Chapter - 3

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (3)

 

“ဟော်သွန်းရယ် မင်းနှိပ်စက်လွန်းလှတယ်။ ဘယ်လိုလုပ်မှ မင်းကို မေ့နိုင်မှာလဲကွာ…”

 

ခန်မင်းကြီး အံကြိတ်ကာ ညည်းလိုက်မိတော့သည်။

 

“လှရက်လိုက်တာ ဟော်သွန်းရယ်”
 

နံရံကိုငေးကြည့်ရင်း ကာလိုခန်သည် ချူလုံးလေးများတပ်ထားသည့် ပ၀ါဖြင့် လှပစွာကပြနေသည့် ဟော်သွန်းကိုသာ မြင်ယောင်ကာ ပင့်သက်ရှိုက်ရင်း တိုးတိုးရေရွတ်နေမိသည်။ နံရံကို နံရံဟုမမြင်ပဲ ဟော်သွန်းကိုသာ မြင်ပြီး မလှုပ်မယှက် ငေးနေမိသည်။

 

ကုန်းကုန်းများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အခြေနေမဟန်သည်ကို အသံတိတ် ဖလှယ်နေကြသည်။ ယခုတလော မင်းကြီး ညညဆိုမအိပ်ပဲ တိုးတိုးလေး ရွတ်ရွတ်နေတတ်သည့် စကားများကား…

 

“မင်းက ကိုယ့်ဘ၀ရဲ့ နတ်သမီးပဲ”
 

“မင်းလေးကို ကျုပ်ဘာကြောင့်အရင်မတွေ့ခဲ့တာလဲ။”
 

“မင်းရဲ့ လှုပ်ရှားမှုတိုင်းက ကျုပ်ကို ရူးအောင်ပြုစားနေတယ်”
 

“မင်းရဲ့ အပြုံးက ကျုပ်အတွက်ဖြစ်ပါတော့လားကွာ”
 

“မင်းရဲ့ အပြုံးကိုသာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် အရာအားလုံးနဲ့လဲဝံ့ပါတယ် ဟော်သွန်းရယ်”
 

နောက်ဆုံး အတွင်းဝန်ကြီးက အမတ်ချုပ်ကြီးကို သတင်းပို့လိုက်ရတော့သည်။ မပို့လို့လည်းမရတော့ပေ။ မင်းကြီးပုံစံက မျက်တွင်းဟောက်ပက်နှင့် အစာလည်း မစား၊ ညလည်းမအိပ်နှင့်။ အကယ်လို့ မင်းကြီး မတော်တဆ နတ်ရွာလားလျှင် မိမိတို့ အတွင်းဝန် ကုန်းကုန်းတသိုက်လည်း ကွပ်မျက်ခံနေရမှာစိုးရသည်မဟုတ်လား။

တားဂေါတိုင်းသည် အချိန်မဆိုင်းတော့ပဲ မင်းကြီးထံ အခစားဝင်ကာ ပြောလိုက်တော့သည်။ မင်းကြီးသည် လွယ်နေသည်ကို ခက်အောင်လုပ်နေသည်ဟု မြင်မိသည်။

 

“မင်းကြီး…မင်းကြီး လွယ်နေတာကို ဘာကြောင့်ခက်အောင်လုပ်နေရတာလဲ ဘုရာ့..”

 

ကာလိုခန် မင်းကြီးသည် တားဂေါတိုင်း၏ စကားကြောင့် ဆတ်ခနဲဖြစ်သွားသည်။ မိမိအကြောင်းကိုများရိပ်မိနေပြီလား ဟုတွေးလိုက်မိပြီး မျက်နှာထားတင်းတင်းဖြင့်ပြန်မေးလိုက်သည်။ ဘုရင်တန်မယ့် လင်ရှိမယားကို ပစ်မှားနေသည်ဆိုသည့် စကားမှာ အတိုင်းတိုင်းအပြည်ပြည်မှ ကြားလို့မတော်သည့် စကားမဟုတ်လား။
 

“သင်ဘာကိုပြောတာလဲ အမတ်ချုပ်ကြီး။”

 

တားဂေါတိုင်းသည် အမှားလုပ်မိတိုင်း မလုံမလဲဖြင့် တဖက်သားကို ပိတ်ဟောက်တတ်သည့် ကာလိုခန် မင်းကြီး၏ အကျင့်ကို သိသူပီပီ နောက်မတွန့်ပဲ ထပ်မံလျှောက်လိုက်သည်။ ဒီတစ်ခါ ပွင့်ပွင့်လင်းလင်းကို လျှောက်တင်ရတော့သည်။ မဟုတ်လျှင် မင်းကြီးအတွေးခေါင်နေပုံနှင့် မိမိတို့ တိုင်းပြည် မင်းမဲ့တိုင်းပြည်ဖြစ်တော့မည်။ မင်းကြီးတွင် မိဘုရား သုံးကျိပ်ရှိသော်ငြားလည်း သား၊သမီးတစ်ယောက်မှ မထွန်းကားသေးပေ။ နတ်များ၊ ယတြာများလည်း လုပ်တာ စုံလှပြီ။ နောက်ဆုံး အကြားမြင်ရသည့် ဆရာတော်တပါးမှ ထိုက်တန်သည့် သားတော်လေး မကြာခင် ရောက်ရှိလာမည်ဟု ဟောကြားခဲ့သဖြင့် ဟော်သွန်းသည် မင်းကြီးအတွက်သားလေး မွေးပေးနိုင်သည့် မိန်းကလေးလည်းဖြစ်လာနိုင်သည်။ ထို့ကြောင့် လိုရင်းကို လျှောက်တင်လိုက်တော့သည်။
 

“အရှင်မင်းကြီး ဟော်သွန်းဆိုတဲ့ အလှမယ်ကို စွဲလမ်းလို့ နေမကောင်းဖြစ်နေတာ မဟုတ်လား ဘုရား”

 

တားဂေါတိုင်း၏ လျှောက်တင်စကားကို ကြားသော် ကာလိုခန်မင်းကြီးသည် မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

 

“အမတ်ချုပ်ကြီးနဲ့မဆိုင်ပါဘူး အမတ်ကြီး”

 

တားဂေါတိုင်းသည် ကာလိုခန် မင်းသားဘ၀ကတည်းက အနီးကပ်ကြီးကြပ်သင်ကြားပေးရသည့် အကြီးတော် အမတ်ကြီးလည်းဖြစ်သောကြောင့် ကာလိုခန်၏ လေသံကို မဖြုံပေ။

 

“အရှင်မင်းကြီး..အရှင့် ခမည်းတော်က ကျွန်တော်မျိုးကို အပ်နှံသွားခဲ့တာပါ။ အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ သခင်လည်းဟုတ်ပါတယ်။ ကျွန်တော်မျိုးရဲ့သားလည်းဟုတ်ပါတယ်။ အရှင်မင်းကြီး အခုလို ခံစားနေရတာကို ကျွန်တော်မျိုး ဘယ်လိုလုပ်ပြီးကြည့်ရက်နိုင်မှာလဲ။”
 

ကာလိုခန်သည် အမတ်ကြီး၏ စကားကို ဘုတောလိုက်သည်။ ဟုတ်သည်။ မကြည့်ရက်လို့လည်း ဘာလုပ်လို့ရမည်နည်း။ ယေစုကိုင်းကို သတ်ပြီး သူ့မယားကို သိမ်းပိုက်ရမည်လား။

 

“မကြည့်ရက်လို့ အမတ်ကြီးက ဘယ်လိုလုပ်ချင်တာလဲ။”

 

တားဂေါတိုင်းသည် ကာလိုခန် ရွဲ့ပြောသည်ကို မဖြုံပါ။ အမတ်ချုပ်ကြီးလုပ်လာပြီးမှ ဒီလို ရွဲ့သည့်စကားလောက် ကတော့ နည်းနည်းမှ မထိခိုက်စေတော့ပါ။ ထို့ကြောင့် ကာလိုခန် လုပ်ရမည့် အလုပ်ကို ပြောလိုက်တော့သည်။

 

“ဟော်သွန်ူးကို မိဖုရားမြှောက်တော်မူပါ အရှင်မင်းကြီး”
 

ကာလိုခန်က ထိုင်ရာမှ ၀ုန်းခနဲထရပ်ကာ တားဂေါတိုင်းကို အော်ငေါက်လိုက်သည်။ နံဘေးမှ ကုန်းကုန်းငယ်များမှာ တုန်ခနဲပင်ဖြစ်သွားသည်။ ကာလိုခန်မင်းကြီး ယခုလို ဒေါသထွက်သည်ကို တွေ့ရခဲ့သည်။ ယခုလို ဒေါသထွက်တော့ လှုပ်ပင်မလှုပ်ဝံ့တော့ပေ။

 

“တော်..တော်… ဒီစကား ဒီတင်ပဲရပ်။ ကျုပ်က ကျုပ်လက်အောက်က စစ်သူကြီးရဲ မယားကို သိမ်းပိုက်လောက်အောင် မိုက်မဲတဲ့ မင်းတစ်ပါးဖြစ်နေပြီလားဟင် အမတ်ကြီး”
 

ကာလိုခန်သည် ရှုးရှုးရှဲရှဲနှင့် ပြောကာ ဆောက်တည်ရာမရ လမ်းလျှောက်နေမိသည်.။ ဘယ်နှယ့်။ မိမိ အတင်းမြိုသိပ်ထားသည့် စိတ်ရိုင်းကို အမတ်ချုပ်ကြီးက လာဆွနေသည် မဟုတ်လား။ မိမိအတွေးလွန်တိုင်း ယေစုကိုင်း သေသွားလျှင်ကောင်းမည်။ မုဆိုးမ ဖြစ်သွားမည့် ဟော်သွန်းကို မိဖုရားမြှောက်မည်ဟု တိတ်တခိုး တွေးနေမိသည်ကို အမတ်ချုပ်ကြီး၏ လျှောက်တင်စကားက တည့်တည့်ထိသွားသည် မဟုတ်လား။

 

“မဟုတ်ပါဘူး အရှင်မင်းကြီးက တိုင်းသူပြည်သားတွေကို ၇င်ဝယ်သားလို စောင့်ေ၇ှာက်တဲ့ မင်းကောင်းတစ်ပါးပါ။ ”
 

တားဂေါတိုင်းက မင်းကြီးကို လေအေးလေးနှင့် ပြန်ဖြေလိုက်သည်။

 

“ဒါဆို ဒီစကားကို နောက်ထပ် မပြောပါနဲ့။တကယ်လို့ အမတ်ကြီး ထပ်ပြောရင် ကျုပ်ညှာတာနေမှာမဟုတ်ဘူး။”
 

ကာလိုခန်က တင်းမာစွာဖြင့် သတိထပ်ပေးလိုက်သည်။

 

“မင်းကြီး ..မင်းကြီး….လွယ်နေတာကို ခက်အောင်လုပ်နေတယ်။ ကျွန်တော်မျိုးကိုခွင့်လွှတ်ပါ။ မင်းကြီးအတွက် မကောင်းပေးမယ့် ကျွန်တော်မျိုး ကြံရပါတော့မယ်။ မင်းကြီးရဲ့အသက်က လူအားလုံးအတွက် အရေးကြီးလို့ စတေးသင့်တာကို စတေးရပါတော့မယ်။ ”

 

လူ့မနော၊ လူ့အထာကို နပ်နေသည့် အမတ်ချုပ်ကြီးက မင်းကြီးကို စိတ်မကောင်းသည့် မျက်လုံးဖြင့် ကြည့်ကာ တည်ကြည်စွာပြောလိုက်သည်။ ဟုတ်လည်းဟုတ်သည်။ မိမိတာဝန်က မင်းကြီး အသက်ရှည်ရှည်နှင့် နန်ကျောင်ပြည်ကို အုပ်ချုပ်ဖို့ဖြစ်သည်။ ဟော်သွန်းက ရမှ မင်းကြီး အသက်ရှင်မည် ဆိုလျှင် ဟော်သွန်းကို ရအောင် ယူပေးရမည်က မိမိတာဝန်ဖြစ်သည်ဟု ယူဆထားသည်။

 

ကာလိုခန် မင်းကြီးသည် အမတ်ချုပ်ကြီးကို မောင်းထုတ်လိုက်ပြီးနောက် အိပ်ယာထက်တွင် စိတ်ပျက်လက်ပျက်နှင့် လှဲအိပ်လိုက်တော့သည်။ အမတ်ချုပ်ကြီး၏ စကားက မိမိနားထဲ ထပ်တလဲလဲ ကြားယောင်နေမိသည်။ သို့သော်လည်း မလုပ်သင့်သည်ကို မလုပ်မိရင် အတတ်နိုင်ဆုံးထိန်းနေမိသည်။

 

တားဂေါတိုင်းသည် မင်းကြီးကို ဖြောင့်ဖြလို့မရတော့ မိမိနည်းနှင့် ကြံပြန်သည်။ လောလောဆည် တိုင်းပြည်အုပ်ချုပ်ခွင့်က မိမိလက်ထဲတွင် ရှိသည်။ ထို့ကြောင့် အရေးပေါ် အစည်းဝေးကို ပြုလုပ်ကာ ယေစုကိုင်းကို မင်းကြီးကိုယ်စား အမိန့်ထုတ်ပြန်လိုက်သည်။ အနောက်မြောက်ဒေသ ရှိ သူပုန်များကို ယေစုကိုင်းအား နှိမ်နင်းရန် စေလွှတ်လိုက်သည်။
 

“စစ်သူကြီး…အနောက်မြောက်အရပ် ချင်တိုင်းပြည်နယ်စပ်မှာ ပုန်ကန်မှုများကို သွားရောက်နှိမ်နင်းစေ…. မင်းကြီး အမိန့်တော်…”

 

ယေစုကိုင်းက နန်းတွင်းပရိယာယ်ကို နားမလည်သည့် သူပီပီ ထွေထွေထူးထူးမတွေးပဲ အမိန့်စာကို လက်ခံလိုက် သည်။
 

“အမိန့်နာခံလျက်ပါ …”
 

ယေစုကိုင်းသည် နန်းတွင်းတွင် ဆင်ထိန်း၊ မြင်းထိန်းသာသာ လုပ်နေရာမှ စစ်သည်တော် ပီပီ တိုက်ပွဲဝင်ရမည်ဖြစ် သောကြောင့် ၀မ်းသာနေသည်။ ထို့ကြောင့် ဟော်သွန်းကို အမိန့်စာကိုပြကာ ပြောလိုက်သည်။

 

“မောင်မောင် …ရုတ်တရက်ကြီး မောင်မောင့်ကို ဘာကြောင့် နယ်စပ် ပုန်ကန်မှုကို သွားနှိမ်နင်းခိုင်းရတာလဲ။ ”
 

သို့သော် ဟော်သွန်းသည် အခြား စစ်သူကြီးရှိလျက်နှင့် ဘာကြောင့် ရုတ်တရက် မိမိခင်ပွန်းကို စေလွှတ်ရသည်ကို နားမလည်တော့ပေ။ မိမိကြားသည့် သတင်းအရ စစ်သူကြီး တစ်ဦးလျှင် သုံးလ တာဝန်ယူ၇သည်။ ယခု စစ်သူကြီး သွားတာမှ တစ်လရှိသေးသည်။ မိမိခင်ပွန်းကို စေလွှတ်သည် ဆိုတော့ ထူးဆန်းနေသည်။

 

“မောင်မောင့်ကို မင်းကြီးက ယုံကြည်လို့ တာဝန်ပေးတာပေါ့ ဟော်သွန်းရယ်။”
 

ယေစုကိုင်းကတော့ ဟော်သွန်း၏ သံသယကို မသိပဲ စိတ်ထဲရှိသည့်အတိုင်း ပြန်ဖြေလိုက်သည်။

 

“အဲ့နေရာကို တာဝန်ယူရတဲ့ စစ်သူကြီးရှိတယ် မဟုတ်လား…ရုတ်တရက် မောင်မောင့်ကို စေလွှတ်တာ တမျိုးပဲ …

ပြီးတော့ ဟော်သွန်း အိပ်မက်လည်း သိပ်မကောင်းဘူး မောင်မောင်ရယ်။”

 

ဟော်သွန်းသည် ခင်ပွန်းသည်ကို စိတ်လေးနေသည်ကို ပြောပြသည်။ သို့သော် ယေစုကိုင်းက ဟော်သွန်း အစိုးရိမ်ကြီးသည်ဟုပဲ ထင်နေသည်။
 

“မပူပါနဲ့ ဟော်သွန်းရယ်။ မင်း မောင်မောင့် အစွမ်းစကို ယုံကြည်တယ်မလား။”
 

“ယုံပါတယ် မောင်မောင်၇ယ်။”
 

ဟော်သွန်းသည် ဆက်ပြောလျှင် မိမိခင်ပွန်းကို မယုံကြည်ရာ ကျတော့မည်။ ထို့ကြောင့် ဆက်မပြောပဲ ပြင်ဆင်သင့်သည်ကို ပြင်ပေးလိုက်သည်။

 

“ကဲ ယုံတယ် ဆိုရင် သားလေးကို သေချာ ဂရုစိုက်ပြီးနေခဲ့နော်။ မောင်မောင် မကြာပါဘူးကွယ်။”
 

ယေစုကိုင်းသည် ဟော်သွန်း၏ ပါးပြင်ကို နမ်းကာ နှစ်သိမ့်လိုက်သည်။ ပြီးတော့ သားလေး တင်ဂီရိကို သေချာမှာသည်။

 

“သားတော်လေး မင်း မယ်မယ်ရဲ့ စကားကို သေချာနားထောင်နော်။ ခမည်းတော် စစ်မြေပြင်မှာ အနိုင်တိုက်ပြီး ပြန်လာခဲ့မယ်။”

 

တင်ဂီရိသည် စစ်ထွက်သွားရမည့် ဖခင်ကို လေးစားအားကျစွာငေးကြည့်ကာ ကတိပြုလိုက်သည်။
 

“မှန်လှပါ ခမည်းတော်ဘုရား”
 

ယေစုကိုင်း စစ်ထွက်သွားပြီးနောက် တစ်လအကြာတွင် တားဂေါတိုင်းသည် ဟော်သွန်းတို့အိမ်ကို ရောက်လာခဲ့သည်။

 

“အမတ်ချုပ်ကြီး ရောက်ရှိနေကြောင်းပါ သခင်မဘုရား”

 

မိမိတို့မျိုးနွယ်မှ မိန်းမများကို အထည်ချုပ်သည်ကို ကြီးကြပ်နေစဉ် အစေခံမှ သတင်းလာပို့သဖြင့် ဟော်သွန်းအမြန်လိုက်ခဲ့သည်။ ဧည့်ခန်းဆောင်တွင် အမတ်ကြီးကို တွေ့သော် အရိုသေပေးကာ

နူတ်ဆက်လိုက်သည်။

 

“အမတ်ချုပ်ကြီးကို အရိုသေပေးပါတယ် ရှင်…”

 

တားဂေါတိုင်းသည် အသက် ၂၈ နှစ်အရွယ် ရှိသည့်တိုင် စွဲမက်ဖွယ်လှလွန်းသည့် မိန်းမချောကို ငေးကြည့်ကာ ကာလိုခန်မင်းကြီး စွဲလန်းမည်ဆိုလည်း စွဲလန်းနိုင်အောင်ကို လှရက်နိုင်လွန်းလှသည်ဟု တွေးမိသည်။

 

“စစ်သူကြီး ကတော် နေသာသလိုနေပါ။ ”
 

“ကျေးဇူးတင်ပါတယ်ရှင်။ အမတ်ချုပ်ကြီး ကျွန်မတို့ဆီကို ကြွလာတာ ဘာများခိုင်းစရာရှိလို့ပါလဲရှင်”

 

ဟော်သွန်းသည် အမတ်ကြီးကို ကြည်လင်စွာကြည့်ကာ လိုရင်းကိုမေးလိုက်သည်။ ခါတိုင်းမလာဖူးသည့်အမတ်ချုပ် ကြီးအိမ်ကိုလာတာ အကောင်းတော့မဖြစ်နိုင်သည်ကို မိန်းမ၏ ပင်ကိုယ် သိစိတ်နှင့်မေးလိုက်ခြင်းဖြစ်သည်။

 

“တကယ့်ကို ပါးနပ်ပါပေတယ်။ သူလေးက စစ်သူကြီးရဲ့ သားလေးလား။ ”

 

တားဂေါတိုင်းက သဘောကျစွာရယ်မောကာ မေးခွန်းကို မဖြေပဲ အခန်းထဲကို ၀င်လာသည့် တင်ဂီရိကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မေးလိုက်သည်။

 

ဟော်သွန်းက ပြန်ဖြေကာ တင်ဂီရိကို လှမ်းပြောလိုက်သည်။
 

“မှန်ပါတယ်ရှင်။ သားလေး အမတ်ချုပ်ဘိုးဘိုးကို ကန်တော့လိုက်ဦး။”
 

တားဂေါတိုင်းက ရယ်ရယ်မောမောနှင့်ပြောကာ တင်ဂီရိကို အပြင်သို့ပထုတ်လိုက်သည်။

 

“ရပါတယ်ကွယ်။ ကဲ ကဲ လူလေး…. ဒီက ဘိုးဘိုးရဲ့ သက်တော်စောင့်ကို ဥယျာဉ်ထဲ လိုက်ပို့ပေးလိုက်ပါဦး။”
 

တင်ဂီရိက မိခင်ဖြစ်သူကို မေးဟန်ဖြင့်လှမ်းကြည့်လိုက်သည်။ မိမိကို အဘယ့်ကြောင့် သွားခိုင်းသည်ကို နားမလည်ဖြစ်နေမိသည်။

 

“သားလေး လိုက်ပို့ပေးလိုက်ပါကွယ်။ ”

 

ဟော်သွန်းက သားဖြစ်သူကို ပြောလိုက်သည်။ တင်ဂီရိသည် မိခင်၏ စကားကြောင့် စောဒက မတက်ပဲ ချက်ချင်း အရိုသေပေးကာ အမတ်ချုပ်ကြီး၏ ကိုယ်ရံတော်နှင့် ခြံထဲကို ထွက်လာခဲ့သည်။
 

“အမတ်ချုပ်ကြီး ဘာများမိန့်စရာရှိလို့ သားလေးကို ပထုတ်လိုက်တာပါလဲ။”

 

သားလေးထွက်သွားပြီးမှ ဟော်သွန်းက အမတ်ချုပ်ကြီးကိုမေးလိုက်သည်။
 

“အင်း…. စစ်သူကြီးကတော်ကို ကျုပ် အကူညီတောင်းဖို့လာတာပါ။ ”

 

တားဂေါတိုင်းသည် ဥာဏ်ရည်လည်းထက်လှသည့် ဟော်သွန်းကို ခေါင်းတငြိမ့်ငြိမ့် လုပ်ကာ ကျေနပ်စွာဖြင့် ကြည့်ပြီး ပြောလိုက်သည်.။
 

“ဘာများ ကူညီပေးရမလဲ မိန့်တော်မူပါ။”

 

ဟော်သွန်းကတော့ သဘောရိုးဖြင့်ပြောလိုက်သည်။ မိမိတို့ကို နေစရာပေးထားသည့် တိုင်းပြည်မှ အမတ်ချုပ်ကြီး ကိုယ်တိုင် အကူညီလာတောင်းသည်ဆိုတော့ ကူညီမည်ဟုတွေးကာ ပြောလိုက်သည်။
 

“ခန်မင်းကြီးက စစ်သူကြီးကတော်ကို စွဲလန်းလို့ အအိပ်ပျက်၊ အစားပျက်ဖြစ်ပြီး မကျန်းမမာ ဖြစ်နေတယ်။ အဲဒါ စစ်သူကြီးကတော်က မင်းကြီးကို ပျောက်အောင်တာဝန်ယူပေးစေချင်ပါတယ်။”

 

တားဂေါတိုင်းသည် မိမိလိုချင်သည့်အကွက်ကို ဆိုက်လာပြီဖြစ်လို့ ဟော်သွန်းကိုပြောလိုက်သည်။
 

“ကျွန်မ ဆေးပညာမတတ်ပါဘူးရှင်..”

 

ဟော်သွန်းက အံ့အားသင့်ကာ အမတ်ချုပ်ကြီးကို ပြန်ပြောလိုက်သည်။ စိတ်ထဲတွင် အနည်းငယ်တော့ စနိုးစနောင့်တော့ဖြစ်သွားသည်။
 

“စစ်သူကြီးကတော်က မင်းကြီးကို ကိုယ်လုပ်တော်အဖြစ် ပြုစုပေးပါရစေလို့ လျှောက်တင်လိုက်ရင် မင်းကြီး ချက်ချင်းနေကောင်းသွားမှာပါ။”

 

တားဂေါတိုင်းက လိုရင်းကို ချက်ချင်းပြောလိုက်တော့သည်။ ဝေ့မနေချင်တော့ပေ။ မင်းကြီးက အရေးကြီးနေပြီမဟုတ်လား။
 

“ကျွန်မက လင်ယောကျာ်းရှိသူပါ အမတ်ချုပ်ကြီး။ကျွန်မ မင်းကြီးရဲ့ ကိုယ်လုပ်တော် မလုပ်နိုင်ပါဘူး။”
 

ဟော်သွန်းသည် အံ့အားသင့်ခြင်းကြီးစွာဖြင့် တားဂေါတိုင်းကို ပြန်ပြောလိုက်သည်.။ မိမိ ခင်ပွန်းယေစုကိုင်းကို နယ်စပ်ကို စေလွှတ်ရသည့် ရည်၇ွယ်ချက်ကို အနည်းငယ် သဘောပေါက်သလိုဖြစ်လာသည်။

တားဂေါတိုင်းသည် စိတ်မပျက်ပဲ ဥယျာဉ်ထဲမှ ကိုယ်ရံတော်နှင့် ဒါးရေးကစားနေသည့် တင်ဂီရိကို လှမ်းကြည့်ကာ ပြောလိုက်သည်။

 

“အင်း….စစ်သူကြီးရဲ့သားတော်လေးက တော်တော်ချစ်ဖို့ကောင်းတာပဲ။ ကလေးဆိုတာ မတော်တဆနဲ့ သေဆုံးနိုင်တယ်နော်။ ဟော ကြည့်လိုက်စမ်းပါဦး။ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ။ ”
 

အမတ်ချုပ်ကြီး၏ စကားကို ကြားသော် ဟော်သွန်းအလန့်တကြားကြည့်လိုက်တော့ မိမိသားကို မြှားနှင့်လှမ်းချိန် ထားသည့် ခြုံကွယ်မှ အမတ်ကြီး၏ ရဲမတ်ကို တွေ့လိုက်သည်။ သားဖြစ်သူ၏ အသက်ဘေးကို ဟော်သွန်းစိုးရိမ်သွားခဲ့သည်။ အမတ်ချုပ်ကြီး၏ ရည်၇ွယ်ချက်ကို ရိပ်မိလာလေပြီ။ မိမိသား၏ အသက်နှင့် မိမိကို မင်းကြီး၏ ကိုယ်လုပ်တော် လုပ်ရန် ဖိအားပေးနေလေပြီ။

 

“အမတ်ချုပ်ကြီး သားလေးကို ဘာလုပ်ဖို့ ကြံထားတာလဲ။”

 

ဟော်သွန်း တုန်လှုပ်စွာဖြင့်မေးလိုက်သည်။ သားလေးကို တကယ်ပင်သတ်ဖြတ်မည်ကို စိုးရိမ်ကာ မျက်နှာတပြင်လုံးဖြူယော်လို့နေမိသည်။
 

“ကျုပ် ဘာမှ မလုပ်ပါဘူး။ သူက စစ်ရေးလေ့ကျင့်ကွင်းမှာ နေ့တိုင်းလေ့ကျင့်တယ် ပြောတယ်။ မြင်းပေါ်က ပြုတ်ကျတာလို့၊ လေ့ကျင့်ရင်း မတော်တဆ ထိခိုက်တာတို့ဖြစ်ရင် စစ်သူကြီး ရင်ကျိုးမှာပဲ။ ”
 

အမတ်ချုပ်ကြီးက သိမ်မွေ့စွာပြုံးကာ ပြောလိုက်သည်။ ဟော်သွန်းသည် အမတ်ချုပ်ကြီးကို ဒေါသနှင့်ကြည့်ကာ မေးလိုက်သည်။

 

“အမတ်ချုပ်ကြီးက ကျွန်မသားရဲ့ အသက်နဲ့ ခြိမ်းခြောက်တာလား။”
 

တားဂေါတိုင်းသည် ရဲရင့်စွာမေးသည့် ဟော်သွန်းကို ခေါင်းငြိမ့်ကာဖြေလိုက်သည်။

 

“စစ်သူကြီးကတော် ဥာဏ်ကောင်းတာပဲ။ စိတ်မကောင်းစွာပြောရရင် ဟုတ်ပါတယ်။ ”

 

ဟော်သွန်း အံကြိတ်လိုက်ပြီး အမတ်ကြီးကို တည်ငြိမ်စွာပြန်ပြောလိုက်သည်။

 

“စစ်သူကြီးက ဒီအကြောင်းကို သိရင် ငြိမ်ခံမှာမဟုတ်ဘူး အမတ်ကြီး။”

 

“အင်း…စစ်သူကြီးက အခု ရှေ့တန်းမှာ ၇န်သူတွေ ၀ိုင်းတာ ခံနေရတယ်။ ကျုပ်က စေလွှတ်မယ့် စစ်ကူနဲ့ စားနပ်ရိက္ခာ မရောက်ရင် ငတ်ပြတ်ပြီး အသတ်ခံရမှာပဲ။ အဲ့ဒီအချိန်ဆို စစ်သူကြီးကတော်က လွတ်လပ်သူဖြစ်ပြီ ဆိုတော့ မင်းကြီးက တော်ကောက်လို့ရပြီ။ ”

 

တားဂေါတိုင်းက သိမ်မွေ့သည့်လေသံနှင့် မလိုက်ဖက်စွာဖြင့် ယုတ်မာကောက်ကျစ်စွာဖြင့်ပြောလိုက်သည်။ သူပြောသည်ကို နားထောင်ပြီး ဟော်သွန်းရင်တွေပူလာသည်။ တကယ်ပဲ မိမိခင်ပွန်းကို သူတို့သတ်ဖို့ကြံထားလေပြီလား။
 

“ဟင့်အင်း…မလုပ်ပါနဲ့။”

 

ဟော်သွန်းသည် အမတ်ကြီးကို စိုးရိန်တကြီးနှင့်တားလိုက်သည်။

 

တားဂေါတိုင်းကျေနပ်စွာဖြင့် ပြောလိုက်သည်။ အခြေနေအရ ဟော်သွန်းကို မိမိ မကြာခင် ရတော့မည်ကို သိလေပြီ။

 

“ဒါကြောင့် ကျုပ်က ပျားလည်းစွဲသာ၊ ရှဥ့်လည်းလျှောက်သာတဲ့လမ်းကိုပြောရတာပါ။ ”

 

ဟော်သွန်းသည် တုန်ယင်လာသည့် စိတ်ကို တင်းကာ လက်သီးကို ဆုပ်ကိုင်ထားပြီး တားဂေါတိုင်းကို မေးလိုက်သည်။
 

“ကျွန်မ မင်းကြီးရဲ့ ကိုယ်လုပ်တော်အဖြစ်လက်ခံရင် ကျွန်မယောကျာ်းနဲ့ သားကို အသက်ချမ်းသာရာ ပေးမှာလား။”
 

အမတ်ချုပ်ကြီးက ကျေနပ်စွာပြုံးကာ ကတိပေးလိုက်သည်။ ခန်မင်းကြီးကို မိမိကယ်တင်နိုင်တော့မည်ဟု တွေးကာ ၀မ်းသာသွားသည်။

 

“စိတ်ချပါ၊ သူတို့ကို ကျုပ်က တိုင်းပြည်ထူထောင်ဖို့ လိုအပ်တဲ့ ရတနာတွေနဲ့ လူအင်အားပေးလိုက်မှာပါ။ ဒါပေမယ့်

စစ်သူကြီးကတော် အခု  ချက်ချင်း ဆုံးဖြတ်ပါ။ စစ်သူကြီးကတော်ရဲ့ ဆုံးဖြတ်ချက် နှောင့်နှေးရင် ရှေ့တန်းမှာ

စစ်သူကြီး ယေစုကိုင်း အခြေနေပိုဆိုးလာလိမ့်မယ်။”
 

ဟော်သွန်းသည် အမတ်ချုပ်ကြီး၏ ဖိအားပေးမှုကြောင့် စိတ်ကိုအေးအေးထားကာ အကောင်းဆုံးမည်သို့လုပ်မည်ကို စဉ်းစားပြီး ပြောလိုက်သည်။

 

“ကောင်းပြီ။ကျွန်မသားကို သူ့အဖေဆီကို ပို့လိုက်ပါ။ ကျွန်မလက်ခံတယ်။ ဒါပေမယ့် ကျွန်မသားနဲ့ ယောကျာ်း အသက်ရှင်ကြောင်း စာရောက်မှ မင်းကြီးဆီကို သွားနိုင်မယ်။”
 

တားဂေါတိုင်းက ချက်ချင်းကတိပေးလိုက်သည်။ တကယ်ဆို ယေစုကိုင်းနှင့် တင်ဂီရိကို သတ်ဖို့ အားလုံး ကြံထားပြီးဖြစ်သည်။ သို့သော် ခုချက်ချင်းသတ်လျှင် ဟော်သွန်း၏ အသက်မဲ့အလောင်းသာ ရမှာသေချာသည်။

ထို့ကြောင့် ဟော်သွန်းက မင်းကြီး၏ ကိုယ်လုပ်တော်ဖြစ်မှ လုပ်ကြံခိုင်းမည်ဟု စဉ်းစားထားသည်။ ဟော်သွန်းက မိမိလက်ထဲရှိသဖြင့် ယေစုကိုင်းကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။ဟော်သွန်းနှင့် သူတို့မျိုးနွယ်စုမှ မိန်မများကို တန်ဆာခံထားလိုက်လျှင် ယေစုကိုင်း မိမိ စကားကို တသွေမတိမ်းနာခံရမည်ဖြစ်သည်။

 

“အို..စိတ်ချပါ။ စစ်သူကြီးတို့သားအဖဆီက စာရောက်လာရင် သခင်မ နန်းတော်ကို ကြွဖို့ကတိမပျက်ပါနဲ့။”
 

ထို့ကြောင့် ဟော်သွန်းတောင်းဆိုသည်ကို အသာတကြည်လိုက်လျောနိုင်ခြင်းဖြစ်သည်။

ဟော်သွန်းက တင်ဂီရိနှင့် တွေ့ခွင့်တောင်းလိုက်သည်။ သားလေးမသွားခင် သေချာနူတ်ဆက်ချင်သေးသည်။ နောက်ပိုင်းတွင် မိမိက သားလေးနှင့် ပြန်တွေ့နိုင်တော့မည် မဟုတ်ပေ။

 

“သားလေးကို ခဏ နူတ်ဆက်ခွင့်ပေးပါ …”

 

တားဂေါတိုင်းသည် ဟော်သွန်းကို သတိပေးကာ ခွင့်ပြုလိုက်သည်။
 

“အပိုတွေ မပြောပါနဲ့ သခင်မ။ ကလေးက ခရီးရှည်ကို သွားရမှာ။ စိတ်အေးအေးချမ်းချမ်းသွားပါစေ။ ကလေး တစ်ယောက်က အများကြီးသိရင် ဘေးမကင်းပါဘူး။”

 

ဟော်သွန်း ခေါင်းညိမ့်လိုက်သည်။ မကြာခင်ကြုံရမည့် ဘေးကြောင့်ရော၊ ခင်ပွန်းနှင့်သားကို စိတ်ပူသောကြောင့်ရော တားဂေါတိုင်းကို ခွန်းတုန့်မပြန်နိုင်သေးပေ။ ခင်ပွန်းသည်ထံ သားလေး အသက်ရှင်လျက်ရောက်သွားနိုင်ဖို့ အရေးကြီးသည်။
 

“သားလေး… သားလေးကို မယ်မယ် တာဝန်တခုပေးမယ်နော်။ သားရဲ့ခမည်းတော်က ရှေ့တန်းမှာ အကူညီလိုနေတယ်။ အဲ့ဒါ သားလေး ခမည်းတော်ဆီကိုသွားပေးပါ။ ခမည်းတော်ဆီရောက်ရင် အားလုံး

အဆင်ပြေကြောင်း မယ်မယ့်ဆီကို စာပို့ပြီး သားတော်ရဲ့ လက်စွပ်တံဆိပ်ကို နှိပ်ပေးလိုက်ပါ။ ”
 

ဟော်သွန်းသည် သားလေးကို အဆင်အပြေဆုံးဖြစ်အောင်ပြောလိုက်သည်။ ပြီးတော့ သားလေး အသက်ရှင်လျက် ရှိကြောင့် မိမိသိရဖို့ လိုအပ်သည်။ သားလေးကို သေချာမှာရမည်။

 

“စိတ်ချပါ မယ်မယ်။ သားတော် ဘယ်အချိန်သွားရမလဲ။”

 

တင်ဂီရိသည် မိခင်ကို မေးလိုက်သည်။ အမတ်ချုပ်ကြီးမိမိတို့အိမ်ကို လာခဲ့တာ ဒီဟာကြောင့်ဟု ထင်လိုက်သည်။ ထို့ကြောင့် ဖခင်ကို သွားကူရမည့် အချိန်ကိုသာ မေးလိုက်သည်။ မိမိလည်း ဖခင်ကို ကူညီခွင့်ရတော့မည်ဖြစ်လို့ ၀မ်းသာနေမိသည်။

 

“အခုသွားပါ။ အမတ်ချုပ်ဘိုးဘိုးက သားတော်ရဲ့ခမည်းတော် လိုတဲ့ လူအင်အားနဲ့စားနပ်ရိက္ခာတွေပေးလိုက် လိမ့်မယ်။ ပြီးတော့် သားနဲ့အတူ သားရဲ့ သူငယ်ချင်းအားလုံးကို ခေါ်သွားလိုက်ပါ။”
 

ဟော်သွန်းသည် မိမိတို့မျိုးနွယ်လူငယ်အားလုံးကို ခေါ်သွားခိုင်းလိုက်သည်။ သားလေးကို သူ့ငယ်ပေါင်း သူငယ်ချင်း လေး များနှင့် အတူကြီးပြင်း လာစေချင်သည်။

 

“ဟုတ်ကဲ့ပါ မယ်မယ်။ သားတို့ ခမည်းတော်ကို သွားကူလိုက်ပါ့မယ်။”
တင်ဂီရိကတိပေးလိုက်သည်။

 

“အေးအေး… မယ်မယ် သားရဲ့ စာကို မျှော်နေမယ်နော်။”
 

ဟော်သွန်းသည် သားကို သေချာမှာသည်။ ထို့နောက် သားလေးနှင့်လူငယ်လေးများကို ခြံရံပြီး စစ်တပ်တစ်တပ် မြို့မှထွက်သွားသည်ကို မြို့ရိုးပေါ်မှ ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။ သားလေးကို မိုးနတ်မင်းစောင့်ရှောက်ဖို့သာ ဆုတောင်းနေမိသည်။

 

ချစ်သော ခင်ပွန်းနှင့် ချစ်သော သားလေးကို ဒီတစ်သက်ပြန်မတွေ့နိုင်တော့ဟု အလိုလို သိနေမိသည်။ ဟော်သွန်းသည် သားလေးတရွေ့ရွေ့ဝေးကွာသွားသည်ကို မမှိတ်မသုန်ငေးကြည့်နေမိသည်။ စစ်ထွက်သွားသည့် သားနှင့် ခင်ပွန်း ဘေးကင်းစေဖို့ မျက်ရည်မကျပဲ ကြည့်နေလိုက်သည်။

 

 

 

 

“သခင်မဘုရား… အဆောင်ကနေ ဘယ်မှ မထွက်ပါနဲ့။ ပြီးတော့ သခင်မ တခုခုလုပ်ရင် သခင်မရဲ့ မျိုးနွယ်စု အားလုံး အသတ်ခံရပါ့မယ် …”
“ကျွန်မ နားလည်ပါတယ်။ ”
“ကျေးဇူးတင်ပါတယ် သခင်မ။ နောင်တချိန် သခင်မ ကျွန်တော်မျိုးရဲ့စေတနာနဲ့လုပ်ရပ်ကို နားလည်လာပါလိမ့် မယ်။ အခုတော့ ကျွန်တော့်ကို မုန်းလည်းရပါတယ်။ ”
“ခမည်းတော်…”

“ဟင် တင်ဂီရိ မင်း ဒီကို ဘယ်လိုရောက်လာတာလဲ။”

“အမတ်ချုပ်ကြီးအမိန့်နဲ့ ရောက်လာတာပါ။ ရှေ့တန်းမှာ ခမည်းတော်တို့လိုတာကိုလာပို့တာပါ။”
“မင်းလာတော့ မင်းမယ်မယ်က ဘာမှာလိုက်သလဲ။”

“ဘာမှမမှာဘူး။ ဒါပေမယ့် သားတော် ခမည်းတော်ဆီရောက်ကြောင်း၊ ဘေးကင်းကြောင်း စာရေးပြီး လက်စွပ်တံဆိပ်နှိပ်ခိုင်းလိုက်ပါတယ်။”
“ဟင်….အမတ်ကြီးက ဘာပေးလိုက်သေးလဲ။”
“စာပေးလိုက်ပါတယ် ခမည်းတော်။ ဒီမှာပါ။”
“စစ်သူကြီး ယေစုကိုင်း…. သင်နဲ့ ယခု သင့်အမျိုးနွယ်စု စစ်သည်အားလုံး နန်ကျောင်ပြည်က ချက်ချင်းခွာပြီး ရေကြည်ရာ မြက်နုရာမှ တိုင်းပြည်ထူထောင်ကြပါ။ နန်ကျောင်ပြည်ကို ပြန်လာရင် ဟော်သွန်းနှင့်တကွ သင့်မျိုးနွယ်က မိန်းမ နဲ့ကလေး အားလုံးကို သတ်ပစ်မှာဖြစ်တယ်။ သင့်ဇနီး ဟော်သွန်းက ယခုမှစပြီး နန်ကျောင်ပြည့်ရှင်မင်းရဲ့ ကိုယ်လုပ်တော်ဖြစ်သွားပြီ။ ”
“တောက်…..”
“ခမည်းတော်…ဘာဖြစ်လို့လဲ။”
“မင်းရဲ့ မယ်မယ်ကို ခန်မင်းကြီးက ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုက်ပြီ သားတော်။ ခမည်းတော်တို့ မျိုးနွယ်စု အားလုံးကို နန်ကျောင်ပြည်က မောင်းထုတ်လိုက်ပြီ။”
“မယ်မယ့်ကို ပြန်သွားကယ်မယ် ခမည်းတော်..”
“ခမည်းတော်တို့ သွားရင် မင်းမယ်တော်နဲ့ကျန်တဲ့မိန်းမ အားလုံး အသတ်ခံရလိမ့်မယ် သားတော်။”
“ခမည်းတော်… မယ်မယ့်ကို ကယ်ပေးးပါ။ မယ်မယ့်ကို မထားခဲ့ပါနဲ့။”
“မင်းရဲ့မယ်တော်ကို ခမည်းတော် ပြန်ကယ်မယ်။ ဒါပေမယ့် ခမည်းတော်တို့ သေချာအစီစဉ်ချရလိမ့်မယ်။”

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet