စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (62)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (62)


ယွမ်ချူးခန်ကို မိမိအာရုံလွဲနေစဉ် နောင်တော်က အရီးတော်ကို ကယ်တင်နိုင်ရန်ကြိုးစားမည်ဖြစ်သည်။ နောက်ပိုင်းတွင် နှစ်နိုင်ငံစစ်မီးလည်း တောက်လောင်နေဦးမည်။ နောင်တော်တစ်သက်လုံး ကြိုးစားခဲ့သည့်အတိုင်း မတရာသိမ်းပိုက်ခံရသည့် မယ်တော်ကို ရအောင်ကယ်တင်နိုင်ပြီး မိသားစုသုံးယောက်အတူနေနိုင်တော့မည်။ မိမိလည်း ငယ်ကတည်းက နောင်တော့်ကို ကူညီပေးနိုင်ရန် ဆေးပညာကိုကြိုးစားသင်ယူခဲ့သည်။ နောင်တော့်ကိုကူညီပြီး လူအများကို ကူညီပေးချင်သည်။ နောင်တော့်ကိုကူညီပေးနိုင်ရန်ဆိုသည့် ရည်မှန်းချက်ပြည့်တော့မည်။ သို့သော်… မိမိ၏ တစ်ဦးတည်းသော သူငယ်ချင်း ယွမ်ချူးခန်ပေါ်ကို မိမိတရားပါမည်လား။ အရီးတော်က နောင်တော့် မယ်မယ်ဖြစ်သလို ယွမ်ချူးခန်၏ မယ်မယ်လည်းဖြစ်သည်။ နောင်တော့်ကို မယ်မယ်ရှိအောင်ကူညီပေးခြင်းက ယွမ်ချူးခန်ကို အမိမဲ့အောင် ကူညီပေးနေခြင်းဖြစ်သည်။ သူငယ်ချင်းတစ်ယောက်အနေနှင့် မိမိတရားပါမည်လား။ ထိုအတွေးဝင်လာတိုင်း ဆူမီရာ လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။ ဆူမီရာသက်ပြင်းကို လေးလေးနက်နက်ချလိုက်စဉ် အနောက်ဘက်နားမှ ယွမ်ချူးခန်၏ အသံကိုကြားလိုက်ရသည်။

 

“မီရာ…သွားကြစို့….”

 

ဆူမီရာလှည့်ကြည့်လိုက်တော့ တက်ကြွလန်းဆန်းနေသည့် ယွမ်ချူးခန်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာ အနည်းငယ် ချောင်နေသော်လည်း မျက်လုံးထဲက စိတ်အားထက်သန်မှုကြောင့် တောက်ပနေသည်။ ဆူမီရာသည် တက်ကြွသည့် ပုံနှင့်သူငယ်ချင်းကို တွေ့သော်ရယ်မောကြီးကျီစားလိုက်သည်။
 

“မင်းရဲ့ကြင်ယာတော်လောင်းတွေနဲ့ ခဏခဏ ထမင်းအတူစားသင့်တယ် ချူးခန်… မင်းပုံက ခုနကနဲ့မတူတော့ဘူး။ အားတွေပြည့်လာလိုက်တာ…”

 

သို့သော် ယွမ်ချူးခန် မိမိကိုပြောလိုက်သည့် စကားကြောင့် ဆူမီရာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့သည်။
 

“ပေါက်ပေါက်ရှာရှာ…. ငါက မင်းနဲ့အတူ ညဘက် ခိုးထွက်ပြီးလည်ရမှာမို့ တက်ကြွနေတာ….လာ… ခါတိုင်း မင်းလည်း မယ်မယ့်ကို ပြုစုပေးနေရတာနဲ့ ပင်ပန်းပြီးအပြင်မထွက်ချင်ဘူးထင်လို့ ငါမစီစဉ်လိုက်တာ။ တကယ်တော့ ညတိုင်း မင်းနဲ့ အတူတူလျှောက်သွားချင်နေတာ….”

 

ဆူမီရာသည် ယွမ်ချူးခန်၏ စကားကြောင့် သက်ပြင်းငွေ့ငွေ့ချကာ အတူတူနန်းတော်ထဲမှ ထွက်လာရင်း ပြောလိုက်သည်။
 

“မင်း လက်ထပ်ပြီးသွားရင် ငါ့ကိုမေ့သွားမှာပါကွာ….”
 

“အဲ့လိုမေ့သွားမယ်လို့ မင်းထင်တယ်ပေါ့..ဟုတ်လား… ငါ မင်းအပေါ်ထားတဲ့ သံယောဇဉ်က မလေးနက်ဘူးလို့ မင်းယူဆတယ်ပေါ့…”
 

“အဲ့လိုတော့ မဟုတ်ဘူးလေကွာ။ မင်းလည်း အိမ်ထောင်ပြု။ မင်းမိဖုရားငါးပါးက ကလေးအပြိုင်မွေးဆိုတော့ ငါ့ကို ဘယ်လောက်ခင်ခင် သတိရချိန်တောင်ရှိပါ့မလား…ဟား..ဟား…ဟား…ငါ့သူငယ်ချင်း ချူးခန် ကလေးထိန်းရင်း ရှုရှုစိုနေမှာ မြင်ယောင်သေးတယ်ကွာ…. ”

 

ဆူမီရာ ပြောရင်း တကယ်ပဲ တဇွတ်ထိုးသူငယ်ချင်း ကလေးပေါက်စနလေးကို ပွေ့ရင်း ရှုးပေါက်ချခံရလျှင် ဖြစ်သွားမည့် မျက်နှာအမူယာကို မြင်ယောင်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ ယွမ်ချူးခန်သည် ဆူမီရာ မိမိကို ပြောလိုက်သည့် စကားထက် သူရယ်မောနေသည့် မျက်နှာလေးကို ကြည့်ကာ လိုက်ပြီးပြုံးနေမိသည်။ ခမည်းတော် ဟိုအရင်တုန်းက စစ်သူကြီးကတော်ဘ၀တွင် ရှိနေမည့် မယ်မယ့်မျက်နှာက အပြုံးကို ငေးကြည့်ရင်း တယောက်တည်း ပြုံးနေမိမလားဟု မဆီမဆိုင်တွေးနေမိသည်။

 

တကယ်တော့လည်း မိမိနှင့် ခမည်းတော်က ဘ၀တူတွေဟု ဆိုရပေမည်။ မယ်မယ့်ကို အသက်ပေးချစ်ခဲ့ပေမယ့် မယ်မယ့်ကို နောက်ကျပြီးမှတွေ့ခဲ့သည်။ မယ်မယ့်ကိုတွေ့ချိန်တွင် မယ်မယ့်ရင်ထဲတွင် စစ်သူကြီးက နေရာယူပြီးနေပြီ။ မိမိကလည်း ဆူမီရာကို အသက်ပေးချစ်ပေမယ့် ဆူမီရာ့ ရင်ထဲတွင် သူ့နောင်တော်က နေရာယူပြီးနေပြီ။ အင်အားကြီးလှသည့် နန်ကျောင်ပြည်၏ အိမ်ရှေ့စံအဖြစ် မွေးဖွားလာပေမယ့် ကိုယ်ချစ်တဲ့သူကို မရလျှင် ဘာလုပ်ရမည်နည်း။ တသက်လုံး အလွမ်းထဲမှာ နစ်မြှုပ်ပြီး မချစ်သည့် မိဖုရားများနှင့် ဘ၀ကိုကုန်ဆုံးရမည်ကို တွေးမိလျှင် အသက်ရှင်ရတာ အချည်းနှီးဟုသာထင်လာမိသည်။

 

ယွမ်ချူးခန်သည် ဆူမီရာ၏နောက်ကျောပြင်လေးကို ငေးကြည့်ရင်း စိတ်ထဲ အေးချမ်းမှုနှင့် လွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။ ဒီကျောပြင်လေးက မိမိကို ချစ်ခြင်းနှင့်အေးချမ်းခြင်းကို တပြိုင်နက်တည်းခံစားရစေသည်။ ဒီကျောပြင်လေးကို သိုင်းဖက်ပြီး ပုခုံးပေါ် မေးစေ့တင်ကာ အရာအားလုံးကိုမေ့ပြီး မှေးစက်လိုက်ချင်တော့သည်။
 

“ချူးခန်…ကြည့်စမ်း.. မိုက်တယ်ကွာ…”

 

နယ်စပ်တွင် ရန်သူတပ်များ တပ်စွဲထားပေမယ့် မိမိအမိန့်ဖြင့် မြို့တော်တွင် ပျော်ပွဲရွင်ပွဲ မပြတ်လုပ်ထားစေသဖြင့် စည်ကားလို့နေသည်။ ဆူမီရာက သိုင်းစွမ်းရည်ပြသည်ကို ကြည့်ပြီး မိမိကို လက်ဆွဲကို အတင်းပြနေသည်။ တိုက်ပွဲတွင် အသုံးမကျသော်လည်းစင်ပေါ်တွင် အတော်ကိုကြည့်ကောင်းသည့် သိုင်းအလှပြသည်ကို ဆူမီရာ သဘောတကျ ငေးကြည့်နေသည်။ မိမိက ဆူမီရာကို တဘောတကျပြန်ငေးကြည့်နေမိသည်။
 

“ငါ ဟိုမုန့်စားကြည့်ချင်တယ်…”
 

ဆူမီရာ လက်ညှိုးထိုးပြသည့် မုန့်ကို ၀ယ်ပြီး နှစ်ယောက်သား မုန့်စားရင်း စည်ကားလှသည့် ပွဲဈေးကို အတူလျှောက်ကြသည်။ ခပ်လှမ်းလှမ်းတွင် လျှို့ဝှက်တပ်သားများ လိုက်လံစောင့်ရှောက်နေသည်ကို ဆူမီရာ မသိပေ။ ယွမ်ချူးခန်သည် ကြယ်ပွင့်လေးများနှင့်အပြိုင် လင်းလက်တောက်ပနေသည့် ဆူမီရာ၏ မျက်လုံးလေးကို ငေးကြည့်ရင်း ဒီအချိန်လေးကို ကုန်ဆုံးမသွားပါစေနှင့်ဟုဆုတောင်းနေမိသည်။ ထိုနေ့ညနက်မှ နန်းတော်ကိုပြန်ရောက်လာခဲ့သည်။

 

ဆူမီရာသည် စားချင်သည်ကို စားလိုက်ရသဖြင့် အဆောင်ပြန်ရောက်တော့ ဗိုက်လေးက အိပ်ပျော်သွားတော့သည်။

ယွမ်ချူးခန်သည် ဆူမီရာ အိပ်မောကျသွားတော့မှ အဆောင်ထဲကို ပေါက်သည့် လျှို့ဝှက်လမ်းမှတဆင့်ဝင်လာပြီး ဆူမီရာ၏ မျက်နှာလေးကို မက်မက်မောမောငေးကြည့်နေမိသည်။

 

“ငါ နောက်ဆုတ်လို့မရတော့ဘူး ဆူမီရာ… ရှေ့ဆက်တိုးတော့မယ်။ ငါလုပ်သမျှတိုင်းက မင်းအတွက်ချည်းပဲ…နောင်တချိန် မင်း ငါ့စေတနာကို နားလည်လာလိမ့်မယ်…”

 

ယွမ်ချူးခန်၏ တီးတိုးစကားသံကို ဆူမီရာ မကြားသဖြင့် အိပ်မက်ထဲနှစ်နှစ်ခြိုက်ခြိုက်အလည်သွားနေခဲ့သည်။ အိပ်မက်ထဲတွင် ယွမ်ချူးခန်၏ လက်ကိုဆွဲကာ ဟီဒယ်နှင့် ချူလူလူတို့ကို ချူးခန်က ငါ့ကို မင်းတို့ထက် အလိုလိုက်တယ် ဆိုပြီး ကြွားနေသည်။ အပြင်တွင် ယွမ်ချူးခန်က မိမိကို အလိုလိုက်နိုင်ဖို့ အလုပ်သင့်သည်ကို လုပ်ရန် အစပြုနေသည်ကို မသိလိုက်တော့ပါ။
---------------------------

ချူလူလူသည် နောင်တော်တိုလုအီ ရောက်လာပြီးနောက်ပိုင်း ရုမာသီနှင့် ခါတိုင်းလို တရင်းတနှီးပင် မနေရဲအောင် ဖြစ်လာမိသည်။ နောင်တော် တိုလုအီက မိမိကို ရုမာသီနှင့် လိုသည်ထက်ပိုပြီးရင်းနှီးသည်ကို မြင်ချင်ဟန်မတူပေ။ ဘာမှ မပြောသော်လည်း ခါတိုင်းလို တရင်းတနှီးနေမိသည်နှင့် မျက်နှာမကောင်းဖြစ်နေသဖြင့် ချူလူလူ ကိုယ့်ဖာသာ အနေထိုင် ဆင်ခြင်လိုက်မိခြင်း ဖြစ်သည်။ ပြီးတော့ ရုမာသီဘက်ကလည်း မိမိအပေါ် သိသိသာသာကို သံယောဇဉ်ပိုကြောင်း ပြသလာ သဖြင့် မဖြစ်နိုင်သည့် ဇာတ်လမ်းကို ဆက်မလာအောင် ရှောင်လိုက်တာ အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်သည်။ မိမိက ပုံမှန်လူငယ်တွေလို မိန်းမလှလေးကို တွေ့လျှင် လက်ထပ်မည်။ သာယာသော အိမ်ထောင်တစ်ခုကို ထူထောင်မည်ဟု တွေးထားသူဖြစ်လို့ ရုမာသီ၏ အချစ်ကို မတုန့်ပြန်နိုင်မည့်အတူတူမဖြစ်နိုင်သည့် မျှော်လင့်ချက်ကို မပေးတာပဲ ကောင်းမည်။

 

ပြီးတော့ နောင်တော်တိုလုအီသာ သိသွားလျှင် ရှက်ဖို့ကောင်းလှသည်။ မိမိရုပ်က မိန်းကလေးလို ချောပေမယ့် မိမိစိတ်က ယောကျာ်းလေးလိုပဲနေသည်ကို မိမိအသိဆုံးဖြစ်သည်။ နုတာဆိုလို့ စောင်းတီးဝါသနာပါတာပဲရှိသည်။ ကျန်တာကတော့ ဆူမီရာတို့နှင့်အတူ မြင်းစီး၊ဒါးခုတ်၊ လှံထိုးလေ့ကျင့်နေခဲ့သည် မဟုတ်လား။နောင်တော် တင်ဂီရိ၊ နောင်တော်ထန်လိုခိတို့လို ကျော်ကြားသည့် စစ်သူရဲကောင်းဖြစ်ချင်သည်။ ပင်လယ်မျိုးဆက်တစ်ယောက်ပီပီ ပင်လယ်ပြင်ကို အောင်နိုင်သည့် သူလည်းဖြစ်ချင်သည်။ ဒီလိုဖြစ်အောင် ကြိုးစားနေကာမှ ကျွန်းသားဘုရင် ရုမာသီက လက်ရုံးရည်တော်သည့် လူငယ်ဖြစ်လို့ အားကျကာ ခင်ခင်မင်မင်ပေါင်းမိကာမှ ဘယ်လိုက ဘယ်လို မိိမိကို သာမန်ထက် ခံစားချက်ပေါ်လာသည်ကို မသိတော့ပေ။

 

လသာသည့် တည ရေကန်တွင်ရေစိမ်ရင်း သူတစ်ယောက်တည်း ယောကျာ်းလေး သဘာဝ အာသာဖြေစဉ် သူ့ပါးစပ်မှ မိမိအမည်ကိုရွတ်နေသည်ကို မြင်ပြီးနောက်ပိုင်း ချူလူလူ သတိထားကာ သူ့ကိုရှောင်သည် မဟုတ်သော်လည်း ခါတိုင်းလို အရမ်းပူးပူးကပ်ကပ်နေရဲတော့ပေ။ ချူနန်းတွင်းက နောင်တော် အားလုံးထက် သာအောင်၊ မယ်မယ်ဂုဏ်ယူရအောင်ကြိုးစားနေစဉ် ယောကျာ်းခြင်း ချစ်ကြိုက်သူ တစ်ယောက်ဖြစ်ဖို့ ချူလူလူ ဘယ်လိုမှအဖြစ်ခံမည် မဟုတ်ပါ။

“ချူလူလူ… မင်း ဘယ်တော့ ချူပြည်ကိုပြန်မလဲ… မင်း မယ်မယ်ကို မတွေ့ချင်ဘူးလား…”
 

“ကျွန်တော့်ကို နောင်တော်ပြန်ခွင့်မပေးသရွေ့ မပြန်သေးဘူး နောင်တော်။ အခု ၀ိဇယပြည်ရဲ့ထူထောင်ရေးက စတင်တုန်း ရှိသေးတယ်။ မယ်မယ်နဲ့ခွာလာတာ တနှစ်မပြည့်သေးပါဘူးဗျာ။ မယ်မယ့်ကို စာမပြတ်ရေးပေးနေပါတယ်။ ”
 

“မင်း သွားချင် မင်းနောင်တော်ကို ပြောပေးမယ်။ မင်းလည်း ခြောက်လကျော်ခွဲခဲ့တာဆိုတော့ မယ်မယ့်ကို သတိရရောပေါ့…”

 

တိုလုအီက အတင်းပင် ချူလူလူကို ပြန်စေချင်သဖြင့် ထပ်ပြီးတိုက်တွန်းလိုက်ပြန်သည်။ ချူလူလူကရယ်ချင်စိတ်ဖြင့် နောင်တော် တိုလူအီကို စိုက်ကြည့်ကာ မေးလိုက်သည်။
 

“နောင်တော် ကျွန်တော့်ကို ၀ိဇယပြည်မှ မနေစေချင်လို့လား…”
 

“မဟုတ်ပါဘူးကွ… မင်းကို စေတနာနဲ့ အိမ်ပြန်ပြီး ခဏနားစေချင်တာပါ။ မင်းလည်း အသက်ငယ်ငယ်နဲ့ တာဝန်ကြီးကြီးထမ်းထားရတယ်။ နောင်တော် ဒီနေရာကို တာဝန်ယူတုန်း မင်းပြန်လို့ရအောင်လို့ပါ…”
 

“မပြန်တော့ဘူး နောင်တော်။ ကျွန်တော် နောင်တော့်ထဲက သံတမန်ရေးရာပညာတွေ သင်ချင်သေးတယ်။ ပြီးတော့ ကျွန်တော် ဒီလို တိုင်းပြည်တစ်ခုထူထောင်တာကို အောက်ခြေကနေ စတင်ရတာ အရမ်းကို ပညာရတယ်။ အခွင့်ရေးရတုန်း ဒီပညာတွေကို ယူချင်သေးတယ်။ ပြီးတော့ နောင်တော် တင်ဂီရိတို့ အချိန်မရွေး ရေတပ်ကို ဆင့်ခေါ်လာနိုင်တယ်။ အဲ့ချိန် ကျွန်တော် ရှေ့ဆုံးကနေ ထွက်ချင်တယ်…”

 

တိုလုအီသည် ပြောင်းလဲလာသော ချူလူလူကိုကြည့်ကာ ကျေနပ်ခြင်းတစ်ဝက်၊ စိုးရိမ်ခြင်းတစ်ဝက်ဖြင့် ဆက်မတိုက်တွန်း တော့ပေ။ ချစ်သော ညီတော်လေးက ပညာလိုချင်သည်ဆိုတော့ အိတ်သွန်ဖာမှောက်သင်ပေးရမှာပေါ့ ဟု ဆုံးဖြတ် လိုက်သည်။ တိုလုအီ ဆုံးဖြတ်ထားသည့်အတိုင်း ချူလူလူကို ပညာကုန်သင်ပေးသလို ရှေ့တန်းမှ သတင်းများကို နားစွင့်နေသည်။

 

နန်ကျောင်နယ်စပ်တွင် စစ်တပ်ကို တပ်စွဲထားပြီး တိုက်ပွဲဖြစ်ခါနီး မိဖုရားကြီး နေမကောင်းသဖြင့် စစ်ကို မတိုက်ပဲ ရပ်ထားသည့် ကာလအတွင်း တောင်ပိုင်းနယ်ကို တိုလုအီ စိတ်ပူနေမိသည်။ အားလုံးကရှေ့တန်းစစ်မြေပြင်ကို အာရုံစိုက်စဉ် ရန်သူများက နောက်ပိုင်းမှ အလစ်ဝင်တိုက်လျှင်ဟုတွေးပြီး တင်ဂီရိကို စာပို့လိုက်စဉ်မှာပင် ထန်လိုခိ၏ တထန်နေပြည်တော်တွင်ရှိသည့် ဟီဒယ်၏ ခမည်းတော် နန်းကျမင်းကြီး အဆိပ်နှင့်လုပ်ကြံခံရသည့် သတင်းကိုကြားသော် တိုလုအီ ထင်သည့်အတိုင်းဖြစ်လာသည်ကို သိလိုက်သည်။

 

တိုလုအီသည် ဟီဒယ်၏ ခမည်းတော်ကို လုပ်ကြံရသည့်အကြောင်းရင်းကို လေးလေးနက်နက်စဉ်းစားနေစဉ် အနားမှာ ၇ှိသည့် ချူလူလူကိုမေ့သွားခဲ့သည်။ အဖြစ်ပျက်အားလုံးကို ခြုံပြီးအသေးစိတ်တွေးနေမိသည်။ တထန် နေပြည်တော်တွင် ရှိသည့် ချူနန်းကျမင်းကြီး လုပ်ကြံခံရလျှင် ထန်လိုခိပြန်လာမှာသေချာသည်။ သူက ဟီဒယ်အတွက် ဒါးတောင်ကိုကျော်ပြီး မီးပင်လယ်ဆိုလည်း ဖြတ်မည့်သူဖြစ်သည်။ ထန်လိုခိ ပြန်လာသည့်လမ်းတွင် ဖြတ်သန်းရမည့်သေမင်းတမန် တောင်ကြားတစ်ခုရှိသည်။ ထိုနေ၇ာကို အမှတ်တမဲ့ဖြတ်မိလျှင် သေချာပေါက် ချောင်ပိတ်မိပြီး သိုးကလေးတွေလို အသတ်ခံရလိမ့်မည်။ ဒါဆို ရှေ့တန်းမှ ဖြိုခွင်းဖို့မလွယ်သည့် စစ်သူကြိီးကို သောကနှင့်အလောတကြီး အိမ်အပြန် အလွယ်တကူလုပ်ကြံနိုင်လိမ့်မည်။

 

“ချူလူလူ… ထန်လိုခိဆီကို အရေးတကြီး သတင်းပို့စမ်း… အမြန်…အရေးကြီးတယ်။ နောက်ကျသွားရင် ထန်လိုခိ အသတ်ခံရလိမ့်မယ်….”

 

ချူလူလူသည် ပင်လယ်ဖိုးဖိုး၏ လက်ရွေးစင် တပ်မှုးကို စာတစ်စောင်ရေးကာ အာနန်နေပြည်တော်ကို အမြန်ပို့စေသည်။ ကုန်းမကြီးပေါ်ရောက်မှ စာပို့ခိုဖြင့် နောင်တော့်ထံကို သတင်းပို့ရမည်။ ချူလူလူအားလုံးစီစဉ်ပြီးပြန်လာတော့ နောင်တော် တိုလုအီကို ယခင်ထိုင်နေသည့် နေရာမှ မရွေ့သေးပဲ ထိုင်စဉ်းစားနေသည်ကို တွေ့လိုက်ရသည်။
 

“နောင်တော်….”

 

တိုလုအီသည် မိမိပုခုံးကို လာကိုင်သည့် ချူလူလူကြောင့် သတိဝင်လာပြီး ချက်ချင်းပြောလိုက်သည်။
 

“နန်းတော်ထဲမှ အရေးပေါ် အစည်းဝေးခေါ်ဖို့ စီစဉ်လိုက် ချူလူလူ…မကြာခင် ဒီဝိဇယပြည်ကို ကာကွယ်ဖို့ အစီစဉ်ချရတော့မယ်…”

 

ရုမာသီ၏ နန်းတော်တွင် စစ်ကဲများ၊ အာနန်ပြည်မှ တပ်မင်းကြီးများ၊ ချူလူလူ၊ ရုမာသီတို့အားလုံးသည် တိုလူအီ ပြောလိုက် သည့် စကားကိုကြားသော် မယုံနိုင်အောင်ဖြစ်မိသည်။ တိုလုအီက စစ်သင်္ဘောအားလုံးကို ပင်လယ်ထဲရွက်လွှင့်ပြီး မြောက်ဘက်ကို ချီတက်စေချင်သည်။ မြောက်ပိုင်းကျွန်းနိုင်ငံများက ၀ိဇယပြည်ကို အညံ့ခံထားသဖြင့် အားလုံးအေးချမ်းနေရာမှ ဘာကြောင့် စစ်ချီခိုင်းသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။
 

“မကြာခင်…ကိုယ်ယောင်ဖျောက်ထားတဲ့ ရန်သူတွေက မင်းတို့ လက်အောက်က ကျွန်းနိုင်ငံတွေကို တိုက်ယူသွားပြီး အားလုံးရဲ့အင်အားနဲ့ ချီတက်လာရင် ဘယ်လိုမှ မယှဉ်နိုင်တော့ဘူး၊ ဒါကြောင့် ခုကတည်းက ငါတို့လက်အောက်မှာရှိတဲ့ နယ်မြေတွေကို ကာကွယ်ရမယ်…”
 

“နောင်တော်ပြောတဲ့ ကိုယ်ယောင်ဖျောက်ထားတဲ့ ရန်သူဆိုတာ…ဘယ်သူတွေကိုပြောတာလဲ….”

 

ချူလူလူက နောင်တော် တိုလူအီကို မေးလိုက်သည်။ အစည်းဝေးမှ လူအားလုံးကလည်း မမေးရဲလို့သာ၊ ချူလူလူ မေးလိုက်သဖြင့် စိတ်ဝင်တစား နားစွင့်နေကြသည်။ တိုလုအီသည် ချူလူလူကို မျက်မှောင်ကုတ်ကာ မေးလိုက်သည်။
 

“အခု အာနန်ပြည်နဲ့စစ်ဖြစ်နေတာ ဘယ်နိုင်ငံလဲ….”
 

“ဒါဆို…နောင်တော်ပြောတာ နန်ကျောင်ပြည်ပေါ့..ဟုတ်လား..မဖြစ်နိုင်ဘူးထင်တယ်။ နန်ကျောင်ပြည်က ဘာကြောင့် ရေတပ်ကို ဒီဘက်ပိုင်းကို ချီတက်လာခိုင်းမှာလဲ…”

 

စစ်တပ်မှအကြီးကဲများကလည်း တွေဝေကုန်ကြသည်။ နန်ကျောင်ပြည်တွင် အင်အားကြီးရေတပ်ရယ်လို့ လောက်လောက်လားလား မရှိခဲ့ဖူးပေ။ ပြီးတော့ သူတို့ က ကုန်းပိုင်းမှာ စစ်ဖြစ်ခါနီးဆိုတော့ ရှိသည့် ရေတပ်အနည်းငယ်ကို ဘာကြောင့် တောင်ပိုင်းကို လာခိုင်းမည်နည်း။
 

“မင်းတို့ အားလုံး အတော့်ကို ပိန်းကြတာပဲ။ တစ်ခုဆို တစ်ခုပဲ တွေးတယ်။ ရှေ့ပိုင်းမှာ အယောင်ပြပြီး အနောက်ပိုင်းက တိုက်ခိုက်တဲ့ ပရိယာယ်ကို ဘယ်တော့မှ နားလည်မှာလဲ… အားလုံး ရေတပ်ကို အသင့်ပြင်မယ်။ ပြီးရင် မြောက်ပိုင်းကို ချီမယ်…”

 

စစ်မှုးများက အကြံပေးတိုလုအီ၏ စကားကို မယုံကြည်ရပေ။ ဒါကြောင့် အမိန့်နာခံရန် တွေဝေနေကြသည်။ ချူလူလူသည် နောင်တော် တိုလူအီ၏ စကားကိုကြားသော် သေချာတွေးနေစဉ် ရုမာသီက ထောက်ခံခဲ့သည်။
 

“ဟုတ်တယ်။ အကြံပေး အမတ်ကြီးရဲ့ စကားအတိုင်းဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ အလစ်ငိုက်မိပြီးရှုံးနိမ့်သွားနိုင်တယ်။ ”
 

“ရုမာသီ မင်းကြီးပြောချင်တဲ့သဘောက လက်ရှိ ၀ိဇယပြည်ကို လက်အောက်ခံထားတဲ့ ကျွန်းနိုင်ငံငယ်တွေက ဘက်ပြောင်းသွားနိုင်တယ်ပေါ့…”
 

“ပြောင်းသွားနိုင်တယ်။ ဒီကျွန်းသားတွေက သာရာကို နားတတ်တဲ့ စရိုက်ရှိတယ်။ ပြီးတော့ သူတို့က လက်အောက်ခံနေရပေမယ့် အမြဲပုန်ကန်ဖို့ တွေးနေကြတာ။ ဒါကြောင့် နန်ကျောင်ပြည်ဘက်က မက်လုံး တခုခုသာပေးလိုက်ရင် ရှေ့ဆုံးက ပြေးပြီး လာတိုက်မယ့်သူတွေချည်းပဲ…”

 

ထိုအခါမှ စစ်ကဲအားလုံး တိုလုအီပြောသည့် အကြံကို လက်ခံကာ စစ်သဘောင်္အားလုံးတွင် လက်နက် ရိက္ခာဖြည့်ရန် အသီးသီးထွက်သွားကြသည်။

 

“ကျေးဇူးတင်ပါတယ် ရုမာသီ။ ကျူပ်ရဲ့ အကြံပေးချက်ကို ယုံကြည်ပေးလို့…”
 

“နောင်တော် တိုလုအီရဲ့ အကြံဥာဏ်က စူးရှထက်မြက်လွန်းလို့ တော်ရုံက ကွက်ကျော်မမြင်ခဲ့လို့ပါ။ ကျွန်တော် နောင်တော့် ဥာဏ်ရည်ကို အရင်ကတည်းက ယုံကြည်ပြီးသားပါ…”

 

တိုလုအီသည် အရိုသေပေးကာထွက်သွားသည့် ရုမာသီကို ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။ စိတ်ထဲတွင် ဒီမင်းသား အင်မတန် ဥာဏ်ပြေးသည်ကို သတိပြုမိလိုက်သည်။

 

------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet