စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (43)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (43)

 

ကီလာတိုင်နှင့်ဆူမီရာသည် မိုးမျှော်တောင်ခြေတောအုပ်သို့ရောက်သော် အသင့်စောင့်နေသည့် တပ်ကိုတွေ့မှ သက်ပြင်းချနိုင်တော့သည်။ ထိုတပ်က ကီလာတိုင်တို့နှစ်ဦးကိုတွေ့သော် အပြေးလာကြိုကြသည်။ ထိုအထဲတွင် ဥပတိရုပ်သန်သန့်နှင့် လူတစ်ဦးက ပြေးထွက်လာပြီး ကီလာတိုင်ကို ၀မ်းသာအားရနူတ်ဆက်သည်။

 

“အရှင့်သား…အရှင့်သား…”
 

“အမတ်ကြီး… ဘာအရေးကြီးကိစ္စရှိလို့ကိုယ်တိုင်လိုက်လာတာလဲ…”
 

ကီလာတိုင်သည် မိမိ၏ အကြီးတော် အမတ်ကြီးကိုတွေ့သောအခါ မျက်မှောင်ကြုတ်ကာမေးလိုက်သည်။ အမတ်ကြီးက မိမိကိုကြိုရန် လိုက်လာစရာအကြောင်းမရှိပေ။ အရေးကြီးတစ်စုံတစ်ခုဖြစ်မလားဟု တွေးကာရင်ထိတ်သွားစဉ် အမတ်ကြီးက လျှောက်တင်သည့်စကားကိုကြားသော် ရင်ပူသွားခဲ့သည်။

 

“အရှင့်သားရဲ့မယ်တော်… အဆိပ်မိလို့… သက်တန့်တောင်သမားတော်ကိုပင့်ဖို့ မင်းကြီးက ကျွန်တော်မျိုးကို လွှတ်လိုက်တာပါ။”
 

“ဘာ… ဒါက ဘယ်လိုဖြစ်တာလဲ။ ဘာကြောင့် အဆိပ်မိတာလဲ။ အခြားသမားတော်တွေဘာပြောလဲ… ”
 

ကီလာတိုင် စိုးရိမ်စိတ် ငယ်ထိပ်တက်ဆောင့်သွားတော့သည်။ အမတ်ကြီးကို ဆွဲလှုပ်ကာ မေးလိုက်သည်။ မယ်မယ် ဘယ်လိုလုပ်ပြီး ခုလိုဖြစ်တာလဲ။ မိမိခရီးထွက်လာစဉ်က ကျန်းမာလျက်နှင့် ဘယ်လိုဖြစ်တာလဲဟုတွေးကာ မျက်နှာပျက် လာခဲ့သည်။ မယ်မယ် တခုခုဖြစ်မည်ကို အရမ်းစိုးရိမ်ပြီး ကီလာတိုင် ခြေဖျားလက်ဖျားအေးစက်လာခဲ့သည်။ ခမည်းတော်က ဘာလုပ်နေတာလဲ။ မယ်မယ့်ကိုအဆိပ်ခတ်သူကို ကိုယ်တိုင်သတ်ပစ်ချင်စိတ်တို့တဖွားဖွားပေါ်လာတော့သည်။

 

“ဧကရီဟော်သွန်းကို မနာလိုတဲ့ မောင်းမတစ်ပါးက အဆိပ်ခတ်လိုက်တာပါ။ အဲ့မောင်းမကို သေဒဏ်စီရင်လိုက်ပါပြီ။နန်းတော်ထဲက တော်ဝင်သမားတော်ကြီးတွေလက်လျော့လိုက်ပါပြီ အရှင့်သား… သက်တန့်တော်သမားတော်ကြီးကိုပဲ အားကိုးရပါတော့မယ်လို့ပြောပါတယ်…”

“ဆူမီရာ… သက်တန့်တောင်သမားတော်ကြီးကို ပင့်ဖို့ ငါ့ကိုမင်းကူပေးပါဦး။ ငါတောင်းပန်ပါတယ်။ မယ်မယ်က ငါ့အတွက် အရေးကြီးဆုံးမို့ ကူညီပေးပါ… မင်းကျေးဇူးကိုငါမမေ့ပါဘူး…ဆူမီရာ… တောင်းပန်ပါတယ် ငါ့မယ်မယ်ကို ကုပေးဖို့ သက်တန့်တောင်သမားတော်ကို ပြောပေးပါ… ”

 

အမတ်ကြီး၏ စကားကြောင့် ကီလာတိုင်က ဆူမီရာ၏ လက်ကို အားကိုးတကြီးဆုပ်ကိုင်ကာ တောင်းပန်လိုက်သည်။ ရင်ထဲပူနေတာမှ နေဆယ်စင်းထွက်နေသလိုပင်။ ဒီလိုခံစားချက်မျိုးကို ကီလာတိုင် မခံစားဖူးပါ။ မယ်မယ့်ကို လက်လွှတ်လိုက်ရမည် ဆိုသည့် အတွေးနှင့်ပင် ကီလာတိုင် မခံနိုင်အောင် နာကျင်လာခဲ့သည်။

ဆူမီရာသည် ကီလာတိုင်၏ လက်များမှတဆင့် မည်သို့ခံစားရမည်ကို ကိုယ်ချင်းစာမိသည်။ မိမိမယ်မယ်သာ ဖြစ်လျှင် မိမိလည်း ဒီလိုစိတ်ပူနေမည်ဖြစ်သည်။ ဒါပေမယ့် ဆူမီရာက ကီလာတိုင်ကို စိတ်မကောင်းစွာပြောလိုက်ရသည်။ ဖိုးဖိုးက အသက်ကြီးပြီ။ ကီလာတိုင်လာခေါ်တော့ မိမိကိုယ်တိုင် ဖိုးဖိုးကိုပြုစုနေရမှ လိုက်လာခဲ့ရခြင်းဖြစ်လို့ အဖြစ်မှန်ကိုပြောပြလိုက်သည်။

 

“ဖိုးဖိုးက နေမကောင်းဘူး ကီလာတိုင်။ ဖိုးဖိုး ခရီးဝေးကို လိုက်နိုင်မှာမဟုတ်ဘူး။”
 

“ဒါဆို မင်းလိုက်ပြီးကုပေးပါ.. မင်းဆို သေချာပေါက်ကုပေးနိုင်မှာ ငါသိတယ်…”

 

ကီလာတိုင်သည် ဆူမီရာ၏ လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ပြီး အားကိုးတကြီးဖြင့် ဆူမီရာကို တောင်းဆိုလိုက်သည်။ မိမိတွင် အားကိုးစရာဆူမီရာကလွဲပြီး မည်သူမှ မရှိတော့ပေ။ ဆူမီရာ၏ ဆေးပညာကိုယုံကြည်သည်။ ဆူမီရာသာ ကုပေးလျှင် မယ်မယ် ပျောက်ကင်းမှာသေချာသည်ဟု စိတ်ထဲစွဲနေသည်။

 

သို့သော် ဆူမီရာက ဝေးလံသည့် မြောက်ပိုင်းတိုင်းပြည်ကို လိုက်သွားပြီး ကုသပေးဖို့အထိ ကိုယ့်ပညာကို စိတ်မချပါ။ ထို့အပြင် သွားရမည့် နေရာကလည်း နန်ကျောင်ပြည်ဖြစ်နေသဖြင့် နောင်တော်တင်ဂီရိ စိတ်မကောင်းဖြစ်မည်ကိုလည်း စိုးရွံ့မိသည်။

 

“ငါ့ကိုယ်ငါ စိတ်မချဘူး၊ မင်းတို့တိုင်းပြည်ကိုလိုက်သွားပြီး ငါမကုနိုင်တဲ့ ရောဂါဖြစ်ရင် ဘယ်လိုလုပ်မလဲ…”
 

“ငါ မင်းကို ယုံတယ်။ မင်းက ၀ူတိုင်းပြည်မိဖုရားခေါင်ကြီးကိုတောင်ပျောက်အောင်ကုနိုင်သေးတာ။ ငါ့ မယ်တော်ကို မင်းကုနိုင်မယ် ဆိုတာ ငါယုံတယ်… ဆူမီရာ.. ငါ တောင်းပန်ပါတယ် ငါ့ မယ်မယ်ကို ကုပေးပါ…”
 

ကီလာတိုင်သည် ဆူမီရာ၏ရှေ့တွင်ဒူးထောက်ကာ တောင်းပန်လိုက်သည်။ ယခုအချိန်တွင် မယ်မယ့်ကို ကုသနိုင်မည့်သူ ဘယ်သူကိုမဆို ကီလာတိုင် ဒူးထောက်တောင်းပန်ဖို့ဝန်မလေးပေ။ မယ်မယ့်အတွက် အသက်ကိုပေးဆိုလည်း ပေးဝံ့သည်။ မယ်မယ်တစ်ယောက် အဆိပ်ဒဏ်နှင့် ဝေဒနာခံစားနေရမည်ကို တွေးပြီး ကီလာတိုင်၏ မျက်ဝန်းထဲ မျက်ရည်ဝဲလာခဲ့သည်။ မယ်မယ်… မိမိကို ငယ်စဉ်ကတည်း ထက်မြက်သည့် ယောကျာ်းအဖြစ်ကို မြင်ချင်သည့် မယ်မယ်။ မိမိကို ထွေးပွေ့ရင်း အဝေးကို ငေးနေတတ်သည့် မယ်မယ်။ နန်ကျောင်နန်းတော်အတွင်းမှာ မိမိကလွဲလျှင် သွေးသားရင်းချာ မရှိသည့် မယ်မယ်။ မယ်မယ့်ကို မိမိမကယ်နိုင်လျှင် လူလုပ်နေဖို့ပင်မကောင်းတော့ပေ။

 

ဆူမီရာသည် ကီလာတိုင် ဒူးထောက်နေသဖြင့် အတင်းဆွဲထူကာပြောလိုက်သည်။ ကီလာတိုင်၏ ခံစားချက်ကိုလည်း နားလည်သည်။ မိမိလည်းကူညီချင်သည်။ သို့သော် မိမိလိုက်သွားပြီး မကုသပေးနိုင်မှာကိုလည်း စိုးရိမ်နေမိသည်။

 

“ကီလာတိုင် ထပါ။ဒီလို ဒူးမထောက်ပါနဲ့ကွာ… ”
 

“မင်း မလိုက်မချင်း ငါမထဘူး။ ”
 

နောက်ဆုံး ဆူမီရာသည် ကီလာတိုင်၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကြောင့် လက်ခံလိုက်သည်။ မိမိကြားထားဖူးသည့် သတင်းအရဆိုလျှင် ဧကရီဟော်သွန်းသည် နောင်တော် တင်ဂီရိ၏ မယ်တော်လည်းဖြစ်သည်။ တကယ်လို့ မိမိကုသပေးနိုင်လျှင်  နောင်တော့်မယ်တော်ကို ကယ်တင်နိုင်မည်ဖြစ်သောကြောင့် လက်ခံလိုက်ခြင်းဖြစ်သည်။ နောင်တော် မိမိကို စိတ်ဆိုးလျှင်လည်း ခံလိုက်တော့မည်။ သမားတော်ဖြစ်ပြီး အသက်တချောင်းကို ဒီအတိုင်းဆုံးရှုံးမှာကို ကြည့်မနေနိုင်တော့ပေ။

 

“ကောင်းပြီ။ ငါ လိုက်ခဲ့ပေးမယ်။ တကယ်လို့ ငါမကုနိုင်ဘူးဆိုလည်း အဆိပ်ကို ငါထိန်းပေးထားနိုင်တယ်။ ပြီးရင် ဖိုးဖိုးဆီကို လူလွှတ်ပြီး ဆေးဖော်ခိုင်းမယ်…”
 

“ကျေးဇူးတင်လိုက်တာ ဆူမီရာ… မင်းကို အရမ်းကျေးဇူးတင်တာပဲကွာ…”

 

ကီလာတိုင်က ၀မ်းသာလုံးဆို့ပြီး ပြေးဖက်လိုက်တော့သည်။ ဆူမီရာလိုက်လာပေးသဖြင့် ဖော်မပြနိုင်အောင် ကျေးဇူးတင်မိသွားသည်။ ဆူမီရာ၏ မျက်နှာကို စူးစူးနစ်နစ်ကြည့်ကာ ဘာမှမပြောနိုင်အောင်ဖြစ်မိသည်။

 

လျံတပ်မှ စစ်သူကြီးက ထန်လိုခိကိုအပြေးအလွားသတင်းလာပို့လိုက်သည်။ မင်းသားဆူမီရာကို မကြာခင်မှီတော့မည်။

 

“အရှင့်သား… နောက်ထပ် နေ့တစ်ဝက်လောက်လိုက်ရင် သူတို့ကို ကျွန်တော်တို့မှီပါတော့မယ်…”
 

“အားလုံး လိုက်စမ်း။ ငွေတောင်မင်းသားနဲ့ သူ့သူငယ်ချင်းကို အရှင်ရအောင်ဖမ်းနိုင်တဲ့သူကို စစ်သူကြီးရာထူးပေးမယ်…”
 

ထန်လိုခိလည်း အားလုံးစိတ်ဓါတ်တက်ကြွစေရန် ဆုလာဘ်ကိုကြေငြာလိုက်သည်။ လုပ်ဆောင်ချင်တိုင်းတွင် ဆုလာဘ်ပါမှ ပိုအောင်မြင်သည်ကို အတွေ့အကြုံအရ ကောင်းစွာသုံးခဲ့ပြီးဖြစ်သည်။ ထိုစဉ် အဝေးမှာ မြင်းဒုန်းစိုင်းလာသည့် ဟီဒယ်ကိုတွေ့သောအခါ ထန်လိုခိ သက်ပြင်းချမိသည်။ ဆူမီရာကို လိုက်ဖမ်းသဖြင့် ဟီဒယ် မိမိကို ဒေါသထွက်နေပြီဆိုတာ အတပ်သိလိုက်သည်။

 

“အကိုတော်..”
“ဟီဒယ်… ဘာကြောင့်လိုက်ခဲ့တာလဲ…”

 

ထန်လိုခိသည် ဟီဒယ်ကို ဆီးကြိုပြီး မျက်နှာချိုသွေးကာ မေးလိုက်သည်။ သို့သော် ဟီဒယ်၏မျက်နှာသည် စိတ်ဆိုးသည်ထက် ကျော်လွန်နေပုံရပြီး အနီးသို့ရောက်သည်နှင့် ဒါးကိုဆွဲထုတ်ကာ မိမိကို ခုတ်ပိုင်းလိုက်တော့သည်။

 

“လူယုတ်မာ… သေပေတော့… ”
 

“ဟီဒယ်… ဘာဖြစ်လို့လဲ… ဆူမီရာတို့ကို ကိုယ် ဘာမှမလုပ်ဘူး။ နောင်တော် တင်ဂီရိ ဖမ်းခိုင်းလို့ ကိုယ်လိုက်ဖမ်းခို်င်းတာပဲရှိတာ..”
 

ထန်လိုခိသည် အားပြင်းသည့် ခုတ်ချက်ကို လွယ်လွယ်ကူကူရှောင်ပြီး ဟီဒယ်ကို အမြန်ရှင်းပြလိုက်သည်။ သို့သော် ဟီဒယ် နာနာကြည်းကြည်းပြောလိုက်သည့် စကားကိုကြားသော် ထန်လိုခိ ကြက်သေသေသွားသည်။

 

“ကျွန်မတို့လျံပြည်ကို စစ်တပ်နဲ့ဝိုင်းထားတာ ဘာသဘောလဲ…ကျွန်မတို့က ဆွေမျိုးတွေမဟုတ်ဘူးလား.. ဘာကြောင့် စစ်တပ်နဲ့ ၀ိုင်းထားပြီး ခမည်းတော်ကို ထီးနန်းအပ်ဖို့ ရာဇသံပေးရတာလဲ… ”
 

“ဘာ… ခမည်းတော် စစ်ချီလာပြီး ၀ိုင်းထားတယ် ဟုတ်လား။ ”

 

“ဟုတ်တယ်။ အကိုတော်ကို ဒီလောက် လောဘကြီးလိမ့်မယ် မထင်ထားဘူး။ ကျွန်မအရမ်းအထင်ကြီးခဲ့တဲ့ သူရဲကောင်းတစ်ယောက်က နောက်ကျောကနေဓါးနဲ့ထိုးတတ်တဲ့သူ ဆိုတာ ခုမှ သိရတယ်.. အဲ့လောက် ကျွန်မတို့ လျံထီးနန်းကို ရချင်နေလားဟင်… အဲ့လောက် မက်မောရလား…”
 

ဟီဒယ်သည် ဗြောင်လိမ်နေသည့် အကိုတော်ကိုကြည့်ပြီး မုန်းတီးရွံရှာစိတ်များ ထိန်းမရအောင်ဖြစ်လာခဲ့သည်။ နာသည်။ အတော့်ကိုနာသည်။ ရင်ဘတ်ထဲ စူုးအောင့်နေအောင်ကိုနာသည်။ မိမိကို ငယ်စဉ်ကတည်းက ဓါးရေးသင်ပေးသည့် အကိုတော်၊ အစစအရာရာ အားကိုးခဲ့သည့် အကိုတော်။ တစ်ဝမ်းမျှကွဲသော်လည်း အရင်းအချာလို သဘောထားခဲ့သည့် အကိုတော်က မိမိကို မရိုးသားသည့် ချစ်ခြင်းနှင့်ချစ်သည့်အပြင် မိမိတိုင်းပြည်ကို လိုချင်လောဘနှင့် မျက်စောင်းထိုးနေခဲ့သည်။ ဒါကြောင့် ခမည်းတော်က မိမိကိုမမေးတော့ပဲ စေ့စပ်သတင်းကိုကြေငြာပြီး တစ်ပတ်၊ ဆယ်ရက်အတွင်းကို မအောင့်နိုင် မအီးနိုင်ပဲ မိမိတို့်တိုင်းပြည်ကို စစ်တပ်နှင့်ဝိုင်းကာ အကျပ်ကိုင်ပြီး ထီးနန်းစွန့်ခိုင်းနေသည်။ ထိုအဖြစ်က ဟီဒယ်ကို သေလုမျောပါး နာကျင်စေသည်ကို အကိုတော် မသိလေရော့လား။

 

“မဟုတ်ဘူး ဟီဒယ်.။ ကိုယ်ခမည်းတော် စစ်ချီလာတာ ကိုယ်မသိဘူး။ အခုချက်ချင်း ကိုယ့်ခမည်းတော်ကို သွားတွေ့မယ်…အားလုံး ပြန်လှည့်မယ်…”

 

ထန်လိုခိသည် ချစ်လှစွာသော နှမတော်လေး၏စကားကြောင့် ခမည်းတော်တပ်ဆွဲထားသည့်နေရာကို ချက်ချင်းပြန်လာခဲ့သည်။ စစ်သူကြီးများက မင်းသားကို ဦးညွတ်အရိုသေပေးကြသည်။ ထန်လိုခိက လှည့်ပင်မကြည့်ပဲ ခမည်းတော်ထံကို တန်းလာခဲ့ပြီးမေးလိုက်သည်။


“ခမည်းတော်ဘုရား.. ဘာကြောင့် စစ်ချီပြီးရာဇသံပေးရတာလဲ…”
 

“ဟော… သားတော်.. လာပါဦး.. ဟီဒယ်က မင်းကို လာအကူညီတောင်းပြီး တပ်ဆုတ်ဖို့ ပြောခိုင်းလိုက်တာလား..”
 

ထန်မင်းကြီးသည် သားတော်လာရင်းကိုသိနေသလို အတပ်ပြောလိုက်သည်။ ထန်လိုခိသည် ခမည်းတော်ကို စိုက်ကြည့်ကာ ဟီဒယ် မိမိကို စိတ်ဆိုးသွားသည်ကို သေချာသိအောင် အလေးနက်ထားပြောလိုက်သည်။

 

“အကူညီတောင်းတာ မဟုတ်ဘူး။ ကျွန်တော့်ကို ဓါးနဲ့ဝင်ပိုင်းတာ..။ ကျွန်တော့်ကို အမြဲ အားကိုးပြီး ချစ်တဲ့ညီမက ဓါးနဲ့ပိုင်းအောင်ကို မုန်းနေတာဗျ၊  ”

 

ထန်မင်းကြီးသည် သဘောကျစွာရယ်မောလိုက်သည်။ တကယ့်ကို စိတ်ထက်သည့် တူမတော်။ သူ့အရီးတော် မိမိ၏ ချစ်လှစွာသော မိဖုရားခေါင်အတိုင်းပင် လှသည်။ ထက်မြက်သည်။ နှမျောစရာကောင်းသည့်အချက်က သူ့ခမည်းတော် လျံမင်းကြီးက ဘုရား၊တရားနှင့် နေပြီး တိုးတက်ချင်စိတ်နည်းပါးသူဖြစ်နေခြင်းပင်။


“ဟား..ဟား… ငါ့ ချွေးမလေး စိတ်အတော်ကြီးတာပဲ။ အဲ့လိုမျိုးမှ သဘောကျတာ။ မင်းက သူ့ကိုမလွန်ဆန်နို်င်တာ သိလို့ ငါကိုယ်တိုင် အပြီးသတ်ဖို့လာခဲ့တာပဲ.. ကဲ နန်းတော်ထဲ သွားကြစို့ ။ နောင်တော့်လက်က လျံပြည်ကိုလွဲယူဖို့ အချိန်ကျပြီ။”
ထန်လိုခိသည် ခမည်းတော်၏ စကားကြောင့် စိတ်ညစ်သွားသည်။ မိမိအစီစဉ်အတိုင်းဆိုလျှင် ဟီဒယ်၏ အချစ်ကို အသာတကြည်ရနိုင်လျက်နှင့် အခုအတိုင်းသာဆက်သွားလျှင် သေချာသည်။ ဟီဒယ် မိမိမျက်နှာကို မြင်ချင်တော့မည် မဟုတ်ပေ။

 

“ခမည်းတော်… ဟီဒယ် ကျွန်တော့်ကို မုန်းလိမ့်မယ်..”
 

“မင်း အတော့်ကို သွေးကြောင်ပါလားကွ။ သားသမီးရလာရင် မင်းကို စိတ်ဆိုးပြေလိမ့်မယ်။ ပြီးတော့ ဒီတိုင်းပြည် နှစ်ပြည်ပေါင်းပြီး အင်အားကြီးနိုင်ငံဖြစ်သွားရင် မင်းနဲ့ ဟီဒယ်ရဲ့ ကလေးတွေပဲ နန်းတက်ရမှာကို သူသေချာသဘောပေါက်ရင် မင်းကို စိတ်မဆိုးတော့ဘူး။”

 

ထန်မင်းကြီးသည် အခြားနေရာတွင် ပြတ်သားသလောက် ဟီဒယ်နှင့်ပတ်သတ်လာလျှင် ပျော့ညံ့လွန်းသည့် သားတော်ကို အားမလိုအားမရဖြစ်ကာ ပြောလိုက်သည်။ သို့သော် ထန်လိုခိက ခမည်းတော်ကို သိလိုသည့်အချက်ကိုမေးလိုက်သည်။ ဘာကြောင့် ခမည်းတော် အလျင်စလိုနှင့် လျံပြည်ကို သိမ်းပိုက်ချင်သည်ကို သိမှဖြစ်မည်။

 

“ကျွန်တော့်အစီစဉ်က အောင်မြင်တော့မှာ။ ခမည်းတော်က ဘာကြောင့် ချက်ချင်းစစ်ချီလာခဲ့တာလဲဗျာ…”

 

“ငါ့သား… မင်းက အခြားနေရာမှာသာ သတ်ရဲဖြတ်ရဲတာ။ ဟီဒယ်နဲ့ပတ်သတ်ရင် သွေးကြောင်မယ်ဆိုတာသိလို့ ခမည်းတော် ကိုယ်တိုင် ၀င်ပါရတာပဲ.. အခု ပါးစပ်ပိတ်ထား။ မင်းနဲ့ဟီဒယ်ကို တစ်ပတ်အတွင်း လက်ထပ်ပွဲလုပ်ပြီး တိုင်းပြည်နှစ်ခု ပေါင်းစည်းဖို့အချိန်ကျပြီ။ မကြာခင် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက စစ်ဖြစ်တော့မယ်။ မင်းက မင်းရဲ့ မိတ်ဆွေဘက်က ပါပြီး တိုက်မယ်ဆိုရင် မင်းရဲ့ နောက်ခံအင်အားက ကြီးမားနေမှာဖြစ်မယ်လေ။ မှတ်ထားသားတော်။ လောကမှာ အင်အားကြီးသူသာ နောက်ဆုံးရှင်ကျန်ရစ်ခဲ့မယ်။ မင်း အတောင်ရှိသလောက် မြင့်မြင့်ပျံနိုင်ဖို့ ခမည်းတော် လုပ်ဆောင်ပေးနေတယ်ဆိုတာ မှတ်ထားပါ။”

 

ထန်လိုခိသည် ခမည်းတော်၏ စကားက မှန်ကန်လှသဖြင့် မငြင်းနိုင်တော့ပဲ လျံနန်းတွင်းထဲကို အတူဝင်ခဲ့သည်။ မကြာခင် ဟီဒယ်နှင့် လက်ဆက်ရတော့မည်ဖြစ်လို့ ရင်ခုန်ကာစိတ်လှုပ်ရှားနေမိသည်။

 

အာနန်ပြည်မှ တပ်များကိုဦးစီးပြီး ချီတက်လာစဉ် လျို့ဝှက်အထောက်တော်ထံမှ သတင်းဆိုး ရောက်ရှိလာခဲ့သည်။

 

“မင်းသားလေးဆူမီရာ မြောက်ပိုင်းနယ်ထဲဝင်သွားပါပြီ…အရှင်…”


“ဘာ…ထန်လိုခိတို့တပ်က ဆူမီရာကို မိခါနီးပြီလို့ သတင်းပို့ထားတယ် မဟုတ်လား။ ဘယ်လိုလွတ်သွားတာလဲ..”
 

တင်ဂီရိက ချက်ချင်း မေးလိုက်သည်။ ရင်ထဲမှာ မီးတောင်ပေါက်ကွဲသလို ကို ပူလောင်သွားတော့သည်။

 

“ထန်လိုခိမင်းသားတို့တပ်က လျံပြည်ကို ၀ိုင်းထားတဲ့အတွက် မင်းသမီးဟီဒယ်နဲ့ပြသနာတက်ပြီး တပ်ခေါက်သွားတာပါ..”


“ကောင်းပြီ။စစ်သူကြီးတွေကိုခေါ်ခဲ့… အားလုံး… အခုချက်ချင်း အစည်းဝေးလုပ်မယ်…”

 

တင်ဂီရိသည် စစ်သူကြီးများကို အရေးတကြီးအစည်းဝေးခေါ်ကာ လုပ်ရမည့် တာဝန်များကို ထောင့်စေ့အောင်ခွဲပေးလိုက်သည်။ ယခု မိမိဦးဆောင်လာသည့် စစ်ကဲကြီးများက တိုက်ရည်ခိုက်ရည်ရှိပြီး အတွေ့ကြုံရင့်နေသည့်စစ်ကဲကြီးများဖြစ်သဖြင့် တာဝန်ပေးလိုက်သည်နှင့် အောင်မြင်အောင်လုပ်မည့်သူတွေမှန်း တင်ဂီရိသိသည်။ တာဝန်ခွဲပေးပြီး ဆူမီရာနောက်ကို တင်ဂီရိ ကိုယ်တိုင်လိုက်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။


“ဆူမီရာ… မင်း ဘယ်လိုတောင် သတ္တိရှိပြီး နန်ကျောင်ပြည်ထဲထိ လိုက်သွားရဲတာလဲကွာ။ မင်း တကယ်ပဲ ကျားခံတွင်းထဲကို ဘာကြောင့်ဝင်သွားရဲတာလဲကွာ…  မင်းကို ပြန်ခေါ်ဖို့ ကျုပ်ကိုယ်တိုင်လာပြီ။ ဘယ်သူမှ မင်းကို ဆွဲမထားနိုင်ရဘူး..”
--------------------

အာနန်မင်းကြီး ယေစုကိုင်းသည် စစ်ရေးဗျူဟာကျမ်းကို ပြုစုနေစဉ် အတွင်းဝန်ကြီးက အဆောင်ထဲကို အပြေးလာပြီး သတင်းတစ်ခုကို စိုးရိမ်တကြီးလျှောက်တင်ခဲ့သည်။

 

“အရှင်မင်းကြီး… ကိုယ်တော်လည်း တစ်ပါးတည်း မင်းသားဆူမီရာကို ပြန်ခေါ်ဖို့ နန်ကျောင်ပြည်ကိုလိုက်သွားပါပြီ..”
 

“လက်ရှိ လီတိုင်းပြည်နဲ့ မုတိုင်းပြည်ကို ဘယ်လိုစီမံသွားသလဲ…”
 

ယေစုကိုင်းသည် စာေ၇းမပျက်ပဲ မေးလိုက်သည်။ မင်းကြီး၏ အမူယာကြောင့် အတွင်းဝန်ကြီး ကိုယ်ဟန်ကိုထိန်းလိုက်သည်။ မင်းကြီးက ကြိုတွေးထားပုံရသည်။ ထို့ကြောင့် ရောက်လာသည့် သတင်းကို သေချာလျှောက်တင်လိုက်သည်။

 

“စစ်သူကြီးတွေကို နည်းဗျူဟာချသွားပါတယ် မင်းကြီး။ ”
 

“ကောင်းပြီ။ တင်ဂီရိချထားတဲ့ ဗျူဟာအတိုင်း အားလုံးအောင်မြင်အောင်လုပ်ပါ။ တင်ဂီရိက သူ့အလုပ်ကို သူသေချာလုပ်တတ်တဲ့သူပဲ။ အားလုံး အမိန့်အတိုင်းဆောင်ရွက်ဖို့ စာလွှာပါးလိုက်ပါ…”
 

“မှန်လှပါ မင်းကြီး…”
 

အတွင်းဝန်ကြီးက မင်းကြီးအမိန့်ကြောင့် ထပ်ဆင့်အမိန့်ထုတ်ပြန်ရန်ထွက်သွားတော့မှ နံရံမှာချိတ်ထားသည့် ဟော်သွန်း၏ ပုံတူပန်းချီကားကို မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

 

“ဟော်သွန်း..ဟော်သွန်း… မင်းရဲ့ သားကြီးကို မင်းတွေ့ရင် ဘယ်လိုတောင်အံ့သြသွားလိမ့်မလဲ။ သူက တကယ့်ကို အောင်မြင်တဲ့ စစ်ဘုရင်တစ်ပါးဖြစ်နေပြီ… ခန်မင်းကြီးရဲ့သားတော်လေးက သားတော်ကြီးရဲ့ကလေးလေးကို မချစ်မိပါစေနဲ့ပဲ ဆုတောင်းရမှာပဲ…”

 

ဟော်သွန်းက ခါတိုင်းလို အေးချမ်းစွာပြုံးကာ ယေစုကိုင်းကို ပြန်ကြည့်နေသည်။ ဟော်သွန်း၏ အပြုံးကြောင့် ယေစုကိုင်း သက်ပြင်းယဲ့ယဲ့ချမိသည်။ နန်ကျောင်ရွှေနန်းတော်မှာ တစ်ကိုယ်တည်းဖြစ်နေမည့် ဇနီးသည်ကို သနားစိတ်တို့ ထိန်းမရအောင် ပေါ်လာတော့သည်။

 

နန်ကျောင်နန်းတွင်း၏ ရွှေနန်းဆောင်မကြီးကို တာဝန်ယူရသည့် အပါးတော်မြဲကြီးက မင်းကြီးဆီ သတင်းကောင်းကို လာပြီး အစီရင်ခံသည်။ မင်းကြီး၏ တစ်ဦးတည်းသော သားတော်လေး ပြန်ရောက်ခဲ့လေပြီ။


“အိမ်ရှေ့စံကိုယ်တော်လေး နန်းတော်ထဲပြန်ရောက်လာပါပြီ မင်းကြီး… ”
 

“သားတော် အခု ဘယ်မှာလဲ..”
 

ခန်မင်းကြီးက ချက်ချင်းပြုံးရွှင်သွားပြီး မေးခဲ့သည်။ သားတော်ကိုလွမ်းလှတာကြာပြီ။ သားတော်လေး ခရီးထွက်ရန် မိဖုရားခေါင်ကြီးကိုယ်တိုင်က ခွင့်တောင်းထားသည်ဖြစ်လို့ မလွဲသာသဖြင့် ကာလိုခန်မင်းကြီးကခွင့်ပြုရခြင်းဖြစ်သည်။ ယခု မိမိရင်ခွင်အောက်ကို သားတော်ပြန်လာခဲ့မှ အသက်ရှုချောင်သွားတော့သည်။ သားတော်နောက်ကို ကိုယ်ရံတော်တပ်များ လျှို့ဝှက်စေလွှတ်ထားသော်လည်း မုတိုင်းပြည်မှအထွက် သားတော်က သူ့အနားမလာရန် တားမြစ်ထားပြီး ငွေတောင်မင်းသားလေးနှင့် အကာကွယ်မဲ့ လျံနန်းတွင်းမှာ သွားနေသည်ဟု ကြားကတည်းက ခန်မင်းကြီးက သားတော်ကို ချက်ချင်းခေါ်ချင်နေသည်။ သားတော်ကို တခါမှ ယခုလို အကာကွယ်မဲ့မထားဖူးသဖြင့် ခန်မင်းကြီးအိပ်လို့မပျော်အောင်ကို စိုးထိတ်နေခဲ့သည် မဟုတ်လား။ ယခု သားတော်ပြန်ရောက်လာပြီဖြစ်လို့ အောင်ပွဲခံရန်ပွဲတော်ကြီး ကျင်းပချစ်စိတ်ပေါ်လာခဲ့သည်။ သို့သော် သားတော်ပြန်လာရန် မိမိမလွဲသာသည့် အစီစဉ်တချို့လုပ်ခဲ့ရသည်ကို သတိရပြီး သားတော်ရှိမည့်နေရာကို မေးလိုက်သည်။

 

“မိဖုရားကြီးအဆောင်မှာပါ…အရှင်မင်းကြီး။ ကျွန်တော်မျိုး အခေါ်လွှတ်လိုက်ရမလား ဘုရား…”
 

ခန်မင်းကြီး၏ အမေးကို အပါးတော်မြဲကြီးက ဦးညွတ်ကာဖြေလိုက်သည်။ ခန်မင်းကြီးသည် သားတော်ကို မခေါ်ရန်ပြောပြီး ငွေတောင်မင်းသား လိုက်လာသည်ကို သေချာရန်မေးလိုက်သည်။

 

“မခေါ်နဲ့။ ဒါနဲ့ငွေတောင်မင်းသား ပါလာရဲ့လား..”
 

“ပါလာပါတယ် အရှင်မင်းကြီး…”

 

“အင်း.. ကောင်းပြီ။ ငွေတောင်မင်းသားလေး လိုတာအားလုံး အသင့်လုပ်ပေးထားပါ။ ”

 

“အမိန့်အတိုင်းပါ မင်းကြီး..”
 

အပါးတော်မြဲထွက်သွားပြီးနောက် အမတ်ကြီးကိုအခေါ်လွှတ်လိုက်သည်။ အမတ်ချုပ်ကြီးရောက်လာသောအခါ ခန်မင်းကြီးက ပြောလိုက်သည်။

 

“သားတော်လေး ပြန်ရောက်လာပြီ အမတ်ချုပ်ကြီး.. ။ ဟော်သွန်းရဲ့အဆိပ်ကိုဖြေဆေးပေးတော့မလား..”

 

“ငွေတောင်မင်းသားကို ကုပါစေ မင်းကြီး။ ကျွန်တော်တို့ ခုဖြေဆေးပေးလိုက်ရင် မင်းသားလေး ရိပ်မိသွားလိမ့်မယ်။ ပြီးတော့ ငွေတောင်မင်းသားရဲ့ ဆေးပညာနဲ့ဆို ကောင်းကောင်းကုသနိုင်ပါတယ် မင်းကြီး။ စိတ်အေးအေးထားတော်မူပါ…”
 

အမတ်ကြီးတားဂေါတိုင်းက မင်းကြီးကို ဖြေဆေးမပေးရန်တားလိုက်သည်။ မိမိတို့ပေးလိုက်မှာ မင်းသားလေးပါ သိသွားနိုင်သည် မဟုတ်လား။

 

“အင်း… ကိုယ်တော်လည်း သားတော်ကိုပြန်ခေါ်ချင်ဇောနဲ့ အမတ်ချုပ်ကြီးအကြံအတိုင်းသာလုပ်လိုက်ရတယ်။ စိတ်ကိုမချမ်းသာဘူး။ ”
 

“ကျွန်တော်မျိုးလည်း မလွဲသာလို့ ကြံလိုက်ရတာပါ အရှင်မင်းကြီး။ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ။ အာနန်တပ်တွေ လှုပ်ရှားလာလို့ မင်းသားလေး အသက်ကို စိုးရိမ်ရလို့ အတင့်ရဲစွာနဲ့ ကြံစည်ရတာ ဖြစ်ပါတယ်..”
 

တားဂေါတိုင်းသည် ကာလိုခန်၏ ဟော်သွန်းအပေါ်ထားသည့် အချစ်ကိုသိသူပီပီ နှစ်သိမ့်လိုက်သည်။ ယခု မင်းကြီးက သားတော်က တစ်ဖက်၊ မိဖုရားက တစ်ဖက်နှင့် နှစ်ဦးလုံးကို မျက်စိအောက်မှ အပျောက်မခံနိုင်အောင် ချစ်သည်ကို နားလည်ပေမယ့် မင်းသားလေးက ကြီးမားလှသည့် နန်ကျောင်ပြည်ကို အုပ်ချုပ်မည့်သူဖြစ်သဖြင့် စာတွေ့နှင့်မဟုတ်ပဲ လက်တွေ့ လူတွေအကြောင်းကို သိဖို့လိုအပ်သည်။ ဒါကြောင့် မိဖုရားကြီးက သူမသားကို ခရီးလှည့်လည်ရန် မင်းကြီးကို ခွင့်တောင်းတော့ တခါတည်း ထောက်ခံပြောကာ လျှို့ဝှက်တပ်အကာကွယ်ဖြင့် မင်းသားလေးကို ခရီးထွက်စေခဲ့သည်။ မင်းသားလေးကို မေးမြန်းပြီးနောက် သူဖြစ်ချင်သည့်အတိုင်း ငွေတောင်မင်းသားလေးကို အတူအဖော်အဖြစ်ခေါ်နိုင်ရန် ငွေတောင်ပြည်ကို တပ်ဖွဲ့ဖြင့်ဝိုင်းကာ မင်းနှစ်ပါးကို အကျပ်ကိုင်ပြီး ဆူမီရာကို မင်းသားလေးနံဘေးရောက်အောင် တချက်တည်းလုပ်နိုင်ခဲ့သည်။ ငွေတောင်မင်းသား ဆူမီရာကို မင်းသားလေး ယွမ်ချူးခန်ဘာကြောင့် အနားခေါ်ထားချင်သည်ကို တားဂေါတိုင်းသိသည်။ ဒါကြောင့် ထက်မြက်သည့် မင်းသားလေးကိုကြည့်ကာ ကြိတ်ပြီးပီတိဖြစ်နေသည်။

 

ခန်မင်းကြီးသည် မိမိအတွက် လူဆိုးအဖြစ်ခံသည့် အမတ်ချုပ်ကြီးကိုကြည့်ကာ သက်ပြင်းချပြီး နှစ်သိမ့်လိုက်သည်။ အမတ်ကြီးက ခမည်းတော်နတ်ရွာစံကတည်းက မိမိအပေါ်စိတ်ရင်းအမှန်ဆုံးလူဆိုတာကို ခန်မင်းကြီးယုံသည်။ ဒါကြောင့် ယခုဟော်သွန်းကို မရှိအဆိပ်ခတ်ရန်ကို သဘောတူလိုက်ခြင်းဖြစ်သည်။ သားတော်ကိုပြန်ခေါ်၇န် ချစ်ဇနီးကိုအဆိပ်ခတ်ရန် သဘောတူလိုက်ရသဖြင့် ကာလိုခန် စိတ်တော့မကောင်းတာအမှန်ပင်ဖြစ်သည်။

 

“အမတ်ချုပ်ကြီးရဲ့ စေတနာကို ငါကိုယ်တော်သိပါတယ်။ ဒီအကြောင်း ယောင်လို့မှ သားတော် မသိပါစေနဲ့… အမတ်ကြီး။”
 

“စိတ်ချပါ အရှင်မင်းကြီးနဲ့ ကျွန်တော်မျိုးပဲ သိတဲ့လျှို့ဝှက်ချက်ပါ..”

 

တားဂေါတိုင်းသည် မိမိစေတနာကို အသိမှတ်ပြုသဖြင့် ကာလိုခန်မင်းကြီးကို ကျေးဇူးတင်စွာကြည့်လိုက်သည်။ ဒီမင်းကြီးနှင့် မင်းသားကို မိမိအသက်နှင့်ကိုယ်မြဲသရွေ့ စောင့်ရှောက်သွားရန် အမတ်ချုပ်ကြီး ဆုံးဖြတ်ပြီးဖြစ်သည်။

---------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet