စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (52)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (52)


“အရှင့်သား.. အရှင့်သားရဲ့ မယ်တော်ကိုယ်တိုင် ဆူမီရာမင်းသားလေးကို ခေါ်ဆောင်သွားပါပြီ.. ကျွန်တော်မျိုး အထောက်တော်လွှတ်လိုက်ပါတယ် အရှင့်သား..”

 

တင်ဂီရိသည် ငွေတောင်ပြည်လုံခြုံရေးအတွက်ချထားသည့် တပ်မှုးကြီး၏လူမှ စေလွှတ်သည့် အထူးစစ်သည်တော်၏ အစီရင်ခံသည်ကိုကြားပြီးနောက် အဝေးကိုမျှော်ငေးကြည့်နေလိုက်သည်။ မယ်မယ်ကိုယ်တိုင်လိုက်လာခေါ်မှ ဆူမီရာ လိုက်သွားမည်ကိုသိသဖြင့် ဟိုဘုရင်သားအဖ မည်သို့ပင် မယ်မယ့်ကိုလိမ်ညာလိုက်မည်ကို ရိပ်မိလိုက်သည်။

 

မယ်မယ်သည်လည်း သားဇောနှင့် ဆူမီရာကိုလာခေါ်သွားပုံရသည်။ မယ်မယ်ကိုယ်တိုင် တာဝန်ခံပြီးလာခေါ်တာဖြစ်လို့ မယ်မယ်ကိုယ်တိုင်လာပို့ပေးမှာသေချာသည်။ ဒါကြောင့် ဆူမီရာလိုက်သွားသည့်အကြောင်းကိုနားလည်သဖြင့် ဆူမီရာကို စိတ်မဆိုးပေ။ ဒါပေမယ့် ကျားခံတွင်းကို နောက်တကြိမ်ထပ်ဝင်သွားသော ဆူမီရာကို ခန်ဘုရင်သားအဖက လက်လွှတ်ခံမည်မထင်တော့။ ဒီတစ်ခါ စစ်ခင်းကာ ပြန်ခေါ်ရဖို့သေချာသည်။ တင်ဂီရိက အားလုံးကို တွက်ချက်ပြီးနောက် အထူးစစ်သည်တော်ကို အမိန့်ပေးလိုက်သည်။
 

“ကောင်းပြီ။ ခမည်းတော်ဆီကို လူလွှတ်ပြီး အကျိုးကြောင်းကို တင်လျှောက်လိုက်တော့…”

 

မိမိ၏လျှို့ဝှက်အထောက်တော် ထွက်သွားပြီးနောက် တင်ဂီရိမိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ မြောက်ပိုင်းမှ နဂါးဖြူကြယ်စုက ပိုပိုလင်းလက်လာခဲ့ပြီ။ မိမိဘက်ကမတုန့်ပြန်လျှင်အရာအားလုံးကို သူတို့ဝါးမျိုလာတော့မည်။ စစ်ဖြစ်ဖို့ အချိန်တန်ပြီ။
 

တထန်ပြည်နှင့်လည်း မဟာမိတ်ချုပ်ဆိုပြီးပြီဖြစ်လို့ ထန်လိုခိကိုပြောပြီး မြောက်ပိုင်းကို စစ်ချီဖို့ စစ်တပ်စေလွှတ်ရန်ပြောတော့ ထန်လိုခိ ကိုယ်တိုင်တိုင်ဦးစီးပြီး မြောက်ပိုင်းကို ချီလာမည်ဟု ကတိပေးခဲ့သည်။ ထို့နောက် တိုလုအီထံ စာပို့ကာ ပင်လယ်ထဲမှ မိမိရေတပ်ကို အာနန်ပြည်ဘက်ကို ရွက်လွှင့်ဖို့ စာချွန်ပါးလိုက်သည်။ လီတိုင်းပြည်နှင့် မုတိုင်းပြည်မှ တပ်များကိုလည်း မြောက်ပိုင်းကိုစပြီးချီတက်ခိုင်းတော့သည်။ တဖြည်းဖြည်းနှင့် လက်အောက်ခံတိုင်းပြည်များမှ တပ်များအားလုံး တင်ဂီရိအမိန့်ဖြင့် ပထမဆုံး တပေါင်းတစည်းတည်းဖြင့် မြောက်ပိုင်းနန်ကျောင်ပြည်ကို စစ်မက်ပြုရန် အာနန်ပြည်စစ်မှုးတစ်ဦးစီ၏ ကွပ်ကဲမှုဖြင့် မြောက်ပိုင်းကို ရွှေ့ကြသည်။

 

----------------

 

ဟော်သွန်းသည် လမ်းတစ်လျှောက်လုံး မိမိလုပ်ရပ်ကို ပြန်တွေးပြီး အပြစ်မကင်းသလို ခံစားနေရသည်။ သားကြီးက ဆူမီရာကို မည်မျှမြတ်နိုးမည်ကို တွေးမိပြီး သားငယ်လေးနှင့် ဆူမီရာအကြောင်းကို ဟော်သွန်းလမ်းတွင် မေးမြန်းခဲ့သည်။ သားကြီး၏ကြီးပြင်းလာသည့် ပုံရိပ်ကို ဟော်သွန်းသိချင်သည်။ ဒါကြောင့်ရထားလုံးနှင့် ခရီးနှင်လာစဉ် ဟော်သွန်းက ဆူမီရာကို အသေးစိတ်မေးမြန်းပြီး ဆူမီရာပြောပြသည်ကို မျက်လုံးထဲမြင်ယောင်ကာ ဆူမီရာနှင့်အတူ ပြုံးမိသည်။ ကြည်နူးမိသည်။ ဟော်သွန်းသည် ဆူမီရာကို ပိုပိုချစ်လာမိသည်။ ဒီကလေး၏ မျက်ဝန်းတောက်တောက်ထဲတွင် သားတော်တင်ဂီရိအတွက် ထုထည်ကြီးမားလှသည့် အချစ်များကိုမြင်တွေ့ရတော့ မိခင်တစ်ဦးအနေဖြင့် ပျော်မဆုံးဖြစ်မိသည်။

 

“ကျွန်တော်က နောင်တော့်ကို ကူညီပေးချင်လို့ ဆေးပညာကိုသင်ယူခဲ့တာ။ နောင်တော်ပြောပြခဲ့တဲ့အထဲမှာ သူတို့နဲ့အတူချီတက်လာတဲ့ လူမျိုးစုစစ်သည်တော် တစ်ဝက်ကျော်က ပြင်းထန်တဲ့ရာသီဥတုဒဏ်ကြောင့် ဆေးမကုနိုင်ပဲ အသက်ဆုံးခဲ့၇တယ်တဲ့။ အဲ့အကြောင်းကိုပြောတော့ နောင်တော့် မျက်လုံးထဲက နာကျင်မှုကို ကျွန်တော်ကြည့်ရင်း နောင်တော့်ကို ဒီလိုနာကျင်မှုမျိုးထပ်မဖြစ်စေရဘူး။ ဖျားနာလို့၊ ထိခိုက်ဒဏ်ရာရပြီး ဆေးမကုရလို့ နောင်တော် တန်ဖိုးထားရတဲ့သူတွေ ထပ်မသေစေရဘူးဆိုပြီး ကျွန်တော် ဆေးပညာကိုထူးချွန်အောင် သင်ခဲ့တာပါ။ ”
 

“မင်းရဲ့နောင်တော်ကို ဘယ်လောက်တောင်ချစ်သလဲ ဆူမီရာ…”
 

“ကျွန်တော့်အသက်ထက်ကို ပိုချစ်တယ် အရီးတော်…နောင်တော်မရှိခဲ့ရင် ကျွန်တော့်ဘ၀က အသက်ဆက်ရှင်ရတာ အလကားဖြစ်သွားမှာပဲ။”
 

“ဘာလို့ မင်းနောင်တော်ကို ချစ်တာလဲ… သူက တော်တဲ့စစ်ဘုရင်ဖြစ်လို့လား။”
 

“နောင်တော်က တော်တဲ့အပြင် အရမ်းကိုကြင်နာတတ်တယ်။ ပြတ်သားတယ်။ သူက လူအများအေးချမ်းအောင် ဦးဆောင်နိုင်တယ်။ ပြီးတော့ ကျွန်တော့်ကိုလည်း အရမ်းချစ်တယ်။ ”

 

ဟော်သွန်းသည် ယေစုကိုင်းကို မိမိချစ်ခဲ့ရသည့် အကြောင်းပြချက်ကို ပြန်ကြားနေရသလို ခံစားလိုက်ရပြီး ကြက်သီးမွေးညှင်းလေးပင် ထောင်ထလာခဲ့သည်။ ဆူမီရာသည်သာမိန်းကလေးဖြစ်ခဲ့လျှင် သားတော်ကြီးက ချက်ချင်းမိဖုရားမြှောက်မှာ သေချာသည်။ ယခုတော့ သူုတို့က ယောကျာ်းလေးတွေဖြစ်လို့ ညီအစ်ကိုလို ဆက်ဆံရေးမျိုးနှင့်သာ တစ်သက်လုံးသွားရတော့မည်။ ဒီလိုတွေးမိတော့ ဟော်သွန်း သားကြီး၏အချစ်ရေးကို အရမ်းဝမ်းနည်း သွားခဲ့ရသည်။
 

“တင်ဂီရိက အခြားမိန်းကလေးကို မိဖုရားမြှောက်ရင်ကော ဆူမီရာလေးက နောင်တော်ကို ဆက်ချစ်ဦးမှာလား။”

အရီးတော်၏ စကားကြောင့် ရင်ဘတ်ထဲအောင့်သွားသော်လည်း ဆူမီရာ တုန့်ဆိုင်းခြင်းမရှိပဲ ဖြေကြားလိုက်သည်။
 

“နောင်တော်မိဖုရားရှိလည်း ကျွန်တော့်အချစ်က မပြောင်းသွားဘူး။ နောင်တော့်သားသမီးတွေကို ကူထိန်းရင်း နောင်တော်နဲ့အတူတူ လူတွေအေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေလို့ရတဲ့ လောကသစ်ကိုတည်ထောင်မယ်။”
 

“မင်းနောင်တော်က သူ့မိဖုရားတွေကြောင့် မင်းကို မေ့လျော့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆူမီရာ…”
 

“နောင်တော်က ဘယ်တော့မှ အဲ့လိုလုပ်မယ့်သူ မဟုတ်ဘူး။ ကျွန်တော့်ကိုတောင် အာနန်ပြည်ကို အတူအုပ်ချုပ်မယ်လို့ ကတိပေးထားတာ။ ”
 

“သူက အခုလူပျိုလူလွတ်ပဲရှိသေးတယ်လေ။ တကယ်လို့ မိဖုရားတွေရလို့သားသမီးတွေ ရလာရင် စိတ်ဆိုတာ ပြောင်းသွားနိုင်တာပဲ။ အဲ့ချိန်ကျရင် ဆူမီရာ နောင်တရမှာလား။”
 

“ကျွန်တော် နောင်တော့်ကို ချစ်တဲ့အချစ်ကြောင့် ဘယ်တော့မှနောင်တမရပါဘူး အရီးတော်။ တကယ်လို့ နောင်တချိန် နောင်တော် ကျွန်တော့်ကိုမလိုအပ်တော့တဲ့အခါ တိတ်တိတ်လေးပဲ အဝေးကနေ နောင်တော့်ကို ကူညီပေးနေမှာပါ။”
 

“ဒါဆို ယွမ်ချူးခန်ကို ဆူမီရာ ဘယ်လိုသဘောထားလဲ…”

 

အရီးတော်၏အမေးကြောင့် ဆူမီရာ အံ့အားသင့်ကာ မော့ကြည့်ပြီး အမှန်တိုင်းဖြေလိုက်သည်။
 

“ယွမ်ချူးခန်က ကျွန်တော့်သူငယ်ချင်းပါ။ သူငယ်ချင်းတစ်ယောက်လို သံယောဇဉ်ရှိပါတယ် ခင်ဗျာ…”
 

ဟော်သွန်းသည် ဆူမီရာ၏ အဖြေနှင့်အမူယာကိုကြည့်ပြီး သားငယ်ပေါ် မည်သည့်ခံစားချက်မှ မရှိပဲ အဖြူထည်သက်သက်ဆိုတာ သိလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သားကြီးကလည်း ဒီကလေးကိုအရမ်းချစ်သည်။ ဆူမီရာလေး ကလည်း သားတော်ကြီးကိုချစ်သည်။ သားငယ်ယွမ်ချူးခန်က ငွေတောင်မင်းသားလေးအပေါ်တွယ်တာသည့် စိတ်ကိုလျော့အောင် မိမိသေချာဖြောင့်ဖြပေးဖို့လိုနေပြီဟု ဟော်သွန်းတွေးလိုက်သည်။

 

-----------------------------

 

ယေစုကိုင်းသည် လက်ရွေးစင် တပ်ကိုဦးဆောင်ကာ တောအထပ်ထပ်၊ တောင်အသွယ်သွယ်ကိုဖြတ်သန်းပြီး ဟော်သွန်း လာမည့်လမ်းကို ဖြတ်ကာစောင့်နေခဲ့သည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် နန်ကျောင်နန်းတွင်းမှ ထွက်လာသည့် ဟော်သွန်းကိုပထမဆုံးတွေ့ရမည်ဖြစ်လို့ ယေစုကိုင်း၏အသည်းနှလုံးက လူပျိုလေးတစ်ယောက်လိုကိုခုန်နေခဲ့သည်။

မကြာခင် ဟော်သွန်းတို့ရထားလုံးကိုခြံရံထားသည့် ရုပ်ဖျက်ထားသည့် နန်ကျောင်စစ်သည်တွေအဖွဲ့ ယေစုကိုင်း၏မြင်ကွင်းထဲ ပေါ်လာခဲ့သည်။ ယေစုကိုင်းအချက်ပြလိုက်သည်နှင့် သစ်ပင်ကြီးက လမ်းကိုကန့်လန့်ဖြတ်ပြီးပိတ်ကာ လဲကျလာခဲ့သည်။

 

“ရန်သူရှိတယ် …. အားလုံး သတိထားကြ….”

 

အတွေ့ကြုံရင့်သည့် စစ်သူကြီး ဓါးကိုဆွဲထုတ်ကာ ရထားလုံးနားကပ်လာရင်းအော်လိုက်သည်။ နန်ကျောင်မင်းကြီး၏အထူးတပ်သားများက ချက်ချင်း ရထားလုံးကို ကာရံပြီး အထပ်ထပ်ဝန်းရံထားလိုက်သည်။ စစ်သူကြီး၏ သိမ်းဌက်မျက်လုံးက တောင်ကုန်းပေါ်မှလူတစ်ဦးကိုတွေ့သွားပြီး အော်ဟစ်ကာ သတိပေးလိုက်သည်။
 

“တောင်ကုန်းပေါ်မှာ ရန်သူ…လေးနဲ့မြှားပေးစမ်း…”

 

မြှားပစ်တော်သည့် စစ်သူကြီးသည် လေးကိုဆွဲကာ လှမ်းပစ်လိုက်သည်။ မြှားသည်အရှိန်ပြင်းပြင်းနှင့်တောင်ကုန်းပေါ်မှလူထံကို ဦးတည်သွားခဲ့သည်။ သေချာပေါက် ထိုလူ၏ ရင်ဘတ်ကိုထုတ်ချင်းပေါက်သွားမည်ဟု ယုံကြည်ကာစောင့်နေသည့် စစ်သူကြီး မျက်လုံးပြူးသွားခဲ့သည်။
 

“…မဖြစ်နိုင်ဘူး…ဒါ လုံးဝမဖြစ်နိုင်ဘူး…”

 

နန်ကျောင်စစ်သူကြီးသည် မိိမိမြှားကို ကိုယ်ကိုယိမ်းကာရှောင်လိုက်သည့် မြင်းပေါ်ကလူ၏ အမြင်အာရုံစူးရှမှုနှင့် တည်ငြိမ်သွေးအေးမှုကို လန့်ဖြန့်သွားခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မွန်ဂိုစစ်သူကြီးတစ်ဦးကလွဲရင် နန်ကျောင်ပြည် တခွင်တွင် မိမိမြှားကို မည်သူမှယခုလိုရှောင်နိုင်သည့် ရာဇ၀င်မရှိခဲ့ပါ။ ထိုအတွေးကြောင့် နန်ကျောင်စစ်သူကြီး၏ လက်ဖျားများအေးစက်လာခဲ့သည်။
 

“ယေ..ယေစုကိုင်း….”

 

ဟော်သွန်းသည် အပြင်မှဆူဆူညံညံအသံကြောင့် တခုခုဖြစ်နေပြီးကိုသိလိုက်သည်။ သို့သော် နန်ကျောင်လက်ရွေးစင်တပ်၏ အကြောင်းကိုသိဖြင့် စိတ်မပူပဲနေစဉ် စစ်သူကြီး၏ရေရွတ်သံကိုကြားသော် တုန်ခနဲဖြစ်သွားခဲ့သည်။
 

“မောင်မောင်….”

 

ဟော်သွန်းရထားလုံးတံခါးကို ဖွင့်လိုက်စဉ် အပြင်မှ စစ်သူကြီးက ချက်ချင်းတင်လျှောက်လိုက်သည်။
 

“သခင်မဘုရား အထဲမှာပဲ နေတော်မူပါ။ ကျွန်တော်မျိုး သူတို့ကိုရှင်းလိုက်ပါ့မယ်…”

 

တောင်ကုန်းပေါ်မှ ယေစုကိုင်းသည် ရထားလုံးပွင့်သွားပြီး အမျိုးသမီးတစ်ဦးဆင်းလာသည်ကိုတွေ့သော် ချက်ချင်း မြင်းဖြင့်စိုင်းလာခဲ့သည်။ နန်ကျောင်လက်ရွေးစင် အသေခံတပ်သားများကလည်း ဓါးကိုယ်စီဖြင့် အသင့်ပြင်ထားလိုက်သည်။ ယေစုကိုင်း၏နောက်တွင် အာနန်တပ်များက ဟော်သွန်းတို့တပ်စုလေးကို ၀ိုင်းထားလိုက်သည်။ အင်အားခြင်းက အဆမတန်များသဖြင့် နန်ကျောင်တပ်မှုးက အချက်ပြမီးကျည်ကို ပစ်လွှတ်လိုက်သည်။ ဟော်သွန်းတို့ရောက်နေသည်က နန်ကျောင်နယ်စပ်နှင့်မဝေးလှသဖြင့် အသင့်စောင့်နေသည့် တပ်များကို စစ်သူကြီးက ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။ နယ်စပ်တွင် အခိုင်မာတပ်စွဲထားသည့် နန်ကျောင်တပ်များကို သတိရပြီး ဟော်သွန်း ချစ်လင်အတွက် စိတ်ပူသွားခဲ့သည်။

 

ယေစုကိုင်းသည် အချက်ပြမီးကျည်ကို ဂရုမစိုက်ပဲ ဟော်သွန်းကိုသာ စိုက်ကြည့်နေခဲ့သည်။ စစ်သူကြီးက မိဖုရားကြီးကို ရထားလုံးထဲ ပြန်ဝင်စေရန် အစေတော်ကို အချက်ပြလိုက်စဉ် ဟော်သွန်းက စူးရှစွာဖြင့်စိုက်ကြည့်ကာ ပြောလိုက်သည်။
 

“မင်းတို့အားလုံး…ဖယ်ကြစမ်း…ငါ အာနန်မင်းကြီး နဲ့ပြောစရာရှိတယ် ”
 

“သခင်မဘုရား… သခင်မကို နန်ကျောင်ပြည်ကို ပြန်မရောက်မချင်း လမ်းမှာအပြင်ထွက်ခွင့်မပြုဖို့ မင်းကြီးကကျွန်တော်မျိုးကို အမိန့်ပေးလိုက်လို့ပါ… ခွင့်လွှတ်တော်မူပါ သခင်မ..”

 

စစ်သူကြီးက မျက်ရိပ်ပြကာ ဟော်သွန်းကို အတင်းရထားလုံးထဲ ဆွဲသွင်းစေသောအခါ ဟော်သွန်းကို လာဆွဲမည့်ရဲမတ်များ၏ လက်ကိုရှပ်ပြီး မြှားကရထားလုံးကို လာစိုက်သဖြင့် ရဲမတ်များကနောက်ဆုတ်သွားကြသည်။
 

“ဟော်သွန်းကို ထိတဲ့ကောင်ရဲ့လည်မျိုထဲ မြှားစိုက်တာ မြင်ချင်တယ်ထင်တယ်…”

 

နန်ကျောင်စစ်သူကြီးသည် စစ်ကူများကိုစောင့်ရင်း အချိန်ဆွဲရန်စကားစလိုက်သည်။
 

“ယေစုကိုင်း စစ်သူကြီး… ဘာကြောင့် ကျုပ်တို့ကိုနှောက်ယှက်ရတာလဲ… ဒါက နန်ကျောင်ပြည်ကို မထီမဲ့မြင်လုပ်တာပဲ။ ခင်ဗျားတို့အားလုံး စေ့စေ့ညက်ညက် ခြေမှုန်းခံချင်တယ်ထင်တယ်…”

 

ယေစုကိုင်းသည် ဟော်သွန်းကို လွမ်းဆွတ်စွာစိုက်ကြည့်ပြီးနောက် စစ်သူကြီးကိုစူးရှစွာစိုက်ကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။
 

“ကျူပ်ရဲ့ဇနီးကို ပြန်လာခေါ်တာကို  မင်းမမြင်ရလောက်အောင်ကို ကန်နေတာလား။”

 

နန်ကျောင်အသေခံတပ်သားများအားလုံး အသေခံပြီးကာကွယ်ရန် အသင့်ပြင်လိုက်စဉ် ဟော်သွန်းက စစ်သူကြီးကို ပြောလိုက်သည်။
 

“စစ်သူကြီး ကျွန်မကို အာနန်မင်းကြီးနဲ့စကားပြောခွင့်ပြုပါ။ သားတော် ယွမ်ချူးခန်ဆီ ရောက်တာနောက်ကျရင် အိမ်ရှေ့မင်းရဲ့ အသက်ကိုစိုးရိမ်ရတယ်ဆိုတာ သိတယ်မဟုတ်လား။ ကျွန်မ မင်းသားလေးဆီ အမြန်သွားနိုင်ဖို့ အာနန်မင်းကြီးကို ဖြောင့်ဖြနိုင်ပါတယ်..”

 

စစ်သူကြီးသည် မင်းကြီး၏အမိန့်နှင့် မိဖုရားကြီးပြောသည့်စကားကြား ဝေခွဲမရဖြစ်နေပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ မိဖုရားကြီးက ဘယ်နည်းနှင့်မှ အိမ်ရှေ့မင်းသား အသည်းအသန်ဖြစ်နေစဉ် ထွက်သွားနိုင်မည် မဟုတ်သည်ကို ယုံကြည်ပြီး အချက်ပြလိုက်စဉ် ဟော်သွန်းဆီလာဖို့ လမ်းကြောင်းပွင့်သွားခဲ့သည်။
 

“မိဖုရားကြီးက စကားပြောချင်လို့ ယေစုကိုင်း စစ်သူကြီး ကျေးဇူးပြုပြီး ကြွလာပေးပါ…”

 

နန်ကျောင်စစ်သူကြီးက တမင်ပင် ယေစုကိုင်းကို ဘုရင်ဟု မသုံးပဲ စစ်သူကြီးဟု သုံးနေသော်လည်း ယေစုကိုင်းက အမှုမထားပါ။ ဟော်သွန်းရှိသည့် ရထားလုံးနားကို မြင်းဖြင့်စိုင်းဝင်ခဲ့သည်။

 

ဟော်သွန်းသည် ရဲရဲဝံ့ဝံ့နှင့် မိမိထံဝင်လာသည့် ခင်ပွန်းကို ချစ်ခင်လေးစားစွာ၊ လွမ်းဆွတ်စွာကြည့်နေလိုက်သည်။ ဆူမီရာသည်လည်း ရထားလုံးထဲမှ ဆင်းပြီး အရီးတော်နံဘေးတွင် ရပ်ကာ ဦးရီးတော်ယေစုကိုင်းကို စောင့်နေလိုက်သည်။
 

“ဟော်သွန်း….ဟော်သွန်း…”

 

ယေစုကိုင်းသည် သူမနာမည်ကို ခေါ်ပြီးမျက်ရည်ဝဲလာခဲ့သည်။ ရုပ်အနည်းငယ်ရင့်သွားသည်ကလွဲရင် ဟော်သွန်းက ယခင်လို ချောမောလှပဆဲဖြစ်သည်။ မိမိတို့သားအဖအသက်ကို ကာကွယ်ဖို့ ဘ၀ဆုံးခံလိုက်သည့် ဇနီးသည်ကို မျက်နှာချင်းဆို်င်တွေ့ရတော့ ယေစုကိုင်း၏ ဖိနှိပ်ထားသည့် အချစ်နှင်အမုန်းတို့ တပြိုင်တည်းကြွတက်လာခဲ့သည်။

ဟော်သွန်းသည်လည်း ခင်ပွန်းကိုတွေ့သည်နှင့် ရင်ထဲစူးအောင့်လာခဲ့သည်။ ချစ်သည့်စိတ်၊ ၀မ်းနည်းသည့်စိတ်နှင့်လူက ပျော့ခွေသွားမလိုဖြစ်သဖြင့် ဆူမီရာ၏ လက်ကိုလှမ်းဆွဲထားလိုက်ရသည်။
 

“အရီးတော်… သတိထားပါ။ အသက်ကိုမှန်မှန်ရှုပါ။ စိတ်ခံစားချက်ကို လွှတ်မပစ်ပါနဲ့…”

 

ဆူမီရာသည် ချက်ချင်းအရီးတော်၏ လက်မှသွေးကြောကို နှိပ်နယ်ပေးပြီး သတိပေးလိုက်သည်။ ယေစုကိုင်း စိတ်ပူပန်စွာဖြင့် လှမ်းမေးလိုက်သည်။
 

“ဟော်သွန်း ဘာဖြစ်တာလဲဟင်…နေမကောင်းဘူးလား…”
 

“ဘာမှမဖြစ်။ မောင်မောင့်ကိုတွေ့လို့ ၀မ်းသာလွန်းလို့ အသက်ရှုမ၀ဖြစ်တာပါ…”
 

“ဆူမီရာ… ဟော်သွန်း ဘာဖြစ်တာလဲ…”
 

“အရီးတော် အရင်တခါက အဆိပ်မိလို့ ကုတုန်းက နှလုံးခုန်အားနည်းတာကို စမ်းသပ်မိခဲ့တယ်။ အခု ခရီးပန်းတာရယ်၊ စိတ်ခံစားချက် ပြင်းထန်လို့ရယ်ကြောင့် နှလုံးကို ထိတာထင်တယ်…”
 

“ဟော်သွန်း… ကိုယ် မင်းကို ပြန်လာခေါ်တာ။ နောက်ထပ် စိတ်မဆင်းရဲစေရတော့ဘူး.. ကိုယ်နဲ့ပြန်လိုက်ခဲ့ပါ..”

 

ယေစုကိုင်းသည် ဟော်သွန်းကို ပြတ်သားစွာပြောလိုက်သည်။ ဟော်သွန်းက ၀မ်းသာစိတ်တ၀က်၊ ယူကျုံးမရစိတ်တစ်ဝက်နှင့် သူ့ကိုကြည့်ကာခေါင်းယမ်းလိုက်သည်။
 

“ကျွန်မရဲ့သားအငယ် နေမကောင်းဘူး။ သူနေမကောင်းတုန်း ထွက်မသွားနို်င်ဘူး မောင်မောင်…”
 

“မင်း…ကိုယ်တို့ကို ဘယ်ထိပစ်ထားမှာလဲ…”
 

“ကျွန်မ ထပ်မပစ်ထားတော့ပါဘူး။ သားတော်ကို ကုပေးပြီး ပျောက်သွားရင် ရှင့်ဘေးမှာ အမြဲနေတော့မယ်။ ကျွန်မက

အာနန်မင်းကြီးရဲ့မိဖုရား ဘယ်တော့မှ ထပ်မလုပ်တော့ဘူး။ ယေစုကိုင်းရဲ့ဇနီးပဲဖြစ်စေရမယ်။ အခုတော့… သားတော်ကို ကုပေးဖို့ ဆူမီရာကို နန်းတော်ကို ခေါ်သွားဖို့ ကျွန်မကိုခွင့်ပြုပါ…”
 

ယေစုကိုင်း ခေါင်းယမ်းကာ စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့်ပြောလိုက်သည်။

 

“ကာလိုခန်က မင်းနဲ့ကိုယ်တွေ့တာသိသွားရင် မင်းကို ဘယ်တော့မှ ကိုယ့်ဆီပြန်လွှတ်မှာမဟုတ်တော့ဘူး ဟော်သွန်း။ ကိုယ် မင်းကို တခါတည်းခေါ်သွားတော့မယ်…”
 

“ကျွန်မကို မယုံတော့ဘူးလားဟင်…ကျွန်မက မောရကစ် မင်းသမီးပါ။ စကားတစ်ခွန်းကိုပြောပြီးရင် ဘယ်တော့မှ မဖျက်တတ်တာကို ရှင်မယုံဘူးလား။ ကျွန်မသာလာချင်ရင် ဘယ်သူမှ ကျွန်မကို မတားဆီးနိုင်ဘူး။ အခု ကျွန်မကြောင့် လူဖြစ်လာတဲ့ ကလေးတစ်ယောက်ကို လက်လွှတ်စပယ် မပစ်ထားရက်ဘူး။ ခွေးတောင်မှ သူ့ကလေးကို သေလုမျောပါး အခြေနေမှာ မစွန့်ပစ်ပါဘူး။ ဒါကြောင့် ခဏစောင့်ပေးပါ။ သားလေး နေကောင်းလာရင် သူ့ကိုသေချာရှင်းပြပြီး ရှင်နဲ့သားကြီးဆီကို ပြန်လာမယ်။ ကျွန်မ သေတဲ့အထိ ယေစုကိုင်းရဲ့ ဇနီးအဖြစ်နေသွားမယ်…”

 

ယေစုကိုင်းသည် ဟော်သွန်း၏ စကားကိုကြားသော် သက်ပြင်းရှိုက်လိုက်သည်။ တကယ်လို့ဟော်သွန်းကိုပြန်လွှတ်လိုက်လျှင် လူပေါင်းများစွာ အသေခံပြီးမှ ပြန်ရမည်ကိုသိသော်လည်း ဟော်သွန်း၏ စကားကိုမပယ်ရှားရက်၊ စိတ်ဆင်းရဲအောင် မလုပ်ရက်သဖြင့် လက်သီးကို တင်းတင်းဆုပ်ကို နောက်ဆုံးခေါင်းငြိမ့်လိုက်သည်။

 

ဟော်သွန်းသည် ခင်ပွန်းဖြစ်သူ၏မျက်နှာကို မျက်ခြေမပြတ်ကြည့်နေစဉ် မိမိအတွက် ဆုံးဖြတ်ချက်ချပေးလိုက်သည်ကို တွေ့တော့ ဘယ်လိုမှ မအောင့်နိုင်တော့ပဲ ပြေးကာဖက်ပစ်လိုက်သည်။ ယေစုကိုင်းလည်း ရင်ခွင်ထဲမှ ဟော်သွန်းကို သိုင်းဖက်ထားပြီး ချစ်ဇနီး၏ ဆံနွယ်များကို ဖွဖွနမ်းရှိုက်ကာ ပြောလိုက်သည်။
 

“လွမ်းလိုက်ရတာ ဟော်သွန်းရယ်…”
 

“ကျွန်မလည်း မောင်မောင့်ကို လွမ်းတဲ့စိတ်နဲ့ရှင်သန်နေရတာပါ… ကျွန်မကို စောင့်ပါ။ ကျွန်မရှင့်နောက်ကိုလိုက်ခဲ့မယ်။ အသက်ရှင်လျက် မလိုက်နိုင်ရင်တောင် ဘယ်သူမှ ကျွန်မကိုထပ်ဆွဲမထားနို်င်စေရဘူး။ ၀ိဥာဉ်ဘ၀ရောက်ရင်တောင် ကျွန်မက

ရှင့်ရဲ့ဇနီးပဲ…”
 

“ကိုယ်ယုံပါတယ် ဟော်သွန်းရယ်။ မင်းရဲ့အချစ်၊ မင်းရဲ့ သစ္စာကို နည်းနည်းမှ သံသယမ၀င်ခဲ့ပါဘူး။ ကိုယ် မင်းကို ချစ်တယ် ဟော်သွန်း.. မင်းကို အရမ်းချစ်တယ်။”
 

“ကျွန်မလည်း ရှင့်ကိုချစ်တယ် မောင်မောင်။ ကျွန်မဘ၀ရဲ့ တစ်ဦးတည်းသော ချစ်သူ…”

 

ယေစုကိုင်း၏ တင်းမာသည့်စိတ်တို့သည် ဟော်သွန်း၏ စကားတစ်ခွန်းကြောင့် မခံမရပ်နိုင်အောင် ခံစားလာရပြီး မျက်ရည်တစ်စက်က ဟော်သွန်း၏ ဆံနွယ်ထဲစီးဝင်သွားခဲ့သည်။ ဟော်သွန်း၏ မျက်ရည်စက်သည်လည်း လွမ်းဆွတ်ခဲ့ရသည့် ခင်ပွန်းသည်၏ရင်ဘတ်ကို စိုလူးကုန်တော့သည်။ အားရအောင် ငိုပြီးနောက် ဟော်သွန်းသူနှင့်လူချင်းခွာပြီး ပြောလိုက်သည်။
 

“ကျွန်မကိုစောင့်ပေးပါနော်..ကျွန်မ ရှင်နောက်ကို လိုက်ခဲ့ချင်ပြီ..”
 

“စိတ်ချပါ။ ကိုယ် နယ်စပ်ကနေ မင်းကို စောင့်နေမယ်။ ဒီတစ်ခါ မင်းကို မရရင် နန်ကျောင်ပြည်ကို တစ်စစီဖြစ်အောင် ဖြိုခွဲပစ်မယ်။”

 

ဟော်သွန်းသည် မိမိအတွက် ယခုလိုပြောသည့် ခင်ပွန်းကိုကြည်ကြည်နူးနူးကြည့်ကာ တချက်ရယ်လိုက်သည်။ ဟိုးယခင် မြက်ခင်းပြင်တွင် အတူယှဉ်တွဲသွားခဲ့သည့် အချိန်ကိုပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ တကိုယ်လုံး စိတ်ဆင်းရဲခဲ့သမျှ ပိန်းကြာဖက်ပေါ်ရေမတင်သကဲ့သို့ ခံစားလိုက်ရသည်။
 

“အရမ်းချစ်တယ်မောင်မောင်…. ခုထိချစ်ပေးနေလို့။ စိတ်ပျက်မသွားပဲချစ်ပေးနေလို့။ ကျွန်မသွားတော့မယ်… သားလေး အတော့်ကိုနေမကောင်းဖြစ်နေတာ အမေတစ်ယောက်အနေနဲ့ ကျွန်မကို နောက်ဆုံးတခါ ခွင့်ပြုပေးပါ..”

 

ယေစုကိုင်းသည် ဟော်သွန်းကိုလွှတ်ပေးလိုက်ပြီး မျက်ရည်ကို သုတ်ပေးရင်းပြောလိုက်သည်။
 

“သွားပါ။ ကိုယ်ခွင့်ပြုပါတယ်။ ဟော်သွန်းရဲ့အချစ်ကို ကိုယ်ယုံတယ်။ ကိုယ်စောင့်နေမယ်နော်… ဆူမီရာ… ဟော်သွန်းရဲ့ကျန်းမာရေးကို သေချာစစ်ဆေးပေးပါ၊ ဆူမီရာရဲ့လက်ထဲ ဟော်သွန်းကို အပ်ခဲ့ပြီနော်..…”

 

ယေစုကိုင်းသည် ဆူမီရာကိုပါ တစ်လက်စတည်းမှာကြားပြီးနောက် လှည့်ထွက်လာခဲ့သည်။ ဆူမီရာသည် ဦးရီးတော်ယေစုကိုင်း၏ ကျောပြင်ကိုငေးကြည့်ပြီး သူ့နာကျင်မှုပါမိမိဆီကိုကူးစက်လာသလို ခံစားလိုက်ရသည်။

ဟော်သွန်းသည် ဆူမီရာကို တိုးတိတ်စွာ ပြောလိုက်သည်။
 

“သွားကြစို့…သားလေး ချူးခန် အရေးကြီးနေပြီ..”

 

ဟော်သွန်း ရထားလုံးထဲ ပြန်ဝင်သွားပြီးမကြာခင် ယေစုကိုင်း၏ တပ်အားလုံး ပြန်ဆုတ်သွားခဲ့သည်။ နန်ကျောင်စစ်သူကြီးလည်း ထိုအခါမှ သက်ပြင်းချပြီး မိဖုရားကြီး၏ ရထားလုံးကိုခြံရံပြီးနန်ကျောင်ပြည်ကို အမြန်ခရီးနှင်တော့သည်။

 

----------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet