Chapter - 31

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (31)

“ချူလူလူ..”

“နောင်တော် တိုလုအီ…”

“နောင်တော် ဒီကို ဘယ်လိုရောက်နေတာလဲ။ သံတမန် ခရီးနဲ့လာတာလား။ ”

“မဟုတ်ဘူး။ မင်းကို တွေ့ချင်လို့ သာမန်ပြည်သူအနေနဲ့ ၀င်လာတာ။ မင်း နောင်တော် နှစ်ယောက်နဲ့တောင် တွေ့သေးတယ်။ သူတို့က အတော်မူးနေလို့ ငါ့ကို မမှတ်မိဘူးကွ။ ”

“သူတို့နှစ်ယောက် နောင်တော် တိုလုအီကို အမှားလုပ်မိရင် တောင်းပန်ပါတယ်ဗျာ။”

“မင်းကလည်း…ဘာဆိုင်လို့လဲ။ သူတို့လည်း ခုလောက်ဆို အမှားလုပ်မိတာကို နောင်တရနေလောက်ပြီ။”

“အေးလေ.. နောင်တော့်ကို အမှားလုပ်မိတဲ့သူတွေက ဘယ်တုန်းက ဒီလို လွတ်သွားနိုင်လို့လဲ။ နောင်တော်သာ တမင်ခွင့်မလွှတ်ရင် တန်ရာတန်ဖိုးကို ပေးရတာပဲလေ။ ကျောင်းတော်က ခွာတာ ၂ နှစ်ရှိသေးတယ်။ ကျွန်တော် အားလုံးမေ့သွားချင်ပြီ။”

“မင်း အပြစ်မဟုတ်ပါဘူး။ ငြီးငွေ့ပြီး သေနေတဲ့ပတ်ဝန်းကျင်မှာနေရင် ဘယ်သူမဆို အဲ့လိုဖြစ်မှာပဲ။ ဒါပေမယ့် မင်း အဓိက ပျော်ရွင်ခဲ့တာကို မမေ့ပါဘူး။ အခုဖြစ်နေတာ စိတ်မချမ်းသာစရာတွေများလို့ရယ်၊ အဲ့အရာတွေကို မင်းဖြေရှင်းလို့ မရလို့ မင်းတချို့အရာတွေကို မေ့လျော့သွားရုံပါ။ ကဲ… အဲ့ဒါတွေ တွေးမနေနဲ့၊ တချို့အရာတွေက ကိုယ်မသိလိုက်ခင် ဖြေရှင်းပြီးသားဖြစ်သွားပြီကွ။”

“နောင်တော် နဲ့အတူ ဘယ်သူတွေ ပါလာတာလဲ။”

“အဲ့လို လုပ်စမ်းပါ။ စကားတခွန်းကို ကြားရင် နောက်ကွယ်က ဘာပါလာတယ်ဆိုတဲ့ အရာကို အမြဲတွေးနိုင်တဲ့ ချူလူလူ ပြန်လာပြီပဲ။ ”

ထိုစဉ် အခန်းထဲကို နန်းတွင်းမှ အမှုထမ်းတစ်ဦးရောက်လာပြီး မင်းကြီး အမိန့်ကို ပေးသည်။

“သားတော် ချူလူလူ ချက်ချင်း နန်းတော်ထဲကို အခစားဝင်စေ…”

“ဒါ နောင်တော်နဲ့ပတ်သတ်သလား…”

“နန်းတော်ထဲရောက်နေတဲ့ မင်းသူငယ်ချင်းနဲ့ပတ်သတ်တာ…

ထိုစကားကိုကြားသော် ချူလူလူသည် ဆိပ်ကမ်းအတွင်းဝန်ကို ခေါ်ကာသေချာမှာကြားပြီး နန်းတော်ကို နောင်တော် တိုလုအီနှင့် အတူလာခဲ့သည်။ နန်းတော်ကို လာခဲ့စဉ် နောင်တော်က ခြေဆုံးခေါင်းဆုံးကြည့်နေလို့ ချူလူလူက မျက်နှာပူပူနှင့်ရှင်းပြသည်

“ကျွန်တော့် မယ်မယ်က နန်းတော်ထဲမှ နေမကောင်းတဲ့ မိဖုရားတစ်ပါးဖြစ်တယ်။ ဒါကြောင့် ခမည်းတော်ကို အလုပ်ကျွေးမပြုနိုင်လို့ သြဇာအာဏာ ကင်းမဲ့နေတာကြာပါပြီ။”

တိုလုအီသည် ဘာမှမပြော ခေါင်းသာငြိမ့်လိုက်သည်။ ဥာဏ်ကောင်းသော်လည်း ထင်ရကောင်းမှန်းမသိသည့် သားအမိကို လုပ်ထားသည့် အတွက် ချူ နန်းတွင်း ကပြန်ပေးဆပ်ဖို့ အချိန်တိုင်လေပြီ။

“နောင်တော်…. နန်းတော်ထဲ ဘယ်သူတွေရောက်နေလဲ…”

“ရောက်ရင်တွေ့ရလိမ့်မှာပေါ့။ ဒါမှမဟုတ် မှန်အောင်ခန့်မှန်းကြည့်ရင် မင်းကို နောင်တော် ဆုချမယ်။”

ချူလူလူသည် အခြေနေ အရပ်ရပ်ကို ထောက်ဆလိုက်သည်။ နောင်တော် တိုလုအီ ရောက်လာသည်။ ပြီးတော့ နန်းတွင်းထဲကိုရောက်နေသည့် သူက ပိုအရေးကြီးသည့်အတွက် ခမည်းတော် စီးသည့် ရွှေပိန်းချ ရထားလုံးနှင့် အတွင်းဝန်ကိုလွှတ်ကာ လာကြိုခိုင်းသည်။ လ၀က်လုံးလုံး ပစ်ထားပြီးယခုမှ နောင်တရကာ ဖခင်အချစ်ကိုပြသတာတော့ မဖြစ်နိုင်ပေ။ ရောက်လာသည့် ဧည့်သည်တော်၏ သြဇာကြီးမားမှုကြောင့် ယခုလို တုန့်ပြန်တာဖြစ်နိုင်သည်။ ဒါဆို ရောက်လာသည့် ဧည့်သည်တော် ရှေ့ မိမိကို ပစ်ထားတာကို ဖုံးကွယ်ထားချင်သည်။ ဖြစ်နိုင်တာက…..ထိုသို့တွေးပြီးချူလူလူ ပြုံးသွားသည်။ မိမိတို့ သားအမိ ငရဲတွင်းက လွတ်ချိန်တန်ပြီထင်သည်။

“နောင်တော် တင်ဂီရိကိုယ်တိုင်ရောက်နေတာ ဖြစ်လိမ့်မယ်။ ပြီးတော့ နောင်တော်နဲ့အတူ ရေတပ်ပါလာလိမ့်မယ်။ ပြီးတော့ ဆူမီရာလည်း ပါလာမယ်။ အခုလို ချက်ချင်းခေါ်တွေ့တာ ဆူမီရာ တောင်းဆိုတာဖြစ်နိုင်တယ်။ နောင်တော်တင်ဂီရိသာဆိုရင် အလောတကြီး တောင်းဆိုစရာမရှိဘူး။ ”

“ဟုတ်တယ်။ ကွက်တိပဲ။ ချူလူလူက ဘယ်နေရာပဲနေနေ ဥာဏ်ရည်လျော့ပါးသွားတယ် ဆိုတာ ဘယ်တော့မှ မဖြစ်ဘူးပဲ။”

“ကဲ နောင်တော် တိုလုအီ ကျွန်တော့်ကို ဆုချမယ်ဆို… ဘယ်မှာလဲ..”

“နန်းတော်ရောက်ရင်ကြည့်။ ဆူမီရာက သဘောကျလို့ သူကိုယ်တိုင် ကိုင်ခဲ့တယ်။ မင်းကို သူကိုယ်တိုင်ပေးချင်လို့တဲ့။”

“မဟုတ်မှ….”

ချူလူလူ စိတ်လှုပ်ရှာသွားသည်နှင့်အမျှ လက်ပင် တုန်သွားမိသည်။ နောင်တော် တိုလုအီ တို့ ဆီမှာရှိသည့် မိမိ အလိုချင်ဆုံးသော အရာတစ်ခု။သို့ပေမယ့် လုတိုင်းပြည်၏ ရတနာဖြစ်သည့်အတွက် မထင်ရဲသဖြင့် ပြောလက်စကိုရပ်ပစ်လိုက်သည်။

တိုလုအီက ရယ်ချလိုက်ကာ ချူလူလူ၏ ခေါင်းကို ယပ်တောင်နှင့် အသာရိုက်ကာ ပြောလိုက်သည်။

“ကဲ… တွေ့မှယူတော့။ လျှောက်စဥ်းစားမနေနဲ့။ ကိုယ်လည်း ကိုယ်တတ်နိုင်တဲ့ အသိုင်းဝိုင်းထဲက ပေးနိုင်တာနော်။”

“ဟုတ်ကဲ့…”

ချူလူလူ အကြာကြီးမတွေးလိုက်ရပါ။ နန်းတော်ကိုရောက်တော့ နောင်တော်များကိုယ်တိုင် လာကြိုနေသည်။ အပါးတော်မြဲများ၊ အတွင်းဝန်များလည်း ပျာနေကြသည်။ ကြည့်ရတာ နန်းတော်တစ်ခုလုံး နည်းနည်းစိုးရိမ်နေသလိုပင်။ မကြာခင် စစ်ဖြစ်တော့မည့်ပုံနှင့်ပါလား။

“သားတော်….ချူလူလူ..”

ခမည်းတော် နူတ်မှ ယခုလို ချိုသာသည့် စကားကို မကြားတာ နှစ်ချီနေပြီ။ ယခုကြားရတော့ နားထဲ စိမ်းလို့နေသည်။ ချူလူလူသည့်ထုံးစံအတိုင်း နဖူးနှင့် ကြမ်းပြင်ထိအောင် အရိုသေပေးလိုက်သည်။

“ခမည်းတော်ကို ဂါရ၀ပြုပါတယ် ..”

“သားတော်..ကြည့်စမ်း။ အခု ဘယ်သူရောက်နေလဲ။ ”

ခမည်းတော် မပြခင်ကတည်းက ခမည်းတော်၏ ညာဘက် ခုံများတွင် ထိုင်နေသည့် လူသုံးဦးကို မြင်ပြီးသားဖြစ်သည်။ ထင်သည့်အတိုင်း နောင်တော် တင်ဂီရိ၊ ဆူမီရာနှင့် ပင်လယ်ဘိုးဘိုး။ ချူလူလူ ကြည့်မိလိုက်သည်နှင့် နန်းတော်ပြန်ရောက်ကတည်းက မရသည့်အရာများကို တလုံးတခဲတည်းရလိုက်သည်။

ချစ်ခြင်း၊ နွေးထွေးခြင်း၊ လွမ်းဆွတ်ခြင်း များစွာနှင့် သွေးသားရင်းတို့၏ အကြည့်များ။ အကြည့်ထဲမှာပင် မည်မျှ မိမိကို ချစ်သည်၊ အလေးထားသည်ကို သိခွင့်ရလိုက်သဖြင့် ချူလူလူ၏ မျက်လုံးထဲ ချက်ချင်း မျက်ရည်ဝဲတက်လာခဲ့သည်။

“လူလူ…မြေးလေး..”

“ဖိုးဖိုး…”

ပင်လယ်ဖိုးဖိုးက ထိုင်ရာမှ ထကာ တဦးတည်းသော ဆက်ခံသူ မြေးလေးကို သိုင်းဖက်လိုက်သည်။ မြေးလေး၏ မျက်ဝန်းထဲမှ မိမိတို့ကို တွေ့လို့ ၀မ်းသာသွားသည့် မျက်ဝန်းများအရ ဒီနန်းတော်က သမီးနှင့် မြေးကို နှိပ်စက်လွန်းပြီထင်သည်။ ပင်လယ်ဖိုးဖိုးသည် အသက် 60 ကျော်သော်လည်း ကြံ့ခိုင်မာကျောဆဲဖြစ်သည်။ ထို့ကြောင့် ချူမင်းကြီးကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်ရဲ့ သမီးတော်ကို တွေ့ချင်ပါတယ် မင်းကြီး”

မင်းကြီး မျက်နှာကွက်ခနဲပျက်သွားပြီးဖြေလိုက်သည်။

“မိဖုရား မကျန်းမမာဖြစ်နေလို့ ညီလာခံကို တက်ရောက်နိုင်မယ် မထင်ပါဘူး။ ”

“သူလမ်းမလျှောက်နိုင်ရင် ပွေ့ယူလာခိုင်းစေချင်ပါတယ် မင်းကြီး။”

“ကောင်းပါပြီ။ အတွင်းဝန်ကြီး ပင်လယ်မိဖုရားကို ထိုင်ခုံထမ်းစင်နဲ့ ညီလာခံထဲကို ခေါ်လာခဲ့ပါ..”

ချူလူလူသည် ခမည်းတော်၏ မထင်မှတ်သည့် လိုက်လျောမှုကြောင့် အံ့အားသင့်သွားခဲ့သည်။ ချူမင်းကြီးဆိုတာ ဒီလောက် သဘောကောင်းလိုက်လျောတတ်သူ မဟုတ်ပါ။ ကြည့်ရတာ တကယ်ပဲ ပင်လယ်ပြင်မှာ နောင်တော့် ရေတပ်ရောက်နေပြီထင်သည်။

ဆူမီရာသည် သူငယ်ချင်း ချူလူလူတို့ မြေးအဖိုး တွေ့ဆုံသည်ကိုကြည့်ပြီး မျက်ရည်က အလိုလိုစို့လာခဲ့သည်။ မိမိသူငယ်ချင်း ဒီလောက် သည်းခံနေရသည်ကို လုံးဝမသိခဲ့ပါလားဟု တွေးကာ ကိုယ့်ဖာသာ အပြစ်တင်မိသည်။

“ဆူမီရာ… ခုကစပြီး ချူလူလူ တို့ ဒီလို မဖြစ်စေရတော့ဘူး။”

တင်ဂီရိက ဆူမီရာ၏ လက်ကို ဆုပ်နယ်ကာ ကတိပေးလိုက်သည်။ ဆူမီရာက ယုံကြည်စွာဖြင့် ခေါင်းငြိမ့်သည်။
ချူမင်းကြီးက တသက်လုံး ချောင်ထိုးထားခဲ့သည့် ပင်လယ်လူမျိုးစုက အာနန်ပြည်နှင့် ပူးပေါင်းကာ အင်အားကြီးထွားလာသည့်အပြင် မိမိတို့ ပင်လယ်ပြင်ထဲ အင်အားကြီးစွာ နေရာယူထားသည့် ရေတပ်သတင်းကို ကြားပြိးကတည်းက တုန်လှုပ်နေခဲ့သည်။ ပင်လယ်မိဖုရားကို အမှားလုပ်ထားမိသည့်အတွက် ချွေးစေးများထွက်လာခဲ့သည်။ အရှေ့ပိုင်း လူငယ်စစ်ဘုရင်၏ အေးစက်စက်အကြည့်က အချိန်မရွေး မိမိတို့တိုင်းပြည်ကို စစ်တလင်းဖြစ်အောင်လုပ်နိုင်စွမ်းရှိသဖြင့် ကျောထဲမှ စိမ့်တက်လာခဲ့သည်။

“ပင်လယ် မိဖုရားကြွချီလာပါပြီ။”

“သမီး…”

“ပါပါး…..”

“သမီးလေး ဘာကြောင့် ဒီလောက် လူရုပ်မထွက်အောင် ပိန်ရတာလဲ။”

“သမီးနေမကောင်းဖြစ်တာ ခြောက်လကျော်ခဲ့ပြီ ပါပါး ။ နန်းတွင်းသမားတော်တွေကလည်း အနာနဲ့ဆေးနဲ့
မတွေ့ဘူးဖြစ်နေလို့ ပါပါး…”

ပင်လယ် အကြီးကဲသည် မိမိသမီးကို ဒီလောက် ဖြစ်အောင် ပြစ်ထားရက်သည့် ချူမင်းကြီးကို ဒေါသနှင့် ကြည့်လိုက်သည်။ ထိုစဉ် တင်ဂီရိသည် မိဖုရား၏ နဖူးကြားမှ အနက်ရောင် အရိပ်ကို တွေ့သဖြင့် မျက်မှောင်ကုတ်လိုက်သည်။ ထို့ကြောင့် ထိုင်ရာမှ ရုတ်တရက်ထကာ မိဖုရား၏ လက်သွေးကြောကို စမ်းလိုက်သည်။ ချူတိုင်းပြည်မှ မှုးမတ်များက တီးတိုးပြောကုန်ကြသည်။ မိဖုရားတစ်ပါး၏ လက်ကို ညီလာခံအလယ်မှာ မင်းသားပျိုတစ်ပါးက ဆွဲကိုင်လိုက်ခြင်းက မဖွယ်မရာ အကြောင်းရာတခုဖြစ်သည်။

“သမီးတော်ရဲ့ ရောဂါက ထူးခြားမှုရှိပါသလား အရှင်မင်းသား…”

“ဟုတ်ကဲ့။ သမရိုးကျ ရောဂါ မဟုတ်ပါဘူး။ လူကြောင့်ဖြစ်တဲ့ ရောဂါပါ.. အဆိပ်မိတာပါ…”

ညီလာခံတစ်ခုလုံး ဆူညံသွားတော့သည်။ ထိုစကားကိုကြားသော် ပင်လယ်အကြီးကဲသည် ချူမင်းကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ချူလူလူသည်လည်း ခမည်းတော်နှင့် နံဘေးမှ ယှဉ်ထိုင်ပြီး မျက်နှာပျက်နေသည့် မိဖုရားခေါင်ကြီးကို သတိပြုမိလိုက်သည်။ ရင်ထဲတွင် အေးစက်သည့် မြစ်တစ်စင်း စီးသွားသလိုခံစားလိုက်ရတာက ခမည်းတော်၏ စိုးရိမ်သည့် အကြည့်ထင်သွားသည့် မျက်ဝန်းကြောင့်ဖြစ်သည်။ ဒါဆိုလျှင် ဒီအထဲ ခမည်းတော် ကိုယ်တိုင် မပါလျှင်တောင် တစ်စုံတစ်ခုကိုသိလောက်သည်။ ချူလူလူသည် မယ်မယ့်ကိုငုံ့ကြည့်လိုက်တော့ မယ်မယ်က ခပ်ယဲ့ယဲ့ပြုံးကို မိမိလက်ကို ဆုပ်ကိုင်ထားသည်။

“သားလေး ဘာမှလုပ်စရာမလိုဘူး။ မင်းအဖိုးလုပ်သွားလိမ့်မယ်..”

မယ်မယ် အားလုံးသိနေပါလားဟု တွေးကာ ချူလူလူ ၀မ်းနည်းသွားခဲ့သည်။ မိမိခွန်အားနည်းသောကြောင့် မယ်မယ့်ကို မကာကွယ်နိုင်ခဲ့ပါလားဟု တွေးလိုက်မိသည်။

ဒါကြောင့် မယ်မယ်ကို ကာကွယ်ဖို့ မိမိ အရင်ကထက် ကြံ့ခိုင်ဖို့လိုအပ်သည်။ ဖိုးဖိုးနောက်ကို လိုက်သွားရန် ချူလူလူ ဆုံးဖြတ်ချက်ချလိုက်တော့သည်

--------------------------------
“ချူလူလူ… မင်းတကယ်ပဲ ဖိုးဖိုးနဲ့လိုက်ပြီး အရှေ့ပင်လယ်မှာပဲနေတော့မလား။”

“အေး…ငါဆုံးဖြတ်ပြီးပြီ။”

“မင်းရဲ့မယ်မယ်က ဒီနန်းတော်ထဲမှာ နေခဲ့ရင် ဘယ်သူက စောင့်ရှောက်မှာလဲ။”

“ဖိုးဖိုးရဲ့ သက်တော်စောင့်တွေ ကျန်ရစ်ခဲ့မယ်။ သူတို့ မယ်မယ့်ကို ဘာမှ မလုပ်ရဲတော့ပါဘူး။ မယ်မယ် တခုခုဖြစ်ရင် သူတို့ တိုင်းပြည် စေ့စေ့ညက်ညက်ကြေသွားမယ်လေ…”

“အင်း………..ဒါနဲ့ နောင်တော် တိုလုအီက မင်းအတွက်ပေးလိုက်တာ ရှိသေးတယ်။ ငါက မင်းဝမ်းသာအောင် တမင်ယူထားတာ။ ”

“မဟူရာ စောင်းမလား”

“မင်း ကို နောင်တော်ပြောသွားတာလား။”

“မပြောပါဘူး.။ ဒါပေမယ့် နောင်တော်က ငါမကြိုက်တာကို မပေးဘူး။ ငါအလိုချင်ဆုံးကို သူအမြဲပေးနေကျလေ။ သူတို့ နန်းတော်ထဲက မဟူရာစောင်းကို ငါ အရမ်းလိုချင်နေတာ သူသိတယ်။ ပြီးတော့ အဲ့မဟူရာ စောင်းက သူ့ အစ်မတော် တစ်ယောက်လက်ထဲမှာ။ ဒါကိုရဖို့ နောင်တော်က သူ့အစ်မတော် အလိုချင်ဆုံး အရာတစ်ခုကိုရအောင် ယူပြီး ငါ့အတွက် လဲလှယ်ပေးခဲ့တယ်လို့ ထင်တယ်။”

လက်ခုပ်သံကြောင့် နှစ်ယောက်သားလှည့်ကြည့်လိုက်တော့ နောင်တော် တိုလုအီ ကိုတွေ့လိုက်ရသည်။

“ဖျောင်း …. ဖျောင်း… ဖျောင်း…”

“တော်တယ် ချူလူလူ…. မင်းခန့်မှန်းတာ တကယ်ကွက်တိပဲ..”

“နောင်တော် တိုလုအီ…မဟူရစောင်းကိုပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခု ကျွန်တော် တေးဂီတကို မဖန်တီးချင်သေးဘူး။ ကျွန်တော့်ရင်ထဲ အမုန်းတွေ တောက်လောင်နေတယ်…”

“အခု မဖန်တီးချင်လဲ သွားလေရာ ယူသွားပေးရင် ကျေနပ်တယ်။ မင်း ပြန်ပြီး တီးခတ်ချင်တဲ့နေ့ကို သူက စောင့်နေမှာပါ။ ကဲ ….မင်း ဖိုးဖိုးရဲ့ သဘောင်္က ထွက်တော့မယ်။ အဲ့ဒါ လာပြောတာ…”

ချူလူလူသည် ဆူမီရာကို ဖက်လိုက်သည်။ ပြီးနောက် တိုလုအီကိုဖက်လိုက်သည်။ ထို့နောက် စောင်းကို ယူကာ လှည့်မကြည့်တမ်းထွက်သွားပြီး ကုန်းပတ်ပေါ်တက်သွားတော့သည်။ ချူလူလူ သဘောင်္ပေါ်ရောက်သွားသည်နှင့် ကမ်းမှခွာကာ ဝေးသွားသည့် သဘောင်္ကို ငေးကြည့်ကာ ဆူမီရာနှင့် တိုလုအီကျန်ရစ်ခဲ့သည်။
------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet