Chapter - 6

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (6)

 

ငွေတောင်ပြည့်ရှင်မင်းနှင့် မိဖုရားသည် အာနန်မင်းသား တင်ဂီရိကို တွေ့ရန်ထွက်လာကြစဉ် သားတော်လေး ဆူမီရာ ၏ ပူဆာမှုကြောင့်ခေါ်လာခဲ့ရသည်။ ဧည့်နန်းဆောင်ကိုရောက်သော် တင်ဂီရိနှင့် နောက်တော်ပါ တစ်စုက သေတ္တာ ငါးလုံးနှင့် ရောက်နေသည်။

 

တင်ဂီရိသည် ငွေတောင်မင်းကြီး၊ မိဖုရားနှင့် ကလေးငယ်လေး တစ်ဦးကို ရံရွေတော်များနှင့် ထွက်လာသည်ကိုတွေ့ တော့ ထရပ်ကာ အရိုသေပေးလိုက်သည်။ ငွေတောင်ပြည့်ရှင်မင်းက ရုပ်အနည်းငယ်ရင့်သွားသည်က လွဲလျှင် အရင်က အတိုင်းပင်။ ငွေတောင်ပြည်၏ မိဖုရားက မအိုသည့် သူနှယ် ရုပ်က နူပျိုလျက်ရှိသည်ကို အံ့သြစဖွယ် တွေ့မြင်လိုက်ရသည်။

 

“အရှင်မင်းကြီးနဲ့ အရီးတော် မိဖုရားကို ကျွန်တော် ဂါရ၀ပြုပါတယ်”

 

“တူတော်မောင် လာမယ့်အကြောင့် စာပို့ခိုနဲ့ နောင်တော် ယေစုကိုင်း အကြောင်းထားပါတယ်။ မတွေ့ရတဲ့ ကာလအတွင်း တူတော်မောင်က တကယ့် ယောက်ျားကြီးဖြစ်ခဲ့ပြီပဲ။ အင်း ခုနှစ်နှစ်တာ ကာလက ခဏလေး ကုန်လွန်သွားတာပဲ။ တူတော်မောင် ထိုင်ပါဦး…”

 

ငွေတောင်ပြည့်ရှင် မင်းကြီးသည် တင်ဂီရိကို ထိုင်ခိုင်းကာ စကားစမြည်ပြောနေစဉ် ဆူမီရာက မယ်တော့် ပေါင်ပေါ် တက်ထိုင်ကာ သိချင်တာကိုမေးတော့သည်။

 

“မယ်မယ်….အဲ့ဒါ နဂါးမင်းသားလားဟင်…”
 

မိဖုရား ဆင်းဝတ်ကြည်သည် မောင်တော်နှင့် မင်းသား တင်ဂီရိ တို့ စကားပြောနေသည်ကို အနှောက်ယှက်ဖြစ်မည် စိုးသဖြင့် သားလေးကို အသာလေး ကျိတ်ကာ ချော့ပြောလိုက်သည်။

 

“သားတော်လေး ငြိမ်ငြိမ်နေပါဦးကွယ်….”

 

ဆူမီရာက ခါတိုင်းနှင့်မတူပဲ သူသိချင်သည်ကို ထပ်ခါထပ်ခါ မေးနေတော့သည်။

 

“အဲ့ဒါ နဂါးမင်းသားလားဟင်။ မယ်မယ်ပြောပြတဲ့ နဂါးမင်းသားလားဟင် မယ်မယ်..”
 

“အင်း.. အင်း …ဟုတ်တယ်…သားလေး။ ငြိမ်ငြိမ်နေနော်။”

 

ဆင်းဝတ်ကြည့်ပြောလိုက်တော့ ဆူမီရာလေး၏ မျက်နှာ ၀င်းသွားပြီး ထပ်မံပူဆာပြန်သည်။
 

“သားသား အဲ့နဂါးမင်းသားကို ကိုင်ကြည့်ချင်တယ်…”
 

“သားလေး စကားမပြောပဲ ငြိမ်ငြိမ်နေနော်။ ခမည်းတော် ကဧည့်သည်နဲ့ စကားပြောနေတယ်။”

 

ဆင်းဝတ်ကြည်က သားလေးကို ချော့လိုက်သည်။ သို့သော် ဆူမီရာက ငိုမဲ့မဲ့ဖြစ်ရာမှ မျက်ရည်ကျကာ ပူဆာပြန်သည်။
 

“ဟင့်အင်း…ဟင့်အင်း…သားတော် နဂါးမင်းသားကို ကိုင်ကြည့်ချင်တယ်…ဟင့်…ဟင့်…”

 

ငွေတောင်ပြည့်ရှင်မင်းသည် တင်ဂီရိနှင့် အိမ်ရှင်ဝတ္တရားအတိုင်း ဧည့်ခံစကားပြောနေရာမှ အသည်းကျော် သားတော်လေး၏ ငိုသံကိုကြားတော့ မနေနိုင်ပဲ လှည့်ကာမေးလိုက်သည်။ သားလေးက မိဖုရား၏ ရင်ခွင်တွင် ထိုင်ကာ ငိုကြွေးစပြုနေသည်။

 

“နှမတော် သားတော်လေးက ဘာလုပ်ချင်တာတဲ့လဲ…”
 

“သားတော်လေးက တူတော်မောင်ကို နဂါးမင်းသားထင်ပြီး ကိုင်ကြည့်ချင်လို့တဲ့…”

 

မိဖုရား ဆင်းဝတ်ကြည်သည် မင်းကြီးကို ပြန်ဖြေပြီး အထိန်းတော်ကြီးကို ခေါ်ကာ သားတော်လေးကို ပေးလိုက်သည်။
 

“အထိန်းတော်ကြီး သားတော်လေးကို အဆောင်ထဲခေါ်သွားလိုက်တော့….”

 

သို့သော် ဆူမီရာက ဆင်းဝတ်ကြည်ကို အတင်းဖက်ထားကာ ငိုကြွေးရင်း ခမည်းတော်ကို ပူဆာတော့သည်။ တင်ဂီရိလည်း မျက်နှာတစ်ခုလုံး သွေးရောင်လွမ်းလာပြီး ငိုယိုနေသည့် ကလေးလေးကို ငေးကြည့်နေမိသည်။
 

“ဟင့်အင်း… မသွားဘူး….ဟီး….ဟီး…နဂါးမင်းသားကို ကိုင်ကြည့်ချင်တယ် ခမည်းတော်ဘုရား…”
 

“အို…အို သားတော်လေးရယ် ကလေးလည်းမဟုတ်ဘူး။ မဆိုးရဘူးလေ….”

 

ဆင်ဝတ်ကြည်သည် သားတော်လေး ပြောလိုက်သည့်စကားကြောင့် တင်ဂီရိ စိတ်ဆိုးသွားမည်လားဟု တွေးကာ ဆူမီရာကို ချော့လိုက်သည်။ ထိုစဉ် တင်ဂီရိက လက်ဆန့်တန်းကာ ပြောလာခဲ့သည်။
 

“ရပါတယ် အရီးတော်။ ညီတော်လေးကို ကျွန်တော့်နားကို လာခိုင်းလိုက်ပါ။”
 

“အားနာလိုက်တာ တူတော်မောင်ရယ်…သားလေးကို အလိုလိုက်တာ လွန်သွားတယ်။ သားလေးက အဆိုးကြီး မဟုတ်ပေမယ့် သူလုပ်ချင်လာရင် တဇွတ်ထိုးလုပ်တတ်တဲ့ ငြင်လေး ပါလာလို့ပါ။ သည်းခံပေးပါ တူတော်မောင်ရယ်”
 

ဆင်းဝတ်ကြည်က တင်ဂီရိ ခေါ်သော်လည်း အားနာလှသဖြင့် သားလေးကို ဖက်ထားလိုက်သည်။ သားလေး ဆူမီရာက တင်ဂီရိ လှမ်းခေါ်ကတည်းက သွားချင်နေသည်။ မျက်ရည်လည်း တိတ်သွားလေပြီ။ တတ်လည်း တတ်နိုင်သည့် သားတော်လေးဟု ချစ်စနိုးတွေးနေမိသည်။

 

“ရပါတယ် ဦးရီးတော်…ညီတော်လေး လာ..လာ… နောင်တော့်ဆီ လာချင်တာလား…”
 

“ဟုတ်ကဲ့….နောင်တော် နဂါးမင်းသား…”

 

ဆူမီရာက ရှိုက်သံတ၀က်နှင့် လှမ်းဖြေလိုက်သည်။ ပြေးသွားချင်သော်လည်း မယ်မယ်က ဖက်ထားသည် မဟုတ်လား။
 

“အရမ်းချစ်စရာကောင်းတာပဲ။ သွက်လိုက်တာ။ သူလေးက ကျွန်တော် အရီးတော်တို့ တိုင်းပြည်ကိုရောက်တဲ့ အချိန်က ပွေ့ထားတဲ့ ကလေးလေးလား”
 

“ဟုတ်ပါတယ် တူတော်မောင်…သားတော်လေး ဂွန်ချီ ဆူမီရာပါ။”

 

“ဂွန်ချီ ဆူမီရာတဲ့လား။ ဆူမီရာ..ဆူမီရာ… ချစ်စရာကောင်းတယ်…”

 

မိမိနာမည်ကိုခေါ်သံကြားတော့ ဆူမီရာက အတင်းပင် မယ်မယ့်ကိုယ်ပေါ်မှ လျှောဆင်းကာ တင်ဂီရိ၏ ရင်ခွင်ထဲကို ပြေးဝင်သွားတော့သည်။ နောင်တော် က ဆီးကာ ပွေ့လိုက်ပြီး ပေါင်ပေါ်တွင်ထိုင်စေသည်။ ဆူမီရာက ချက်ချင်းပင် ပြုံးလာပြီး တင်ဂီရိ၏ လက်မောင်းများ၊ ရင်ဘတ်များကို ကိုင်ကြည့်ကာ ပြောလိုက်သည်။

 

“နောင်တော် နဂါးမင်းသားက လူလိုပဲနော်…”

 

 

ဆင်းဝတ်ကြည် အရမ်းကို အားနာသွားမိသည်။ အင်အားကြီး နိုင်ငံတစ်ခုမှ မင်းသားကို မိမိသားတော်က မရိုမသေ ပြောဆိုနေသည် မဟုတ်လား။
 

“ဟဲ့..ဟဲ့..အို… သားတော်လေးရယ်…”

 

“ရပါတယ် အရီးတော်….သူလေးက ကျွန်တော့်ကို နဂါးမင်းသားလို့ ထင်နေတာနဲ့တူတယ်….”

 

ငွေတောင်ပြည့်ရှင်မင်းနှင့် မိဖုရားက အားနာလှသော်လည်း ဆူမီရာက အခန့်သားပင် တင်ဂီရိကိုယ်ပေါ် တက်ထိုင် ထားလေပြီ။ တင်ဂီရိသည် ကလေးများနှင့် လက်ပွန်းတသီး မနေဖူးသော်လည်း ယခု ဆူမီရာ၏ မျက်နှာလေးက သိပ်ကို ရွှင်ပြီး ဘာကြောင့်ရယ်မသိ သူလေးကို ပွေ့ထားကာ လက်မောင်းများ၊ ရင်ဘတ်များကို ကိုင်ကြည့်နေသည် ကို စိတ်အနှောက်ယှက်မဖြစ်ပဲ လျစ်လျူရှုထားလိုက်နိုင်လေသည်။ ငွေတောင်ပြည်ရှင်မင်းနှင့် မိဖုရားက အင်အား ကြီးသည့် တိုင်းပြည်မှ မင်းသားကို မိမိတို့သားလေး လုပ်ကိုင်ပုံကြောင့် အားနာမျက်နှာပူလျက် ရှိသည်။

 

တင်ဂီရိသည် ငွေတောင်ပြည့်ရှင်မင်း မိဖုရားတို့ အနေခက်မည်စိုးသဖြင့် အခြားအကြောင်းရာများကို မေးမြန်းကာ မိမိ ပညာသင်ကြားရန်လာသည်ကို ပြောလိုက်သည်။ ခမည်းတော် မှာကြားသလို တိုင်းပြည်အုပ်ချုပ်သည့် ပညာကို သင်ကြားလိုကြောင်းပြောလိုက်ပြီး မိမိ စိတ်ဝင်စားသည့် ပညာရပ်တစ်ခုကို သင်ကြားရန်တောင်းဆိုလိုက်သည်။
 

“ကျွန်တော် တိုင်းပြည် စီမံခန့်ခွဲမှု ပညာအပြင် အခြားသင်ချင်တဲ့ ပညာရပ်ရှိပါတယ် ဦးရီးတော်။”
 

“ဘာပညာများလဲ တူတော်မောင်”
 

“ထန်မျိုးနွယ်က ဆရာကြီးရဲ့ ပညာကို သင်ကြားချင်ပါတယ် ဦးရီးတော် မင်းကြီး..”
 

တင်ဂီရိ၏ တောင်းဆိုမှုကိုကြားသောအခါ ငွေတောင်ပြည့်ရှင်မင်းက မျက်ခုံးများက မသိမသာ ပင့်သွားခဲ့သည်။ မိမိတို့ငွေတောင်ပြည်တွင် ထန်မျိုးနွယ် ပညာရှင် တစ်ဦး လာရောက်နေထိုင်သည်ကို သိသူရှားလွန်းလှသည် မဟုတ်လား။ ဒါကို တင်ဂီရိက သိနေသည်ဆိုတော့ အံ့သြမိသည်။

 

“ဟင်…… တူတော်မောင် ဆိုလိုတာက…”
 

“ဟုတ်ပါတယ်…ကျွန်တော် ထန်မျိုးနွယ်ရဲ့ ဆေးပညာရဲ့ ဂိုဏ်းခွဲဖြစ်တဲ့ သစ်မြစ်သစ်ဥကနေ အဆိပ်ဖော်စပ်တဲ့ ပညာကို သင်ချင်ပါတယ်”
 

“ဦးရီးတော်တို့ ကျောင်းမှာ အဲ့ဘာသာရပ်ကို မသင်ပေးပါဘူး။ ပြီးတော့ ထန်ဆရာကြီးက ကျောင်းက သင်ကြားရေး ဆရာထဲမှာ မပါပါဘူး။”

 

ငွေတောင်ပြည့်ရှင်မင်းက တင်ဂီရိ၏ စကားကို အနုနည်းဖြင့်ဖြေလိုက်သည်။ သို့သော် တင်ဂီရိကလည်း တစ်ခွန်းတည်းနှင့် နောက်ဆုတ်သွားမည်သူ မဟုတ်ပေ။ ထို့ကြောင့် ထပ်ပြောလိုက်သည်။
 

“ကျွန်တော်သိပါတယ်။ ထန်ဆရာကြီးက သက်တန့်တောင်ပေါ်မှာပဲ နေတယ်။ လူတွေ့မခံဘူးဆိုတာ ကြားဖူးပါ တယ်။ ဒါပေမယ့် ကျွန်တ်ာက အထူးအနေနဲ့ အကူညီတောင်းခံတာပါ။ ”
 

“အင်း…. ထန်ဆရာကြီးကို ဦးရီးတော်တို့အနေနဲ့ အမိန့်ပေးပိုင်ခွင့်မရှိပါဘူး။ တကယ်လို့ တူတော်မောင် သင်ချင် တယ် ဆိုရင် သက်တန့်တောင်ပေါ်မှာ ဆရာကြီးထန်ကို ကိုယ်တိုင်သွားတွေ့ပြီး တောင်းပန်လိုက်ပါ။”

 

တင်ဂီရိ၏ စကားကြောင့် နောက်ဆုံး ငွေတောင်ပြည့်ရှင်မင်းက သက်တန့်တောင်ပေါ်ကို လွှတ်လိုက်ရုံသာရှိ တော့သည်။
 

“ကောင်းပါပြီ။ ကျွန်တော့်ကို လမ်းသာပြပါ။ ကျွန်တော့်ဖာသာ တောင်းဆိုပါ့မယ်။”
 

လူကြီးများပြောနေသည်ကို ကြားတော့ ဆူမီရာက တစ်စခန်း ထပြန်သည်။ သူကပါ တောင်ပေါ်ကို အတင်းလိုက်ချင် နေသည်။ မိမိတို့လည်း ခါတိုင်း သက်တန့်တောင်ပေါ်သွားလျှင် ခေါ်သွားနေကျဖြစ်လို့ ဆူမီရာလေးက သက်တန့် တောင် ဆိုသည်နှင့် ချက်ချင်းခေါင်းထောင်လာခြင်းဖြစ်သည်။ပြီးတော့ ထန်ဖိုးဖိုးကိုလည်း ဆူမီရာလေးက အရမ်းကို ချစ်သည် မဟုတ်လား။

 

“ဖိုးဖိုးထန်ဆီသွားမှာလားဟင်။ သားလည်းလိုက်မယ် နောင်တော် နဂါးမင်းသား။ ဖိုးဖိုးထန်က သားကို အရမ်းချစ်တာ သိလား။ နောင်တော် နဂါးမင်းသား အတွက် ဆူမီရာ ပြောပေးမယ်လေ..”
 

“သားတော်လေး…”

 

ဆင်းဝတ်ကြည်က လှမ်းဟန့်လိုက်သော်လည်း တင်ဂီရိက ရယ်ရယ်မောမောနှင့် အလိုက်ထိုက်ပြောနေသဖြင့် အတင်းဝင်တားလို့မကောင်းတော့ပေ။

 


“တကယ်လား။ ဒါဆို ဆူမီရာ နောင်တော့်အတွက်လိုက်ပြောပေးလေနော်…ဆူမီရာရဲ့ မယ်မယ် ခွင့်ပြု၇င် အတူသွားကြတာပါ့။”
 

“ဟေး…ပျော်လိုက်တာ။ မနက်ဖြန် ဖိုးဖိုးထန်ဆီ သွားရတော့မယ်…မယ်မယ် သားတော် သွားမယ်နော်။ နောင်တော်နဲ့ လိုက်သွားချင်လို့ပါ။”

 

တင်ဂီရိရှေ့ဖြစ်သောကြောင့် ဆင်းဝတ်ကြည် ခေါင်းငြိမ့်လိုက်ရတော့သည်။ ဆူမီရာလေးသည် တင်ဂီရိတို့ကို နားနေဆောင်ပို့လိုက်မှသာ တင်ဂီရိ ကိုယ်ပေါ်ကဆင်းတော့သည်။

 

နောက်တနေ့တွင် သားတော်လေး ဆူမီရာကို အခြွေရံသင်းပင်း အစုံလင်နှင့် သက်တန့်တောင်ပေါ်ထည့်လွှတ်လိုက် ရတော့သည်။ တင်ဂီရိက သူ့ဖာသာသွားမည် ဆိုသဖြင့် ငွေတောင်ပြည့်ရှင် မင်းမိဖုရားတို့ နေရစ်ခဲ့ရသည်။ ကြည့်ရတာ ထန်ဖိုးဖိုးနှင့် တင်ဂီရိတို့ သိထားဖူးသည်ဟုခန့်မှန်းမိသည်။


“မောင်မောင်… သားတော်လေးလည်း လိုက်မယ်လုပ်နေတယ်။ ဘယ်လိုလုပ်ရမလဲ။”
 

“အင်း…တင်ဂီရိက အားလုံးကို ကြိုတင်စုံစမ်းထားပြီးသားပဲ။ ကြိုဟောစာတမ်းအရ ဖြစ်လာမယ့် အကြောင်းရာ အားလုံးက ရှောင်ရှားလို့မရဘူး။ မောင်မောင်တို့တားလည်း အလကားပဲ။ ပြီးတော့ သားတော်လေးက နဂါးမင်းသား နှစ်ပါးနဲ့ ပတ်သတ်မှုကိုလည်း မောင်မောင်တို့ တားလို့မရဘူး။အခုလည်းကြည့်လေ။ တင်ဂီရိ နာမည်ကြား ကတည်းက သားတော်လေးက ချက်ချင်းကို ရင်းနှီးသွားလိုက်တာ။ လူစိမ်းကို အလွယ်တကူ မခင်တွယ်တတ်တဲ့ သားတော်လေးက သိဟောင်း၊ကျွမ်းဟောင်းလို ဖြစ်သွားလိုက်တာ။  ”

 

ဆင်းဝတ်ကြည်က မိန်းမသားပီပီ စိုးရိမ်ပူပန်စွာပြောရှာသည်။ သူမက တင်ဂီရိနှင့် ပတ်သတ်သည့် နိမိတ်စကား၊ ကြိုဟောစကားကို ကြားထားဖူးသူ ဆိုတော့ စိတ်ထဲ မအေးနိုင်အောင်ဖြစ်မိသည်။

 

“နှမတော် စိတ်ပူတယ် မောင်မောင်ရယ်။ တင်ဂီရိက ပိုပြီး မာကျောလာတယ်။ သူ အားလုံးသိထားပြီလို့ နှမတော် ထင်တယ်။ သူ့မယ်တော်ကို ချစ်တဲ့စိတ်ကြောင့် သူ့နှလုံးသားထဲမှာ အမုန်းတွေနဲ့ ပြည့်နေတယ်။ ဒီ မင်းသားငယ် လေးက အမုန်းမီးတွေနဲ့ တောက်လောင်နေတယ်။ သူက လူအများကို သေကျေပျက်စီးအောင် ဖန်တီးနိုင်စွမ်း ရှိတယ်။ သူ့ကိုယ်ကနေ လူသတ်ရိပ်တွေ ထွက်နေတယ် မောင်မောင်။ နှမတော် ခံစားမိနေတယ်။”

 

ငွေတောင်ပြည့်ရှင်မင်းက မိဖုရားဖြစ်သူ၏ ပုခုံးလေးကို အသာဖျစ်ညစ်ကာ နှစ်သိမ့်လိုက်သည်။

“အင်း…အရမ်းလည်း စိတ်မပူပါနဲ့လေ။ သူက သားတော်လေး ဆူမီရာကို ပွေ့ထားတဲ့အချိန်မှာ သူ့မျက်ဝန်းထဲက နူးညံ့နေတယ်။ လူသတ်ရိပ်တွေလည်း လျော့ပါးသွားတယ်။ ကြိုဟောစကားအရ သားတော်လေး ဆူမီရာက မီးတောက်ကို ငြိမ်းသတ်ပေးမယ့် မိုးရေစက်လေးပဲ…….. ”
 

“သားတော်လေးနဲ့ ညီအစ်ကိုဖွဲ့ပြီး သားတော်လေးရဲ့ စကား လွှမ်းမိုးအောင်လုပ်ရမှာပဲ မောင်မောင်ရယ်။ ”

 

“အင်း မောင်မောင်လည်း အဲ့လို စဉ်းစားထားတယ်။ ဒါကြောင့် ထန်ဖိုးဖိုးဆီကို လွှတ်လိုက်တာ။ထန်ဖိုးဖိုးရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲပေါ့။ သင်ပေးသင့်ရင် သင်ပေးလိမ့်မယ်။”
 

“ကြည့်ပါဦး မောင်မောင်ရယ်…သားတော်လေးက တင်ဂီရိကို တခါတည်း ခင်သွားလိုက်တာ။ ကျောပေါ်ကကို မဆင်းတော့ဘူး။”
 

“ဟုတ်ပါ့ကွာ။ တင်ဂီရိလည်း ဆူမီရာ နဲ့ဆို ပြုံးချိုနေတာပဲ…အင်း .. မောင်မောင်တော့ အရမ်းကြီး စိတ်မပူတော့ဘူး။ သားတော်လေးက မုန်တိုင်းကို တားနိုင်တဲ့ အတိတ်နိမိတ်နဲ့မွေးဖွားလာသူပဲ။ သားလေးကိုပဲ သင်ကြားပေးရမှာပဲ… ဒါကို နှမတော် တာဝန်ယူပါ။”
 

“စိတ်ချပါ မောင်မောင်။ သားတော်လေးက နှမတော် သင်သလို နာခံပါတယ်။”

 

နောက်ဆုံး ငွေတောင်ပြည့်ရှင် မင်းမိဖုရားနှစ်ပါးက တင်ဂီရိနှင့် ဆူမီရာအကြောင်း မည်သို့ဆက်လုပ်ရမည်ကို တိုင်ပင်ကာ စိတ်သက်သာရာရသွားတော့သည်။

 

တင်ဂီရိသည် မြင်းစီးလာချင်သော်လည်း ဆူမီရာက မိမိနှင့် အတူ မြင်းလိုက်စီးမည်ဟု ဆိုသောကြောင့် ကလေး အအေးပတ်မည်စိုးသဖြင့် သူပါ ရထားလုံးထဲ လိုက်ခဲ့ရသည်။ ဆူမီရာသည် တင်ဂီရိ၏ ကိုယ်ပေါ်ထိုင်ကာ တွေ့သမျှကို လက်ညှိုးထိုးကာ ရှင်းပြတော့သည်။ နောက်ဆုံး ထန်ဖိုးဖိုးနေသည့် တောင်ထိပ်ပေါ်ကိုရောက်လာ တော့သည်။
 

မြေကွက်လပ်တွင် အဖိုးအိုတစ်ဦး ရပ်စောင့်နေသည်ကိုတွေ့တော့ ရထားလုံးထဲမှ ၀မ်းသာအားရ အော်ဟစ်နူတ်ဆက် ကာ ဆူမီရာက ဆင်းပြေးသွားတော့သည်။ တစ်ခေါင်းလုံး ဆံပင်ဆွတ်ဆွတ်ဖြူသော်ငြားလည်း ရုပ်ရည် နုမျိုပုံရသည့် အဖိုးအိုတစ်ဦးက ဆူမီရာကို ဆီးကြိုကာ ပွေ့ချီနူတ်ဆက်လိုက်သည်။

 

“ဖိုးဖိုး…ထန်ဖိုးဖိုး…”
 

“ဟော.. မြေးလေး ဆူမီရာပါလား…. ဖိုးဖိုးဆီကို လာလည်တာလား။ တစ်ယောက်တည်းလား။”
 

“နောင်တော် နဂါးမင်းသားနဲ့လာတာ ဖိုးဖိုး။ နောင်တော်က ဆူမီရာ မျှော်နေတဲ့ နဂါးမင်းသားလေ… နောင်တော်  ဒါ နောင်တော် တွေ့ချင်တဲ့ ဖိုးဖိုး…”
 

“ထန်ဖိုးဖိုးကို ဂါရ၀ပြုပါတယ်…”
 

တင်ဂီရိသည် အဖိုးအိုကို ဂါရ၀ပြုကာ နူတ်ဆက်လိုက်သည်။ နောက်ဆုံး မိမိတွေ့ချင်သည့် ထန်ဖိုးဖိုးကို တွေ့ရလေပြီ။ အဖိုးအို၏ မျက်ဝန်းများက စူးရှလွန်းလှသည်။

 

“အင်း … မင်းက ယေစုကိုင်းရဲ့ သားထင်တယ်။ မင်း…. ရဲ့ ခမည်းတော် နေကောင်းရဲ့လား။”
 

“ကောင်းပါတယ် ဖိုးဖိုး။ ကျွန်တော် ဖိုးဖိုးဆီ ပညာသင်ဖို့ လာခဲ့တာပါ။”
 

“ဘာကြောင့် ပညာသင်ချင်ရတာလဲ။ ဖိုးဖိုးက ငွေတောင်ပြည်မှာ ဘယ်သူ့ကိုမှ ပညာသင်မပေးဘူး။”
 

“မောရကစ် အနွယ်ရဲ့ မြေး အနေနဲ့ ဖိုးဖိုးဆီမှာ တောင်းဆိုပါတယ်။ ကျွန်တော် ထန်မျိုးနွယ်က ပညာကို သင်ကြားချင်ပါတယ်။ ကျွန်တော့်ကို သင်ကြားပေးတော်မူပါ။”

 

တင်ဂီရိ၏ စကားကိုကြားသော် ထန်ဖိုးဖိုးက ပင့်သက်ရှိုက်ကာ လက်ခံလိုက်သည်။ ထန်ဖိုးဖိုးငြင်းလျှင် ပြောရမည့် စကားကို သင်ကြားပေးလိုက်သည့် ခမည်းတော်ကို ကျေးဇူးတင်လိုက်မိသည်။
 

“အင်း…. မောရကစ် အနွယ်ရဲ့ သခင်လေးက တောင်းဆိုလာရင် ဖိုးဖိုးတို့ ထန်မျိုးနွယ်က လိုက်နာဖို့ တာဝန်ရှိတယ်။ ကောင်းပါပြီ။ တပတ်ကို နှစ်ရက် သက်တန့်တောင်ပေါ်ကို လာခဲ့ပါ။ ဖိုးဖိုး သင်ပေးပါ့မယ်။ ”
 

ဆူမီရာလေးလည်း ထန်ဖိုးဖိုးကို ပူဆာတော့သည်။ ဆူမီရာက နောင်တော် နဂါးမင်းသား ဘယ်သွားသွားလိုက်ချင်သူ ဖြစ်သည်။

 

“ဖိုးဖိုး ဆူမီရာ လည်းလိုက်လာမယ်နော်၊”

 

“မြေးလေးရဲ့ ခမည်းတော်နဲ့ မယ်တော် ခွင့်ပြုရင် လိုက်လာပေါ့ကွယ်။”
 

ထန်ဖိုးဖိုး၏ ခွင့်ပြုစကားကြောင့် ဆူမီရာက ခုန်ဆွခုန်ဆွနှင့် ပျော်နေတော့သည်။ တင်ဂီရိ၏ လက်ကို ဆွဲကာ တခါတည်း ခွင့်တောင်းလိုက်သည်။

 

“ဟေး..ပျော်လိုက်တာ….ဖိုးဖိုး…နောင်တော့် ကို ရေတံခွန်ကိုလိုက်ပြချင်လို့….”

 

“အေး..အေး..သွား..သွား…”

 

ထန်ဖိုးဖိုးသည် ထွက်သွားသည့် မင်းသားနှစ်ပါးကို ပြုံးကြည့်ကာ ကျန်ရစ်ခဲ့သည်။

 

သက်တန့်ရေတံခွန်ထိပ်ကိုရောက်တော့ ဆူမီရာက ရေတံခွန်အောက်မှ အိုင်ကို လက်ညှိုးထိုးပြကာ ချစ်စဖွယ်မေး တော့သည်။ ဆူမီရာလေး၏ ပုံက ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းလွန်းလှသည်ဟု ထင်မိသည်။

 

“နောင်တော်နဂါးမင်းသား…ဒီရေတံခွန်အောက်မှာ နဂါးနန်းတော်ရှိတယ်တဲ့။ နောင်တော်က အဲ့မှာ နေတာ လားဟင်…”
 

“မဟုတ်ပါဘူးကွာ။ နောင်တော်က ဟိုးအရှေ့ဘက် ပင်လယ်ကို မြင်ရတဲ့နေရာက လာခဲ့တာ။”

 

“ဒါဆို နောင်တော်က အရှေ့ပင်လယ်က နဂါးမင်းသားပေါ့နော်။”
 

“အရှေ့ပင်လယ်ဘက်တော့ ဟုတ်တယ်။ ဒါပေမယ့် နောင်တော်က နဂါးတော့ မဟုတ်ဘူး။ ဆူမီရာလေး နောင်တော့်ကို လူမှားနေတာထင်တယ်။”
 

“မဟုတ်ဘူး။ နောင်တော်ကို ဆူမီရာ မြင်ဖူးတယ်။ နောင်တော်က နဂါးအနက်ရောင်။ အဖြူရောင် အကောင် သေးသေးလေး ရှိသေးတယ်။”
 

“ဟုတ်လား။ ဆူမီရာက ဘယ်က တွေ့တာလဲ။”
 

“ဆူမီရာ အိပ်ပျော်တော့ တွေ့တာ။ နောင်တော့်ကို ဆူမီရာ တွေ့ချင်နေတာကြာပြီ။ ”
 

“သြော် ဆူမီရာလေးက အိပ်မက်မက်ပြီး နောင်တော့်ကို တွေ့ဖူးတာကိုး။ တွေ့တော့ နောင်တော့်ကို မှတ်မိတယ်ပေါ့။”
 

“ဟုတ်ကဲ့။ နောင်တော်က အိပ်မက်ထဲက နဂါးအနက်ရောင်ဆိုတာ မြင်တာနဲ့ ဆူမီရာ သိတယ်။”

 

တင်ဂီရိသည် ခုနှစ်နှစ်အရွယ် ကလေးငယ်လေး ပြောသည့် စကားကို ထူးထူးခြားခြားမတွေးမိလိုက်ပေ။ ကလေးမို့ စိတ်ကူးယဉ်၊ အိပ်မက်မက်ပြီး ထင်ရာလျှောက်ပြောနေသည်ဟုသာ ထင်ခဲ့မိသည်။ လောလောဆည် မိမိသင်ကြားချင် သည့် ထန်မျိုးနွယ်၏ ပညာကိုသင်ခွင့်ရတော့မည်။ ဆူမီရာကို ငေးကြည့်ရင်း မိမိလည်း ထိုအရွယ်က မယ်မယ်ပြောပြ သည့် အိပ်ယာဝင်ပုံပြင်ကို ပြန်သတိရနေမိသည်။ ထိုစဉ်ကတည်းက ထန်မျိုးနွယ်အကြောင်းကို ကြားဖူးပြီး ထန်မျိုးနွယ်၏ ပညာကို သင်ချင်ခဲ့သည်။ ယခုတော့ ရည်မှန်းချက် အထမြောက်လေပြီ။

 

တင်ဂီရိသည် သက်တန့်တောင်ပေါ်မှ အောက်ဘက်ရှိ ငွေတောင်နန်းတော်ကို ငုံ့ကြည့်ကာ ပြုံးမိသည်။ မကြာခင် ဒီ ငွေတောင်ပြည်ကို လာရောက်ပညာသင်ကြားသည့် မင်းသား၊ မင်းသမီးများထဲမှ ထူးခြားသည့်အရည်ချင်းရှိသည့် သူများကို ရွေးချယ်ကာ မိမိ၏ နောက်တော်ပါး ဖြစ်အောင် စည်းရုံးသိမ်းသွင်းရတော့မည်။ ထိုသို့တွေးကာ လုပ်ရမည့် အစီစဉ်ထဲ မျောသွားစဉ် လက်ကိုလာဆွဲသည့် နူးညံ့သည့် လက်လေး၏ အထိတွေ့ကြောင့် သတိဝင်လာခဲ့သည်။ ငုံကြည့်လိုက်တော့ မိမိကို ပြုံးကာ မော့ကြည့်နေသည့် ဖြူစင်ကာ ချစ်စရာကောင်းလွန်းလှသည့် ကလေးလေးက မိမိကို ချီရန် ပြောနေသည်။ တင်ဂီရိသည် ကလေးလေးကို ဆွေ့ခနဲပွေ့ကာ ဂုတ်ပေါ်ခွထိုင်ခိုင်းလိုက်သည်။ ဆူမီရာ လေးက ချစ်စရာကောင်းလွန်းလှသည်ဟု တင်ဂီရိ တွေးနေမိသည်။

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet