စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (44)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (44)


 

ဟော်သွန်းသတိရလာသည်နှင့် သားတော်ကို ချက်ချင်းခေါ်လိုက်သည်။ သားတော်ခရီးထွက်သွားတာကြာလှပြီ။ သားတော်ကို တွေ့ချင်စိတ်အရမ်းပြင်းပြလာမိသည်။

 

“သားတော်…”
 

“မယ်မယ်…မယ်မယ်… သားတော်ပါ…သားတော် အနားမှာရှိပါတယ် မယ်မယ်…”
 

“သားတော် ပြန်ရောက်လာပြီလား..ဘယ်တုန်းက ပြန်ရောက်လာတာလဲ…”
 

ဟော်သွန်းသည် မိမိလက်ကိုဆုပ်ကိုင်ပြီး နူးညံ့စွာပြောလိုက်သည့် သားတော်၏စကားကြောင့် ၀မ်းသာသွားခဲ့သည်။ မိမိအိပ်ပျော်နေတုန်း သားတော်ခရီးက ပြန်ရောက်လာခဲ့သည်ထင်သည်။ မိမိဖာသာ အဆိပ်မိလို့ သတိမေ့နေသည်ကို

မသိသေးပေ။

 

ယွမ်ချူးခန်သည် မယ်မယ့်စကားကြောင့် မျက်ရည်ဝဲလာပြီး မယ်မယ့်လက်ကိုတင်းကျပ်အောင် ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ မိမိတစ်သက်တာတွင် မယ်မယ်ဒီလို အသက်ဘေးကြုံရလိမ့်မည်ဆိုတာ တွေးလို့ပင်မကြည့်ခဲ့ဖူးသဖြင့် ယခုလို ကြုံရတော့ ယွမ်ချူးခန် ခြောက်ခြားသွားပြီး မယ်မယ့်ကို ကတိပေးလိုက်သည်။ မယ့်မယ့်ကို ကာကွယ်ပေးရမည် ဆိုသည့် အသိက ရင်ထဲစွဲနေတော့သည်။

 

“မယ်မယ်… မယ်မယ်… နောက်ခါ သားတော် အဝေးကြီးမသွားတော့ဘူး။ သားတော်မရှိတုန်း မယ်မယ် တခုခု ထပ်ဖြစ်မှာစိုးတယ်…”
 

“မယ်မယ်ဘာမှ မဖြစ်ပါဘူ သားတော်လေးရယ်။ ”
 

ဟော်သွန်းသည် သားတော်၏ ထူးထူးဆန်းဆန်းစကားကြောင့် ပြုံးကာ ပြန်ဖြေလိုက်သည်။ သို့သော် သားတော်ပြောသည့် စကားကိုကြားမှ မိမိအဆိပ်မိကာ သုံးရက် သတိမေ့နေသည်ကို သိတော့သည်။

 

“မယ်မယ် အဆိပ်မိပြီး သတိမေ့နေတာ သုံးရက်ရှိပြီ မယ်မယ်။ အခု သားတော်ရဲ့သူငယ်ချင်းက မယ်မယ့်ကို အပ်စိုက်ကုပေးလို့ မယ်မယ် ပြန်သတိရလာတာပါ… ”
 

“သြော်… မယ်မယ် အဆိပ်မိသွားတာတဲ့လား။ ဘာလို့ပြန်ကုတာလဲ သားတော်ရယ်။ မယ်မယ့်ကို တမလွန်ကို သွားခွင့်ပြုပါတော့လား…”
 

ဟော်သွန်းသည် လုံခြုံရေးတင်းကြပ်သည့် နန်းတော်အတွင်းတွင် မိမိအဆိပ်မိသည်ဆိုသည့် အဖြစ်မှန်ကို ချက်ချင်းသတိပြုမိကာ အေးစက်စက်ပြုံးကာ သားတော်ကို ပြောလိုက်သည်။ ဒီနန်းတော် အသိုင်းဝိုင်းကို ရွံရှာသည့် စိတ်က ပိုတိုးလာခဲ့သည်။ စစ်မှန်သည့် ချစ်ခြင်းတရားမရှိသည့် နေရာတွင် ငရဲခံနေရတာ လုံလောက်ပြီဟုထင်သည်။ ဒါကြောင့် ခုချိန် သေသွားမည်ဆိုလျှင် ဟော်သွန်း တမလွန်ကို ၀မ်းမြောက်စွာထွက်သွားမိမည်ဖြစ်သည်။

 

“ဟင့်အင်း… မယ်မယ် ဒီစကားထပ်မပြောပါနဲ့။ သားတော် မယ်မယ့်ကို ဘယ်မှ သွားခွင့်မပြုနိုင်ဘူး။ သားတော်မှာ မယ်မယ် တစ်ယောက်တည်းရှိတာပါ…”
 

ယွမ်ချူးခန်သည် မယ်မယ့်စကားကြောင့် မျက်ရည်များက ပါးပြင်ပေါ်စီးကျလာခဲ့သည်။ မယ်မယ့်ပါးစပ်က သေစကားထွက်လာတော့ ဘယ်လိုမှ ထိန်းမထားနိုင်တော့ပဲ ၀မ်းနည်းစိတ်ကလျှံတက်လာတော့သည်။ မယ်မယ့်လို မိဖုရားခေါင်ကြီးက ဘာကြောင့် ဒီစကားကိုပြောရသည်ကို နားမလည်နိုင်ဖြစ်မိသည်။ ယခင်လိုဆိုလျှင် မယ်မယ်ဒီစကားပြော သည်ကို မိမိနားလည်နိုင်မည်မဟုတ်ပေ။ ယခုတော့ မယ်မယ့်အပြုံးနှင့် စကားမှတဆင့် မယ်မယ့်စိတ်ဆင်းရဲမှာကို အနည်းငယ်ခံစားမိလာသည်။

 

ဟော်သွန်းသည် သားတော်၏မျက်ရည်ကိုမြင်သောအခါ မိမိရင်ထဲမှ ဝေဒနာကို မြိုသိပ်ကာ ခပ်ပြုံးပြုံးနှင့်ပြန်ပြောလိုက်သည်။ သားတော်လေးကို မိမိအပူများမကူးစက်စေချင်တော့ပါ။ မိမိကြုံခဲ့သမျှသည် သားတော်လေးနှင့်မသက်ဆိုင်ပါ။ ဒါကြောင့် သားတော် ကိုစကားလွှဲလိုက်သည်။

 

“အင်းပါ။ မယ်မယ် သိပါတယ်။ မယ်မယ် သဘောပြောတာပါ။ သားတော်ကို မယ်မယ်လည်းမခွဲနိုင်သေးပါဘူး။

သားတော်လက်ထပ်တာကို မယ်မယ်ကြည့်ဦးမယ်။ မြေးလေးတွေကို ချီဖို့ မယ်မယ်အသက်ရှင်နေဦးမှာပါ။ အက်ူ ဘာလိုလိုနဲ့သားတော်လည်း လက်ထပ်ဖို့အရွယ်ရောက်လာပြီ။ ပြီးတော့ ခရီးထွက်ပြီးပြန်လာတာ အရင်ကထက်ရင့်ကျက်လာတယ်.. မယ်မယ့်ရည်ရွယ်ချက်အောင်မြင်တယ် ပြောရမယ်။ သားတော်ရဲ့သူငယ်ချင်းကို ကြည့်ပါရစေ… ဘယ်သူလေးလဲ..”

 

ယွမ်ချူးခန်သည် မယ်မယ့်စကားကြောင့် စိတ်သက်သာရာရသွားခဲ့သော်လည်း မိမိကိုလက်ထပ်ဖို့ရော၊ သားသမီးရမည့် အကြောင်းကိုလည်း ပြောနေသဖြင့် ဆူမီရာကြားမည်ကို သိကာ ရှက်နေမိသည်။ ပြီးမှ မယ်မယ့်ကို ဆူမီရာနှင့် မိတ်ဆက် ပေးဖို့ သတိရပြီး ချက်ချင်း ဆူမီရာ၏ လက်ကိုဆွဲကာ မယ်မယ့်ကို လှိုက်လှဲစွာမိတ်ဆက်ပေးနေမိသည်။


“သူက ငွေတောင်မင်းသားလေး ဆူမီရာပါ မယ်မယ်… မယ်မယ့်ကို ကုပေးဖို့ သားတော် အတင်းခေါ်ခဲ့တာပါ။ ဆူမီရာ… ဒါ ငါ့မယ်မယ်.. ငါပြောသလို အရမ်းချောတယ်မလား”
 

ယွမ်ချူးခန်က မယ်တော်နှင့်မိတ်ဆက်ပေးရင်း မယ်မယ်ချောသည်ကို ကြွားလိုက်သေးသဖြင့် ဆူမီရာ ပြုံးနေမိသည်။ ယွမ်ချူးခန်က အခုလိုကျတော့ တကယ့် ကလေးလေးလိုဖြစ်နေသည်မဟုတ်လား။

 

ဟော်သွန်းသည် ဆူမီရာ၏ လက်ကိုဆုပ်ကိုင်ကာ မိမိကို ချိုပြုံးစွာမိတ်ဆက်ပေးနေသည် သားတော်ကိုကြည့်ကာ သားတော် ဆူမီရာကို မည်မျှ အလေးနက်ထားပြီး နှောင်တွယ်မိသည်ကို ရိပ်မိလိုက်သည်။ ဆူမီရာလေးကလည်း သတင်းကြား ထားဖူးသည့် အတိုင်း တကယ့်ကို ချစ်စရာကောင်းလှသည်။ ရုပ်ချောသလောက် စိတ်သဘောထားကောင်းကာ  နူးညံ့စိတ်ထားရှိမည်ကို သိလိုက်သည်။ အတိတ်သဘောင်အရ သားတော် ဒီကောင်လေးကို မြင်မြင်ချင်းကို တွယ်တာသွားခဲ့သည် မဟုတ်လား။ ဟော်သွန်းသည် ဆူမီရာ၏ လက်ကို လှမ်းကိုင်ကာ ကြင်နာစွာပြောလိုက်သည်။

 

“ဆူမီရာ တဲ့လား..။ ချစ်စရာကောင်းလိုက်တာကွယ်။”

 

“မိဖုရားကြီးကို ဂါရ၀ပြုပါတယ်…”

ဆူမီရာသည် မိမိလက်ကိုဆုပ်ကိုင်ကာ ပြောလိုက်သည့် နန်ကျောင်ဧကရီ၏ စကားကြောင့် ချက်ချင်းအရိုသေပေးမည်အပြု ယွမ်ချူးခန်၏ မယ်တော်က အရိုသေမပေးခိုင်းပဲ ပြောလိုက်သည်။

 

“အရီးတော်ပဲ ခေါ်ပါကွယ်။ ဆူမီရာက အရီးတော်ရဲ့ အသက်သခင်မဟုတ်လား။”
 

“ကျွန်တော် မခံယူဝံ့ပါဘူး အရီးတော်ဘုရား.. ကံကောင်းလို့ ကျွန်တော့မှာပါတဲ့ အဆိပ်ဖြေဆေးက အဆိပ်ကိုပြေစေလို့ပါ…”

 

ဆူမီရာက ရိုးသားစွာဖြင့်ပြန်ဖြေလိုက်သည်။ တကယ်လည်း မိမိကိုယ်ကိုယ် သမားတော်ဟု မခံယူရဲသေးပါ။ ဆေးပညာက ဒီထက်ကိုနက်ရှိုင်းသည်မဟုတ်လား။

 

ဟော်သွန်းသည် ရိုးသားနှိမ့်ချသည့် ငွေတောင်မင်းသားလေးကို သဘောကျသည်ထက် ကျသွားခဲ့သည်။ သားတော်လေးဘေးတွင် ဒီလိုလူကောင်းလေးများများရှိစေချင်သည်။ သားတော်ကို လူတော်တစ်ယောက်ထက် လူကောင်းတစ်ယောက်ဖြစ်စေချင်မိတာ မိခင်တစ်ဦး၏ စေတနာပါ။ မကောင်းသည့်အသိုင်းဝိုင်းက သားတော်၏ ဖြူစင်သည့် စိတ်ကို ၀ါးမြိုသွားမည်ကို ဟော်သွန်းကြောက်သည်။

 

“ဘာပဲဖြစ်ဖြစ် ဆူမီရာကို အရီးတော်က အသက်သခင်လို့ သတ်မှတ်လိုက်ပြီ။ သားတော် ဆူမီရာရဲ့ကျေးဇူးကို မမေ့ရဘူးနော်..။ ”

 

“စိတ်ချပါ  မယ်မယ်.. ဆူုမီရာရဲ့ ကျေးဇူးကို သားတော်မမေ့ပါဘူး။”

 

ယွမ်ချူးခန်သည် ဆူမီရာကို မယ်မယ်သဘောကျပုံပေါ်သဖြင့် အရမ်းကိုပျော်နေမိသည်။ ဆူမီရာက သူ့ကို ခုလိုပြောနေသည်ကို မနေတတ်ဟန်ဖြင့် မျက်နှာလေးက ပန်းရောင်သမ်းလာသည် အထိရှက်နေစဉ် အပါးတော်မြဲကြီး၏ အသံကို ကြားလိုက်ရသည်။


“မင်းကြီးကြွချီလာပါပြီ”

 

ဟော်သွန်းသည် ဆူမီရာနှင့် သားတော်၏ လက်ကိုလွှတ်ပေးလိုက်သည်။ မင်းကြီးက လူငယ်လေး လက်ကိုမိမိဆုပ်ကိုင်ထားသည်ကိုမြင်လျှင် စိတ်ကြည်မည်မဟုတ်သည်ကို သိနေသည်။ ကာလိုခန်မင်းကြီးသည် အဆောင်ထဲကို ခြေလှမ်းကျဲကြီးနှင့်ဝင်လာပြီး ဟော်သွန်း၏ ခုတင်ဘေးတွင် ၀င်ထိုင်ကာ နဖူးလေးကိ အသာစမ်းကြည့်ပြီးမေးလိုက်သည်။

 

“ဟော်သွန်း… နှမတော် သတိပြန်ရလာပြီဆိုလို့ မောင်တော် ညီလာခံကနေ ပြေးလာခဲ့တာ…။ ဘယ်လိုနေသေးလဲ ဟော်သွန်း။”
 

“ကျွန်မ သက်သာပါတယ်။ ဒီသမားတော်လေး ကုပေးလို့ အားလုံး ပျောက်ကင်းသွားပါပြီ..”
 

ဟော်သွန်းသည် မင်းကြီးကို လေသံမှန်ဖြင့် ပြောလိုက်သည်။ သားတော်နှင့် ဆူမီရာရှေ့တွင် မိမိကို ခုလို ပြောဆိုနေသည်ကို မနှစ်သက်အောင်ဖြစ်နေမသိသည်။ ကာလိုခန်သည် မိမိလက်ထဲမှ ဟော်သွန်းလက်ကိုဆွဲနုတ်သွားသည်ကို ချက်ချင်းသတိပြုမိကာ ရင်ထဲမကောင်းအောင်ဖြစ်သွားမိသော်လည်း ယခုမှ နေကောင်းကာစ ဟော်သွန်းကို စိတ်ဆင်းရဲအောင်မလုပ်ချင်သဖြင့် ဟန်မပျက် သားတော်နှင့်ဆူမီရာဘက်ကိုလှည့်ကာပြောလိုက်သည်။

 

“သားတော်ရဲ့ သူငယ်ချင်းလေး ဆူမီရာက ကုပေးနေတာကို မောင်တော်ကြားပါတယ်။ ဆေးကုတာ အနှောက်ယှက် ဖြစ်မှာစိုးလို့ မောင်တော်အဆောင်ကိုမလာခဲ့ပဲ လိုအပ်တာအားလုံးပံ့ပိုးပေးနေခဲ့တာပါ။  မောင်တော့်ကိုခွင့်လွှတ်ပေးပါကွယ်။ ဟော်သွန်းကို မောင်တော် ကောင်းကောင်းမစောင့်ရှောက်နိုင်လို့ အဆိပ်ခတ်ခံရတာ။ မောင်တော် တရားခံကို သေဒဏ်ပေးလိုက်ပြီ။ ဟော်သွန်းရဲ့ အဆောင်လုံခြုံရေးကို နှစ်ဆတင်းကြပ်ထားလိုက်ပြီ။ ”
 

ကာလိုခန်သည် ဟော်သွန်းကိုလှည့်ကြည့်ကာ အဆိပ်ခတ်ခံရကြောင်း ယုံကြည်အောင်ပြောလိုက်သည်။ ဟော်သွန်းသိလို့မဖြစ်ပေ။ သိလျှင် မိမိမျက်နှာကို မကြည့်ချင်အောင် မုန်းသွားလိမ့်မည်ကို သိနေသည်။ ဟော်သွန်းသည် မင်းကြိး၏စကားကိုကြားသောအခါ ချက်ချင်းကျေးဇူးတင်စကားပြောလိုက်သည်။

 

“မင်းကြီးကို ကျေးဇူးတင်ပါတယ်..”
 

“ဟော်သွန်းရယ်… လင်မယားချင်းကို ဘာကြောင့် ကျေးဇူးစကားပြောရတာလဲ…”
 

ကာလိုခန်သည် ဟော်သွန်း၏ စကားကြောင့် ရင်ထဲမချိအောင်ခံစားသွားရသည်။ ကျေးဇူးတင်သည်တဲ့လား ဟော်သွန်းရယ်။ သားတော်လေး တစ်သက်ရှိသည့်တိုင် မင်းမျက်ဝန်းထဲ ယေစုကိုင်းကလွဲပြီးကိုယ့်ကို မမြင်ပါလားဟုတွေးကာ လက်သီးကို ကျစ်နေအောင်ဆုပ်လိုက်မိသည်။

 

ဟော်သွန်းသည် မင်းကြီးကို တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ မိမိကိုချစ်လှပါသည်ဆိုသည့် မင်းကြီးကို ဒီစကားကလွဲပြီး ပြောစရာမရှိတော့ပါ။ မိမိဘယ်လိုလုပ်ပြီးသူ့မိဖုရားဖြစ်လာသည်ကို သူကမေ့ပေမယ့် မိမိကတော့ သေသည် အထိမေ့မည်မဟုတ်ပေ။

 

“ကျေးဇူးတရားက ကျေးဇူးတရားပါ မင်းကြီး။ ကျွန်မကို စောင့်ရှောက်ပေးလို့ကျေးဇူးတင်ကြောင်းပြောတာပါ…”
 

“ဟော်သွန်းရယ်။”
 

ကာလိုခန်သည် ဟော်သွန်းပြောလိုက်သည့် စကားကိုနားလည်သဖြင့် ရင်ထဲစူးအောင့်သည်အထိ နာကျင်သွားခဲ့သည်။ ဟော်သွန်းသည် မင်းကြီးကို စကားထပ်မပြောချင်သဖြင့် သားတော်ကိုလှည့်ကြည့်ကာပြောလိုက်သည်။

 

“သားတော်… မယ်မယ် ဆာပြီ။ တခုခုယူလာခိုင်းလိုက်ပါ…”
 

“ဆူမီရာက မယ်မယ့်အတွက် ဌက်သိုက်နဲ့ ဂျင်ဆင်းဟင်းရည်လုပ်ခိုင်းထားပါတယ်… ပူတုန်းလေး သောက်လိုက်ပါဦး မယ်မယ်..”
 

ယွမ်ချူးခန်နှင့် ဆူမီရာသည် နံဘေးတွင် တိတ်ဆိတ်စွာရပ်နေရာမှ ဟော်သွန်း၏စကားကြောင့် အသက်ဝင်လာခဲ့သည်။ ယွမ်ချူးခန်က အပျိုတော်လက်ထဲမှ ဌက်သိုက်ဂျင်ဆင်းဟင်းပန်းကန်လေးကို ယူကာ မယ်မယ့်နားကို တိုးကပ်လာရင်း ပြောလိုက်သည်။

 

ကာလိုခန်မင်းကြီးက သားတော်လက်ထဲမှ ပန်းကန်ကိုလှမ်းတောင်းပြီးပြောလိုက်သည်။ ဖြူဖျော့ကာ သုံးရက်တိုင်တိုင် သတိလစ်နေသည့် ဟော်သွန်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကာ ကိုယ်တိုင်ပြုစုပေးချင်မိသည်။

 

“မောင်တော် တိုက်ပေးပါ့မယ်… သားတော် ခမည်းတော်ကိုပေး..”
 

“ရပါတယ် မင်းကြီး။ ကျွန်မ ကိုယ့်ဖာသာ ခပ်သောက်ဖို့ အားကျန်ပါသေးတယ်… ကိုယ့်ဖာသာ သောက်ခွင့်ပြုပါ…”
 

ကာလိုခန်သည် ဟော်သွန်း၏တိုးညှင်းသော်လည်းပြတ်သားသည့် စကားကြောင့်လက်လျော့လိုက်သည်။ ဟော်သွန်း နေကောင်းကာစမို့ သူမကြိုက်တာကို အတင်းမလုပ်ချင်သဖြင့်အလျော့ပေးလိုက်ခြင်းဖြစ်သည်။

 

“ကောင်းပါပြီကွာ… ”
 

မိဘနှစ်ပါး၏ ဆက်ဆံရေးကြောင့် ယွမ်ချူးခန် စိတ်ထဲဘယ်လိုမှ မကောင်းအောင်ဖြစ်မိသည်။ ငယ်စဉ်က မသိခဲ့သော်လည်း ယခုကြီးလာတော့ ခမည်းတော်ကို မယ်မယ် ဘယ်လောက်ရွံရှာသည်ကို ခံစားလာမိသည်။ ခမည်းတော်ကလုပ်ခဲ့သည့် အမှားကြောင့် မယ်တော် ဒီလိုခံစားရသည်ကို သိသော်လည်း မိမိခမည်းတော်ဖြစ်သဖြင့် ထိုသို့ဆက်ဆံခံရသည်ကို မြင်တိုင်း ယွမ်ချူးခန်၏ အသည်းကိုဒါးနှင့်စိုက်သလို ခံစားရစမြဲဖြစ်သည်။ ဒါကြောင့် ဆူမီရာကို ခေါ်ကာထွက်လာရန် လျှောက်တင် လိုက်သည်။ မိဘနှစ်ပါး၏ အေးစက်သည့် ဆက်ဆံရေးကို ဆူမီရာမြင်သွားသဖြင့်လည်း စိတ်မကောင်းဖြစ်မိသည်။

 

“မယ်မယ်ဘုရား… သားတော် ဆူမီရာ့ကို အနားယူဖို့ အဆောင်လိုက်ပို့ပါဦးမယ်၊ ဆူမီရာက ရောက်ကတည်းက မယ်မယ့်ကို အနားမယူပဲ တောက်လျောက်ကုပေးနေခဲ့ရတာပါ..”

 

ခမည်းတော်နှင့်မယ်တော်ကို ခွင့်တောင်းပြီး ဆူမီရာကို ခေါ်ပြီး ယွမ်ချူးခန်ထွက်လာခဲ့သည်။ ဆူမီရာက ယွမ်ချူးခန် မည်သို့ခံစားရသည်ကို နားလည်သဖြင့် ငြိမ်ပြီးလိုက်လာခဲ့သည်။ မယ်တော့်အဆောင်အပြင်ကိုရောက်မှ ယွမ်ချူးခန်က ဆူမီရာကို တိုးတိုးလေးပြောလိုက်သည်။

 

“မင်းတွေ့ပြီလား… ငါ့မိဘတွေရဲ့ ဆက်ဆံရေး.. မင်း ငါ့ကို စိတ်ပျက်သွားပြီလား.”

 

ဆူမီရာသည် ယွမ်ချူးခန်ကို မော့ကြည့်ကာ ပြောလိုက်သည်။ သူ့ခံစားချက်က မျက်နှာတွင်ထင်ဟပ်နေပြီး စိတ်မချမ်းမြေ့မှုကိုအတင်းဖုံးကွယ်ကာ ထီမထင်မျက်နှာထားလုပ်ထားသည်ကို နားလည်သွားတော့သည်။

 

“ဘာဆိုင်လို့လဲ ယွမ်ချူးခန်ရာ… မင်းက ငါ့သူငယ်ချင်းလေ။ မင်းမိဘတွေရဲ့အရိပ်က မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ငါသိတာ ငါ့သူငယ်ချင်းက သူ့မယ်မယ်ကို သေလောက်အောင်ကိုချစ်တယ်ဆိုတာပဲ။ မင်းမယ်မယ်ကို ကြည့်နေတဲ့အချိန် မင်းမျက်လုံး အရမ်းနူးညံ့တာပဲ။ မင်းမယ်မယ်လည်း မင်းကို အရမ်းချစ်တယ်နော်။ သတိရရခြင်း မင်းနာမည်ကိုပဲ ခေါ်တာ”
 

 

ဆုမီရာက ယွမ်ချူးခန်ကို စိတ်သက်သာရာရအောင် သူသတိမပြုမိသည့် အချက်ကို ထောက်ပြလိုက်သည်။ လူဆိုတာက ကိုယ့်မှာရှိသည့် ကံကောင်းသည့်အချက်ထက် ကံဆိုးသည့်အချက်ကိုသာကြည့်ပြီး နာကျင်ငိုကြွေးနေတတ်သည် မဟုတ်လား။ ယခုလည်း ယွမ်ချူးခန်က သူ့မိဘအိမ်ထောင်ရေးကိုကြည့်ပြီးနာကျင်နေသည်။ သူ့မယ်တော် သူ့ကို အရမ်းချစ်သည့်အချက်ကို သူမေ့ထားသည်။

 

ဆူမီရာပြောလိုက်သည့်စကားကိုကြားသော် ယွမ်ချူးခန်၏ မျက်နှာတဖြည်းဖြည်းပြန်ပြီးနူးညံ့လာခဲ့ပြီး အမှန်အတိုင်းဖွင့်ပြောခဲ့သည်။ ဟုတ်သည်။ မယ်မယ် သတိရရချင်း မိမိကိုခေါ်လိုက်သည်ကိုကြားတော့ ယွမ်ချူးခန် အရမ်းကိုပျော်သွားခဲ့သည် မဟုတ်လား။ အမြဲတမ်း မိမိမမြင်ဖူးသည့် နောင်တော်ကိုတမ်းတနေတတ်သည့် မယ်မယ့်နူတ်ဖျားမှာ မိမိကိုခေါ်လိုက်သည့် စကားက မိမိရင်ကို မည်မျှပျော်သွားစေသည်ကို မယ်မယ်သိပါလေစ။

 

“အင်း… မယ်မယ် သတိရရချင်း ငါ့ကို ခေါ်လိုက်တော့ ငါအရမ်းကို ၀မ်းသာသွားခဲ့တာ။ မယ်မယ် ငါ့ကိုမချစ်ဘူးလို့ထင်နေတာ”

 

“ကိုယ့်သားသမီးကို မချစ်တဲ့ မိဘဆိုတာ မရှိပါဘူးကွာ… မင်းက အတွေးခေါင်လိုက်တာ…”
 

ဆူမီရာသည် ယွမ်ချူးခန်ကို ပြုံးကာနှစ်သိမ့်လိုက်သည်။ ဆူမီရာ၏ စေတနာကို ယွမ်ချူးခန်သိသော်လည်း အခြားအကြောင်းရာ များစွာကို ဆူမီရာသိအောင်ဖွင့်မပြောနိုင်သဖြင့် သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

 

“ငါအတွေးခေါင်တာ မဟုတ်ပါဘူး။ မင်းမသိတာ အများကြီးရှိသေးတယ်။ တနေ့မှ မင်းကို ငါပြောပြပါ့မယ်…”
 

“အေးပါကွာ။ မင်းလည်း အများကြီးလျှောက်မတွေးနဲ့။ ငါ့အမြင်ကတော့ မင်းမယ်မယ် မင်းကို အရမ်းချစ်တယ်။ သူမင်းကို စိုးရိမ်နေခဲ့တာကွ။ မင်းကိုတွေ့လိုက်တဲ့အချိန် အများကြီး စိတ်အေးသွားတာကို မျက်ဝန်းထဲမှာ မြင်နေရတယ်။”
 

“ဆူမီရာ… မင်း ငါ့သူငယ်ချင်းဖြစ်တာ ငါအရမ်းကံကောင်းတာပဲ သိလား။ ငါ့ရင်ထဲက စိုးရိမ်စိတ်ကို မင်းဖယ်ရှားပေးလိုက်တာပဲ။ ပထမ ငါချစ်တဲ့ မယ်မယ့်ကို ကုပေးတယ်။ နောက် ငါ့ရင်ထဲက စိုးရိမ်စိတ်ကို လျော့အောင်လုပ်ပေးတယ်။ ”
 

ယွမ်ချူးခန်သည် ဆူမီရာ၏စကားကြောင့် ရင်ထဲမှာ စိုးရိမ်စိတ်များလျော့သွားပြီး လှမ်းဖက်ကာပြောလိုက်သည်။ ဆူမီရာက ယွမ်ချူးခန်ကို ပြန်ဖက်ပြီးပြောလိုက်သည်။

 

“ငါတို့က သူငယ်ချင်းတွေလေကွာ… ”
 

“အင်း..ဟုတ်တယ်.. သူငယ်ချင်းတွေ…”

 

ထိုစကားကိုပြောတော့ ယွမ်ချူးခန်၇င်ထဲ တစ်ကယ့်ကို အားတက်နေမိသည်။ ဆူမီရာက မိမိကို သူငယ်ချင်းလို သဘောထားသည် မဟုတ်လား။ မိမိက နန်ကျောင်မင်းသားဖြစ်လို့ အကြိုက်လိုက်ပြောတာမျိုးမဟုတ်ပဲ သူငယ်ချင်းဖြစ်လို့ အားပေးစကားပြောလိုက်သည့်အချက်က ယွမ်ချူးခန်ကို ဖော်မပြနိုင်အောင် ပျော်ရွင်စေခဲ့သည်။


“အပါးတော်မြဲကြီး… ဒီစာရင်းကို ယူပြီးစားဖိုဆောင်ကိုပို့စမ်း။ ကိုယ်တော်တို့ ပွဲတော်တည်ရင် ဒီဟင်းတွေပါပါစေ။ ပြီးတော့ ငွေတောင်မင်းသားရဲ့ အဆောင်က အခြွေရံတွေကို အမိန့်ထုတ်စမ်း။ ငွေတောင်မင်းသားကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်တဲ့သူကို တခါတည်းကြိမ်ဒဏ် အချက်ငါးဆယ်ပေးမယ်။ ပြီးတော့ ငွေတောင်မင်းသားရဲ့အဆောင်ကို အကောင်းဆုံးပဲ တန်ဆာဆင်ပေးကြစမ်း… သူက ငါကိုယ်တော် တန်ဖိုးထားရတဲ့ တစ်ဦးတည်းသောသူပဲ…”
 

“မှန်လှပါ အရှင့်သား…”
 

အပါးတော်မြဲကြီးသည် အိမ်ရှေ့စံ၏ မပြီးနိုင်မစီးနိုင်အောင် အသေးစိတ်စီမံနေသည်ကို တွေ့သော် အံ့အားသင့်ကာ အမြန်လိုက်မှတ်ပြီး ဆောင်ရွက်ရန် ထွက်သွားတော့သည်။ ယခုမင်းသားလေးနှင့်အတူပါလာသည့် ငွေတောင်မင်းသားလေးကို အရှင့်သားက အတော့်ကိုမြတ်နိုးပုံရသည်ကို တွေးနေမိသည်။

 

အပါးတော်မြဲတစ်ဦးက မောမောနှင့်ရေနွေးကြမ်းသောက်နေသည့် ယွမ်ချူးခန်ကို လာရောက်လျှောက်တင်သည်။

 

“ကြင်ယာတော်လောင်းတွေ အခစားဝင်ပါတယ် အရှင့်သား…”
 

“မအားဘူးလို့ပြောလိုက်။ နောက်မှ ငါကိုယ်တော် သူတို့အဆောင်ကို လာတွေ့မယ်လို့ပြောလိုက်…”

 

ယွမ်ချူးခန်က စဉ်းပင်မစဉ်းစားပဲ ချက်ချင်းငြင်းလိုက်သည်။ အပါးတော်မြဲက ပါးစပ်ပြဲမတတ်အံ့သြသွားခဲ့သော်လည်း ချက်ချင်းဆောင်ရွက်ရန်ထွက်သွားရသည်။
 

“မှန်လှပါ…အရှင့်သား”

 

ဆူမီရာသည် အိပ်ရေးဝကာ စိတ်လက်ချမ်းသာစွာနိုးလာခဲ့သည်။ တဖက်ကိုစောင်းကာ မျက်လုံးဖွင့်လိုက်သည်နှင့် ယွမ်ချူးခန်၏ အသံကိုအရင်ကြားလိုက်ရသည်။


“ဆူမီရာ… အိပ်ယာနိုးပြီလား…”
 

“အင်း… မင်း ဘယ်အချိန်ကတည်းကရောက်နေတာလဲ… ”
 

ဆုမီရာ အိပ်ယာမှထထိုင်ကာ သမ်းလိုက်ပြီးမေးလိုက်သည်။ ယွမ်ချူးခန်ကိုကြည့်ရတာ ကျော့မော့သန့်ပြန့်လို့နေသည်။ ဒီကောင် အစောကြီးနိုးနေပုံရသည်။ ယွမ်ချူးခန်သည် အညောင်းဆန့်နေသည့် ဆူမီရာကိုကြည့်ကာ ပြုံးပြီးစိတ်ထဲရှီသည့် အတိုင်းပြောလိုက်သည်။

 

“ခုလေးတင်ပါ။ မင်းအိပ်နေတာကို ထိုင်ကြည့်နေတာ။ မင်းအိပ်တာ ကလေးလေးကျနေတာပဲ။ အိပ်ပျော်နေတဲ့ နတ်သားလေးဆိုတာ မင်းကိုပြောတာဖြစ်နိုင်တယ်။”

 

“အင်း… မင်း ဒီလိုတွေ ပြောတတ်မယ်တောင် ငါမထင်ဘူး။ မင်း အိမ်ကိုပြန်ရောက်လာလို့ ထင်တယ်။ မင်း ခုမှ လူငယ်နဲ့တူတော့တယ်.. ”

 

ဆူမီရာက ရယ်လိုက်ပြီး ခုတင်ပေါ်မှဆင်းကာပြောလိုက်သည်။ ဒီကောင် ဒီလိုတွေပြောတတ်မည်တောင် မထင်ထားခဲ့ပေ။


“ဟုတ်လား။ ငါက မထူးခြားပါဘူး။ ဒါပေမယ့် မင်းလိုက်လာလို့ ငါ့အတွက် အကျဉ်းထောင်လို ပျင်းစရာကောင်းတဲ့နေရာက ပျော်စရာဖြစ်သွားတယ်။ကဲ … နိုးရင်ထတော့။ ရေချိုးပြီးရင် ငါတို့ မနက်စာ စားရအောင်… ပြီးရင် မင်းကို မြို့ထဲလိုက်ပို့မယ်…”
 

ယွမ်ချူးခန်က ခပ်တည်တည်ပြန်ပြောကာ ဆူမီရာကို လောဆော်လိုက်သည်။သူ့အတွက် မိမိစီစဉ်ထားသည်ကို ပြချင်လှပြီ မဟုတ်လား။

 

“အေး… မသွားခင် အရီးတော်ကို သွားနူတ်ဆက်ရင်း စမ်းသပ်ပေးမယ်…”

 

ဆုမီရာလည်း ထိုအခါမှ မျက်လုံးကျယ်လာခဲ့သည်။ နန်ကျောင်ပြည်ကိုရောက်မှတော့ နာမည်ကျော် ကျောက်တောအုပ်ကိုသွားလည်ဦးမည်ဟု တွေးထားသည်။ဒါကြောင့် အမြန်ရေချိုးဆောင်ကိုပြေးဝင်လာခဲ့သည်။ ယွမ်ချူးခန်သည် လုံးတုံးတုံးနှင့် ရေချိုးခန်းထဲ ပြေးဝင်သွားသည့်ပုံကို ချစ်စနိုးဖြင့်ကြည့်ပြီးကျန်ရစ်ခဲ့သည်။

----------------------------

 

 “ခမည်းတော်နဲ့ မယ်တော်ကို ဂါရ၀ပြုပါတယ်..”

 

“မင်းကြီးကို ဂါရ၀ပြုပါတယ်… အရီးတော်ကို ဂါရ၀ပြုပါတယ်…”

 

နှစ်ဦးသား မယ်တော် ဟော်သွန်းနှင့်မင်းကြီးကို ဂါရ၀ပြုလိုက်ကြသည်။ ကာလိုခန်က ဆူမီရာကိုပြုံးရွင်စွာ ကြည့်ကာပြောလို်က်သည်။

 

“တူတော်မောင် ဆူမီရာကို လာခေါ်ခိုင်းတော့မလို့။ မိဖုရားကြီးအခြေနေကို အတည်ပြုခိုင်းမလို့ပါ…နန်းတော်ထဲက သမားတော်တွေက အားလုံးကောင်းသွားပြီလို့ပြောပေမယ့် ဦးရီးတော်က တူမောင်ရဲ့ စကားကိုကြားချင်လို့ပါ…”
 

“အရီးတော်ရဲ့ သွေးကြောထဲက အဆိပ်အားလုံးပြေသွားပါပြီ အရှင်မင်းကြီး။ အားရှိတဲ့ အစားအစာကို စားပြီး တပတ်လောက်ဆိုရင် လူကောင်းပကတိဖြစ်ပါပြီ..”
 

ဆူမီရာက သွေးကြောစမ်းကာလျှောက်တင်လိုက်သည်။ ကာလိုခန်သည် ဆူမီရာ၏ စကားကိုကြားတော့မှ စိတ်အေးသွားခဲ့သည်။

 

“တူတော်မောင်ရဲ့ ကျေးဇူးကိုမမေ့ပါဘူးကွာ။ တူမောင်အတွက် နန်းတော်ထဲမှာ ဂုဏ်ပြုပွဲကျင်းပပေးရအုံးမယ်…ပြီးတော့ နတ်ဆေးသမားတော်ဘွဲ့ကိုလည်းပေးရမယ်…”
 

“ကျွန်တော်က အဲ့ဘွဲ့နဲ့ မထိုက်တန်လို့ လက်မခံပါရစေနဲ့ အရှင်မင်းကြီး။ အခုက အသင့်ပါလာတဲ့ အဆိပ်ဖြေဆေးကြောင့်ပါ…ဒီဆေးကလည်း ကျွန်တော့်ဆရာ ထန်ဖိုးဖိုးဖော်စပ်ထားတာပါ…”
 

ဆူမီရာ တကယ်ကိုလန့်သွားပြီး အတင်းငြင်းလိုက်သည်။

 

“အင်း… တကယ်ကို ကြားထားဖူးတဲ့ အတိုင်း ဆေးပညာထက်မြက်သလောက်ကို မာန်မာနမရှိပဲ အရမ်းကိုနှိမ့်ချတတ်တယ်။ ဒီလိုလူမျိုးက နန်းကျောင်နန်းတွင်းမှာရှိသင့်တာပဲ.. မိဖုရားကြီး ဘယ်လိုမြင်သလဲ။ ငွေတောင်မင်းသားကို အမတ်ရာထူးပေးပြီး သားတော်နားမှာထားမှထင်တယ်…”
 

ကာလိုခန်မင်းကြီးသည် သားတော်၏မျက်ဝန်းထဲမှ ဆူမီရာကိုကြည့်သည် မြတ်နိုးရိပ်ကိုတွေ့တော့ ထိုသို့ပြောလိုက်သည်။ ဟော်သွန်းက ချက်ချင်းကန့်ကွက်လိုက်သည်။ မိမိလိုအဖြစ်မျိုး နောက်ထပ် မည်သူ့ကိုမှ မခံစားစေချင်တော့ပါ။ ရွှေလှောင်ချိုင့်ထဲမှ အလှမွေးထားသည့် ဌက်ကလေးလို ဘ၀ ငွေတောင်မင်းသားလေးကို ထပ်ပြီးမကြုံစေချင်တော့ပါ။

 

“ငွေတောင်မင်းသားလေး သဘောတူရင် ကောင်းပါတယ် မင်းကြီး။ ဒါပေမယ့် တူတော်မောင်က ငယ်ရွယ်သေးတော့ မိဘတွေက အဝေးမှာထားဖို့ သဘောတူမယ်မထင်ပါဘူး။ ကျွန်မတောင် သားတော်လေး ယွမ်ချူးခန် ခရီးက ပြန်မလာမချင်း စိတ်ပူနေမိတာပဲ။ မိဘချင်း ကိုယ်ချင်းစာပါတယ်..”
 

“အင်းပါ… မောင်တော်နားလည်ပါတယ်။ တကယ်လို့ ဆူမီရာကိုခေါ်မယ်ဆိုရင် ငွေတောင်မင်းကြီးကို သွားတွေ့ခိုင်းပြီး ခွင့်တောင်းမှာပါ။ ”
 

ကာလိုခန်မင်းကြီးက ဟော်သွန်းကို ကြင်နာစွာဖြင့်ပြန်ပြောလိုက်သည်။ ယွမ်ချူးခန်က ခမည်ေးတ်ာနှင့် မယ်တော်ကို ခွင့်တောင်းလိုက်သည်။

 

“ခမည်းတော်နဲ့မယ်မယ်ဘုရား… သားတော် ဆူမီရာကို မြို့ပြင်ကိုလိုက်ပြဖို့ ခေါ်သွားပါဦးမယ်…”
 

“သက်တော်စောင့်တွေကို လုံလောက်အောင်ခေါ်သွားပါ…”
 

“မှန်လှပါ…”

 

ယွမ်ချုးခန်က ခမည်းတော်၏အမိန့်ကိုအသာတကြည် နားထောင်ကာ ဆူမီရာကိုခေါ်ပြီး နန်းတော်ထဲမှထွက်လာခဲ့သည်။ သို့သော် လမ်းတစ်ဝက်ရောက်သည်နှင့် သက်တော်စောင့်တပ်ကို အမိန့်ပေးတော့သည်။


“မင်းတို့တွေ.. ဒီမှာစောင့်နေခဲ့… ငါတို့နောက်ကို လိုက်မလာနဲ့…”
 

“အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို လိုက်စောင့်ရှောက်ခိုင်းလို့ပါ အရှင့်သား”
 

“မင်း နောက်တနေ့ နေထွက်တာ မမြင်ချင်တော့ဘူးထင်တယ်။ ငါပြောတဲ့ စကားကို သေချာမကြားတာလား။ နားမလည်တာလား..”
 

“ခွင့်လွှတ်တော်မူပါ အရှင့်သား…”

 

သက်တော်စောင့်တပ်မှုးက မသက်မသာဖြင့် မင်းသားလေးအမိန့်အတိုင်း လမ်းတစ်ဝက်မှာ အဖွဲ့လိုက်စောင့်ကျန်ရစ်ခဲ့သည်။

ဆူမီရာက ယွမ်ချူးခန်ကိုဖြောင့်ဖျလိုက်သည်။


“မင်းကလည်းကွာ။ သူတို့က မင်းကြီးအမိန့်အတိုင်းလိုက်နာရတဲ့သူတွေပါ။ ”
 

“ဒါ ငါ့မြေ။ ပြီးတော့ ငါက ကလေးလည်းမဟုတ်တော့ဘူး။ အတိုင်းတိုင်းအပြည်ပြည်ကိုလှည့်လည်ပြီးပြီ။ ကလေးလေးလို လိုက်ကြည့်နေတာ မကြိုက်ဘူး။ မင်းဆိုရော မင်းတိုင်းပြည်ထဲ လျှောက်သွားရင် ကိုယ်ရံတော်ပါလား။”
 

ယွမ်ချူးခန်က ဆူမီရာ၏ စကားကို ရှင်းရှင်းပြန်ဖြေရင်းမေးလိုက်သည်။ ဆူမီရာက ချက်ချင်း ယွမ်ချူးခန် ဆိုလိုသည်ကို နားလည်သွားသည်။

 

“မပါဘူး။ ငါက ဒီအတိုင်းလျှောက်သွားနေတာပဲ။ သက်တန့်တော်ပေါ်သွားရင်တော့ နောင်တော်ပါတယ်… ဒါပေမယ့် နောက်ပိုင်း နောင်တော်မရှိတော့ ငါ့ဖာသာပဲသွားတယ်။”

 

ဆူမီရာက ဖြေရင်း ငိုင်သွားသဖြင့် ယွမ်ချူးခန်က မေးလိုက်သည်။ စိတ်ထဲနည်းနည်းတော့မကောင်းသလိုဖြစ်သွားမိသည်။ မိမိကိုအနားထားပြီး အဝေးကလူကို သတိရနေသည်ကို မနှစ်သက်ပါ။

 

“မင်း ရဲ့နောင်တော်ကို သတိရသွားတာလား ဆူမီရာ..”

 

“အင်း..ဟုတ်တယ်.. ငါ့တိုင်းပြည်ကို ပြန်တော့မယ် ယွမ်ချူးခန်..”
 

ဆူမီရာက တစ်လက်စတည်း ယွမ်ချူးခန်ကို ခွင့်တောင်းလိုက်သည်။ အိမ်ကိုပြန်ချင်လှပြီ။ နောင်တော် ရောက်နေလို့ မိမိကို မြင်လျှင် စိတ်ဆိုးနည်းနည်းပြေမည်ဟု တိတ်တိတ်မျှော်လင့်မိသည်။

 

ယွမ်ချူးခန်က ဆူမီရာ၏စကားကြောင့် ပျာပျာသလဲ တားလိုက်သည်။ ဆူမီရာကို မခွဲချင်ပေးပါ။ သူ့ကို နန်ကျောင်ပြည်ကို နှံ့အောင်လိုက်ပြချင်သေးသည်။ အတူတူအချိန်ကုန်ဆုံးချင်သေးသည်။

 

“ဟာ … မင်းကလည်း။ ခုမှ မယ်တော် သက်သာကာစရှိသေးတယ်။ မယ်မယ့်ကို လူကောင်းပတိဖြစ်အောင် ကုပေးပါဦးကွာ။ ”

 

“အရီးတော်က အားလုံးကောင်းသွားပြီ။ အားရှိအောင် တပတ်နားခိုင်းတာပါ။ ငါ ထွက်လာတာ အရမ်းကြာနေပြီ။ ငါ့ မိဘတွေလည်း စိတ်ပူနေလောက်ပြီ။ ဒါကြောင့် ငါပြန်ချင်ပြီ။”
 

ဆူမီရာက အကျိုးသင့် အကြောင်းသင့်ပြောတော့ ယွမ်ချူးခန် တားဖို့ အကြောင်းပြမရတော့ ပြန်ပို့မည်ဟုပြောလိုက်သည်။

 

“မင်းငါနဲ့လိုက်လာကတည်းက မင်းမိဘတွေဆီကို ငါလူလွတ်ပြောခိုင်းထားပါပြီ။ သူတို့က မင်းငါနဲ့လိုက်လာတာ သိပါတယ်။ မင်းကို ငါကိုယ်တိုင်ပဲ လိုက်ပို့ပေးမှာပါ…ဆူမီရာ..”
 

“ကျေးဇူးပဲ ကီလာတိုင်။ ငါက ခမည်းတော်နဲ့မယ်တော်စိုးရိမ်နေပြီထင်တာ။ ငါ့ကို မင်းပြန်မပို့ပါနဲ့၊ မင်းလူတွေနဲ့လိုက်ပို့ခိုင်းရင်ရပါပြီ။ မင်းက အလုပ်တာဝန်တွေရှိသေးတယ်မလား။”
 

ဆူမီရာ တကယ့်ကို ကျေးဇူးတင်သွားမိသည်။ ယွမ်ချူးခန်ဒေါင့်စေ့အောင် စီမံပေးခဲ့သည်ကို အသိမှတ်ပြုလိုက်သည်။ သူပြန်ပို့ပေးမည်ကို လက်မခံနိုင်သဖြင့် ငြင်းလိုက်သည်။ သို့သော် ခေါင်းမာသည့် မင်းသားလေးက ချက်ချင်းငြင်းလိုက်သည်။

 

“ဟင့်အင်း… ဘာမှမရှိဘူး။ ငါကိုယ်တိုင်မင်းကိုလိုက်မပို့ရဘူးဆိုရင် မင်းကို ပြန်မလွှတ်ဘူး။”
 

ဆူမီရာက ရယ်ကျဲကျဲနှင့် ယွမ်ချူးခန်ကို နောက်လိုက်သည်။

 

“မင်းရဲ့မိဖုရားတွေ မင်းကိုလွမ်းနေမှာပေါ့ကွ…”


“အာ… မင်းဘယ်လိုသိသွားတာလဲ…”
 

 “နန်ကျောင်မင်းသား ယွမ်ချူးခန်မှာ မိဖုရားငါးပါးရှိတယ်ဆိုတာ တိုင်းပြည်တကာက သိတဲ့သတင်းပဲဟာ။ ”
 

 “မိဖုရားလောင်းတွေပါ… ပြီးတော့ ဒါက နိုင်ငံရေးအရ ငါလက်ဆက်ရမယ့်သူတွေပါ။ ငါ ချစ်ရတဲ့သူ မရှိပါဘူး။”
 

ယွမ်ချူးခန်က ခေါင်းကုတ်ပြီး ရယ်ကျဲကျဲနှင့်ပြောလိုက်သည်။ ဆူမီရာက ရှက်ရိပ်ဝဲ၀ဲနှင့် မင်းသားလေးကိုကြည့်ကာ ရယ်ရင်းပြောလိုက်သည်။

 

“မင်းကလည်း..ရှက်သွားလိုက်တာကွာ။ နောင်တော်ထန်လိုခိဆို မောင်းမကို အယောက် ၂၀ ရှိတယ်ကွ။ အင်အားကြီးနိုင်ငံ တွေက အဲ့လိုပါပဲ။ မဟာမိတ်အတွက်၊ အာဏာအတွက် လက်ထပ်ပွဲကို ဆင်နွဲရတယ်ဆိုတာ.. ”
 

ယွမ်ချူးခန်က အာနန်မင်းသားအကြောင်းကို သတိရပြီး ပြောလိုက်သည်။

 

“အာနန်မင်းသားက မိဖုရားတစ်ပါးမှာ မရှိဘူး..”
 

“ဟုတ်တယ်… ငါ့နောင်တော်က ထူးခြားတယ်။ သူက စစ်တိုက်နေရတာနဲ့ကို မိဖုရားမမြှောက်အားတဲ့သူပါ။ အခုလည်း အရှေ့ဘက် ပင်လယ်မှာ ပင်လယ်ဓါးပြမျိုးနွယ်တွေကို နှိမ်နှင်းနေရတယ်ကွ… ”
 

“မင်း အာနန်မင်းသားကို အရမ်းချစ်တာပဲနော်.. ”
 

ယွမ်ချူးခန်သည် အာနန်မင်းသားအကြောင်းပြောတိုင်း မျက်နှာက အရောင်ထွက်မတတ် ပြုံးနေပြီး မျက်ဝန်းက နူးညံ့သွားသည့် ဆူမီရာကိုကြည့်ပြီး မနာလိုစိတ်ဖြင့်မေးလိုက်မိသည်။

 

“ဟုတ်တယ်။ နောင်တော်က ငါ့ဘ၀မှာ ခမည်းတော်၊မယ်တော်ပြီးရင် အချစ်ဆုံးပဲ။ တကယ်တော့ ငါကြိုးစားတယ်ဆိုတာ နောင်တော့်ကို ကူညီပေးချင်လို့ကွ။ နောင်တော်သာမရှိရင် ငါ ခပ်တုံးတုံး မင်းသားလေး တစ်ယောက်ပဲဖြစ်နေဦးမှာ။ အခု နောင်တော်တစ်ယောက်လုံးက အရှေ့မှာ အရမ်းတော်တော့ ငါလည်းအားကျပြီး လိုက်ကြိုးစားတာ။”
 

“ဆူမီရာ… တကယ်လို့ အသက်ဘေးတခုခုကြုံလာမယ်ဆိုရင် မင်းနောင်တော်နဲ့ငါဆို မင်းဘယ်သူ့ကိုရွေးကယ်မှာလဲ…”

 

“မင်းကလည်း ရွေးတယ်ဆိုတာ ဘာကိုပြောတာလဲ။ မင်းနဲ့နောင်တော်ကို နှစ်ယောက်လုံးကို ကယ်မှာပေါ့.. ”

 

ဆူမီရာက သဘောရိုးထင်ပြီး ရယ်မောကာ ယွမ်ချူးခန်၏ အမေးကိုပြန်ဖြေခဲ့သည်။

------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet