စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (40)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (40)

 

ထန်လိုခိသည် ဟီဒယ်နောက်ကိုပြေးလိုက်သွားချင်သော်လည်း သူမလေးကို အချိန်တစ်ခုပေးလိုက်တာ ပိုကောင်းမည်ဟု တွေးပြီးလက်ထဲမှ ကျောက်စိမ်းပြားကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်သည်။ ဒီကျောက်စိမ်းပြားပိုင်ရှင်ကို မိမိသိသလို နှမတော်လည်းသိပါလိမ့်မည်။ ဒါကြောင့်သူမအပြေးအလွှားလာပြီးတားဆီးရခြင်းဖြစ်သည်။ ဒီအချက်က ထန်လိုခိကို ပါးရိုက်လိုက်သည်ထက် နာကျင်စေသည်။

 

“ဂျူဒါအမ်း…”

 

ထန်လိုခိ ထိုအမည်ကိုစိတ်ထဲမှရေရွတ်လိုက်ပြီး ခြေလှမ်းကျဲကြီးဖြင့် မိမိအဆောင်ဘက်ကိုထွက်သွားသည်ကို ချုံထဲမှ လူတစ်ဦးက စောင့်ကြည့်နေပြီး အကြံစည်ပျက်သွားသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။ ထန်လိုခိသာ ဂျူဒါအမ်း မင်းသားအဆောင်ကို သွားစစ်လျှင် သစ်ကိုင်းနှင့်ညှိထားသည့် ၀တ်စုံအပြဲတစ်ထည်ကိုတွေ့ရလိမ့်မည်။ ထိုဝတ်စုံသည် ကျန်ရစ်သည့် ပိတ်စနှင့်တထပ်တည်းဖြစ်နေလိမ့်မည်။ ဒါဆိုလျှင် ဂျူဒါအမ်းမင်းသားသည် မင်းသမီးဟီဒယ်၏ နန်းဆောင်ကို တိတ်တဆိတ်လာချောင်းသည့် တရားခံအဖြစ်ထင်ရှားလာလိမ့်မည်။ ဒီလိုဆိုလျှင် လျံတိုင်းပြည်ပြဇာတ်ခုံပေါ်တွင် ပြကွက်လေးတွေ ပိုပြီးအသက်ဝင်လာလိမ့်မည်။ အခုတော့ မိမိကြံစည်ထားသည့်အချက်လွဲသွားခဲ့လေပြီ။ ဒါကြောင့် အသာနောက်ဆုတ်ခဲ့ပြီးနောက် မိမိလူကိုခေါ်ပြီး နောက်အစီစဉ်ကို စတင်စေသည်။

 

လျံနန်းတွင်း၏ ဂုဏ်ပြုညစာစားပွဲကိုတက်ရန် လျံမင်းသား၊ မင်းသမီးအားလုံးတက်ကြွနေကြသည်။ ဒီပွဲက တိုင်းပြည်နှစ်ပြည်မှ မင်းသားတွေလည်းရောက်နေသည် မဟုတ်လား။ မီဒယ်က ပွဲတက်ရန် မနက်ခင်းကတည်းက စနစ်တကျပြင်ဆင်နေသည်။ ပန်းပေါင်းရေနှင့်ရေချိုးကာ ပန်းနုရောင်ဝတ်စုံနှင့် နုနယ်သည့်ကြွေရုပ်လိုအလှက ပိုပြီးထင်ပေါ်လာခဲ့သည်။ ဟီဒယ်ကတော့ ပြင်ဆင်ဖို့အချိန်သိပ်မပေးနိုင်ပေ။ လုံခြုံရေးကို သေချာတင်းကျပ်ထားပြီးကိုယ်တိုင် ဒေါင့်စေ့အောင် လိုက်လံပြီးစီမံနေရသည်။ ဆူမီရာတို့နှစ်ဦးထံ မျက်နှာဖုံးရှိသည်ကို သိတော့ ဧည့်ခံပွဲတက်ရန် စီစဉ်ပေးလိုက်သည်။ ညစာစားပွဲတွင် လိုအပ်တာကို လုပ်ရသည့်နန်းတွင်းအမှုထမ်းအဖွဲ့ထဲထည့်ထားပေးလိုက်သည်။ ဟီဒယ်ကသူတို့ကို မလုပ်စေချင်သော်လည်း ကီလာတိုင်၏ တောင်းဆိုမှုကြောင့် လိုက်လျောလိုက်ရခြင်းဖြစ်သည်။

 

အားလုံးစီစဉ်ပြီးလို့ ပွဲတက်ရန်မင်းသမီးအ၀တ်စားသွားလဲတော့ ညီမတော်အားလုံး သွားနှင့်လေပြီ။ အထိန်းတော်ကြီးက သခင်မလေးကို ဆူဆူပူပူနှင့် အ၀တ်လဲပေးပြီး ဆံပင်ကိုအဆင်တန်ဆာများဆင်ယင်ပေးသည်။ ဟီဒယ်သည် ရိုးရှင်းသည့် ဆံထုံးသာထုံးပေးရန်ပြောပြီး အသင့်ချထားသည့် ကျောက်စိမ်ဖြူ လက်ဝတ်ရတနာကိုကောက်ကာ ၀တ်ဆင်ခဲ့သည်။
 

မိန်းကလေးပုံဆင်ယင်ပြီး ဧည့်ခံပွဲကျင်းပရာကို အမြန်လာခဲ့တော့ ဂျူဒါအမ်းနှင့်မယ်တော်ကြီးက ရောက်နှင့်နေပြီး အနားတွင် မိမိညီမငယ်နှစ်ဦးနှင့်အခြားသော မင်းမျိုးမင်းနွယ်မင်းသမီးငယ်လေးများ ၀န်းရံခစားနေသည်ကို တွေ့လိုက်ရတော့ အနားသွားရမှာရှက်ရွံနေစဉ် မိမိလက်ကို တစ်စုံတစ်ဦးက ဖြတ်ခနဲဆွဲပြီး လက်မောင်းတွင်ချိတ်ထားခြင်းခံလိုက်ရသည်။

 

“အကိုတော်…”
 

“အေး… ညီမလေးကို စောင့်နေတာ.. ဒီကနေ့ညနေ ဟီဒယ်က ကိုယ့်ဘေးကနေ ဘယ်မှမခွာရဘူး..”
 

“အဲ့လိုလုပ်လို့ဖြစ်မလား… ညီမက ဧည့်ခံရအုံးမယ်လေ အကိုတော်ရဲ့..”
 

“ဒါဆိုလည်း ငါ့ညီမ ဘယ်သွားသွား အကိုတော်လိုက်ခဲ့မယ်…”
 

“အကိုတော်… ဘာဖြစ်နေတာလဲ… ”

 

ဟီဒယ် စိတ်ရှုပ်ထွေးစွာဖြင့် အကိုတော်ကို မော့ကြည့်ကာ ခပ်ဆောင့်ဆောင့်ပြောလိုက်သည်။ ခါတိုင်းပုံနှင့်မတူ၊ အကိုတော် တစ်မျိုးဖြစ်နေသည်။ ခါတိုင်းလိုဆိုလျှင် သူသဘောကျသည့် အခြား မင်းမျိုးမင်းနွယ် အချောလှတွေနား ပွတ်သပ်ပျော်ပါးနေပြီး ခုလို အရေးကြီးချိန်မှ မိမိနားကပ်နေသည်ဆိုတော့ အကိုတော်က တကယ်ပဲ မိမိကို အနှောက်ယှက်ပြုဖို့ဆုံးဖြတ်ထားသလိုပင်။
 

“ဘာဖြစ်ရမှာလဲ… သ၀န်တိုနေတာလေ… သ၀န်တိုနေတာ…”

 

ထန်လိုခိက လေသံတင်းတင်းနှင့်ပြောလိုက်သည်။ ဒီကောင်မလေး မိမိခံစားချက်ကို မသိတာလား။ မသိယောင်ဆောင်နေတာလား။ ပြောရက်သည်။ ယခုလို ဂျူဒါအမ်းနား သူမကပ်မည်စိုးလို့ မိမိက သူမကို မိမိအပိုင်ဖြစ်ကြောင့် ပါးစပ်မှဖွင့်မပြောရုံတမယ် လက်တွဲချိတ်ထားတာတောင် ဒီမိန်းကလေးက သဘောမပေါက်ဘူးတဲ့။
 

“အကိုတော်တွေကနော်…သူတို့သာပွေချင်ကြတယ်။ ကိုယ့်ညီမတွေကို လင်ကောင်းသားကောင်းရဖို့ဆို အမြဲပိတ်ပင်ကြတယ်… ခုလည်းကြည့်။ ညီမကို အစ်ကိုတော် ဂျူဒါအမ်းနားသွားမှာစိုးလို့ သ၀န်တိုနေတာမလား။ နောင်ခါ ညီမတော်ကို ဘယ်သူမှ လက်ထပ်မယ့်သူမရှိရင် အကိုတော်ပဲ ၀န်ထုပ်ဝန်ပိုးဖြစ်မယ်နော်…”

 

ဟီဒယ်က အကိုတော်ထန်လိုခိကို လက်တွဲကာ ပွဲခင်းထဲလျှောက်လာရင်း ကျီစယ်လိုက်သည်။ ညစာစားပွဲက ဥယျာဉ်ထဲတွင် လုပ်သဖြင့် ကွက်လပ်ကျယ်ကြီးတွင် ၀တ်ကောင်းစားလှနှင့် ရောင်စုံပန်းလိပ်ပြာလေးများပမာ မိန်းမချောလေးများ လျှောက်သွားနေကြသည်။ နန်းတွင်းသားများက သောက်စရာများကို လိုက်လံဖြည့်တင်းပေးနေသည်။ စားစရာများက စားပွဲရှည်ကြီးတွင် ခင်းကျင်းထားပြီး မိမိနှစ်သက်ရာကို ယူငင်စားသောက်ရန်စီစဉ်ထားသည်။ ခမည်းတော်၊ မယ်တော်နှင့် အခြားသော မိဖုရားကြီးများ၊ ၀ူတိုင်းပြည်မှ အရီးတော်၊ ထန်တိုင်းပြည်မှ အရီးတော်တို့က ဟိုးထိပ်တွင် စားတော်ပွဲရှေ့ချပြီး စကားစမြည်ပြောနေကြသည်။

 

ဟီဒယ်သည် အကိုတော်ကိုပါခေါ်ပြီး ခမည်းတော်တို့ထံ နူတ်ဆက်ဖို့လာခဲ့သည်။ လမ်းတလျှောက် လျံတိုင်းပြည်မှ မင်းသားငယ်များ၊ မင်းသမီးငယ်များသည် ထန်အကိုတော်နှင့်လက်ချင်းချိတ်ကာ တွဲလျှောက်လာသည့် အစ်မတော် လျံမင်းသမီးကို ငေးကြည့်နေကြသည်။ အစ်မတော်၏ အပြာဖျော့ရောင် ပိုးသားဝတ်စုံနှင့် ကျောက်စိမ်းဖြူရတနာက လိုက်ဖက်လွန်းလှသည်။ ခါတိုင်းလို စစ်သည်တော် ၀တ်စုံနှင့်မဟုတ်ပဲ မိန်းကလေးပီသသည့် ၀တ်စားပုံကြောင့် အစ်မတော်ဟီဒယ်က ခါတိုင်းထက်ကို ပိုပြီးလှပတင့်တယ်နေပြီး နံဘေးမှ ထန်အကိုတော်ကလည်း ခန့်ညားလှသဖြင့် အင်မတန်ကို လိုက်ဖက်သည့် စုံတွဲလိုဖြစ်နေသည်။

 

ထန်လိုခိနှင့်ဟီဒယ်တွဲလာသည်ကိုတွေ့တော့ ဂျူဒါအမ်းမင်းသား၏ရင်ထဲ ငလျင်လှိုင်းလေးဖြတ်သန်းသွားခဲ့သည်။ ဟီဒယ်…သူမ သည် စစ်သည်တော်တစ်ဦး၏ထက်မြက်မှုနှင့် တင့်တယ်သလို၊ မင်းသမီးတစ်ပါးလိုလည်း ထည်ဝါလွန်းလှသည်။ သူမသည် ဆန့်ကျင်ဘက်အလှများနှင့် မိမိရင်ကိုနှောင်တွယ်လို့နေသည်ကို သူမဖာသာသိမည်မဟုတ်ပေ။ ဂျူဒါအမ်း သက်ပြင်းချပြီး နံဘေးမှ မီဒယ်မေးသည့် အမေးကို ဖြေကြားရန် ခေါင်းလှည့်သွားသည်။

 

ဝူမိဖုရားကြီးသည် ဟီဒယ်ကိုကြည့်သည့် သားတော်၏အကြည့်ကိုတွေ့လိုက်သည်နှင့် ရင်မောသွားခဲ့သည်။ တကယ်တမ်းပြောရလျှင် ဟီဒယ်ကို စတွေ့သည့်နေ့ကတည်းက သားတော်တိတ်တခိုးချစ်နေသည့် မင်းသမီးက ဟီဒယ်ဆိုတာ ၀ူမိဖုရားကြီးသိခဲ့သည်။ သို့သော် အမြဲတမ်းမိဘစကားနားထောင်ပြီး လိမ်မာသည့် သားတော်ဂျူဒါအမ်းက မိမိသဘောတူသည့် မင်းသမီးကို လက်ထပ်မှာသေချာသည်။ ဒါကြောင့် သူ မည်သူ့ကိုနှစ်သက်ပါသည်ဆိုတာ လုံးဝဖွင့်မပြောသည်ကိုလည်း မိမိသိသဖြင့် သားလေးအတွက် စိတ်မကောင်းလည်းဖြစ်၊ ကျေလည်းကျေနပ်မိသည်။

 

မိခင်တစ်ဦးဖြစ်သောကြောင့် သားတော်ကို သူနှစ်သက်သည့် မင်းသမီးနှင့်ပေးစားရန် ၀န်မလေးသော်လည်း ထိုမိန်းကလေးက သားတော်နှင့် မိမိတို့တိုင်းပြည်အတွက် စစ်မီးကိုမွှေးပေးနိုင်သူဖြစ်လျှင်တော့ သားတော် မည်မျှချစ်ပါစေ။ မိမိဘယ်တော့မှ သဘောတူမည်မဟုတ်ပေ။ မိမိရောက်ကတည်းက ဟီဒယ်ကို သေချာအကဲခတ်နေခဲ့သည်။ ဟီဒယ်သည် အချင်းရော၊ အဆင်းနှင့်ပါ ပြည့်စုံသူဖြစ်သဖြင့် သားတော်ကို အမြင့်ကိုတွန်းတင်ပေးနိုင်သည့် အရည်ချင်းနှင့်ပြည့်စုံမှန်းလည်းသိသည်။ သို့သော် ဟီဒယ်ကို လိုချင်သည့် အခြားသော ထက်မြက်ပြီး အင်အားကြီးသည့် ထန်တိုင်းပြည်မှ မင်းသားထန်လိုခိနှင့် သူ့မယ်တော် ထန်မိဖုရားအီလီနာ တို့ရောက်ရှိလာကတည်းက ဟီဒယ်ကို မိမိချွေးမတော်၏ စာရင်းထဲမှ ဖယ်ထားလိုက်တော့သည်။
 

“သားတော်လေးရယ်… မယ်မယ်လုပ်သမျှက မင်းကောင်းဖို့ပါပဲ။ မီဒယ်က ဟီဒယ်နဲ့မယှဉ်နိုင်ပေမယ့် မင်းကို အထင်ကြီးပြီး လေးစားတဲ့မိန်းကလေးတစ်ယောက်ဆိုတာ သူ့မျက်လုံးထဲမှာ ပေါ်လွင်နေတယ်။ မီဒယ်က မင်းကိုသားကို သခင်၊ လင်ကိုဘုရားလို လုပ်ကျွေးပြုစုမယ့် ဇနီးကောင်းဖြစ်မယ့်သူပါ။ ဟီဒယ်က မိဖုရားဖြစ်ရမယ့်သူမဟုတ်ဘူး။ သူက ဘုရင်မဖြစ်ထိုက်တဲ့ မိန်းကလေးဖြစ်တယ်။ စစ်သူရဲကောင်းတစ်ဦိးဖြစ်တဲ့ ထန်လိုခိတောင် သူမခြေရင်းမှာ ခစားရမယ့် အရည်ချင်းကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဟီဒယ်နဲ့သားတော် အပြန်လှန်စိတ်ဝင်စားပေမယ့် ဖူးစာမပါခဲ့ရင် အတူမနေနိုင်ဘူး သားလေးရယ်။ ဟီဒယ်ကို မေ့လိုက်ပါ။ ဘေးက မီဒယ်ရဲ့ အလှကိုမြင်အောင်ကြည့်လိုက်ပါ။ ”

 

ဝူမိဖုရားကြီးဂွမ်ချီက သားတော်ကို စိတ်ထဲမှလှမ်းပြီးနှစ်သိမ့်ပေးနေလိုက်သည်။ မိခင်တစ်ယောက်ဖြစ်လို့ ထန်လိုခိနှင့် ဟီဒယ် လက်ချင်းချိတ်လာသည့် မြင်ကွင်းက သားတော်၏ စိတ်ကို မည်မျှထိခိုက်သွားစေသည်ကို သိလို့ ရင်မှာမချိအောင်ဖြစ်မိသည်။ သို့သော်တိုင်းပြည်ကို နှစ်ပေါင်းများစွာ ဦးဆောင်လာသည့် မိဖုရားကြီးဖြစ်သဖြင့် ဖြစ်သင့်တာနှင့် ဖြစ်ချင်တာကို ခွဲခြားထားလိုက်သည်။ နှလုံးသားနာကျင်ရသော်လည်း သားတော်၏ အသက်ဘေးကို ခြိမ်းခြောက်နိုင်သည့် မိန်းကလေးနားကို မိမိဘယ်နည်းနှင့်မှ သွားခွင့်မပေးနိုင်ပါ။

 

လျံမင်းကြီးနှင့်မိဖုရားကြီးသည် တူတော်ထန်လိုခိနှင့် လက်ချင်းချိတ်ကာ ဦးတည်လာနေသည့် သမီးတော်ကိုကြည့်ပြီး ကျေနပ်စွာပြုံးနေမိသည်။ သမီးတော်သည် အရည်ချင်းရှိကြီးပျင်းလာသည့်အပြင် လှပတင့်တယ်လို့လည်းနေသည်။ တူတော် ထန်လိုခိက ဟီဒယ်ကို မည်မျှမြတ်နိုးသည်က မျက်နှာတွင်ထင်ဟပ်နေသည်ကိုတွေ့တော့ မိမိတို့လျံတိုင်းပြည်ကို သွေးချောင်းစီးမည့် ဘေးမှ ကာကွယ်ပေးမည့်သူက ထန်လိုခိဖြစ်သည်ကို လျံမင်းကြီးသေချာသိလိုက်သည်။ ဒါကြောင့် သမီးတော်ကြီးကို တူတော်မောင် ထန်လိုခိနှင့် လက်ဆက်ပေးဖို့ဆုံးဖြတ်လိုက်သည်။

 

ထန်မိဖုရား အီလီနာသည် သားတော်နှင့်တူမတော်အတူယှဉ်တွဲလာသည်ကိုတွေ့သော် တူမတော်ကို မွေးကတည်းက ဖြစ်ချင်သည့် ဆန္ဒမကြာခင်ပြည့်တော့မည်ကိုသိသဖြင့် ကျေနပ်စွာပြုံးရင်း နံဘေးမှာ ယောက်မတော် မိဖုရားခေါင်ကြီးကို လှမ်းပြောလိုက်သည်။

 

“အစ်မတော် ..တွေ့လား… ညီမတော်ရဲ့ တူမတော်လေးက သားတော်နဲ့ဘယ်လောက်လိုက်ဖက်တယ်ဆိုတာ။ ပြီးတော့ သားတော်က ဟီဒယ်လေးမွေးကတည်းက နောင်တချိန် သူ့မိဖုရားက ဟီဒယ်ကလွဲပြီး ဘယ်သူမှ မဖြစ်ရဘူးလို့ပြောထားတာ။ သားတော်အတွက် မွေးဖွားလာသလိုပါပဲ အစ်မတော်ရယ်။ ဟီဒယ်လေးကို ခုလို အရည်ချင်းရှိရှိကြီးပျင်းလာအောင် သွန်သင်ပေးလို့ အစ်မတော်ကို အရမ်းကျေးဇူးတင်တာပဲ..”

 

လျံမိဖုရားခေါင်ကြီးက ပြုံးရုံသာပြုံးလို်က်သည်။ သမီးတော်ဟီဒယ်က မီဒယ်နှင့်စကားလက်ဆုံကျနေသည့် မင်းသားဂျူဒါအမ်းဘက်ကို အကြည့်တစ်ချက်ဝေ့လိုက်စဉ် မျက်ဝန်းရိပ်ထဲ ၀မ်းနည်းရိပ်စွန်းထင်းသွားသည်ကို တွေ့လိုက်တော့ သမီးလေးကို မွေးဖွားထားသည့် မိခင်ပီပီ သမီးတော်ချစ်သည့်သူက ဘယ်သူဆိုတာ တန်းသိလိုက်ပြီး ၀မ်းနည်းသွားမိသည်။ မိမိတို့တိုင်းပြည်၏လက်ရှိအခြေနေအရ သမီးတော်လေးက ထန်မင်းသားကိုလက်ထပ်ရုံကလွဲပြီး အခြားနည်းမရှိသည်ကို သိနေသဖြင့် ယောက်မတော် အီလီနာ၏ စကားကိုပြုံးကာငြိမ်နေလိုက်သည်။

 

သို့သော် နံဘေးမှ မီဒယ်၏ မယ်တော်ဒုတိယ မိဖုရားက ယောက်မတော် အီလီနာကို မေးလိုက်သည်။

 

“ညီမလေးရဲ့ သားတော်က ဟီဒယ်ကို မိဖုရားမြောက်မယ်ဆိုတော့ ဘယ်နှစ်ယောက်မြောက်မိဖုရားဖြစ်မလဲ မသိဘူးနော်။ တူတော်မောင်ထန်လိုခိဆီမှာ အတိုင်းတိုင်းအပြည်ပြည် မြို့ပြနိုင်ငံငယ်တွေက ဆက်သတဲ့ မိဖုရားနဲ့ကိုယ်လုပ်တော်ချည်းကို အယောက် ၂၀ ကျော်တယ်လို့ ကြားတယ်။ ဟုတ်တယ်မလား ညီမတော် အီလီနာ..”

 

အီလီနာသည် ဒုတိယမိဖုရားကို စူးရဲစွာကြည့်ကာ ပြုံးပြီးအထက်စီးဖြင့်ဖြေလိုက်သည်။

 

“ဟီဒယ်က မိဖုရားမဟုတ်ဘူး ယောက်မတော်ရဲ့။ သူက ဧကရီဘုရင်မဖြစ်မယ့်သူ။ သားတော်ရဲ့မြတ်နိုးချင်းကို ခံယူရတဲ့ တိုင်းပြည်ရဲ့မိခင် ဧကရီဘုရင်မ..”

 

လျံမင်းကြီးက ချောင်းဟန့်ကာ စကားဝိုင်းကိုဟန့်လိုက်သည်။
 

“ကဲ..ကဲ.. တော်ကြတော့။ အီလီနာက ဟီဒယ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ အကိုတော်သိတယ်။ တူတော်မောင်က

ဟီဒယ်ကို ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ချစ်မြတ်နိုးတယ်ဆိုတာလည်း သိပါတယ်ကွယ်..”

 

အီလီနာသည် အကိုတော်၏ စကားကြောင့် မိိမိတို့လိုချင်တာကိုရလိုက်ပြီဆိုတာသိရပြီး ပြုံးပျော်သွားတော့သည်။

ဟီဒယ်ကတော့ လူကြီးတွေ ဘာကိုပြောပြီး သဘောကျရယ်မောနေသည်ကို မသိပေ။ ခမည်းတော်၊ မယ်တော်ကိုအရိုသေပြုပြီး အရီးတော်အီလီိနာနှင့် ၀ူတိုင်းပြည်မိဖုရားကြီးဂွမ်ချီကို အရိုသေပြုကာ နုတ်ဆက်လိုက်သည်။ ထို့နောက် အကိုတော်ထန်လိုခိနှင့်အတူ အခြားလူငယ်များကြားကိုပြန်လာခဲ့သည်။ ထန်လိုခိသည် ဂျူဒါအမ်းရှေ့ ဟီဒယ်လက်ကို တွဲချိတ်ခွင့် ရသဖြင့် စိတ်လက်ကြည်သာနေသည်။

 

ဆူမီရာသည် ကီလာတိုင်နှင့်အတူ နန်းတော်သားလေးပမာ မင်းသား၊ မင်းသမီးများကြား ဥဒဟိုသွားလာ အလုပ်ကျွေးပြုရင်း အခြေနေကိုစောင့်ကြည့်နေသည်။ အားလုံး၏ထင်မြင်ချက်အရ နောင်တော်ထန်လိုခိနှင့် ဟီဒယ်ကို သဘောတူနေပြီး မီဒယ်ကို နောင်တော်ဂျူဒါအမ်းနှင့် သဘောတူနေသည်ကို ကြားသိလိုက်ရသည်။

 

“ဘာတွေသက်ပြင်းချနေတာလဲ..ဆူမီရာရဲ့.. ”
 

“ဟီဒယ်က အကိုတော်ဂျူဒါအမ်းကို ချစ်နေတာကိုသိလို့ စိတ်မကောင်းလို့ပါ…”
 

“အင်းလေ… မင်းသမီးတစ်ပါးဖြစ်လို့ နှလုံးသားထက် တိုင်းပြည်ရေးကို ဦးစားပေးပြီး အထောက်အကူဖြစ်မည့်သူကို လက်ထပ်ရတာ မထူးဆန်းတော့ပါဘူး။ ဒါက မင်းမျိုးမင်းနွယ်ကို သင့်နေတဲ့ကျိန်စာပဲ။ ”
 

“အာဏာရှိတဲ့သူတွေက အာဏာကိုသုံးပြီး သူတို့လိုချင်တဲ့သူကို မတရားယူကြတာပဲ။ မုန်းစရာကောင်းလိုက်တာကွာ…”

 

ထိုစကားကိုကြားသော် ကီလာတိုင်၏ မျက်လုံးများနီရဲတက်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။ ဆူမီရာသည် ကီလာတိုင်ထံမှ စကားပြန်မရသဖြင့် လှည့်ကြည့်လိုက်မှာ မျက်ဝန်းထဲမှ မျက်ရည်ကြည်တချို့ရစ်ဝဲနေသည်ကို တွေ့သော် မိမိစကားမှားသွားသလားဟု ပြန်တွေးမိလိုက်သည်။ မိမိပြောလိုက်သည့် စကားက ကီလာတိုင်ကို နာကျင်သွားစေ သည်ကိုသိတော့ ကီလာတိုင်၏ လက်ကို ဆွဲကာ ပွဲခင်းထဲမှ အမြန်ထွက်လာခဲ့ပြီး လူရှင်းသည့် ကန်တစ်ဖက်ကိုလာခဲ့သည်။ ကီလာတိုင်က အသက်မပါသူလို ဆူမီရာဆွဲခေါ်ရာနောက်ကို ပါလာခဲ့သည်။

 

ကီလာတိုင်၏ မျက်ဝန်းထဲတွင် အာဏာရှင်လူကြမ်းကြီး၊ သူများမယားကို အတင်းသိမ်းပိုက်ထားသည့် လူရိုင်းကြီးအဖြစ် လူတိုင်း မုန်းတီးရွံရှာသည့် ခမည်းတော်၏ အစိတ်စိတ်အမွှာမွှာကွဲကြေနေသည့်နှလုံးသားကို ပြန်သတိရပြီး နာကျင်သည့် စိတ်က ပိုတိုးလာခဲ့သည်။ မယ်မယ်။ ချောမောလှပလွန်းသည့် မယ်မယ့်အချစ်ကိုသာရမည်ဆိုလျှင် အသက်စွန့်ဖို့တောင် ၀န်မလေးသည့် ခမည်းတော်၏နှလုံးသာကို မယ်မယ်က သိသော်လည်းစိတ်လှုပ်ရှားခြင်းကင်းစွာဖြင့် လျစ်လျူရှုခဲ့သည်။

 

မယ်မယ့်ကိုပိုင်ဆိုင်ထားပြီး မယ်မယ်၏လျစ်လျူရြှုခင်းကို နေ့စဉ်အပြစ်ပေးခံရသူပမာ ခံနေရသည့် အာဏာရှင် လူကြီးကြီး၏ အသည်းကွဲခန်းကို မည်သူနားလည်ပေးနိုင်ပါ့မလဲ။ မိမိတို့ တိုင်းသူပြည်သားများ၏ မျက်ဝန်းထဲမှာပင် ခမည်းတော်က သူများ မိန်းမကိုလုယူသည့် လူယုတ်မာတစ်ယောက်ဖြစ်သည်ကို သိရတော့ ကီလာတိုင် နာကြည်းမိသည်။

 

ပြီးတော့ မချစ်မနှစ်သက်သည့် ယောကျာ်းတစ်ယောက်နှင့် ပေါင်းသင်းဆက်ဆံပြီး မွေးဖွားလာသည့် မိမိကိုလည်း မွေးကတည်းက မယ်မယ်ဘယ်လောက် မုန်းတီးရွံရှာလိမ့်မလဲ၊ မိမိကို ပြုစုပျိုးထောင်ရင် မိမိမျက်နှာကိုမြင်တိုင်း ခွဲခွာလိုက်ရသည့် ချစ်လင်နှင့်ချစ်သားကြီးကို ပြန်သတိရလိမ့်မည်။ မယ်မယ် မိမိကို ဘယ်လောက်မုန်းတီးလိုက်မည်နည်း။ ထိုအတွေးက ကီလာတိုင်ကို လက်ရှိအခြေနေကိုမေ့လျော့ပြီး အတိတ်က နာကျင်မှုထဲကိုနစ်သွားစေသည်။
 

“ကီလာတိုင်…ကီလာတိုင်…. သတိထားဦးလေ…”

 

ဆူမီရာက ကီလာတိုင်ကို ပါးပြင်ကို လက်နှင့်ခပ်ဆတ်ဆတ်ပုတ်လိုက်သော်လည်း ကီလာတိုင်က သူ့ကိုမမြင်သည့် မျက်ဝန်းနှင့်စိုက်ကြည့်ကာ နာကျင်စွာပြောလိုက်သည်။
 

“ငါ့ခမည်းတော်က လူယုတ်မာ မဟုတ်ပါဘူး။ သူချစ်တဲ့ မိန်းမရဲ့လျစ်လျူရှုမှုကို ခံနေရတဲ့ အချစ်ကြီးတဲ့လူတစ်ယောက်ပါ။ ငါ့ခမည်းတော်ကို လူယုတ်မာလို့ မပြောလိုက်ပါနဲ့…”

 

ဆူမီရာသည် နဖူးမှ ချွေးပေါက်ကြီးများစို့ကာ မျက်နှာတပြင်လုံးနီရဲတက်လာသည့် ကီလာတိုင်ကို မြင်သော် ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုကြောင့် အသိစိတ်ထိန်းချုပ်မှုလွှတ်သွားသည်ကို သိလိုက်ပြီး အမြဲဆောင်ထားသည့် ရွှေအပ်ကိုယူပြီး နဖူးပြင်မှ အကျောတစ်နေရာကို ထိုးစိုက်လိုက်စဉ် ကီလာတိုင်ပျော့ခွေကျသွားတော့သည်။ ဆူမီရာက ဆီးဖမ်းထားပြီး သက်ပြင်းရှိုက်လိုက်မိသည်။ ကီလာတိုင်တွင် မိမိမသိသည့် စိတ်ဒဏ်ရာများရှိပုံရသည်။ ဒီဒဏ်ရာကြောင့် သူ့တိုင်းပြည်မှ မနေနိုင်ပဲ ထွက်ခွာလာသည်ကို သိကာ ကီလာတိုင်၏မျက်နှာကို သနားကြင်နာစွာငုံ့ကြည့်လိုက်မိသည်။

 

ဆူမီရာနှင့် ကီလာတိုင်တို့ထွက်ခွာပြီးနောက် လျံမင်းကြီးက ဂုဏ်ပြုညစားစားပွဲလုပ်ရခြင်းအကြောင်းကို ပြောပြီးနောက် ၀ူတိုင်းပြည်မင်းသားနှင့် သမီးတော်မီဒယ်ကို လက်ထပ်ထိမ်းမြားပေးမည့် သတင်းကိုကြေငြာလိုက်သည်။

ထိုသတင်းကိုကြားသော် ဟီဒယ်၏ လက်များအေးစက်သွားပြီး အကိုတော် ထန်လိုခိကို တွဲထားသည့်လက်မှ ပြုတ်ကျသွားခဲ့သည်။ နောက်ထပ် ခမည်းတော်ကြေငြာသည့် ကြေငြာချက်က မိမိဝိဥာဉ်ကို ဆွဲနူတ်သွားသလိုပင်။
 

“သမီးတော် ဟီဒယ်ကို တူတော်မောင်ထန်လိုခိနဲ့ လက်ထပ်ထိမ်းမြားပြီး တိုင်းပြည်နှစ်ပြည်ရဲ့ ချစ်ကြည်ရေးပိုမို ခိုင်မြဲအောင်လုပ်ဆောင်မည်..”

 

ထိုကြေငြာချက်အဆုံး ဟီဒယ် ပွဲခင်းထဲမှ ချာခနဲလှည့်ထွက်သွားခဲ့သည်။ ထန်လိုခိက ဟီဒယ်၏ လက်ကိုလှမ်းဆွဲလိုက်သော်လည်း ဟီဒယ်က လက်ကို ခါချကာ ထွက်သွားတော့သည်။
 

“ဟီဒယ်…”
 

“ဟီဒယ်ကို အချိန်နည်းနည်းပေးလိုက်ပါ သားတော်… သူ အဖြစ်မှန်ကို လက်ခံဖို့ အချိန်လိုတယ်…”

 

မယ်တော်၏ စကားကြောင့် ထန်လိုခိ သည် ဟီဒယ်၏ ကျောပြင်ကို နာကျင်စွာငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။ မိမိလက်ကို ဟီဒယ် ခါချခဲ့သည်။ မိမိကို ဟီဒယ်လုံးဝ လက်မထပ်ချင်သည်ကို သိလိုက်ရတော့ ထန်လိုခိ ကြေကွဲသွားသည်။
 

“မယ်မယ်… ဟီဒယ်က သားတော်ကို မချစ်ဘူး…”
 

“သူ့ကိုအချိန်ပေးလိုက်ပါ သားတော်။ သူ့နှလုံးသားရဲ့ အတွင်းပိုင်းက သူတကယ်ချစ်တဲ့သူကို သူ့ဖာသာရှာတွေ့လာရင် သားတော်ကို သူနားလည်လက်ခံလာလိမ့်မယ်… ဒါနဲ့… မင်းရဲ့ ကိုယ်လုပ်တော်တွေ၊ မိဖုရားငယ်တွေက ဟီဒယ်ကို မျက်လုံးတော် မော်မကြည့်စေနဲ့နော်။ မယ်မယ်ကြိုပြောထားမယ်။ ဟီဒယ်ကို စိတ်ဆင်းရဲအောင် လုပ်တဲ့သူကို မယ်မယ်ကိုယ်တိုင် လက်စတုံးပစ်မယ်…”
 

ထန်လိုခိ ခေါင်းသာငြိမ့်လိုက်သည်။ ပွေရှုပ်တဲ့အတွက် မိန်းမလှလေးများကို တော်ကောက်ထားမိသည့် အဖြစ်ကို ပထမဆုံး နောင်တရမိသည်။ ဟီဒယ် မိမိကို အမြဲဝေဖန်ရှုံ့ချခဲ့သည်ကို နားမ၀င်ခဲ့ပေ။ မိမိစိတ်က ဟီဒယ်ကို စွဲစွဲလမ်းလမ်းချစ်နေတာပဲ။ နောက်တချိန် ဟီဒယ်သာ ဧကရီဘုရင်မဖြစ်စေရမည်။ မိမိသွေးသားတောင့်တမှုပြေငြိမ်းရန် ဖြည့်ဆည်းပေးသည့် မိန်းကလေးများက မိမိချစ်သည့်အချစ်ကို အနှောက်ယှက်မဖြစ်နိုင်ဟု တွေးကာ ပွေခဲ့သည့်အကျိုးဆက်က ဟီဒယ် မိမိကို ငြင်းရသည့် အကြောင်းရင်းများလားဟုတွေးကာ သက်ပြင်းရှိုက်လိုက်မိသည်။

 

ဟီဒယ်သည် မိမိနန်းဆောင်ကို ပြန်လာပြီး သလွန်ပေါ်မှောက်ကာ ငိုကြွေးမိသည်။ အသံမထွက်အောင် လက်ဖျံကိုကိုက်ထားပြီး သည်းသည်းထန်ထန်ကိုငိုရှိုက်မိစဉ် ခေါင်းပေါ်အသာလေး သပ်လာသည့်လက်ကြောင့် မော့ကြည့်လိုက်စဉ် မယ်မယ့်ကိုတွေ့တော့ မယ်မယ့်ရင်ခွင်ထဲ တိုးဝင်ကာမျက်နှာဝှက်ပြီး ၀မ်းနည်းပမ်းနည်းငိုလိုက်သည်။

 

မိဖုရားကြီးသည် သမီးလေးကို ဖက်ထားပြီး စကားတစ်ခွန်းမှ မပြောပဲ အားရအောင် ငိုပြီးသည်အထိစောင့်ပေးနေသည်။ ဟီဒယ်သည် မယ်မယ့်ရင်ခွင်ထဲတွင် တဖြည်းဖြည်းငြိမ်သက်လာခဲ့သည်။ နောက်ဆုံးမယ်မယ့်ကို မေးလိုက်သည်။

 

“မယ်မယ်.. ဒီလက်ထပ်ခြင်းက တိုင်းပြည်တာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလားဟင်…”
 

“ဟုတ်တယ် သမီး။ တော်ဝင်မင်းသမီး တစ်ယောက်ဖြစ်လာပြီဆိုရင် သူတို့ချစ်တဲ့သူနဲ့ ရွေးချယ်လက်ထပ်ခွင့်ဆိုတာ မရှိတော့ဘူး။ ”
 

“သမီးလေ.. တစ်ခါလောက် ချစ်တဲ့သူလက်ကို ဆုပ်ကိုင်ဖူးချင်တယ် မယ်မယ်။ တစ်ခါလောက် ချစ်သူ့ကျောပြင်မှာ

မျက်နှာအပ်ကြည့်ဖူးချင်တယ်… တစ်ခါလောက် ချစ်ရတဲ့သူဆီက ကိုယ့်ကိုချစ်ကြောင်းလေးပြောတာကို ကြားဖူးချင်မိတယ်…”

 

ဟီဒယ်သည် မယ်မယ့်ကို စိတ်ထဲရှိသည့်အတိုင်း ဖွင့်ပြောလိုက်မိသည်။ အစ်ကိုတော်ဂျူဒါအမ်း၏ လက်က ဘယ်လိုနေမလဲ၊ မိမိလက်ကို ဆုပ်ကိုင်ထားသည့် သူ့လက်က မြဲမြံနေမလား။ တင်းနေအောင် ဆုပ်ကိုင်ထားမလား၊ အမြဲ စုတ်တံပဲကိုင်ထားသည့် သူ့လက်က နူးညံ့နေမှာသေချာသည်။ ပြီးတော့ အကို့ကျောပြင်မှာ ပါးအပ်ပြီး မျက်လုံးမှိတ်ထားရင်း အကို့နှလုံးခုန်သံကို နားထောင်ချင်သည်။ အကို့ပူနွေးတဲ့ကျောပြင်ကနေ ဖြာထွက်လာမယ့် ကဗျာတွေကို ခံစားကြည့်ချင်သည်။ နောက်ဆုံး အကိုမိမိကို စိုက်ကြည့်ပြီး ဘယ်လောက်မြတ်နိုးသည်ကို ဖွင့်ဟပြောသည်ကို တစ်ခါလောက် ခံယူချင်မိသည့်စိတ်က တကိုယ်လုံးကိုပျံ့နှံ့ပြီး နာကျင်မှုက တိုးလာခဲ့သည်။ မဖြစ်နိုင်တော့ပါ။ ဘယ်တော့မှ မဖြစ်နိုင်တော့ပါ။ မိဘစကားနားထောင်သည့် အကိုတော် ဂျူဒါအမ်း၏ ချစ်စကားသည် မီဒယ်အတွက်ပဲဖြစ်ပါလိမ့်မည်။

 

“သူ့ဆီက ချစ်စကားကိုသာ နားထောင်မိရင် သမီးလေး ဒီထက်ပိုပြီးနာကျင်ရလိမ့်မယ်… အခုလို ခွဲရတာ ပိုကောင်းပါတယ်ကွယ်…”
 

“ဟင့်အင်း… သူ့ဆီက စကားတခွန်းလောက်ကြားရရင် သမီးရှေ့ဆက်တဲ့ ဘ၀ခရီးကို တည်တည်ငြိမ်ငြိမ် ဆက်သွားနိုင်မှာ သေချာတယ်… ”
 

“မယ်မယ် အဲ့လို စကားတစ်ခွန်းကို နားထောင်ခဲ့မိလို့ အမြဲတမ်းနာကျင်ခဲ့၇တာကို သမီးမှ မသိပဲကွယ်… ”

 

ဟီဒယ်သည် မယ့်မယ့်စကားကြောင့် အံ့အားသင့်ကာ မော့ကြည့်လိုက်မိသည်။ မယ်မယ့်တွင် ချစ်ရသူရှိခဲ့သလား။ မိဖုရားကြီးသည် ဟီဒယ်၏ ခေါင်းလေးကိုပွတ်သပ်ပေးပြီး တစ်သက်လုံးမျိုသိပ်ထားသည့် ဝေဒနာကို တည်ငြိမ်စွာလှစ်ဟကာ သမီးကို ပြောပြခဲ့သည်။
 

“မယ်မယ့်အချစ်ဦးက နန်းတွင်းထဲက စာဆိုတော်လေး။ ယဉ်ကျေးသိမ်မွေ့တယ်။ ကဗျာ၊ စာပေမှာပါရမီပါတယ်။ သဘာဝအလှတရားကို ကဗျာမှာပါအောင် ဖွဲ့နွဲ့နိုင်ပြီး တိုင်းပြည်တ၀ှမ်းက လူငယ်တွေကို စာပေတတ်မြောက်အောင် လွယ်ကူတဲ့ စာပေကျမ်းဂမ်တွေကို ပြုစုနိုင်တဲ့သူ။ မယ်မယ်က ခမည်းတော်အမိန့်နဲ့ သမီးတော်တို့ ခမည်းတော်နဲ့ လက်ဆက်ရတဲ့အချိန် မယ်မယ်နဲ့သူ့ရဲ့ချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အချိန်ပဲ။ မယ်မယ်က သူ့ကိုအချစ်အားလုံး ပေးခဲ့ပေမယ့် သမီးရဲ့ခမည်းတော်ကို လက်ထပ်ကိုလက်ထပ်ရမယ်ဆိုတာသူ့ကို အသိပေးလိုက်တယ်။ သူ့လက်ကို မယ်မယ့်ပါးပြင်မှာ အပ်ပြီး မျက်ရည်ကျခဲ့တယ်။ သူ့မျက်ရည်တွေက မယ်မယ့် ပုခုံးပေါ်စက်စက်ကျခဲ့တယ်။ နောက် မယ်မယ် သူ့ကိုကျောခိုင်းပြီး သမီးရဲ့ခမည်းတော်နဲ့လက်ထပ်ခဲ့တယ်။ ဒီနာကျင်မှုက နှလုံးသားအောက်ခြေမှာ အနည်ထိုင်ပြီး ဘယ်တော့မှ မပျော်စေတော့ဘူး။ သမီးခမည်းတော်ကို မယားကောင်းတစ်ယောက်ဖြစ်အောင် ပြုစုလုပ်ကျွေးပေးခဲ့ပေမယ့် နောက်ထပ် အချစ်ဘယ်တော့မှ မပေါ်လာတော့ဘူး … မယ်မယ့် သမီးလေးကို ခုလို မဖြစ်စေချင်ဘူးကွယ်.. ဒါကြောင့် ဂျူဒါအမ်းကို မေ့လိုက်ပါတော့…”

ဟီဒယ်သည် မယ်မယ့်စကားကြောင့် ပါးပြင်ပေါ် မျက်ရည်စက်များ အဆက်မပြတ်ကျဆင်းလာပြန်သည်။ မယ်မယ့် စေတနာကို နားလည်သည်။ ဒါကြောင့် ခေါင်းငြိမ့်လိုက်မိစဉ် နာလွန်းသည့် အသည်းနှလုံးက မိမိကို အသေသတ်တော့မလားဟုပင် ထင်လိုက်မိသည်။

 

-----------------------------------


 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet