စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (39)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (39)


ယေစုကိုင်းသည် ရုမာသီနှင့် စကားအနည်းငယ်ပြောပြီးနောက် သားတော်၏အစီစဉ်ကိုလက်ခံလိုက်သည်။ တင်ဂီရိသည် ချူလူလူကိုခေါ်သွားရန် ပင်လယ်ဖိုးဖိုးကို ခွင့်တောင်းသည်။ ပင်လယ်ဖိုးဖိုးသည် တင်ဂီရိ၏အစွမ်းကိုယုံကြည်သူဖြစ်သဖြင့် မြေးလေးကို တိုက်ပွဲအတွေ့အကြုံအကောင်းဆုံးရနိုင်သည့် အခွင့်အရေးကိုပေးသဖြင့် ကျေးဇူးတင်စွာဖြင့်ထည့်လိုက်သည်။ ချူလူလူက နောင်တော်တင်ဂီရိ၏ နောက်တော်ပါးအနေဖြင့် ထပ်ချပ်မကွာလိုက်ရသဖြင့် စစ်ရေးနှင့်ပတ်သတ်သည့် အစည်းဝေးများစွာကိုလည်း သိမြင်ရသည်။ တိုက်ပွဲတစ်ခုအတွက် ဘယ်လောက်ပြင်ဆင်ရသည်ကိုလည်း သေချာသိလာသည်။ ဒ့ါအပြင် ရုမာသီနှင့်လည်း အထိတွေ့ပိုများလာခဲ့သည်။

 

“မင်း မအိပ်သေးဘူးလား ချူလူလူ.. အိပ်တော့လေ။ညနက်လှပြီ။”
 

“နောင်တော့်ကိုစောင့်နေတာ… နောင်တော်လည်း ပင်ပန်းနေပြီ။ ကနေ့ နားလိုက်ပါတော့…”
 

“နောင်တော်မအိပ်ချင်သေးဘူး။ မင်းအိပ်နှင့်။ နောင်တော်က အကျင့်ပါနေပြီ။ တိုက်ပွဲထဲမှာဆိုရင် တလကျော်လောက် ကျောမခင်းပဲ မှေးရုံနဲ့နေခဲ့လို့ တိုက်ပွဲကိုအသာစီးရခဲ့တာများတယ်၊ မင်းက အခုမှအစရှိသေးတယ်။ အိပ်ဦး။ မနက်ဖြန် ရုမာသီနဲ့ မင်းကိုထည့်လိုက်မှာ.. ကျွန်းပေါ်ကိုစုံစမ်းတဲ့အချိန် မင်းကိုလိုက်သွားခိုင်းမလို့.”

 

မိမိကိုယုံကြည်စွာအလုပ်ခိုင်းမည်ဆိုသောကြောင့် ချူလူလူဝမ်းသာသွားသည်။ နောင်တော်နောက်ကိုလိုက်လာခဲ့တာ တစ်ပတ်ကျော်ခဲ့ပြီ။ ယခုထိ နောင်တော်ရဲ့လက်တိုလက်တောင်းဘ၀မှာ အနီးကပ်ပညာယူဆဲဖြစ်သော်လည်း အခြားသူများကို တာဝန်ပေးလျှင် ချူလူလူ အရမ်းကိုအားကျသည်။ သို့သော် မိမိအရည်ချင်းမပြည့်သေးသဖြင့် တာဝန်ပေးပါဟုနောင်တော်ကို မတောင်းဆိုဝံ့ပဲ ငြိမ်နေရသည်။ အနီးကပ်နေရမှ နောင်တော်တင်ဂီရိ ဘာကြောင့်လူငယ်စစ်ဘုရင်ဟု နာမည်ကြီးသည်ကို သိတော့သည်။

 

နောင်တော်တင်ဂီရိသည် တစ်ညလျှင် အိပ်စက်ချိန်မရှိသလောက် တိုက်မယ့်နေရာသည့် အနေထားကိုတိုင်ပင်ဆွေးနွေးပြီး တစ်ညလုံး စစ်ရေးဗျူဟာကို ထောင့်စေ့အောင်ထိုင်စဉ်းစားနေတတ်သည်။ အဖြေမရမချင်း အိပ်လည်းမအိပ်ပဲအလုပ်လုပ်လေ့ ရှိသည်။ ရုမာသီလည်းနောင်တော်၏ အမေးကိုစေ့စပ်စွာဖြေကြားရသည်။ သူတို့နှစ်ယောက်တွဲပြီး ကျွန်းပေါ်ကို မကြာခဏတက်သွားတတ်သည်။ တကယ်တော့ ချူလူလူတို့ ရေတပ်ကြီးက ခပ်လှမ်းလှမ်းကျွန်းတွင်ဆိုက်ပြီး သတင်းကို စုံစမ်းနေခြင်းဖြစ်သည်။ ရုမာသီတို့ တိုင်းပြည်ကို ဓါးပြအနွယ်များက ၀ို်င်းထားသဖြင့် ထိုးဖောက်ကာ နှီမ်နှင်းမည့်အရေးကို အလေးနက်ထားလုပ်ဆောင်နေရခြင်းဖြစ်သည်။ချူလူလူ ဂုဏ်ယူမိသည့်အချက်က ပထမဆုံးကျွန်းမကြီးပေါ် လျှို့ဝှက်စုံစမ်းရမည့် အဖွဲ့ထဲလိုက်ပါခွင့်ရသောကြောင့်ဖြစ်သည်။

 

တင်ဂီရိသည် ချူလူလူသွားခါနီးတွင် အချက်ပြမီးကျည်ကိုပေးလိုက်ပြီး သေချာမှာကြားသည်။

 

“အတင့်မရဲနဲ့၊ ရုမာသီရဲ့စကားကို သေချာနားထောင်။ သူက သတ်ဆိုရင်သတ်၊ ပြေးဆိုရင်ပြေး။ မင်းနောက်ကိုရန်သူတွေ ၀ိုင်းလိုက်လာရင် အသက်ဘေးလွတ်အောင်ပြေး။ ချောင်ပိတ်မိနေပြီ လွတ်လမ်းမရှိတော့ဘူးဆိုမှ ဒီမီးကျည်ကိုဖောက်၊ တခု မှတ်ထားရမှာက သေရေးရှင်ရေး မဟုတ်ရင် မဖောက်နဲ့။ ဒီဟာကိုဖောက်လိုက်ရင် ရန်သူတွေကငါတို့ရောက်နေတာကို သိသွားပြီး အားလုံးဆုတ်ခွာသွားလိမ့်မယ်။ ”
 

ချူလူလူသည် နောင်တော်တင်ဂီရိကို အလေးနက်ကတိပေးလိုက်ပြီး ရုမာသီမင်းသားနောက်ကိုလိုက်လာခဲ့သည်။ ရုမာသီကိုလည်း နောင်တော်သေချာမှာကြားထားသဖြင့် မိမိကို သူ့အနားက မခွာစေပဲကပ်လိုက်ခိုင်းသည်။ ရုမာသီသည် တကယ့်ကို နယ်မြေကျွမ်းကျင်လွန်းလှသည်။ ဓါးပြအဆက်နွယ်လူမျိုးစုများကြားရှောင်ပုန်းပြီး တရွေ့ရွေ့နှင့် သူတို့လူမျိုးစု၏ မြို့ထဲကို ရအောင်ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

 

အသားညိုညို၊ ကိုယ်လုံးကျစ်ကျစ်နှင့် ရယ်ရွှင်ရိပ်လွှမ်းသည့် ရုမာသီမင်းသားသည် ငွေတောင်တွင် ပညာသင်ကြားစဉ်က အခြားမင်းသမီးများသာမက၊ မင်းသားများအကြားလည်း ကျော်ကြားသူဖြစ်သည်။ ဂရုစိုက်တတ်ပြီး ထက်မြက်သည့် ရုမာသီမင်းသားကိုကြည့်ပြီး မိမိနောင်တော်များနှင့်ယှဉ်ကြည့်ကာ မိမိနောင်တော်သာဖြစ်လိုက်ပါတော့ဟု တွေးမိသည်။ ရုမာသီမင်းသားကို ချူလူလူ တကယ်ကို အားကျမိသည်က သူလည်းပင်လယ်နှင့်ထိစပ်သည့်မျိုးနွယ်ဖြစ်သောကြောင့် ဖြစ်မည်။ ပင်လယ်ကိုချစ်သည့်၊ ပင်လယ်ပျော်လူမျိုးစုကို ယခုမှ အနီးကပ်နေဖူးသဖြင့် ချူလူလူအရမ်းကိုပျော်နေမိသည်။

 

ရုမာသီသည် အာနန်မင်းသားတင်ဂီရိကို ကတိအထပ်ထပ်ပေးပြီးနောက် ချူလူလူကို ခေါ်ဆောင်လာခဲ့သည်။ ဒီမင်းသားလေးကို မျက်လုံးဖွင့်ကြည့်မိကတည်းက ချက်ချင်းမှတ်မိသည်။ ငွေတောင်မင်းသားလေး၏ အချစ်ဆုံးသူငယ်ချင်း၊ ဂီတနတ်ဘုရားလေး။ သူရဲ့စောင်းသံကို မိမိဘယ်လောက်စွဲလမ်းခဲ့သည်ကို သူမသိခဲ့ပါ။ အကြောင်းအမျိုးမျိုးကြောင့် ငွေတောင်ပြည်မှာ တစ်နှစ်နေပြီး ပြန်လာခဲ့သည့်နောက်ပိုင်း ကျောင်းတော်ကြီးနှင့်အတူ ချူလူလူ၏ စောင်းသံကို လွမ်းဆွတ်ခဲ့သည်။ ကံတရားကဖေးမသဖြင့် မိမိအသက်ဘေးမှ ကယ်တင်ခဲ့သူက ချူလူလူဖြစ်နေသည်။ ရုမာသီပျော်လွန်းလို့ ရင်တခုလုံးဗြောင်းဆန်နေတော့သည်။ မိမိတို့ကိုကူညီရန် တင်ဂီရိမင်းသားကိုယ်တိုင် စစ်ချီလာမည်ဆိုသည့်အချိန် ချူလူလူ လိုက်ပါလာစေရန် ရုမာသီ ဆုတောင်းခဲ့သည်။ ပင်လယ်နတ်သမီးဖေးမမှုကြောင့် ချူလူလူလည်း အတူပါလာခဲ့သည်။ ပိုကံကောင်းသည့်အချက် မိမိတို့ရှေ့ပြေးသွားတော့ ချူလူလူကိုထည့်ပေးလိုက်ခြင်းဖြစ်သည်။

 

“ချူလူလူ… မင်း ကျူပ်အနားက မခွာနဲ့။ ဘယ်လိုအကြောင်းပဲတွေ့တွေ့ စိတ်လိုက်မာန်ပါမလုပ်နဲ့..”

 

 

ချူလူလူ ခေါင်းငြိမ့်လိုက်သည်။ နောင်တော်တင်ဂီရိကိုလည်း မိမိကြောင့်အခက်မတွေ့စေချင်ပါ။ ဒါကြောင့် ရုမာသီမင်းသားနှင့် ကပ်လိုက်ပြီး တိတ်တဆိတ်လာခဲ့ကြသည်။ မြို့ရိုးအခိုင်မာဆောက်ထားသည့်နေရာကိုရောက်သော် ချူလူလူက အချက်ပြပြီး တံခါးဖွင့်ခိုင်းမည်ထင်ခဲ့သည်။ သို့သော် ရုမာသီက ဟိုးအနောက်ဘက် လျို့ဝှက်လမ်းမှဝင်ခဲ့သည်။
 

“ဘာဖြစ်လို့ တံခါးရှေ့က မ၀င်တာလဲ…”
 

“ကျူပ်ရဲ့နန်းတော်ထဲမှာ ရန်သူနဲ့ပူးပေါင်းထားတဲ့သူရှိနေတယ်။ ဒါကြောင့် ကျူပ်ပေါ်ပေါ်ထင်ထင်ဝင်လို့မဖြစ်ဘူး..။ ”

 

ချူလူလူနားလည်စွာဖြင့်နူတ်ဆိတ်ကာ သူ့နောက်မှလိုက်လာခဲ့သည်။ ရုမာသီသည် နန်းဆောင်များကိုဖြတ်သန်းပြီး အစောင့်ထူထပ်သည့် အဆောင်ကိုလာခဲ့သည်။ ထိုအစောင့်များက မင်းသားရုမာသီကိုတွေ့သော် အံ့အားသင့်သော်လည်း ဦးညွတ်ကာ လမ်းဖယ်ပေးကြသည်။
 

“ဒါ.. ကျူပ်ခမည်းတော်ရဲ့ အသေခံတပ်သားတွေ။ ခမည်းတော်ရဲ့အမိန့်ကိုပဲနာခံတယ်။ အားလုံးအထဲကိုဝင်ကြ…”

 

ရုမာသီ၏စကားကြောင့် အာနန်အထူးတပ်သား ဆယ်ဦးနှင့် ချူလူလူတို့ နန်းဆောင်ထဲကိုဝင်ခဲ့သည်။
 

“ဘိုးတော်ဘုရား…ခမည်းတော်ဘုရား…ကျွန်တော်ပြန်လာပါပြီ…”

 

ရွှေရောင်အိပ်ယာခင်းထက်တွင် ခေါင်းမွေးဖြူဆွတ်နေသည့် လူအိုကြီးတစ်ဦး လှဲလျောင်းနေပြီး နံဘေးတွင် လူလတ်ပိုင်းတစ်ဦးက ထိုင်စောင့်နေသည်ကိုတွေ့လိုက်သည်။ ချူလူလူသည် ရုမာသီ၏ဘိုးတော်နှင့် ခမည်းတော် မှန်းသိလိုက်သည်။
 

“သားတော်… မင်း သေသွားပြီလို့ သူတို့က နေ့တိုင်းလာပြောတယ်။ ”
 

“ကျွန်တော်သူတို့ထောင်ချောက်ထဲရောက်သွားတယ် ခမည်းတော်ဘုရား။ ဒါပေမယ့် အာနန်ရေတပ်က သားတော်ကို ကယ်တင်လိုက်တယ်။ အခု သားတော်ကို ကူညီဖို့ မင်းသားတင်ဂီရိကိုယ်တိုင် ရေတပ်ကို ဦးဆောင်လာပါပြီ။”
 

“ကောင်းလိုက်တာ။ ပင်လယ်အရှင်မ စောင့်ရှောက်မှုကြောင့်ပဲ။ ခမည်းတော်ဘုရား… မြေးတော်ရုမာသီရောက်လာပါပြီ…”

 

ဝိဇယ မင်းကြီးက ကျွန်းနေလူမျိုးစုပီပီ အသားညိုညိုနှင့် ယောက်ျားပီသခန့်ညားသူတစ်ဦးလည်းဖြစ်သည်။ အိပ်ယာထက်မှ သူ့ခမည်းတော်နားကိုကပ်ပြီး တီးတိုးပြောလိုက်စဉ် မျက်စိမှိတ်နေသော ဘိုးတော်မင်းတရားကြီးက မျက်လုံးဖွင့်ကာ ရုမာသီဘက်ကို လက်ကမ်းလိုက်သည်။

 

“မြေးတော်..”

 

“ဘိုးတော်ဘုရား… မြေးတော် မဟာမိတ်တွေကို ခေါ်လာပါပြီ။ ကျွန်တော်တို့ ၀ိဇယပြည်ကို အရင်လို အင်အားကြီးနိုင်ငံဖြစ်အောင် ပြန်လည်ထူထောင်ပါတော့မယ်…”

 

ဘိုးတော်မင်းကြီးက ရုမာသီကို ပြုံးကာခေါင်းငြိမ့်ပြီး ချူလူလူတို့ဘက်ကို တချက်လှမ်းကြည့်ကာ မြေးတော်ကို တီးတိုးပြောသည်။
 

“မြို့ကို မင်းရဲ့အစ်မတော်မုယောက ထိန်းချူပ်ထားတယ်။ သူ့ကိုဖမ်းမိရင် အသေမသတ်ပါနဲ့။

သူ့အသက်ကိုချမ်းသာပေးလိုက်ပါ။ သူက မင်းရဲ့သွေးရင်းပဲ။ ၀ိဇယမျိုးနွယ်တွေက ကိုယ့်သွေးသားကို ဘယ်တော့မှ မသတ်ဘူး။ ဒီကတိ ဘိုးဘိုးကိုပေးပါ။”

 

ရုမာသီသည် မျက်ရည်ရစ်ဝိုင်းလာသော်လည်း ဘိုးတော်မင်းတရားကြီး၏ စကားကြောင့် ကတိပေးလိုက်သည်။ ရုမာသီ၏ ခမည်းတော်ကတော့ သက်ပြင်းသာချနေသည်။ ခမည်းတော်မင်းကြီးက သူ့အပေါ်သံယောဇဉ်မထားသည့် မြေးမကို တုန်နေအောင်ချစ်ပြီး နောက်ဆုံး ပြစ်မှုကြီးကျူးလွန်ထားသည့်တိုင် အပြစ်မှခွင့်လွှတ်ရန် ရုမာသီကိုမှာကြားနေသည်။

 

ချူလူလူသည် လတ်တလောအခြေနေအရ ရုမာသီ၏ အစ်မတော် မုယောဆိုသည့် အမျိုးသမီးက အတွင်းမှလက်ထောက်ချ သည့်သူဖြစ်မည်ကို သိလိုက်သည်။ မိမိတို့မိသားစုလိုပင် အာဏာကြောင့် မိသားစုသွေးရင်းအချင်းချင်းသတ်ဖြတ်ချင်သည့် သွေးဆာသူများက နေရာတိုင်းမှာရှိသည်ကို စိတ်ပျက်စရာသိလိုက်ရသည်။ ဘယ်တော့များ ချစ်ခြင်းဖြင့် အေးချမ်းသည့် မိသားစုကို လူတိုင်းပိုင်ဆိုင်နိုင်မလဲဟုတွေးမိသည်။ ရုမာသီသည် သူ့ခမည်းတော်နှင့် အကြိတ်အနယ်ဆွေးနွေးပြီးနောက် ချူလူလူတို့ကိုပြောလိုက်သည်။

 

“သွားကြစို့… ခမည်းတော်က အတွင်းကနေပြီး ထိန်းထားပေးလိမ့်မယ်။ ကျုပ်တို့က အပြင်ကနေတိုက်မယ်…”
 

အာနန်လက်ရွေးစင် လူတစ်စုကို ရုမာသီထားခဲ့ပြီး ချူလူလူနှင့်ရုမာသီနှစ်ယောက်တည်းပဲ ပြန်လာခဲ့ကြသည်။ လမ်းတွင် ချူလူလူက သူ့ကိုတီးတိုးမေးလိုက်သည်။

 

“ခင်ဗျားရဲ့အစ်မတော်က အာဏာသိမ်းထားတာလား။”
 

“အင်း..အဲ့သဘောပဲ..သူနဲ့စစ်သူကြီးက ချစ်သူတွေဖြစ်နေတယ်ဆိုတော့ ကျုပ်ကိုဖယ်ရှားပြီး ဘုရင်မလုပ်ဖို့ ရည်ရွယ်နေတာပဲ။ တခုကံကောင်းတာက သူ ဘိုးတော်ဘုရားနဲ့ ခမည်းတော်ကို မသတ်သေးတာပဲ။ သဘောက ကျုပ်ပြန်လာရင် တန်ဆာခံအနေနဲ့ထားနိုင်အောင်လို့ပဲ…”
 

“နောင်တော်တင်ဂီရိရဲ့စစ်တပ်ချိလာရင် ဘယ်လိုလုပ်မလဲ…”
 

“သူ မသတ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘိုးတော်မင်းကြီးက အစ်မတော်ကို အရမ်းချစ်တယ်။ အစ်မတော်လည်း ဘိုးတော်ကြီးရဲ့စကားကိုပဲနာခံတယ်။ ”
 

“အာဏာနဲ့ပတ်သတ်လာရင် လူက ရက်စက်ကြမ်းကြုတ်လာလိမ့်မယ်။ ခင်ဗျား တစ်ခါတည်း ဘိုးတော်မင်းတရားကြီးကို ကာကွယ်ဖို့လိုတယ်… ”
 

“ကျုပ်လုပ်မှာပါ။ အစ်မတော်က ဘိုးတော်နဲ့ခမည်းတော်ကို မထိနိုင်စေရဘူး စိတ်ချပါ…ဒါနဲ့ မင်းက ဘာကြောင့် ကျုပ်အတွက် ဒီလောက်စိုးရိမ်နေတာလဲ…”

 

ရုမာသီက ထူးထူးဆန်းဆန်း စကားအများကြီးပြောနေသည့် ချူလူလူကိုမေးလိုက်သည်။ ချူလူလူက ခဏငြိမ်နေပြီး ပြန်ဖြေခဲ့သည်။
 

“ကျွန်တော့်မယ်မယ်ကိုလည်း ခမည်းတော်ကိုယ်တိုင်က သေပါစေဆိုပြီး ပစ်ထားတာခံရဖူးလို့ပါ။ ဒီလိုမိသားစုအချင်းချင်း သတ်ဖြတ်တာကို ထပ်မမြင်ချင်တော့ဘူး။”

 

ချူလူလူနာကျင်စွာပြောသည်ကိုကြားသော် ရုမာသီစိတ်မှတ်မဲ့ဖြင့် ချူလူလူ၏လက်ကိုဆုပ်ကိုင်ပြီး ကတိပေးလိုက်သည်။
 

“စိတ်ချပါ။ မိသားစုချင်းသွေးမြေကျတာ လုံးဝမဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ အစ်မတော်မုယော ဘယ်လောက် ယုတ်မာပါစေ ကျုပ်သူ့အသက်ကိုချမ်းသာပေးပါ့မယ်..”

 

ရုမာသီ၏ ရိုးသားတည်ကြည်သည့်စကားကိုကြားသော် ချူလူလူနာကျင်သည့်ခံစားချက် အနည်းငယ်သက်သာသွားသလိုပင်။ ဒါကြောင့် သူ့လက်ကိုပြန်ပြီးဆုပ်ကိုင်ထားလိုက်သည်။ နှစ်ဦးသား ကမ်းစပ်ရောက်မှ လက်တွဲဖြုတ်လိုက်ကြသည်။ ရုမာသီကို ချူလူလူရင်းနှီးသည့်ခံစားချက်ဖြစ်လာခဲ့သည်က တူညီသောမိသားစုနောက်ခံကြောင့်ဖြစ်မည်ဟု တွေးလိုက်မိသည်။

 

--------------------------

 

ဆူမီရာနှင့် ကီလာတိုင်သည် မျက်နှာဖုံးစွပ်ပြီး ရေကာတာဘက်ကို သွားစုံစမ်းကြသည်။ ဟီဒယ်ပြထားသဖြင့် နန်းတွင်းမှ ခိုးထွက်ရမည့်အပေါက်ကို သိနေပြီး နှစ်ယောက်သားညဘက်ကြီးလျှို့ဝှက်ထွက်လာခဲ့သည်။ ထန်လိုခိ၏လူများက အရှေ့ပေါက်မှစောင့်နေစဉ် အနောက်ပေါက်မှ ဆူမီရာတို့ အတားဆီးမရှိထွက်သွားကြသည်။ ရေကာတာဘက်သို့မြင်းဖြင့် ဒုန်းစိုင်းလာခဲ့သည်။ ရေကာတာအောက်ခြေနားတွင် ခါတိုင်းထက် အစောင့်ထူထပ်နေသဖြင့် မြင်းကိုချည်ထားပြီး ဆူမီရာနှင့် ကီလာတိုင်တို အပေါ်ကိုတိတ်တဆိတ်တက်လာခဲ့သည်။
 

“ဟေ့ကောင်တွေ..သောက်ကြ…သောက်ကြ… ဒါ ထန်လိုခိ အရှင့်သားက တိုက်တဲ့အရက်ကွ…”
 

“ဟေ့ တာဝန်ချိန်ကြီးသောက်လို့ဖြစ်မလား…”
 

“သောက်စမ်းပါ။ မင်းသားကိုယ်တိုင်ခွင့်ပြုထားတာ။ ဘာကြောက်စရာလိုလဲ… ချ.. အမြည်းတွေရောပို့လိုက်တာကွ..ငါတို့ကို တာဝန်ကျေလို့ မင်းသားက ဆုချလိုက်တာ…”
 

“နေပါဦး။ အရှင့်သားက လျံတိုင်းပြည်ထဲ ပြန်ရောက်နေလို့လား…”
 

“အေးကွ။ ဒီတခါလာတာ မင်္ဂလာကိစ္စကြောင့်ကွ။ သခင်မလေးကို အရှင့်သားက တောင်းရမ်းလက်ထပ်တော့မယ်တဲ့ကွ..”
 

“သခင်မလေးက လက်ခံပါ့မလား။ မဖြစ်နိုင်တာ…”
 

“လက်ခံရမှာပေါ့… လက်မခံလို့ဘယ်ဖြစ်မလဲ။ အခုဆို သခင်မလေးရဲ့ အခိုင်မာ တပ်စခန်းတိုင်း အရှင့်သားရဲ့ထိန်းချုပ်မှုအောက်ကိုရောက်နေပြီလေကွာ။ ဘာပဲပြောပြော သခင်မလေးက ထက်မြက်တယ်ဆိုပေမယ့် ယောက်ျားတစ်ယောက်ရဲ့ထက်မြက်မှုကို မယှဉ်နိုင်ပါဘူး။ အရှင်နှစ်ပါးလက်ထပ်ပြီး တိုင်းပြည်ချင်းပူးပေါင်းသွားတာကို ငါပိုသဘောကျတယ်။ တကယ်ဆို လူမျိုးကအတူတူပဲကိုကွာ။”

 

“အေး..အဲ့ဒါတော့ ဟုတ်တယ်၊ ငါလည်း အရှင့်သားလက်အောက်မှာနေရတာ ပိုသဘောကျတယ်ကွ…”

 

“ချ… ဒါက အကြိုဂုဏ်ပြုပွဲပေါ့ကွာ…”

 

ကီလာတိုင်နှင့် ဆူမီရာတို့ အသာလေး ပြန်လာခဲ့ကြသည်။ အခြားနေရာကို သွားကြည့်ရန်ပင်မလိုတော့ပါ။ တကယ်ပဲ လျံတိုင်းပြည်ရဲမတ်များက နောင်တော်ထန်လိုခိလက်အောက်တွင် အမှုထမ်းချင်သူမျုားပြားနေလေပြီ။ ဟီဒယ်ကို ပြောပြရတော့မည်။

 

ဟီဒယ်သည် ဆူမီရာတို့အဆောင်ကိုလာတော့ မတွေ့သဖြင့် စိုးရိမ်ပြီးလျှို့ဝှက်လမ်းမှထွက်ပြီးလာရှာစဉ် ဆူမီရာတို့ပြန်လာသည်နှင့် ဆုံသဖြင့် ပထမစိုးရိမ်မှုဖြင့်အပြစ်တင်သော်လည်း ဆူမီရာပြောသည့် သတင်းကိုကြားသော် ကြက်သေသေသွားတော့သည်။ အခြားသူကပြောလျှင် ခါးခါးသီးသီးငြင်းလိုက်မည်ဖြစ်သော်လည်း ဆူမီရာပြောသည့် စကားဖြစ်သောကြောင့်  ဟီဒယ် နူတ်ခမ်းကိုက်ကာ စဉ်းစားနေလိုက်သည်။ အစ်ကိုတော်ထန်လိုခိ တကယ်ပဲကြိုတင် ကြံစည်ထားခဲ့လျှင် မိမိဘယ်နည်းနှင့်မှ ထိုးဖောက်နို်င်မည် မဟုတ်တော့ပေ။ ထိုးဖောက်တွန်းလှန်မည်ဆိုလျှင် သွေးမြေကြမှုများစွာပေါ်လာတော့မည်။
 

“နင့် ခမည်းတော်နဲ့ တိုင်ပင်လိုက်ဦး ဟီဒယ်… လူကြီးဆိုတာ ငါတို့ထက်အများကြီး ဥာဏ်အမျှော်မြင်ပိုရှိတယ်…”

 

ဟီဒယ်သည် မထွေးနိုင်မအန်နိုင် အလုံးကြီးရင်ဝယ်ပိုက်ကာ ဆူမီရာတို့နှင့်အတူ နန်းတော်ကိုပြန်လာခဲ့သည်။ ဆူမီရာတို့ နန်းဆောင်ကို မိမိ၏လူယုံတော်အစောင့်ချထားပြီး ကြိုတင်ကာကွယ်ထားလိုက်ပြီး ခမည်းတော်ထံကိုထွက်လာခဲ့သည်။

 

“ခမည်းတော်ဘုရား…”

 

ခမည်းတော်၏အဆောင်ထဲကို အပြေးဝင်ရောက်ခဲ့စဉ် ခမည်းတော်နှင့်အရီးတော်ကိုတွေ့လိုက်လို့ ကိုယ်ရှိန်သတ်လိုက်ပြိး အရိုသေပေးလိုက်သည်။ အရီးတော်က ဟီဒယ်ကို ချစ်ခင်စွာဖြင့်ပွေ့ဖက်နူတ်ဆက်ကာ ပြောလိုက်သည်။
 

“ဟော..တိုက်ဆိုင်လိုက်တာကွယ်။ အရီးတော်က မင်းရဲ့ခမည်းတော်နဲ့ သမီးအကြောင်းကိုပြောနေတုန်း သမီးလေးရောက်လာခဲ့တာ။ လာပါဦးကွယ်။ အရီးတော်က သမီးတော်ကို တွေ့ချင်လို့ လာခဲ့တာ။ နူတ်ကိုမဆက်ရသေးဘူး။”

 

ဟီဒယ်သည် မိမိကို သည်းသည်းလှုပ်ချစ်သည့် အရီးတော်ကိုပွေ့ဖက်နူတ်ဆက်လိုက်စဉ် ခါတိုင်းလို စိတ်ထဲပေါ့မသွားခဲ့ပေ။ အရီးတော်လာခဲ့တာ သွေးရိုးသားရိုးမှဟုတ်ရဲ့လား။
 

“အရီးတော်ရောက်တယ်ဆိုတာ အကိုတော် သမီးကိုပြောပါတယ်။ အရီးတော်ကို ချက်ချင်းလာပြီး နူတ်မဆက်နိုင်တာ ခွင့်လွှတ်ပေးပါ အရီးတော်ဘုရား.”
 

“ခွင့်လွှတ်ပါတယ်ကွယ်။ အရီးတော်ရဲ့ သမီးလေးက မိန်းကလေတန်မယ့် တိုင်းပြည်အလုပ်ကိုလုပ်နေရတာကိုးကွယ်။ အရီးတော်က အဲ့ဒါကြောင့် အကိုတော်ကိုပြောနေတာ။ သမီးတော်ကို ထိုက်တန်တဲ့သူနဲ့ လက်ထပ်ပေးသင့်ပြီဆိုတာ။”
 

“သမီးအိမ်ထောင်မပြုချင်သေးဘူး အရီးတော်ဘုရား။ ခမည်းတော်ရဲ့ အလုပ်ကိုကူလုပ်ပေးချင်သေးတယ်။။”
 

“အံမယ်လေး သမီးတော်ရယ်။ ယောက်ျားတွေက ယောက်ျားအလုပ်လုပ်ပါစေ။ အရီးတော်က သမီးလေးကိုအချစ်ဆုံး။ အမြင့်ဆုံးနန်းစည်းစိမ်ကို ခံစားစေချင်တာ။ သမီးရဲ့ အကိုတော်တစ်ယောက်လုံးရှိတာပဲ။ သူကသမီးတော်ရဲ့ ခမည်းအလုပ်ကို ကူပါစေပေါ့. မဟုတ်ဘူးလား။”

 

လျံမင်းကြီးသည် နှမတော်၏ စကားကြောင့် ချောင်းဟန့်ကာ ၀င်ပြောလိုက်သည်။
 

“တူတော်မောင်က ထန်တိုင်းပြည်ရဲ့တာဝန်ကို ထမ်းရအုံးမယ်လေ နှမတော်ရဲ့။ သမီးတော်ကို ငါကိုယ်တိုင် ငယ်ကတည်းက ထက်မြက်တဲ့ မိန်းကလေးဖြစ်အောင် လေ့ကျင့်ပေးထားတာ။ သူ့တာဝန်ကို သူလုပ်နိုင်ပါတယ်..။ ဟီဒယ်က မိဖုရားခေါင်ထက် ဘုရင်မအဖြစ် တိုင်းပြည်တာဝန်ကိုထမ်းမယ့်သူပဲ နှမတော်ရဲ့.”

 

အရီးတော်ထန်မိဖုရားကြီးက ရယ်လိုက်ပြီး ဟီဒယ်ကိုဖက်ကာ ပွင့်ပွင့်လင်းလင်းပဲပြောတော့သည်။
 

“သမီးရဲ့ ခမည်းက တကယ်ပဲ သမီးတော်ကို ပင်ပန်းတဲ့လမ်းလိုက်ခိုင်းနေပြိ။ ကဲ ဟီဒယ်လေး။ အရီးတော်ကို ဖြေပါဦး။ အရီးတော်ရဲ့ သမီးလုပ်မလား။ သမီးကို အရီးတော်တခါတည်း သမီးရဲ့ခမည်းဆီက တောင်းရမ်းသွားတော့မယ်။”
 

ဟီဒယ်သည် အရီးတော်၏ဆိုလိုရင်းကို နားလည်လိုက်ပြီးရှက်သွားခဲ့သည်။ အရီးတော်က အကိုတော်နှင့် လက်ဆက်ပေးရန် မိမိကိုမေးနေသည် မဟုတ်လား။

 

“သမီးဒါတွေ မစဉ်းစားချင်သေးဘူး အရီတော်ဘုရား…”
 

“မစဉ်းစားလို့ မရဘူး သမီးတော်ရဲ့။ သမီးတော်ကို အရီးတော်က ငယ်ကတည်းက သမီးလေးကိုလို သတ်မှတ်ထားတာ။ သမီးတော်ကို ဘယ်တိုင်းပြည်ရဲ့ချွေးမမှ အဖြစ်မခံနို်င်ဘူး။ အကိုတော်ကိုလည်း ရှင်းရှင်းပြောထားမယ်နော်။ ငယ်ကတည်းက သမီးလေး ဟီဒယ်ကို နှမတော်က တောင်းထားတာ။ အခြားသူကိုပေးရဲပေးကြည့်။ ထန်မင်းကြီးကို စစ်ချီလာခိုင်းပြီးဟီဒယ်ကို လာခေါ်မယ်…”

 

လျှံမင်းကြီးက ရယ်ရယ်မောမောနှင့် နှမတော်၏ စကားကို လျောချလိုက်သည်။
 

“နှမတော်ရယ် စိတ်မာန်ပြင်းလိုက်တယ်။ ဟီဒယ်ရဲ့သဘောပါ။ ငါတို့က သမီးလေးရဲ့စိတ်ချမ်းသာမှုကိုပဲ ဦးစားပေးတယ်။ ကဲ..ကဲ… အဲ့လောက်စိတ်ပူမနေနဲ့။ နင့်တူမတော်က နင်တို့သားအမိကို ငယ်ကတည်းက ဒီလောက်ခင်တွယ်နေတဲ့ဟာ။ သွားနားချည်တော့။ မနက်ဖြန် နန်းတော်ထဲက ဂုဏ်ပြုပွဲကိုတက်ဖို့ အားမွေးအုံး။ ငါ့ကိုရောက်ကတည်းက နားပူနေတာ။ ”

 

အရီးတော်က ခမည်းတော်ကို အတင်းကျပ်ပြောနေသည်ကိုရိပ်မိသဖြင့် ဟီဒယ်က အရီးတော်လက်ကိုဆွဲပြီး ခေါ်ထုတ် လာခဲ့သည်။ အရီးတော်ကို အဆောင်လိုက်ပို့ပေးပြီး အတော်ကြာအောင် စကားပြောပြီးမှ မိမိအဆောင်ကို ပြန်လာခဲ့သည်။
မိမိအိပ်ယာထက်သို့ရောက်သော် မဟန်နိုင်ပဲ ပစ်လှဲလိုက်တော့သည်။ အစကတည်းက တိုက်ဆိုင်မှုမဖြစ်နိုင်ဟု ထင်ထားခဲ့တာ သေချာသွားလေပြီ။ အကိုတော် ဂျူဒါအမ်းတို့ သားအမိလာသည်ကိုကြားသဖြင့် အရီးတော်နှင့် အကိုတော်ချက်ချင်းရောက်လာ ခြင်းဖြစ်သည်။

 

“အကိုတော်ဂျူဒါအမ်းရယ်… အကိုတော်ဘယ်သူ့ကိုကြင်ဖက်ရွေးမှာပါလိမ့်.. ရှင်တကယ် သဘောကျတဲ့သူက ဘယ်သူများပါလိမ့်”

 

ဟီဒယ် စိတ်ထဲမှတီးတိုးရေရွတ်ရင်းသက်ပြင်းကို အကြိမ်ကြိမ်ချလိုက်မိသည်။ ပြီးမှ ရေချိုးဆောင်ကို လေးကန်စွာဖြင့်ထွက်လာပြီး ရေနွေးစိမ်ကာ တနေ့တာပင်ပန်းသမျှကို ဖြေလျှော့ရတော့သည်။ မနက်ဖြန်တွင် စိတ်ပင်ပန်းစရာများ လာမည်ကို ကြိုသိနေပြီ။ သေချာတာကတော့ အကိုတော်ဂျူဒါအမ်းနားကို မိမိကပ်ခွင့်ရမည် မဟုတ်ပေ။ အကိုတော် ထန်လိုခိ၏ အကြံကို ခမည်းတော်ကိုပြောပြရအုံးမည်ကို သတိရပြီး ရေကန်ထဲမှ တက်ပြီး အ၀တ်လဲလိုက်စဉ် ပြတင်းအပြင်မှလူရိပ်ကိုတွေ့လိုက်သဖြင့် တုန်ခနဲဖြစ်သွားပြီးအော်မေးလိုက်သည်။
 

“ဘယ်သူလဲ…”

 

ကိုယ်ကို ၀တ်ရုံဖြင့်လွှမ်းခြုံပြီးနောက် ပြတင်းနားကိုထွက်ကြည့်တော့ ခြုံပုတ်အနည်းငယ်ခါယမ်းနေသည်ကိုတွေ့သော် ချက်ချင်းအစောင့်များကို အော်ခေါ်ကာ ပတ်ပတ်လည်ကို စစ်ဆေးခိုင်းသော်လည်း တရားခံကိုမမိလိုက်တော့ပေ။ ဟီဒယ်သည် မိမိအ၀တ်လဲနေသည်ကို ချောင်းကြည့်သည့်သူကို သတ်ပစ်ချင်လောက်အောင် ဒေါသထွက်သွားတော့သည်။ တကယ်ပဲ မိမိတိုင်းပြည်က မလုံခြုံတော့ပါလားဆိုသည့် အသိက စိတ်ထဲအေးစိမ့်လာခဲ့သည်။

 

ထန်လိုခိသည် သတင်းကြားသည်နှင်ချက်ချင်းအရောက်လာခဲ့ပြီး ဟီဒယ်ကိုမေးသည်။
 

“ဟီဒယ်.. လူဝင်လို့ဆို…”
 

“ဟုတ်တယ်..အကိုတော်… ညီမရဲ့နန်းဆောင်ထဲထိတောင် မလုံခြုံတော့ဘူး။ ညီမ တကယ်ကို အသုံးမကျဘူး။ တိုင်းပြည်တစ်ခုကို ဘယ်လိုဦးဆောင်နိုင်မလဲဟင်..”

 

ဟီဒယ် ဒေါသနှင့်ပြောရင်း မျက်ရည်ကျမိသည်။ ထန်လိုခိသည် ဟီဒယ်၏ ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းကာ ပြောလိုက်သည်.
 

“အစ်ကို တစ်ယောက်လုံး ရှိပါသေးတယ်။ ညီမကို အကိုကာကွယ်မှာပေါ့.. အဲ့တရားခံကို အကိုရအောင်ဖမ်းပေးမယ်… ”

 

ထန်လိုခိသည် ရဲမတ်များကိုဦးဆောင်ပြီး ဟီဒယ်၏အဆောင်တ၀ိုက်ကို စေ့စေ့စပ်စပ်ရှာဖွေတော့ ကျောက်စိမ်းပြားတစ်ခုကို ကောက်ရခဲ့သည်။ ထို့အပြင်သစ်ကိုင်းမှာငြိပြဲခဲ့သည့် ပိုးသားစကိုလည်း ရရှိခဲ့သည်။

 

“ဒါ ညီမကိုလာချောင်းတဲ့သူ ကျကျန်ခဲ့တဲ့ပစ္စည်းပဲ။ အကို တရားခံကို ရအောင်ဖမ်းပေးမယ်..”

 

ဟီဒယ်သည် အကိုတော်၏ ကျောပြင်ကိုငေးကြည့်ပြီးကျန်ရစ်ခဲ့သည်။ ဖြစ်လာနိုင်သည့် အလားအလာကိုလည်း ကြိုတွေးမိပြီး ချက်ချင်း ခမည်းတော်ရဲ့နန်းဆောင်ကိုလာခဲ့သည်။ လျံမင်းကြီးသည် သမီးတော်တင်ပြသည်ကို နားထောင်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

 

“ဒါတွေဖြစ်မှာကို ခမည်းတော်ကြိုသိပြီးပြီ သမီးတော်…”
 

“ဟင်..ဒါ..ဒါဆို.. သမီးတော်တို့ ဘယ်လိုလုပ်ကြမလဲ…”

 

ဟီဒယ်ထိတ်လန့်သွားခဲ့သည်။ ခမည်းတော်သိလျက်နှင့် အကိုတော်ရဲ့တပ်တွေကို တိုင်းပြည်ထဲ ဘာကြောင့်အ၀င်ခံခဲ့သလဲ ဆိုတာ နားမလည်နိုင်တော့ပေ။

 

“ယောက်ဖတော်ထန်မင်းကြီးက အရာရာတိုင်းကို စစ်ပွဲနဲ့ပဲဖြေရှင်းချင်တယ် သမီးတော်။ ဒါပေမယ့် သမီးရဲ့ အရီးတော်နဲ့ အကိုတော်ကြောင့် သူကလျံတိုင်းပြည်ကို ဘေးမဲ့ပေးထားတာ။ ပတ်ဝန်းကျင်က မျိုးနွယ်တူမြို့ပြငယ်လေးလေးတွေကို သူစုစည်းပြီးသွားပြီ။ ကျန်ခဲ့တာဆိုလို့ ခမည်းတော်တို့ တိုင်းပြည်ပဲရှိတယ်။ သူအခု ခမည်းတော်တို့ တိုင်းပြည်ကို လိုချင်နေပြီ။ ဒါကြောင့် ၀ူတိုင်းပြည်က အစ်မတော်ကို ခမည်းတော်အကူညီတောင်းပြီး သူ့သားတော်နဲ့ သမီးတော်တစ်ပါး လက်ဆက်ပေးဖို့ တောင်းဆိုလိုက်တာပဲ…”

 

ဟီဒယ် ထိတ်လန့်သွားခဲ့သည်။ ဒါဆို လျံတိုင်းပြည်၏ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဟီဒယ် တွေးပင်မတွေးဝံ့ တော့ပေ။ မိမိက ဘယ်နေရာကနေ ပါဝင်ရမလဲ။ အင်မတန်ကို ပွေရှုပ်သည့် အကိုတော် ထန်လိုခိရဲ့ မိဖုရားများစွာထဲက မိဖုရားတစ်ပါးလား။ အကိုတော်ဂျူဒါအမ်းကိုရော သူက အလွတ်ပေးပါ့မလား။ ဟီဒယ် တစ်သက်လုံးသိလာသည့် အကိုတော်ထန်လိုခိ၏ ပြိုင်ဖက်၊ရန်သူကို ဘယ်တော့မှ ချမ်းသာမပေးတတ်သည့် စိတ်ဓါတ်အရ သေချာပေါက် အကိုတော်ဂျူဒါအမ်းကို လဲပြိုသည်အထိတိုက်ခိုက်လိမ့်မည်။ ဒါဆို ခုနက လူဝင်သည်ဆိုသည့်အချက်နှင့် သက်သေများက မည်သူ့ကိုရည်ညွှန်းမည်ကို သိလိုက်ပြီး ဟီဒယ် ချက်ချင်းခမည်းတော် အဆောင်မှ ပြန်ပြေးခဲ့သည်။


“အကိုတော်… အကိုတော်….”
 

“နှမတော်လေး …ဘာလို့ အလောတကြီးပြေးလာခဲ့တာလဲ…”
 

ဂျူဒါအမ်းတို့ကိုထားသည့် အဆောင်ဘက်နားကိုရောက်နေသည့် သူ့ကို ဟီဒယ်မှီလာခဲ့သည်။ အချိန်မှီရောက်လာလို့ တော်သေးသည်ဟု ဟီဒယ်တွေးမိပြီး သူ့လက်ကို ဆွဲယူကာ ပြောလိုက်သည်။

 

“တရားခံကို လိုက်ရှာစရာမလိုတော့ဘူး အကိုတော်… အခု တပ်အားလုံး လူစုခွဲတော့…”

 

ဟီဒယ်ပြောသည့်တိုင် တပ်သားများက တုတ်တုတ်မလှုပ်သဖြင့် ဟီဒယ် သူ့ကိုမော့ကြည့်လိုက်သည်။ ထန်လိုခိသည် ညီမတော်၏ အကြည့်ကို ရိပ်မိကာ လက်ယမ်းပြတော့ နန်းစောင့်တပ်သားအားလုံး လူစုခွဲကာထွက်ခွာသွားတော့သည်။ နန်းစောင့်တပ်ကိုပင် ထိန်းချုပ်ထားနိုင်သည့် သူ့ကိုကြည့်ပြီးဟီဒယ် ရင်ပူသွားသည်။
 

“အကိုတော်က ညီမရဲ့ နန်းစောင့်တပ်ကိုတောင် သြဇာလွှမ်းနေပြီကိုး…”

 

ဟီဒယ် သူ့လက်ကိုလွှတ်ပြီး နောက်ကို သုံးလှမ်းဆုတ်ကာ နာကျင်စွာ ထိတ်လန့်စွာပြောလိုက်သည်။ ထန်လိုခိသည် ဟီဒယ် ကြောက်လန့်သွားသည်ကိုတွေ့သော် ခေါင်းယမ်းပြီးရှင်းပြန်ရန်ကြိုးစားသည်။
 

“ဟီဒယ်…. အကိုပြောတာကို နားထောင်ပါဦး…”
 

ဟီဒယ် သူ့စကားကိုနားမထောင်ပဲ ချာခနဲလှည့်ကာပြေးထွက်လာခဲ့သည်။ ရင်ထဲတွင် အဆမတန်နာကျင်မိတာကတော့ ယုံကြည်သူ၏ သစ္စာဖောက်မှုကြောင့်ဖြစ်သည်။ မျက်ရည်တစ်စက်က ဟီဒယ်၏ပါးပြင်ပေါ်မှ မြေပေါ်ခုန်ဆင်းသွားခဲ့သည်။

 

-------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet