စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (61)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (61)

 

ဟီဒယ်သည် လျူနန်းတော်ထဲတွင် အကိုတော်ထန်လိုခိကိုယ်စား တိုင်းပြည်စီမံရေးကို လုပ်ဆောင်နေစဉ် မထင်မှတ်ပဲ ခမည်းတော်၏ လူယုံတော်ကြီးရောက်ရှိလာပြီး သတင်းဆိုးကို ပြောခဲ့သည်။ ထိုသတင်းကိုကြားသော် ဟီဒယ် ကျောက်ရုပ်လိုဖြစ်သွားခဲ့သည်။ မဖြစ်နိုင်ဘူး။ အရီးတော် အီလီနာက ခမည်းတော်ရဲ့ညီမတော်လေ။ အရီးတော်က ခမည်းတော်ကို အရမ်းချစ်တယ်။ ခမည်းတော်က ဘုရင်တပါးမဟုတ်တော့သည်ကလွဲရင် ဦးရီးတော်၊ အရီးတော်တို့နှင့် တန်းတူနေရထိုင်ရ၊ စားရသောက်ရသည် မဟုတ်လား၊ ဒါကြောင့် အမျက်ကို ချုပ်တည်းပြီး ခမည်းတော်နှင့် မယ်မယ် နားချသည့်အတိုင်း ဦးရီးတော်တို့ တထန်ပြည်အတွက် ကောင်းကောင်းမွန်မွန်လုပ်ကိုင်ပေးနေခဲ့သည်။ အစွန်းရောက် လျူပြည်သားတချို့၏ ကဲ့ရဲ့မုန်းတီးသည်ကို လျစ်လျူရှုရင်း တိုင်းပြည်နှစ်ခုပေါင်းစည်းထားသည်ကို ခိုင်ခံ့အောင် အလုပ်ကျွေးပြုခဲ့သည်။
 

“လျူပြည်၊ ထန်ပြည်လို့ မခွဲခြားပဲ ကိုယ့်လူမျိုးတွေရဲ့ တိုးတက်ဖို့ကိုပဲ အာရုံစိုက်ပါ။ အမြင့်ဆုံးနေရာကို ထိုင်ရမှ တိုင်းပြည်ကောင်းကျိုးကိုလုပ်မယ်ဆိုရင် အဲ့လူက ကြောင်သူတော်ပဲ။ ကိုယ်ဘယ်နေရာ ရမှလို့မတွေးပဲ ကိုယ့်လူမျိုးကောင်းကျိုးလုပ်နေတယ်ပဲ စိတ်ထဲသွင်းထားပါ။ အမြင်ကျဉ်းတဲ့လူတွေရဲ့ စကားကို အလေးထားစရာမလိုဘူး။ လူဆိုတာ အလုပ်နဲ့ပဲသက်သေပြရတယ်။ အမြင်ကျဉ်းတဲ့သူတွေ အရှက်ရပြီး အမြင်မှန်ရလာအောင် သမီးတော်က လုပ်ပြလိုက်ပါ။ တိုင်းပြည်အတွက် စိတ်ရော၊ကိုယ်ရော နှစ်မြှုပ်လုပ်ကိုင်နေတဲ့သူကို သူတို့ အကြာကြီး မမုန်းနိုင်ပါဘူး။ သူတို့ မသိလိုက်ရင်တောင် သူတို့သားမြေးတွေက သမီးတော်ရဲ့ စေတနာကို နားလည်လာလိမ့်မယ်..”

 

ဒီလို အမုန်းတရားကင်းပြီး တိုင်းသူပြည်သားတွေအကျိုးကို လုပ်ကိုင်ပေးဖို့ သွန်သင်ပေးတဲ့ သူတော်ကောင်း ခမည်းတော်ကို မည်သူက အဆိပ်ခတ်ကာ လုပ်ကြံခဲ့တာလဲ…။ ဘာကြောင့် ရက်ရက်စက်စက် အဆိပ်မရှိတဲ့ အဖိုးကြီးကို လုပ်ကြံရတာလဲ…။ အစောင့်ရှောက်တင်းကြပ်တဲ့ တထန်နန်းတော်ထဲ အလွယ်တကူလုပ်ကြံခံရတာ ဘာကြောင့်လဲ။ ဘယ်သူလုပ်တာလဲ…။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဒီလိုလုပ်ရင် ဘယ်လို အကျိုးဆက်တွေဖြစ်လာမလဲ။ ကြားထဲက ဘယ်သူ အမြတ်ထွက်သွားမလဲ…။
 

“မင်းသမီး… ကျွန်တော်မျိုးတို့ ဘာဆက်လုပ်ကြမလဲ…”

 

လူယုံတော် စစ်သူကြီးက မင်းသမီးဟီဒယ်၏ အေးစက်ကာ ဖြူယော်နေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။ ဟီဒယ်သည် စစ်သူကြီးကို စိုက်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
 

“အကိုတော် ထန်လိုခိ ပြန်လာနေပြီ။ သူပြန်ရောက်လာရင် ဈာပနာကို သွားကြမယ်… မယ်မယ် ဘယ်လိုနေသေးလဲ…”
 

“မိဖုရားကြီး ၀မ်းနည်းကြေကွဲနေပါတယ် မင်းသမီး။ အခု မိဖုရားကြီးက မင်းသမီးကိုလိုအပ်နေပါတယ်…”

 

ဟီဒယ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
 

“စစ်သူကြီး ပြန်နှင့်ပါ။ မယ်မယ့်ဘေးမှာ စစ်သူကြီးရှိရင် မယ်မယ် အားတက်တယ်။ ကျွန်မ နောက်က လိုက်ခဲ့ပါ့မယ်…”
 

“မင်းသမီး ချက်ချင်းလိုက်ခဲ့လို့မရဘူးလား…”

 

စစ်သူကြီးက မင်းသမီးကို နားမလည်နိုင်စွာစိုက်ကြည့်နေမိသည်။ မင်းသမီးက မင်းကြီးလုပ်ကြံခံရသည်နှင့် ရှုးရှုးရှားရှား ဒေါသထွက်မည် ထင်ခဲ့သည်။ ယခုတော့ တည်ငြိမ်အေးစက်လွန်းနေသည်ကိုကြည့်ကာ အားမလိုအားမရဖြစ်မိသည်။ သို့သော် မင်းသမီး၏ အေးစက်သောအကြည့်ကိုတွေ့သော် အရိုသေပေးပြီး ထန်နေပြည်တော်ကို ပြန်လာခဲ့သည်။ ဟီဒယ်သည် အကိုတော် ထန်လိုခိဆီက စာကိုရပြီးနောက် စောင့်နေသည်ကို စစ်သူကြီး မသိခဲ့ပါ။

 

ဟီဒယ်သည် စစ်သူကြီးပြန်သွားတော့မှ ညီမတော် မီဒယ်ထံသို့ စာပို့လိုက်သည်။ ထို့နောက် ယခင် ခမည်းတော်၊ မယ်တော်တို့၏ နန်းဆောင်ကို လာခဲ့သည်။ ယခု ထိုအဆောင်ကို အကိုတော်က ပိတ်ထားပြီး မည်သူ့မှ ပေးမနေပဲ ခြေရာလက်ရာ မပျက်ထားစေသဖြင့် ဟီဒယ် ကျေးဇူးတင်မိသည်။ ခမည်းတော် နေခဲ့စဉ်က အတိုင်း ပရိဘောကများ၊ အသုံးဆောင်များ အာလုံးနေသားတကျရှိနေသည်။ ဟီဒယ်သည် ခမည်းတော်အမြဲထိုင်သည့် စာကြည့်စားပွဲနှင့်ခုံနားကို သွားပြီး ကလောင်တံများကို လက်နှင့်တို့ထိကြည့်ရင်း မိမိငယ်ကတည်းက ဒီနေရာမှာ ထိုင်ပြီး တိုင်းပြည်အုပ်ချုပ်ရေးကို လုပ်ခဲ့သည့် ခမည်းတော်၏ ပုံရိပ်ကို ပြန်သတိရလာခဲ့သည်။ မိမိငယ်စဉ်က နုပျိုသော ခမည်းတော်။ မိမိကိုပေါင်ပေါ်တင်ပြီး စာရေးသင်ခဲ့သည့် ခမည်းတော်။ နောက် မြင်းစီးလေ့ကျင့်ပြီးတိုင်း တနေ့တာ အတွေ့ကြုံကို လာပြောတိုင်းပြုံးကြည့်နေတတ်သည့် သက်လတ်ပိုင်း အရွယ် ခမည်းတော်။ နောက် ကျောင်းတော်က ပြန်လာပြီး တိုင်းပြည်အုပ်ချုပ်ရေးကို အတူတူဆောင်ရွက်ပြီး မိမိအစီစဉ်ကို ဂုဏ်ယူစွာနားထောင်နေတတ်သည့် ခမည်းတော်။ နောက်ဆုံး တထန်အဖြစ်ဖွဲ့စည်းနိုင်ရန် ထီးနန်းလွှဲပေးလိုက်သည်ကို မိမိကို တည်ငြိမ်စွာပြောပြနေသည့် သက်ကြီးပိုင်းခမည်းတော်။ ခမည်းတော်က နုပျိုသည်ဖြစ်စေ၊ အသက်ကြီးသွားသည်ဖြစ်စေ မိမိကိုချစ်သည့်၊ယုံကြည်သည့်စိတ်တို့ နည်းနည်းမှ လျော့မသွားပဲ ဘာလုပ်လုပ်ထောက်ခံပေးခဲ့သည့် ခမည်းတော်….
 

“ခမည်းတော်….”

 

ဟီဒယ်သည် ခမည်းတော်၏ စားပွဲပေါ်မှောက်ချလိုက်ပြီး အသံမထွက်ပဲ မျက်ရည်များဒရဟောစီးကျလာခဲ့သည်။ ရင်ထဲတွင် ဆို့နစ်ခြင်းတို့ဖြင့်ပြည့်နေခဲ့သည်။ ဒီအခန်းတစ်ခုလုံး ခမည်းတော်ရဲ့ချစ်ခြင်းမေတ္တာတို့ဖြင့် လွှမ်းခြုံနေသည်။ ယခု မိမိခမည်းတော် အဆိပ်ဖြင့်လုပ်ကြံခံလိုက်ရသည်တဲ့…..။ သက်တမ်းစေ့အောင် မနေလိုက်ရပဲ အဆိပ်နှင့် လုပ်ကြံခံလိုက်ရသည်။

 

ထန်လိုခိသည် သေမင်းတောင်ကြားကိုရောက်တော့ မသိစိတ်မှ ထင့်ခနဲဖြစ်သွားခဲ့သည်။ မိမိသာ လုပ်ကြံသူဖြစ်လျှင် ဒီနေရာမှ စောင့်ပြီး အေးအေးဆေးဆေးသတ်ဖြတ်မည်ဟု တွေးမိစဉ် လက်မြှောက်ကာ မိမိတပ်သားများကိုရပ်ခိုင်းလိုက်သည်။ ထို့နောက် တပ်သားများကိုစုစည်းကာ နှစ်ဖွဲ့ခွဲပြီး တောင်ကြားကို ဆီးမိုးထားသည့် ဘေးနှစ်ဖက်ကို ညသန်းခေါင်ယံတွင် တိတ်တဆိတ်တက်ပြီး စောင့်နေသူကို တခါတည်းသတ်ဖြတ်ပစ်ရန် မှာကြားလိုက်သည်။ တပ်သားများသည် မိမိတို့ မင်းသား၏အမိန့်အတိုင်း လမိုက်ညတွင် တောင်စွယ်ပေါ် တိတ်တဆိတ်တက်သွားခဲ့သည်။ လေ့ကျင့်သားဝနေသည့် တပ်သားများက အမှောင်ထဲ ကြောင်တွေလို အတားဆီးမရှိတက်လာနိုင်ခဲ့သည်။ ထို့နောက် ရန်သူများပုန်းအောင်း စောင့်ဆိုင်းနေမည့် နေရာကို ချည်းကပ်ကာ တစ်ခါတည်း လက်စတုံးပစ်လိုက်သည်။ မနက်လင်းသည်နှင့် အောက်ဘက် ထန်လိုခိ၏ ပင်မတပ်ဖွဲနှင့်ပူးပေါင်းကာ တောင်ကြားကို အမြန်ဖြတ်သန်းလာခဲ့ပြီး တောင်ကြားတဖက်မှ စောင့်နေသည့် တပ်များကို ဘီလူးများသဖွယ် ပြင်းထန်စွာတိုက်ခိုက်ကြသည်။ ထန်လိုခိသည် ဟီဒယ်၏ ခမည်းတော်ကို လုပ်ကြံသည့် အဖွဲ့နှင့် တဖွဲ့တည်းဖြစ်သည့် ယခုလုပ်ကြံသူများကို မညှာတမ်း လက်စတုံးသတ်ဖြတ်ပစ်ပြီး မိမိလိုရာကို ခရီးဆက်ခဲ့သည်။

လူတကိုယ်လုံးတွင် ရက်စက်ကြမ်းကြုတ်သည့် လူသတ်ရိပ်တို့ဖုံးလွှမ်းလို့နေသည်။

 

ဟီဒယ်ရှိသည့် လျူနေပြည်တော်ကို ပြန်ရောက်ဖို့ လုပ်ကြံများကို အကြိမ်ကြိမ်ရှင်းပြီးပြန်လာခဲ့သည်။ လျုနေပြည်တော်ကို ရောက်တော့ ထန်လိုခိ၏ တပ်ဖွဲ့တကိုယ်လုံး လူရော၊ မြင်းပါ သွေးများဖြင့် နီရဲလို့နေပြီ။ နေပြည်တော်ထဲ ၀င်လာတော့ အားလုံး ထိတ်လန့်နေကြသည်။ ထန်လိုခိ၏ မျက်နှာက လူသတ်ချင်ရိပ်ဖြင့် ခက်ထန်နေသည် မဟုတ်လား။

 

“မင်းသမီး ဘယ်မှာလဲ….”

 

နန်းတော်ထဲကိုရောက်သည်နှင့် ထန်လိုခိမေးလိုက်သည်။ အတွင်းဝန်ကြီးက မင်းသမီးဟီဒယ် နှစ်ရက်တိတိဝင်နေသည့် ယခင်မင်းကြီး၏ နန်းဆောင်ကို အမြန်လိုက်ပို့ရင်း မင်းသမီးအကြောင်း သံတော်ဦးတင်လိုက်သည်။
 

“အရှင့်သမီးတော်က မင်းကြီးရဲ့ နန်းဆောင်ဟောင်းမှာ ၂ ရက်လုံးလုံး ၀င်နေတာ။ ဘာမှ မစားဘူး အရှင့်သား…”

 

ထန်လိုခိသည် ထိုသတင်းကြောင့် စိုးရိမ်ပြီး အမြန်လာခဲ့သည်။ အတွင်းဝန်ကြီးက အပြေးတပိုင်းနောက်က လိုက်လာခဲ့သည်။ ထန်လိုခိသည် အဆောင်ဝကိုရောက်သော် အားလုံးကို နေခဲ့ခိုင်းပြီး အထဲကို တယောက်တည်းဝင်လာခဲ့သည်။
 

“ဟီဒယ်…ညီမလေး…”

 

ထန်လိုခိ၏အသံကိုကြားတော့မှ ကြမ်းပြင်မှာထိုင်ပြီး ခမည်းတော်၏ခုတင်တွင် မှောက်အိပ်နေသည့် ဟီဒယ်ခေါင်းထောင် ကြည့်ခဲ့သည်။ ဟီဒယ်၏မျက်လုံးများက နီရဲနေပြီး ရင်ထဲက ဝေဒနာကိုမြိုသိပ်ထားရသဖြင့် မချိမဆန့်ဖြစ်နေသည်။ ဟီဒယ် စောင့်မျှော်နေသည့် အကိုတော်လာသည်ကိုတွေ့သောအခါ ဟီဒယ်မြိုသိပ်ထားသည့် ဝေဒနာများရုန်းကြွလာခဲ့သည်။ မိမိယုံကြည်ကိုးစားခဲ့သည့် အကိုတော်။ ဘ၀တလျှောက်လုံး မိမိလုပ်ချင်သည်ကို လုပ်ခွင့်ပြုရန် ခမည်းတော်ဆီမှာ တောင်းဆိုပေးခဲ့သည့် အကိုတော်။ မိမိကို မြင်းစီး၊ ဓါးခုတ်စသင်ပေးတဲ့ အကိုတော်၊ ငယ်စဉ်ကတည်းက မိမိ၏ကောင်းကင်ကြီး ဖြစ်ခဲ့သည့် အကိုတော်။ အကိုတော်က မိမိကို ထိခိုက်အောင် ဘယ်တော့မှ မလုပ်ပါဘူးဆိုသည့် ယုံကြည်ချက်နှင့် တသက်လုံး နောက်ကျောလုံစွာနှင့်ရှေ့ဆက်ခဲ့သည်။ သို့သော် ဒီအစ်ကိုတော်ကပဲ မိမိတိုင်းပြည်ကို သူလျှိုတွေထည့်ခဲ့သည်။ ဒီအကိုတော်ကပဲ မိမိတိုင်းပြည်ကို သိမ်းခဲ့သည်။ ဒီအကိုတော်ရဲ့ နန်းတော်မှာပဲ မိမိခမည်းတော် လုပ်ကြံခံခဲ့ရသည်။ ဟီဒယ် သူ့ကို စိုက်ကြည့်ကာ ရင်ထဲမှာပြည့်ကြပ်လာခဲ့သည်။ မုန်းသည်။ အကိုတော်ကို မုန်းသည်။
 

“ဟီဒယ်…ညီမလေး…”

 

ထန်လိုခိသည် ဟီဒယ်၏အကြည့်ကိုတွေ့သည်နှင့် ရင်ထဲ ဆတ်ဆတ်ခါသွားခဲ့သည်။ ခါးသီးသည့်အမုန်း၊ မယုံကြည်ခြင်း၊ ၀မ်းနည်းခြင်း၊ နာကျင်ခြင်း၊ ဒါ့အပြင် တဘ၀လုံးစာ မိမိကိုယုံကြည်မိခဲ့သည့်အတွက် နောင်တရခြင်းဆိုသည့်အချက်က ထန်လိုခိကို အရှင်လတ်လတ်မီးတင်ရှို့နေသလိုခံစားလိုက်ရသည်။ ယိုင်တိယိုင်ထိုးထရပ်လိုက်သည့် ဟီဒယ်၏အနား ခြေလှမ်းကျဲကြီးနှင့် လှမ်းသွားပြီး သူမလေးကို ပွေ့ဖက်လိုက်သည်။ မချိတင်ကဲနှင့် သူမလေးကို ခေါ်လိုက်မိစဉ် ရင်ခွင်ထဲမှ ကလေးမက ကျားရိုင်းမလေးလို စတင်ရုန်းကန်ပြီး တိုက်ခိုက်တော့သည်။ နှစ်ရက်လုံးလုံး ဘာမှ မစားမသောက်ထားသည့်တိုင် သဲသဲမဲမဲတိုက်ခိုက်သည်။
 

“မုန်းတယ်… အကိုတော်ကို မုန်းတယ်….”
 

“ဟီဒယ်…ဟီဒယ်…. အကိုတော့်အပြစ်ကို အကိုတော်သိပါတယ်။ မုန်းပါ။ လက်ခံတယ်။ အခု အကိုတော် ညီမလေးအတွက် လက်တုန့်ပြန်ပေးဖို့ ပြန်လာခဲ့တာ….”

 

ဟီဒယ်သည် ထိုစကားကိုမကြားသည့်နှယ် မိမိစိတ်ထွက်ပေါက်အနေဖြင့် အကိုတော်ထန်လိုခိကို အတင်းရုန်းကန်တိုက်ခိုက်တော့သည်။ အကိုတော်ကို မည်မျှတိုက်ခိုက်ပေမယ့် သန်မာလွန်းသည့် စစ်သူရဲကောင်းကြီးက တုတ်တုတ်မှမလှုပ်ပေ။ အကိုတော်ဝင်လာကတည်းက သွေးစွန်းနေသည့် ၀တ်ရုံကိုကြည့်ပြီး အပြန်လမ်းမည်မျှခက်ခဲမည်ကို သိလိုက်သည်။ အကိုတော် မိမိကို ဘယ်လောက်စိုးရိမ်သည်ကို သူ့မျက်ဝန်းထဲက အကြည့်တချက်နှင့်ပင် သိလိုက်သည်။ ပြီးတော့ မိမိကို တင်းနေအောင်ဖက်ထားသည် အထိတွေ့ထဲတွင် နာကျင်ခြင်းနှင့် တောင်းပန်ခြင်းကို ခံစားလိုက်ရသည်။ ဟီဒယ် အားလုံးသိပေမယ့် မိမိခမည်းတော် အသတ်ခံရသည့်အချက်ကို ဘယ်လိုမှ မမေ့နိုင်သဖြင့် ကျောက်တောင်ကြီးကို ခေါင်းနှင့်တိုက်သည့်နှယ် သူ့ရင်ဘတ်ကို နဖူးနှင့် အထပ်ထပ်တိုက်နေမိသည်။
 

“ဟီဒယ်…ငိုချလိုက်…ငိုချလိုက်….”

 

ထန်လိုခိသည် အသံတိတ်ပေါက်ကွဲနေသည့် နှမတော်လေးကို ဖက်ကို ခပ်တိုးတိုးပြောလိုက်သည်။ ဟီဒယ်က မာကျောစွာမော့ကြည့်ရင်း ပြောလိုက်သည်။
 

“ငိုတယ်ဆိုတာ ပျော့ညံ့သူတွေ အလုပ်…..”

 

ဒီတစ်ခွန်းပြောပြီးနောက် ဟီဒယ်အသက်ရှုမ၀ဖြစ်လာပြီး အကိုတော့်လက်မောင်းထဲ ပျော့ကျသွားခဲ့သည်။
 

“ဟီဒယ်…. မင်းအတွက် မျှတမှုကို ရအောင်ယူပေးမယ်…. မင်း ခံစားရတာထက် ဆယ်ဆ ခံစားရစေမယ်…”

 

ထန်လိုခိသည် ဟီဒယ်ကို ပွေ့ချီကာ မိမိနန်းဆောင်ကို ထွက်လာခဲ့သည်။ အပါးတော်မြဲကြီးက အခြေနေကို တွေ့သည်နှင့် နန်းတွင်းသမားတော်ကို ချက်ချင်းခေါ်လိုက်သည်။ ထန်လိုခိသည် သမားတော် ဟီဒယ်ကို ကုသပေးသည်ကို မျက်တောင်မခတ်စိုက်ကြည့်နေသဖြင့် သမားတော်ကြီးက ရင်တုန်ပန်းတုန်ဖြစ်နေသည်။ မင်းသားထန်လိုခိ၏ စိတ်အနေထားက လူသတ်ငွေ့တွေ ထုတ်လွှတ်နေသောကြောင့်ဖြစ်သည်။

 

ဟီဒယ်ကို အပ်စိုက်ကုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်လုပ်ပေးပြီးနောက် ထန်လိုခိ ရေချိုးဆောင်ဝင်သည်။ ထို့နောက် တညလုံး ဟီဒယ်နားမှာ မခွာပဲ အထောက်တော်များကို ခေါ်ယူတွေ့ဆုံးက အခြေနေကို အသေးစိတ်မေးမြန်းသည်။ ခမည်းတော်လွှတ်ထားသည့် အထောက်တော်၏ ပြောကြားချက်ကို နားထောင်ပြီးနောက် မိမိ၏လက်ရွေးစင်တပ်ကို ဆင့်ခေါ်လိုက်ပြီး လုပ်ရမည်ကိုညွှန်ကြားလိုက်သည်။ မိမိချစ်သူကို နှလုံးသွေးယိုစီးမတတ်နာကျင်စေသည့်သူကို ထပ်တူထပ်မျှ ခံစားရစေမည်ဟု ဆုံးဖြတ်လိုက်သည်။

 

--------------------------------------

 

တင်တက်ရင်သည် ထန်လိုခိပို့လိုက်သည့် စာပို့ခိုကြောင့် မျက်မှောင်ကုတ်လိုက်သည်။ မထင်မှတ်စွာဖြင့် မိမိညီနောင်ကို ချက်ချင်းရှေ့တန်းစစ်မျက်နှာပြင်မှ ဖယ်ရှားပစ်နိုင်သည့် အကွက်တစ်ကွက်ကို တွေးကာ အေးစက်စက်ပြုံးလိုက်သည်။ ဒီကောင်လေး ဒီလိုရက်စက်သည့် အကွက်ကို မသုံးနိုင်ဟု မိမိထင်ခဲ့တာ သူလည်း သူ့ဘိုးဘေးများ၏ ဇ ကို ပိုင်ဆိုင် ထားကြောင့် သက်သေပြနေပြီထင်သည်။ ဒါကြောင့် မယ်မယ်ကို ရအောင်ခေါ်ထုတ်ဖို့အစီစဉ်ကို အမြန်အကောင်ထည်ဖော် လိုက်သည်။ ဆူမီရာက သူ့ရဲ့အားနည်းချက်ဖြစ်လျှင် ဒီပွဲကို မိမိသေချာပေါက်နိုင်ရမည်။
 

တင်ဂီရိသည် မယ်မယ်ရောက်လာလျှင် နေဖို့အားလုံးစနစ်တကျလျှို့ဝှက်စီစဉ်ထားလိုက်ပြီး ဆူမီရာကို တိတ်တဆိတ်စာပို့ကာ ယွမ်ချူးခန်ကို အာရုံလွှဲထားစေသည်။ ဟီဒယ်၏ ခမည်းတော်လုပ်ကြံခံရသည့် အကြောင်းကို နောက်ပိုင်းမှ အသိပေးမည်ဟု ဆုံးဖြတ်ထားသည်။ မဟုတ်လျှင် သူ့သူငယ်ချင်း ဟီဒယ်နားပြေးသွားချင်ပေလိမ့်မည်။ ဟီဒယ်နားကို ထန်လိုခိရောက်သွားပြီဖြစ်လို့ တင်တက်ရင် စိတ်ချသွားသည်။ မိမိညာလက်ရုံး ထန်လိုခိကို အရင်စလျှင် သူမည်မျှ ကြမ်းရမ်း သည်ကို မြည်းစမ်းခိုင်းရမည်။

 

“ချူးခန်…. ”

 

ယွမ်ချူးခန်သည် အမတ်ကြီးများနှင့် ခမည်းတော်ကိုယ်စား အစည်းဝေးထိုင်ပြီးနောက် မောပန်းစွာအဆောင်ကိုပြန်လာစဉ် မိမိအဆောင်ဝတွင် စောင့်ကြိုနေသည့် ဆူမီရာကြောင့် ရှုပ်နေသည့်စိတ်တို့ရွှင်လန်းသွားခဲ့သည်။ ဘယ်အချိန်ဖြစ်ဖြစ် ဆူမီရာက မိမိကို စိတ်အေးချမ်းစေသည်။ ခွန်အားပြည့်စေသည်။ အင်မတန်ကို သန့်စင်သည့် စိတ်ခွန်အားကို ပေးစွမ်းနိုင်သည့် တစ်ဦးတည်းသော မိမိခင်တွယ်ရသည့်သူ။
 

“မီရာ…ကနေ့ ထူးထူးခြားခြားပါလား။ ငါ မင်းကို ခဏနေရင် အဆောင်မှာလာခေါ်မလို့။ အတော်ဖြစ်သွားတာပေါ့..”

 

ဆူမီရာသည် ပင်ပန်းရိပ်ထင်နေသည့် ယွမ်ချူးခန်၏ပုံကိုကြည့်ပြီး စိုးရိမ်သွားကာ လက်ကိုဆွဲပြီးသွေးကြောစမ်းလိုက်သည်။ ယွမ်ချူးခန်က ရယ်မောကာ လက်ကိုဆုပ်ကိုင်ပြီးပြောလိုက်သည်။
 

“ငါ ပင်ပန်းနေလို့ပါ… တနေကုန် အစည်းဝေးဆိုတော့ စိတ်အရမ်းပင်ပန်းခဲ့တာ။ လူက ဘာမှမဖြစ်ဘူး။ မင်းလာတွေ့တယ်ဆိုတာနဲ့ကို ငါအမောပြေသွားပြီ…”

 

ယွမ်ချူးခန်က ဆူမီရာကို ဖက်ကို ပုခုံးတွင် မျက်နှာအပ်ပြီး ကလေးလိုချွဲနေသဖြင့် ဆူမီရာက ရယ်မောကာ ပြောလိုက်သည်။
 

“ဟေး….ကလေးလည်း မဟုတ်ပဲနဲ့ကွာ။ အမတ်ကြီးတွေ မြင်ရင် မင်းကို အထင်သေးသွားလိမ့်မယ်…”
 

“သေးချင်သေး။ အလုပ်ချိန် အလုပ်လုပ်တယ်။ အခုက ငါ့ နားချိန်။ ငါလည်း လူငယ်လေးပဲရှိသေးတာကွာ။ မင်းကိုမြင်တော့ ချွဲချင်တာပေါ့…”
 

“ငါက မင်းနဲ့ရွယ်တူကွ…”
 

“ရွယ်တူလည်း အခုငြိမ်ငြိမ်နေ။ မင်းက ငါ့အားဆေးပဲ…”

 

ဆူမီရာက ပြောမရတော့သူ့ကို ဖက်ထားပြီး ငြိမ်နေစဉ် အပါးတော်မြဲကြီး၏ လျှောက်တင်သံကိုကြားလိုက်ရသည်။
 

“အရှင့်သား … ကြင်ယာတော်လျောင်းမင်းသမီးလေးများက တွေ့ဖို့ခွင့်တောင်းနေကြောင်းပါ…”

 

ထိုအသံကိုကြားသော် ယွမ်ချူးခန် စိတ်ညစ်သွားပြီး ဆူမီရာနှင့်လူချင်းခွာလိုက်သည်။ အမောပြေစ စိတ်လေးပင် လေးဆင်းသွားခဲ့သည်။ ဆူမီရာက ရယ်မောကာ သူ့ပုခုံးကို ပုတ်ကာပြောလိုက်သည်။
 

“ကဲ…အတွေ့ခံလိုက်ဦး။ သူတို့ကို ငြင်းလို့ ဘယ်ကောင်းမလဲ။ သူတို့ခမည်းတော်တွေ ရောက်နေတယ် မဟုတ်လား။ ဒါ မင်းရဲ့ တာဝန်လေ…ငါ နဲ့ညကျ လာတွေ့လှည့်။ အပြင်ထွက်ပြီးလျှောက်လည်ရအောင်…”

 

ယွမ်ချူးခန်သည် ဆူမီရာ၏ စကားကြောင့် ချက်ချင်းပြုံးသွားတော့သည်။ ထို့ကြောင့် ဆူမီရာထွက်သွားသည်နှင့် အပါးတော်မြဲကြီးကို မင်းသမီးလေးတွေကို အထဲခေါ်ရန် အမိန့်ပေးလိုက်သည်။
 

“အိမ်ရှေ့မင်းသားလေးကို ဂါရ၀ပြုပါတယ်…”

 

မင်းသမီးလေး ငါးပါးက ယွမ်ချူးခန်ကို အရိုသေပြုရင်း ပြုံးရွှင်စွာဖြင့်နူတ်ဆက်ကြသည်။ ငယ်ရွယ်သော၊ နုပျိုသော၊ လှပသော မင်းသမီးလေးများက မိမိကို ချစ်ခင်စွာကြည့်နေပေမယ့် ယွမ်ချူးခန်၏ မျက်လုံးထဲတွင် သူတို့ဖခင်များ၏ နောက်ခံအင်အားကလွဲပြီး ဘာကိုမှ ထူးထွေမခံစားရပေ။ ဒါပေမယ့် ဆူမီရာပြောသွားသလို နန်ကျောင်ပြည်မင်းသား တစ်ပါး၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရအုံးမည်။
 

“မင်းသမီးတို့ နေကောင်းကျန်းမာပါရဲ့လား… ကိုယ်တော်လည်း အလုပ်များနေတာနဲ့ မင်းသမီးတွေဆီ သိပ်မရောက်ဖြစ်ဘူး။ အတော်ပဲ ဒီနေ့ ညစာ ကိုယ်တော်နဲ့အတူသုံးဆောင်သွားကြပါ…. ”

 

ယွမ်ချူးခန်သည် အပါးတော်မြဲကြီးကို အမိန့်ပေးပြီးညစာပြင်ဆင်ခိုင်းလိုက်သည်။ မင်းသမီးလေးများက မထင်မှတ်သည့် အိမ်ရှေ့စံ၏စကားကြောင့် ၀မ်းသာစွာဖြင့်ကျေးဇူးတင်စကားပြောကြသည်။ မင်းကြီးက မကျန်းမမာဖြစ်နေသဖြင့် မင်းသားလေး ကို ကျေနပ်အောင်ပြုစုပြီး နန်းတက်မိဖုရားဖြစ်အောင် ဆွယ်ဖို့ခမည်းတော်က လာတွေ့ပြီး တိုက်တွန်းသွား ကြသဖြင့် အပြိုင်ဆိုင်လာရင်း မင်းသား၏နန်းဆောင်တွင် လာဆုံနေကြသည်။ မင်းသားက စိတ်ညစ်ညစ်နှင့် မောင်းထုတ်မည် ထင်ခဲ့ရာမှာ အားလုံးကို ညစာ အတူစားရန်ဖိတ်သဖြင့် မင်းသမီးငါးပါးလုံးကြိတ်ပြီး ပျော်သွားကြသည်။ သို့သော် မိမိတို့ ခင်ပွန်းလောင်း နန်းကျောင် အိမ်ရှေ့မင်းသား၏စိတ်က မိမိတို့နှင့်အတူမရှိသည်ကိုတော့ တစ်ယောက်မှ မရိပ်မိကြပေ။

 

----------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet