စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (33)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (33)

 

ဆူမီရာသည် ကီလာတိုင်ကို စည်းကမ်းသေ၀ပ်သည့် ကျောင်းသားများ၊ ပညာပြည့်ဝသည့်ဆရာများ၊ နာမည်ကျော် စာပေပညာရှင်များတို့ထွန်းကားရာ ငွေတောင်ပြည်၏ ကျောင်းတော်ကို ဂုဏ်ယူဝံ့ကြွားစွာလိုက်လံပြပြီးနောက် ကီလာတိုင်က မေးခဲ့သည်။
 

“မင်းတို့ကျောင်းတော်ကို တိုင်းပြည်တိုင်းက ပညာလာဆည်းပူးကြတာလူများသားပဲ။ အကုန်လုံးက မင်းသား၊မင်းသမီးတွေပဲလား။”
 

“နယ်စား၊မြို့စားကြီးတွေရဲ့သားသမီးတွေလည်းပါတယ်။ ဒါပေမယ့် နည်းပါတယ်။”
 

“အင်း… ဘုရင့်သားသမီးတွေ အချင်းချင်းရင်းနှီးစေချင်တဲ့သဘောရယ် မဟာမိတ်အတွက်ရယ် ဒီကျောင်းတော်ကို လွှတ်တာအကောင်းဆုံးပဲကိုး။ ”

 

ဆူမီရာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ မိမိတို့ကျောင်းတော်ကို ဒီလိုတခါမှမတွေးခဲ့ဖူးပေ။ မိမိထင်တာက ကျောင်းတော်မှ ဆရာများက တော်လွန်းလို့ပညာဆည်းပူးရန်လာသည်ဟုသာ ယုံကြည်ထားသည်။ ယခု ကီလာတိုင်ဆိုသည့် ပန်တိုင်းပြည်မှ မင်းသားက မထင်ထားတာကိုပြောတော့ သူ့ကိုစိုက်ကြည့်နေမိသည်။

 

ကီလာတိုင်က ဆူမီရာ မိမိကို မျက်မှောင်လေး ယောင်ယောင်တွန့်ကာကြည့်နေသည်ကို တွေ့တော့ မေးလိုက်သည်။
 

“ဘာလဲ။ မင်း ငါပြောတာကို မယုံလို့လား။”
 

“မင်းဘာကြောင့် ဒီလိုထင်တာလဲ”
 

“အင်း..မင်းက တကယ့်ကို ကလေးသာသာပဲတွေးတတ်တာကိုး။ မင်းစဉ်းစားကြည့်လေ။ အခုမင်းတို့ ကျောင်းတော်ကို လာစရာမလိုပဲ ငါ အားလုံးဆရာတွေနဲ့ ခေါ်ပြီးသင်ထားနိုင်တာပဲ။ တောင်ပိုင်းတိုင်းပြည်က ဘုရင်တွေက သူတို့သားသမီးကို ဘာကြောင့်ငွေတောင်ပြည်ကိုပို့ပြီး ပညာသင်ခိုင်းတာလဲ။ တခုပဲရှိတယ်လေ။ မဟာမိတ်အတွက် မိတ်ဆွေကောင်းကို ကျောင်းတော်ကနေရှာခိုင်းတာ။ သူတို့သားသမီးအတွက် နောင်တချိန်အထောက်ကူဖြစ်မယ့်သူကို ဒီမှာလာရှာ ကြတာ။တလက်စတည်း ကြင်ဖက်တောင်ရှာနိုင်တာပဲလေ။”
 

“ငါတစ်ခါမှ အဲ့လိုမတွေးဖူးဘူး”
 

“မင်း မယုံရင် မင်းရဲ့ မယ်တော်ကိုမေးလိုက်ပေါ့။ မင်းရဲ့မယ်မယ်က ပညာရှိအမျိုးသမီးပဲ။ ပြီးတော့ မင်းကို ဘယ်တော့မှမညာဘူး။”
 

“ဒါလည်းမင်းက သိနေတာပဲ။ နေပါဦး။ ကြည့်ရတာ မင်းက ဗဟုသုတအတွက် လှည့်လည်တာမှဟုတ်ရဲ့လား။ ငွေတောင်ပြည်မှာနေတဲ့ငါ့ထက်တောင် သိနေသလိုပဲ။မင်းဘာလှည့်လည်စရာလိုလို့လဲ။”

 

“လိုတာပေါ့။စာအုပ်ထဲကသိတာနဲ့ မျက်ဝါးထင်ထင်မြင်ရတာ မတူဘူးလေ။ စာဖတ်ပြီးသိတာ သညာ၊ ကိုယ်တိုင်တွေ့ကြုံခံစားပြီး စိတ်နှလုံးထဲကမှတ်မိတာ ပညာ။ ငါက ပညာလိုချင်တာ။”

 

“မင်းက ငါတွေ့ဖူးသမျှထဲ အထူးဆန်းဆုံးပဲ။”
 

“ထူးဆန်းတာက တော်တာမှမဟုတ်တာ။”

 

“အင်း… ငါ့နောင်တော်ကတော့ မင်းပြောတဲ့လူမျိုးပဲ၊ လူငယ်ထဲမှာ အတော်ဆုံး။ မင်းပြောသလို ပညာသိနဲ့ အရာရာကိုထိုးထွင်းသိတယ်။ သူ့ဥာဏ်ပညာနဲ့လက်ရုံးရည်ကို ဘုရင်တွေတောင် လေးစားရတယ်။”
 

“အာနန်မင်းသားကိုပြောတာလား။”
 

“ဟုတ်တယ်။ နောင်တော်တင်ဂီရိလိုဖြစ်ချင်လို့ငါကြိုးစားနေတာ ဒါပေမယ့် ငါ သူ့ခြေဖျားကိုတောင်မမှီပါဘူးကွာ။”
 

ကီလာတိုင် ဘာမှဆက်မပြောပဲ အခြားအကြောင်းရာမေးမြန်းကာစကားလွဲလိုက်သည်။ တင်ဂီရိကို ချီမွမ်းပြောဆိုနေသည်ကို မကြားချင်ပါ။

 

နန်းတော်ကိုပြန်ရောက်တော့ မယ်မယ့်ကို တွေ့သဖြင့် ကီလာတိုင်ပြောသည်ကို သတိရကာ မေးကြည့်လိုက်တော့ မယ်မယ်ကပြန်မေးခဲ့သည်။
 

“ဟုတ်တယ် သားတော်လေး။ ဒါကို ဘယ်သူပြောပြတာလဲ..”
 

“ကီလာတိုင် .. သူကအခုမှ ငွေတောင်ပြည်ကိုေ၇ာက်ဖူးပြီးသိနေတယ်။ သားတော်က ဘာလို့မသိတာလဲ”
 

ငွေတောင်မိဖုရားကြီးက သက်ပြင်းချကာ ဆူမီရာ၏ ခေါင်းလေးကိုပွတ်ကာနှစ်သိမ့်လိုက်ပြီး ပြောလိုက်သည်။

 

“သြော်.. သူ့ရဲ့ ဆရာတစ်ယောက်ယောက်က ပြောပြဖူးလို့နေမှာပေါ့။ သားလေးကို အလိုလိုသိလာမယ်ဆိုတာ မယ်မယ်သိလို့ မပြောဖြစ်လိုက်တာပါကွယ်။ ကဲ သားတော်လေး.. လမ်းခရီး သေချာဂရုစိုက်နော်။ ပန်တိုင်းပြည်က ကိုယ်ရံတော်တွေပါတယ် ဆိုပေမယ့် အတင့်မရဲနဲ့နော်။”
 

“စိတ်ချပါ မယ်မယ်ဘုရား။ သားတော် တစ်လဆိုပြန်လာပါ့မယ်။ ဟို… နောင်တော် တင်ဂီရိပြန်မလာခင် သားတော်အမှီပြန်လာပါ့မယ်..”

 

ငွေတောင်မိဖုရားဆင်းဝတ်ကြသည် ဖြူဖွေးကာချောမွေ့သည့် ရုပ်ရည်နှင့်မလိုက်ဖက်စွာ အေးစက်သည့် မျက်ဝန်းတစ်စုံရှိသည့် ကီလာတိုင်မင်းသားကိုကြည့်ကာ စိုးထိတ်မိသော်လည်း သားတော်ကိုကြည့်သည့် အကြည့်များက ရင်းနှီးနွေးထွေးမှုအပြည့်ရှိလို့ တော်သေးသည်ဟု သက်မချမိသည်။ မင်းသားနှစ်ပါးကို သယ်ဆောင်သည့် ရထားလုံးက မြင်ကွင်းထဲမှပျောက်သွားတော့မှ မိမိတို့နံဘေးမှ စစ်သူကြီးကို ငွေတောင်မင်းကြီးကပြောလိုက်တော့သည်။
 

“ကျောင်းတော်ကို ၀ိုင်းထားတဲ့ လျှို့ဝှက်တပ်တွေကို ဆုတ်ခွာခိုင်းလိုက်ပါ။ ကျောင်းတော်သားတွေကို အထိတ်တလန့် မဖြစ်ပါစေနဲ့.”
 

“စိတ်ချပါ မင်းကြီး။ မင်းသားနှစ်ပါး မြို့တော်က ထွက်ကတည်းက လျှို့ဝှက်တပ်က ဆုတ်ခွာသွားပါပြီ။ မင်းသားလေး ဆူမီရာကို မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့မင်းသားလေးနဲ့အတူရှိနေတရွေ့ မွေးညှင်းတမျှင်တောင် မထိခိုက်စေရပါဘူး။  ”

 

ထိုစစ်သူကြီးက ငွေတောင်မင်းနှင့် မိဖုရားကို အရိုသေပြုကာ မြို့တော်မှထွက်ခွာသွားတော့သည်။ မိဖုရားဆင်းဝတ်ကြည်က မင်းကြီး၏ လက်ကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီးမေးလိုက်သည်။
 

“အာနန်မင်းသားကို အကြောင်းကြားလိုက်မလား မောင်မောင်…”
 

“မဖြစ်ဘူး။ အာနန်ပြည်ကို သွားတဲ့လမ်းကြောင်းမှာ သူုတို့စောင့်နေမှာသေချာတယ်။မောင်တော်ငထင်တာ မမှားဘူးဆိုရင် စာပို့ခိုလည်း ပို့လို့ရမယ်မထင်ဘူး။အခြေနေကိုစောင့်ကြည့်ကြတာပေါ့။ ကာလိုခန် မင်းကြီးက ကတိမပျက်လောက်ပါဘူး။ သူ့သားတော်ကို အဖော်လုပ်ပေးပြီးလှည့်လည်ပြီးရင် သားတော်ကို ပြန်ပို့ပေးမှာသေချာပါတယ်..”

 

“သူတို့ကတိတည်ပါစေ ဆုတောင်းရမှာပဲ။ မဟုတ်ရင် သားတော်လေးက မင်းသားညီနောင်နှစ်ပါးကြား ညှပ်မိတော့မှာ.. ”

 

မိဖုရားက စိုးရိမ်စွာဖြင့်ပြောလိုက်သည်။ ငွေတောင်မင်းကြီးက သက်ပြင်းသာချုလိုက်မိတော့သည်။

 

--------------------------------

 

ကီလာတိုင်သည် မိမိဘေးတွင် ငြိမ်သက်စွာလိုက်ပါလာသော ငွေတောင်မင်းသားကိုစိုက်ကြည့်နေပြီး သဘောကျနေမိသည်။ ငွေတောင်မင်းသားက ကြားဖူးသည်ထက် ကြံ့ခိုင်ဟန်ပေါက်နေသည် မဟုတ်လား။ ယောကျာ်းလေးဖြစ်သော်လည်း မိန်းမလိုနုနွဲ့နေသည့် ဘုရင့်သားမျိုးကို ဘယ်လိုမှ သည်းခံပြီးကြည့်လို့မရပေ။ ဘ၀ပေးကုသိုလ်ကြောင့် ရုပ်ရည်ချောမောတာ တပိုင်း၊ တိုင်းပြည်ကို အုပ်ချုပ်ဖို့၊ ကိုယ့်တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ ကြံ့ခိုင်ဖို့လည်းလိုနေလျက်နှင့် ရွှေလင်ဗန်းနှင့် အချင်းဆေး အထိမခံကြွေရုပ်လို မင်းသားများ၊မှုးမတ်သားများ၊ စစ်သူကြီးသားများကိုတွေ့လျှင် ဖင်ပိတ်ကန်ပစ်ချင်စိတ်က ထိန်းမရပေ။ တော်သေးသည်။ ငွေတောင်မင်းသားလေးက နတ်သားလေးလို ကြည်လင်သည့်ရုပ်လေးကို ပိုင်ဆိုင်ပြီး ကြံ့ခိုင်သည့် စိတ်ထားလေးရှိပေးလို့သာပေါ့။

 

“မင်းငါ့ကို ဘာလို့စိုက်ကြည့်နေတာလဲ ကီလာတိုင်.. ”
 

“ငွေတောင်မင်းသားက ရုပ်ချောသလို နူးညံ့တယ်ကြားတာ။ အခု မင်းက ဖြတ်လတ်သားပဲ..”

 

“ငါက ယောကျားလေးပဲ။ ဘာကြောင့် နူးညံ့ရမှာလဲ။ အတိုင်းတိုင်းအပြည်ပြည်က မင်းသားတွေဆို လက်ရုံးရည် ဒီလောက်ထက်မြက်တာ။ ငါက ငွေတောင်မင်းသားဖြစ်ပြီးနူးညံ့နေရင် ငါ့ခမည်းတော် အရှက်ကွဲမှာပေါ့။ ပြီးတော့ နောင်တော့်ကိုအားကျလို့၊ နောင်တော့်လိုဖြစ်ချင်လို့ပြီးတော့ နောင်တော့်အတွက် အထောက်အကူဖြစ်စေချင်လို့ ငါပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တာပဲ။”
 

“သြော် မင်းရဲ့နောင်တော်က မင်းရဲ့စံပြလူသားဖြစ်တာကိုး.. မင်းသူ့ကိုအရမ်းလေးစားတာပဲ။ သူ့ကြောင့် ဒီလောက် ကြိုးစားတယ်ဆိုတော့”
 

အာနန်မင်းသားကို ကီလာတိုင် အားကျမနာလိုစိတ်ပေါ်လာမိသည်။ အခြားလူတစ်ယောက်က ကိုယ့်ကိုကူညီချင်လွန်းလို့ ကိုယ့်လိုဖြစ်အောင် ကြိုးစားလေ့ကျင့်နေသည်ဆိုသည့်အဖြစ်က လက်တွေ့မမြင်ရသေးလျှင်ပင် ထိုသို့ကြားရုံနှင့် ဘယ်လောက်ပျော်ဖို့ကောင်းသည်ကို ယခင်က မသိခဲ့ဖူးပေ။ ကိုယ်အတွက် တစ်စုံတစ်ယောက်က ရှိနေပေးတာ။ ကိုယ့်ကို စိတ်ထဲထည့်ပြီး အရာရာတိုင်းကို ကြိုးစားတာ။ ဒီလိုလူမျိုးက မိိမိအတွက် မရှိခဲ့ဖူးတာသေချာသည်။

 

ဆူမီရာသည် ကီလာတိုင်ကို ပွင့်လင်းစွာပြောပြပြီး သူ့အကြောင်းကို စပ်စုလိုက်သည်။ ဘာပဲပြောပြော တစ်လလုံးလုံး ခရီးအတူသွားရမည်ဆိုတော့ သူ့အကြောင်းသိထားမှဖြစ်မည်။

 

“အင်း..ငါအလေးစားဆုံး နောင်တော်ပဲ.ဒါနဲ့ မင်းအကြောင်းပြောပြဦးလေကွာ။ မင်းက သူငယ်ချင်းလည်းမရှိဘူးဆိုတော့ နန်းတော်ထဲမှာ ဘယ်လိုနေလဲ..”
 

“မြင်းစီး၊မြှားပစ်၊စာဖတ် လုပ်တယ်။ ”

 

ကီလာတိုင်က ငြီးငွေ့စွာပြောသဖြင့် ဆူမီရာ ကိုယ်ချင်းစာမိသည်။ မိမိနောင်တော်နှင့်သူငယ်ချင်းနှစ်ဦးမရှိတော့ မိမိမှာသေလုမတတ် ပျင်းရိနေခဲ့သည်။ ကီလာတိုင်ခမျာ တစ်ယောက်တည်း ကြီးပျင်းလာသည်ဆိုတော့.. တွေးကာ သက်ပြင်းချမိသည်။
 

“ဒါပေမယ့် မင်းနဲ့အတူ အခြားညီအစ်ကိုမောင်နှမ၀မ်းကွဲတွေ ရှိတယ်မလား။”
 

“ဟုတ်လား။ ငါကနေနေကျဖြစ်သွားပြီ..ဘယ်လောက်ဆိုးတဲ့အခြေနေပဲဖြစ်ြဖစ်နေသားကျဖို့ပဲလိုတာပါ။ နေသားကျသွားရင် အဆင်ပြေတယ်လို့ခံစားမိလိမ့်မယ်။”

 

ကီလာတိုင်က ငြီးငွေ့စွာပြောသည်ကိုနားထောင်ပြီး နေသားကျခြင်းက အဆင်ပြေခြင်းမဟုတ်သည်ကို ဆူမီရာကောင်းစွာသိလိုက်သည်။ သို့သော် ကာယကံရှင်ကိုယ်တိုင် မပြောပြချင်သေးသည့်အကြောင်းရာကို အတင်းကျပ်မေးမြန်းခြင်းက ရိုင်းစိုင်းရာကျသဖြင့် ထပ်မမေးပဲ မြိုသိပ်ထားလိုက်သည်။

 

“မင်းက ကလေးလိုပဲ…”
 

“ဘာကွ.. ငါက မင်းနဲ့၇ွယ်တူ။ ပြီးတော့ မင်းထက် အတွေ့ကြုံရှိတယ်။ မင်းက တိုင်းပြည်ကနေ ပထမဆုံးခရီးထွက်တာ မလား။ ငါက ဒုတိယအကြိမ်ဆိုတော့ မင်းကမှ ကလေးနဲ့တူတာ..”

 

ကီလာတိုင် သူ့ကိုစိုက်ကြည့်ကာ မှတ်ချက်ချလိုက်သည်။ ဆူမီရာသည် မိမိနှင့်ရွယ်တူလောက်ဖြစ်ပြီး မိမိကို ကလေးလေး လိုကြည့်ပြီးဆက်ဆံနေသည်ကို မနှစ်သက်သဖြင့် ပြန်ချေပလိုက်သည်။ သို့သော်ကီရာတိုင်က ဘာမှမပြောပဲ ရယ်လို့သာသည်။ ဆူမီရာသာ နန်းတွင်းထဲမှာ ရှိလျှင် မိမိအထီးကျန်မည်မဟုတ်ပေ။ မယ်မယ် ဘာလုပ်နေသည်ဖြစ်စေ မိမိ သတိမရအောင် ဒီမင်းသားလေးနှင့် ဗြောင်းဆန်အောင် ကစားနေမိမှာသေချာသည်။
 

မိမိပြောနေသည့်ကြားက ကီလာတိုင်က ရယ်နေလို့ ဆူမီရာ မျက်မှောင်တွန့်ကာမေးလိုက်သည်။ ကီလာတိုင်ဆိုသည့် မင်းသား လူကိုလှောင်သလို ပြောသလိုနှင့်ရယ်နေသည်ကိုတွေ့တော့ ရင်ထဲကျိလိကျလိဖြစ်လာသည်။

 

“မင်း ဘာရယ်တာတုန်း..”
 

“မင်းသာ နန်းတွင်းထဲရှိရင် ငါ့ဘ၀ ဒီထက်ပျော်စရာကောင်းမှာပဲလို့စဉ်းစားမိလို့ပါ…”
 

ဒီလိုစကားကိုကြားပြန်တော့ ဆူမီရာစိတ်ထဲက အလိုမကျမှုများချက်ချင်းလွှင့်သွားပြီး ကီလာတိုင်ကိုနှစ်သိမ့်လိုက်သည်။

 

“ငါ အခု မင်းနားမှာရှိနေပြီလေကွာ။ အဲ့ဒါ အဓိကပေါ့။ အရင်တုန်းက မရှိခဲ့တာကို မစဉ်းစားနဲ့။ လက်တွေ့မှာရှိတာကို တန်ဖိုးထားရတယ်။ ပြီးတော့ မင်းဆီမှာငါမရနိုင်လောက်တဲ့ အရာတွေရှိနေနိုင်တာပဲ။ လူဆိုတာမျိုးက မွေးကတည်းက ပြည့်စုံပြီးမွေးဖွားလာတာမရှိဘူး။ ကိုယ်လိုအပ်တာကို ဖြည့်ဆည်းဖို့ကြိုးစားရင်း တဖြည်းဖြည်းကြံ့ခိုင်လာမယ်။ ကိုယ့်ဆီမှာရှိတာကို တန်ဖိုးထားရင်း ဘ၀အတွက် လိုအပ်မယ့်အရာကိုပဲ ကြိုးစားတည်ဆောက်ရင်း လူတွေအတွက် အကျိုးရှိတာကိုလုပ်ဆောင်သွားမယ်။ ဒါဆို ငါတို့မွေးဖွားလာရတဲ့ တာဝန်ကိုကျေပွန်မယ်။ ပြီးတော့ ဘ၀လည်း နေပျော်သွားမယ်။ အကောင်းဆုံးက လူတွေကိုကူညီဖို့အသက်ရှင်ခြင်းပဲ။ ဒါကြောင့် ငါသင်နေတဲ့ ဆေးပညာကို ပိုပိုမြတ်နိုးလာခဲ့တာ။”
 

ကီလာတိုင်သည် မထင်မှတ်သည့် ကလေးလိုကောင်လေး၏ ပါးစပ်မှ လေးနက်သည့်စကားကို ကြားရတော့ ချက်ချင်းမေးလိုက်မိသည်။ ဆူမီရာမဖြေခင်ကတည်းက အဖြေကို အလိုလိုသိနေမိသည်။

 

“မင်းကို ဘယ်သူပြောတာလဲ။”
 

“နောင်တော်တင်ဂီရိပြောတာ..”
 

“အင်း.. ဒီစကားကို ငါအခုမှ ကြားဖူးတာပဲ။ မင်းဟာက ဘယ်လောက်မှန်လို့လဲ..”
 

“မှန်တာပေါ့။ ငါ့နောင်တော်ပြောရင် အားလုံးမှန်တယ်။ နောင်တော်နဲ့ မင်းမတွေ့ဖူးသေးလို့ပါ။ မင်းတွေ့လိုက်ရင် ချက်ချင်းလက်ခံသွားမှာ.. ”

 

ကီလာတိုင်သည် ကလေးတစ်ယောက်လို သူ့နောင်တော်ပြောသမျှ မျက်စိမှိတ်ယုံနေသည့် ကောင်လေးကိုကြည့်ကာ ခပ်ထေ့ထေ့ပြုံးလိုက်ပြီး ပြောလိုက်သည်။ ဆူမီရာသည် ကီလာတိုင်၏ ယခုလိုပြုံးပုံကို သဘောမကျပါ။ နောင်တော် တင်ဂီရိကို မတွေ့ဖူးသဖြင့် အထင်မြင်သေးသည့်အပြုံးမျိုးဟု ခံစားမိသောကြောင့်ပင်။

 

 “အရှင့်သား… ကျွန်တော်မျိုးတို့ ခဏနားဖို့ရပ်တန့်ရမလား...”
 

“မနားနဲ့။ ညနေ လီမြို့တော်ကိုအရောက်ခရီးနှင်ပါ..”

 

ကီလာတိုင်သည် ဆူမီရာကို ကြည့်ကာ ပြုံးပြီးပြောလိုက်သည်။ ဒီကောင်လေးကို မိမိသဘောကျစပြုနေပြီ။ မိမိနန်းတော်ထဲကိုခေါ်သွားလျှင် အပြင်းပြေမှာသေချာသည်။ မိမိ၏ ကစားစရာအရုပ်လေး လုပ်ခိုင်းရလျှင် ကောင်းမည်ဟု တွေးလိုက်မိသည်။
 

“ငါမင်းကို အရမ်းအားကျတာပဲ။ မင်းမှာ ချစ်စရာကောင်းတဲ့မိသားစုရှိတယ်။ ပြီးတော့ မင်းကို အလေးထားတဲ့ နောင်တော်ရှိတယ်။ သူငယ်ချင်းတွေရှိတယ်။”
 

“မင်းမှာလည်း သူငယ်ချင်းရှိတယ်လေကွာ..”
 

ကီလာတိုင်သည် ရိုးသားသည့် ဆူမီရာ၏ စကားကို နားမလည်ချင်ယောင်ဆောင်လိုက်သည်။ သူ့လိုဖြူစင်သည့်သူကို သနားလာအောင်လုပ်ရတာ လွယ်ပါသည်။

 

“ဘယ်မှာလဲ..”
 

“ငါလေ။ မင်းနဲ့ငါက ခရီးအတူတူတောင်ထွက်လာပြီ။ သူငယ်ချင်းတွေပေါ့..”
 

“ခရီးအတူတူထွက်ရင် သူငယ်ချင်းဖြစ်ပြီလား..”
 

ကီလာတိုင်က ခပ်ဖျော့ဖျော့ပြုံးကာမေးလိုက်သည်။ ဒီကောင်လေး ငွေတောင်ပြည်လို လူစုံသည့်နေရာမှာနေသော်လည်း ဒါတွေကို မသိလောက်အောင်ကို ဖြူစင်တာလား။ အ တာလားမခွဲတတ်တော့ပါ။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက မိမိနန်းတော်ထဲကရှိသမျှ အရာတိုင်းထက် တန်ဖိုးရှိသည်ကိုတော့ သိသည်။ ဒါကြောင့် ကီလာတိုင် ဒီအရုပ်ကလေးကို လိုချင်လာမိသည်။

 

ဆူုမီရာကတော့ အေးစက်သည့် အပေါ်ယံအလွှာအောက်မှ တိတ်တိတ်လေး အားငယ်တတ်သည့် ကီလာတိုင်ကို သနားကာ ပြောလိုက်သည်။ အနည်းဆုံး သူ့ကိုလူငယ်တစ်ယောက်လိုပျော်လာစေချင်သည်။ ဒီပန်မင်းသားလေး၏ အထီးကျန်သည့် စိတ်ကို ခရီးထွက်စဉ် ပျောက်ကွယ်သွားစေချင်သည်။

 

ကီလာတိုင်သည် ဆူမီရာပြောပြသည်ကို နားထောင်ရင်း ပထမဆုံး မိမိမှာ အဖော်ရှိသည် ဆိုသည့် ခံစားချက်ဝင်လာခဲ့သည်။ ဆူမီရာ၏စကားကိုကြားလျှင် ထပ်တလဲလဲ နားထောင်ချင် နေသည်။ သူ့အပြုံးကိုမြင်လျှင် ထပ်တလဲလဲမြင်ချင်နေသည်။ဒါက မိိမိတို့ရဲ့ရေစက်ပဲလားဟု ကီလာတိုင်တွေးလိုက်မိသည်။

 

ကီလာတိုင်သည် ညတည်းခိုမည့်မြို့ကိုရောက်သော် ဆူမီရာကိုမိမိနှင့်ကပ်လျက်အခန်းတွင်နေရာချပြီး ရေချိုးရင်းစဉ်းစားသည်။ ဆူမီရာ မိမိကိုအချိန်တိုအတွင်းရင်းနှီးကျွမ်းဝင်မှုကိုလိုချင်သည်။ ဒါကိုဘယ်လိုလုပ်ရမလဲတွေးပြီးနောက် အပြင်မှ ကိုယ်ရံတော်ကို လှမ်းခေါ်လိုက်သည်။ ကိုယ်ရံတော်ကို မြို့၏ အခြေနေကိုမေးလိုက်သည်။ ထို့နောက် နာမည်အကြီးဆုံးစားသောက်ဆိုင်တွင် ညစာစားဖို့စီစဉ်ခိုင်းလိုက်သည်။

 

ကီလာတိုင်က အပြင်ထွက်ညစာစားဖို့ပြောတော့ ဆူမီရာ မသွားချင်သဖြင့် ပြောကြည့်သေးသည်။ သို့သော် ကီလာတိုင်က သူစီစဉ်ထားတာကို လုံးဝပြောင်းမည့်ပုံမပေါ်ပေ။

 

“ညစာစားဖို့ အပြင်ထွက်ဦးမလား။ အခန်းထဲမှာပဲမှာစားလိုက်ရအောင်ကွာ.. ညဥ့်လည်းနက်နေပြီ..”
 

“ဗဟုသုတရှာချင်လို့ ခရီးထွက်ပါတယ်ဆိုမှကွာ။ အခန်းအောင်းပြီးဘာလုပ်မလဲ။ ရောက်တဲ့ဒေသရဲ့ နာမည်ကြီးအရက်နဲ့ စားစရာကို မြည်းစမ်းကြည့်ရင်း မြို့ခံသူဌေးတွေရဲ့အကြောင်းစပ်စုကြတာပေါ့…လာပါ။ ငါစီစဉ်ထားတဲ့နေရာရောက်ရင် မင်းမျက်လုံးပြူးသွားစေရမယ်။”

 

နောက်ဆုံး ကီလာတိုင် သွားချင်သည့်နေရာကိုရောက်လာခဲ့သည်။ တကယ်တမ်းပြောလျှင် အခြားတိုင်းပြည်မှ စားသောက်ဆိုင်ကြီးများက ဘယ်လိုဆိုတာ ဆူမီရာလည်းကောင်းကောင်းမသိပေ။ နောင်တော်နှင့်သွားလျှင်လည်း ထိုနေရာမျိုးကို မသွားဖြစ်ပဲ ဘုရင့်နန်းတော်တွေကိုပဲသွားတာဆိုတော့.. ကီလာတိုင် ပြောတော့ စိတ်ပါသလိုလိုဖြစ်လာသည်။

 

“ရွှေကြာပန်းစားသောက်ဆိုင် ”

 

“အင်း.. စားသောက်ဆိုင်သာပြောတယ်.. မသိရင် မှုးမတ်ကြီးအိမ်တော်ကျနေတာပဲ.. ခမ်းနားလိုက်တာ။ အခန်းထဲနေရင် ညနက်ပြီထင်ရပေမယ့်အပြင်ထွက်တော့လည်း နေ့ခင်းလို စည်ကားလို့ပါလား။ ဒါပေမယ့် သူဌေးသူကြွယ်၊ အထက်တန်းလွှာတွေချည်းပါလား။ ”
 

“အေး.. ဒီနေရာကလည်း အထက်တန်းလွှာမှ လာလို့ရတဲ့နေရာလေ။ ဒီအပျော်အပါးလုပ်ငန်းက ဒီတိုင်းပြည်ရဲ့ အဓိက ငွေရှာပေးတဲ့နေရာပဲ။ ဒီနေရာမှာ မင်းလိုချင်တာ အားလုံးရတယ်။ ”

 

“လိုချင်တာ အားလုံးရတယ်ဆိုတာ အစားသောက်ကိုပြောတာလား။ အတော်ပဲ ငါတို့တိုင်းပြည်က စားစရာရသလားလို့ စမ်းကြည့်ဦးမယ်။”
 

ဆူမီရာကတော့ ကီလာတိုင်ပြောသည်ကို ရိုးရိုးသားသားပဲတွေးကာပြန်ပြောလိုက်သဖြင့် ကီလာတိုင်ရယ်ချင်သွားသည်။ ကြည့်ရတာ ဆူမီရာက မိန်းကလေးနှင့်ချစ်ကြိုက်ဖူးခြင်းလည်းရှိမည့်ပုံမပေါ်ပေ။ အင်း..ကလေးလို ဖြူစင်သည့် ဆူမီရာကို အတတ်စုံအောင်သင်ပေးမှဖြစ်မည်ဟု ကီလာတိုင်ကြိတ်တွေးလိုက်မိသည်။

 

ကီလာတိုင် ၀တ်ဆင်ထားသည့် တန်ဖိုးကြိးသားမွေးထည်နှင့် ရတနာစီခြယ်ထားသည့်ဓါးကိုတွေ့တော့ သာမန်လူ မဟုတ်မှန်းသိသဖြင့် တန်ဖိုးကြီးပိုးထည်ကိုဝတ်ဆင်ထားသည့် စားသောက်ဆိုင်ကြီးကြပ်ရေးမှုးကိုယ်တိုင် လာကြိုကာ အထူးခန်းတွင်နေရာချပေးလိုက်သည်။ ဆူမီရာသည် လက်ဝတ်လက်စားကို ညွတ်အောင်ဝတ်ထားပြီး အကောင်းစားပိုးဝတ်ရုံနှင့် ကြီးကြပ်ရေးမှုကိုကြည့်ကာ စိတ်ထဲ မနှစ်မြို့သလိုခံစားလိုက်ရသည်။ နိုင်ထက်စီးနင်းလုပ်မည့်လူဟု အလိုလိုထင်လာမိသည်။

 

“သခင်လေး ဘာကိုအလိုရှိပါသလဲ…”
 

ကီလာတိုင်သည် ထိုကြီးကြပ်ရေးမှုးကို ခပ်တည်တည်ကြည့်ကာ ပြောလိုက်သည်။

 

“မင်းတို့ဆီက နာမည်ကျော်တဲ့ ဟင်းပွဲတွေကိုချပေး။ အရသာအကောင်းဆုံးဖြစ်ပါစေ။ ပြီးတော့ ငါတို့ စားသောက်ရင်း တေးသီချင်းနားထောင်ပြီး အကကိုခံစားချင်တယ်။ အတော်ဆုံးဗျပ်စောင်းပညာရှင်နဲ့ အလှဆုံးအကမယ်တွေ လွှတ်လိုက်။ အညံ့စားဆိုတာ မလိုချင်ဘူး..”
 

ထိုစကားကိုကြားသော် ကြီးကြပ်ရေးမှုးက ဦးညွှတ်ကာ ပြောလိုက်သည်။

 

“စိတ်ချပါ သခင်လေး။ ကျွန်တော်တို့ စားသောက်ဆိုင်က ဘုရင်မင်းမြတ်ရဲ့ထောက်ခံချက်ရထားတဲ့ စားသောက်ဆိုင်ပါ။ အစားသောက်နဲ့ အလှလေးတွေအတွက် စိတ်ချပါ။ ဒါပေမယ့် အဲ့ဒါတွေက ဈေးတော့နည်းနည်းကြီးတယ်..အဲ့ဒါ…”
 

ကီလာတိုင်က ထိုစကားကိုကြားသော် လက်ရိပ်တချက်ပြလိုက်သည်နှင့် နောက်က သက်တော်စောင့်က ရွှေတုံးတစ်တုံးကို စားပွဲပေါ်ပစ်တင်လိုက်သည်။

“ဒုန်း..”


“ရော့ ဒီရွှေတုံးကို အရင်ယူထား။ ပြီးမှ လိုတာပိုတာရှင်းမယ်…”
 

ရွှေတုံးကိုမြင်တော့ ကြီးကြပ်ရေးမှုးမျက်လုံးဝင်းဝင်းတောက်သွားပြီး ကျေနပ်စွာပြောလိုက်သည်။ တိုင်းပြည်တပြည်ပြည်က သူဌေးသား အချဉ်ကောင်မိပြီဟုတွေးကာကျေနပ်သွားသည်။

 

“သခင်လေးအတွက် အကောင်းဆုံးတွေ ရောက်လာစေရပါ့မယ်..ခဏလေးစောင့်ပေးပါခင်ဗျာ။ ဘုရင်တပါးရဲ့ စည်းစိမ်မျိုးကို ကျွန်တော်ယူဆောင်လာပေးပါ့မယ်..”

 

ကြီးကြပ်ရေးမှုးက တံခါးကိုပိတ်ကာ ထွက်သွားခဲ့သည်။ ထိုလူထွက်သွားတော့မှ ဆူမီရာက ပြောလိုက်သည်။ ထမင်းဝိုင်းတစ်ဝိုင်းအတွက် သာမာန်အိမ်ထောင်တစ်ခုရဲ့ တနှစ်စာ အသုံးစရိတ်နဲ့ညီမျှသည့် ရွှေတုံးဆိုတော့ ဘုရင့်သားတစ်ပါးဖြစ်သော်လည်း မျက်လုံးက ပြူးချင်နေသည်။


“မင်းက ရွှေတုံးလိုက်ပေးလိုက်ဖို့လိုလို့လား.”
 

“ရွှေတုံးမပြရင်အကောင်းဆုံးဆိုတာ မရနိုင်ဘူး… ”
 

“အစားသောက်တွေက အဲ့လောက်ဈေးများတာ မလိုပါဘူးကွာ။ ခုဟာက ဘုရင့်နန်းတော်က စားသောက်ပွဲထက်တောင် ကိန်းခန်းကြီးနေလိုက်တာ…”
 

“သူတို့က ဘုရင့်နန်းတွင်းက စားသောက်ပွဲမှာတည်ခင်းသလိုကို ဧည့်သည်တွေကို တည်ခင်းတော့ ဒီကြေးယူတာပေါ့။ အထက်တန်းလွှာတွေက ငွေအပုံလိုက်ပေးပြီး ဘုရင့်နန်းတွင်းကစည်းစိမ်မျိုးကို ခံစားကြဖို့ ဒီကိုလာတာ..”
 

“ဒါဆို.. ဘုရင်တစ်ပါးကို ပြုစုသလို သူတို့က ပြုစုလို့လား..”
 

“ဟုတ်တယ်…ဧည့်သည်တွေက ဘုရင်တပါးလို အပြုစုခံချင်လို့ ဒီကို ငွေလာဖြုန်းကြတာပဲ။”
 

“အင်း..သူတို့ ဘုရင်ကလည်း ဒါကိုခွင့်ပြုထားတာပဲလား…”
 

“ဘုရင်က မသိပါဘူး။ ဒီနေရာကို တည်ထောင်ထားသူက….ဘုရင့်တူတော်ဖြစ်နေတာဆိုတော့ ဘယ်သူက ဘာပြောရဲမလဲ..”
 

“မင်း ဒီအကြောင်းတွေကို ဘယ်လိုသိထားတာလဲ။”

 

“ဒီလိုပဲ စာအုပ်ဖတ်ရင်းပေါ့..ဟော ဟင်းပွဲတွေလာပြီ။ တိတ်တိတ်နေ..”

 

တကယ့်ကို ဘုရင့်စားတော်ပွဲလာပို့သလို မိန်းမချောလေးများကို နန်းတွင်းအပျိုတော်လို ၀တ်စားပေးပြီး လာပို့စေသည်။ စားစရာကိုချရင်း ပြုံးချိုစွာဖြင့် နူတ်ခွန်းဆက်သသေးသည်။

 

“သုံးဆောင်တော်မူပါ အရှင်…”

 

မိမိတို့လို တော်ဝင်မျိုးရိုးဖြစ်ပြီး နန်းတော်ထဲကြိးပြင်းလာသူမဟုတ်လျှင် ဒီလို ပြုစုပြီးနူတ်ဆက်ခံလိုက်ရလျှင် ကြက်သီးမွေးညှင်း ထောင်ထက ပီတိဖြာသွားမှာသေချာသည်။ ထိုစဉ် စားသောက်ဆိုင် ကြီးကြပ်ရေးမှုးက မိန်းမချောတစ်စုနှင့် ဗျပ်စောင်းကို ပွေ့ထားသည့်မိန်းကလေးကို ခေါ်လာခဲ့သည်။
 

“ဒီမိန်းကလေးတွေက ဘုရင့်ရှေ့ကိုကပြဖျော်ဖြေခွင့်ရတဲ့ ကချေသည်တွေပါ သခင်လေး။ မိန်းကလေးကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဗျပ်စောင်းတီးအတော်ဆုံးမိန်းကလေးပါ…သခင်လေးတို့ တေးဂီတနဲ့အကကို ခံစားတော်မူကြပါ.”

 

ထိုမိန်းကလေးကို တွေ့တော့ ကီလာတိုင်ကသောက်လက်စ အရက်ခွက်ကို စားပွဲပေါ်ကိုဆောင့်ချလိုက်သည်။ အကမယ်လေးများ တုန်ခနဲဖြစ်သွားသည်။ ကြီးကြပ်ရေးမှုး မျက်နှာလည်းပျက်သွားခဲ့သည်။ ကီလာတိုင် ဘာလို့စိတ်တိုသည်ကို ကြိုသိနေဟန်တူသည်။

 

“ဒုန်း..”

 

“မင်း ငါတို့ကို တနယ်သားဆိုပြီး လိမ်ဖို့ကြိုးစားတာလား.. သူ့ကိုဖမ်းလိုက်စမ်း…”
 

ကီလာတိုင်၏ အသံက အေးစက်စွာထွက်ပေါ်လာသည်နှင့် သက်တော်စောင့်လေးဦးက ချက်ချင်း ကြီးကြပ်ရေးမှုးနားကိုချဉ်းကပ်သွားခဲ့သည်။ ကြီးကြပ်ရေးမှုးက ချက်ချင်းပြန်ပြောလိုက်သည်။ သူ့စားသောက်ဆိုင်မှ အစောင့်များက အပြင်တွင်ရှိနေသော်လည်း မိမိနံဘေးတွင် လူသတ်ရိပ်လွှမ်းသည့် သက်တော်စောင့်လေးယောက်ရှိနေသဖြင့် စိတ်ကို ထိန်းကာ ပြန်ဖြေလိုက်ရသည်။ သို့သော်မိမိအပြင်ကိုပြန်ရောက်လျှင် အစောင့်များလွှတ်ကာ ပညာပေးရမည်ဟု တေးထားသည်။

 

“သခင်လေးတို့ကို ကျွန်တော် ဘာမှမလိမ်ပါဘူး…ကျွန်တော်တို့က တန်ရာတန်ကြေးယူပြီး စီးပွားရေးလုပ်တာပါ။ သခင်လေးကို ကျွန်တော်တို့ပေးတဲ့ ၀န်ဆောင်မှုက အားလုံး ထိပ်တန်းတွေချည်းပါ။”
 

ကီလာတိုင်က ကြီးကြပ်ရေးမှုးမြေခွေးလိုကောင်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။ ဒီအကောင်ရဲ့ မျက်လုံးထဲ မိမိတို့ကို သတ်ချင်ရိပ်ရှိနေသည်ကို တွေ့လိုက်သည်။ သို့သော် မသိဟန်ဆောင်ပြီး ဆက်မေးလိုက်သည်။ သခင်အားရကျွန်ပါးဝသည့် ကောင်ကို သတ်ပစ်လိုက်တာကောင်းမည်ဟု ဆုံးဖြတ်ထားသည်။

 

“မင်းပြောတဲ့ တိုင်းပြည်ထဲက အတော်ဆုံးဗျပ်စောင်းပညာရှင်ဆိုတာ ဒီမိန်းကလေးဟုတ်ရဲ့လား။ ငါတို့က မေ၀ါးရဲ့ ဗျပ်စောင်းသံကိုနားဆင်ချင်လို့ ငွေလာဖြုန်းတာ။ ”
 

“မေ၀ါးက ဒီထက်ကြေးကြီးပါတယ် သခင်လေး။ ပြီးတော့ သူ့ကို တောင်းဆိုထားတဲ့ သူဌေးကြီးရှိနေလို့ သူမအားသေးလို့ပါ.”
 

“မေ၀ါးရဲ့ ဗျပ်စောင်းသံကိုနားထောင်ဖို့လာတာ။ ဘာမဟုတ်တဲ့ အညံ့စားနဲ့အစားထိုးဖို့ကြိုးစားတဲ့ကောင်… သူ့သွားကို ချိုးပစ်စမ်း…အကမယ်တွေ အားလုံး မောင်းထုတ်လိုက်…”
 

ကီလာတိုင်သည် ဒေါသတကြီးနှင့် အမိန့်ပေးလိုက်သည်။

--------------------------------------------

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet