Chapter - 4

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (4)

 

 

“သခင်မဘုရား… အဆောင်ကနေ ဘယ်မှ မထွက်ပါနဲ့။ ပြီးတော့ သခင်မ တခုခုလုပ်ရင် သခင်မရဲ့ မျိုးနွယ်စု မိန်းမသား အားလုံး အသတ်ခံရပါ့မယ် …”

တားဂေါတိုင်းသည် ဟော်သွန်းကို မြို့တံတိုင်းမှ အိမ်တော်ကိုပြန်ပို့ပြီးနောက် ပြောလိုက်သည်။ စံအိမ်ပတ်လည်တွင် အမတ်ချုပ်ကြိီးအမိန့်ဖြင့် တပ်များက ၀န်းရံထားလိုက်သည်။

ဟော်သွန်းသည် အမတ်ချုပ်ကြီး၏ ချည်ပြီးတုပ်ပြီး လုပ်ရပ်ကို ဒေါသမထွက်အားပဲ သားလေး တင်ဂီရိ သူ့ဖခင်ဆီ ဘေးကင်းစွာရောက်သွားပ့ါမလားဆိုတာကို ရင်တထိတ်ထိတ်ဖြစ်နေသည်။ တကယ်လို့ သားလေးနှင့် ခင်ပွန်းသည်သာ အသတ်ခံရသည်ဆိုလျှင် မိမိလည်း တမလွန်ကို လိုက်သွားဖို့ အားလုံးပြင်ဆင်ထားပြီးဖြစ်သည်။ လောလောဆည် ထိတ်လန့်နေမည့် မွန်ဂိုမျိုးနွယ်စုမှ အမျိုးသမီးများကို နှစ်သိမ့်ကာ ထိန်းသိမ်းရဦးမည်ကို တွေးမိသည်။
“ကျွန်မ နားလည်ပါတယ်။ ”

တားဂေါတိုင်းသည် ဟော်သွန်း၏ အမူယာကို ကြည့်ကာ အာဂ မိန်းကလေး ဆိုတာ ပိုသဘောပေါက်လာခဲ့သည်။ ထို့ကြောင့် ယေစုကိုင်းလို သူရဲကောင်းမျိုး၏ ချစ်ခင်မြတ်နိုးရသည့် ဇနီးဖြစ်နေသည်ကို နားလည်လိုက်သည်။ မိမိလုပ်နေသည် လူ့ကျင့်ဝတ်နှင့်ဖယ်ခွာသည်ကို သိသည်။ သို့သော် တားဂေါတိုင်းသည် ကာလိုခန် မင်းကြီး တစ်မျက်နှာကိုသာ ကြည့်ရမည့်သူဖြစ်သည်ဟု ကိုယ့်ဖာသာ ရေရွတ်လိုက်မိသည်။

ဟော်သွန်းကို ငြင်သာစွာပြောလိုက်သည်။ မပြောလို့လည်း မရပေ။ ထို အမျိုးသမီးဟော်သွန်းသည် သားတော်လေး မွေးပေးနိုင်လျှင် နန်ကျောင်ပြည်၏ ဧကရီဟော်သွန်းဖြစ်လာမည့်သူ မဟုတ်လား။ မိမိလို အမတ်ချုပ်အနေဖြင့် အထွတ်ထိပ်ရောက်လာနိုင်သည့် ရွက်ပုန်းသီးများကို ယခုကတည်းက လေးစားကြောင်းပြသထားရမည်။
“ကျေးဇူးတင်ပါတယ် သခင်မ။ နောင်တချိန် သခင်မ ကျွန်တော်မျိုးရဲ့စေတနာနဲ့လုပ်ရပ်ကို နားလည်လာပါလိမ့် မယ်။ အခုတော့ ကျွန်တော့်ကို မုန်းလည်းရပါတယ်။ ”

ဟော်သွန်းသည် ၀ံပုလွေအိုကြီးကို မည်သို့မှ ဖက်ပြီးမပြောချင်တော့သဖြင့် စံအိမ်ထဲကိုဝင်လာခဲ့သည်။ စံအိမ်ထဲမှ ၀င်းထဲတွင် မျိုးနွယ်စုမှ မိန်းမသူ အားလုံး စုရုံးကာ ဟော်သွန်းကို အားကို တကြီးေ စာင့်မျှော်နေကြသည်။ ဟော်သွန်းသည် စိတ်ကို တင်းကာ အားလုံးအတွက် အသင့်တော်ဆုံးဖြစ်မည့်စကားကို စဉ်းစားကာ နှစ်သိမ့်ရန်ပြင် လိုက်သည်။ မိမိသည် ယေစုကိုင်း၏ ဇန်ီးဖြစ်သည်။ အကြီးကဲ၏ မိန်းမဖြစ်သည်။ ခင်ပွန်းသည်များ မရှိသည့် အမျိုးသမီးများကို မိမိစောင့်ရှောက်ရမည်။ ခင်ပွန်းသည်ကလည်း ထိုသို့ဖြစ်စေချင်မည်ကိုမိမိသိသည်။

ပြီးတော့ မိမိခင်ပွန်းနှင့်သားကို ပြန်တွေ့ဖို့မသေချာသလို၊ ကျန်ခဲ့သည့် မိန်းမများနှင့်ကလေးငယ်များလည်း သူ့တို့ ခင်ပွန်း.ကို ပြန်တွေ့ဖို့မသေချာတော့ပေ။ ထို့ပြင် သူတို့အားလုံးကို တားဂေါတိုင်းအမတ်ကြီး ကနောက်ကြောင်း အေး စေရန် လုပ်ကြံသတ်ဖြတ်မည်ကို စိုး၇ိမ်မိသည်။ သူတို့လိုချင်တာက မိမိ မဟုတ်လား။ လင်ရှိမယားကို လိုချင်တပ်မက်သည့် ခန်မင်းကြီး၏ လိုအင်ကိုဖြည့်ပေးဖို့ မိမိသွေးသားကိုသာ လိုချင်ကြသည်။ ယခုမွန်ဂိုမိန်းမများကို သူတို့က ကျွန်ပြုမည်လား၊သတ်ဖြတ်မည်လားဟု ပူနေမိသည်။
 

“ခမည်းတော်…”

ယေစုကိုင်းသည် နေပြည်တော်မှ ပို့လွှတ်သည့်စစ်ကူနှင့် အတူ မိမိသားဖြစ်သူ တင်ဂီရိကိုတွေ့တော့ အံ့အားသင့် သွားခဲ့သည်။ သားနှင့်အတူ လူငယ်လေးများအားလုံးပါလာသဖြင့်စိတ်ထဲ ထင့်သွားမိသည်။

“ဟင် တင်ဂီရိ မင်း ဒီကို ဘယ်လိုရောက်လာတာလဲ။”

ယေစုကိုင်းသည် သားကို ချက်ချင်းမေးလိုက်သည်။ လူငယ်အားလုံးက ယေစုကိုင်းကို အရိုသေပေးကြသည်။ သူတို့အနောက်ဘက် ခပ်လှမ်းလှမ်းတွင် နန်ကျောင်မှ လက်ရွေးစင်အဖွဲ့တစ်ဖွဲ့ရပ်နေသည်။

“အမတ်ချုပ်ကြီးအမိန့်နဲ့ ရောက်လာတာပါ။ ရှေ့တန်းမှာ ခမည်းတော်တို့လိုတာကိုလာပို့တာပါ။”

တင်ဂီရိသည် ဖခင်ကို အကျိုးကြောင်းပြောလိုက်စဉ် ယေစုကိုင်းက အမြန်မေးသည်။ အကြောင်းရင်းကို သိချင်လှပြီ။
“မင်းလာတော့ မင်းမယ်မယ်က ဘာမှာလိုက်သလဲ။ ဘာကြောင့် မင်းနဲ့အတူ လူငယ်လေးတွေအားလုံး ပါလာတာလဲ။ မင်းကို ခမည်းတော် မှာထားတယ်လေ။ မင်း၇ဲ့ မယ်မယ်ဘေးမှာ ဘာကြောင့်မနေ၇တာလဲ။”

“ဘာမှမမှာဘူး။ ပြီးတော့ သားတော်နဲ့အတူ လူငယ်အားလုံးကို မယ်မယ်ထည့်လိုက်တာပါ။ သားတော်ရဲ့ သူငယ်ချင်းအားလုံးကို အတူကြီးပြင်းစေချင်တယ်တဲ့။ မယ်မယ် ဒီစကားကို ပြောနေချိန် တမျိုးတော့ဖြစ်နေတယ် ခမည်းတော်။ ဘာကြောင့်လဲတော့ မသိဘူး။ ဘေးမှာ အမတ်ချုပ်ကြီးလည်း ရှိတော့ သားတော်ကို ဘာမှတော့ ထွေထွေထူးထူးမမှာဘူး။ ဒါပေမယ့် သားတော် ခမည်းတော်ဆီရောက်ကြောင်း၊ ဘေးကင်းကြောင်း စာရေးပြီး လက်စွပ်တံဆိပ်နှိပ်ခိုင်းလိုက်ပါတယ်။”

တင်ဂီရိလည်း ဖခင်ဖြစ်သူ၏ အမေးကို ပြည့်စုံစွာဖြေလိုက်သည်။ ဖခင်ဖြစ်သူ၏ အမေးအရ တစုံတခု ထူးဆန်းနေသည်ကို အတပ်သိလိုက်သည်။
“ဟင်….အမတ်ကြီးက ဘာပေးလိုက်သေးလဲ။”

တင်ဂီရိသည် အမတ်ချုပ်ကြီးပေးလိုက်သည့် စာကို ဖခင်အားလှမ်းပေးလိုက်သည်။ ဘာရေးထားသည်ကိုလည်း သိချင်နေမိသည်။
“စာပေးလိုက်ပါတယ် ခမည်းတော်။ ဒီမှာပါ။”
ယေစုကိုင်းသည် စာကိုဖွင့်ကာ အမြန်ဖတ်လိုက်သည်။ ဖတ်ရင်း မယုံနိုင်အောင်ကိုဖြစ်လာမိသည်။ မိမိသံသယ အားလုံး မှန်နေလေပြီ။

“စစ်သူကြီး ယေစုကိုင်း…. သင်နဲ့ ယခု သင့်အမျိုးနွယ်စု စစ်သည်အားလုံး နန်ကျောင်ပြည်က ချက်ချင်းခွာပြီး ရေကြည်ရာ မြက်နုရာမှ တိုင်းပြည်ထူထောင်ကြပါ။ သင့်အတွက်လိုအပ်သမျှကို ကိုယ်ရံတော်များကယူဆောင် လာပေးခဲ့ပြီ။ နန်ကျောင်ပြည်နှင့် ဝေးနိုင်သမျှ ဝေးဝေးကို သွားပါ။ နန်ကျောင်ပြည်ကို ပြန်လာရင် ဟော်သွန်းနှင့်တကွ သင့်မျိုးနွယ် က မိန်းမ နဲ့ လူမမယ် ကလေး အားလုံးကို သတ်ပစ်မှာဖြစ်တယ်။ သင့်ဇနီး ဟော်သွန်းက ယခုမှစပြီး နန်ကျောင် ပြည့်ရှင်မင်းရဲ့ ကိုယ်လုပ်တော်ဖြစ်သွားပြီ။ ”
ကိုယ်ရံတော် တစ်စုသည် လှည်းကြီးလှည်းငယ်ဖြင့်ယူဆောင်လာသည့် ရတနာများကို ယေစုကိုင်း ထံသို့လာရောက် ပေးအပ်ကြသည်။ ယေစုကိုင်းသည် ထိုကိုယ်ရံတော်များကို သတ်ပစ်ချင်သော်လည်း မိမိဇနီးဟော်သွန်းနှင့် အခြား မွန်ဂိုအမျိုးသမီးများကို ပြန်ငဲ့ရဦးမည်။ သို့သော် စိတ်ထဲမှ မခံချင်စိတ်ကို မအောင့်အီးနိုင်တော့သဖြင့် တောက်ခေါက်လိုက်မိသည်။

“တောက်…..”

တင်ဂီရိက လန့်သွားသည်။ဖခင်ဖြစ်သူ ယခုလို ဒေါသပြင်းထန်စွာထွက်သည်ကို မမြင်ရတာ ကျော်သွားပြီ မဟုတ်လား။

“ခမည်းတော်…ဘာဖြစ်လို့လဲ။”
ယေစုကိုင်းသည် သားတော်ကို တွေခနဲကြည့်ကာ အဖြစ်မှန်ကို ပြောပြလိုက်သည်။ နောက်တွင်သိမည့်အတူတူ ယခုကတည်းက အသိပေးထားတာကောင်းမည်ဟု တွေးမိသည်။

“မင်းရဲ့ မယ်မယ်ကို ခန်မင်းကြီးက ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုက်ပြီ သားတော်။ ခမည်းတော်တို့ မျိုးနွယ်စု အားလုံးကို နန်ကျောင်ပြည်က မောင်းထုတ်လိုက်ပြီ။”

တင်ဂီရိ၏ မျက်နှာ ဒေါသကြောင့် နီရဲလာပြီး ခမည်းတော်ကို ပူဆာလိုက်သည်။ ယခုချက်ချင်း မယ်မယ့်ကို သွားကယ်ရမည်။ မကယ်လို့မ၇ပေ။ မယ်မယ့်ကို ခန်မင်းကြီး ကိုယ်လုပ်တော် ခန့်မည်ကို ဘယ်နည်းနှင့်မှ လက်မခံနိုင်ပါ။ မယ်မယ့်အသားကို ခန်မင်းကြီးထိမည့်အရေးကိုတွေးကာ ချက်ချင်းလူသတ်ချင်လာမိသည်။
“မယ်မယ့်ကို ပြန်သွားကယ်မယ် ခမည်းတော်.. ”

ယေစုကိုင်းသည် သားငယ်ကို ကြည့်ကာ အကြောင်းကျိုးပြောပြလိုက်သည်။
“ခမည်းတော်တို့ သွားရင် မင်းမယ်တော်နဲ့ကျန်တဲ့မိန်းမ အားလုံး အသတ်ခံရလိမ့်မယ် သားတော်။”
“ခမည်းတော်… မယ်မယ့်ကို ကယ်ပေးးပါ။ မယ်မယ့်ကို မထားခဲ့ပါနဲ့။”

တင်ဂီရိသည် ခမည်းတော် ပြောသည်ကိုနားလည်သော်လည်း ထပ်ပြီးတောင်းဆိုလိုက်သည်။ တင်ဂီရိ၏ ခေါင်းထဲတွင် မယ်မယ့်ကို ကယ်ချင်တာပဲ သိသည်။
“မင်းရဲ့မယ်တော်ကို ခမည်းတော် ပြန်ကယ်မယ်။ ဒါပေမယ့် ခမည်းတော်တို့ သေချာအစီစဉ်ချရလိမ့်မယ်။”
ယေစုကိုင်းရှင်းပြသည်ကို တင်ဂီရိလက်မခံပါ။ မိမိဖြစ်ချင်သည်ကိုသာ ပြောနေတော့သည်၊

“ခမည်းတော် မယ်မယ့်ကို ခန်မင်းကြီးရဲ့ကိုယ်လုပ်တော် အဖြစ်ခံတော့မလား.. ခမည်းတော် မသွားရင် သားတော် သွားကယ်မယ်။ ခမည်းတော် ဒီနေရာမှာ နေရစ်ခဲ့ပါ။ သားတော် တိတ်တိတ်လေး သွားကယ်ပါ့မယ်။ သားတော် နန်းတွင်း အ၀င်အထွက် လမ်းတွေ အားလုံးကို ကျွမ်းပါတယ် ခမည်းတော်။ သားတော်ကို သွားခွင့်ပြုပါ။ မယ်မယ့်ကို ခန်မင်းကြီးရဲ့ ကိုယ်လုပ်တော် အဖြစ်မခံနိုင်ဘူး။”

ယေစုကိုင်းသည် ချင်ချင်းပြေးထွက်သွားမည့်သားကို အတင်းဆွဲထားကာ တင်းမာစွာပြောလိုက်သည်။ ကိုယ်ရံတော်များက ခပ်လှမ်းလှမ်းမှ အကဲခတ်နေသည်။
“တော်တော့ တင်ဂီရိ။ မင်း မသွားရဘူး။ မင်းသွားရင် အမတ်ချုပ်ကြီး ကဒီအတိုင်း ကြည့်နေမယ်ထင်သလား။ မင်းကို လုပ်ကြံဖို့ သူအားလုံး စီစဉ်ထားလောက်ပြီ။ မင်း ခမည်းတော်ရဲ့ဘေးမှာပဲ နေပါ။”

တင်ဂီရိသည် မခံချိ မခံသာဖြစ်ကာ မျက်ရည်များစီးကျလာရင်း ဖခင်ကို ခံပြင်းစွာမေးသည်။
“ခမည်းတော်…. မယ်မယ့်ကို မချစ်ဘူးလား။ မယ်မယ့်ကို ခန်မင်းကြီးက ကိုယ်လုပ်တော်မြှောက်တော့မယ်။ သွားကယ်မှ ဖြစ်မယ်။”

ယေစုကိုင်းသည် သားဖြစ်သူမေးလိုက်သည်ကိုကြားသော် ရင်ကွဲမတတ်ခံစားရသော်လည်း တင်းမာစွာထပ်ပြော

လိုက်သည်။
“မင်းသွားလို့ မဖြစ်ဘူး တင်ဂီရိ…. ”
တင်ဂီရိခေါင်းမာစွာပြောကာ ဖခင်လက်မှ အတင်းရုန်းကာ ပြေးထွက်သွားရန်ပြင်ပြီး ခမည်းတော်ကို စိတ်နာစွာဖြင့်ပြောလိုက်သည်။

“ခမည်းတော် နေနိုင်ရင် နေခဲ့ပါ။ ကျွန်တော် အသက်စွန့်ပြီး မယ်မယ့်ကို ကယ်မယ်။ ”

“တင်ဂီရိ…သား ပြန်လာခဲ့စမ်း။”

ယေစုကိုင်းသည် မိမိစကားကို နားမထောင်သည့် သားကို နောက်မှ ပြေးလိုက်ကာ လည်ပင်းကို လက်ဝါးစောင်းဖြင့် ခုတ်ကာ သတိမေ့အောင်လုပ်လိုက်သည်။

“ဒုတ်..”
“အင့်…”

ယေစုကိုင်းသည် သားကို ပွေ့ကာ မိမိရဲမတ်ကိုလှမ်းခေါ်ပြီး အမိန့်ပေးလိုက်သည်။

“သားလေးကို ကြိုးနဲ့တုပ်ထားစမ်း။ အားလုံး ကို တဲရှေ့မှာ စောင့်ခိုင်းထားလိုက်…”

ယေစုကိုင်းသည် စာတစ်စောင်ကိုရေးပြီး သားဖြစ်သူ၏ လက်စွပ်ဖြင့် ခတ်နှိပ်ကာ အမတ်ချုပ်ကြီး၏ ကိုယ်ရံတော်ကို ခေါ်ကာ ပေးလိုက်သည်။
“ဒီစာကို ဟော်သွန်းလက်ထဲကို ပြန်ပေးလိုက်ပါ။ သူ့သားတော် ပေးလိုက်တဲ့စာပါ။ ပြီးတော့ အမတ်ချုပ်ကြီးကို တချက် စကားပါးပေးပါ။ ကျုပ် ဟော်သွန်းကို ရအောင်ပြန်လာခေါ်မယ်။”

ထိုကိုယ်ရံတော်က မည်သည့်စကားအပိုမှ မပြောပဲ ချက်ချင်းစာကိုယူကာ စခန်းမှ ထွက်ခွာသွားတော့သည်။

ယေစုကိုင်းသည် မိမိတပ်သားအားလုံးကို စုစည်းကာ ပြောလိုက်သည်။ အားလုံးကို ဖြစ်သမျှ ပွင့်လင်းစွာပြောရန် ဆုံးဖြတ်လိုက်သည်။
“ကျုပ်မျိုးနွယ်စု စစ်သည်တို့…ကျုပ်တို့ အခု နန်ကျောင်ပြည်က နှင်ထုတ်ခံလိုက်ရပြီ။”
မွန်ဂိုမျိုးနွယ်စုအားလုံး အံ့အားသင့်ကာ ဆူညံကုန်သည်။

“ဟာ…ဟင်..”
“ဘယ်လိုဖြစ်တာလဲ…”
“ကျုပ်တို့မိန်းမနဲ့ ကလေးအငယ်တွေကော….”
“ကျုပ်တို့ အခု ဘယ်ကိုသွားကြမလဲ။”
“ဘာကြောင့် ကျုပ်တို့ကို နန်ကျောင်ပြည်က နှင်ထုတ်ရတာလဲ။”

ယေစုကိုင်းသည် အားလုံးကိုငြိမ်အောင် စောင့်ပြီး အကြောင်းရင်းကိုပြောပြလိုက်သည်။
“ကျုပ်ဇနီးသည် ဟော်သွန်းကို ကိုယ်လုပ်တော် ခန့်ချင်လို့ မင်းကြိးနဲ့ အမတ်ချုပ်ကြီးက အကြံနဲ့ေ၇ှ့တန်းကို လွှတ်လိုက်တယ်။ ပြီးတော့ အခု ကျုပ်တို့ ဇနီးတွေကို တန်ဆာခံထားပြီး နန်ကျောင်ပြည်ကို ခြေမချဖို့ အကျုပ်ကိုင်

ထားတယ်။ အခု သား တင်ဂီရိနဲ့ ကျန်တဲ့ သားတွေကို လွှတ်ပေးလိုက်တာ ဟော်သွန်းရဲ့ တောင်းဆိုမှုကြောင့်ပါ။ ”
စစ်သည်အားလုံးက စိုးရိမ်ပူပန်စွာဖြင့် ချက်ချင်းတောင်းဆိုကြသည်။ သူတို့အားလုံးသည် မိမိ၏ ဘေးကို ထည့်မတွက်ပဲ သွားကယ်ရန်သာ စိတ်စောနေကြသည်။

“ကျုပ်တို့ မိန်းမ တွေကို ပြန်သွားကယ်မယ်။”
ယေစုကိုင်းက စစ်သည်တော်များကို သေချာပြောကာ နှစ်သိမ့်လိုက်သည်။ ဖြစ်နိုင်လျှင် မိိမိသည်လည်းစိတ်ကိုလွှတ်ကာ သူတို့လိုပဲ ဟော်သွန်းကို သွားကယ်လိုက်ချင်သည်။ သို့သော် မိမိက ထိုသို့လုပ် လို့ မဖြစ်သေးပေ။ မိမိက အကြီးကဲဖြစ်သောကြောင့် မိမိမျိုးနွှယ်ကို စောင့်ရှောက်ရမည့် တာဝန်ရှိသည်။ မိမိ မယားကို ခန်မင်းကြီးသိမ်းပိုက်နေသည်ကို သိလျက်နှင့် ဝေဒနာကို မျိုသိပ်ထားရတာ ပူလောင်လွန်းလှသည်။

“ကျုပ်သွားကယ်ပေးပါ့မယ်။ ဒါပေမယ့်အ ခု ကျုပ်တို့ သွားလို့မဖြစ်သေးဘူး။ သွားရင် မိန်းမနဲ့လူမမယ်ကလေး တွေကို သူတို့သတ်ပစ်လိမ့်မယ်။ ကျုပ်တို့ အင်အားကို ထပ်ပြီးဖြည့်တင်းရမယ်။ တနေရာမှာ အခြေချပြီး တိုင်းပြည်ထူထောင်ရမယ်။ အင်အားတောင့်လာရင် ကျုပ်တို့ မိန်းမတွေအတွက် မတရား လုပ်တဲ့ ဘုရင်နဲ့ အမတ်ကို ပြန်ကလဲ့စားချေရမယ်။”
စစ်သည်တော်များက ဆို့နင့်သည့် ရင်ဖြင့် စစ်သူကြီး ယေစုကိုင်းကို မေးလိုက်သည်။ မိမိ မယားနှင့် အဖေ၊ အမေအိုများကျန်ခဲ့သူများက အိမ်မြှေုာင်အမြီးပြတ်သည့်ပမာ ခံစားနေရသည်။ ရင်ထဲ မီးခဲမြိုထားသလို ခံစား နေရသည်။

“အခု…အခု ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ။”
ယေစုကိုင်းက ခိုင်မာစွာပြောလိုက်သည်။ လုပ်သင့်သည်ကို လုပ်ရမည်။

“တောင်ပိုင်းကို ချီတက်မယ်။ ”
ကျန်စစ်သညတချို့က စိုးရိမ်စွာဖြင့် ၀ိုင်းပြောကြသည်။

“ကျုပ်တို့ မိန်းမတွေကိုသူတို့ သတ်ပစ်ရင် ဘယ်လိုလုပ်မလဲ။ ကျုပ်တို့ မသွားနိုင်ဘူး။”

ယေစုကိုင်းသည် စိတ်မချမ်းမြေ့စွာဖြင့် အဖြစ်မှန်ကို ရှင်းပြလိုက်သည်။ သူတို့မယားများသည် တန်ဆာခံဖြစ်သည်က လွဲလျှင် အကောင်းတိုင်းဖြစ်ဖို့များသည်။မိမိမယား ဟော်သွန်းသာလျှင်….
“ကျုပ်ဇနီးဟော်သွန်းက  ဘုရင်းကိုယ်လုပ်တော် ဘ၀နဲ့ ရှိနေဖို့ သူတို့က မိန်းမနဲ့ ကလေးတွေကို ချုပ်ကိုင်ထားလိမ့်မယ်။ ဟော်သွန်းကလည်း သူတို့ကို စောင့်ရှောက်လိမ့်မယ်။ ဒါကြောင့် ကျုပ်တို့ မိန်းမနဲ့ ကလေးတွေကို ကယ်ချင်ရင် အင်အားကြီးထွားအောင်လုပ်ရျမယ်။ မင်းတို့ အားလုံး ကျုပ်ပြောတာကို လက်ခံတယ် ဆိုရင် ကျုပ်နဲ့ အတူဆက်လိုက်ခဲ့ပါ။ ဒါမှ မဟုတ် မိန်းမနဲ့ကလေးကို ခုသွားကယ်မှ ဖြစ်မယ်ဆိုရင် သွားပါ။ မင်းတို့ကို မတားဘူး။ လက်နက်နဲ့မြင်းတွေယူသွားလို့ရတယ်။”
မယားစိတ်မွှန်နေသည့် စစ်သည်တစ်စုက ပြောလိုက်သည်။ သူတို့သည် ယေစုကိုင်းကို အထင်သေးစွာကြည့် နေကြသည်။ မိမိ မိသားစုကို မစောင့်ရှောက်သည့် သူရဲဘောကြောင်သူလို ကြည့်နေသည်ကို ယေစုကိုင်းသိသော် လည်း အံကြိတ်လိုက်သည်။

“ကျွန်တော့် မိန်းမကို သွားကယ်မယ်။ သွားကယ်ပြီးမှ စစ်သူကြီးနောက်ုကို လိုက်မယ်။”

“ကျွန်တော်ရောပဲ။ မိန်းမနဲ့ကလေး မပါပဲ ဘယ်ကိုမှ မသွားနိုင်ဘူး။”

စစ်သည် နှစ်ဆယ်က စောဒက တက်သဖြင့် ယေစုကိုင်း သူတို့ကို သွားခွင့်ပေးလိုက်သည်။ ကျန်စစ်သည်များက ယေစုကိုင်းနောက်ကို လိုက်ရန် ဆုံးဖြတ်ထားကြသည်။

“မင်းတို့ သွားရင် လမ်းမှာ သေချာကရုစိုက်ပါ။ မင်းတို့ကို အမတ်ကြီးလူတွေ စောင့်နေနိုင်တယ်။”
“ကျေးဇူးတင်ပါတယ် စစ်သူကြီး။ ကျုပ်တို့မိသားစုကို ကယ်ပြီးရင်စစ်သူကြီးနောက်ကို လိုက်လာပါ့မယ်.”

ထိုရဲမတ်ထဲက တချို့က ရိုသေစွာပြန်ဖြေသော်လည်း အများစုက ယေစုကိုင်းကို အထင်သေးရွံရှာဟန်ဖြင့် လှည့်ပင် မကြည့်ပဲ မြင်းကိုဒုန်းစိုင်းကာ ထွက်သွားကြသည်။

ယေစုကိုင်းသည် စခန်းမှ ထွက်သွားသည့် စစ်သည် နှစ်ဆယ်ကို ငေးကြည့်ကာ စိတ်မကောင်းတော့ဖြစ်မိသည်။ သူတို့သည် မိမိတို့ထံဘယ်တော့မှ ပြန်မလာနိုင်တော့သည်ကို အလိုလိုသိနေသည်။

“ကဲ အားလုံး ကိုယ့် စခန်းကို သေချာသိမ်းစည်းပါ။ ကျုပ်တို့ တောင်ဘက်ကို စုန်ဆင်းသွားကြမယ်။”

ကျန်စစ်သည်များသည် ယေစုကိုင်း၏ အမိန့်အတိုင်း တပ်စခန်းကို စနစ်တကျ သိမ်းဆည်းကြသည်။ ချင်နယ်စပ်မှ တောင်ပိုင်းကို ချီရတော့မည် မဟုတ်လား။ တိုင်းပြည်သစ်ထူထောင်နိုင်ဖို့ ရေမြေကောင်းသည့် နေရာကို သွားရမည်။ လမ်းတလျှောက် လူသူစုဆောင်းသွားရမည်။ အင်အားကြီးအောင် မဟာမိတ်များဖွဲ့သွားရမည်။ နောက်ဆုံး ဟော်သွန်းကို သိမ်းပိုက်သွားသည့် ခန်မင်းကြီးကို ပြန်ပြီး တိုက်နိုင်သည်အထိ အင်အားကို တိုးချဲ့ရမည်။ ရှေ့လျှောက်ခရီးသည် အင်အားထူထောင်သည့် ခရီးသက်သက်ဖြစ်ပေတော့မည်။


“ခမည်းတော်….မယ်မယ်…မယ်မယ့်ကို သွားကယ်မယ်။”
“ခမည်းတော်ရဲ့ စကားကို နားထောင်ပါ တင်ဂီရိ။ မင်းမယ်မယ်ကို ကယ်ဖို့ ခမည်းတော် မမေ့ဘူး။ ဒါပေမယ့် အဲ့လို ကယ်နိုင်ဖို့ အရင် အင်အားကို တည်ဆောက်ရမယ်။”
“ခမည်းတော် ရက်စက်တယ်။ မယ်မယ့်ကို ခန်မင်းကြီးသိမ်းပိုက်တော့မယ်။ မယ်မယ့်ကို သူများ အနိုင်ကျင့်သိမ်းပိုက် တာ ကို သားတော် လက်မခံနိုင်ဘူး။  ”
“ခမည်းတော်လည်း လက်မခံနိုင်ပေမယ့် လက်ရှိ ခမည်းတော်တို့ ဘာမှ လုပ်လို့မရဘူး။”
“ခမည်းတော် ဘာမှ မခံစားရဘူးလား။ မယ်မယ့်ကို မချစ်ဘူးလား။”
“ခမည်းတော်ရင်ထဲ မီးလောင်နေတာကို သားတော် မသိနိုင်ပါဘူး။ ဒါပေမယ့် ချစ်တာနဲ့ မိုက်ရူးရဲဆန်ပြီး ကမူးရူးထိုးလုပ်ရင် မင်းမယ်မယ်ကို မကယ်နိုင်ပဲ တသက်လုံး ကိုယ်လုပ်တော်ဖြစ်အောင် တွန်းပို့နေသလိုဖြစ်မယ်။”
“မယ်မယ့်ကို သိမ်းပိုက်တော့မှာ…”
“သိမ်းပိုက်ပါစေ။ မင်းမယ်မယ်ကို နှစ်ဘယ်လောက်ကြာကြာ ခမည်းတော် ပြန်ကယ်မယ်။ မင်းရဲ့ မယ်မယ်လည်း ခမည်းတော် လာကယ်မယ့်နေ့ကို စောင့်နေလိမ့်မယ်။ ”
“ခမည်းတော် ရက်စက်တယ်…”
“မင်း ချစ်တဲ့သူကို မတွေ့မချင်း ခမည်းတော်ကို ဘယ်တော့မှ ကိုယ်ချင်းစာတတ်မှာ မဟုတ်ဘူး တင်ဂီရိ။ တနေ့ကျရင် မင်း ခမည်းတော် ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို သိလာလိမ့်မယ်။ အခုတော့ ခမည်းတော်တို့ တောင်ပိုင်းကို ဆက်ပြီးချီတက်ရမယ်..”

ယေစုကိုင်းနောက်ကို မလိုက်ပဲ နေပြည်တော်ပြန်လာသည့် စစ်သည်တော် နှစ်ဆယ်သည် နေပြည်တော် ရောက်ရန် တနေ့ခရီးအကွာတွင် သစ်တောလေးတစ်ခုမှ အဖြတ် မြှားမိုးရွာပြီး လုပ်ကြံသတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။

ယေစုကိုင်းတို့သည် တောင်ပိုင်းကို တရွေ့ရွေ့ပြောင်းရွှေ့လာခဲ့ရင်း တောတောင်ပေါင်းများစွာကို ကျော်ကာ နောက်ဆုံးတိုင်းပြည်တစ်ပြည်အနားကို ချည်းကပ်လာမိသည်။
“မွန်ဂိုတပ်ကြီး ချီလာပြီ။ မွန်ဂိုတပ်ကြီးချီလာပြီ။”
“မွန်ဂိုတပ်ကြီး….”
ငွေတောင်ပြည်သည် မြို့တံခါးများကို ပိတ်ကာ အရိပ်အခြေကြည့်နေကြသည်။ ယေစုကိုင်းသည် ငွေတောင်ပြည် အပြင်ဘက် တွင် တပ်ကို ရပ်တန့်ကာစခန်းချထားလိုက်သည်။ မိမိ ချီလာသည့် တစ်နှစ်အတွင်း နယ်တကာမှ စုဆောင်းထားသည့် လူအင်အားများကြောင့် မိမိ နန်ကျောင်ပြည်မှ စထွက်လာစဉ်ထက် လူဦးရေ ငါးဆရှိလာခဲ့သည်။

“ဗော်ချူး…. မင်း သံတမန်အဖြစ် ငွေတောင်ပြည့်ရှင်ကို သွားတွေ့ပါ။ ကျုပ်တို့က ရန်ပြုဖို့လာတာ မဟုတ်ဘူး။ ဒီနားက ဖြတ်သန်းသွားတယ်လို့ပြောလိုက်ပါ။ ”
“မွန်ဂိုတပ်တော်မှ အကြီးကဲ ယေစုကိုင်း ကိုယ်စား ငွေတောင်ပြည့်ရှင် မင်းကို လာရောက် နူတ်ခွန်းဆက်သပါတယ်။”
“သံတမန်ကြီး ၀င်လာတော်မူပါ….”

ဗော်ချူးသည် ငွေတောင်ပြည့်ရှင်မင်းမိဖုရားကို ၀င်တွေ့ပြီးနောက် အကျိုးကြောင်းပြောပြသည်။ ငွေတောင်ပြည့်ရှင် မင်းက အကြီးကဲ ယေစုကိုင်းကို နန်းတော်သို့ဖိတ်ခေါ်ကြောင်းပြောသဖြင့် ဗော်ချူးပြန်လာခဲ့သည်။

ယေစုကိုင်းလည်း ၀မ်းသာစွာဖြင့် စစ်သူကြီးများ ခြံရံကာ ငွေတောင်နန်းတော်ထဲကို လာခဲ့သည်။ ငွေတောင်ပြည့်ရှင်မင်း၏ မိဖုရားကို တွေ့သော် ဟော်သွန်းကိုပင် သတိရသွားခဲ့သည်။ သူမသည် ဟော်သွန်း ကဲ့သို့ပင် ကျက်သရေရှိစွာလှပလွန်းလှသည်။ သူမ လက်ထဲတွင်ပွေ့ထားသည့် ကလေးသည်လည်း လှပလွန်းလှသည်။

“ကျုပ်ယေစုကိုင်း ငွေတောင်ပြည့်ရှင်မင်းနဲ့ မိဖုရားကို နူတ်ဆက်ပါတယ်။”

“သူရဲကောင်း ယေစုကိုင်းရဲ့ သတင်းကို ကြားဖူးတာ ကြာပါပြီ။ အခုမှ တွေ့ရတော့တယ်။ ကျုပ်တို့ တိုင်းပြည်ငယ်လေးကို သနားငဲ့ညှာပြီး ရန်မပြုလို့ ကျေးဇူးတင်ပါတယ်။ ငွေတောင်ပြည်သူပြည်သားတွေ ကိုယ်စား ကျေးဇူးတင်စကားပြောပါရစေ…”
“ငွေတောင်ပြည်က စာပေ၊ အနုပညာ ထွန်းကားတဲ့တိုင်းပြည်လေ။ ဒီလို အေးချမ်းသာယာပြီး ပညာဖြန့်ဖြူးတဲ့ တိုင်းပြည်ကို ကျုပ်က ဘာကြောင့် ရန်ပြုရမှာလဲဗျာ။ ပြီးတော့ ကျုပ်တို့က တိုင်းပြည်ထူထောင်ဖို့ တုံလေဆပ်အိုင် လွင်ပြင်ဘက်ကို အရောက်သွားရမှာ။ ဒါကြောင့် အကူညီလည်းတောင်းချင်လို့ ငွေတောင်ပြည်ကို ၀င်လာခဲ့တာပါ။”

“လိုအပ်တာကို ပြောပါ အဆွေတော် ယေစုကိုင်း…”
“ကျုပ်တို့ တိုင်းပြည်ထူထောင်ဖို့ လိုအပ်တဲ့ လက်မှုပညာရှင် တချို့ကို ငှားရမ်းသွားပါရစေ။ နန်းတော်တည်ဆောက်ပြီးရင် သူတို့ကို ပြန်ပို့ပေးပါ့မယ်။ ကျုပ်တို့အတွက်စာပေပညာရှင်များကိုလည်း ခဏ ငှားပေးပါလို့ တောင်းဆိုပါတယ်။”
“ရပါတယ် အဆွေတော်။ လိုအပ်တဲ့ လူတွေ၊ ပညာရှင်တွေကို ထည့်ပေးလိုက်ပါ့မယ်။ ”
“ကလေးက မိန်းကလေးလား။ယောကျားလေးလား။”
“ယောကျာ်းလေးပါ အဆွေတော်…”
“ကျွန်တော် ခဏကြည့်လို့ရမလားဗျာ။”
“ရပါတယ် အကိုတော် ယေစုကိုင်းရယ်။ ”

ငွေတောင်မိဖုရား ဆင်းဝတ်ကြည်က သားတော်လေးကို ပွေ့ကာ ယေစုကိုင်းအနီးကို ကိုယ်တိုင်လာပို့ပေးသည်။ ယေစုကိုင်းသည် ကလေးလေးကို ငုံ့ကြည့်ကာ ပြုံးပြီးပြောသည်။
“ကလေးက သိပ်ကို ကျက်သရေရှိတာပဲ။ နောင်တချိန်ကျရင် နှမတော်ရဲ့သားကို အတိုင်းတိုင်း အပြည်ပြည်က မင်းသမီးတွေ ၀ိုင်းလုမှာ မြင်ယောင်ပါသေးတယ်။”
တင်ဂီရိသည် ကလေးသေးသေးလေးကို ငေးကြည့်ကာပထမဆုံး စိတ်လက်ကြည်လာခဲ့သည်။ ဘာကြောင့်ရယ် မသိ။ ကလေးလေးက တင်ဂီရိကို လှမ်းကြည့်နေသလိုခံစားရသည်။ တင်ဂီရိသည် ကလေးလေးကို ရင်းနှီးသလို ခံစားလိုက်ရသည်။

ဆင်းဝတ်ကြည်သည် အသက် ၁၃ နှစ်အရွယ် နှင့် မလိုက်အောင် ထွားကျိုင်းလှသည့် စစ်သူကြီး၏ သားတော် တင်ဂီရိကို ကြည့်ကာ မိမိသားလေးကိုလည်း နောင်တချိန်တွင် ဒီလို အားကိုးရသည့် မင်းသားတစ်ပါးဖြစ်လာ စေချင်မိသည်။

“ဒါ ကျုပ်သား တင်ဂီရိပါ။ သားလေးကို နောက်ငါးနှစ်ကျရင် ငွေတောင်ပြည်ကို ပညာသင်ကြားဖို့ စေလွှတ်ပါဦးမယ်။ အဲ့ဒီအခါ လက်ခံပေးတော်မူပါ။”
“စိတ်ချပါ အဆွေတော်။ မင်းသားလေးကို သားတော်လေးလို သဘောထားပါ့မယ်.”
“ကျုပ်တို့ကို မိတ်ဖွဲ့လို့ နန်ကျောင်ပြည်က ရန်ငြိုးဖွဲ့မှာ မစိုးရိမ်ဘူးလား အဆွေတော်။”
“သူရဲကောင်း ယေစုကိုင်းတို့ကို မတရား ပြုလုပ်ပြီးနှင်ထုတ်လိုက်တယ် ကြားကတည်းက ကျွန်တော်က သူရဲကောင်းတို့ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ပြီးတော့ ကျွန်တော်တို့လို တိုင်းပြည်ငယ်လေးကို သူတို့က မျက်စိထဲ မထည့်ပါဘူး။ ထည့်လည်း ကရုမစိုက်ပါဘူး။”
“ကျေးဇူးတင်ပါတယ်။ အခုချိန် ကျွန်တော် ဘာမှ ပြန်မလုပ်ပေးနိုင်သေးပါဘူး။ အဆွေတော်တို့ရဲ့ ကူညီမှု၊ အားပေးမှုကို ကျုပ် မမေ့ပါဘူး။”

ယေစုကိုင်းသည် ငွေတောင်ပြည့်ရှင် ထည့်ပေးလိုက်သည့် အတတ်ပညာရှင်၊ အသိပညာရှင်များကို ခေါ်ကာ တုံလေဆပ်အိုင်လွင်ပြင်ကို ထွက်လာခဲ့သည်။ ညီညာပြန့်ပြူးသည့် မြေတွင် တိုင်းပြည်တစ်ခုကို စတင်ထူထောင်ခဲ့သည်။
“အာနန်ပြည်….”
“စစ်သူရဲကောင်းတို့၏ တိုင်းပြည်…”

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet