Chapter - 19

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (19)
“ဆူမီရာ…. ဆူမီရာ…”

ဟီဒယ်၏ ခေါ်သံကြောင့် ဆူမီရာ သတိဝင်လာခဲ့သည်။ ယခုတလော ဆူမီရာ အရမ်းကို အတွေးတွေလွင့်နေမိသည်။

“ဘာတွေတွေးနေတာလဲ ဆူမီရာ… နင် နေကောင်းရဲ့လား။ ကြည့်ရတာ တခုခုဖြစ်နေသလိုပဲ။ ”

ဆူမီရာ ပြုံးကာ ပြန်ဖြေလိုက်သည်။ မိမိခံစားနေရသည်ကို ဟီဒယ်ကို ဘယ်လိုပြောပြရမှန်းမသိပေ။ ဘာကြောင့်လဲ ဆိုတော့ ဟီဒယ်က ချစ်သော လူတစ်ယောက်နှင့် ခွဲ၇မည်ကို နားလည်နိုင်မည်မဟုတ်ပေ။ မိမိကသာ…….
ဟီဒယ်က ဆူမီရာ၏ လက်ကို လှမ်းကိုင်ကာ နှစ်သိမ့်လိုက်သည်။

“ငါ နေကောင်းပါတယ်။ ဘာလုပ်မလို့လဲ ဟီဒယ်။ ငါ ဘာကူပေးရမလဲ။”

“အင်း…..ငါ…. အတန်းကြီး အကိုတစ်ယောက်ကို ရှာချင်လို့။ အဲ့ဒါ နင် အဖော်လိုက်ပေးပါလားဟင်။”

“နင့် အသိလား။ သွားလေ။ ငါအဖော်လိုက်ပေးပါ့မယ်။”

ဟီဒယ် ပျော်သွားသည်။ ဆူမီရာနှင့် အတူထွက်ခဲ့စဉ် မီဒယ်နှင့် တွေ့သည်။ မီဒယ်က သူတို့နဲ့လိုက်ချင်သည် ဆိုသောကြောင့် ခေါ်ခဲ့မိသည်။ နောက်ဖြစ်မည့်အကြောင်းကိုသာ ကြိုသိခဲ့လျှင် ဟီဒယ်သည် ညီမဖြစ်သူ မီဒယ်ကို ထားခဲ့မှာသေချာသည်။

“နင် ဘယ်သူ့ကိုရှာတာလဲ။”

အတန်းကြီးတွေနားကိုရောက်တော့ ဟီဒယ်က ဟိုဟိုသည်သည်ရှာနေသဖြင့် ကူရှာပေးရန် ဆူမီရာက မေးလိုက်သည်။ ဟီဒယ်၏ မျက်နှာ တမျိုးဖြစ်သွားပြီး တိုးတိုးပြောခဲ့သည်။

“ဂျူဒါအမ်း….၀ူတိုင်းပြည်က မင်းသား….”

သူ့ကို ဆူမီရာ မသိပါ။ ဟီဒယ်သိပြီး မိမိ မသိသည့်အတွက် ထူးဆန်းနေသည်။

“သူက ဘယ်သူလဲ။”

“သူက ၀ူတိုင်းပြည်က မင်းသား မဟုတ်လား။ စာပေပညာမှာ တော်တယ်။”

မီဒယ်က ၀င်ပြောလိုက်တော့ ဆူမီရာ အဲ့အားသင့်သွားသည်။ မီဒယ်က ဟီဒယ်၏ အဖေတူ အမိကွဲ ညီမဖြစ်သည်။ ဟီဒယ်ထက် အသက်တစ်နှစ်ငယ်သော်လည်း အခု သိနေသဖြင့် ဆူမီရာက မေးလိုက်သည်။

“ဟင်…မီဒယ်က ဘယ်လိုသိနေတာလဲ။”

မီဒယ်ကလည်း ဆူမီရာကို မျက်မှောင်လေး ကုတ်ကြည့်ကာ မေးလိုက်သည်။

“ဟင်……..အကိုတော်ဆူမီရာက အကိုတော် တင်ဂီရိကလွဲရင် အခြား ဘာသိသေးလဲ.။”

“မီဒယ်… အကြီးကို ဘယ်လိုပြောလိုက်တာလဲ။”

ဟီဒယ်က ဟန့်လိုက်သည်။ မီဒယ်က ဆူပွပွလေးပြောလိုက်သည်။

“ဟုတ်တယ်လေ။ မမကလည်း။ အကို ဆူမီရာက အကိုတော် တင်ဂီရိ အကြောင်းကလွဲလို့ ဘာကို စိတ်ဝင်စားလို့လဲ။ ငွေတောင်မင်းသားလို့ ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ”

ဆူမီရာက မှန်တာ ပြောနေသဖြင့် ရယ်ကျဲကျဲနှင့် မေးလိုက်သည်။

“ဟုတ်သားပဲ။ အကိုက နောင်တော်ကလွဲရင် ဘယ်သူ့ကိုမှ မသိတာ။ ကဲပြောပါဦး။ ဂျူဒါအမ်းက ဘယ်သူတုန်း…ဘာကြောင့် ဟီဒယ်နဲ့ မီဒယ်က သိကြတာလဲ။”

“သူက ငွေတောင်ပြည်မှာ စာပေအတော်ဆုံးကျောင်းသားလေ။ သူ့ရဲ့ ကဗျာက ကျောင်းသားတွေကြား နာမည်ကြီးတယ်။ အခု မမက အဲ့ အကို ဂျူဒါအမ်းရဲ့ ကဗျာဖတ်ပွဲရှိတယ် ဆိုလို့ လာကြည့်တာ မလား။”

ဟီဒယ်က မီဒယ်ကို မျက်မှောင်ကြုတ်ကြည့်ကာ မေးလိုက်သည်။

“ဟဲ့… နင်က သိလှချည်လား။ ”

“သိတာပေါ့။ မီဒယ်က ဂျူဒါအမ်းကို သဘောကျတဲ့ဟာ။”

ဆူမီရာက အခုမှ သဘောပေါက်သွားတော့သည်။ သုံးယောက်သား ကုတ်ချောင်းချောင်းနှင့် လာခဲ့စဉ် ထန်လိုခိနှင့် တည့်တည့်တိုးတော့သည်။

“ဟေး…….ဒီသုံးယောက် ဘာလာလုပ်တာလဲ။ ”

ဆူမီရာက ၀မ်းသာအားရနှင့် ထန်လိုခိကို မေးလိုက်သည်။

“နောင်တော်…….. မင်းသား ဂျူဒါအမ်းရဲ့ ကဗျာရွတ်ပွဲက ဘယ်နေရာကျင်းပတာလဲဗျ…”

“သြ..သုံးယောက်လုံး လာနားထောင်ကြတာလား။”

“ဟုတ်ကဲ့။ ”

ဆူမီရာက ဖြေလိုက်သည်။ ထန်လိုခိသည် ယပ်တောင် ခေါက်ယပ်တောင်ကို စုစည်းကိုင်လိုက်ပြီး ပြောလိုက်သည်။

“ကဲ……..လာကြ။ ကိုယ်လိုက်ပို့ပေးမယ်။ ဌက်ပျောတော ဥယျာဉ်မှာ။ အဲ့မှာ တင်ဂီရိလည်း ရောက်နေတယ်။”

ဆူမီရာက နောင်တော် ရှိနေသည်ဆိုသောကြောင့် ၀မ်းသာသွားသည်။ ထန်လိုခိ နောက်ကို လိုက်လာခဲ့သည်။ ထန်လိုခိသည် ကလေး သုံးဦးကို ဦးဆောင်ကာ ခေါ်လာခဲ့သည်။ ဌက်ပျောတော ဥယျာဉ်ဆိုသည်မှာ ဌက်ပျောပင် များကို မျက်စိပသာဒဖြစ်အောင် စိုက်ထားပြီး ကျောင်းသားများ စာပေဆွေးနွေးရာ။ ကဗျာရွတ်ဖတ်ရာ နေရာလေးဖြစ်သည်။

တင်ဂီရိသည် ထန်လိုခိနောက်မှ လိုက်လာသည့် ဆူမီရာကို တွေ့သောအခါ ထရပ်ကာ ကြိုလိုက်သည်။

“နောင်တော်…”

“ဆူမီရာလေး… ကဗျာလာနားထောင်တာလား။”

“ဟုတ်တယ် နောင်တော်။”

“လာ အနားလာထိုင်… ”

သုံးယောက်သာ တင်ဂီရိနားက ခုံတွင် ၀ိုင်းထိုင်လိုက်သည်။ တင်ဂီရိသည် အားလုံးကို ပြုံးပြနူတ်ဆက်ပြီး စင်ဘက်ကို မျက်နှာမူလိုက်သည်။ စင်ပေါ်တွင် ကျောင်းသားတစ်ဦး ကဗျာရွတ်နေသည်။ ထိုကျောင်းသား ရွတ်ပြီးတော့ ပိန်ပိန်သွယ်သွယ်နှင့် ကျောင်းသားတစ်ဦး စင်ပေါ်တက်လာသည်။ ထိုကျောင်းသား တက်လာသည်နှင့် လက်ခုပ်သံ ထွက်လာခဲ့သည်။

“သူက ဘယ်သူလဲ။”

အဆွေးမျက်လုံးနှင့် ကျောင်းသားကို ငေးကြည့်ကာ ဆူမီရာ မေးလိုက်သည်။ တင်ဂီရိ ဆူမီရာကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“ဂျူဒါအမ်း… ”

“သြော်..”

ဆူမီရာသည် စကားမပြောပဲ ဂျူဒါအမ်း ၏ ကဗျာကို သေချာ အာရုံစိုက်နားထောင်လိုက်သည်။ အများကြီးနားမလည်သော်လည်း ဂျူဒါအမ်း၏ ကဗျာရွတ်ဖတ်သံက အတော်နားထောင်ကောင်းသည်ကိုတော့ သတိထားမိလိုက်သည်။ ဟီဒယ် ဘက်ကို ငဲ့ကြည့်လိုက်တော့ ဟီဒယ်က ဂျူဒါအမ်း ရွတ်ဖတ်သည့် ကဗျာထဲ စီးဝင်နေပုံပေါ်သည်။ ဟီဒယ်၏ မျက်နှာက ခါတိုင်းထက် နူးညံ့နေသည်။ ဆူမီရာသည် ဟီဒယ်၏ ပုံကိုကြည့်ကာ တခုခုကို နားလည်လိုက်သည်။ ဟီဒယ်သည် ဂျူဒါအမ်ကို သဘောကျနေသည်။

မီဒယ်ကတော့ ကဗျာထက် အခြားသူများကို အာရုံရနေပုံရသည်။ ပတ်ဝန်းကျင်ကို သေချာလိုက်ကြည့်နေသည်။ ဆူမီရာက မီဒယ်ကို ကျော်ပြီး နောင်တော် ထန်လိုခိ၏ အကြည့်ကို တွေ့တော့ ရင်ထဲ ထိတ်သွားသည်။ နောင်တော်က ဟီဒယ်ကို စိုက်ကြည့်နေပုံက ထူးဆန်းနေသည် မဟုတ်လား။ ဂျူဒါအမ်းကိုငေးနေသည့် ဟီဒယ်ကို ကြည့်နေပုံက ခါတိုင်းထက် လေးနက်သည်။

ဆူမီရာက နောင်တော်ထန်လိုခိနှင့် ဟီဒယ်ကို အကဲခတ်နေရာမှ နောင်တော် တင်ဂီရိက လက်ကို လာဆုပ်ကိုင်တော့မှာ လှည့်ကြည့်လိုက်သည်။ နောင်တော်က ပြုံးပြနေသည်ကို တွေ့တော့ ဆူမီရာ ပြန်ပြုံးပြ လိုက်သည်။ နောင်တော့် အပြုံးကို တွေ့ရလျှင် ဆူမီရာ ဘာကိုမှ သတိမရတော့ပေ။

အပြန်လမ်းတွင် ဆူမီရာက နောင်တော့် လက်ကို ဆုပ်ကိုင်ထားသည်။ ဟီဒယ်နှင့် မီဒယ်က နောင်တော် ထန်လိုခိ၏ တဖက်တချက်တွင် ငြိမ်သက်စွာလိုက်ပါလာခဲ့သည်။ ထိုစဉ် ခပ်လှမ်းလှမ်းမှာ နောင်တော် တိုလုအီနှင့် ချူလူလူတို့ နှစ်ဦးကို တွေ့လိုက်သည်။

“ချူလူလူ………”

“ဆူမီရာ………. မင်းလည်း ကဗျာရွတ်ပွဲကို လာတာလား။”

“အင်း… မင်းက ဘယ်လိုရောက်နေတာလဲ။ ”

“ငါက မုန့်ထွက်စားရင်း နောင်တော် တိုလုအီနဲ့တွေ့လိုက် ပါလာတာ။”

“အတော်ပဲ။ လူစုံတယ်။ အားလုံး မြို့ထဲ မုန့်သွားစားပြိး မြို့ပြင်ကို မြင်းစီးသွားရအောင်…”

နောင်တော် တင်ဂီရိ အကြံပြုတော့ အားလုံး ပျော်သွားသည်။ ဆူမီရာလည်း သဘောကျစွာပြုံးလိုက်မိသည်။
ဆူမီရာသည် နောင်တော်နှင့် အတူရှိလျှင် လွမ်းသည့် စိတ်သက်သာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် နောင့်တော့်နားကနေ မခွာတမ်းကပ်နေလိုက်သည်။ နောင်တော် ထန်လိုခိနှင့် ဟီဒယ်၊ မီဒယ် ညီအစ်မ၊ နောင်တော် တိုလုအီနှင့် ချူလူလူက တစ်တွဲ။ အားလုံးအတူတူ မြင်းစီးကာ ပျော်မြူးခဲ့ကြသည်။

ယွမ်ချူးခန်သည် မယ်မယ်၏ အရိုက်ကိုခံပြီးကတည်းက မင်းသမီးဖန်ပင်းပင်းကို ထပ်ပြီး အပြစ်မပေးတော့ပေ။ သူမသည်လည်း နိုင်ငံရေး အရ မိမိတို့နန်ုးတော်ကို တန်ဆာခံရောက်လာသည်ကို သဘောပေါက်ကာ သနားသလိုပင် ဖြစ်လာသည်။

“်လင်းလင်း… မင်း လိုအပ်တာ ရှိရင် ကိုယ်တော့်ကို ပြောပါ။ အစေခံတွေ စကားနားမထောင်ရင် ပြော….။ ”

“ဟုတ်ကဲ့ပါ။”

ဝေလင်းလင်း က အံ့သြ၀မ်းသာစွာဖြင့် မင်းသားလေးကို ကြည့်လိုက်သည်။ မထင်မှတ်ပဲ မင်းသားလေးက စိတ်ကောင်းရှိလို့ တော်သေးသည်ဟု တွေးမိသည်။ မိဝေး ဖဝေးနှင့် တန်ဆာခံဘ၀တွင် မင်းသားလေး ယွမ်ချူးခန်သာ အားကိုးရာဖြစ်တော့သည်။ တစ်ခုကံကောင်းတာက မိဖုရားခေါင်ကြီး ဟော်သွန်းရှိလို့ဖြစ်သည်ဟု တွေးမိသည်။

“သားတော် သူ့ကို လက်မထပ်ချင်ဘူး ခမည်းတော် ဘုရား”

“လက်မထပ်လို့ မရဘူး သားတော်။ သားတော်က သူ့ကိုလက်ထပ်မှ ဝေတိုင်းပြည်ကို ထိန်းချုပ်လို့ရမယ်။ ပြီးတော့ သားတော် လက်ထပ်ရမှာ သူ တစ်ယောက်တည်း မကဘူး။ အခြားတိုင်းပြည်တွေက မင်းသမီးတွေလည်း ရှိသေးတယ်။”

“သားတော် ချစ်တဲ့သူကိုပဲ လက်ထပ်ချင်တယ် ခမည်းတော်။”

“လက်ထပ်ပြီးရင်ချစ်သွားမှာပါ သားတော်။ မင်းကြီးလာရင် ဒါတွေကို နားလည်လာလိမ့်မယ်။ ”

“ဟင့်အင်း။ သားတော် တကယ်ချစ်တဲ့ သူကိုပဲ လက်ထပ်မယ်။ မိဖုရား အများကြီးလည်း မလိုချင်ဘူး။”

“သားတော်က ဘုရင်ဖြစ်မယ့်သူ။ မိဖုရားတစ်ပါးတည်းနဲ့ မရဘူး။ သားတော် မချစ်လည်း နိုင်ငံအင်အားတောင့်တင်းအောင် လုပ်ထပ်ရမှာတွေရှိတယ် ။ အခုကတည်းက ဒါကို စိတ်ထဲ မှတ်ထားပါ။ ”

“ဟင့်အင်း။ သားတော်တော့ ကိုယ်ချစ်တဲ့သူကိုပဲ လက်ထပ်ချင်တယ် ခမည်းတော် ဘုရား။”

ကာလိုခန်က ကြေကွဲစွာရယ်လိုက်သည်။

“မင်းချစ်တဲ့သူကို လက်ထပ်မယ်ဆိုရင် တစ်သက်လုံး စိတ်ဆင်းရဲရလိမ့်မယ် သားတော်။”

“ဟင့်အင်း။ စိတ်ဆင်းရဲရပါစေ။ ကိုယ်ချစ်တဲ့သူကို အနားမှာ ခေါ်ထားတယ်။ သူ့ကို လက်ထပ်နိုင်ဖို့ ဘာမဆိုလုပ်မယ်။”

ယွမ်ချူးခန်၏ စကားကြောင့် ကာလိုခန် သက်ပြင်းရှိုက်ကာ ခေါင်းယမ်းလိုက်သည်။

“မင်း ဒုတိယ ကာလိုခန် မဖြစ်စေနဲ့ သားတော်။ ”

ခမည်းတော် ပြောသည်ကို ယွမ်ချူးခန် နားမလည်ခဲ့ပါ။ ခမည်းတော်က မယ်မယ့်ကို ချစ်လို့ လက်ထပ်ထားပြီး မိမိကိုတော့ တားဆီးနေသည်ကို မကျေနပ်မိပေ။
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet