စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (53)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (53)

 

ကာလိုခန်မင်းကြီးသည် ဟော်သွန်း၏ရထားလုံးကို ယေစုကိုင်း၏တပ်ဖွဲ့ကပိတ်တားသည် ဆိုသည့် သတင်းကိုကြားကတည်းက ထူပူပြီး တပ်အားလုံးကို ယေစုကိုင်းကို ၀ိုင်းတိုက်ရန် အမိန့်ပေးလိုက်သည်။ သို့သော် တားဂေါတိုင်းက မင်းကြီးကို တားလိုက်သည်။
 

“အရှင်မင်းကြီး… ဒီလိုလုပ်လိုက်ရင် မိဖုရားကြီးကို လုံးဝလက်လွှတ်ဆုံးရှုံးရလိမ့်မယ်… တပ်ကိုမလွှတ်ပါနဲ့။ မိဖုရားကြီးက ငွေတောင်မင်းသားကို ပါအောင်ခေါ်ပြီး လာပါလိမ့်မယ်..”
 

“အမတ်ချုပ်ကြီး ယေစုကိုင်းအကြောင်းကို သိတယ်မလား။ အရင်တုန်းက သူ အားမတန်လို့မာန်လျော့သွားတာ။ အခု သူ့အင်အားက အရမ်းကိုကြီးမားနေပြီ။ သူ ဟော်သွန်းကို အလွတ်ပေးမှာမဟုတ်ဘူး။ ဟော်သွန်းကို သူရအောင်ယူလိမ့်မယ်… အမတ်ကြီး..ကိုယ်တော် ဟော်သွန်းမရှိပဲ အသက်မရှင်နိုင်ဘူး။ တပ်တွေ အားလုံးကိုလွှတ်ပါ။ ယေစုကိုင်းရဲ့ခေါင်းကိုဖြတ်ခဲ့ပါ။ ဒါမှကိုယ်တော် စိတ်ချမ်းသာနိုင်မယ်…”
 

ကာလိုခန်မင်းကြီးသည် အရူးပမာဖြစ်ပြီး အဆောင်ထဲတွင် ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ စစ်သူကြီးများကို အမိန့်ပေးနေသည်။ သို့သော် စစ်သူကြီးများက အမတ်ချုပ်ကြီးကိုကြည့်ပြီး တုတ်တုတ်မှ မလှုပ်ရဲကြပေ။ တားဂေါတိုင်းသည် မင်းကြီးကိုစေ့စေ့ကြည့်ကာ ပြောလိုက်သည်။

 

“မင်းကြီးက မိဖုရားကြီးရဲ့ရှေ့မှာ သူချစ်တဲ့သူကို သတ်ပစ်လိုက်မယ်ဆိုရင် သူကော အသက်ရှင်လျက်နဲ့ လိုက်ခဲ့မယ်ထင်လား။ ပြီးတော့ မင်းသားလေးကိုကုသဖို့ မင်းကြီးထည့်မစဉ်းစားတော့ဘူးလား။ ”

 

ကာလိုခန်သည် အမတ်ချုပ်ကြီး၏ စကားကိုကြားသောအခါ ချွေးစေးများပြန်လာခဲ့သည်။ အရင်တခါက ယေစုကိုင်းနှင့် တင်ဂီရိ၏အသက်အတွက် ဟော်သွန်းက မိဖုရားအဖြစ်ကိုလက်ခံခဲ့သည်။ သူ့မျိုးနွယ်မှ မိန်းမနှင့်ကလေးများအသက်အတွက် သားတော် ယွမ်ချူးခန်ကိုမွေးပေးခဲ့သည်။ သားလေးကိုချစ်သည့်စိတ်နှင့် ဟော်သွန်းဆက်ပြီး အသက်ရှင်နေခဲ့သည်။ ယခု သူမရှေ့ ယေစုကိုင်းသာ ခေါင်းဖြတ်ခံရလျှင် သေချာပေါက် ဟော်သွန်းအသက်အသေခံသွားမှာသေချာသည်။

 

ကာလိုခန်သည် မိမိတစ်သက်တာလုံး လိုတရခဲ့သမျှ ဟော်သွန်းနှင့်တွေ့မှ မာနဆိုတာ ဘာမှန်းမသိအောင်ဖြစ်ခဲ့သည်။ နန်ကျောင်ပြည့်ရှင်မင်းတစ်ပါးဖြစ်ပေမယ့် ချစ်ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်နှာက အပြုံးကိုတွေ့ဖို့ အသက်နှင့်စက်ကာ တောင့်တခဲ့သော်လည်း သားလေးနှင့်ကစားနေစဉ်ပြုံးသည့် အပြုံးကလွဲပြီး မရခဲ့ဖူးသည့် မိမိအဖြစ်ကို တွေးကာ ရင်ထဲ တဆစ်ဆစ်ဖြစ်လာခဲ့သည်။ ယခု ယေစုကိုင်းနှင့်တင်ဂီရိတို့ အင်အားကြီးလာခဲ့လေပြီ။ အမတ်ချုပ်ကြီးပြောခဲ့သည့်အတိုင်း မိမိရန်သူကို မိမိကိုယ်တိုင် ရှင်သန်ခွင့်ပေးခဲ့သည့်ရလဒ်က သားတော်အတွက် မိခင်ကိုဆုံးရှုံးစေတော့မလား။ ကာလိုခန်၏ မျက်လုံးထဲမှ မျက်ရည်တစ်စက်ကျဆင်းလာခဲ့သည်။ ဆုပ်လည်းဆူး၊ စားလည်းရူးသည့် ခံစားချက်က ရင်ဝယ်မထွေးနိုင် မအန်နိုင်ဖြင့်ပြည့်ကျပ်နေခဲ့သည်။
 

“အားလုံး… ပြန်ကြတော့။ မင်းကြီးပင်ပန်းနေပြီ။ အနားယူတော့မယ်။ အတွင်းဝန်ကြီး မင်းသားလေးအတွက် သမားတော်နဲ့မိဖုရားခေါင်ကြီးမကြာခင် ရောက်လာတော့မယ်။ လိုအပ်တာ အားလုံးပြင်ဆင်ထားဖို့ စီစဉ်ထားပါ…”

 

တားဂေါတိုင်းသည် မင်းကြီးအဖြစ်ကိုတွေ့သော် ချက်ချင်း အမတ်များကိုပြန်လွှတ်ပြီး လိုအပ်သည်ကို အဆင်သင့်လုပ်ဆောင်ရန် အမိန့်ပေးလိုက်သည်။
 

“အရှင်မင်းကြီး…ခဏနားလိုက်ပါဦး။ ညနေစောင်းရင် မိဖုရားကြီးပြန်ရောက်လာပါတော့မယ်။ ကျွန်တော်မျိုး မင်းကြီးကို ဘယ်တုန်းကမှ မလိမ်ညာခဲ့ဖူးဘူး။ ကျွန်တော်မျိုးရဲ့စကားကို ယုံကြည်တော်မူရင် အားဖြည့်ထားတော်မူပါ။ မိဖုရားကြီးလာရင် ယေစုကိုင်းနဲ့တွေ့ခဲ့တာကို အစမဖော်ပါနဲ့။ အရင်ကထက် ကြင်နာစွာနဲ့ မိဖုရားကြီးကို ဆက်ဆံပေးပါ။ မိဖုရားကြီးကို မဆုံးရှုံးစေဖို့ ကျွန်တော်မျိုးအာမခံပါတယ် ”

 

မျှော်လင့်ချက်ကင်းမဲ့နေသော ကာလိုခန်ဘုရင်သည် အမတ်ချုပ်ကြီး၏ စကားကိုကြားသော် အားတက်လာပြီး အနားယူရန် အတွင်းဆောင်ကို ၀င်သွားတော့သည်။ ကာလိုခန်မင်းကြီးကိုကြည့်ပြီး ခေါင်းဖြူအဖိုးကြီး တားဂေါတိုင်းသည် မင်းသားလေး၏ အဆောင်ကိုလာခဲ့သည်။ မင်းသားလေးသည်လည်း သူ့ဖခင်နှင့်ထူးမခြားနားစွာပင် သလွန်ပေါ်လဲလျောင်းနေရင်း ငယ်ရွယ်ကာ ပြည့်စုံလှသည့်ဘ၀ကို အချစ်တစ်ခုနှင့်စွန့်လွှတ်နေသည်ကိုကြည့်ကာ သက်ပြင်းရှိုက်လိုက်မိသည်။ ကာလိုခန်မင်းကြီးကစပြီး ခန်မင်းဆက်က ပိုပြီးအရည်သွေးလျော့လာခဲ့သည်။ စိတ်ဓါတ်ပျော့လွန်းသည်ကို တားဂေါတိုင်းမနှစ်သက်ပါ။

 

ယခင်ခန်မင်းကြီးများ၏ မာကျောသည့် စိတ်ဓါတ်ခွန်အားမျိုးပါမလာသည်ကို ကြည့်ပြီး အားမလိုအားမရဖြစ်နေမိသည်။ သို့သော် မောရကစ်သွေးနှောထားသည့် ယွမ်ချူးခန်က အချစ်ကြောင့် စိတ်ပျော့သလို အချစ်ကြောင့်လည်း ရက်စက်သောလူ ဖြစ်လာနိုင်သည်။ ပျော့ညံ့ကာ အမြဲအားလျော့နေသည့် ယောကျာ်းတစ်ယောက်ကိုမြင်ရမည့်အစား သွေးဆာနေသည့်ကျား တစ်ကောင်ကိုသာ မြင်ချင်သည်။ ဒါကြောင့် မင်းသားလေး၏ရင်ထဲမှ မီးတောက်ကို ဆီလောင်းပေးရန် တားဂေါတိုင်းစတင်လိုက်သည်။
 

“အရှင့်သား…. ကျွန်တော်မျိုး သီးသန့်လျှောက်တင်စရာရှိပါတယ်…”

 

ယွမ်ချုးခန်သည် ဆူမီရာ၏နှင်ထုတ်ခြင်းကို ခံရပြီးနောက် စိတ်ဓါတ်ကျကာ ဗုန်းဗုန်းလဲခဲ့သည့်နောက်ပိုင်း ဘာကိုမှ စိတ်မ၀င်စားတော့ပေ။ မိမိအဆောင်ကို မိဖုရားလောင်းများကိုပင် အလာမခံပေ။ အသက်ဝိဥာဉ်ကို တဖြည်းဖြည်းလွှတ်နေစဉ် ဆူမီရာ၏မျက်နှာလေးကိုမြင်ယောင်ပြီး တမလွန်ကိုဖြည်းဖြည်းထွက်သွားချင်သည်။ ယခု အမတ်ချုပ်ကြီးအမူယာကြောင့် ခွင့်ပြုလိုက်သော်လည်း စိတ်ဝင်စားမှုနည်းနည်းမှမရှိပေ။
 

“အရှင့်မယ်တော်က ငွေတောင်မင်းသားကိုခေါ်လာခဲ့ပြီ။ ညနေစောင်းရင် မင်းသားဆူမီရာက နန်းတော်ကို ရောက်လာတော့မယ်”

 

ထိုစကားကိုကြားသော် ယွမ်ချူးခန် ချက်ချင်းထထိုင်လိုက်ပြီး အမတ်ကြီး၏လက်ကို လှမ်းဆုပ်ကိုင်ကာ မောဟိုက်စွာဖြင့် မေးလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် အသက်ရှုရတာပင် မောလို့နေသည်။
 

“တကယ်လည်း အမတ်ကြီး။ မယ်မယ်က ကျွန်တော့်အတွက် ငွေတောင်ပြည်ထိ သွားခဲ့တာလား။”
 

“ဟုတ်ပါတယ် အရှင့်သား။ မိဖုရားခေါင်ကြီးကိုယ်တိုင် အရှင့်သားရဲ့ကျန်းမာရေးအတွက် မင်းကြီးကို အတိုက်ခံလုပ်ပြီး အားလုံးတားတဲ့ကြားက ငွေတောင်ပြည်အထိသွားပြီး မင်းသားဆူမီရာကို ခေါ်ဆောင်လာခဲ့ပါတယ်… ”

 

ထိုစကားကိုကြားသော် ယွမ်ချူးခန်၏မျက်နှာသွေးရောင်လွှမ်းခဲ့သည်။
 

“မယ်မယ်….”

 

မယ်မယ်က မိမိကိုမလိုချင်ပဲရခဲ့သည် ဆိုသည့်အတွေးနှင့် ကြီးပြင်းလာရသည့် ယွမ်ချူးခန်အတွက် မယ်မယ်၏ ဂရုစိုက်မှုက အားဆေးတစ်ခွက်သောက်လိုက်ရသလို ခံစားလိုက်ရသည်။ တစ်ခါမှ နန်းတော်ကမထွက်ခဲ့သည့် မယ်မယ်က ခရီးရှည်ကြီးကိုထွက်ပြီး အားလုံးတားသည့်ကြားက မိမိချစ်သည့်ဆူမီရာကို သွားခေါ်ပေးခဲ့သည်။ မယ်မယ်ချစ်သည့် သားကြီး ငြိုငြင်မည်ကိုသိသည့်ကြားက မိမိအတွက် ဆူမီရာကို ပါအောင်ခေါ်လာပေးသည်ဆိုသည့် အသိက ယွမ်ချူးခန်ကို အသက်ဆက်ရှင်သန်လာအောင် ကောင်းကောင်းလုပ်ပေးနေလေပြီ။
 

“မယ်မယ်က ကိုယ်တော့်အတွက် ဆူမီရာကို ခေါ်လာပေးတယ်…တကယ်လား…တကယ်ပဲလား အမတ်ချုပ်ကြီး…”

 

ယွမ်ချူးခန်၏မျက်ဝန်းထဲမှ မျက်ရည်ပေါက်ကြီးလိမ့်ကျလာခဲ့သည်။ မယ်မယ် မိမိကိုချစ်သည်ဆိုသည့် အတွေးက ဟိုးအတွင်းစိတ်မှာရှိနေသည့် အားငယ်စိတ်ကိုလျော့ပါးသွားစေသည်။ ငယ်စဉ်ကတည်းက မိမိကိုတင်းကျပ်ပြီး စည်းကမ်းကြီးသည့် မယ်မယ့်ကို ခမည်းတော်ထက်ကိုချစ်ခဲ့သည်။ နန်ကျောင်ပြည်တွင် တစ်ဦးတည်းဖြစ်နေသည့် မယ်မယ့်ကို ကာကွယ်ပေးချင်သည့်စိတ်နှင့် ယွမ်ချူးခန်ကြိုးစားခဲ့သည်။ မယ်မယ်အသိမှတ်ပြုသည်ကို လိုချင်သည့်အတွက် ကြိုးစားခဲ့သည်။

 

သို့သော် မယ်မယ်က မိမိကိုဘယ်တုန်းကမှ စိတ်တိုင်းမကျခဲ့ပါ။ အရင်အိမ်ထောင်နှင့်ရသည့် သားကြီးနှင့်အမြဲ နှိုင်းယှဉ်ကြည့်တတ်သည်ကို သိရတော့ ယွမ်ချူးခန် နာကျင်ခဲ့ရသည်။ သို့သော် မယ်မယ်ဂုဏ်ယူရသည့် သားဖြစ်အောင် ယွမ်ချူးခန် မည်မျှကြိုးစားခဲ့ပါစေ… မယ်မယ့်မျက်လုံးထဲ မိမိကို အခြားလူလောက်မတော်ဟုသာ ထင်မြင်ခဲ့သည်ကို သိခဲ့သည်။ နောက်ဆုံး အိမ်တော်ဟောင်းက လေးနှင့်မြှားကို ယူဆော့မိသည့် မိမိကိုတွေ့တော့ မယ်မယ်ကြည့်လိုက်သည့် မျက်ဝန်းအကြည့်က ယွမ်ချူးခန်၏ စိတ်ကိုဒဏ်ရာဖြစ်ခဲ့သည်။

 

ပြီးတော့ အမတ်ချုပ်ကြီးပြောပြသည့် ခမည်းတော်၏တဖက်သတ်အချစ်၊ ခမည်းတော်၏လိုက်လျောမှုအားလုံးကိုသိပြီး မယ်မယ့်အေးစက်မှုကို ပိုပြီးစိတ်မကောင်းဖြစ်ခဲ့မိသည်။ တရားခံက ဟိုသားအဖကြောင့် ဆိုသည့် စိတ်က ယွမ်ချူးခန်၏ ရင်ဝယ်စွဲသွားခဲ့သည်။ တကယ်လို့ ဟိုသားအဖသာ မရှိခဲ့လျှင် ခမည်းတော်လို အဆုံးစွန်အချစ်နှင့် ချစ်တတ်သည့် ယောကျာ်းတစ်ယောက်ကို မယ်မယ်ပြန်မချစ်ပဲ နေမည်မဟုတ်ပေ။ ပြီးတော့ မိမိကိုလည်း သားတစ်ယောက်အဖြစ် မယ်မယ်မြင်လိမ့်မည်။ ယခုမိမိတို့သားအဖ လျစ်လျူရှုခံရသည်က ဟိုသားအဖကြောင့်။ ဒီအမုန်းတရားက ရင်ထဲကိုရောက်လာတော့ ယွမ်ချူးခန် ကိုယ့်အသိစိတ်နှင့် တိုးတက်အောင်ကြိုးစားခဲ့သည်။

 

နောက်ဆုံး ဆူမီရာကို တွေ့ခဲ့သည်။ တင်ဂီရိ တန်ဖိုးထားသည့် ကောင်လေးမှန်းသိသဖြင့် သူ့ရင်ကိုခွဲရန် တမင်ကို ဆူမီရာနှင့် နီးစပ်အောင်လုပ်ခဲ့သည်။ သို့သော်ကံတရားက မိမိကိုမညှာမတာလုပ်ချလိုက်ပြန်သည်။ ဆူမီရာ၏ ရင်ထဲရောက်အောင် မလုပ်နိုင်ခင် ဆူမီရာက မိမိတကိုယ်လုံးကို ၀ါးမြိုသွားခဲ့သည်။ ချစ်သည်။ အသည်းနင့်အောင်ချစ်သည်။ အချစ်ဆိုတာ ဘာမှန်းမသိလိုက်ခင် ဆူမီရာက မိမိကိုရူးလောက်အောင်ကိုပြုစားသွားလေပြီ။ အတူနေစဉ် မသိသာပေမယ့် မယ်မယ့်ကို ကုသပေးဖို့ သူချစ်သည့် လူကိုဆန့်ကျင်ပြီး လိုက်လာကုပေးခဲ့သည့် အဖြစ်လေးက ယွမ်ချူးခန်၏ရင်ထဲက အချစ်ကို ပိုလေးနက်စေခဲ့သည်။

 

ဆူမီရာကိုလိုက်ပို့တော့ တင်ဂီရိနှင့်နမ်းနေသည်ကို တွေ့လိုက်ရစဉ် အသူရာနက်သည့်ချောက်ကြီးထဲ မိမိကျသွားသလို ခံစားလိုက်ရသည်။ ဘယ်တော့မှ ဆူမီရာ၏အချစ်ကို မိမိမရနိုင်တော့သည်ကို သိလိုက်ရသည်။ တင်ဂီရိကိုကြည့်သည့် တောက်ပသည့် အကြည့်မျိုးနှင့် ဆူမီရာ မိမိကိုကြည့်သည်ကို မမြင်ဖူးခဲ့ပါ။ပြီးတော့ တင်ဂီရိကိုပြန်လည်ဖက်တွယ်ပြီး အနမ်းကို ပြန်တုန့်ပြန်နေသည့် မြင်ကွင်းက ချစ်ခြင်းကိုအလုခံရသည့် ခံစားချက်ကို ပိုပိုဆိုးလာစေခဲ့သည်။ မယ်မယ့်ထံမှ အချစ်ကိုမွေးကတည်းက အပြည့်ဝမရခဲ့သည့် တရားခံ။ တစ်သက်မှာတစ်ခါသာပေါ်သည့် အချစ်ကို လုယူသည့် တရားခံ။

မယ်မယ်ကိုယ်တိုင် မိမိအတွက် ခရီးထွက်ကာ သားကြီးငြိုငြင်မှာကို မကြောက်ပဲ ဆူမီရာကို ရအောင်ခေါ်ပေးခဲ့သည် ဆိုသည့် အချက်က ယွမ်ချူးခန်၏ဝေဒနာတစ်ဝက်ကိုည သက်သာစေသည်။ ဒါကြောင့် တက်ကြွစွာထထိုင်ကာ အမတ်ကြီးကိုကြည့်လိုက်စဉ် အမတ်ချုပ်ကြီးက ဆက်လက်တင်လျှောက်သည့် စကားကိုကြားသော် ကြက်သေသေသွားသည်။
 

“ယေစုကိုင်းက အာနန်ပြည် နယ်စပ်ကိုရောက်နေပြိ။ ပြီးတော့ မယ်မယ်နဲ့တွေ့တယ် ဟုတ်လား…ဒါ ဘာသဘောလဲ။ မယ်မယ်ကော…မယ်မယ် တကယ်ပဲ ပြန်လာပါ့မလား။”

 

ယွမ်ချူးခန်အထိတ်တလန့်နှင့်မေးလိုက်စဉ် တားဂေါတိုင်းက ချက်ချင်းနှစ်သိမ့်ပေးလိုက်သည်။
 

“မိဖုရားကြီး အခုဆို နန်ကျောင်ပြည်ထဲကို ၀င်လာခဲ့ပါပြီ အရှင့်သား.. အဓိက စိုးရိမ်ရတာက မိဖုရားကြီးက ယေစုကိုင်းကို ဘယ်လို ကတိတွေထားခဲ့လို့ အသာတကြည်ပြန်လာခွင့်ပေးလိုက်တာလဲ ဆိုတာပဲ…သေချာတာကတော့ မိဖုရားကြီးက အခုချိန် အရှင့်သားရဲ့ ရောဂါကိုကုဖို့ မင်းသားဆူမီရာကို နန်းတော်ကိုခေါ်ဖို့ စိတ်လောနေချိန်ဆိုတော့ နောက်ပိုင်း တခုခု ပြန်ပေးဆပ်ဖို့ ကတိပေးခဲ့မှာကိုပဲ စိုးရိမ်ရပါတယ် အရှင့်သား။”
 

“ခမည်းတော် ဒါတွေကိုသိထားပြီလား…”
 

“သိပြီပါပြီ။ အခု မင်းကြီး ကိုယ်စိတ်နွမ်းနယ်နေပါတယ် အရှင့်သား…”

 

ယွမ်ချုးခန်သည် လက်သီကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အမတ်ချုပ်ကြီးကိုပြောလိုက်သည်။
 

“မယ်မယ့်ကို ဘယ်နည်းနဲ့မှ အပါမခံနိုင်ဘူး။ ဘယ်သူ့ကိုသတ်ရသတ်ရ ကိုယ်တော်လုပ်မယ်။ မယ်မယ်က ခမည်းတော်ရဲ့ မိဖုရား၊ ကိုယ်တော်ရဲ့မယ်မယ်ပဲ။ သေတဲ့အထိ မယ်မယ့်ကိုလက်မလွှတ်နိုင်ဘူး။”

 

တားဂေါတိုင်းသည် ယွမ်ချူးခန်၏စကားကိုကြားသော် ကျေနပ်သွားပြီး နားနားကပ်ကာ တီးတိုးတိုင်ပင်လိုက်သည်။ ယွမ်ချူးခန်သည် ထိုစကားကိုကြားသော် မျက်လုံးမှအရောင်တဖြတ်ဖြတ်လက်သွားခဲ့သည်။
 

“ကောင်းပြီ။ အဲ့အတိုင်းလုပ်လိုက်ပါ။ ”

 

တားဂေါတိုင်းသည် မင်းသား၏အဆောင်မှထွက်လာပြီးနောက် လုပ်စရာရှိသည်ကိုတက်ကြွစွာ စီမံတော့သည်။ နန်ကျောင်ပြည်သည် မနေ့တနေ့မှ တိုင်းပြည်ဖြစ်လာသည့် အရိုင်းစိုင်းများကိုရှုံးရမည်ဆိုလျှင် ဘိုးဘေး ခန်မင်းကြီးများကို မိမိဘယ်လိုမျက်နှာပြ၀ံ့မလဲ။ ဒါကြောင့် မည်သည့်နည်းနှင့်ဖြစ်ဖြစ် နိုင်အောင်တိုက်ရမည်။

 

------------------

 

ဟော်သွန်းသည် ဆူမီရာ၏ မျက်နှာကိုငေးကြည့်ကာ တီးတိုးပြောလိုက်သည်။
 

“ဆူမီရာလေး… သားငယ်လေးကို နည်းနည်းသည်းခံပေးပါ။ သူက စိတ်ရင်းက နူးညံ့သိမ်မွေ့တာ သူ့ခမည်းတော်နဲ့တူတယ်။ လူတစ်ယောက်ကို တွယ်တာမိရင် သေတဲ့အထိ လက်မလွှတ်တတ်တော့ဘူး။ အဲ့လူက ကိုယ့်ကိုချစ်နိုင်တဲ့အခြေနေရှိရဲ့လား၊ ကိုယ်က ချစ်သင့်ရဲ့လားဆိုတာ သူတို့မတွေးမိတော့ဘူး။ ပြီးတော့ သူက ငယ်ကတည်းက အရီးတော်သူ့ကို မချစ်ဘူးဆိုတဲ့ အစွဲနဲ့ကြီးပြင်းလာခဲ့တယ်။ ”

 

ဟော်သွန်းသည် ပြောပြီးရင်ထဲဆို့လာသဖြင့် သက်ပြင်းရှိုက်ရင်း အပြင်မှရှုခင်းကိုငေးရင်း ခဏငြိမ်သွားသည်။ ဆူမီရာက အလိုက်တသိနှင့်ငြိမ်နေလိုက်သည်။ ဟော်သွန်းသည် ယွမ်ချူးခန်၏ ငယ်ကအဖြစ်ကို ပြန်တွေးပြီး ခပ်ဖျော့ဖျော့ပြုံးကာ ဆူမီရာကို တိုးတိုးပြောပြသည်။ သူမပုံစံက ဆူမီရာကို ပြောပြနေသည်ထက် အတိတ်ပုံရိပ်ကို ပြန်သတိရပြီးတစ်ယောက်တည်း တီးတိုးပြောနေသည်နှင့်တူနေသည်။ လေတိုးသဖြင့် ဆံနုယဉ်တချို့က မျက်နှာပေါ်ယိမ်းနွဲ့နေသည့် ဟော်သွန်းကိုကြည့်ပြီး အသက်လေးဆယ်ကျော်၊ ငါးဆယ်နီးသည့်တိုင် အလှမပျက်သေးသည်ကို တအံ့တသြငေးကြည့်နေမိသည်။ ယွမ်ချူးခန်က အရီးတော်ဟော်သွန်း၏မျက်နှာကျကို ရရှိခဲ့သဖြင့် ဒီလောက်ချောမွေ့လှပနေခြင်းဖြစ်သည်ဟု ကောက်ချက်ချလိုက်မိသည်။ နောင်တော်တင်ဂီရိက ဦးရီးတော်ယေစုကိုင်းနှင့် ပိုတူသည်။ မြင်လိုက်ရုံနှင့် အားကိုးချင်ဖွယ်စစ်သူရဲကောင်းပုံပေါ်သည်။ ယွမ်ချူးခန်ကတော့ မြင်လိုက်ရုံနှင့် ဖူးဖူးမှုတ်ခံ အချစ်တော်ဘုရင့်သားပုံထွက်သည်။
 

“သားတော်လေးကို မွေးတော့ နန်းတော်တစ်ခုလုံးမကဘူး။ နန်ကျောင်ပြည်တစ်ပြည်လုံးက ဖူးဖူးမှုတ်ချစ်ကြတယ်။ ဒါကြောင့် သားတော်လေးက ငယ်တုန်းက အရမ်းဆိုးတယ်။ သူ့ခမည်းတော်ကလည်း သူ့ကို အလိုလိုက်ဖို့ပဲဆိုတော့ အရီးတော်က သူ့ကို တင်းကျပ်ခဲ့မိတယ်။ အရီးတော်က သားငယ်လေးကို သားကြီးလို ထက်မြက်တဲ့၊ တော်တဲ့ လူငယ်တစ်ယောက်ဖြစ်စေချင် ခဲ့တယ်။ သူ့ကို စာမလုပ်လို့၊ စစ်ရေးမလေ့ကျင့်လို့ အပြစ်ပေးတဲ့အခါတိုင်း အရီးတော်နာကျင်ရပေမယ့် အရီးတော်ကလွဲပြီး ဘယ်သူမှ သူ့ကိုမကြပ်မတ်နိုင်ခဲ့ဘူး။ ”

 

ဟော်သွန်းသည် လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး စစ်လေ့ကျင့်ရေးစခန်းတွင် အော်ငိုကာ ကျန်ရစ်ခဲ့သည့် သားငယ်လေးကို ပြန်သတိရပြီး လက်သီးကို ဆုပ်ထားမိသည်။ သားလေး၏ငိုသံက ယခုထိမိမိကိုနာကျင်စေတုန်းဖြစ်သည်။
 

“သူ့ကိုမွေးတုန်းက အရီးတော်ဆုံးဖြတ်ထားခဲ့တယ်။ သူက အရီးတော်တို့ မိသားစုကို ဖြိုခွဲတဲ့ ဘုရင်ရဲ့သားဖြစ်လို့ အရီးတော်နို့တိုက်မမွေးဘူးပေါ့။ သူ့ကို နန်ကျောင်နို့ထိန်းတွေနဲ့ ပစ်ထားတယ်။ ဒါပေမယ့် ဒီကလေးက ငယ်ကတည်းက ဘယ်လောက်ခေါင်းမာသလဲဆိုရင် နို့ထိန်းတွေရဲ့ နို့ကိုမွေးစကတည်းက မစို့ဘူး။ အရမ်းဆာလွန်းလို့ စို့ရင်လည်း ချက်ချင်း အန်ပြီး နေမကောင်းဖြစ်တော့တာပဲ။ နို့ဆာလွန်းလို့ ငိုနေတဲ့ သားလေးရဲ့အသံကိုကြားတော့ အရီးတော် ဘယ်လိုမှ တင်းမခံနိုင်တော့ဘူး။ ကလေးကို နို့ထိန်းတွေလက်ထဲက လုယူပြီး ကိုယ်တိုင်နို့တိုက်မိတော့တယ်။ ”

 

ဟော်သွန်းသည် ထိုစကားကိုပြောပြီး မျက်ရည်စီးကျလာခဲ့သည်။ မိမိလက်ကိုဖြန့်ကြည့်ရင်း မွေးကင်းစကတည်းက နိုးစို့ရင်း မိမိလက်ညှိုးကိုဆုပ်ကိုင်ထားတတ်သည့် သားလေးကိုသတိရလာသည်။
 

“သားလေးက ငယ်ကတည်းက အရီးတော်ကို အရမ်းတွယ်တာလွန်းတယ်။ နောက်ပိုင်း အရီးတော် သူ့ကို ကြမ်းကြမ်းတမ်းတမ်းပဲ ပျိုးထောင်တော့တယ်။ မောရကစ်မျိုးနွယ်ကလေးတစ်ယောက်က သိပ်ကိုနူးညံ့ပြီး အမေ့ရင်ခွင်မှာ ကြာကြာမနေသင့်ဘူး။ သူ့ကို သူ့နောင်တော်လိုဖြစ်စေချင်တယ်။ အရီးတော် လောဘကြီးခဲ့မိတယ်။ သူ့နောင်တော်ရဲ့ စံချိန်အတိုင်းမမှီခဲ့ရင် အရီးတော် အပြစ်ပေးခဲ့တယ်။ နောက်ပိုင်း နန်းတော်ထဲက အရီးတော်ရဲ့ အရင်က အကြောင်းကို သူလည်းကြားခဲ့တယ် ထင်တယ်။ အရီးတော်က သားကြီးကို သူ့ထက်ပိုချစ်တယ်လို့ သူ့စိတ်ထဲ စွဲသွားတော့တယ်။ ”

 

ဆူမီရာသည် အရီးတော်၏လက်ကိုဆုပ်ကိုင်ပြီး အားပေးလိုက်သည်။
 

“တကယ်တမ်းက အရီးတော်က သူ့ကိုပိုချစ်လို့ ပိုဖိအားပေးခဲ့တာပါ။ သူ ဒါကိုနားလည်မှာပါ အရီးတော်ရယ်…”

 

ဟော်သွန်းက ရယ်မောလိုက်သည်။ နာနာကျင်ကျင်နှင့်ရယ်လိုက်သည့် အသံက ဆူမီရာကို ဆို့နင့်လာစေသည်။
 

“အရီးတော်ကို သူအရမ်းချစ်လို့ အရီးတော် မရှိတော့ရင် သူ ဘယ်လိုမှခံနိုင်ရည်ရှိမယ်မထင်ဘူး။ ”

 

“အရီးတော်က ဘယ်သွားမှာမို့လဲ။”
 

“အရီးတော်ရဲ့ မိသားစုဆီကို အရီးတော်ပြန်ချင်ပြီ ဆူမီရာ။ မောင်မောင်နဲ့သေမှခွဲတော့မယ်လို့ အရီးတော် ဆုံးဖြတ်ထားလိုက်ပြီ။ သားကြီးလည်း အရီးတော်ကို သူ့တစ်ဘ၀လုံး စောင့်ခဲ့တယ်။ တော်လောက်ပါပြီကွယ်။ ”

 

ဆူမီရာသည် အရီးတော်၏ စကားကြောင့် နောင်တော့်အတွက်ဝမ်းသာမိသလို ယွမ်ချူးခန်အတွက် ၀မ်းနည်းမိသည်။
 

“ချူးခန်ရာ…မင်း ကံဆိုးလိုက်တာ…”

 

ဆူမီရာ အသံတိတ်ရေရွတ်လိုက်မိသည်။ သေချာတာကတော့ နာကျင်မှု၊ခါးသီးမှုနှင့် မျက်ရည်များစွာကို မိမိမမြင်ချင်ပဲ မြင်ရပေဦးမည်။ ဆူမီရာသည် စိတ်ဆင်းရဲလွန်းသဖြင့် နှလုံးအားနည်းသည့်ရောဂါပင်ဖြစ်နေသည့် အရီးတော်ကိုကြည့်ကာ သနားမိသည်။ အရီးတော်၏ မိသားစုနဲ့ပြန်ဆုံဖို့ အချိန်တန်ပြီဟုလည်း ယုံကြည်သည်။ ဦးရီးတော်နဲ့အရီးတော်၏ အချစ်က အတူတူပြန်ပေါင်းဖက်ဖို့ ထိုက်တန်သည်ထက် ကျော်လို့နေသည်မဟုတ်လား။

 

---------------------------------------
 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet