Chapter - 22

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (22)

ယွမ်ချူးခန်သည် ဥယျာဉ်ထဲတွင် လျှောက်သွားရင်း အနောက်ဘက် လေ့ကျင့်ကွင်းကိုရောက်သွားခဲ့သည်။ ထိုနေရာ တွင် မြှားပစ်ကျင့်စရာ စက်ဝိုင်းနှင့် တိုင်ကို တွေ့သောအခါ တွေ့သည့် လူမျိုးစုထဲမှ ကလေး တစ်ယောက် ကိုမေးလိုက်သည်။

“ဒီမှာ ဘယ်သူလေ့ကျင့်သလဲ။”

“ကျွန်တော်တို့ လေ့ကျင့်ပါတယ် အရှင့်သား။”

“မင်းမြှားပစ်တတ်တယ်ပေါ့ ..ဟုတ်လား။”

“ပစ်တတ်ပါတယ် ခင်ဗျာ…”

ကောင်လေးကြည့်တော့ အသက် 8 နှစ်သားလောက်သာ ရှိသေးသည်။ မိမိထက် သုံးနှစ်လောက်ငယ်သည့် ကလေးက မြှားပစ်တတ်သည်ဆိုတော့ ယွမ်ချူးခန် မယုံနိုင်အောင်ဖြစ်သွားသည်။ ထို့ကြောင့် သူ့ကိုပြောလိုက်သည်။

“ဒါဆို လေးနဲ့မြှားသွားယူခဲ့။ ငါ မင်း မြှားပစ်တာကိုကြည့်ချင်တယ်။

ထိုကလေးလေးက ပြုံးကာ ပြေးထွက်သွားခဲ့သည်။ ယွမ်ချူးခန်လည်း မြှားပစ်ကျင့်ချင်လာသဖြင့် အခန်းတစ်ခုထဲက နံရံတွင် ချိတ်ထားသည့် လှပသည့် လေးနှင့်မြှားကို သတိရလိုက်ကာ ယူရန်လာခဲ့သည်။ မယ်မယ့်ကို အခန်းတစ်ခုထဲတွင် တွေ့သောအခါ အသာလေး ခြေဖော့နင်းကာ တိတ်တိတ်လေး ဖြတ်လာခဲ့သည်။ ပြီးတော့ လူမနေသော်လည်း အမြဲ သန့်ရှင်းသပ်ရပ်နေသည့် အခန်းတစ်ခုထဲက နံရံပေါ်တွင် ချိတ်ထားသည့် လေးနှင့်မြှားကို အသာလေးဖြုတ်ယူကာ ကွင်းထဲကိုလာခဲ့သည်။ ကွင်းထဲကိုရောက်တော့ ကောင်လေးက လေးနှင့်မြှားကို ယူလာပြီး အသင့်စောင့်နေလေပြီ။

ထိုကလေးက ယွမ်ချူးခန်လက်ထဲက လေးနှင့်မြှားကို တွေ့သော် မျက်လုံးပြူးသွားခဲ့သည်။ ယွမ်ချူးခန်က ထိုကောင်လေးကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ဘာဖြစ်လို့ မျက်လုံးပြူးနေတာလဲ။”

“အဲ့လေးနဲ့မြှားယူခဲ့လို့။ ကျွန်တော့် ဖွားဖွားက ပြောတယ်။ အဲ့ဒါကို မထိရဘူးတဲ့။ ”

“ဘာလို့ မထိရတာတဲ့လဲ…. ”

“အဲ့ဒါ သခင်လေး ကိုင်တဲ့ လေးနဲ့မြှားတဲ့။ သခင်လေး အခန်းထဲက ပစ္စည်းကို မထိရဘူးတဲ့။ သခင်မကြီးအမိန့်တဲ့။”

“နေဦး။ သခင်မကြီးဆိုတာ ငါ့ မယ်မယ်ကို ပြောတာလား။”

“ဟုတ်ပါတယ်။”

ယွမ်ချူးခန်ပြုံးကာ အပိုင်ပေါက်ပြောလိုက်သည်။

“မပူနဲ့။ သခင်မကြီးဆိုတာ ငါ့ မယ်မယ်ပဲ။ မယ်မယ်က ငါ့ကို ပေးကိုင်မှာပါ။ နေဦး။ မင်းပြောတဲ့ သခင်လေးဆိုတာ ဘယ်သူ့ကိုပြောတာလဲ။”

ယွမ်ချူးခန်က ပြောရင်း လေးတွင် မြှားတပ်ကာ ပစ်မှတ်ကိုချိန်ရင်းမေးလိုက်သည်။ ထိုကောင်လေးက ယွမ်ချူးခန်ကို အံ့သြသလိုကြည့်ကာပြောလိုက်သည်။

“သခင်မကြီးရဲ့ သားတော်ကို ပြောတာ…”

“၀ှစ်….”

မြှားက ပစ်မှတ်စက်ဝိုင်းကို ကျော်ကာ ထွက်သွားခဲ့သည်။ ယွမ်ချူးခန်၏ လက်တုန်သွားသောကြောင့်ဖြစ်သည်။ ယွမ်ချူးခန်ကြားလိုက်ရသည့် စကားကို မယုံနိုင်အောင်ဖြစ်သွားသည်။ မယ်မယ်က စစ်သူကြီး ယေစုကိုင်းနှင့် လက်ထပ်ဖူးသည်ကို သဲ့သဲ့ကြားဖူးသော်လည်း သားတစ်ယောက်ရှိသည်ကို လုံးဝမသိခဲ့ပေ။ စစ်သူကြီး ယေစုကိုင်း အကြောင်းကိုလည်း မိမိအိပ်ပျော်သွားပြီထင်ပြီး ကုန်းကုန်းနှင့် အပျိုတော်တို့ အတင်းပြောနေရာက ကြားဖူးခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းကို ခမည်းတော်ကို မေးတော့ ခမည်းတော်က ဒေါသမကြီးစဖူး ကြီးကာ ထို သတင်းကိုမိမိနားပေါက်ကြားစေသည့် ကုန်းကုန်းနှင့် အပျိုတော်ကို ချင်ချင်း သေဒဏ်ပေးခဲ့သည်။ ထိုအကြောင်းကို လုံးဝ မမေးရဟု တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့သည်။

သို့သော် ယွမ်ချူးခန်မကျေနပ်ပါ။မိမိ သိချင်တာကို မသိရသည့်အတွက် လူတိုင်းကို မေးခဲ့သည်။ နောက်ဆုံး မယ်မယ့်ကို မေးခဲ့သည်။ မယ်မယ်က ယွမ်ချူးခန်းကို ဖက်ကာ အေးအေးသက်သာရှင်းပြခဲ့သည်။ မယ်မယ့်အရင် အိမ်ထောင်ဖြစ်သည့်အကြောင်း၊ ထိုစစ်သူကြီးနဲ့ ကွဲကွာပြီးမှ ခမည်းတော်က မိဖုရားမြှောက်ခဲ့သည့်အကြောင်းကို သိလိုက်ရသည်။ ထိုအကြောင်းကို မယ်မယ်ပြောသဖြင့် ခမည်းတော် မအော်စဖူး မယ်မယ့်ကို အော်ခဲ့သည်ကို မှတ်မိသေးသည်။ သို့သော် ခမည်းတော်၏ ဒေါသက မယ်မယ်၏ အေးစက်သော မျက်နှာထားနှင့်ဆုံတော့ ပျောက်ကွယ်သွားခဲ့သည်။

မယ်မယ်၏ အေးစက်စက် မျက်ဝန်းအကြည့်ကို ပထမဆုံး ယွမ်ချူးခန်မြင်ဖူးလိုက်ခြင်းဖြစ်သည်။ ကျောထဲထိအောင် စိမ့်ခနဲ ခံစားလိုက်ရသည်။ မိမိမပြောနှင့် ခမည်းတော် ပင်ရွံ့သွားခဲ့သည်ကို အမှတ်ရနေမိသည်။ မယ်မယ်ပြောခဲ့သည့် စကားများကို အတိကျ မမှတ်မိသော်လည်း အမှန်တရားကို တစ်သက်လုံး ဖုံးကွယ်ထားလို့ မ၇သည်ကို ပြောခဲ့သည်ကို မှတ်မိခဲ့သည်။ နောက်ပိုင်း ခမည်းတော် မယ်မယ်နှင့် မည်သို့ ပြောလိုက်သည် မသိတော့ပေ။ မယ်မယ် က ထိုအကြောင်းကို ယွမ်ချူးခန်ကို ဘယ်တော့မှ ထပ်မပြောတော့ပေ။ ထိုစဉ်က အသက် 7 နှစ်ရှိသေးသော်လည်း ယွမ်ချုးခန် အားလုံးမှတ်မိနေခဲ့သည်။

ယခု မိမိမသိသေးသည့် မယ်မယ့် သားတော်အကြောင်းကို ပထမဆုံးကြားဖူးခဲ့လေပြီ။ ယွမ်ချူးခန် ရင်တထိတ်ထိတ်ခုန်လာခဲ့သည်။ မိမိက မယ်မယ့်တစ်ဦးတည်းသော သားမဟုတ်ဘူး ဆိုသည့် အသိက ယွမ်ချူးခန်ကို ကတုန်ကယင်ဖြစ်လာစေသည်။ မိမိထက်အရင် မယ်မယ့်တွင် သားတော်တစ်ပါးရှိခဲ့သည်။ သေချာတာကတော့ ထို နောင်တော်က ခမည်းတော်နှင့် ရသည့် သားတော် မဖြစ်နိုင်ပေ။ ဒါဆိုရင် စစ်သူကြီး ယေစုကိုင်း၏ သားတော်။ မိမိ၏ နောင်တော်…….ထိုအတွေးက ယွမ်ချူးခန်ကို တုန်လှုပ်သွားစေသည်။

“သားတော်….”

ထိုစဉ် မယ်မယ့်အသံကိုကြားလိုက်ရစဉ် ယွမ်ချူးခန် နောက်ကို လှည့်ကြည့်လိုက်သည်။ မယ်မယ်က နန်းတော်ကိုပြန်ရန် ပြင်ဆင်နေပုံရသည်။ ယွမ်ချူးခန်သည် မယ်မယ့်ကို မြင်တော့ လေးကို နောက်သို့ဝှက်လိုက်သည်။ သို့သော် ရှည်သော လေးက မိမိနောက်တွင် ထိုးထွက်နေသည်ကို မသိလိုက်ပေ။

ဟော်သွန်းသည် မိမိ အတိတ်တွင်နစ်မြှုပ်သွားပြီးနောက် ပြန်ရန်သတိရလိုက်ပြီး သားတော်ကို လိုက်ရှာတော့ လေ့ကျင့်ရေးကွင်းထဲတွင် ကလေးတစ်ယောက်နှင့်အတူ မြှားပစ်နေသည်ကို တွေ့လိုက်သည်။ မိမိကြည့်နေစဉ် သားတော်၏ လက်မှ မြှားက ပစ်မှတ်ကိုချော်သွားခဲ့သည်။ ဟော်သွန်းသည် သားတော်၏မြှားပစ်စွမ်းရည်ကို သက်ပြင်းချလိုက်မိသည်။ ယွမ်ချူးခန်တွင် သားတော် တင်ဂီရိလိုမျိုး စွမ်းရည်ပါမလာဘူး ထင်သည်ဟု တွေးမိသည်။ ထို့နောက် သားတော်တို့ရှိရာကိုလာပြီး လှမ်းခေါ်လိုက်စဉ် ယွမ်ချုးခန်က လေးကို သူ့အနောက်တွင် ၀ှက်လိုက်သည်ကို တွေ့လိုက်တော့ သေချာကြည့်လိုက်သည်။

“မင်း……အဲ့လေးကို ဘယ်က ယူလာတာလဲ ယွမ်ချူးခန်.”

ဟော်သွန်း သားတော်ကို လေသံမာမာနှင့် မေးလိုက်မိသည်။ သားတော် တင်ဂီရိအတွက် သူ့ခမည်းတော် ကိုယ်တိုင် လုပ်ပေးထားသည့် လေးနှင့်မြှားကို ယွမ်ချူးခန်၏ လက်ထဲတွင် တွေ့လိုက်ရသည့်အတွက် ဟော်သွန်း ရုတ်တရက် စိတ်မထိန်းနိုင်အောင်ဖြစ်သွားခဲ့သည်။

ယွမ်ချူးခန်သည် မယ်မယ်၏ မျက်နှာထားနှင့်လေသံကြောင့် လန့်သွားခဲ့သည်။ မယ်မယ့်ကို မျက်နှာငယ်နှင့် စိုက်ကြည့်ကာ ဖြေလိုက်သည်။

“သားတော်…. အခန်းတစ်ခုထဲက ယူခဲ့တာပါ မယ်မယ်။”

ဟော်သွန်းသည် သားတော်၏ စိတ်ထိခိုက်သွားသည့် မျက်နှာနှင့် လေသံတိုးတိုးကို ကြားလိုက်ရစဉ်
သတိဝင်လာခဲ့သည်။ သူသည်လည်း မိမိသားတော် တစ်ဦးပင်ဖြစ်သည်။ သို့သော် ဟော်သွန်းသည် မိမိသားတော်၏ လေးမြှားကို နန်ကျောင်နန်းတွင်းမှာ မင်းသားတစ်ပါး ကိုင်နေသည်ကိုတွေ့တော့ ရင်ထဲ မကောင်းနိုင် အောင်ဖြစ်မိသည်။ ထိုမင်းသားသည် မိမိသားတော်ဖြစ်သည့်တိုင်အောင် သားတော် တင်ဂီရိအပေါ် မတရားသလို ခံစားလိုက်ရသည်။

“သားတော်…. အဲ့လေး ကို မယ်မယ့်ကိုပေးပါ။ ”

ဟော်သွန်းသည် သားတော်လက်ထဲမှ လေးနှင့် မြှားကျည်တောက်ကို လှမ်းယူလိုက်သည်။ ထို့နောက် တယုတယ ပွတ်သပ်ကာ ပြန်ထားရန် ခန်းမဆောင်ဘက်ကို လာခဲ့သည်။ ယွမ်ချူးခန်သည် မယ်မယ့်ကျောပြင်ကိုကြည့်ပြီး ၀မ်းနည်းသွားခဲ့သည်။ မိမိကိုင်လိုက်သည့် လေးကို မယ်မယ် ပွတ်သပ်နေပုံက နာကျင်သွားသည့် အချစ်တော် ကို သက်သာအောင်ပွတ်သပ်ပေးနေသလို ခံစားနေရသည်။

“မယ်မယ်…ကျွန်တော်က အဲ့လေး လောက်တောင် တန်ဖိုးမရှိလို့လားဟင်….ကျွန်တော်ကိုင်လို့ အဲ့လေးနဲ့ မြှား နာကျင်သွားမယ်လို့ မယ်မယ်ထင်နေတာလားဟင်……..”

ယွမ်ချူးခန် တွေးရင်း ဝေးဝေးသွားသည့် မယ်မယ့်ကျောပြင်က ၀ါးသွားခဲ့သည်။

“ကျွန်တော့်ထက် အဲ့လေးပိုင်ရှင်က ပိုတန်ဖိုးရှိတာလား မယ်မယ်…”

ယွမ်ချူးခန် နာနာကျင်ကျင်ခံစားလိုက်ရပြီး မျက်ရည်စီးကျလာခဲ့သည်။ နံဘေးမှ ကောင်လေးက ယွမ်ချူးခန်၏ မျက်ရည်ကို တွေ့သော် လန့်ပြီး ထွက်သွားခဲ့သည်။ ယွမ်ချူးခန် သည် မျက်ရည်များကို မသုတ်ပဲ အံကြိတ်ကာ ရပ်နေမိသည်။ သာယာဖွယ် ပြုပြင်ထားသည့် ဒီစံအိမ်နှင့် အရာအားလုံးကို ယွမ်ချူးခန် မုန်းတီးသွားမိသည်။ ဖြစ်နိုင်ရင် အားလုံးကို မီးရှို့ပစ်ချင်သည်။ မယ်မယ့်ရင်ထဲက အမှတ်တရအားလုံး အပါအ၀င် အားလုံးကို ဖျက်ဆီးလိုက်ချင်သည်။ မယ်မယ့် နှလုံးသားထဲတွင် ထိုအမှတ်တရများရှိနေသရွေ့ မိမိနှင့် ခမည်းတော်က မယ်မယ့် နားကို ကပ်လို့ပင်ရနိုင်မည် မဟုတ်ပေ။

ပထမဆုံး စူး တစ်ချောင်း ယွမ်ချူးခန်၏ ရင်ထဲ ပေါက်လာခဲ့သည်။ မယ်မယ့်အချစ်ကို သိမ်းထားသည့် သူများကို မုန်းသည်။ ထိုသူများကို ရှင်းပစ်ကာ မယ်မယ့်ကို မိမိတစ်ဦးတည်း ပိုင်သည့် မယ်မယ်ဖြစ်စေချင်သည်။

-----------------------------------------------------------------

တင်ဂီရိသည် မျက်လုံးမှိတ်ထားသော်လည်း စိတ်အဟုန်က ပြေးလွှားနေသည်။ ချူလူလူ၏ မိခင်ဘက်မှ ပင်လယ်ပျော် မျိုးနွယ်ကို တွေ့ဆုံပြီးနောက်ပိုင်း ချူလူလူ၏တိုက်တွန်းမှုကြောင့် မိမိတို့ အာနန်ပြည်ကိုကူညီမည်ဆိုသည့် ကတိကိုလည်းရရှိခဲ့လေပြီ။ မိမိအတွက် လုပ်စရာများစွာက အာနန်ပြည်တွင် စောင့်ကြိုနေလေပြီ။ ခက်ခဲ့သည့် ပင်ပန်းသည့် အလုပ်များကို တင်ဂီရိ မမှုပါ။ လောလောဆယ် မိမိ ရင်ကို ဖိစီးနေသည့် အချက်က ဆူမီရာလေးကို ခွဲခွာရမည့် ဝေဒနာသာဖြစ်သည်။

“နောင်တော်….”

တင်ဂီရိ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဆူမီရာ မိမိရှေ့တွင် ငြိမ်သက်စွာရပ်နေသည်ကိုတွေ့လိုက်ရသည်။ သူလေး ရောက်နေတာ မည်မျှကြာပြီလဲ ဆိုတာ မသိတော့ပေ။ သူလေး ရောက်နေသည်ကို မသိလောက်အောင်ကို မိမိက အတွေးထဲ နစ်မြှုပ်နေခဲ့သည်။ တင်ဂီရိသည် လှဲနေရာမှ ထထိုင်ကာ ဆူမီရာလေးကို လက်ကမ်းလိုက်သည်။ ဆူမီရာက ဘာမှ မပြောပဲ မိမိရင်ခွင်ထဲကို တိုးဝင်ကာ ဖက်ထားလိုက်သည်။ ဆူမီရာက မိမိရှေ့တွင် ဒူးထောက်ကာ မိမိခါးကို ဖက်ပြီး ပေါင်ပေါ် မျက်နှာအပ်ထားလိုက်သည်။ ရုတ်တရက် ဆူမီရာ ငိုနေသလားဟု ထိတ်သွားပြီး ငုံ့ကြည့်လိုက်သည်။ သို့သော် ဆူမီရာ၏ မျက်ဝန်းထဲတွင် မျက်ရည်မရှိပါ။ သို့သော် မျက်ရည်ကျသည်ထက် ပိုနင့်သည်းသည့် ဝေဒနာ သူ့ရင်ထဲတွင် ရှိနေသည့်ပုံဖြင့် ငြိမ်သက်နေခဲ့သည်။

“ဆူမီရာ….”

တင်ဂီရိသည် ဆူမီရာ၏ ကိုယ်လေးကို ဆွဲထူကာ မိမိပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်။ ဆူမီရာသည် အသက်မပါသည့် အရုပ်ပမာ အလိုက်သင့် ပါလာခဲ့သည်။ တင်ဂီရိ၏ ပုခုံးထက်တွင် မျက်နှာအပ်ကာ ငြိမ်နေလိုက်သည်။ တင်ဂီရိသည် ဆူမီရာ၏ ကိုယ်လေးကို သိမ်းဖက်ကာ ကလေးလေး၏ ရင်ဘတ်တွင် မျက်နှာအပ်ကာ တိုးတိုးလေး ခေါ်လိုက်သည်။

“ဆူမီရာလေး… ကလေးလေး.”

ဆူမီရာ မထူးပါ။နည်းနည်းလေးမှ မလှုပ်ပါ။ တင်ဂီရိ ဆက်ပြောလိုက်သည်။ ရင်ထဲတွင်လည်း ဆူမီရာလေး နာကျင်ခံစားနေရသည်ကို ကူးယူနေမိသည်။ ချစ်သောသူနှင့် ခွဲခွာရသည့် နာကျင်စရာ ခံစားချက်ကို ကလေးလေး ရင်နဲ့မဆံ့အောင် ခံစားနေရသည်။ တင်ဂီရိသည် မိမိ လာတွေ့မည်ဟု ကတိပေးသော်လည်း လက်တလော ရေတပ်ကိ ဖွဲ့စည်းရမည်ဖြစ်လို့ တစ်နှစ်လောက် လာနိုင်မည် မဟုတ်သည်ကို သိသဖြင့် ပိုလို့ စိတ်ထိခိုက်မိသည်။
ဆူမီရာလေးကလည်း ပြောခဲ့သည်။

“နောင်တော်…. ရေတပ်ကိုဖွဲ့စည်းရဦးမယ် မဟုတ်လား။ အလုပ်အားလုံးပြီးမှာ လာခဲ့ပါ။ ကျွန်တော့်ကို တကူးတက လာမတွေ့ပါနဲ့။ ကျွန်တော့်ကြောင့် နောင်တော် အလုပ်ပျက်မှာ မလိုချင်ဘူး။”

ဆယ့်တစ်နှစ်အရွယ် ကလေးလေး၏ နူတ်မှ လူကြီးလို အသိနှင့်ပြောခဲ့သည့်စကားက တင်ဂီရိကို ပိုပြီး နာကျင်စေသည်။ တကယ်လို့ သူလေးက ငိုယိုပြီး လာတွေ့ရမည်ဟု ပြောလျှင်ပင် မိမိ ဒီလောက် စိတ်မကောင်းဖြစ်မိ မည်မဟုတ်ပေ။ သို့သော် ကလေးနှင့်မမျှ သိတတ်သည့် စိတ်စေတနာလးက မိမိကို ခံစားရစေသည်။ မိမိလို လူကြီးအတွက်ပင် သံယောဇဉ်ကြိုးက ဒီလောက်မြဲနေရင် ဆူမီရာလို ကလေးအတွက် မည်မျှ တင်းနေလိမ့်မလဲဟု တွေးမိသည်။ ကလေးတွေက ပိုပြီး တွယ်တာတတ်သည် မဟုတ်လား။

“ဆူမီရာလေး နဲ့ နောင်တော် စာပို့ခိုနဲ့ အမြဲဆက်သွယ်မယ်လေနော်။ သုံးနှစ်ပဲ စောင့်။ နောင်တော် ဒီကာအတွင်း အတတ်နိုင်ဆုံး လာတွေ့နိုင်အောင် ကြိုးစားပါ့မယ်။”

ဆူမီရာသည် နောင်တော့်ကို အားယူပြီးပြုံးပြကာ ခေါင်းငြိမ့်လိုက်သည်။ သို့သော် ရင်ထဲက စကားများပြည့်ကြပ်နေလို့ ဘာစကားမှတော့ထွက်မလာနိင်ခဲ့ပေ။ နောင်တော် အလုပ်အရမ်းများနေမည်ကို သိသည်။ နိုင်ငံတခု တည်ဆောက်တာ မည်မျှခဲယဉ်းသည်ကို သိသည်။ ပြီးတော့ အင်အားကြီးသည့် နိုင်ငံက ပိတ်ဆို့ထားသည်ကို နောင်တော် တွန်းလှန်ဖို့နည်းလမ်းရှာနေသည်ကိုလည်းသိသည်။

အရှေ့ဘက် ပင်လယ်မှ ပင်လယ်ဓါးပြများ ဆိုးသွမ်းသည်ကိုလည်း ကြားဖူးသည်။ ချူလူလူ၏ မယ်မယ်ဘက်မှ မျိုးနွယ်များအကူညီနှင့် နောင်တော် ရေတပ်ကို တည်ဆောက်ရမည်ကို သိသည်။ ပြီးတော့ နောင်တော် အလုပ်များလွန်းပြီး လာမတွေ့နိုင်မည်ကိုလည်း သိသည်။ ဆူမီရာသည် နောင်တော့်ကို ကူညီပေးချင်သော်လည်း ဘာမှ မတတ်သည့် ကလေး တစ်ယောက်ဖြစ်လို့ ဘယ်လိုမှ မကူညီပေးနိုင်သည်ကို စိတ်မကောင်းဖြစ်မိသည်။ ယခုချိန်တွင် မိမိသာ အသက် ဆယ့်ခြောက်နှစ်လောက်သာဖြစ်ရင် နောင်တော့်ကိုကူညီပေးနိုင်လိမ့်မည်။ အခုတော့…… ထိုအတွေးကြောင့် ဆူမီရာ မျက်ရည်ဝဲလာခဲ့သည်။

တင်ဂီရိသည် ဆူမီရာ မျက်ရည်ဝဲလာသဖြင့် ပျာပျာသလဲဖြစ်သွားသည်။

“ဆူမီရာလေး…. ဘာလို့လဲဟင်..”

“ကျွန်တော် လူကြီဖြစ်ချင်တယ်။ နောင်တော့်ကို ကူညီပေးချင်တယ်။ အခု ချက်ချင်း လူကြီးမဖြစ်နိုင်လို့ စိတ်မကောင်းဖြစ်နေတာ။”

“သြော် ဆူမီရာလေးရယ်။ ဆူမီရာလေးက အခုဆို နောင်တော့်ကို အများကြီးကူညီပေးနေတယ်လေ။”

ဆူမီရာ မျက်လုံးပေကလပ် ပေကလပ်ဖြစ်သွားသည်။ နောင်တော်ကို မိမိဘယ်လိုကူညီပေးနေမိတာပါလိမ့်ဟု တွေးနေမိသည်။

“ဆူမီရာ က နောင်တော့်ကို ဘာမှ မကူညီပေးနိုင်ပါဘူး။”

“ဆူမီရာလေးက နောင်တော့်ကို အရမ်းချစ်တယ်လေ။ အဲ့ဒါ အဓိက ကူညီပေးနေတာပဲပေါ့။”

“ဟင်…ဘာဆိုင်လို့လဲ နောင်တော်က တမင်ပြောတာပါ။ ကျွန်တော် စိတ်မကောင်းဖြစ်နေလို့ နှစ်သိမ့်ပေးတာ။”

“မဟုတ်ဘူး။ လူတစ်ယောက်က ခွန်အားအပြည့်၊ ယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့ဆိုတာ ချစ်ခြင်းတရားလိုတယ် ဆူမီရာလေး။ နောင်တော့် ရင်ထဲမှာ နာကျင်မှုတွေ၊မုန်းတီးမှုတွေနဲ့ပဲ ပြည့်နေခဲ့ဖူးတယ်။ နောင်တော်ရှုထုတ်လိုက်တဲ့ လေတိုင်းက လူသတ်ချင်ရိပ်တွေပဲ ပြည့်နေခဲ့တယ်။ အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေမိတယ်။ ”

“ဟင့်အင်း နောင်တော်က အဲ့လိုလူမျိုးမဟုတ်ဘူး။”

ဆူမီရာ က ခါးခါးသီးသီးငြင်းလိုက်သည်။ တင်ဂီရိသည် မိမိပြောသည်ကို အသည်းသန်ငြင်းနေသော ကလေးလေးကို ပြုံးကြည့်ကာပြောလိုက်သည်။

“နောင်တော် ဒီငွေတောင်ပြည်ကို ပထမဆုံးရောက်တော့ အရီးတော်ရဲ့ လက်ထဲက ဆူမီရာလေးကို ပထမဆုံးမြင်ဖူးလိုက်ချိန်….. နောင်တော့် ရင်ထဲ အေးချမ်းသွားခဲ့တယ်။ ဆူမီရာလေးက နောင်တော့်ရင်ထဲက အမုန်းတွေကို ငြိမ်းသွားစေတယ်။ ဆူမီရာလေးကို အသာလေး ထိကြည့်ချိန်မှာ ဆူမီရာလေးက နောင်တော့်ကိုပြုံးပြပြီး လက်ကို ဆုပ်ကိုင်လိုက်တယ်။ လက်သေးသေးလေးနဲ့ နောင်တော့် လက်ညှိုးကိုဆုပ်ကိုင်ခဲ့တယ်။ နောင်တော့်ကို ရယ်ပြတယ်။ ”

ဆူမီရာသည် ထိုအကြောင်းကို ပြန်ပြောပြီး နူးညံ့ကာ အသက်ဝင်နေသည့် နောင်တော့် မျက်လုံးကို ကြည့်ကာ ရင်ထဲ ဆို့နေသည့် ၀မ်းနည်းစိတ်က တဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ နောင်တော် မိမိကို မည်မျှ ချစ်သည်ကို ခံစားမိလိုက်သည်။ ထိုအသိက ဆူမီရာ၏ ကိုယ်ထဲ ပူနွေးလာစေခဲ့သည်။ ၀မ်းနည်းကာ အထီးကျန်နေသည့် စိတ်ကို လျော့ပါးသွားစေသည်။ နောင်တော် သေချာပေါက် ပြန်လာမည်ဆိုသည့် စိတ်ကို ခိုင်မာလာစေခဲ့သည်။ နောင်တော်က ဝေးသွားသည်နှင့် မိမိကို မေ့သွားမည် မဟုတ်ဆိုတာကို ယုံကြည်လာခဲ့သည်။

“နောင်တော် ဆူမီရာကြောင့် ပထမဆုံး အသက်ရှင်သန်ချင်စိတ်ပေါ်လာခဲ့တယ်။ နောင်တော့်ကို ဆူမီရာ ချစ်တယ်ဆိုတာ ခံစားမိလိုက်တယ်။ နောင်တော် အဲ့ကလေး ပိစိလေး ကြီးလာမှာကို တွေ့ချင်တယ်။ သူနဲ့ အတူ ဘ၀ ခရီးကို လျှောက်ချင်လာတယ်။ နောင်တော့်အတွက် ခွန်အားတွေကို လက်သေးသေးလေးကနေ သွင်းပေးခဲ့တယ်။ ”

ဆူမီရာသည် နောင်တော့် စကားကိုကြားသော် လည်ပင်းကိုတင်းကျပ်အောင်ဖက်လိုက်ပြီး တိုးတိုးပြောလိုက်သည်။

“ကျွန်တော် အမြန်ဆုံးကြီးအောင် အစားများများစားမယ်။ နောင်တော့်ကို ကူညီနိုင်တဲ့သူဖြစ်အောင်ကြိုးစားမယ်။ နောင်တော့်ကို ကူညီပေးနိုင်တဲ့ ဆူမီရာဖြစ်ရစေမယ်။”

တင်ဂီရိ စိတ်ချမ်းသာသွားခဲ့သည်။ ဆူမီရာလေး၏ နဖူးကို မြတ်မြတ်နိုးနိုးနမ်းလိုက်သည်။ ထို့နောက် ဆူမီရာနှင့် လူခြင်းခွာကာ ထရပ်လိုက်သည်။ ဆူမီရာလည်း နောင်တော်နှင့် မျက်နှာချင်းဆိုင် ရပ်ကာ ပြောလိုက်သည်။

“နေမြင့်တော့မယ် နောင်တော်။ ခရီးစပါတော့..”

ဆူမီရာ၏တည်ငြိမ်သည့် အသံအဆုံးတင်ဂီရိ ခေါင်းငြိမ့်ကာ လှည့်ထွက်လာခဲ့သည်။ ဆူမီရာသည် မြင်းနက်ကြီးပေါ်တွင် ၀ံ့ကြွားစွာ လိုက်ပါသွားသည့် နောင်တော့်ပုံရိပ်ပျောက်ကွယ်သွားသည်အထိ ငေးနေမိသည်။

“ကျွန်တော် နောင်တော့်အတွက် အသုံးဝင်တဲ့သူဖြစ်စေရမယ် နောင်တော်…”

ဆူမီရာ ဆုံးဖြတ်ချက်ကို တီးတိုးရေရွတ်လိုက်သည်။
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet