Chapter - 30
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (30)
“ချူလူလူ.သားတော်….”
“သားတော် ရှိပါတယ် မယ်မယ်ဘုရား..”
မယ်မယ့် ခေါ်သံကြောင့် တေးဂီတကျမ်းကို ဖတ်နေသည့် ချူလူလူ ချက်ချင်းထူးကာ မယ်မယ့် လှဲနေသည့် သလွန်နားကို ချက်ချင်းလာခဲ့သည်။ မယ်မယ်က မကျန်းမာပြီး အိပ်ယာထဲလှဲနေတာ ကြာခဲ့ပြီဖြစ်သည်။ တိတိကျကျပြောရလျှင် ခြောက်လ ကြာခဲ့လေပြီ။ နန်းတွင်းသမားတော်များ ကြိုးစားကုသော်လည်း မသက်သာခဲ့ပေ။ မယ်မယ်၏ နုပျိုလှပမှုများကို ရောဂါက တိုက်စား သွားခဲ့လေပြီ။ ပါးလျားကာ ပိန်လွန်းသည့် မယ်မယ့်ကို ကြင်နာစွာ ထူမပေးလိုက်တော့ မယ်မယ်က ပြုံးကာပြောခဲ့သည်။
“မယ်မယ့်ကို သီချင်းတစ်ပုဒ်တီးပြပါလားကွယ်။ မယ်မယ် သားလေးရဲ့စောင်းသံကို မကြားရတာ ကြာပြီကွယ်။”
“ကောင်းပါပြီ မယ်မယ်…”
ချူလူလူသည် ခမည်းတော် တားမြစ်ထားသည်ကို သိသော်လည်း နေမကောင်းသည့် မယ်မယ် စိတ်ပျော်ပါစေ ဆိုပြီး စောင်းကြိုးကို ညှိကာ စတင်တီးခတ်လို်က်သည်။
စောင်းသံသည် နန်းတော်တခုလုံး လွင့်ပျံသွားခဲ့သည်။ မိဖုရားငယ်တစ်ပါးနှင့် ကလူကျီစယ်နေသော ချူမင်းကြီးသည် ထိုဂီတ သံကိုကြားသည်နှင့် မျက်မှောင်ကုတ်သွားခဲ့စဉ် မိဖုရားငယ်က မီးလောင်ရာ လေပင့်စကားဆိုခဲ့သည်။
“သာယာလိုက်တဲ့ စောင်းသံပါလား မောင်မောင်ဘုရားရယ်။ မင်းသားချူလူလူရဲ့ တေးဂီတက အံ့တပါးပါပဲ…”
“တောက်….. အဲ့ကောင်ကို စောင်းမတီးဖို့မှာထားလျက်နဲ့။ ငါကိုယ်တော်ရဲ့ အမိန့်ကို မထီမဲ့မြင်ပြုတာပဲ..”
“အို…..မောင်တော်ကလည်း…. ဒီလောက်နားဝင်ချိုတာကို ဘာကြောင့်ပိတ်ပင်ရတာလဲ…”
ထိုစကားကိုကြားသောအခါ ချူမင်းကြီးက ချက်ချင်း မိဖုရားငယ်အဆောင်မှ ထွက်လာပြီး ပင်လယ်မိဖုရားအဆောင်သို့ ဒေါသတကြီးထွက်ခဲ့သည်။ အဆောင်ထဲကို ၀င်ပြီး သားတော်လက်ထဲက စောင်းကိုဆွဲယူကာ ကိုင်ပေါက်ပြီး မေးလိုက်သည်။
“မင်း ဒီစောင်းကို တီးနေပြီလား…ဟင်… မင်းကို ယောကျာ်းပီသစေချင်လို့ ငွေတောင်ပြည်ကိုလွှတ်ပြီး ပညာသင်ပေးခဲ့တာ။ ခုလို မိန်းမသူတွေလို စောင်းလေးတီးလိုက်၊ တေးလေး ညည်းလိုက်နဲ့ သုံးစားမရတဲ့ မင်းသားတစ်ပါးဖြစ်လာဖို့ မဟုတ်ဘူးကွ..”
“နှမတော် တီးခိုင်းတာပါ မောင်တော်.. သားတော်လေးရဲ့ လက်သံကို နားဆင်ချင်လို့ပါရှင်…သားတော်လေးက မောင်တော် ပြောကတည်းက မတီးတာကြာပါပြီ။”
ပင်လယ်မိဖုရားသည် မင်းကြီးလိုသည်ထက် ဒေါသကြီးနေသည်ကို နားမလည်စွာကြည့်ကာ အမှန်တိုင်းပြောလိုက်သည်။ သားတော် ချူလူလူကတော့ မတုန်မလှုပ်နှင့် ခမည်းတော်ကို အရိုသေပေးနေသည်။ ဖခင်ဖြစ်သူက သားဖြစ်သူကို သားဟု မမြင်ပဲ အပြစ်ရှာနေသည့် မြင်ကွင်းက ပင်လယ်မိဖုရား၏ စိတ်ကို နှိပ်စက်လို့နေသည်။
“မင်းက ကျုပ်ထုတ်ထားတဲ့ အမိန့်ကို ချိုးဖောက်တာပေါ့ဟုတ်လား။ ဟင်… မင်းသားတော်ရဲ့ ပုံစံကိုကြည့်စမ်း။ ကျန်သားတော်တွေ အားလုံးထဲမှာ မိန်းကလေးပုံလို ပျော့ပျော့နွဲ့နွဲ့လုပ်ပြနေလို့ တိုင်းပြည်တကာ အလယ်မှာ ကျုပ် အရှက်ကွဲရပြီးပြီ။”
မင်းကြီးသည် မိဖုရားကို လှည့်မကြည့်ပဲ ငေါက်ငမ်းကာ ချူလူလူကို ကြိမ်းမောင်းနေခဲ့သည်။ ဘာကိုမှန်းမသိပဲ ချူမင်းကြီးသည် သားတော် ချူလူလူကို မုန်းတီးစိတ် ၀င်လို့နေသည်။ မိမိဖြစ်စေချင်သလို ဘယ်တော့မှ လိုက်မလုပ်သည့် သားငယ်သည် ပင်လယ်လူမျိုး၏ အရိုင်းစိတ်ရှိနေပုံရသည်။ ဒါကို ချူမင်းကြီး နည်းနည်းမှ မကျေနပ်ပေ။ မိမိသားက မိမိလိုဖြစ်စေချင်သည်။ယခု သူက တမျိုးတဘာသာကွဲထွက်နေသည်က မိမိကို အရှက်ရစေသည်ဟု ယူဆသည်။
“သားတော်က မင်းကြီး အရှက်ရအောင် ဘာမှ မလုပ်ခဲ့ပါဘူး။ သားတော်က အနုပညာကို ၀ါသနာပါတာ အပြစ်ကြီး တစ်ခုမဟုတ်ပါဘူး မောင်တော်ဘုရား။”
ပင်လယ်မိဖုရားသည် သားတော်ကို တဖက်သတ် ပြောဆိုနေသည့်မင်းကြီးကို ကြည့်ကာ သည်းမခံနိုင်တော့သဖြင့် ၀င်ပြောလိုက်သည်။ မင်းကြီးသည် မိမိသားတော် ချူလူလူကို အမြင်စောင်းလာသည်ကို မိမိ လျစ်လျူရှုမထားနိုင်တော့ပေ။
“မင်း ကပါ ကျုပ်အမိန့်ကိုဖီဆန်တာလား မိဖုရား။ မင်း ဆုံးမတာ ပျိုးထောင်တာ အသုံးမကျလို့ ဒီလို ပျော့တိပျော့ဖတ် သားတော် တစ်ပါးရှိလာတာ ရှက်ဖို့ကောင်းတယ်။ ကျုပ်တို့ ချူတိုင်းပြည်က မင်းသားတွေက မိန်းကလေးလို သုံးမရအောင် နုနွဲ့တဲ့ မင်းသား မရှိဖူးဘူး။ မင်းနဲ့ညားမှ ကျုပ်လည်း အရှက်တကွဲဖြစ်ရတယ်။”
“ကျွန်မ သားကို အဲ့လို မနှိမ်ပါနဲ့။ မင်းကြီးကိုယ်တိုင်က ဒီလောက်နှိမ်မှတော့ ကျန်တဲ့ ညီအစ်ကိုတွေ အားလုံးက ၀ိုင်းနှိမ်ကြတာ မထူးဆန်းတော့ဘူး။”
“ကျုပ်က နှိမ်တာလားဟင်.. မင်း မျက်လုံးကို ဖွင့်ပြီး သေချာကြည့်စမ်း မိဖုရား။ အသားရေက ကြေးနီရောင်မတောက်၊ တကိုယ်လုံးက သွယ်လျလျနဲ့ ဟိုနေ့က ပသျှူး ဘုရင်က သမီးတော်မှတ်ပြီး ကျုပ်ကို မိဖုရားမြှောက်ချင်လို့ဆိုပြီး ပြောသွားတာ ခံလိုက်ရတယ်။ မင်းတကာအလယ်မှာ အရှက်တကွဲဖြစ်အောင် နေထိုင်တာ မိန်းကလေးလား၊ ယောက်ျားလေးလား မသဲကွဲဘူး။ ဒါကြောင့် ကျုပ်က သူ့ကို ယောကျာ်းပီသလာအောင် ခပ်ကြမ်းကြမ်းလေ့ကျင့်ခိုင်းတာကို မင်းက မကူညီပဲ အနားခေါ်ပြီး စောင်းတီးခိုင်းတယ် ဟုတ်လားဟင်….”
ချူမင်းကြီးက ပေါက်ကွဲစွာဖြင့် လူမမာ မိဖုရားကို မထောက်ထားတော့ပဲ ခပ်ကြမ်းကြမ်းပြောနေတော့သည်။ ဒါကို ကြည့်ပြီး ချူလူလူ မနေနိုင်တော့ပဲ အမြန်အေးစေရန် ၀န်ခံလိုက်တော့သည်။
“ခမည်းတော်ဘုရား အားလုံးသားတော်ရဲ့ အမှားတွေပါ။ မယ်မယ့်ကို အပြစ်မတင်ပါနဲ့…”
“မင်းအပြစ်ဆိုတာ ၀န်ခံပြီလား။”
“သားတော် ၀န်ခံပါတယ် ခမည်းတော်ဘုရား”
“ကောင်းပြီ ဒါဆို မနက်ဖြန် မင်းကိုယ်တိုင် ဆိပ်ကမ်းက ကုန်စစ်ဆေးတဲ့နေရာမှာ ကိုယ်တိုင် တစ်လတိတိ အလုပ်လုပ်ရမယ်..”
“မောင်တော်မင်းကြီး… သားတော်က မင်းသားတစ်ပါးပါ။ ဒီလို အလုပ်ကို လုပ်ခိုင်းရင် တိုင်းတပါးသားတွေက သားတော်ကို ပိုအထင်သေးမှာပေါ့။ ပြီးရင် ချူတိုင်းပြည်ကို အထင်မြင်သေးကြလိမ့်မယ်…”
“သူ့ရဲ့ စိတ်ကူးယဉ်တဲ့ စိတ်ကို ကျုပ်က လက်တွေ့လောကကို ဆွဲချပေးလိုက်တာ ပင်လယ်မိဖုရား။ ကျုပ်လုပ်တာကို မင်း ဘာမှ ကန့်ကွက်ခွင့်မရှိဘူး။ ချူလူလူ…”
“မှန်လှပါ ခမည်းတော်ဘုရား”
“တစ်လ မပြည့်မချင်း နန်းတော်ကို ခြေတောင်မချနဲ့… မိဖုရား မင်းလည်း သူ့ကို နန်းတော် အပြင်ကိုထွက်မတွေ့ရဘူး။ ဒီအမိန့်ကို ချိုးဖောက်တဲ့သူကို တိုက်ပိတ်ထားမယ်”
မင်းကြီးက ပြင်းထန်စွာ သတိပေးပြီး မိဖုရားအဆောင်မှ ခြေဆောင့်နင်းကာထွက်သွားတော့သည်။ ပင်လယ်မိဖုရားသည် မျက်ရည်မကျပဲ အံကြိတ်ကာ ကျန်ရစ်ခဲ့သည်။ ချူလူလူသည် မယ်မယ့်လက်ကို ဆုပ်ကိုင်ကာ ပြုံးကာပြောလိုက်သည်။
“ဒီလောက် အလုပ်ကို သားတော် အေးအေးဆေးဆေး လုပ်နိုင်ပါတယ် မယ်မယ်။ သားတော်က မယ်မယ့်သားပါ။ မယ်မယ် နေကောင်းအောင် နေပေးပါ။ ဒါဆို သားတော် စိတ်ချလက်ချနဲ့ အလုပ်လုပ်နိုင်ပါလိမ့်မယ်။”
ပင်လယ်မိဖုရားသည် အချစ်တစ်ခုနှင့် မျက်လုံးစုံမှိတ်ခဲ့တာ မှားပြီလားဟု ပထမဆုံးတွေးလာမိသည်။ သို့သော် သားတော်၏ တတ်သိလိမ်မာသည့် စိတ်လေးကို ကြည့်ကာ မိမိ စိတ်ကို တင်းလိုက်သည်။ ထို့ကြောင့်သားလေး၏ ဆံပင်ကို သပ်ပေးကာ ခေါင်းငြိမ့်လိုက်သည်။ မိမိတို့ပင်လယ်မျိုးနွယ်သည် အခက်ခဲကို လွယ်လွယ်နှင့် အရှုံးမပေးတတ်ပါ။ သားတော်ဆီမှာ ထိုသွေးက စီးဆင်းနေသည်ကို မြင်ရတာ ပင်လယ်မိဖုရားအတွက် ခွန်းအားတစ်ခုဖြစ်သည်။
“အရှင့်သား…ကျွန်တော်မျိုးတို့ လုပ်လိုက်ပါ့မယ်.. ဒီအလုပ်တွေက အရှင့်သား လုပ်ဖို့မလိုအပ်ပါဘူး ..”
ဆိပ်ကမ်းအရာရှိသည် မင်းသားချူလူလူကို ရိုသေစွာလျှောက်တင်လိုက်သည်။ ဘုရင့်သားတော် တစ်ယောက်လုံးကို ဒီလို လူတကာကြားသွားစေဖို့က မသင့်တော့သည့် လုပ်ရပ်ဖြစ်သည်ဟု တွေးမိသည်။ သို့သော် အနောက်ဘက် မှ အထက်ဆီးနှင့် ပြောဆိုလာသည့် စကားကြောင့် လှည့်ကြည့်လိုက်တော့ ချူမင်းကြီး၏ အခြားသားတော်နှစ်ပါးက လှောင်ပြောင် ရှုံ့ချဟန်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရပြီး မင်းသားချူလူလူ အစား ဒေါသပင် ထောင်းခနဲထသွားချင်သည်။ မြေနိမ့်ရာ လှံစိုက်ချင်သည့် အောက်တန်းကျသည့် စိတ်ဓါတ်နှင့် မင်းသားနှစ်ပါးကို ရွံရှာသော်လည်း ဆိပ်ကမ်းအရာရှိ အရိုသေပေးလိုက်ရသည်။ သူ့ဆန်စားရဲရမည် မဟုတ်လား။
“သူ လုပ်ပါစေ။ ဒါတွေက သူလုပ်ရမယ့်အလုပ်တွေပဲ… ခင်ဗျားက ဆိပ်ကမ်းအရာရှိဖြစ်ပြီး စည်းကမ်းတွေကို မသိတာလား။ မင်း ဒီရာထူးနဲ့မထိုက်တန်ဘူးထင်ပါရဲ့…”
“နောင်တော်… ဒါတွေက ဒီအရာရှိ အပြစ်မဟုတ်ပါဘူး၊ ”
ချူလူလူသည် အခြားလူကို ပတ်ရမ်းနေသည့် နောင်တော်နှစ်ကို ပြန်ပြောလိုက်သည်။
“ဒါဆို ခမည်းတော်ရဲ့ အမိန့်ကို လွန်ဆန်တာလားဟင်..ချူလူလူ… မင်းက ဘာအားကိုးနဲ့ ဒီလောက် မာန်ထောင်နေတာလဲ။ မင်းကိုယ်မင်း ဘာထင်နေတာလဲကွ။ ”
“ကျွန်တော့်ကိုယ် ကျွန်တော် ဘာမှ မထင်ပါဘူး နောင်တော်။ကျွန်တော့်အလုပ်ကို ကျွန်တော်လုပ်မှာပါ။”
“လုပ်မယ်ဆို အခုချက်ချင်းလာလုပ်စမ်း။ မင်းက ၀င်လာသမျှ ကုန်သည်လှေတိုင်းကို စစ်ဆေးရမယ့် တာဝန်ရှိတယ်။ မင်း အလုပ်မလုပ်မှာစိုးလို့ ငါတို့ကိုယ်တိုင်လာကြည့်တာ။ အခု ချက်ချင်းထွက်ခဲ့။”
ချူလူလူသည် နောင်တော်နှစ်ဦးကို ကြည့်ကာ အံကြိတ်လိုက်မိသည်။ ထို့နောက် ကုန်သည်လှေမှတ်တမ်းစာအုပ်ကို ယူဆောင်ကာ ဆိပ်ကမ်းကို ဆင်းလာခဲ့သည်။ ပူပြင်းလှသည့် နေက အညှာတာမရှိခေါင်းပေါ် ပူပြင်းတောက်ပနေသည်။ ဆိပ်ကမ်းရုံးမှ မင်းသားချူလူလူ ကိုယ်တိုင်က ထွက်လာပြီး ကမ်းကပ်သည့် သင်္ဘောပေါ်ကို တက်လိုက်သည်နှင့် အားလုံး ရုတ်ရုတ်သည်းသည်းဖြစ်သွားကြသည်။
ဆိပ်ကမ်းမှာ အခြားသောကုန်သည်သင်္ဘောများမှာ သဘောင်္သားများ၊ ကုန်သည်များက အလုယက်ကြည့်ကြသည်။ ချူတိုင်းပြည်မှ အင်မတန်ကို တော်သည့် ဂီတနတ်ဘုရား မင်းသား ချူလူလူကို သတင်းကြားပြီး မမြင်ဖူးခဲ့သမျှ ယခုမှ တွေ့ခွင့်ရလို့ အလုအယက်ကြည့်ကြသည်။ ချူလူလူသည် နေရှိန်နှင့် လူတွေ၏ အကြည့်ကို လျစ်လျူရှု့ကာ မိမိလုပ်ရမည့် အလုပ်များကို တစိုက်မတ်မတ်လုပ်ခဲ့သည်။ ဒါကို ခပ်လှမ်းလှမ်းမှ ရွှေထီးဆောင်းထားသည့် မင်းသား ညီအစ်ကိုနှစ်ပါးက မလိုတမာ လှမ်းကြည့်နေသည်။ ချူလူလူသည် မိမိကို နေရင်းထိုင်ရင်း မျက်မုန်းကြိုးနေသည့် အဖေတူ အမေကွဲ နောင်တော်များကို ရှိသည်လို့ပင်စိတ်ထဲမထားပဲ လုပ်စရာကို လုပ်နေသည်။ ကုန်သည်ကြီးများနှင့် သဘောင်္သားများ၏ စပ်စုသော မျက်ဝန်း၊ တဏှာနှင့် မဖွယ်မရာကြည့်သည့် မျက်ဝန်းတချို့ကို မမြင်ယောင်ပြုရတာ စပ်ဖျဉ်းဖျဉ်းနှင့် ခံရတော့ခက်လှသည်။
ဆိပ်ကမ်းအရာရှိကတော့ မင်းသားတစ်ပါးဖြစ်လျက်နှင့် ကိုယ့်အဆင့်မဟုတ်သည့် အလုပ်များကိုလုပ်နေရသည့် မင်းသားလေးကို ကြည့်ကာ သနားလို့နေသည်။ မင်းသားလေးလုပ်ကိုင်နေသည်ကို အခြားမိဖုရားကြီးများ၏ သားတော်များက လိုက်လံလှောင်ပြောင်နှိမ့်ချသည်ကတော့ မိမိလို အမှုထမ်းပင် ခံရခက်သည်။ မင်းသားလေး ချူလူလူကတော့ လျစ်လျူရှုထား နိုင်သော်လည်း ထိုမင်းသားများက ဘာကြောင့် မင်းသားချူလူလူကို မနာလိုဖြစ်နေသည်ကို သိနေတော့ ဆိပ်ကမ်းအရာရှိ သက်ပြင်းရှိုက်လိုက်မိသည်။
“ဒီအလုပ်တွေက မင်းနဲ့ အသင့်တော်ဆုံးပဲ ညီတော်ထွေး။ မြင်းပေါ်မှာ သူရဲကောင်းလိုထိုင်နေတာထက် ကိုယ်နဲ့ကိုက်တဲ့ အလုပ်ကို လုပ်နေတာ ပိုကြည့်ကောင်းတယ် မဟုတ်ဘူးလား ညီတော်ငါး”
“ဟုတ်တာပေါ့ နောင်တော် နှစ်ရယ်။ ငါးက ကုန်းပေါ်တက်လာလည်း ဘယ်တော့မှ သိမ်းဌက်ဖြစ်မလာနိုင်ဘူးလေ။ အကောင်းဆုံးက ကိုယ့်မူရင်းနေရာကို ပြန်သွားတာပဲ။”
ချူလူလူသည် မထိတထိပြောသည်ကို မကြားသလိုလုပ်ကာ အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။ မင်းသား နှစ်နှင့် မင်းသားငါးက လှောင်ပြောင်လို့ ၀မှ ထွက်သွားခဲ့သည်။ ချူလူလူကတော့ မတုန်လှုပ်သလို အလုပ်ဆက်လုပ်နေခဲ့သည်။
ဘာကြောင့် ယခုရက်ပိုင်းတွင် ခမည်းတော်အပါဝင် နောင်တော်များ ဒီလို ဖြစ်လာသည်ကို မိမိသိပါသည်။ မယ်တော်၏ ပင်လယ်လူမျိုးများသည် အာနန်ပြည်ကို ကူညီကာ အင်အားကြီး ရေတပ်ကို ဖွဲ့စည်းပြီးပင်လယ်ဝါ ဒေသကို အုပ်စိုးနိုင် သောကြောင့်ဖြစ်သည်။ ချူတိုင်းပြည်မှ မရှိသည့် အင်အားကြီးရေတပ်ကို အာနန်ပြည် ပိုင်ဆိုင်လိုက်သောကြောင့် အာနန်ပြည်၏ အင်အားကြီးထွားလာသောကြောင့် ခမည်းတော် နှင့် နန်းတော်တစ်ခုလုံးက မိမိတို့သားအမိကို အငြိုးထားနေကြခြင်းဖြစ်သည်။
ဒါကို ချူလူလူ မတုန်မလှုပ်နေလိုက်သည်။ မယ်မယ့်ကို ဘယ်တုန်းကမှ နေရာမပေးခဲ့သည့် ချူနန်းတော် ပြီးတော့ ပင်လယ်လူမျိုးများကို အထင်သေးကာ အမြဲအောက်တန်းစားလို သဘောထားသည့် ချူနန်းတော်၊ အာနန်ပြည်ကို ကူညီပေးသည့်အတွက် ယခုမှ ယူကြုံးမရဖြစ်ကာ အပြစ်ရှာနေသည့် ချူနနုးတော် အသိုင်းဝိုင်းကို ချူလူလူငြီးငွေ့နေတာ ကြာလေပြီ။
“အရှင့်သား အိမ်တော်ကို ပြန်တော့မလား ဘုရား..”
“ကျွန်တော် ဒီအဆောင်မှာနေမယ် အရာရှိကြီး။ ကျွန်တော့်အတွက် အခန်းတစ်ခု ပြင်ဆင်ပေးပါ။”
“အရှင့်သား…ဒီရုံးတော်က အခန်းတွေက ကျဉ်းမြောင်းလှပါတယ်။ အတင့်ရဲစွာ တောင်းဆိုပါရစေ။ ကျွန်တော်မျိုးရဲ့ အိမ်မှာ လိုက်နေပါလား။ မခမ်းနားပေမယ့် ဒီရုံးက အခန်းထက်တော့ လွတ်လပ်ပါတယ် အရှင့်သား။ ”
“ရတယ် အရာရှိကြီး။ ကျွန်တော်လိုက်နေရင် နောင်တော်တွေက အရာရှိကြီးကို ရန်ရှာပါလိမ့်မယ်။”
“ကျွန်တော်မျိုးက မဟုတ်တာ လုပ်ထားတာ မရှိပါဘူး။ ဒါကြောင့် သူတို့ကို ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော်မျိုးအိမ်တော်မှာ လိုက်နေဖို့တောင်းပန်ပါတယ် အရှင့်သား။”
“အဲ့လို မတောင်းပန်ပါနဲ့ဗျာ။ ကျွန်တော်က ကျေးဇူးတင်ရမှာပါ။”
ချူလူလူသည် အားနာစွာနှင့် လိုက်လာခဲ့သည်။ ဆိပ်ကမ်းအရာရှိ အိမ်တော်က ဆိပ်ကမ်းအနီးမှာရှိလို့ အလုပ်ကို သွားဖို့လည်း အဆင်ပြောလို့ လိုက်လာခဲ့သည်။ အရမ်းမကျယ်သော်လည်း သပ်ရပ်ကာ ရိုးရှင်းသည့် အိမ်တော်သို့ဝင်လိုက်မိသည်နှင့် ဆိပ်ကမ်းအရာရှိကတော်က ၀မ်းသာလှိုက်လှဲစွာဖြင့် ကြိုဆိုသည်။
“အရှင့်သားကို ဂါရ၀ပြုပါတယ်။ မောင်မောင်ပြောကတည်းက အရှင့်သားကို မြင်ဖူးချင်ခဲ့တာ။ အရှင့်သားလိုက်လာပါစေလို့ ဆုတောင်းနေခဲ့တာ ဆုတောင်းပြည့်တာပဲ။ ”
ဆိပ်ကမ်းအရာရှိ ကတော်ကို တွေ့တော့ ချူလူလူသိလိုက်သည်။ အရာရှိကတော်သည် ချူတိုင်းပြည်သူ မဟုတ်ပေ။ ပြီးတော့ မိမိတို့ မျိုးနွယ်တူ ပင်လယ်သူဖြစ်သည်။
“အရာရှိကတော်က မယ်မယ်နဲ့ မျိုးနွယ်တူပဲ..”
ချူလူလူ၏ စကားကြောင့် အရာရှိကတော်က ၀မ်းသာစွရယ်မောလိုက်သည်။ ဖြူစင်သည့် သွားများ ဖွေးကနဲပေါ်သွားပြီး ချူလူလူ၏ လက်ကို အမြတ်တနိုးဆုပ်ကိုင်က နမ်းရှိုက်ပြီးပြောလိုက်သည်။
“အရှင့်သားက အရှင့်ဘိုးဘေးတွေလို စူးရှတဲ့ မျက်လုံးကို ပိုင်ဆိုင်ထားပါတယ်။ကျွန်မ ပင်လယ်သူဖြစ်တာ ဘယ်သူမှ မရိပ်မိခဲ့ဘူး။ အရှင့်သားက တစ်ချက်ကြည့်တာနဲ့သိခဲ့တယ်။ ကျွန်တော်မျိုးက အရှင့်သားကို အမှုထမ်းဖို့ တကိုယ်လုံးကို ပေးအပ်ပါတယ် အရှင့်သား။ ကျွန်တော်မျိုးမရဲ့ ဖခင်က အရှင့်သားရဲ့ ဘိုးတော်ရဲ့ ကိုယ်ရံတော်တွေထဲက တစ်ယောက်ပါ။”
ချူလူလူသည် အရာရှိကတော်ကို ကပျာကယာထူမပေးကာ ဆိပ်ကမ်းအရာရှိကို အားတုန့်အားနာကြည့်ကာ ပြောလိုက်သည်။
“အရာရှိနဲ့ အရာရှိ ကတော်ရဲ့ ပျူဌာမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဒီနန်းတော်က ပမွှားမင်းသားတစ်ပါးပါ။”
“မဟုတ်ပါဘူး။ အရှင့်သားက ပင်လယ် မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော ဆက်ခံသူပါ။ ”
“ဟုတ်ပါတယ် အရှင့်သား။ မကြာခင် အာနန်ပြည်က စစ်ဘုရင်ကိုယ်တိုင် အရှင်သားကို လာတွေ့မယ်လို့ ပြောပါတယ်။”
“ဟင် အရာရှိက နောင်တော် တင်ဂီရိ နဲ့သိတာလား။”
“ကျွန်တော်မျိုးက အရှင့်သားရဲ့ ဘိုးတော်ကို အမှုထမ်းတဲ့သူပါ။ အရှင့်သားရဲ့ မယ်တော်ကို စောင့်ရှောက်ဖို့ ဒီ ချူတိုင်းပြည်ရဲ့ ဆိပ်ကမ်းအရာရှိနေရကို ရအောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။”
ချူလူလူပျော်သွားခဲ့သည်။ မိမိ၏ ဆွေမျိုးများနှင့် မကြာခင်ပြန်ဆုံတွေ့ရတော့မည်ဟု ယုံကြသည်။ စိတ်အားလည်း တက်ကြွလာခဲ့သည်။ ဆိပ်ကမ်းအရာ၇ှိအိမ်တွင် ချူလူလူပျော်ရွှင်စွာ နေထိုင်ရင်း ဆိပ်ကမ်းအုပ်ချုပ်ရေးကို ထမ်းဆောင်လာခဲ့ပြီး
15 ရက်မြောက်တွင် မိမိ၏ ဆိပ်ကမ်းရုံးခန်းထဲသို့ ဧည့်သည် တစ်ဦးရောက်လာခဲ့သည်။
“ချူလူလူ….”
ကြင်နာသော နွေးထွေးသော ထိုအသံရှင်ကို ချူလူလူ ချစ်ခင်စွာဖြင့် မော့ကြည့်လိုက်တော့ ယပ်တောင်နီကို တဖျတ်ဖျတ်ခတ်ကာ ခပ်ထေ့ထေ့ပြုံးပြီး အေးဆေးစွာကြည့်နေသော လူတစ်ယောက်ကိုတွေ့တော့ ချူလူလူ ချက်ချင်း ထိုင်ရာမှ ထကာ ၀မ်းပမ်းတသာ နူတ်ဆက်လိုက်သည်။
“နောင်တော် တိုလုအီ…….”
----------------------------------------

Comments