စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (55)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (55)

 

ယွမ်ချူးခန်သည် ဆူမီရာကို ကျောက်ဖြူတောအုပ်၏ မြောက်ဘက်က ရေကန်ဆီကိုခေါ်လာခဲ့သည်။ မှန်သားပြင်လို ပြောင်လက်နေသည့် ကန်ရေပြင်က မျက်စိတဆုံးကျယ်ပြန့်နေပြီး ပြာလဲ့သောကောင်းကင်ကြီး တစ်ခုလုံးနှင့် တိမ်တိုက်များ၊ တိမ်လွှာများ အားလုံးကို ကန်ထဲထည့်ထားသလို ခံစားလိုက်ရသည်။ ဒီလောက်ကျယ်ပြန့်သည့် ရေကန်ကို မမြင်ဖူးသဖြင့် ဆူမီရာသည် သဘာဝအလှထဲတွင် ငေးမောမိသွားပြီး ယွမ်ချူးခန်ကို ၀မ်းသာအားရဖြင့် ပြောလိုက်မိသည်။
 

“လှလိုက်တာ ချူးခန်ရာ…ဒီလောက်လှပြီး ကျယ်တဲ့ကန်ကို ငါမမြင်ဖူးဘူး။”

 

ယွမ်ချူးခန်သည် စိတ်ညစ်နေရာမှ ဆူမီရာ၏ တအံတသြစကားကိုကြားသော် စိတ်တောင်နည်းနည်းသက်သာသွား သလိုခံစားလိုက်ရသည်။ ဒီကောင်လေးက ဘာကြောင့် မိမိစိတ်ကိုဆွဲဆောင်နိုင်မှန်းမသိတော့ပေ။ ခုတောင် မယ်မယ့်ကြောင့် သေမလိုစိတ်ညစ်နေသည့်ကြားက သူလေးရဲ့ အံ့သြပြီး သဘောကျသည့် မျက်ဝန်းတောက်တောက်လေးကို တွေ့လိုက်သည်နှင့် ယွမ်ချူးခန် ကိုယ့်သောကကိုမေ့ပြီး သူ့ကိုငေးကြည့်နေမိသည်။
 

“အာ…တောင်းပန်ပါတယ်ကွာ… မင်း စိတ်ညစ်လို့ ခေါ်လာတာ။ ငါက မေ့ပြီး ကန်အလှကို ငေးနေမိတာ…”

 

ဆူမီရာ သတိဝင်လာပြီး ရှက်ရယ်ရယ်ကာ ယွမ်ချူးခန်ကို တောင်းပန်လိုက်သည်။ ယွမ်ချူးခန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
 

“မင်း လှေစီးမလား။ ဟိုးဘက်ကမ်းမှာ ငါပိုင်တဲ့ အနားယူစံအိမ်ရှိတယ်… သွားကြမယ်လေ…”
 

“ဟုတ်လား။ မင်း အဆင်ပြေတယ်ဆိုရင် ငါ သွားကြည့်ချင်တယ်…”
 

“ဘာလို့မပြေရမှာလဲ…”

 

ယွမ်ချူးခန်သည် သူစိမ်းဆန်သည့် ဆူမီရာ၏ အပြောကြောင့် မျက်မှောင်ကြုတ်လိုက်သော်လည်း မီးကျည်တစ်ခုကို လွှတ်တင်လိုက်သည်နှင့် ကန်တဖက်မှ လှေတစ်စင်းလှော်ခတ်လာခဲ့သည်။ လှေကြီး၏လှော်ခတ်နှုန်းက မြန်ဆန်ပုံရသည်။ ထမင်းအိုးတစ်လုံးချက်ခန့်တွင် ဆူမီရာနှင့်ယွမ်ချူးခန်တို့နေသည့် ကမ်းကိုလှေကြီးဆိုက်ရောက်လာခဲ့သည်။ ဆူမီရာသည် ရွှေရောင်တောက်သည့် လှေကြီးကိုငေးကြည့်ကာ ယွမ်ချူးခန်ကို မေးလိုက်သည်။
 

“မင်းရဲ့လှေကြီးက ခန့်ညားလှပလိုက်တာကွာ။ မင်းတကယ့်ကို ကံကောင်းတာပဲ။ ဘုရင့်သားချင်းအတူတူ မင်းက အင်အားကြီးပြီး ချမ်းသာကြွယ်ဝတဲ့ ဘုရင့်သားဖြစ်တော့ တကယ့်ကိုလိုတရ မင်းသားလေးလို ကြီးလာရတာပဲ…”
 

“ဒါတွေက အတူမျှဝေခံစားမယ့် သူငယ်ချင်းမရှိရင် အလကားပဲ။ ငါဖြင့် တနှစ်မှ တခါပဲလား စီးဖြစ်တာ။ လာ..သွားကြစို့။ မင်းကို ကန်ရဲ့အလှလိုက်ပြမယ်။ ပြီးရင် ငါ့တောပိုင်းစံအိမ်မှာ ညနေစာစားကြမယ်… ”
 

“ဟေ့ကောင်…နေ့လည်စာကရော…”
 

“လှေပေါ်မှာစားမယ်….အပေါ်မှာ စားတော်ကဲတွေပါတယ်။ ငါ လှေစီးထွက်ရင် စားချင်တာ စားနိုင်ဖို့ ခမည်းတော်က စားတော်ကဲ သတ်သတ် ဒီမှာထားပေးထားတယ်…”

 

ဆူမီရာသည် ယွမ်ချူးခန်၏ စကားကိုလက်လန်သွားတော့သည်။ တကယ့်ကို လိုလေသေးမရှိအောင်ပြည့်စုံသည့် မင်းသားလေးက မိမိနှင့်အတူ ခရီးလှည့်လည်စဉ်က အပင်ပန်းဆင်းရဲခံနိုင်သည်က အံ့သြစရာပင်ဖြစ်နေတော့သည်။

ယွမ်ချူးခန်သည် ဆူမီရာနှင့်အတူ လှေပေါ်တက်လိုက်သည်နှင့် လှေတော်သားများက ကုန်းဘောင်ကို ရုပ်သိမ်းကာ တက်စုံဖွင့်ကာ ကန်လယ်ကိုလှော်ခတ်သွားတော့သည်။ အထူးလေ့ကျင့်ထားသည့် လှေလှော်သားများမို့ ကြီးမားသည့်လှေကြီးက ပေါ့ပေါးပါးပါး မြန်မြန်ဆန်ဆန်ပင် ကန်ကိုလှည့်ပတ်ကာ ပြနေသည်။ ဆူမီရာသည် ကုန်းပတ်ပေါ်မှ အနားယူရန်ဆောက်ထားသည့် အဆောင်လေးတွင် လေညှင်းခံရင်း ကျောက်စိမ်းခွက်လေးထဲမှ အရသာရှိသည့် ၀ါးစိမ်းရွက်ဝိုင်ကို ဖြည်းဖြည်းချင်းသောက်လိုက်စဉ် ကိုယ့်ကိုယ်ကိုယ် ဘုရင်တပါးလိုပင် ခံစားလိုက်ရသည်။

 

“အရမ်းကောင်းတာပဲကွာ…၀ါးစိမ်းနံ့သင်းသင်းလေးနဲ့။ ဒါ မင်းတို့နန်ကျောင်က နာမည်ကျော် ၀ါးစိမ်းရွက် ၀ိုင်မဟုတ်လား။”
 

“အင်း ..ဟုတ်တယ်…”

 

ယွမ်ချူးခန်က ကရားလိုက်မော့သောက်ရင်း ဖြေလိုက်သည်။ ဆူမီရာသည် ကရားလိုက်မော့နေသည့် ယွမ်ချူးခန်ကို တားလိုက်သည်။
 

“ယွမ်ချူးခန်…မင်း အမူးလွန်မယ်နော်…. ”
 

“မမူးပါဘူး။ ဒါ ငါတို့ဆီမှာ ဆယ်နှစ်ကလေးတွေသောက်တဲ့ဟာ…. ဟေ့… ပန်းပေါင်းတရာ အရက်ယူခဲ့စမ်း…”

 

ယွမ်ချူးခန်၏အမိန့်ကြောင့် ပန်းပေါင်းတရာ အရက်ထည့်ထားသည့် ကရားချက်ချင်းရောက်လာသည်။ စားပွဲပေါ်တွင် ဟင်းပွဲ၈ ပွဲက အငွေ့တထောင်းထောင်းနှင့် လာချသဖြင့် ဆူမီရာ မျက်လုံးပြူးကာ မြည်းစမ်းလိုက်စဉ် အရသာရှိသဖြင့် ယွမ်ချူးခန်ကို ချီးကျူးလိုက်သည်။
 

“အရမ်းအရသာရှိတာပဲကွာ… ဟေ့ ယွမ်ချူးခန်..အရက်ချည်းသောက်မနေနဲ့။ အစားလည်းစားဦး။ စားရင်း မင်းစိတ်ထဲမှာ ဖြစ်နေတာတွေ ငါ့ကိုရင်ဖွင့်လို့ရတယ်နော်…”

 

ယွမ်ချူးခန်သည် ဆူမီရာ၏ မျက်နှာကို စိုက်ကြည့်ကာ အရက်ကို မော့ချလိုက်သည်။ ချိုသော၊ မွှေးသော၊ ပြင်းသော အရက်က လည်ချောင်းတလျှောက်စီးကျသွားခဲ့သည်။ နူတ်ခမ်းထောင့်မှ စီးကျလာသည့် အရက်ကို လက်ဖြင့်သုတ်လိုက်ရင်း ယွမ်ချူးခန်၏ မျက်လုံးထဲမှ မျက်ရည်စီးကျလာခဲ့သည်။
 

“မယ်မယ်က… ငါ့ကို စွန့်ပစ်ချင်နေပြီ ဆူမီရာ… မင်းသိလား… ငါ့မယ်မယ်ကလေ… ငါ့ကို မလိုချင်တော့ဘူး…”

 

ယွမ်ချူးခန်၏ ရင်ထဲဆို့နေသမျှ ခံစားချက်အားလုံး အရက်၏အစွမ်းနှင့် ဖွင့်ဟလာခဲ့သည်။ ဆူမီရာသည် ယွမ်ချူးခန်၏ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်လိုက်သည်။
 

“မဟုတ်ပါဘူးကွာ။ အရီးတော်က အဲ့လိုစိတ်မရှိပါဘူး။ မင်းကို အရမ်းချစ်တာကို ငါသိတယ်။ ”
 

“ငါ့ကိုချစ်တာကိုသိတယ်။ ဒါပေမယ့် သူက အခြားမိသားစုကို ပိုချစ်နေတယ် ဆူမီရာ… မင်းလည်းသိမှာပါ။ နန်းတော်ကို အလာတုန်းက ယေစုကိုင်းစစ်သူကြီးနဲ့ တွေ့ခဲ့တာ။ မယ်မယ် တနေ့ အဲ့စစ်သူကြီးနောက် ပြန်ပါသွားမှာကို ငါအရမ်းကြောက်ခဲ့တာ။ ငါတင်မကဘူး။ ငါ့ခမည်းတော်လည်း အရမ်းကို ကြောက်ခဲ့တာ။ ငါတို့သားအဖ တစ်သက်လုံး ဘယ်နေ့ မယ်မယ့်ကို ဆုံးရှုံးရမလဲ ဆိုတဲ့ ကြောက်စိတ်နဲ့ရှင်သန်နေရတယ်။ ခမည်းတော်က မယ်မယ့်ကို မျက်နှာတချက်မညှိုးအောင် ဂရုစိုက်လည်း၊ ဘုရင်တပါးတန်မယ့် မယ်မယ့်ခြေရင်းမှာ မာနတွေ ခ၀ါချထားပေမယ့်လည်း၊ နောက်ဆုံး မယ်မယ့်ဆီက အသိမှတ်ပြုတာလေး တစ်ချက်တောင်မရခဲ့ဘူး။ ခု ခမည်းတော် အရမ်းကို စိတ်ဆင်းရဲနေရတယ် ဆူမီရာ။ ပြီးတော့ ငါ…. တသက်လုံး မယ်မယ့်စိတ်တိုင်းကျ ကြိုးစားခဲ့တယ်။ မယ်မယ် ငါ့ကို စိတ်ပျက်ပြီး ဟိုမိသားစုနောက်ကို လိုက်သွားမှာကိုကြောက်လို့သေမလို ငါကြိုးစားခဲ့တယ်။ နောက်ဆုံးတော့လည်း မယ်မယ် တကယ်ပဲ ငါတို့သားအဖကို စွန့်ပစ်ဖို့ဆုံးဖြတ်လိုက်ပြီ…”

 

ယွမ်ချူးခန်သည် ပြောရင်း မျက်ရည်များက အတားဆီးမရှိစီးကျလာပြီး ခံစားနာကျင်ရသမျှ အန်ကျလာခဲ့သည်။ ဆူမီ၇ာသည် ယွမ်ချူးခန် ခံစားရသမျှကို ငြိမ်ငြိမ်လေး နားထောင်ပေးပြီး ပြောခွင့်ပေးထားလိုက်သည်။ ယွမ်ချူးခန် စကားဆုံးသည်နှင့် စားပွဲပေါ်မှောက်ချကာ ကလေးလေးလို ငိုပစ်တော့သည်။

 

“ချူးခန်ရာ….”

 

ဆူမီရာ ထိုစကားကိုသာ ရေရွတ်လိုက်ပြီး ယွမ်ချူးခန်၏ ကျောကိုအသာလေး ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ယွမ်ချူးခန်သည် ဆူမီရာ၏ ကြင်နာမှုကို လက်လေးတွေမှ တဆင့်ခံစားမိကာ ဆူမီရာကို ဆုံးရှုံးရမည်ကိုကြောက်သည့် စိတ်လည်း တခါတည်းဝင်လာခဲ့သည်။ မပေးချင်ပါ။ မယ်မယ့်ကိုရော၊ ဆူမီရာကိုရော တသက်လုံးပိုင်ချင်သည်။ မိမိလက်ထဲကနေပြီး မည်သူ့ကိုမှ မပေးနိုင်ပါ။

 

လှေကြီးသည် ကန်အနှံ့လှည့်လည်ပြနေသော်လည်း ဆူမီရာမကြည့်အားပဲ ယွမ်ချူုးခန်ကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။

 

“အရီးတော်က မင်းကိုဘာပြောခဲ့လို့လဲ…”
 

“မယ်မယ်ငါ့ကို မင်းသမီး ငါးပါးနဲ့လက်ထပ်စေချင်တယ်… ငါ့ကို လက်ထပ်ပေးပြီးရင် မယ်မယ် ထွက်သွားတော့မယ်ဆိုတာ ငါအလိုလိုသိနေတယ်… ဆူမီရာ… င့ါကိုကူပါဦး။ ငါ မယ်မယ့်ကို အဆုံးရှုံးမခံနို်င်ဘူး။”
 

“ယွမ်ချူးခန်…. မင်း ရဲ့ မယ်မယ်က မင်းကို ချစ်တာကိုတော့ မင်းသံသယ မ၀င်ပါနဲ့။ ငါ့ဆီကို လာတွေ့တုန်းက မင်းကို ဆေးလိုက်ကုပေးဖို့ အနူးအညွတ်တောင်းပန်နေတဲ့ အရီးတော်ရဲ့ ပုံကို မင်းမတွေ့လို့ပါ။ မင်းကို ချစ်တဲ့စိတ်၊ စိုးရိမ်တဲ့စိတ်၊ ငါမလိုက်မှာကိုကြောက်တဲ့စိတ်နဲ့ အရမ်းကို ဖျော့တော့နေခဲ့တယ်။ နောင်တော် ငါ့ကို သေအောင်စိတ်ဆိုးမှာကိုသိပေမယ့် အရီးတော်စိတ်ဆင်းရဲနေတာကို မမြင်ရက်လို့ ငါလိုက်လာခဲ့တာပဲ။ ”

 

ယွမ်ချူးခန်သည် ဆူမီရာ၏ စကားကြောင့် မျက်ရည်ကိုခပ်ကြမ်းကြမ်းသုတ်ကာ ပြောလိုက်သည်။
 

“ငါ့ကို မချစ်ဘူးလို့ ငါမပြောဘူး။ ဒါပေမယ့် မယ်မယ်က ငါ့ထက် ဟိုသားအဖကို ပိုချစ်တယ်။ အဲ့ဒါကို ငါ သည်းမခံနိုင်ဘူး။ ငါတို့သားအဖကို ထားပြီး ဟိုသားအဖနောက်ကို လိုက်သွားဖို့ မယ်မယ်ဆုံးဖြတ်ထားတာကို သိနေတော့ ငါ ရင်နာတယ် ဆူမီရာ။ သေမလိုကို ရင်နာတယ်… ငါ မယ်မယ့်ကို အချစ်ဆုံးပါကွာ။ မယ်မယ့် မျက်နှာက အပြုံးတပွင့်ကို ရဖို့ ငါသေမလို ကြိုးစားခဲ့တာပါ။ ဒါပေမယ့် မယ်မယ်က ငါ့ကို ခွေးကလေး တစ်ကောင်လို စွန့်ပစ်သွားတော့မယ်…”

 

ယွမ်ချူးခန်က ပြောရင်း ကလေးလို ထပ်ပြီးငိုကြွေးပြန်သည်။ လှပသည့် မျက်ဝန်းက နာကျင်မှုကြောင့်နီရဲနေပြီး မျက်ရည်ပေါက်ကြီးများက အဆက်မပြတ်စီးကျနေသည်ကိုကြည့်ပြီး ဆူမီရာ သက်ပြင်းရှိုက်မိသည်။ အရီးတော်နှင့် ဦးရီးတော် ယေစုကိုင်း၏ အချစ်ကိုသိသည်။ နောင်တော်တင်ဂီရိ၏ မယ်မယ်ဖြစ်သူကို သူတပါးရင်ခွင်မှာ ထားရသည့် ပြန်မခေါ်နို်င်သည့် ခံစားချက်နှင့်နာကျင်မှုကိုသိသည်။ ပြီးတော့ ယွမ်ချူးခန်၏ ကြောက်ရွံမှုနှင့်နာကျင်မှုကိုလည်းသိသည်။ အားလုံး သူ့ခံစားချက်နှင့်သူ မှန်နေသည်ဖြစ်လို့ ဆူမီရာ ဘယ်လိုနှစ်သိမ့်ရမှန်းမသိဖြစ်နေမိသည်။

 

သို့သော် သားတစ်ယောက်က မိခင်ကိုဆုံးရှုံးရမည်ဖြစ်လို့ နာကျင်ကြေကွဲသည်ကို နားလည်လက်ခံသော်လည်း အရီးတော် ဟော်သွန်း ဘယ်လိုစိတ်မျိုးနဲ့ နန်ကျောင်ပြည်မှ အသက်ရှင်နေရသည်ကို နည်းနည်းစဉ်းစားပေးဖို့ ယွမ်ချူးခန်ကို ပြောကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ယွမ်ချူးခန် ငိုလို့ အားရသည်အထိစောင့်ပြီး ငြင်သာစွာပြောလိုက်သည်။
 

“ယွမ်ချူးခန်… မင်း ငါပြောတာကို သေသေချာချာ နားထောင်ပါ… ငါမေးတာကိုလည်း အမှန်တိုင်းဖြေပေးဖို့ ငါတောင်းဆိုပါရစေ…  ”

 

ယွမ်ချူးခန်သည် ဆူမီရာ၏ မျက်နှာထားနှင့်လေသံကြောင့် ခဏတွေသွားပြီး ခေါင်းငြိမ့်လိုက်သည်။ ဆူမီရာက ယွမ်ချူးခန်၏ အခြွေရံအားလုံးကို တချက်ကြည့်ကာ ထွက်သွားရန်ပြောလိုက်သည်။ ယွမ်ချူးခန် လက်ယမ်းပြတော့ အခြွေရံအားလုံး ထွက်သွားပြီး ကုန်းပတ်ပေါ် အနားယူဆောင်တ၀ိုက် မည်သူမှ မရှိတော့ပေ။ ထိုအခါမှ ဆူမီရာက ယွမ်ချူးခန်ကို မေးလိုက်သည်။
 

“အရီးတော် ဟော်သွန်း ဘယ်လိုလုပ်ပြီး နန်ကျောင်ပြည်ရဲ့ ဧကရီဖြစ်လာတယ် ဆိုတာ ငါ့ကိုပြောပြပေးပါလား…”

 

ဆူမီရာ၏ စကားကြောင့် ယွမ်ချူးခန်၏ကိုယ်တောင့်တင်းသွားခဲ့သည်။ မယ်တော် ဘာကြောင့် မိဖုရားခေါင်ဖြစ်လာသည် ဆိုသည့် အဖြစ်မှန်ကို ပြန်သတိရပြီး ဆူမီရာကိုပြောပြဖို့ နူတ်လေးသွားခဲ့သည်။ မိမိခမည်းတော်က စစ်သူကြီး၏ ဇနီးကို ချစ်မိသွားသည့်အဖြစ်မှန်ကို သတိရကာ အပြစ်မကင်းသလို ခံစားလိုက်ရသည်။
 

“မင်း သိပြီးသား မဟုတ်လား။ ငါ့ကို ဘာကြောင့် ပြန်မေးရတာလဲ…”
 

“ဟင့်အင်း… မင်း ဘယ်လိုနားလည်ထားတယ်ဆိုတာကို ငါသိချင်လို့ပါ။ ငါ့ကို ပြောပြပေးပါ။”

 

 

ယွမ်ချူးခန်သည် အကြာကြီးငြိမ်နေပြီး နောက်ဆုံး အရက်ကိုထပ်မော့သောက်ကာ ပြောပြလိုက်သည်။
 

“စစ်သူကြီးယေစုကိုင်းရဲ့ ဇနီးအဖြစ်ရှိနေတဲ့ မယ်မယ်ကို ခမည်းတော်က မြင်မြင်ချင်းချစ်ခဲ့မိတယ်။ ဒါပေမယ့် ခမည်းတော်က သူများ ဇနီးဖြစ်နေလို့ ချစ်တဲ့စိတ်ကို မြိုသိပ်ထားပြီး တိုင်းပြည်ကောင်းကျိုးအတွက် စစ်သူကြီး ယေစုကိုင်းကို မြှောက်စားခဲ့တယ်။ ဒါပေမယ့် စစ်သူကြီးက အခွင့်ကောင်းယူပြီး ခမည်းတော်ကို ပုန်ကန်လို့ ဘုရင်ဖြစ်ဖို့ကြိုးစားခဲ့တယ်။ ခမည်းတော်က သိတော့ အားလုံးကို ဖမ်းပြီး သတ်ခါနီး မယ်မယ်က အသက်ချမ်းသာပေးဖို့ တောင်းဆိုခဲ့တယ်။ ခမည်းတော်က နန်းတွင်းတခုလုံးနဲ့ဆန့်ကျင်ပြီး စစ်သူကြီးနဲ့နောက်လိုက်တွေကို အသက်ချမ်းသာပေးလိုက်တယ်။ ဒါပေမယ့် အားလုံးကို နယ်နှင်ဒဏ်ပေးလိုက်တယ်။ မယ်မယ်က ကျေးဇူးဆပ်တဲ့အနေနဲ့ ခမည်းတော်ရဲ့ ကိုယ်လုပ်တော် ဘ၀ကိုခံယူခဲ့တယ်။ ငါ့ကို မွေးတော့ ခမည်းတော်က နန်းတွင်းအစဉ်အလာကို ဆန့်ကျင်ပြီး မယ်မယ့်ကို မိဖုရားခေါင် ရာထူးကို ပေးခဲ့တယ်။ ဒါပေမယ့် မယ်မယ် မပျော်ဘူး။ အရင်ခင်ပွန်းနဲ့ သားကို အမြဲလွမ်းဆွတ်နေတယ်။ ငါနဲ့ ခမည်းတော်ကို မယ်မယ် တချက်လေးတောင် အလေးမထားခဲ့ဘူး။ ယေစုကိုင်းနဲ့ တင်ဂီရိနဲ့ယှဉ်ရင် ငါတို့က အမြဲနောက်ကျ ကျန်ရစ်ခဲ့တယ်…”

 

ယွမ်ချူးခန်သည် ထိုအကြောင်းကို မျက်စိမှိတ်ပြောပြီးနောက် အရက်ကို တရှိန်ထိုးမော့သောက်လိုက်ပြန်သည်။ ဆူမီရာသည် သူ၏တဖက်သတ်အမြင်ကိုကြားရပြီးနောက် ချောင်းဟန့်ကာ ယွမ်ချူးခန်ကို ခွင့်တောင်းလိုက်သည်။
 

“အင်း… ငါတို့သိထားတဲ့ ဇာတ်လမ်းကို မင်းကိုပြောပြလို့ရမလား ယွမ်ချူးခန်….”
 

“မယ်မယ်နဲ့ယေစုကိုင်းဇာတ်လမ်းလား… ငါ မကြားချင်ဘူး…”

 

ယွမ်ချူးခန်က ကလေးဆန်ဆန်ပြောလိုက်သည်။ ထိုဇာတ်လမ်းထဲတွင် ခမည်းတော်က လူကြမ်းကြီးဖြစ်နေမည်ကို အလိုလိုသိကာ မကြားချင်သဖြင့် ငြင်းလိုက်သည်။ သို့သော် ဆူမီရာက ယွမ်ချူးခန်၏ လက်ကိုဆုပ်ကိုင်ကာ ဖြောင့်ဖြလိုက်သည်။

 

“မဟုတ်ဘူးလေ… ငါတို့က မကြာခင် လူကြီးဖြစ်တော့မယ်။ လူကြီးလို တွေးကြည့်ရအောင်လေနော်။ အဖြစ်ပျက်တစ်ခုမှ အမြဲ အမြင်နှစ်မျိုးရှိတယ်။ ကိုယ့်ဘက်သူ့ဘက် အမြင်ကိုမျှမျှတတ မြင်ကြည့်ပြီးမှ အကောင်းဆုံး ဆုံးဖြတ်နိုင်မှာပေါ့…”
 

“အမြင်နှစ်မျိုးရှိပေမယ့် ငါ့ခမည်းတော်က ဘယ်လောက်တောင် အနစ်နာခံပြီး ချစ်တယ်ဆိုတာ ငါအသိဆုံးပဲ ဆူမီရာ။ ခမည်းတော်ကို လူကြမ်းဖြစ်အောင် ပြောဆိုနေတာကို ငါမကြားချင်ဘူး။”

 

ယွမ်ချူးခန်က ခေါင်းမာမာနှင့်ပြောလိုက်သည်။ ဆူမီရာက စိတ်ရှည်လက်ရှည်နှင့်ဖြောင့်ဖြလိုက်သည်။ ဘာပဲဖြစ်ဖြစ် အရီးတော်ဘက်က ခံစားချက်ကို ယွမ်ချူးခန်သိအောင် ပြောပြမှဖြစ်မည်။ ဒါမှ အရီးတော် ဘယ်လိုစိတ်မျိုးနှင့် အသက်ဆက်ရှင်နေသည်ကို သိနိုင်မည်ဖြစ်သည်။
 

“ ဦးရီးတော်က အရီးတော်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါသံသယ မ၀င်ပါဘူး။ ငါပြောပြတာကို နားထောင်စေချင်တာက အရီးတော်ရဲ့ခံစားချက်ကို နားလည်စေချင်လို့ပါ…”

 

ယွမ်ချူးခန်သည် နားမထောင်ချင်သော်လည်း မယ်မယ့်ခံစားချက်ဟု ဆိုသဖြင့် နောက်ဆုံးခေါင်းငြိမ့်လိုက်သည်။ မယ်မယ့်ကို တသက်လုံး မိမိနားမလည်ခဲ့ပါ။ ဆူမီရာပြောပြမည့်စကားကိုနားထောင်လျှင် မယ်မယ့်ကို နားလည်လာပြီး မိမိတို့ကိုခွဲမသွားအောင် လုပ်နိုင်မည်ဟုမျှော်လင့်မိသည်။
 

“အင်း… ပြော.. မယ်မယ့်အကြောင်းဆို ငါ စိတ်ဝင်စားတယ်…”

 

ဆူမီရာသည် တကယ့်အဖြစ်မှန်ကို သိအောင် ယွမ်ချူးခန်ကို ပြောပြလိုက်သည်။ မြက်ခင်းပြင်ကိုစွန့်ခွာရင်း ရေကြည်ရာ မြက်နုရာပြောင်းရွှေ့လာသည့် ပျော်ရွှင်သည့် မိသားစုအကြောင်းနှင့် စတင်လိုက်သည်။ တောင်ပိုင်းနိုင်ငံတွင် သစ္စာခံ ပြီးနောက် အားလုံးအခြေချနေခဲ့စဉ် မင်းကြီး၏မြှောက်စားမှုကို မနာလိုသည့် အမတ်တစုကြောင့် ပုန်ကန်သည်ဟု စွပ်စွဲခံရသည့် စစ်သူကြီးအကြောင်း၊ မျိုးနွယ်စုအားလုံးကို သူသတ်ကုန်းကိုပို့သည့်အကြောင်း၊ရှေ့တန်းစစ်မြေပြင်မှာ ရန်သုတွေရဲ့အသတ်ခံရစေရန် စစ်ကူနှင့် ရိက္ခာဖြတ်တောက်ခံရသည့် ခင်ပွန်းအကြောင်း၊ သားငယ်နှင့်လူမျိုးစု အားလုံးကိုယ်စား ဘုရင့်ကိုယ်လုပ်တော်အဖြစ် လက်ခံလိုက်ရသည့် အိမ်ထောင်ရှင် မိန်းမတစ်ယောက်အကြောင်း၊ ကျန်ရစ်သည့် သားကို ရှေ့တန်းကိုလိုက်ပို့ပေးလိုက်ပြီး နန်ကျောင်ပြည်မှ နယ်နှင်ဒဏ် တခါတည်းခတ်ခံရသည့် မွန်ဂိုစစ်သူရဲကောင်းများအကြောင်း၊ မိန်းမ၏ ကယ်တင်ပေးမှုကိုခံပြီး အရှက်တကွဲနှင့် တောင်ပိုင်းကို ခရီးပြင်းနှင်လာရသည့် လူမျိုးများအကြောင်း၊ ပြီးတော့ နန်ကျောင်နန်းတွင်း ရွှေဘုံပေါ်စံမြန်းနေရသည့် မိဖုရားကြီးသည် ညတိုင်း ခံစားရသည့် အရှက်နှင့်မာန။ အချစ်နှင့်အလွမ်း၊ နာကျင်မှုနှင့် သောက…။
 

“အရီးတော်ရဲ့ နှလုံးကို နှစ်ရှည်လများ ခံစားလာရတဲ့ သောကတွေကြောင့် ယဲ့ယဲ့လေးပဲကျန်တော့တယ် ယွမ်ချူးခန်…. ”

 

ဆူမီရာ၏စကားကြောင့် ယွမ်ချူးခန်၏ဦးနှောက်ထဲ တိုက်ပွဲတစ်ခုဖြစ်သွားခဲ့သည်။ ဆူမီရာပြောသည့်စကားထဲက အတိုင်း

မိမိခမည်းတော်က သူတပါးမိသားစုကို ဖြိုခွဲသူဆိုသည့်အချက်ကို လက်မခံချင်သော်လည်း မှန်နေသည်ကို သိသည်။ မယ်မယ် ဘယ်လောက်နာကျင်ခံစားရမည်ကိုလည်း သိနေသည်။ ဒါကြောင့် ယွမ်ချူးခန် စကားမပြောပဲ အရက်ကို တရှိန်ထိုး ထပ်မော့လိုက်ပြန်သည်။
 

“မင်းရဲ့ မယ်မယ်ဘက်ကို နည်းနည်းတော့ကိုယ်ချင်းစာပေးလိုက်ပါ ယွမ်ချူးခန်ရာ။ တကယ်လို့ မင်းသာ ဒီလိုကြုံခဲ့မယ်ဆိုရငု မင်းချစ်တဲ့သူကို မင်းတွေ့ချင်မှာပဲ မဟုတ်လား။ အရီးတော်က သူချစ်တဲ့သူအတွက် ဘယ်လောက်တောင် သည်းခံခဲ့ရလဲ…”
 

“ဒါဆို ငါတို့အတွက်ကော… မီရာ။ ငါတို့သားအဖက မယ်မယ့်ကို ပျော်ပျော်ကြီး လက်လွှတ်ပေးလိုက်ရမှာလားဟင်… ”

 

ဆူမီရာ သက်ပြင်းရှိုက်ကာ မဖြေနိုင်တော့ပေ။ ယွမ်ချူးခန်ကို သူ့မယ်မယ်ကို နားလည်ခွင့်လွှတ်စေချင်ကာမှ ဒင်းကလည်း ခေါင်းမာစွာဖြင့် မေးနေပြန်သည်။
 

“ဒါတော့ ငါမသိတော့ဘူး ယွမ်ချူးခန်။ တခုသိစေချင်တာ အရီးတော်က စစ်သူကြီးယေစုကိုင်းနဲ့ နောင်တော် တင်ဂီရိကို ဘာကြောင့်ချစ်တယ်ဆိုတာ မင်းကို သေချာသိစေချင်တာ။ သူတို့ကိုချစ်တာနဲ့ မင်းကိုမချစ်တော့ဘူးဆိုတာ မဟုတ်ဘူး။ အဲ့ဒါကို သိစေချင်တာ။ ငါက မင်းကို နာကျင်မှုက သက်သာပြီး အမှန်တိုင်းမြင်ကြည့်စေချင်ရုံလေးပါ။ ”
 

“အမှန်တိုင်းမြင်ပြီး ငါ့မယ်မယ် ငါ့ကိုကျောခိုင်းသွားတာကို တည်တည်ငြိမ်ငြိမ်ကြည့်ဖို့လား ဆူမီရာ…”

 

ဆူမီရာသည် သက်ပြင်းရှိုက်ကာ လေသံပျော့လေးနှင့်ပြောလိုက်သည်။
 

“ငါ အဲ့လိုဆိုလိုတာ မဟုတ်ဘူး။ ငါက မင်းကို အဖြစ်မှန်ကို သိပြီး အရီးတော် တခုခုဆုံးဖြတ်ခဲ့ရင်တောင် ဘာကြောင့် ဆုံးဖြတ်ခဲ့တယ်ဆိုတာကို မင်းကို နားလည်စေချင်တာ။ အရီးတော်ရဲ့အချစ်ကို ယုံကြည်ပြီး အရီးတော်ကို ဆက်ချစ် နေစေချင်တယ်။ ”

 

ယွမ်ချူးခန်သည် နာကျင်လွန်းလှသည့် အမှန်တရားကို နားထောင်ပြီးနောက် နာနာကြည်းကြည်းပြုံးလိုက်ကာ ပြောလိုက်သည်။
 

“မယ်မယ်က ဟိုသားအဖနောက်ကို လိုက်သွားရင်တောင် ငါ့ဘက်က အချစ်မပျက်စေဖို့လား။”
 

“ဟုတ်တယ်…”
 

“အဲ့ဒါတော့ ငါ အာမ မခံနိုင်ဘူး။ မယ်မယ့်ကို ငါ စိတ်နာမိမှာသေချာတယ်။ ငါ့ကို မယ်မယ်မမွေးခဲ့ရင် ကောင်းမှာပဲ…။ ဒီလိုတွေ ခံစားစရာမလိုတော့ဘူး မဟုတ်လား။ အခုတော့ ငါလူဖြစ်လာတာကိုက မှားနေတာ…”

 

ယွမ်ချူးခန်က တင်းမာစွာပြောလိုက်သည်။ တကယ်လည်း ရင်နာသည်။ လူဖြစ်လာသည့်အတွက် ကိုယ့်ဘ၀ကိုလည်း စိတ်နာသည်။

 

ဆူမီရာသည် လက်ပေါက်ကတ်လှသည့် ယွမ်ချူးခန်ကြောင့် သက်ပြင်းရှိုက်ကာ စိတ်ညစ်စွာကြည့်နေလိုက်သည်။ တကယ်တော့ မိမိက သူ့ကို စိတ်သက်သာရာရစေချင်ရုံလေးဖြစ်သည်။ အခုတော့ သူက မိမိပြောချင်သည်ထက် သူ့အနာကို ပိုဆိုးအောင်လုပ်နေမိသလိုဖြစ်သွားသည်။ ဆူမီရာ နူတ်ဆိတ်ကာ ၀ါးစိမ်းရွက်ဝိုင်ကို သောက်ရင်း ငြိမ်သွားတော့သည်။
 

“ဆူမီရာ ငါတောင်းပန်ပါတယ်ကွာ။ ငါ့ ကိုစိတ်မဆိုးပါနဲ့။ ငါ့မှာ မင်းကလွဲပြီး ဘယ်သူမှ မရှိတော့ဘူး ။ ငါ့နားနေပေးပါ…”

 

ယွမ်ချူုးခန်က နူတ်ဆိတ်သွားသည့် ဆူမီရာကိုကြည့်ပြီး အားကိုးတကြီးနှင့်လက်ကိုဆုပ်ကိုင်ကာ တောင်းပန်လိုက်ပြန်သည်။ ဆူမီရာ ခေါင်းငြိမ့်ပြလိုက်တော့ ယွမ်ချူးခန်က ထိုင်ရာက ထပြီး ဆူမီရာကို ဖက်လိုက်စဉ် အမူးလွန်ပြီး လဲကျသွားတော့သည်။ ဆူမီရာလည်း ခုံပေါ်မှပြုတ်ကျကာ ကြမ်းပြင်ပေါ် ယွမ်ချူးခန်ဖိထားတာ ခံလိုက်ရသည်။
 

“ငါ မူးလိုက်တာကွာ….”
 

“မူးမှာပေါ့ကွာ။ အရက်တအိုးလုံး မင်းသောက်လို့ကုန်နေပြီ။ ထဦး ယွမ်ချူးခန်။ မင်းကိုယ်ကြီးက လေးလိုက်တာ…”

 

ယွမ်ချူးခန်သည် ဆူမီရာကိုဖက်ရင်း အမူးလွန်ကာ ထပ်လျက်လဲကျသွားတော့ တောင်းပန်ရင်း နွေးသော၊ အိသော သူငယ်ချင်းလေး၏ ကိုယ်ကို ဖက်ထားလိုက်မိသည်။ ဆူမီရာပြောလိုက်မှ ဒယိုင်းဒယိုင်နှင့်အတင်းထရပ်လိုက်သည်။ ထလိုက်မှာ ပိုမူးပြီး ချာချာကိုလည်နေတော့သည်။
 

“အရမ်းမူးတယ်… ”
 

“နန်းတော်ကို ပြန်တော့မလား။”
 

“မပြန်ချင်ဘူး။ တောပိုင်းစံအိမ်ကိုသွားမယ်။ တရေးအိပ်ပြီး ညနေမှ ပြန်မယ်…”

 

ယွမ်ချူးခန်၏ အမိန့်ကြောင့်လှေကြီးက တဖက်ကမ်းရှိ အနားယူသည့် တောပိုင်းစံအိမ်ကို ဦးတည်သွားတော့သည်။ ယွမ်ချူးခန်ကို ကိုယ်ရံတော်များက သယ်ပိုးကာ အိပ်ဆောင်ပေါ်ကိုတင်ပေးလိုက်သည်။ ဆူမီရာလည်း သောက်ထားသည့် ၀ိုင်တန်ခိုးကြောင့် အိပ်ချင်လာသဖြင့် ကပ်လျက်အခန်းတွင် ၀င်လှဲလို်က်စဉ် ၀ိုင်မူးပုံက ထူးဆန်းသည်ဟု တွေးလိုက်မိသော်လည်း မှေးခနဲပျော်သွားတော့သည်။

 

-------------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet