စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (70)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (70)


ယွမ်ချူးခန်၏ရှေ့တွင် ဆူမီရာ ဆောက်တည်ရာမရ ဗလောင်ဆူသည့် ရင်အစုံဖြင့် မတ်တပ်ရပ်နေခဲ့သည်။ ယွမ်ချူးခန်က ဆူမီရာ၏ အကြပ်တည်း တွေ့နေသည့် မျက်နှာကို အရသာခံပြီး တစိမ့်စိမ့်ကြည့်နေသည်။ မကြာခင် အောင်သေအောင်သားစားရတော့မည် ဟု အပိုင် ပေါက်တွက်ပြီး ၀မ်းသာအားရဖြစ်နေစဉ်အပြင်ဘက်မှ တပ်မှုး၏ခွင့်တောင်းသံကိုကြားလိုက်ရသည်။

 

“အရှင့်သား…. တပ်မှုးလျှို တွေ့ခွင့်တောင်းနေပါတယ်”

 

ထိုအသံကိုကြားသည်နှင့် ဆူမီရာ စိတ်သက်သာရာရသွားသော်လည်း ယွမ်ချူးခန်မှာ ပါးစပ်နားရောက်နေသည့် အစာပုတ်ချခံရသည့်အလား ရှုးရှုးရှားရှားဖြစ်ပြီး ဒေါသဖြင့် ပြန်အော်လိုက်သည်။
 

“ငါ မအားသေးဘူး.. နောက်မှ လာခိုင်းလိုက်…”
 

“လူသတ်လက်နက် ဖန်တီးမယ့်အကြောင်းလို့ ပြောပါတယ် အရှင့်သား။ တကယ်လို့ အရှင့်သား ခုချိန်မလာရင် အောင်မြင်အောင် ဖန်တီးနိုင်ဖို့ အာမ မခံနိုင်ဘူးလို့ ပြောပါတယ်…”

 

တပ်မှုးသည် အိမ်ရှေ့မင်းသားလေး၏ လေသံအရ အခြေနေမကောင်းသည်ကို သိသော်လည်း လူသတ်စစ်တပ်၏ အကြီးကဲစစ်သူကြီးက ပြောခိုင်းသည်ကို မပြောပဲ မနေရဲသဖြင့် အရဲစွန့်ကာ လျှောက်တင်လိုက်သည်။

 

ယွမ်ချူးခန်သည် ဆူမီရာ၏ စိတ်သက်သာရာရသွားသည့် မျက်နှာကိုကြည့်ပြီး ချက်ချင်း ခုတင်ပေါ်ဆွဲတင်ကာ အကြမ်းပတမ်းလုပ်ချင်သည့်စိတ် ထိုးတက်သွားသော်လည်း လောလောဆည် တပ်မှုးလျှို ဆိုသည့်အမည်ကိုကြားသဖြင့် အခဲမကျေစွာဖြင့် တောက်ခေါက်ကာ တံခါးကို အငြိုးနှင့်တွန်းဖွင့်ကာ အပြင်မှ တပ်မှုးကိုအမိန့်ပေးလိုက်သည်။
 

“၀ုန်း…. ”
 

“တောက်….”
 

“ငါ ချက်ချင်းလာခဲ့မယ်။ အခုချက်ချင်း ထောင်ထဲမှာစောင့်နေလို့ ပြောလိုက်…”

 

တပ်မှုးသည် တံခါးဆောင့်ဖွင့်လိုက်သည့်အသံနှင့်အတူ ဓါးနှင့်ပေါက်လျှင် တိမ်းရှောင်ဟန်ပြင်ထားသော်လည်း အိမ်ရှေ့စံ၏စကားကြောင့် လှစ်ခနဲပြေးထွက်လာခဲ့သည်။ စားမာန်ခုတ်နေသည့် အိမ်ရှေ့စံနှင့်ဝေးနိုင်သမျှ ဝေးအောင်သုတ်ခြေတင်တော့သည်။

 

“ယွမ်ချူးခန်… မင်း… မင်း တကယ်ပဲ မင်းရဲ့ နောင်တော်ကို လူသတ်လက်နက်ဖြစ်အောင် လုပ်တော့မလို့လား။ သွေးက ရေထက်ပျစ်ပါတယ်။ မင်း လုပ်မယ့်လုပ်ရပ်ကို တချက်ပြန်စဉ်းစားကြည့်ပါဦး.. ”
 

ဆူမီရာသည် ပြန်လှည့်လာသည့် ယွမ်ချူးခန်ကို တောင်းပန်လိုက်သည်။ ဖြစ်နိုင်လျှင် နောင်တော့်ကို သူ့ညီအရင်းက ဒီလိုရက်စက်သည့် လုပ်ရပ်မျိုးလုပ်မည်ကို ဘယ်လိုမှမကြည့်နိုင်ပေ။ ပြီးတော့ ယွမ်ချူးခန်ကိုလည်း တသက်လုံးမုန်းတီးနေရသည့် လူယုတ်မာအဖြစ်ကို အရောက်မခံနိုင်ပေ။ ဘာပဲဖြစ်ဖြစ် ယွမ်ချူးခန်က မိမိ၏သူငယ်ချင်းပဲဖြစ်သည်။ ဒါကြောင့် အတတ်နိုင်ဆုံး ဖြောင့်ဖြနေခြင်းဖြစ်သည်။

 

ယွမ်ချူးခန်သည် ဆူမီရာ၏ စကားကိုကြားသော် မျက်ဝန်းထဲမှ အမုန်းတရားတို့တလက်လက်တောက်ပလာပြီး အေးစက်စက်ဖြင့်ပြော လိုက်သည်။ မိမိချစ်သော် ဆူမီရာ၏ ပါးစပ်ဖျားမှ နောင်တော်ဆိုသည့် အခေါ်ဝေါ်ကို ဘယ်လိုမှ ဆက်မကြားချင်အောင်ဖြစ်မိသည်။ တင်ဂီရိသည် မိမိ၏နောင်တော်မဟုတ်။ ငယ်ကတည်းက မိမိရသင့်သည့် အခွင့်ရေးများကို လုယူထားသည့်သူ။ နောက်ပြီး မိမိ တသက်မှာ တခါသာ တွေ့ရသည့် ချစ်သူလေး၏ အချစ်ကို အပိုင်စီးထားသူ။ ဒီနှစ်ချက်နှင့်ပင် အသားများကို ခုတ်ထွင်ကာ နူတ်နူတ်စင်းသင့်လေပြီ။

 

“နောင်တော်… ငါ့မှာ ဘာနောင်တော်မှ မရှိဘူး။ ငါက ခန်မင်းကြီးရဲ့ တဦးတည်းသောသား…. ပြီးတော့ ဒီကောင်က ငါရသင့်တဲ့ ငါ့မယ်တော်ရဲ့ အချစ်ကို လုယူထားလို့ လူသတ်လက်နက်အဖြစ် ငါ့ကိုပြန်ပေးဆပ်ဖို့ ထိုက်တန်တယ် ဆူမီရာ…”
 

“ငါ့ကို မင်းရဲ့သူငယ်ချင်းအဖြစ်တောင် မသတ်မှတ်တော့ဘူးလား ယွမ်ချူးခန်.. မင်းကို နောင်တမရစေချင်လို့ အကြံပေးတာပါ။ မင်း နောင်တော့်ကို လူသတ်နက်လက်အဖြစ်လုပ်ရင် အရီးတော် စိတ်ထိခိုက်ပြီး သေသွားနိုင်တယ်..”
 

ဆူမီရာသည် နောက်ဆုံးကြံရာမရသဖြင့် အရီးတော်အမည်ဖြင့် ယွမ်ချူးခန်ကို ဖြောင့်ဖြရတော့သည်။ တကယ်လည်း နောင်တော့်ကို လူသတ်လက်နက်အဖြစ်ပြောင်းလျှင် အရီးတော် ရင်ကွဲနာကျသေမှာ အသေချာပင်။

 

ယွမ်ချူးခန်က ဆူမီရာ၏ စကားကြောင့် ဒေါသမပြေသည့်အပြင် ဆထက်တပိုးတိုးကာ ဒေါသမီးကို လောင်စာလောင်းလိုက်သည့်နှယ် တကိုယ်လုံး ပူလောင်လာအောင် ဒေါသတို့ ကူးစက်လာပြီး ဆူမီရာကို မီးတောက်မတတ်စိုက်ကြည့်ကာ အပြတ်ပြောပြီး စာတွေ့မဟုတ် လက်တွေ့အကောင်ထည်ရန် ထွက်လာခဲ့သည်။

 

“ငါ့ မယ်တော်ကို ဘယ်သူမှ မပြောနိုင်စေရဘူး။ ဒီအကြောင်း ပြန်လာမှ ဆွေးနွေးကြတာပေါ့… ”
 

“ယွမ်ချူးခန်….ယွမ်ချူးခန်”

 

ဆူမီရာသည် ဒေါသမာန်ဟုန်ပြင်းစွာဖြင့် ထွက်သွားသည့် ယွမ်ချူးခန်၏ အနောက်ကို ပြေးလိုက်ချင်သော်လည်း အဆောင်ဝမှ အစောင့်များက တားဆီးထားသဖြင့် ပူပန်သည့်နှလုံးဖြင့် ရင်ကွဲပက်လက်ကျန်ရစ်ခဲ့တော့သည်။

 

ယွမ်ချူးခန်သည် မြေအောက်အကျဥ်းထောင်ကို လာခဲ့စဉ် ထိုင်ခုံတွင် ထိုင်နေသည့် တပ်မှုးလျှိုကို တွေ့သော် မကြည်မသာဖြင့်မေးလိုက်သည်။ ဒီတပ်မှုး မိမိအမိန့်ကို မနာခံပဲ နန်းဆောင်အထိ အတင့်ရဲစွာလိုက်လာသည်ကို မနှစ်မြို့ပေ။ ခမည်းတော်ထံမှ ကြားထားသည်နှင့် အနည်းငယ်ကွဲပြားနေသဖြင့် တပ်မှုးလျှို့ကို ခပ်မာမာမေးလိုက်သည်။
 

“ပြော… ခင်ဗျား ဘာကြောင့် ကျွန်တော့် နန်းဆောင်အထိ လိုက်လာရတယ်ဆိုတာ”
 

“ကျွန်တော်မျိုး ဘိုးတော်မင်းတရားကြီး ချန်ထားရစ်တဲ့ လူသတ်လက်နက် ဖန်တီးမှု လျှို့ဝှက်ကျမ်းကို ရှာတွေ့လို့ အရှင့်သားကို ပိုထိန်းချူပ် နိုင်မယ့် နည်းကို လျှောက်တင်ချင်လို့ပါ”
 

တပ်မှုးလျှိုက မင်းသားလေးလာသည်ကို တွေ့သော် ထိုင်ခုံမှထကာ အရိုသေပေးပြီး ပြောလိုက်သည်။ ထိုစကားကိုကြားသော် ယွမ်ချူးခန် မိမိနားကို မယုံနိုင်ဖြစ်သွားခဲ့သည်။ လူသတ်လက်နက်လုပ်သည့် ကျမ်း… ဒီကျမ်းကို တပ်မှုးလျှို ဘယ်ကရသွားသည်ကို သိချင်သွားသကဲ့သို့ ရင်ထဲ လေးဆင်းသွားသည့် ခံစားချက်တမျိုးကို ခံစားလိုက်ရသည်။ ဒီလျှို့ဝှက်ကျမ်းက တပ်မှုးလျှိုလက်ထဲ လုံးဝ မရှိသင့်သည့် ကျမ်းတစ်စောင်ဖြစ်သည်။ ယွမ်ချူးခန်သည် မျက်မှောင်ကြုတ်ကာ လေသံမာမာနှင့်မေးလိုက်သည်။

 

“ဒီကျမ်းကို ဘယ်က ရခဲ့တာလဲ…ဘိုးတော်ဘုရားက တောင်ခေါင်းထဲမှာ မထားခဲ့တာ သေချာတယ်”
 

“ဒီနန်းတော်ထဲက ရှာတွေ့ခဲ့တာပါ အရှင့်သား.. ”
 

တပ်မှုးလျှိုက ပြုံးစနဲ့နဲ့ဖြင့် ဖြေခဲ့သည်။ သူ့မျက်နှာပုံက တောင်ခေါင်းထဲမှ လိုက်လာကာစရုပ်နှင့် မတူတော့ပေ။ မိမိကို ခန်မင်းကြီး၏ မြေးတော်အနေဖြင့် ရိုသေလေးစားခြင်းအလျင်းမရှိသည့်အပြင် သူ့လက်ထဲ နိုင်ပေါက်ရှိထားသည့်ဟန်ဖြင့် မာန်ကြွသည့် ရုပ်သွင်မျိုးဖြစ်နေသည်။

 

“မင်း … နန်းတော်ရဲ့ဘယ်နေရာကနေ တွေ့ခဲ့တာလဲ… ”
 

“ဘိုးဘေး ကဗျည်းတိုင်တွေ ပူဇော်ပသမှု နန်းဆောင်ကပါ…”

 

တပ်မှုးလျှိုသည် အိမ်ရှေ့မင်းသား၏ ဒေါသကို အမှုမထားဟန်ဖြင့် ဖြေကြားလိုက်သော်အခါ ယွမ်ချူးခန်၏ မျက်လုံးထဲ မီးဝင်းဝင်းတောက် သွားပြီး ချက်ချင်းအမိန့်ပေးလိုက်သည်။
 

“အတင့်ရဲလိုက်တာ… ဒီကောင်ကို ရိုက်စမ်း….အခုချက်ချင်း ရိုက်စမ်း…”

 

မင်းသားလေး၏အမိန့်ကိုကြားသော် သက်တော်စောင့် တပ်မှုးတစ်ဦးက တပ်မှုးလျှိုကို ချက်ချင်း ၀ါးရင်းဒုတ်ရိုက်ချတော့သည်။ သို့သော် တပ်မှုးလျှိုက မရှောင်သဖြင့် ခေါင်းတည့်တည့်အရိုက်ခံလိုက်ရပြီး ဒုတ်က အထက်ကို ပြန်ကန်ထွက်သွားပြီး ထိုတပ်မှုးကို ပြန်ရိုက်မိသဖြင့် အရုပ်ကြိုးပြတ်လဲကျသွားတော့သည်။ ကျန်ရဲမတ်များက လူသတ်စစ်တပ်၏ တပ်မှုးအစွမ်းကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသဖြင့် ကြောက်လန့်သွားကြသည်။
 

“၀ုန်း….”

 

တပ်မှုးလျှိုက အပြုံးမပျက်ပဲ ယွမ်ချူးခန်ကို နှစ်သိမ့်လိုက်သည်။ သူ့လေသံက ယဉ်ကျေးသော်လည်း မျက်ဝန်းက လှောင်ပြောင်ဟန် အထင်းသားပေါ်လွင်နေသည်။
 

“အရှင့်သား စိတ်ထိန်းပါ။ ကျွန်တော်မျိုးက အရှင့်သား အမိန့်ကိုနာခံနေတဲ့ တပ်မှုးပါ။ အရှင့်သားရဲ့ လူတွေ ကျွန်တော့်အသားကို ထိအောင် ရိုက်နိုင်မယ့်သူမရှိဘူး။ ”
 

“လူသတ်စစ်တပ်က တပ်သားတွေက မင်းကို တစစီလုပ်နိုင်တယ် တပ်မှုးလျှို”

 

ယွမ်ချူးခန်သည် မိမိကို ပထမဆုံး ပမာမခန့်လုပ်ရဲသည့် တပ်မှုးကို ခြိမ်းခြောက်လိုက်သည်။ မိမိ၏ ရဲမတ်များက သူ့ကိုထိခိုက်အောင် မလုပ်နိုင်သော်လည်း မိမိဘိုးတော်ခန်မင်းကြီး၏ လူသတ်စစ်တပ်မှ စစ်သည်များက သူ့ကို တစစီဖြဲပစ်နိုင်ပေလိမ့်မည်။ ဒီလို အမိန့်ဖီဆန်သည့် သူကို အမြန်ဆုံးရှင်းပစ်မှဖြစ်မည်ဟု ယွမ်ချူးခန် တွေးလိုက်သော်လည်း တပ်မှုးလျှိုပြောလိုက်သည့် စကားကြောင့် စိတ်ကူးအိပ်မက်တို့ ပြိုကွဲ သွားတော့သည်။
 

“အရှင့်သားကို ကျွန်တော် မရိုသေတာ မဟုတ်ပါဘူး။ ဒီစစ်တပ်ကို ထိန်းချုပ်မယ့် နည်းကို အရှင့်သား မသိဘူး။ ကျွန်တော်မျိုးတစ်ယောက်ပဲ သိတယ်။ ဒါကြောင့် ဒီစစ်တပ်က ကျွန်တော်မျိုးရဲ့ အမိန့်မရပဲ ဘာမှလုပ်မှာမဟုတ်ဘူး။ ကျွန်တော်မျိုးသာ အရှင့်သားပေါ် သစ္စာမရှိရင် ခုချိန် အရှင့်သားရဲ့ ဦးခေါင်း မြေခနေပြီးလောက်ပြီ။”
 

တပ်မှုးလျှိုသည့် ဒီမင်းသားငယ်လေး၏ ဦးခေါင်းထဲ ဘာတွေးနေသည်ကို ဒက်ထိသိပြီး အဓိက အချက်ကို တန်းပြောကာ ခြိမ်းခြောက်လိုက်သည်။

 

ယွမ်ချူးခန်သည် တပ်မှုး၏ ခြိမ်းခြောက်မှုကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မာကျောစွာမေးလိုက်သည်။ ဒီတပ်မှုးကို စ တွေ့ကတည်းက ကောက်ကျစ်မည့်သူဟု ထင်နေခဲ့သည့်အတိုင်း အခု မြွေပွေးခါးပိုက်ပိုက်မိထားပြီးဟု တွေးလိုက်မိသည်။

 

“မင်း ဘာပြောတာလဲ တပ်မှုးလျှို…”
 

“ကျွန်တော်မျိုးရဲ့ အနေထားကို သိအောင် ပြောပြတာပါ အရှင့်သား… အခု လူသတ်လက်နက်ကို ဖန်တီးမယ့် လျှို့ဝှက်နည်း ကျွန်တော်မျိုး လက်ထဲကိုရောက်ပြီ။ ထိန်းချုပ်နည်းကလည်း ကျွန်တော်မျိုးလက်ထဲမှာပဲရှိတယ်။ အရှင့်သား ကျွန်တော်မျိုးကို ဘယ်လိုအဆင့်မျိုးမှာ ထားမလဲ ဆိုတာ မူတည်ပြီး ကျွန်တော်မျိုးရဲ့ သစ္စာရှိမှုကို သက်သေပြပါ့မယ်…”
 

တပ်မှုးလျှိုက မိမိအသာစီး၇နေသည်ကို သိသဖြင့် ထိုင်ခုံပေါ်တွင် ပြန်ထိုင်ပြီး အေးအေးသက်သာ ပြောလိုက်သည်။ သူ့ပုံစံက လက်အောက်ခံ စစ်သည်တော်မဟုတ်ပဲ မဟာမိတ်တစ်ဦးပုံပေါက်နေသည်။

 

 “မင်း… ငါ့ကို ခြိမ်းခြောက်တာလား တပ်မှုးလျှို”
 

“အဲ့လိုကြမ်းတမ်းတဲ့ အသုံးနှုန်းမျိုး မသုံးပါနဲ့လား အရှင့်သား။ ကျွန်တော်မျိုးနဲ့ အရှင့်သားတို့ တယောက်ကို တယောက်အပြန်လှန် ပူးပေါင်းပြီး တလောကလုံးကို အုပ်ချုပ်လို့ရနိုင်တဲ့ အခွင့်လမ်းကို ပြောပြချင်လို့ပါ…”
 

ယွမ်ချူးခန်သည် တပ်မှုးလျှိုကို အေးစက်စက်စိုက်ကြည့်ကာ မေးလိုက်သည်။ တပ်မှုးက နူတ်ခမ်းမွေးကို သပ်ကာ ပြုံးပြီး လုပ်ယူထားသည့် ယဉ်ကျေးသည့် အသံဖြင့် ပြန်ပြောလိုက်သည်။

 

“ပူးပေါင်း အုပ်ချုပ်မယ်… မင်း ဆိုလိုတာက..”

 

ယွမ်ချူးခန်သည် အတင့်ရဲလှသည့် တပ်မှုး၏ စကားကြောင့် ကြက်သေသေသွားခဲ့သည်။ ဒီတပ်မှုး လူသတ်လက်နက်ဖန်တီးသည့် ကျမ်းကို ရသွားသည်နှင့် မူလရုပ်ကိုဖော်ပြတာ မြန်လွန်းလှသည်။
 

“ကျွန်တော်မျိုးက အရှင့်ကျွန်မဟုတ်တော့ဘူး၊ အရှင့်သားရဲ့ တွဲဖက် အဖြစ်လက်ခံပေးဖို့ပြောတာပါ”
 

“အတင့်ရဲလိုက်တာ…. မင်းက ဘိုးတော်မင်းတရားကြီး ဖန်တီးထားတဲ့ တပ်မှုး၊ မင်းရဲ့တာဝန်က ခန်မင်းဆက်တွေကို အလုပ်ကျွေးပြုဖို့ပဲ…”
 

ယွမ်ချူးခန်မပြောနှင့် အနောက်မှာရပ်နေသည့် ကိုယ်ရံတော်တပ်မှုးများက တပ်မှုးလျှို၏ စကားကိုကြားသော် ချက်ချင်းဆွဲကာ ခေါင်းဖြတ်သတ် ချင်စိတ်ပေါ်လာခဲ့သည်။ မတန်မရာ ကျေးကျွန်မျိုးက ခန်မင်းဆက်နှင့် တွဲဖက်အဖြစ် အုပ်ချုပ်ခွင့်ကို တောင်းနေသည်။

 

“ကျွန်တော်မျိုး ကို ဖန်တီးထားတဲ့ ဘိုးတော် ခန်မင်းကြီးရဲ့ အမိန့်ကို တသွေမတိမ်းနာခံခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ခန်မင်းဆက်တွေကို အထောက်ပံ့လည်းပေးမှာပါ။ ဒါပေမယ့် ကျေးကျွန်အဖြစ်နေဖို့တော့ မလိုအပ်တော့ပါဘူး။ အရှင့်သားတို့ဆီမှာ ကျွန်တော်မျိုးကို ထိန်းချုပ်မယ့် နည်း မရှိတော့တဲ့အတွက် ကျွန်တော်မျိုးက အရှင့်သားရဲ့ ကျေးကျွန်မဟုတ်တော့ဘူး။”
 

တပ်မှုးလျှိုသည် ယွမ်ချူးခန်အပါဝင် အခြားရဲမတ်များ၏ မျက်ဝန်းထဲမှ စကားကို နားလည်သူပီပီ အဖြစ်မှန်ကို ပွင့်လင်းစွာပြောလိုက်သည်။ ထိုစကားကိုကြားသော် ယွမ်ချူးခန်က တံဆိပ်ပြားကိုပြကာ တင်းမာစွာအမိန့်ပေးလိုက်သည်။

 

“ဒီ တံဆိပ်ပြားကို မင်း နာခံရမယ် တပ်မှုးလျှို။ မင်းလက်ထဲက လျှို့ဝှက်ကျမ်းကို အခုချက်ချင်း ငါ့ကို ဆက်သစမ်း…”
 

“ဟား…ဟား…ဟား…..ကျွန်တော် သေမတတ်ကြောက်တာ တံဆိပ်ပြားလို့ အရှင့်သား တကယ်ထင်ခဲ့တာလား။ ကျွန်တော်မျိုး တကယ်ကြောက်တာက ကျွန်တော်မျိုး ကိုယ်ထဲစိုက်ထားတဲ့ အပ်တွေကို နှလုံးစီထိုးစိုက်အောင် လုပ်နိုင်တဲ့ပညာကို ကြောက်တာပါ။ ပြီးတော့ အခု အဲ့ပညာကို တတ်တဲ့သူ အားလုံး သေကုန်ပြီ။ပြီးတော့ ဒီနန်းဆောင်ထဲက လူသတ်လက်နက် ဖန်တီးနိုင်တဲ့ ကျမ်းကိုလည်း ပိုင်ဆိုင်ထားပြီဆိုတော့ အရှင့်သားရဲ့ အခြေနေမှန်ကိုလည်း သတိထားမိရောပေါ့.. ”
 

တပ်မှုးလျှိုက ၀ါးလုံးကွဲရယ်ချလိုက်ပြီး ယွမ်ချူးခန်ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်တော့သည်။ ရဲမတ်များသည် လူသတ်ချင်စိတ်ဖြင့် အားလုံး ဓါးကို ဆွဲထုတ်လိုက်ကြသည်။ သို့သော် ယွမ်ချူးခန်က လက်ပြကာ ဟန့်တားထားလိုက်သည်။

 

“မင်း သစ္စာဖောက်တာပေါ့ ဟုတ်လား တပ်မှုးလျှို”
 

“ကျွန်တော်မျိုး သစ္စာဖောက်ရအောင် သစ္စာခံထားတာ အရှင့်သားဆီ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်မျိုးနဲ့ ပူးပေါင်းဖို့ကိုပဲ တချက်စဉ်းစားတော်မူပါ… ကျွန်တော်မျိုး အရှင့်သားဆီက အဖြေကို နောက်သုံးရက်မှာ လိုချင်တယ်…အခုတော့ မြို့ထဲမှာ လွတ်လပ်တဲ့ အရသာကို သွားခံစားလိုက်ပါဦးမယ်…”

 

တပ်မှုးလျှိုသည့် စဉ်းစားဥာဏ်ရှိသည့် မင်းသားလေးကို အချိန်ပေးပြီး ထောင်ထဲမှ အတားဆီးမရှိ မြို့ထဲကိုထွက်သွားတော့သည်။ တောင်စောင်းထဲ အောင်းနေခဲ့သမျှ မြို့ထဲမှ နုထွားသည့် မိန်းမလှလေးများ၏ အရသာကို ခံစားလိုက်ဦးမည်။ တကယ်တော့ နန်ကျောင် နန်းတွင်းထဲမှ နန်းတွင်းသူ အချောလှများကို မြည်းချင်သော်လည်းပဲ မိမိကို ပူးပေါင်းစေချင်သည့်အတွက် မတို့မထိပဲ တမင်ထားခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း ပူးပေါင်းပြီးမှာ စိတ်တိုင်းကျလုပ်မည်ဟု တေးထားခဲ့သည်။

 

-----------------------

 

ယွမ်ချူးခန်သည် အမတ်ချုပ်ကြီး တားဂေါတိုင်းထံကို ချက်ချင်းလာတိုင်ပင်သည်။ လောလောဆည် တင်ဂီရိကို အနိုင်ရချင်ဇောဖြင့် ထုတ်သုံးလိုက်သည့် လက်နက်က မိမိကို အရင်ထိမည်ဟု လုံးဝမထင်ခဲ့ပေ။
 

“အမတ်ချုပ်ကြီး… ဒီကောင်ကို ဘယ်လိုထိန်းချုပ်မလဲ….”
 

“တပ်မှုးလျှိုက ပူဇော်ပသတဲ့ နန်းဆောင်က လျှို့ဝှက်ကျမ်းကို ဘယ်လိုရှာတွေ့သွားတာလဲ…”
 

တားဂေါတိုင်းသည်လည်း လျှို့ဝှက်ကျမ်းရှီသည့် နေရာကို တန်းတန်းမတ်မတ်သိနေသည့်အတွက် ထိတ်လန့်သွားခဲ့သည်။ တကယ်ဆိုလျှင် အရင်မင်းကြီးနတ်ရွာစံတော့ မိမိကို သေချာမှာကြားထားသဖြင့် ကဗျည်းတိုင်များထားသည့် အဆောင်တွင် သေချာသိမ်းဆည်းထား ခဲ့ခြင်းဖြစ်သည်။ မိမိပင်လျှင် မေ့လျော့နေသည့် အချက်ကို တပ်မှုးလျှိုသိရှိကာ အရယူသွားနိုင်သည့်အတွက် တားဂေါတိုင်း စိတ်ပူပန်သွားခဲ့သည်။

 

“ဒါတော့ ကျွန်တော် မသိဘူး။ သူပြောပြလို့ သိရတာ… ဒီကောင်ကို ထိန်းချုပ်မယ့် နည်းမရှိတော့ဘူးလား အမတ်ချုပ်ကြီး…”
 

“သူပြောတဲ့အတိုင်းဆို မရှိတော့ပါဘူး အရှင့်သား…. ကျွန်တော်မျိုးတို့ သူ့ကိုသတ်ပစ်ဖို့ပဲ စဉ်းစားရတော့မယ်…”
 

နောက်ဆုံး ထိုတပ်မှုးကို လက်စတုံးသတ်ပစ်ရန်သာ အကြံပေးနိုင်တော့သည်။ ယွမ်ချူးခန်သည် တပ်မှုးလျှို၏ တုတ်ပီး ဒါးပီး အခြေနေကို ပြန်မြင်ယောင်ပြီး ပြန်မေးလိုက်သည်။

 

“သတ်ပစ်ဖို့… လူသတ်စစ်တပ်က တပ်မှုးကို သတ်နိုင်တဲ့ လက်နက်ရှိသေးတာလား…”
 

“သူပြောသွားတဲ့အထဲက သူ့ကို သေအောင်လုပ်နိုင်တဲ့ ပညာကို တတ်တဲ့သူ အားလုံးသေကုန်ပြီလို့ ပြောခဲ့တယ်။ တကယ်တော့ တယောက်ကျန်သေးတယ်”
 

တားဂေါတိုင်းက မိမိတယောက်သာသိသည့် လျှို့ဝှက်ချက်ကို နောက်ဆုံးဖွင့်ပြောပြလိုက်သည်။

ယွမ်ချူးခန်သည် အကြီးကျယ်စိတ်ဓါတ်ကျနေရာမှ အမတ်ချုပ်ကြီး၏စကားကိုကြားသော် ချက်ချင်းတက်ကြွလာခဲ့သည်။

 

“ဟုတ်လား…. အဲ့လူက ဘယ်သူလဲ ။ အခုသွားပြီး အကူညီတောင်းရမယ် အမတ်ချုပ်ကြီး…”
 

“သက်တန့်တောင်ပေါ်က သမားတော်ထန်ပါ… ”
 

“ဆူမီရာရဲ့ ဆရာဖိုးဖိုးပေါ့”
 

“ဟုတ်ပါတယ်….”
 

“ဒါဆို ဆူမီရာ ဒီနည်းကိုသိလောက်တယ်…”
 

ယွမ်ချူးခန် ၀မ်းသာစွာဖြင့် အဆောင်ကို အမြန်ပြေးလာခဲ့သည်။ တော်သေးသည်။ ခုနက ဆူမီရာကိုသာ အတင်းကျပ်သိမ်းပိုက်မိလျှင် အခု လက်ရှိအခြေနေကို မိမိဘယ်လိုဖြေရှင်းရမှန်း သိမည်မဟုတ်တော့ပေ။ ဘုရားမလို့ လက်မတင်လေး ဆူမီရာကို နာကျည်းအောင်လုပ်မည့်ဘေးမှ ကပ်လွတ်သွားခဲ့သည်။

 

“ဆူမီရာ… ”
 

“ယွမ်ချူးခန်… မင်း နောင်တော့်ကို လူသတ်လက်နက်ဖြစ်အောင် ဖန်တီးခဲ့ပြီလား…”

 

ယွမ်ချူးခန်ထွက်သွားကတည်းက ဆူမီရာ ပူလောင်သည့်နှလုံးသားဖြင့် ဆောက်တည်ရာမရ ဖြစ်နေခဲ့ရာမှ မိမိအမည်ကိုခေါ်ပြီး  ၀င်လာသည့် ယွမ်ချူးခန်ကြောင့် အပြေးလွှားထွက်လာပြီး မေးလိုက်သည်။ နောင်တော့်ကို အသိစိတ်ကင်းမဲ့အောင် လုပ်လိုက်ပြီလားဆိုတာ သိရဖို့ အရေးကြီးနေသည်။ ယွမ်ချူးခန်သည် ဆူမီရာ၏ အမေးကို ကြားသော် ရင်ထဲ ဆစ်ခနဲဖြစ်သွားသော်လည်း တည်ငြိမ်စွာဖြေလိုက်သည်။
 

“ငါ မဖန်တီးခဲ့ဘူး မီရာ… ”
 

“တော်ပါသေးရဲ့… မင်းက လူဆိုး မဟုတ်ပါဘူး ယွမ်ချူးခန်… မင်း… ငါပြောတာကို နားထောင်ပါ… ”
 

ဆူမီရာသည် ယွမ်ချူးခန်၏ စကားကြောင့် စိတ်သက်သာရာ ရသွားပြီး ထိုင်ခုံပေါ်ထိုင်ချကာ မျက်နှာကိုလက်ဝါးနှင့် အုပ်ထားမိတော့သည်။ ခုန်နေသည့် ရင်က ခုမှသက်သာတော့သည်။

 

ယွမ်ချူးခန်သည် ဆူမီရာ၏ အမူရာကို ရင်နာနာဖြင့်ကြည့်ကာ ငြင်သာစွာဖြင့် အကူညီတောင်းလိုက်သည်။

 

“မီရာ… အခု ငါ ပြဿနာကြုံနေပြီ။ ငါ့ကို ကူညီပေးပါ…”
 

“မင်း… ဘာဖြစ်ခဲ့လို့လဲ…”

 

ဆူမီရာသည် ခုနနှင့် မတူ ကွာခြားလှသည့် စကားသံကြောင့် မျက်နှာကို အုပ်ထားရာမှ လက်ကိုဖယ်ခွာပြီး မေးလိုက်သည်။ ယွမ်ချူးခန်၏ မျက်နှာက စိတ်ရှုပ်ထွေးကာ ကြံရာမရသည့်ပုံ အထင်းသားပေါ်လွင်နေသည်ကို ခုမှ သတိပြုမိသည်။

“တပ်မှုးလျှို ငါ့ကို သစ္စာဖောက်သွားပြီ။ သူ့လက်ထဲ အားလုံးရောက်သွားပြီ…”
 

ဆူမီရာသည် ယွမ်ချူးခန်ပြောပြသည်ကို အားလုံးနားထောင်ပြီးနောက် ထိတ်လန့်သွားခဲ့သည်။

 

“ဖိုးဖိုးအကြောင်း မင်း ဘယ်လိုသိခဲ့တာလဲ…”
 

“အမတ်ချုပ်ကြီးက ပြောပြခဲ့တာ.. မင်း ဖိုးဖိုးဆီသွားပြီး အကူညီတောင်းပေးပါကွာ… ဒီကောင်ကို နှိမ်နင်းမယ့်သူ မရှိတော့ရင် အားလုံး အသတ်ခံရတော့မယ်…မင်းဖိုးဖိုးက ဟိုကောင် တပ်မှုးလျှိုကို နိုင်တဲ့ ရေခဲအပ်လက်နက်ပုန်းပညာကို တတ်တဲ့ တစ်ဦးတည်းသော သူပဲ။”

 

ဆူမီရာသည် ထိုပညာကိုကြားသော် မယုံကြည်ဟန်ဖြင့် ယွမ်ချူးခန်ကို ငေးကြည့်ကာပြန်ပြောလိုက်သည်။
 

“ရေခဲအပ်လက်နက်ပုန်းပညာနဲ့ အဆိပ်ကုထုံးကို ပြောတာလား”
 

“ဟုတ်တယ်။ မင်း ဒီပညာကို တတ်သလား…”
 

“ဟင့်အင်း.. အဲ့ပညာကို နောင်တော်တင်ဂီရိပဲ တတ်တယ်။ ငါက ဆေးပညာကို သင်ယူခဲ့တာ..”
 

“ဘာ… တင်ဂီရိက ဒီပညာကို တတ်တယ် ဟုတ်လား။ သူ အဆိပ်ပညာကို တတ်တယ်ဆိုရင် ဘာကြောင့် အဆိပ်မိမှာလဲ…”
 

“နောင်တော့်ကို ထိခိုက်အောင် လုပ်နိုင်တဲ့ အဆိပ်မရှိဘူး..ယွမ်ချူးခန်…. ”
 

“ဒါဆိုရင် တင်ဂီရိက ဘာကြောင့် အဆိပ်ကြောင့် ငါ့လက်ထဲ အဖမ်းခံရတာလဲ…”

 

ယွမ်ချူးခန်သည် ဆူမီရာပြောသည့် စကားကြောင့် တစုံတခုမှားယွင်းနေသည်ကို ရိပ်မိသွားပြီး ရေရွတ်လိုက်သည်။ ဆူမီရာသည် ယွမ်ချူးခန်၏ စကားကိုကြားတော့မှ စိတ်သက်သာရာရသွားတော့သည်။ နောင်တော် တင်ဂီရိ တမင် အမိခံခဲ့ခြင်းဖြစ်သည်ကို သိလိုက်သည်။

 

--------------------------------------


 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet