေ့တဲ့ သဲလွန်စက  ဘာလဲ တင်ပြစမ်း..”
 

မထင်ထားသည့် တင်လျှောက်မှုကြောင့် အမတ်တချို့ ခေါင်းရမ်းလိုက်သည်။ မင်းသားရှောင်ဖုန်း ခပ်တည်တည်နှင့် ဆင်သေကိုဆိတ်သားရေနှင့်ဖုံးရန်ကြံလေပြီ။ အရှက်ကင်းမဲ့ကာ မိန်းမကောင်းလေးများကို အတင်းအကျပ်ဖမ်းဆီးပြိး ပြည့်တန်ဆာလုပ်နေသည့် အလုပ်ကို မုန်းတီးသူမည်မျှများပြားမည်ကို ဘုရားမှ သိလိမ့်မည်။ ယခု သူ့အပြစ်ကို အာနန်ပြည်ကိုပုံချလိုက်ပြီ။ မင်းကြီးကလည်း မယုံဘူးတစ်ခွန်းမှမပြောပဲ သက်သေတောင်းနေသည်ဆိုတော့ စတင်လျှောက်တင်သည့် အမတ်က သက်ပြင်းသာရှိုက်မိသည်။

 

“ဟင်..ဟာ…”
“မဖြစ်နိုင်တာ…”
“ဒါ အာနန်ပြည်က သုံးတတ်တဲ့ မြှားတိုပဲ။ ”

 

အမှုထမ်းတစ်ဦးယူဆောင်လာသည့် မြှားတိုကိုမြင်သော် ညီလာခံတစ်ခုလုံး ပွက်ပွက်ညံသွားသည်။ အာနန်ပြည်စစ်သည်တော်များ သုံးသည့် မြှားတိုကို ရဲတင်းစွာအသုံးချရဲသည့် မင်းသားရှောင်ဖုန်းကိုရွံရှာစွာကြည့်လိုက်သည်။ သို့သော် မင်းကြီးက ယုံကြည်ဟန်ဖြင့် ဆက်မေးနေသည်။

 

“မင်း ဒီမြှားတိုကို ဘယ်မှာတွေ့ခဲ့တာလဲ…”
 

“စားသောက်ဆိုင်အနောက်ဘက်က လုံခြုံရေးဝန်ထမ်းရဲ့ လည်မျိုမှာစိုက်လျက်တွေ့ခဲ့တာပါ.. ”
 

“ဒီလက်နက်က လူသတ်တရားခံက လမ်းလွှဲအောင်အသုံးပြုတာလည်းဖြစ်နိုင်တာပဲ.. သူတို့သတ်တာကို အာနန်ပြည်ကို ပုံချချင်လို့ဆိုရင် ကျွန်တော်မျိုးတို့ လူသတ်သမားရဲ့ဆင်ကွက်ထဲကိုရောက်သွားနိုင်ကြောင်းပါ..”
 

အမတ်ကြီးက မနေနိုင်ပဲ ၀င်ပြီးတင်လျှောက်လိုက်သည်။ မင်းကြီးက ဦးရာလူ၏ တင်လျှောက်စကားကို ယုံကြည်ပြီး တလွဲအမိန့်ကိုပေးလိုက်လျှင် လက်ရှိတင်းမာနေသည့် တိုင်းပြည်နှစ်ခုကြားက မြေဇာပင်က မိမိတို့ တိုင်းသူပြည်သားများ ဖြစ်သွားနို်င်သည်။ သို့သော် မင်းသားရှောင်ဖုန်းက အခြားသက်သေကို ဆက်ပြီးတင်သွင်းလာပြန်သည်။

 

“ကျွန်တော့်ဆီမှာ အခြားသက်သေတွေလည်းရှိပါတယ်.. မျက်နှာဖုံစွပ် လူတစ်စုကို မြို့ပြင်ဘက် ဒုန်းစိုင်းသွားတာကို မြင်လိုက်တဲ့ လယ်သမားပါ.. ပြီတော့ မြို့နဲ့ခပ်လှမ်းလှမ်းမှာသူတို့ စခန်းချထားတဲ့ ခြေရာလက်ရာကိုလည်းတွေ့ရပါတယ် အရှင်မင်းကြီး။ သူတို့လှုပ်ရှားနေတာ တပတ်လောက်ရှိပါပြီ။ ကျွန်တော်မျိုးလည်း အာနန်ပြည်နဲ့ ဆက်ဆံရေးကိုယုံကြည်လို့ အခုလို ပက်စက်တဲ့လုပ်ရပ်ကို လုပ်မယ်မထင်လို့ ကြိုတင်ကာကွယ်မှုမပြုလုပ်နိုင်တာ ခွင့်လွှတ်ပေးတော်မူပါ ဦးရီးတော်မင်းကြီး”
 

မနေ့ကညီလာခံတွင် မည်သည့်သတင်းမှမကြားရပဲယခုမှ ချက်ချင်း အာနန်လျှို့ဝှက်စစ်သည်တော်များ လှုပ်ရှားနေသည်ကို စောင့်ကြည့်တာ တပတ်ရှိပြီဆိုသည့် ရှောင်ဖုန်း၏ လိမ်လည်တင်လျှောက်မှုကို ရွံရှာလှစွာဖြင့် အမတ်ကြီး တင်လျှောက်လိုက်သည်။

 

“ဒါတွေက လုပ်ကြံထားတာလည်းဖြစ်နိုင်တာပဲ..အရှင်မင်းကြီး။ အခုဖြစ်ပျက်တဲ့ လူသတ်မှုကို သေချာစစ်ဆေးခွင့်ပေးဖို့ တောင်းဆိုပါတယ်။ အာနန်ပြည်က လက်ချက်ဟုတ်မဟုတ် သက်သေမပြနိုင်သေးခင် အမည် မတပ်သင့်ပါဘူး။ တကယ်လို့ အာနန်ပြည်က ကြားရင် ကျွန်တော်မျိုးတို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရခဲ့တဲ့ ကာကွယ်စောင့်ရှောက်မှုကို ဆုံးရှုံးသွားပါလိမ့်မယ် အရှင်မင်းကြီး။”


“အမတ်ကြီးက မယုံဘူးဆိုတော့ ကိုယ်တိုင်လိုက်ကြည့်ဖို့ပြောချင်ပါတယ်။ ဦးရီးတော်ဘုရား  ကျွန်တော်တို့ တစ်ခုခုကို ကြိုတင်စီစဉ်ထားဖို့လိုအပ်နေပြီဘုရား..အမြဲတမ်း သူများအရိပ်အောက်မှာ မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီး နေရတဲ့ ဘ၀ကနေ ရုန်းထွက်သင့်ပါပြီ။ အခုဆိုရင် မြောက်ပိုင်း နန်ကျောင်ပြည်က အာနန်ပြည်ကို ရန်ပြုမယ့် အရိပ်တွေပြသနေပြီဆိုတော့ ကျွန်တော်တို့ ဆက်လက်ပြီး အာနန်ပြည်ရဲ့ မိတ်ဆွေကောင်းလုပ်နေရင် ထိပ်ဆုံးက ချေမှုန်းခံရသူတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဦးရီးတော် ဆုံးဖြတ်ပေးပါ။”

 

ရှောင်ဖုန်း၏ စကားကြောင့် လီမင်းကြီးတုန်လှုပ်သွားခဲ့သည်။ နန်ကျောင်ပြည်သာ အာနန်ပြည်ကို ရန်သူလိုသဘောထားလျှင် မိမိတို့ အာနန်ပြည်ကို ဝေးဝေးရှောင်သင့်နေပြီ။


“မင်း ဘာကိုဆိုလိုချင်တာလဲ…ရှောင်ဖုန်း..”
 

“အာနန်ပြည်က ကျွန်တော်တို့ရဲ့ သစ္စာရှိမှုကို သံသယရှိနေပြီဆိုတော့ မကြာခင် မကောင်းတာဖြစ်လာတော့မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဘက်က စစ်တပ်ကို ကြိုတင်ပြင်ဆင်ထားသင့်ပြီလို့ထင်ပါတယ်။ ပြီးတော့ စစ်သူကြီးဗော်ချူးရဲ့ မိသားစုလိုက်အသတ်ခံရမှုက ကျွန်တော်တို့ လီတိုင်းပြည်နဲ့ မသက်ဆိုင်ကြောင်း စာပို့ရပါ့မယ်။ ဒီအကြောင်းကို နန်ကျောင်ပြည်က သိအောင်လည်းလုပ်ရပါ့မယ်။ ဒါမှ ကျွန်တော်တို့ကို ရန်သူစာရင်းထဲ မထည့်မှာဖြစ်တယ်။”
 

အမတ်ချုပ်ကြီး မနေနိုင်တော့သဖြင့် မင်းကြီးရှေ့ဒူးထောက်ကာ အမှန်တရားပေါ်အောင်အရင် စစ်ဆေးဖို့ တောင်းဆို လိုက်သည်။ ယခု မင်းသားရှောင်ဖုန်းတင်လျှောက်သည့် လက်လွတ်စပယ်အလုပ်ကို မင်းကြီးလုပ်လျှင် သေချာပေါက် အာနန်ပြည်၏ ရန်သူဖြစ်သွားလိမ်မည်။ မိမိတို့တိုင်းပြည်၏ စစ်တပ်ကို အရည်သွေးတိုးတက်အောင် သင်ကြားပေးသည့် စစ်သူကြီးဗော်ချူးအသတ်ခံလိုက်ရခြင်းကို တရားခံမဖော်ထုတ်ပေးပဲ လုပ်လျှင် လီတိုင်းပြည်၏ တရားစီရင်မှုက အတိုင်းတိုင်း အပြည်ပြည်တွင် လူရယ်စရာဖြစ်ပေလိမ့်မည်။ မိမိတို့ အသက်ရှင်ရပ်တည်ရုံတစ်ခုနှင့် တိုင်းပြည်၏ ဂုဏ်သိက္ခာချနင်း နို်င်သည့် မင်းသားရှောင်ဖုန်း၏ စကားကို မင်းကြီးလိုက်လုပ်လျှင် အားလုံးစုန်းစုန်းမြှုပ်ပေးလိမ့်မည်။ ဒါကြောင့် အသက်ပေးရလျှင်ပင် တရားမျှတမှုအတွက်အမတ်ကြီးကဒူးထောက်တောင်းဆိုလိုက်သည်။ အမတ်ချုပ်ကြီး ဒူးထောက်တော့ ကျန်အမတ်တချို့ လည်းဒူးထောက်ကာ မင်းကြီးကို တောင်းပန်ကြသည်။

 

 

“မဖြစ်နိုင်ပါဘူး အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ ဒီကိစ္စကို အမှန်ပေါ်အောင် စစ်ဆေးရပါ့မယ်။ အရင် စစ်သူကြီးဗော်ချူးအသတ်ခံရပြီး မိသားစု ပျောက်ကွယ်သွားတာက အရင်းခံတယ်လို့ ကျွန်တော်မျိုးထင်ပါတယ်။ ဒါကြောင့် စစ်သူကြီးအမှုကို သေချာပြန်လည်စစ်ဆေးဖို့ခွင့်ပြုတော်မူပါ အရှင်မင်းကြီး…”

“သေချာပြန်လည်စစ်ဆေးဖို့ခွင့်ပြုတော်မူပါ အရှင်မင်းကြီး…”
 

ကျန်အမတ်များ၏ တောင်းဆိုမှုက လီမင်းကြီးကို တွေဝေသွားစေသည်။ မင်းသားရှောင်ဖုန်းက အမတ်ချုပ်ကြီးကို လှောင်ပြောင်လိုရိပ်ဖြင့်မေးလို်က်သည်။


“ဒါဆို အာနန်ပြည်က စစ်ချီလာရင် အမတ်ချုပ်ကြီးက အသာတကြည် အသတ်ခံမလား။”

 

“အာနန်ပြည့်ရှင် ယေစုကိုင်းမင်းကြီးက ဒီလိုလက်လွှတ်စပယ်အလုပ်ကို လုပ်မယ့်သူ မဟုတ်ပါဘူး အရှင်မင်းကြီး။ ကျွန်တော်တို့ဘက်က လုပ်ထားရမှာက အာနန်ပြည်သား စစ်သူကြီးအသတ်ခံရတာကို ဖုံးမထားတော့ပဲ အာနန်ပြည်ကို အကြောင်းကြားသင့်ပါပြီ…”

 

သို့သော်အမတ်ချုပ်ကြီးက ရှောင်ဖုန်းကိုလှည့်ပင်မကြည့်ပဲ မင်းကြီးကိုသာ ဦးတည်လျှောက်တင်လိုက်သည်။

 

“ကျုပ်တို့ လူသတ်သမား မမိသေးဘူး အမတ်ချုပ်ကြီး။ ယေစုကိုင်းက စစ်သူကြီးဗော်ချုးအသတ်ခံရတယ်ကြားရင် ချက်ချင်း ကိုယ်တော်တို့ တိုင်းပြည်ကို စေ့စေ့ညက်ညက်ချေပစ်မှာ သေချာတယ်.. ရှောင်ဖုန်းမင်းသား ပြောသလို စစ်တပ်ကို အသင့်စုစည်းပြီး တပ်လှန့်နှိုးဆော်ထားလိုက်တော့… အမတ်ချုပ်ကြီးက လူသတ်တရားခံကိုရှာတဲ့အလုပ်ကို သေချာကြီးကြပ်ပါ။ စစ်ရေးနဲ့ပတ်သတ်တာကို တူတော်မောင်ရှောင်ဖုန်းက ဦးစီးပါ..ညီလာခံစဲမယ်။”

 

သို့သော် လီမင်းကြီးသည် အာနန်တပ်ချီတက်လာလျှင် ဆိုသည့် စကားကိုလန့်ဖြန့်ကာ အမိန့်ချလိုက်တော့သည်။ အမတ်ချုပ်ကြီးကို လူသတ်မှုအတွက် စစ်ဆေးခွင့်ပေးလိုက်သော်လည်း စစ်ကိုပြင်ဆင်ခိုင်းလိုက်လေပြီ။ အမတ်ချုပ်ကြီး သက်ပြင်းချရုံကလွဲပြီး ဘာမှမတတ်နို်င်တော့ပေ။

 


 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet