Chapter - 18

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (18)
“အရှင့်သားကို ဂါရ၀ပြုပါတယ်…”

ယွမ်ချူးခန် သလွန်ထက်တွင်လှဲနေရာမှ အသံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ မိမိရှေ့တွင် ဝေတိုင်းပြည်မှ မင်းသမီးလေး သူမ၏ အထိန်းတော်နှင့် ဂါရ၀ပြုနေသည်ကိုတွေ့လိုက်ရသည်။ သူမနန်းတွင်းထဲရောက်တာ တစ်လရှိ ပြီ ဖြစ်သော်လည်း ယွမ်ချူးခန် သူမကို ရှိသည်လို့လည်းအသိအမှတ်မပြုပေ။ မိမိဖာသာ ကိုယ်ချစ်သည့်သူကို မည်သူရယ်လို့ စိတ်ထဲ မတွေးမိသေးခင် နိုင်ငံရေးအရ လက်ထပ်ရမည် ဆိုသည့် အသိကြောင့် ထိုမိန်းကလေးကို ယွမ်ချူးခန် မုန်းနေခြင်းဖြစ်သည်။

“သူတို့ကို ဘယ်သူ ၀င်ခွင့်ပြုတာလဲ။ အပါးတော်မြဲကြီး….”

ယွမ်ချူးခန်က သူမမျက်နှာကို မြင်သည်နှင့် မိမိ စိတ်ပါသည်ဖြစ်စေ၊စိတ်မပါသည်ဖြစ်စေ လုပ်ကိုလုပ်ရမည့် တာဝန်ကို သတိရလိုက်ကာ ဒေါသက ငယ်ထိပ်ကို တက်ဆောင့်လာပြီး အော်ပြောလိုက်သည်။ ဝေမင်းသမီးလေး၏ ကြောက်လန့်ကာ မျက်လုံးဝိုင်းသွားခဲ့သည်။

“ဘုရား….”

အပါးတော်မြဲကြီးက အပြင်မှ အလန့်တကြားနှုင့်ပြေးဝင်လာခဲ့သောအခါ ယွမ်ချူးခန်က သူတို့မျက်နှာကို စေ့စေ့ကြည့်ကာ အမိန့်ပေးလိုက်သည်။ မိမိနန်းဆောင်ထဲကို သာလာယံဇရပ်လိုသဘောထားပြီး လူတကာ ၀င်ထွက်နေသည်ကို ယွမ်ချူးခန် မနှစ်သက်ပါ။

“ဒီကောင်မလေးတွေကို ဘယ်သူဝင်ခွင့်ပြုတာလဲ။ အခုချက်ချင်း မောင်းထုတ်လိုက်စမ်း…”

“မှန်..မှန်လှပါ။ အရှင်မင်းကြီးက မောင်းမထုတ်ရဘူးလို့ ပြောထားလို့ပါ။”

အပါးတော်မြဲကြီးက တုန်လှုပ်စွာဖြင့် ဒေါသကုမာရ မင်းသားလေးကို လျှောက်တင်လိုက်သည်။ မင်းကြီးက မင်းသမီးလေး က သခင်လေးကို လာပြီး ဂါရ၀ပြုလိမ့်မည်။ အထဲကို ပို့လိုက်ပါဟု မိန့်ထားသည့် မဟုတ်လား။

“ဘာပြောတယ်….”

ယွမ်ချူးခန် ဒေါသတကြီးနှင့် ထရပ်လိုက်ပြီး မိမိရှေ့တွင် ဒူးညွတ်ကာ အရိုသေပေးနေသည် ဝေနိုင်ငံမှ မင်းသမီးကို လက်ဆွဲကာ အဆောင်ထဲမှ ခေါ်ထုတ်လာခဲ့သည်။

“အရှင့်သား….”

ဝေနိုင်ငံမှ မင်းသမီးလေးက ဒရွတ်တိုက်လုနီးပါး ယွမ်းချူးခန် နောက်ကို ပါလာခဲ့သည်။ ကြောက်ကြောက်လန့်လန့်နှင့် တုန်တုန်ယင်ယင်နှင့် ခေါ်ရှာသည်။ သို့သော် ယွမ်ချူးခန်၏ စိတ်ထဲတွင် ဒီကောင်မလေးကို အလိုလိုနေရင်း မုန်းနေမိသည်။

“၀ုန်း…”

“အင်း….”

“နင် ငါ့အဆောင်ထဲကို ၀င်ခွင့်မရှိပဲ ၀င်တဲ့အတွက် ဒီမှာ တနေကုန် ဒူးထောက်နေလိုက်… ငါ ထလို့ မပြောမချင်း ဒူးထောက်နေ…”

ဝေမင်းသမီးလေးသည် ယွမ်ချူးခန် တွန်းလွှတ်လိုက်သည့် အရှိန်ကြောင့် အဆောင်အ၀လေးတွင် ပုံလျက်သား လဲကျသွားခဲ့သည်။ ယွမ်ချူးခန်ကို ကြောက်ကြောက်လန့်လန့်နှင့် မော့ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

“အရှင့်သား… ဘယ်လိုလုပ်တာလဲ။ အရှင်မင်းကြီး သိရင် ကျွန်တော်မျိုးတို့ အပြစ်တင်ခံရလိမ့်မယ်…”

“တိတ်စမ်း။ ခင်ဗျားပါ ဒူးထောက်နေချင်တာလား။ ”

အပါးတော်မြဲကြီး ပါးစပ်ပိတ်သွားခဲ့သည်။ ယွမ်ချူးခန်သည် ဝေမင်းသမီးလေးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“အခုချက်ချင်း ဒူးထောက်စမ်း….”

ဝေမင်းသမီးလေး၏ မျက်လုံးမှ မျက်ရည်တို့ ၀ဲတက်လာခဲ့သည်။ သူမလေးက နူတ်ခမ်းတဆတ်ဆတ်တုန်ကာ ဒူးထောက်လိုက်သည်။ ဝေမင်းသမီးလေး၏ အခြွေရံများက ယွမ်ချူးခန်ကို အပြစ်တင်ဟန်ဖြင့် ကြည့်သောအခါ ယွမ်ချူးခန်က ကိုယ်ရံတော်တပ်မှုးကို အမိန့်ပေးလိုက်သည်။

“ဟို အစေခံမကို ဆွဲထုတ်ပြီး ကြိမ်ဒဏ် အချက် ၂၀ပေးလိုက်စမ်း။ ငါကိုယ်တော်ကို မကျေမနပ်ကြည့်ရဲတယ်။”

ထိုအမိန့်ကိုကြားသောအခါ ဝေနိုင်ငံမှ အထိန်းတော်ကြီးက ပျာပျာသလဲ ဒူးထောက်ကာ တောင်းပန်သည်။

“တောင်းပန်ပါတယ် မင်းသားလေး။ ကျွန်တော်မျိုးမ အမိုက်အမဲကို ခွင့်လွှတ်တော်မူပါ။ နောက် မလုပ်ရဲတော့ပါဘူး။”

ယွမ်ချူးခန်သည် ဝေနိုင်ငံမှ ပါလာသည့် အထိန်းတော်ကြီးကို အေးစက်စက်ကြည့်ကာ ဦးချိုးထားရန် ကြံပြီး အချက်ပြလိုက်သည်။

“အရှင့်သား…. အရှင့်သား… ခွင့်လွှတ်တော်မူပါ. .. သခင်မလေး… သခင်မလေး… ကျွန်မကို ကယ်ပါဦး…”

အထိန်းတော်ကြီး၏ အော်သံကို ကြားသော် ဝေမင်းသမီးလေးက မျက်နှာဖြူဖျော့ကာ ယွမ်ချူးခန်ကို အသနားခံဟန်ဖြင့် ကြည့်သည်။ သို့သော် ယွမ်ချူးခန်က လေသံမာမာနှင့် ပြောလိုက်သည်။

“မင်းကော ဘာလုပ်နေတာလဲ။ ဒူးထောက်စမ်း။ ကြိမ်ဒဏ်ချခံချင်လို့လား…”

ယွမ်ချူးခန်သည် လေသံမာမာနှင့်ကြိမ်းလိုက်သောအခါ ဝေမင်းသမီးလေး ချက်ချင်းဒူးထောက်လိုက်သည်။
အချိန်တို့တရွေ့ရွေ့ကုန်သွားခဲ့သည်။ ယွမ်ချူးခန်သည် ဝေမင်းသမီးကို ဒူးထောက်ခိုင်းပြီး အပြင်ကို မြင်စီးထွက်လာခဲ့သည်။ ထို မင်းသမီးလေးကို နှိပ်စက်ရလို့ ယွမ်ချူးခန် ကျေနပ်သလိုဖြစ်သွားသည်။ မြင်းစီးလို့အားရမှ အဆောင်ကို ပြန်လာသည်။ သေချာသည်။ ဖယောင်းရုပ်လို မိန်းကလေး ငိုနေလောက်ပြီဟု တွေးလိုက်သည်။ သို့သော် အဆောင်ဝကို ရောက်သော် မည်သူ့ကိုမှ မတွေ့သဖြင့် ဒေါသတကြီးဖြစ်လာခဲ့သည်။

“ဟိုမိန်းကလေး ဘယ်ရောက်သွားပြီလဲ။”

ယွမ်ချူးခန်၏ အမေးကြောင့် အဆောင်ထဲမှ လူတစ်ဦးထွက်လာခဲ့သည်။

“သားတော်…..”

“မယ်မယ် ဘုရား…”

“မင်း ဝေမင်းသမီးလေးကို ဘာကြောင့်နှိပ်စက်ရတာလဲ။”

“မယ်မယ်… သားတော်ရဲ့ အဆောင်ထဲကို သူဝင်လာလို့ သားတော် ဒူးထောက်ခိုင်းတာပါ။ သားတော်နှိပ်စက်တာ မဟုတ်ပါဘူး။”

ဟော်သွန်းသည် ငယ်ကတည်းက အားနည်းသူကိုနှိပ်စက်ချင်စိတ်ရှိသည့် သားတော်လေးကို ကြည့်ကာ ရင်ထဲ မကောင်းသလိုခံစားလိုက်ရသည်။ သားတော်ကို အားနည်းသူဘက်မှ ရပ်တည်သည့် မင်းသားတစ်ပါးဖြစ်အောင် မိမိမသွန်သင်နိုင်ခဲ့သည်ကို ယူကျူံးမရဖြစ်နေမိသည်။

“ယွမ်ချူးခန်… အခုချက်ချင်း မယ်မယ့်အဆောင်ကို လိုက်ခဲ့…”

ယွမ်ချူးခန်သည် မယ်မယ့် လေသံကြောင့် စိတ်ညစ်သွားသည်။ သေချာသည်။မိမိ အပြစ်ပေးခံရတော့မည်။ ယွမ်ချူးခန်သည် ခမည်းတော်ထံပြေးကာ အကူညီတောင်းချင်သော်လည်း မယ်မယ့်ကိုကြောက်လို့ ချက်ချင်း နောက်က လိုက်ခဲ့ရတော့သည်။

“အပါးတော်မြဲကြီး ခမည်းတော်ကို အမြန်သွားခေါ်စမ်း… မြန်မြန်။မယ်မယ့် အဆောင်ကို လိုက်လာပေးပါလို့…”

ယွမ်ချူးခန်သည် လမ်းတွင် အပါးတော်မြဲကြီးကို တီးတိုးပြောကာ ခမည်းတော်ကိုခေါ်ခိုင်းလိုက်သည်။

“ဒူးထောက်စမ်း …”

ဟော်သွန်း လေသံမာမာနှင့် သားတော်ကို ယူကြုံးမရပြောလိုက်သည်။ မိမိမွေးထားသည့် သားတော်က ဒီလို အားနည်းသူကို အနိုင်ကျင့်တတ်သည် ဆိုသည့်အချက်က ဟော်သွန်းကို အရှက်ရစေသည်။ မိမိတို့ မောရကစ်မျိုးနွယ်မှာရော၊ မောင်မောင် ယေစုကိုင်းတို့ မျိုးနွယ်မှာရော ဒီလို ရှက်စရာ ယောကျာ်းတန်မယ့် မိန်းကလေးကိုနှိပ်စက်သည့် စိတ်နေစိတ်ထားနှင့် ယောကျာ်းလေးကို မတွေ့ဖူးသဖြင့် တုန်လှုပ်နေမိသည်။

“မယ်မယ်…”

“တိတ်စမ်း။ အထိန်းတော်ကြီး…ကြိမ်လုံးယူခဲ့…”

“မယ်မယ်ဘုရား………”

ယွမ်ချူးခန် ကြောက်လန့်တကြားမော့ကြည့်လိုက်သည်။ အထိန်းတော်ကြီးက မိဖုရားခေါင်အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် ကြိမ်လုံးယူလာပေးရသည်။ ဟော်သွန်းသည် ကြိမ်လုံးကိုကိုင်ကာ သားတော်၏ တင်ပါးကိုလွှဲရိုက်လိုက်သည်။

“ရွှမ်း……………ရွှမ်း………”

“အား…………… မယ်မယ် ဘုရား။ အား…….”

“အားနည်းတဲ့ သူကို အနိုင်ကျင့်ဦးမလား…ဟင်။ နောက်တခါ အနိုင်ကျင့်ဦးမလား။”

“မလုပ်တော့ပါဘူး မယ်မယ်ဘုရား… အား…….”

ဟော်သွန်းက ပြောလည်းပြော၊ ရိုက်လည်းရိုက်နေသည်။ ယွမ်ချူးခန်သည် မယ်တော်ရှေ့တွင် အရိုက်ခံရသဖြင့် အသံအကျယ်ကြီးနှင့် အော်ငိုနေတော့သည်။

“နှမတော်………..တော်တော့………”

“ခမည်းတော် ဘုရား…. ဟီး…………..အီး…………….အီး………”

“သားတော်လေး……..နှမတော် တော်ပါတော့။ ဘာကြောင့် သားတော်လေးကို ဒီလောက်ရိုက်နေရတာလဲ။ ကလေးပဲရှိသေးတာကို။ ဆုံးမစရာရှိရင် မောင်တော့်ကို ပြောပါ။ မောင်တော် ဆုံးမပါ့မယ်.။ ”

ကာလိုခန်မင်းကြီးသည် သားဇောနှင့် ချစ်ဇနီးဟော်သွန်းကို အော်ပြောလိုက်သည်။ ပြီးမှ ဟော်သွန်း စိတ်ဆိုးသွားပြီလာဟု စိုး၇ိမ်သွားသည်။ သို့သော် ဟော်သွန်းသည် ဒီတစ်ခါ မင်းကြီးကို စူးစူးရဲရဲပြန်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မသားကို ဆုံးမနေတာ ကာဆီးကာဆီး မလုပ်ပါနဲ့ မင်းကြီး။”

“ကာနေတာ မဟုတ်ဘူး ဟော်သွန်း။ အခုက သားတော်ကို သေလုမျောပါး ရိုက်နေလို့ ၀င်တားရတာ။”

ကာလိုခန်လည်း ဟော်သွန်းကို လေသံမာမာနှင့်ပြောလိုက်သည်။ ဟုတ်သည်။ သားတော်ကို နွားရိုက်သလို ရိုက်နေတာ မိမိရင်ကို ဓါးနှင့်ခွဲသလို ခံစားရသည်။

ဟော်သွန်းသည် ကာလိုခန်မင်းကြီးကို စေ့စေ့ကြည့်ကာ တင်းမာစွာပြောလိုက်သည်။

“ကျွန်မက မအေရင်းပါ။ ယွမ်ချုးခန်ကို လူကောင်းဖြစ်အောင် ဆုံးမနေတာ။ ကျွန်မမွေးတဲ့သားက အားနည်းသူကိုအနိုင်ကျင့်တတ်တဲ့ လူယုတ်မာ တစ်ယောက်အဖြစ်မခံနိုင်ဘုး။ တကယ်လို့ အဲ့လိုလူဖြစ်မယ်ဆိုရင် ကျွန်မလက်နဲ့ ကိုယ်တိုင်သတ်ပစ်လိုက်မယ်။ မောရကစ် မျိုးနွယ်က ယောကျာ်းလေးက ဘယ်တော့မှ အားနည်းသူကို အနိုင်မကျင့်ရဘူး။”

ယွမ်ချူးခန်သည် မယ်မယ်၏ ယခုလို တင်းမာသည့် ပုံကို မမြင်ဖူးသဖြင့် ရင်ထဲထိ လန့်သွားခဲ့သည်။ မယ်မယ့်ကိုယ်မှ ထွက်နေသည့် အရှိန်ကြောင့် ခမည်းတော်ပင် ရွံသွားသည်ကို သတိပြုမိလိုက်သည်။ ယွမ်ချူးခန်လည်း လန့်ကာ မယ်မယ့်ကို ငေးစိုက်ကြည့်နေမိသည်။

“မောင်တော်ကလည်း သားတော်ကို အားနည်းသူကို အနိုင်ကျင့်တာ မကြိုက်ပါဘူး။ သားတော်က မောင်တော့်သွေးပါပါတယ်။
သူက ဘယ်တော့မှ အားနည်းသူကို အနိုင်မကျင့်ပါဘူး။”

ကာလိုခန်မင်းကြီးက ယွမ်ချူးခန်ကို ဖက်ကာ ပြောလိုက်သည်။ ဟော်သွန်းက ထိုစကားကိုကြားတော့ ရင်ထဲက နာကြည်းမှုတို့ တိုးထွက်လာခဲ့သည်။ အားနည်းသူကို အနိုင်မကျင့်ဘူးတဲ့လား။ နန်ကျောင်ပြည့်ရှင်းမင်းကိုယ်တိုင် အားနည်းသည့် မိမိ ခင်ပွန်း၏ မျိုးနွယ်ကို အနိုင်ကျင့်ခဲ့သည်ကို မေ့သွားပြီထင်သည်။ ဟော်သွန်းသည် မုန်းတီးရွံရှာစွာဖြင့် မင်းကြီကို စိုက်ကြည့်ကာ မေးလိုက်သည်။

“သြော်… မင်းကြီးက အားနည်းသူကို အနိုင်မကျင့်ဘူးတဲ့လား။”

ဟော်သွန်း၏ အမေးကြောင့် ကာလိုခန် မင်းကြီး မျက်စိမျက်နှာပျက်သွားတော့သည်။ မိမိ မည်သည့် အပြစ်ကို ကျူးလွန်ခဲ့သည်ကို မိမိအသိဆုံးဖြစ်သည်။

“ဟော်သွန်း…. မောင်တော် တောင်းပန်ပါတယ်…”

ဟော်သွန်းသည် မင်းကြီးပြောသည့်စကားကို စိတ်မ၀င်စားပါ။ ယွမ်ချူးခန်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်း ယောကျာ်း မဟုတ်ဘူးလား ယွမ်ချူးခန်။ မင်းလုပ်ခဲ့တဲ့ အပြစ်ကို မင်းခမည်းတော်ကို ပြောပြလိုက်စမ်း။”

ယွမ်ချူးခန်သည် မယ်မယ့်အ မိန့်ကို မလွန်ဆန်ဝံ့သဖြင့် မျက်လွှာချကာ ဖြေလိုက်သည်။

“သားတော် ဝေနိုင်ငံက မင်းသမီးကို အဆောင်ရှေ့ ဒူးထောက်ခိုင်းတယ်။ပြီးတော့ သူ့ အထိန်းတော်ကြီးကို စကားများလို့ ကြိမ်ဒဏ်ခတ်လိုက်မိပါတယ်။”

ကာလိုခန်သည် ဟော်သွန်းကို အသနားခံသည့် မျက်လုံးဖြင့်ကြည့်သော်လည်း ဟော်သွန်းက မကြည့်ပါ။ ယွမ်ချူးခန်ကိုသာကြည့်ကာ မေးလိုက်သည်.။

“မင်းလုပ်တာ တရားရဲ့လား ယွမ်ချူးခန်…”

ယွမ်ချူးခန်မဖြေသဖြင့် ဟော်သွန်း လေထဲ ကြီမ်လုံးကို ဝေ့လိုက်သည်။ ယွမ်ချူးခန် တုန်သွားပြီးဖြေသည်။

“မတရားပါဘူး မယ်မယ်ဘုရား။”

“ဘာကြောင့်လဲ။”

“မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်လို့ပါ။ ”

“ပြီးတော့ ဝေမင်းသမီးက မင်းကို လက်ထပ်ချင်လွန်းလို့ ဒီကိုရောက်နေတယ် ထင်သလား ယွမ်ချူးခန်။ သူ့ခမည်းတော် ပုန်ကန်မှာစိုးလို့ နန်းတော်ထဲမှာ တန်ဆာခံ ခေါ်ထားခံရတဲ့ မိန်းကလေး ဆိုတာ သိရဲ့လား။ သူ့မိသားစုနဲ့ခွဲခွာပြီး ဒီကိုလာနေတဲ့ မိန်းကလေးကို မင်းက အနိုင်ကျင့်ရက်တယ် ဟုတ်လား သားတော်။ ”

ယွမ်ချူးခန်သည် မယ်မယ့်ကို မျက်ရည်ဝဲကာ မော့ကြည့်ပြီးပြောလိုက်သည်။

“ကျွန်တော်နဲ့ လက်ထပ်ပေးမယ် ဆိုလို့ စိတ်တိုပြီး လုပ်မိတာပါ မယ်မယ်။ သားတော်မှားပါတယ်။”

ယွမ်ချူးခန်၏ ၀န်ခံစကားကြောင့် ကာလိုခန် သက်ပြင်းရှိုက်လိုက်သည်။ တကယ်ဆို ဝေမင်းသမီးကို ပညာပေးကတည်းက မိမိ ခပ်လှမ်းလှမ်းမှကြည့်နေသည်။ တမင်ကို ဦးချုးစေချင်သောကြောင့် ဘာမှ မပြောပဲကြည့်နေခြင်းဖြစ်သည်။ ယခုတော့ မိဖုရားကြီးနှင့် တည့်တည့်တိုးတော့ မိမိလည်း ဘာမှ လုပ်မပေးနိုင်တော့ပေ။

ဟော်သွန်းက ယွမ်ချူးခန်ကို ကြည့်ကာ ဆက်ပြောသည်။

“လက်ထပ်တယ် လက်မထပ်ဘူးဆိုတာ နောင်တချိန်မှဖြစ်မယ့်ဟာ။ အခု မင်းက မိဘနဲ့ခွဲပြီး တိုင်းတပါးမှာလာနေရတဲ့ မိန်းကလေးကို အနိုင်ကျင့်ရက်တယ် ဟုတ်လား။ မင်းရဲ့ လုပ်ရပ်က မယ်မယ့်ကို အရှက်ရစေတယ် ယွမ်ချူးခန်။”

ယွမ်ချူးခန်သည် မယ်မယ်၏ ယူကြုံးမရ ပြောလိုက်သည့်စကားကြောင့် အနိုင်ကျင့်မိသည့် အတွက် နောင်တရသွားတော့သည်။

“သားတော်မှားပါတယ် မယ်မယ်. နောင် ဘယ်တော့မှ မလုပ်တော့ပါဘူး။”

ယွမ်ချူးခန်သည် မယ်မယ် စိတ်ချမ်းသာတာကို မြင်ချင်လို့ ကတိပေးလိုက်သည်။ထိုအခါ မှ ဟော်သွန်း၏ မျက်နှာ အနည်းငယ်ရွင်လာတော့သည်။

“ဒါဆို ဝေမင်းသမီးကို မင်းကိုယ်တိုင်သွားတောင်းပန်ပါ။ သူ့ကို ညီမလေးလို သဘောထားပြီး စောင့်ရှောက်ပေးပါ မယ်မယ် မင်းအတွက် ဂုဏ်ယူပါရစေ သားတော်။”

“စိတ်ချပါ မယ်မယ်။ ”

ယွမ်ချူးခန် ကတိပေးလိုက်သည်။ မယ်မယ်ပျော်တာကိုပဲ မိမိမြင်ချင်သည်။ တကယ်ဆို ဒီနန်းတော်တွင် မယ်မယ် အထီးကျန် အဆန်ဆုံးဖြစ်သည်။ မိမိလူမှန်းသိတတ်စကတည်းက မယ်မယ် မပျော်ဘူးဆိုတာကို သိသည်။ ၀မ်းလည်းနည်းသည်။ ဒါကြောင့် ယွမ်ချူးခန်သည် အခြားသူပေါ် မည်မျှဆိုးဆိုး မယ်မယ့်အပေါ်မဆိုးရက်ပေ။
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet