စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (41)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (41)


“သခင်မလေး…သခင်မလေး …၀ူတိုင်းပြည်က မိဖုရားခေါင်ကြီး အဆိပ်နဲ့လုပ်ကြံခံရပါတယ်…”
 

သန်းခေါင်ကျော်တော့ နန်းစောင့်တပ်မှုးက ဟီဒယ်ကိုအရေးတကြီးအကြောင်းကြားတော့ ဟီဒယ်ခေါင်းပုပ်လာက် ကြီးသွားသလိုကို ခံစားလိုက်ရသည်။ အဆိပ်ဟုဆိုသောကြောင့် စိတ်ပူပြီး ချက်ချင်း ဆူမီရာကို ခေါ်ရန် အပျိုတော်တစ်ဦးကို အမိန့်ပေးလိုက်သည်။

 

“အရှေ့ဘက်ဆုံးနန်းဆောင်က သခင်မရဲ့ မိတ်ဆွေကို သွားခေါ်ခဲ့ပါ။ အရေးကြီးတယ်လို့ပြော။ ချက်ချင်းခေါ်ခဲ့။ ဆေးတွေပါယူလာဖို့ပြောလိုက်…”

 

လေလိုလျှင်မြန်လှသည့် အလျင်နှင့် ဟီဒယ်ပြေးလာခဲ့သည်။ အရီးတော်၏အဆောင်ကိုရောက်တော့ နန်းစောင့်တပ်မှုးကြီးကို ဖြစ်သမျှမေးလိုက်သည်။
 

“နန်းစောင့်တပ်မှုးကြီး…. ဘယ်လိုဖြစ်တာလဲ…”

 

“သခင်မလေး…. ရန်သူက ပုန်းကွယ်ပြီးစောင့်ဆိုင်းနေတာ ဖြစ်နိုင်ပါတယ်။ ၀ူမယ်တော်ကြီး ပြန်လာပြီး စက်ရာဆောင်ဝင်တဲ့ အချိန်ကို စောင့်ပြီး အဆိပ်ဓါးမြှောင်နဲ့ပစ်သွားတာပါ။ နန်းတွင်းသမားတော်ကို ခေါ်ထားပါပြီ…သခင်မလေး..”

 

နန်းစောင့်တပ်မှုးကြီး၏စကားက ဟီဒယ်၏ပူပန်မှုကိုတိုးသွားစေသည်။ အရီးတော်က ခရီးပန်းလာပြီး အားနည်းနေသဖြင့် မည်သည့်နည်းနှင့်မှ အဆိပ်ကိုခံနိုင်မည်မဟုတ်ပေ။

 

“အရီးတော်ဘယ်လိုနေလဲ…”
 

“သတိလစ်မေ့မျောနေပါတယ်..သခင်မလေး… ကျွန်တော်မျိုး အဆောင်ပတ်လည်ကို လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားပါတယ်..”

 

“တရားခံကို မိအောင်ရှာ။ လျံနန်းတွင်းမှာ လုပ်ကြံခံရတယ်ဆိုတော့ ဒါအတွင်းလူမပါပဲ ဘယ်လိုမှမဖြစ်နိုင်ဘူး…”
 

ဟီဒယ် အံကြိတ်ကာ ပြတ်သားစွာအမိန့်ပေးလိုက်သည်။ ယနေ့ဖြစ်ရပ်သည် မိမိသာမက လျံတိုင်းပြည်၏မျက်နှာကို အိုးမည်းသုတ်လိုက်သလိုပင်။ လျံနန်းတွင်းမှာလုပ်ကြံခံရသည့် သတင်းက နှစ်နိုင်ငံစစ်ဖြစ်သွားနိုင်သည်မဟုတ်လား။ ပိုဆိုးတာက မိမိချစ်သည့်သူ၏ မယ်တော်က မိမိနန်းတော်ထဲ လုပ်ကြံခံရခြင်းက ဟီဒယ်၏ ရင်ကိုနာကျင်စေသည်။ရှက်သည်။ ၀မ်းနည်းသည်။ အကိုတော်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းမသိအောင်ဖြစ်မိသည်။ ထိုစဉ် အစ်ကိုတော်ဂျူဒါအမ်း ရောက်လာပြီး စိုးရိမ်တကြီးမေးသည်။ ဟီဒယ်သည် အကိုတော့်မျက်နှာကိုမကြည့်ရဲအောင် ရှက်ရွံသွားမိသော်လည်း စိတ်ကိုတင်းကာဖြေကြားလိုက်သည်။

 

“ဟီဒယ်… မယ်တော်ဘယ်မှာလဲ..”
 

“အရီးတော် အထဲမှာရှိပါတယ် အကိုတော်… ”
 

“မယ်မယ်…မယ်မယ်ဘုရား…”
 

ဂျူဒါအမ်းသည် ပူပန်သည့်စိတ်နှလုံးဖြင့် မယ်တော့်အဆောင်ထဲကိုဝင်သွားပြီး မယ်တော့်ကို ဖက်ကာယူကျုံးရ ခေါ်နေသော်လည်း ၀ူမိဖုရားခေါင်ကြီးက အဆိပ်ဒဏ်ကြောင့် မျက်ခုံနှစ်ခုကြား မည်းစပြုလာသည်။ ထိုစဉ် နန်းတွင်းတော်ဝင်သမားတော်နှင့်အတူ အမတ်ကြီးများရောက်လာခဲ့သည်။

 

“အကိုတော် သမားတော်ရောက်လာပါပြီ…”

 

ဟီဒယ်က အရီးတော်ကိုဖက်ထားသည့် အကိုတော့်ကို ကြင်နာစွာပြောလိုက်သည်။
 

“သမားတော်ကြီး မယ်တော့်ကို အဆိပ်အရင်ဖြေပေးပါ… မယ်တော်က အားနည်းနေတာ။ အဆိပ်ဒဏ်ကို ခံနိုင်ရည်မရှိဘူး…”
 

ဂျူဒါအမ်းသည် သမားတော်ကြီးကို အားကိုးတကြီးနှင့်အဆိပ်ဖြေပေးရန်ပြောလိုက်သည်။ မယ်တော်သာ တခုခုဖြစ်သွားလျှင်ဆိုသည့် အတွေးကြောင့် မိခင်ကို ချစ်ခင်သည့်သားပီပီ မျက်နှာကထိန်းမရအောင်ပျက်နေသည်။ ဟီဒယ်သည် အကိုတော်ကို ကြည့်ကာရင်မှာမချိအောင်ခံစားနေရသည်။ သို့သော် မိမိလုပ်စရာများစွာရှိသေးသဖြင့် မျက်နှာမပျက်အောင် ထိန်းထားရသည်။ မီဒယ်က အပြေးလွှားရောက်လာပြီး အပြင်တွင် မျက်ရည်ကျနေပြီ။ သူမ၏ အနာဂါတ်ခင်ပွန်း၏ မယ်တော်ဆိုတော့ မီဒယ်လည်းပူရှာမှာပေါ့ဟု တွေးပြီး ဟီဒယ်ရင်ထဲစူးအောင့်သွားမိသေးသည်။ မနေ့ညက မိမိမေ့ထားချင်သည့်အချက်ကို ချက်ချင်းသတိရသွားသည်။ မိမိသာ စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး မထွက်ခဲ့လျှင် လုံခြုံရေးကို တင်းကျပ်ပြီး နန်းတွင်းလုံခြုံရေးကို ကိုယ်တိုင်ကြီးကျပ်လျှင် ဒီလိုဖြစ်လာမည် မထင်ပါ။ ယခုတော့ မိမိ၏ ခံစားချက်ကြောင့် အရီးတော်ကို လုပ်ကြံသည့်အခွင့်ရေးရသွားခဲ့သည်။ တရားခံက မိမိပဲဖြစ်သည်ဆိုသည့် အတွေးက ဟီဒယ်ရင်ကို နာကျင်စေလွန်းသည်။

 

“မှန်လှပါ မင်းသားလေး။ ကျွန်တော်မျိုးစစ်ဆေးကြည့်ပါရစေ…”
 

သမားတော်ကြီးသည် ဂျူဒါအမ်းမင်းသားကို ဖယ်ခိုင်းပြီး သွေးကြောစမ်းလိုက်သည်။ သွေးကြောစမ်းပြီး မျက်ခုံးနှစ်ခုကြားက အမည်းရိပ်ကိုကြည့်ပြီး မျက်နှာပျက်သွားသည်။ ချက်ချင်း ငွေအပ်ကိုထုတ်ယူပြီး လက်ညှိုးနှင့်လက်မကြား အကြောကိုအပ်စိုက်လိုက်ပြီးချက်ချင်းပြန်နူတ်ကာ အပ်ကိုကြည့်လိုက်စဉ် ခဲပုပ်ရောင်ပြောင်းသွားသည်ကို တွေ့သော် လန့်သွားသည်။ ဂျူဒါအမ်းနှင့်ဟီဒယ်က သမားတော်၏ မျက်နှာရိပ်ကြောင့်စိုးရိမ်သွားသည်။ ထို့ကြောင့် တော်ဝင်သမားတော်ကြီးကို အမိန့်ပေးလိုက်သည်။

 

“သမားတော်ကြီး… ဘာဖြစ်လို့လဲ… ဖြေဆေးအမြန်ဖော်စပ်ပြီး အရီးတော်ကိုသတိရအောင်ကုပေးပါ…”
 

“သတ်ရင်လည်း သေရမှာပါ သခင်မ။ ဒီအဆိပ်က သုံးပါးအဆိပ်ပါ။ ကျွန်တော်ဖြေဆေးကိုဖော်စပ်ဖို့ အချိန်တစ်လကြာနိုင်ပါတယ်။ ဒါတောင် အဆိပ်လုံးဝပြေသွားဖို့ အာမမခံနိုင်ပါဘူး…”
 

“သမားတော်ကြီး… ဘာကြောင့်အာမမခံနိုင်တာလဲ…. ”
 

သမားတော်ကြီးက မင်းသမီး၏အမေးကို အမှန်တိုင်းဖြေကြားလိုက်သည်။

 

“ဒီအဆိပ်က အဆိပ်သမားတော်ရဲ့ ပျောက်ကွယ်သွားတဲ့အဆိပ်ကျမ်းထဲက ဖော်စပ်နည်းဖြစ်လို့ ဖြေဆေးကို ကျွန်တော်မျိုးတို့ မသိနိုင်တာပါ…”
 

“အဆိပ်သမားတော်ရဲ့ နည်းဟုတ်လား။ ဟီဒယ်… မယ်တော့်ကို ကယ်ပါဦး… မင်းရဲ့သူငယ်ချင်း ဆူမီရာက ဒီနည်းကို ဖော်စပ်နိုင်မှာသေချာတယ်… သူ့ကိုအကူညီတောင်းပေးပါ…”
 

ဂျူဒါအမ်းသည် သမားတော်ပြောသည်ကိုကြားသော် ဟီဒယ်၏လက်ကဆုပ်ကိုင်ပြီး ချက်ချင်းတောင်းပန်လိုက်သည်။ ထိုစဉ် ဆူမီရာရောက်ရှိလာခဲ့သည်။ ဆူမီရာက မျက်နှာဖုံးစွပ်ထားသဖြင့် သူ့ကိုဂျူဒါအမ်း လုံးဝမမှတ်မိပေ။ အဆောင်ထဲ လူငယ်လေးတစ်ဦးဝင်လာသည်ဟုသာ ထင်သည်။

 

“ဟီဒယ်…. ဘာဖြစ်လို့လဲ…”
 

“အရီးတော်ကို ကယ်ပေးပါ။ အရီးတော် သုံးပါးအဆိပ်ကိုမိထားလို့… ခုချက်ချင်းကယ်ပေးပါ…”
 

“ကောင်းပြီ… လူတွေအားလုံးထွက်ပေးပါ…. အရှင့်သားလည်းထွက်ပေးပါ။ ဟီဒယ်နဲ့ အပျိုတော်တစ်စုပဲကျန်နေပေးပါ။ ”
 

ဆူမီရာသည် အခြေနေကိုကြည့်ပြီး အရေးကြီးသည်ကိုတွေ့သဖြင့် လုပ်စရာကို ချက်ချင်းညွှတ်ကြားတော့သည်။ ဂျူဒါအမ်းက နားမလည်နိုင်စွာဖြင့် မေးသည်။ တကယ်တမ်းက ဆူမီရာကို သွားခေါ်စေချင်သည်ကို ယခုလူငယ်ကို ဆေးကုခိုင်းသဖြင့် စိတ်ပူနေခြင်းဖြစ်သည်။

 

“သူက ဘယ်သူလဲ…ဟီဒယ်… သူ မယ်မယ့်ကို ကုပေးနိုင်မှာသေချာရဲ့လား…”

 

“ကျွန်မမိတ်ဆွေ သမားတော်လေးပါ။ အကိုတော် ကျွန်မကို ယုံကြည်တယ်ဆိုရင် အပြင်ကိုထွက်ပေးပါ။ ကျွန်မ အရီးတော်ကို အကောင်းဆုံးဖြစ်အောင် ကုသပေးဖို့ကတိပေးပါတယ်…”

 

“ကောင်းပြီ…”
 

ဂျူဒါအမ်းသည် ဟီဒယ်၏ မျက်လုံးထဲကိုစိုက်ကြည့်ကာ ခေါင်းငြိမ့်ကာအပြင်ကိုထွက်သွားသည်။ ဟီဒယ်က နန်းစောင့်တပ်မှုးကြီးကို ချက်ချင်းအခန်းထဲ အဆိပ်ထုတ်မပြီးမချင်း မည်သူ့ကိုမှ ၀င်ခွင့်မပြုရန်မှာကြားထားလိုက်သည်။

 

“တံခါးတွေ အားလုံးပိတ်။ ဟီဒယ်… နင် အရီးတော်ရဲ့ အပေါ်ခြုံအ၀တ်တွေကိုချွတ်လိုက်။ အပ်စိုက်ရမယ်.. သွေးကြောမကြီးတွေကို အပ်စိုက်ပြီး အဆိပ်ပျံ့တာကို တားရမယ်… အပျိုတော်တွေ ရေချိုးဆောင်မှာ ဒီဆေးပင်၊ဆေးမြစ်တွေကို ကြိုပြီး ရေဇလုံထဲထည့်ထားလိုက်။ အပျိုတော်တစ်ယောက် မင်းသမီးကိုကူပေးပါ.. ကျန်တဲ့သူတွေ ရေစွတ်ထားတဲ့အ၀တ်တွေကို ပြင်ထား။ ”

 

ဆူမီရာသည် လုပ်စရာကို ချက်ချင်းညွှန်ကြားသလို ငွေအပ်ကိုထုတ်ကာ သေချာပြင်ဆင်သည်။ ဆေးတချို့ကို ရေနှင့်ကြိုခိုင်းသည်။ ဆေးတချို့ကို ရေစည်ထဲထည့်စေသည်။ ဟီဒယ်သည် အရီးတော်၏ အေးစက်လာသည့် လက်ကိုကိုင်ကြည့်ပြီး စိတ်ပူစွာထပ်မေးသည်။ အပျိုတော်များမကြားအောင်လည်း တိုးငြင်းစွာဖြင့် မိမိခံစားချက်ကို တိုးတိုးလေး ရင်ဖွင့်လိုက်သည်။

 

“ဆူမီရာ… နင်ကုနိုင်တယ်နော်… နင့်ကို ငါအားကိုးတယ်.. အစွမ်းကုန်ကုပေးပါ…အကိုတော်ရဲ့ မယ်တော် ငါ့တိုင်းပြည်ထဲမှ တခုခုဖြစ်သွားရင် ငါ ဘယ်လိုမှ သူ့မျက်နှာကိုကြည့်ရဲမှာမဟုတ်ဘူး။ ”
 

“စိတ်ချပါ ဟီဒယ်… ငါ ပညာကုန်သုံးပြီး ကုပေးပါ့မယ်။ အရမ်းစိတ်မပူပါနဲ့။ ငါ့ဆီမှာ သုံးပါးအဆိပ်ဖြေဆေးပါတယ်။ တော်သေးတယ်။ ဖိုးဖိုးက လိုလိုမယ်မယ်ထည့်ပေးလိုက်လို့။ ငါစိုးရိမ်တာက အဆိပ်က နှလုံးသွေးကြောမကို ပုပ်သွားစေမှာကိုပဲ… ကဲ… အပျိုတော်သုံးယောက်နဲ့ ဟီဒယ်… အရီးတော်ရဲ့ ခြေလက်တွေကိုဖိထားလိုက်။ ငါအပ်စိုက်တာနဲက နာလွန်းလို့ အတင်းရုန်းလိမ့်မယ်… ငါ ဒဏ်ရာကနေ အဆိပ်ထုတ်မှာ…”
 

ဆူမီရာက ဟီဒယ်၏ ခံစားချက်ကိုနားလည်သည်။ ဒါကြောင့် အပိုစကားမဆိုပဲ ကုသမှုမှာ ကြုံရမည်ကို သတိပေးကာ အပ်ကို အရေးကြီးသည့်အကြောမကြီးရှစ်နေရာကို စိုက်လိုက်သည်နှင့် သတိမေ့နေသည့် အရီးတော်က နာကျင်လွန်းသဖြင့် စိတ်မှတ်မဲ့တုန့်ပြန်ပြီး ရုန်းကန်တော့သည်။ ခုတင်ပေါ်ဖိထားသည့်သူများပင် လဲပြိုကျသည်အထိ ရုန်သဖြင့် လူအင်အားထပ်တိုးပြီး ဖိထားစေသည်။

 

“၀ုန်း…ဒုန်း…”

 

ဟီဒယ်နှင့်အပျိုတော်အားလုံး တကိုယ်လုံးအားသုံးကာဖိထားသည့်ကြားက ကန်ကျောက်သည့်အသံက ဆူညံစွာ ထွက်ပေါ်လာသည်။
 

“မယ်မယ်… ဟီဒယ်… အထဲမှာအဆင်ပြေရဲ့လား..”
 

ဂျူဒါအမ်းက စိုးရိမ်တကြီးနှင့်အပြင်မှလှမ်းကာအော်မေးလိုက်သည်။ ဟီဒယ်က ချက်ချင်းပြန်ဖြေလိုက်သည်။

 

“ဘာမှမဖြစ်ဘူး အကိုတော်။ အဆိပ်ထုတ်ပေးနေတာပါ…”

 

မီဒယ်သည် အကိုတော့်နားတွင် ကပ်ကာ အားပေးနေသည်။ သို့သော် မိခင်အတွက်ပူနေသည့် ဂျူဒါအမ်းက မီဒယ်ကို သတိပင်မပြုမိပေ။ ထန်လိုခိသည် လုံခြုံရေးကို ကိုယ်တိုင်လှည့်ပတ်ကာစစ်ဆေးနေသည်။ အထဲတွင် ဟီဒယ်နှင့်အတူ ကုသနေသော သမားတော်က ဘယ်သူဖြစ်မလဲဟု တွေးကာ သံသယ၀င်နေမိသည်။

ဒဏ်ရာမှ သွေးမည်းများစိမ့်ကျလာသည်နှင့် ဆူမီရာက သတိပေးလိုက်သည်။
 

“ဒဏ်ရာကပြန်စိမ့်ထွက်လာတဲ့သွေးတွေကို မထိမိစေနဲ့။ အဲ့သွေးက အဆိပ်ဖြစ်နေပြီ။ မင်းတို့ကိုယ်မှာ ထိခိုက်ရှနာရှိရင် အဆိပ်မိပြီး တစ်ခါတည်း အူပြတ်ပြီးသေသွားလိမ့်မယ်…”
 

“အပျိုတော်တို့..အရီးတော်ကို ၀ိုင်းပွေ့ပြီး ဆေးရည်စည်ပိုင်းထဲ စိမ်ပေးကြပါ…”

 

ဝူမိဖုရားကြီးကို ဆေးရေစည်ထဲစိမ်ပြီးနောက် ဟီဒယ်က မေးလိုက်သည်။ အရီးတော်က ပျော့ခွေလို့နေသဖြင့် စိုး၇ိမ်စိတ်က မလျော့နိုင်အောင်ဖြစ်နေမိသည်။

 

“အရမ်းစိတ်မပူနဲ့ဟီဒယ်။ လက်မောင်းဒဏ်ရာက စီးကျတဲ့သွေးက နီရဲလာပြီ။ အဆိပ်တွေကုန်သွားပြီဆိုရင် ဒဏ်ရာကိုဆေးကျောပြီး ဆေးထည့်ပေးရုံပဲ…”
 

ဆူမီရာ၏စကားကိုကြားမှ ဟီဒယ် သက်ပြင်းကြီးချလိုက်မိသည်။ စိတ်ကိုလျှော့လိုက်လို့မဖြစ်သေးပေ။ လုပ်ရမှာအများကြီး ရှိသေးသဖြင့်ဟီဒယ် စိတ်ကိုတင်းထားလိုက်သည်။

 

“အဆိပ်အားလုံးကုန်ပြီလား။”

 

“ကုန်သလောက်ရှိပြီ။ ဒါပေမယ့် အရီးတော် သတိရလာရင် နှိပ်ပြီး အကြောထဲက အဆိပ်အားလုံးကိုချွေးအဖြစ်စွန့်ထုတ်အောင်လုပ်ရမယ်။ အဲ့ချိန် နင့်ကိုအားကိုးတယ် ဟီဒယ်။ ငါက ယောကျာ်းလေးဆိုတော့ မသင့်တော်ဘူး။ နင့်ကို အကြောနေရာပြပေးမယ်။ နင်က နှိပ်ပေးပါ…နင်က ဓါးရေးလေ့ကျင့်ထားတဲ့သူဆိုတော့ နင့်လက်က သန်မာတယ်။ ဒါမှအဆိပ်အားလုံးထုတ်နိုင်လိမ့်မယ်…အခုတော့ မစိုး၇ိမ်ရတော့ပါဘူး.. နင် အပြင်ထွက်ပြီး နောင်တော်ဂျူဒါအမ်းကို အကျိုးကြောင်းပြောပြလိုက်ပါဦး…”
 

“တော်သေးတယ် ဆူမီရာရယ်။ နင်ရောက်နေလို့…”
 

ဟီဒယ်သည် ချစ်သူ၏ မိခင်ကို ကယ်တင်ပေးနိုင်သဖြင့် ၀မ်းသာစွာဖြင့် သူငယ်ချင်းကိုဖက်ထားလိုကသည်။ အပြင်ထွက်ပြီး အကျိုးကြောင်းပြောမည်အပြု အပြင်ဘက်မှ ခမည်းတော်အသံကိုကြားလိုက်ရသည်။

 

“သမီးတော်… ကုသမှုပြီးပြီလား။ ခမည်းတော် ၀င်လာလို့ရပြီလား…”
 

“ဟိုက်… နင့်ခမည်းတော်ရောက်နေပြီ။ ငါရောက်နေတာ သိတော့မယ်…”
 

ဆူမီရာလည်း ထိုအခါမှ မျက်လုံးပြူးသွားတော့သည်။ ဟီဒယ်လည်း နောင်တရစွာတောင်းပန်လိုသည်။

 

“အေး… ငါလည်းစိုး၇ိမ်လွန်ပြီး နင့်ကိုခေါ်ခိုင်းလိုက်တာ။ ခုနင့်ကိုသွားခိုင်းရင်လည်း အရီးတော်ကို ဘယ်သူဆက်ကုမှာလဲ။ ”

 

ဟီဒယ်က ဆူမီရာကိုကြည့်ကာ စိတ်ညစ်ညစ်နှင့်ညည်းလိုက်သည်။ ဆူမီရာက ဟီဒယ် စိတ်ညစ်နေသည်ကို မကြည့်ရက်သဖြင့် ကတိပေးလိုက်သည်။ နောင်လာခါ နောင်ဈေး။ သမားတော်တို့မည်သည် လူမမာကိုပစ်ပြီးမသွားသင့်ပေ။
 

“ရတယ်။ ငါပြီးအောင်ကုပေးမယ်… နင့်ခမည်းတော်ကို အထဲမ၀င်ခိုင်းနဲ့ဦး။ အပြင်ကိုထွက်ပြီး အကျိုးကြောင်းပြောလိုက်ဦး…”
 

ဟီဒယ်က ဆူမီရာ၏စကားကြောင့် အပြင်ထွက်ပြီး ခမည်းတော်နှင့်မယ်တော်ကို အကျိုးကြောင်းပြောလိုက်သည်။ မိမိကို အားကိုးတကြီးကြည့်နေသည့် အကိုတော်ကိုတွေ့သော် မျက်နှာရှိန်းခနဲပူသွားမိသည်။ မိမိတိုင်းပြည်ထဲရောက်မှ လုပ်ကြံခံရသည့် အဖြစ်က ဟီဒယ်ရင်ကိုဒါးနှင့်စိုက်သလိုပင်။

 

“ခမည်းတော်ဘုရား… အရီးတော်ကို ဆေးရည်စည်ထဲထည့်ပြီး အဆိပ်ထုတ်ထားတုန်းမို့ပါ။ အဆိပ်တွေ ထွက်နေပါပြီ။ သမားတော်ကြီး ၀င်ပြီး သွေးကြောစမ်းလိုက်ပါဦး…”
 

“ဘယ်သူက အစ်မတော်ကို ကုပေးနေတာလဲ.. သမီးတော်… ဆူမီရာလား…”
 

လျံမင်းကြီးက သမီးတော်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ တော်ဝင်သမားတော်ပင် မဖြေနိုင်သည့် အဆိပ်ကိုဖြေပေးနိုင်တာ သက်တန့်တောင်သမားတော်ပဲရှိသည်။ ဒါမှမဟုတ် ဒီကိုလျှို့ဝှက်ပြီးရောက်နေသည့် သက်တန့်တောင်သမားတော်၏ တပည့် ငွေတောင်မင်းသားလေးသာဖြစ်ရမည်ဟု တွေးကာ သမီးတော်ကို မေးလိုက်သည်။ ဂျူဒါအမ်းသည်လည်း ထိုအခါမှ သက်ပြင်းအလုံးလိုက်ချနိုင်တော့သည်။ တကယ်ပဲ ဆူမီရာကုပေးသည်ဆိုလျှင် မယ်တော်သက်သာမှာသေချာသည်။

 

“ခမည်းတော် ဘယ်လိုသိသွားတာလဲ…”

 

“အင်း…ဒီနန်းတော်က ခမည်းတော်ရဲ့ နန်းတော်ပါ။ ခမည်းတော် သိတာပေါ့.. တော်သေးတယ်။ ဆူမီရာကုပေးတာဆိုရင် ခမည်းတော် စိတ်ချသွားပြီ”

 

ထိုစဉ် တော်ဝင်သမားတော်က သွေးကြောကိုဝင်စမ်းကြည့်ပြီးနောက် မင်းကြီးကို အံ့အားသင့်စွာဖြင့် လျှောက်တင်လိုက်သည်။

 

“အရှင်မင်းကြီး… ၀ူမိဖုရားခေါင်ကြီး အဆိပ်ပြေလျော့နေပါပြီ။ အဆိပ်အားလုံးထွက်အောင် နှိပ်နယ်ကုသပြီးရင် ပျောက်ကင်းပါတော့မယ်… ”
 

“ကျေးဇူးတင်ပါတယ် ဟီဒယ်။ ဆူမီရာကိုလည်း ကျေးဇူးတင်ကြောင်းပြောပေးပါ…”

 

အကိုတော့်စကားကိုကြားသော် ဟီဒယ်ဖော်မပြနိုင်အောင် ကြည်နူးသွားမိသည်။ မီဒယ်က အစ်မတော်ကို အားကျစွာဖြင့်ငေးကြည့်နေမိသည်။ အကိုတော် ဂျူဒါအမ်း၏ အာရုံကိုဆွဲယူသွားနိုင်သည့် အစ်မတော်လို အရည်ချင်းမျိုး မိမိတခဏပိုင်ဆို်င်ရမည်ဆိုလျှင် ဘာမဆိုပေးဝံ့ပါသည်။

--------------

 

 “ဆူမီရာ…ဆူမီရာ…”
 

“သခင်လေးဆူမီရာက ၀ူမိဖုရားကြီးကို ကုသပေးနေလို့ပြန်မလာသေးပါဘူး..”
 

ကီလာတိုင်သည် သတိရသည်နှင့် ဆူမီရာကို ချက်ချင်းရှာတော့သည်။ နန်းတွင်းအမှုထမ်းက ကီလာတိုင်ကို အရိုအသေပေးပြီး မင်းသားဆူမီရာ ဆေးကုသွားသည်ကိုဖြေလို်က်သည်။ မနက်နိုးလင်းနေသည်အထိ ဆူမီရာပြန်မလာနို်င်သေးပေ။ ယခုအချိန်တွင် နန်းတော်တစ်ခုလုံး ငွေတောင်မင်းသားရောက်နေပြီး အဆိပ်ဖြေပေးသည်ကို သိရှိသွားလေပြီ။

လူပျိုတော်သား၏ စကားကိုကြားသော် ကီလာတိုင် စိတ်ပူသွားသည်။ ဆူမီရာကို သိနေပြီဆိုတော့ သူမိမိနားဆက်မနေနိုင်အောင် အာနန်မင်းသားက လာခေါ်တော့မလားဟု တွေးကာ စိတ်ထဲပူသွားတော့သည်။

 

“ဘာ…သူဘာကြောင့် လိုက်သွားတာလဲ… ”
 

“သခင်မဟီဒယ်က လာခေါ်ခိုင်းလို့ပါ…အရှင့်သား…”
 

“ဒါဆို ဆူမီရာရောက်နေတာ အားလုံးသိသွားပြီပေါ့..မဖြစ်ဘူး။ ဒီနေရာကနေ အမြန်ခွာမှပဲ… ဆူမီရာကို သွားခေါ်မှ…”
 

ကီလာတိုင်သည် ချက်ချင်းမျက်နှာသစ်ကာ ဆူမီရာရှိရာကို လိုက်မည်အပြု အဆောင်ထဲဝင်လာသည့် ထန်မင်းသား ထန်လိုခိကြောင့် ကိုယ်ရှိန်သတ်လိုက်ရသည်။ ထန်လိုခိက စူးရှစွာကြည့်ပြီး မေးခွန်းထုတ်နေသဖြင့် ကီလာတိုင် စိတ်အိုက်သွားသည်။ ထန်တိုင်းပြည်ကို မမှုသော်လည်း လတ်တလော မိမိသူနှင့် အငြင်းမပွားချင်သေးပါ။

 

“ဒီနန်းဆောင်မှာ တိုင်းတပါးက မင်းသားတစ်ပါးရောက်နေတယ်ကြားလို့ လာနူတ်ဆက်တာပါ.. ညီတော်က ဘယ်တိုင်းပြညက မင်းသားပါလိမ့်…”
 

“ကျွန်တော် ပန်တိုင်းပြည်ကမင်းသား ကီလာတိုင်ပါ…။”
 

ကီလာတိုင်သည် အရိုအသေပြုပြီး ယဉ်ကျေးစွာပြန်ဖြေလိုက်သည်။ သို့သော် ထန်လိုခိက ဆူမီရာလို ရိုးသားဖြူစင်သူမဟုတ်သဖြင့် မိမိပြောသည်ကို သူအလွယ်နှင့်ယုံမည်မဟုတ်သည်ကိုသည်။

 

“သြော်…မြောက်ပိုင်း ပန်တိုင်းပြည်က မင်းသားလေးကိုး။ ကျုပ်ကထန်တိုင်းပြည်က ထန်လိုခိပါ။ နှမတော်လေးက ညီတော်တို့ နှစ်ယောက်ကို လူမသိအောင် လျှို့ဝှက်ထားတာ ဘာအကြောင်းရှိလို့ပါလိမ့်။ ပြီးတော့ ဆူမီရာနဲ့ အတူလာခဲ့တယ်ဆိုတာ ဘယ်လိုရည်၇ွယ်ချက်ကြောင့်ပါလဲ…”

 

ထင်သည့်အတိုင်း ထန်လိုခိက စူးရှစွာအကဲခတ်ပြီး မေးခွန်းထုတ်လာတော့ ကီလာတိုင် စိတ်အိုက်လာသည်။ ဒီမင်းသား အင်အားကြီးထွားအောင် ဆက်လက်ထားရန် မသင့်ဟု သတ်မှတ်လိုက်စဉ် အဆောင်ထဲ ဆူမီရာဝင်လာသည်ကိုတွေ့မှ ကီလာတိုင် စိတ်အေးသွားတော့သည်။ ဆူမီရာက မိမိကိုသိသွားပြီဖြစ်လို့ မျက်နှာဖုံးကိုချွတ်ထားပြီး ပင်ကိုယ်မျက်နှာလေးက ကီလာတိုင်အတွက် ကြည့်မ၀အောင်ဖြစ်နေသည်။
 

“နောင်တော်…ကျွန်တော်တို့ ခရီးလှည့်လည်ရင်း ၀င်လာခဲ့တာပါ။ ကီလာတိုင်က ခရီးသွားအတွေ့ကြုံလိုချင်လို့ ကျွန်တော် လိုက်ပို့ပေးတာပါ… ”
 

 

“ဆူမီရာလေး… မင်း ဒီကိုလာတာ နောင်တော်တင်ဂီရိ သိရဲ့လား..။ နောင်တော်ကြားတာမမှားဘူးဆိုရင် နောင်တော်တင်ဂီရိက မင်းကို ငွေတောင်မှာပဲနေခိုင်းသလိုပဲနော်…”

 

ထန်လိုခိသည် မိမိကိုရဲဝံ့စွာကြည့်ပြီး ဖြေနေသည့် ဆူမီရာကိုကြည့်ကာ သူ့သူငယ်ချင်းကိ မိမိရန်ပြုမည်ကို စိုးရိမ်နေသည် ဆူမီရာ၏ စိတ်ထားကိုတွေ့လိုက်ရသဖြင့် အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။ မိမိက ဘာကြောင့် ကီလာတိုင်ကို ရန်ပြုမည်စိုးရိမ်နေသနည်း။ တကယ်တမ်းပြောရလျှင် ကီလာတိုင်ဆိုသည့် ကောင်ထင် မိမိတို့က ခင်မင်မှုသက်တမ်းပိုကြာသည် မဟုတ်ဘူးလား။ နောက်မှပေါက်သည့် ကီလာတိုင်ဆိုသည့် လူငယ်က ဘာကြောင့်ဆူမီရာကိုလွှမ်းမိုးထားသနည်းဟု တွေးကာ နောင်တော် တင်ဂီရိကို အစီရင်ခံသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။
 

“နောင်တော်တင်ဂီရိ မသိပါဘူး။ ကျွန်တော့်ဖာသာ ကီလာတိုင်ကို အဖော်လုပ်ပေးချင်လို့ ဆင်းလာတာပါ…”
 

ဆူမီရာသည် ကီလာတိုင်ကို အထင်လွဲမည်စိုးသဖြင့် နောင်တော်ထန်လိုခိကို အမှန်အတိုင်းပြောလိုက်သည်။ နောင်တော်ထန်လိုခိက ကီလာတိုင်၏ဘ၀မှန်ကို သိလျှင် ဘာတွေဆက်ဖြစ်မည်ကိုတွေးကာ ချွေးပြန်ချင်လာသည်။

 

“နောင်တော်တင်ဂီရိ သိရင် စိတ်ဆိုးတော့မှာသေချာတယ်..”
 

“ဟုတ်ကဲ့။ ကျွန်တော်တောင်းပန်လိုက်ပ့ါမယ်။ နောင်တော် စိတ်မရှိဘူးဆိုရင် ကျွန်တော်ကီလာတိုင်ကို ခေါ်သွားလို့ရမလား။ သူလည်း သိပ်နေမကောင်းလို့ ဆေးစစ်ပေးစရာရှိလို့ပါ…”
 

ဆူမီရာသည် မိမိကိုပြောရင်း ကီလာတိုင်ကို အကဲခတ်နေသည့် နောင်တော်ကြောင့် စကားအမြန်ဖြတ်ကာ ကီလာတိုင်၏ လက်ကိုဆွဲကာ နောင်တော့်ကို ဧည့်နှင်လိုက်သည်။ နောင်တော်ထန်လိုခိကရိပ်မိဟန်ဖြင့် မချိပြုံးပြုံးကာ နူတ်ဆက်ရင်းထွက်သွားသည်။ သို့သော် ညနေထပ်လာမည်ဆိုသဖြင့် ရင်ထဲပူသွားသည်။

 

“ကောင်းပါပြီ။ ညနေခင်းမှာ နောင်တော်လာတွေ့ပါဦးမယ်…”


“ဆူမီရာ.. ငါတို့ အမြန်ထွက်မှာဖြစ်မယ်။ မင်းကိုသိသွားပြီ။ မင်းကြောက်တဲ့လူ မင်းကိုလိုက်လာခေါ်လိမ့်မယ်…”
 

“ငါ သွားလို့မရသေးဘူး ကီလာတိုင်။ အရီးတော်ကို ငါကုပေးနေရတာ.. ။ သူက လက်ရှိအဝေးမှာ ကျွန်းနေဓါးပြ အဆက်အနွယ်တွေနဲ့တိုက်ပွဲဖြစ်နေတယ်။ ငါ့ဆီချက်ချင်းလိုက်မလာနိုင်ဘူး။ ဒါကြောင့် အရီးတော်ကို ၃ ရက်ဆက်ကုပေးမယ်။ ပြီးရင် ငါတို့ ထွက်သွားကြမယ်…ငါ ဟီဒယ်ကို ပြောပြီးပြီ။ သူလည်း ငါတို့ထွက်သွားနိုင်အောင် အားလုံးစီစဉ်ပေးထားတယ်။”

 

ကီလာတိုင်သည် ထန်လိုခိထွက်သွားသည်နှင့် ဆူမီရာ၏ လက်ကိုဆွဲကာပြောလိုက်သည်။ ဖြစ်နိုင်လျှင် ဒီတိုင်းပြည်ကနေ ချက်ချင်းထွက်ပြေးချင်သည်။ ဘာကြောင့်လဲဆိုတော့ အာနန်မင်းသားလိုက်လာလျှင် ဆူမီရာ မိမိဘေးကနေ ချက်ချင်းပျောက်ကွယ်သွားမည်ကို သိနေသောကြောင့်ဖြစ်သည်။ သို့သော် ဆူမီရာက ကီလာတိုင်၏ လက်ကိုဆုပ်ကိုင်ကာ ၀ူမိဖုရားကို ဆေးကုပေးရမည့်အကြောင်းကိုပြောလိုက်သည်။ ပြီးတော့ ဟီဒယ် မိမိတို့ထွက်သွားနိုင်အောင် စီစဉ်ပေးမည်ကိုလည်း တစ်ခါတည်းပြောလိုက်သည်။ မဟုတ်လျှင် ဒီကောင် ကီလာတိုင် စိတ်အရမ်းပူနေသည်ကို သိသောကြောင့်ဖြစ်သည်။ ယခုလည်း မိမိလက်ကိုဆုပ်ကိုင်ထားသည့် ကီလာတိုင်၏ လက်က ချွေးစို့လို့နေသည် မဟုတ်လား။

 

“တော်သေးတာပေါ့ကွာ။ ငါက မင်းအတွက် စိတ်ပူလိုက်ရတာကွာ…ငါ နိုးလာတော့ မင်းဆေးသွားကုနေတယ်လို့လည်း ကြားရော ငါ အရမ်းကိုပူသွားတာ။ နေဦး။ ၀ူမိဖုရားခေါင်ကြီးက ဘယ်လိုဖြစ်တာလဲ…”

 

ကီလာတိုင်သည် ဆူမီရာပြောသည်ကို ကြားသော် သက်ပြင်းရှိုက်ကာပြောလိုက်သည်။ မိမိသဘောဆိုလျှင် ဘာဆေးမှ ဆက်ကုမနေစေချင်တော့ပါ။ ထန်လိုခိနှင့် ဂျူဒါအမ်းတို့ကြား ဆူမီရာကို ကြားညှပ်ပါမသွားစေချင်ပါ။ ဒါပေမယ့် အတင်းအကျပ်ပြောနေလျှင် မိမိကို သံသယ၀င်လာမည်စိုးသဖြင့် ကီလာတိုင် စိတ်ကိုထိန်းကာ အစီစဉ်အတိုင်းဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဒါကြောင့် ဆူမီရာကို မိမိလွတ်သွားသည့်အကြောင်းကို မေးမြန်းနေသည်။ ဆူမီရာက ကီလာတိုင်၏လက်ကိုဆွဲကာ ခုံတွင်ထိုင်စေပြီး ရေနွေးကြမ်းဌဲ့ပေးကာ အကျိုးကြောင်းကို ပြောပြလိုက်သည်။

 

“အဆိပ်ဓါးနဲ့လုပ်ကြံခံရတာ…။ ဟီဒယ်လည်း ခေါင်းမီးတောက်နေတာ။ ငါ့သူငယ်ချင်းလေးလည်း သနားပါတယ်ဟာ။ အိမ်ရှေ့မင်းသမီးဖြစ်နေတော့ အရာရာ သူ့တာဝန်လို့ သတ်မှတ်ထားတာ။ ပိုဆိုးတာက အကိုတော်ဂျူဒါအမ်းရဲ့ မယ်တော် လုပ်ကြံခံရတာပဲ…။ မနေ့ကလည်းသူ့အဆောင်ကို လူချောင်းတာ ခံရတယ်။ ခုလည်း ဧည့်သည်တော် လုပ်ကြံခံရတယ်။ အခြေနေက မဟုတ်တော့ဘူး။ ဒီနန်းတော်ထဲ ထင်သလိုကို လုပ်နေသလိုဖြစ်နေတာ.. သူ့ခမည်းတော်နဲ့မယ်တော်ရဲ့ အသက်ကိုလည်းစိုးရိမ်နေရတယ်။ အဲ့အခြေနေမှာဆိုတော့ ငါ သူ့နားမှာနေပြီးလိုတာလုပ်ပေးချင်တယ်။”
 

“မင်းရဲ့စေတနာကို ငါသိတယ် ဆူမီရာ။ ဒါပေမယ့် ငါစိတ်ထဲရှိတဲ့အတိုင်းပြောမယ်နော်။ မင်းစိတ်မဆိုးနဲ့။ လက်ရှိအခြေနေကို လူတစ်ယောက် ထိန်းချုပ်လုပ်ကိုင်နေတယ်လို့ငါမြင်တယ်။ ခု ဟီဒယ်ကို လိုချင်တဲ့သူက တစ်ယောက်တည်းပဲရှိတယ်။ ”

 

ကီလာတိုင်သည် ရေနွေးကို တငုံချင်းသောက်ပြီး အမြင်တခုကို ဖြည်းဖြည်းချင်းထည့်ပေးလိုက်သည်။ ဆူမီရာက ကီလာတိုင်ပြောသည်ကို လက်မခံပဲ ထင်သည့်အတိုင်း ခါးခါးသီးသီးငြင်းတော့သည်။ ရိုးသားလွန်းသည့် ဆူမီရာကိုကြည့်ပြီး ကီလာတိုင်သည် ဖြူစင်လွန်းသည့် ယုန်ကလေးလိုမြင်ကာ မိမိအတွက် တစ်ဦးတည်းပိုင်ဖြစ်အောင် သိမ်းထားချင်စိတ်ပေါ်လာတော့သည်။

 

“မဖြစ်နိုင်ဘူး။ မင်းလည်းသိသားပဲ။ မနေ့က ဦရီးတော်က ဟီဒယ်ကို နောင်တော်နဲ့လက်ထပ်ပေးဖို့ ကြေငြာလိုက်ပြီ။ မီဒယ်က နောင်တော်ဂျူဒါအမ်းနဲ့လက်ဆက်ရမှာ။ သူနဲ့သေချာပေါက်လက်ဆက်ရမှာကို နောင်တော်က ဒီလိုလုပ်မယ် မထင်ဘူး။”
 

“အင်း… မင်းကလည်း အချစ်နဲ့ပတ်သတ်လာရင် လူတွေက မိုက်ရူးရဲဆန်ကြတယ် ဆူမီရာရ။ မနေ့က လျံမင်းကြီးလည်းကြေငြာရော ဟီဒယ်က ချက်ချင်းထွက်သွားတယ် မလား။ အဲ့အချိန် ထန်မင်းသားရဲ့ မျက်နှာဘယ်လို ဖြစ်သွားလဲ။ ၀ူမင်းသားနဲ့ ဟီဒယ် အကြည့်ချင်းဆုံတိုင်း သူ့မျက်လုံးထဲက ခါးသီးတာ ဘယ်လောက်ပြင်းထန်လဲ မင်းလည်း တွေ့သားပဲ…”
 

“ငါတော့ မယုံချင်သေးဘူးကွာ… နောင်တော်ထန်လိုခိက အဲ့လိုလူမျိုးလုံးဝမဖြစ်နိုင်ဘူးလို့ ငါယုံကြည်တယ်…”
 

ဆူမီရာသည် ကီလာတိုင်ပြောသည်ကို ခေါင်းတယမ်းယမ်းနှင့် ပြတ်သားစွာပြန်ဖြေလိုက်သည်။ ဆူမီရာ၏ စိတ်ထဲတွင်ရှင်းသည်။ နောင်တော်ထန်လိုခိကို မိမိတသက်လုံးသိလာခဲ့သည်။ နောင်တော်က ဟီဒယ်ကို ချစ်သည်မှန်သော်လည်း ဒီလိုအောက်တန်းကျသည့်နည်းနှင့် ဘယ်တော့မှ သက်ကြီးရွယ်အို အမျိုးသမီးကို အဆိပ်နှင့်လုပ်ကြံမည်မဟုတ်ဟု ဆူမီရာယုံကြသည်။

 

ကီလာတိုင်သည် ဆူမီရာ၏ခိုင်မာလွန်းသည့်ပုံကိုကြည့်ပြီး ငြင်သာစွာမေးလိုက်သည်။ ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရသည့် အခြေနေမျိုးတွင် ဘယ်အရာက ထန်လိုခိအပေါ်ကို ယုံကြည်စေသည်ကို ကီလာတိုင်သိချင်လာသည်။

 

“ဘာကြောင့်လဲ…”
 

“ဘာကြောင့်လဲ ဆိုတော့ သူက နောင်တော် တင်ဂီရိရဲ့ လက်ရုံးဖြစ်နေလို့ပဲ။ နောင်တော် တင်ဂီရိက အဲ့လို အကြောင်းမရှိရက်စက်တာမျိုးကိုလက်မခံဘူး။”
 

ဆူမီရာက သဘောရိုးပင်ဖြေလိုက်သည်။ ထိုအဖြေက ကီလာတိုင်၏ နားထဲသံရည်ပူလို စီးဝင်သွားခဲ့သည်။ လာပြန်ပြီ။ ယုံကြည်ရသည့် အကြောင်းရင်းက အာနန်မင်းသားတင်ဂီရိ၏ လက်ရုံးဖြစ်လို့တဲ့လား။ ဘယ်လောက်တောင် မျက်ကန်းယုံကြည်လိုက်သည့် ယုံကြည်မှုမျိုးပါလိမ့်။ မယ်တော်က သူ့ယခင်မိသားစုအပေါ် ယုံကြည်သလိုကို ဆူမီရာက အာနန်မင်းသားကိုယုံကြည်သည်တဲ့လား။ ထိုအတွေးက ကီလာတိုင်၏ ရန်ငြိုးကို ပိုလို့ပြင်းထန်လာစေခဲ့သည်။ ကီလာတိုင်သည် ရေနွေးခွက်ကို တင်းအောင်ဆုပ်ကိုင်ထားပြီး ပေါ့ပေါ့ပါးပါးဟန်ဖြင့် ခပ်မျှင်းမျှင်းလေးရယ်ပြီး ပြောလိုက်သည်။

 

“ဆူမီရာ…. မင်း တကယ့်ကလေးပဲကွာ။ မှတ်ထား။ မင်းသူတို့နဲ့ကင်းကွာနေတာ သုံးနှစ်ကျော်ပြီမလား။ ဒီသုံးနှစ်အတွင်း သူတို့ နိုင်ငံရေးနယ်ပယ်ထဲကျင်လည်နေကြတာကွ။ အာဏာက လူတွေကိုအများကြီးပြောင်းလဲပေးနိုင်တယ်ဆိုတာ မင်းတနေ့ သိလာမှာပါ…”
 

ဆူမီရာသည် ကီလာတိုင်ပြောသည့်စကားကြောင့် ငြိမ်ကျသွားခဲ့သည်။ တကယ်ပဲ အာဏာက လူတွေကိုပြောင်းလဲစေသလား။ မိမိသိခဲ့သည့် အစ်မတော်မုယုံချင်း လူသတ်သည်အထိပြောင်းလဲသွားစေတာ အာဏာလား။ ဒါဆို နောင်တော်ထန်လိုခိလည်း အာဏာကြောင့်ပြောင်းလဲသွားပြီလား။ နောင်တော်တင်ဂီရိကကော…ပြောင်းလဲသွားပြီလား။ ဒိလိုတွေးလိုက်မိသည်နှင့် ဆူမီရာ၏ ရင်ထဲနာကျင်လာခဲ့သည်။ ငိုချင်သလိုလည်းဖြစ်လာခဲ့သည်။

 

ဆူရာမီ မျက်နှာမသာမယာနှင့်ပြန်ရောက်လာသောအခါ ဟီဒယ်က အထပ်ထပ်တောင်းပန်နေမိသည်။ မိမိကိုလျှို့ဝှက်ထားစေကာမှ မိမိကြောင့် ဆူမီရာရောက်နေသည့်သတင်း အမြန်ဆုံးပျံ့သွားသဖြင့် ဟီဒယ် စိတ်မကောင်းဖြစ်နေမိသည်။

 

“ဆူမီရာ…ငါတောင်းပန်ပါတယ်။ ငါ့ကြောင့် နင်ရောက်နေတာ အားလုံသိသွားခဲ့ပြီ။ ငါလည်း အရီးတော်အတွက်ထူပူနေတာနဲက နင့်ကိုပဲ အားကိုတကြီးခေါ်လိုက်မိတာပါ…”
 

“ငါသိပါတယ်ဟာ… ငါရှိလျက်နဲ့ နင့်ငါ့ကိုမခေါ်ပဲနေရင် အရီးတော် အသက်ဆုံးသွားနိုင်တယ်။ အခု အရီးတော် အခြေနေကောင်းလာပြီ။ ငါတို့ နှိပ်ပြီးအဆိပ်ထုတ်ပြီးတာနဲ့ နားလိုက်ရင်ရပြီ။”
 

ဆူမီရာက ဟီဒယ်၏ စကားကြောင့် မိမိ၏ရှု့ပ်ထွေးနေသော အတွေးစကိုသိမ်းကာ ပြန်ပြီးနှစ်သိမ့်လိုက်စဉ် မီဒယ်ရောက်လာသဖြင့်စကားစပြတ်သွားတော့သည်။

 

“အစ်မတော်..နဲ့အကိုတော်ဆူမီရာကို ဂါရ၀ပြုပါတယ်..”
 

“မီဒယ်.. ဘာလာလုပ်တာလဲ…”

 

ဟီဒယ်က ညီမတော်ကို အခြားသော ၀ူတိုင်းပြည်မှ သံတမန်များကို ဧည့်ခံရေးကိုကြီးကြပ်ရန်မှာကြားထားသော်လည်း ရောက်လာသဖြင့် မေးလိုက်သည်။ မီဒယ်၏ မျက်နှာက တစုံတခုကိုဆုံးဖြတ်ထားဟန်ပေါ်နေသည်။
 

“မီဒယ် အရီးတော်ရဲ့ကုသမှုမှာ ကူညီပေးချင်လို့ပါအစ်မတော်။ အကြောကိုနှိပ်နယ်တဲ့နေရာ မီဒယ်ကူညီပေးပါရစေ…”
 

ဆူမီရာက မီဒယ်၏ အဖြေကိုကြားသော်ခေါင်းယမ်းကာ ရှင်းပြန်ရန်ကြိုးစားလိုက်သည်။ မီဒယ်ကူညီချင်သည့် စေတနာကိုလေးစားသော်လည်း မိမိကုသမှုတွင် အနှောက်ယှက်ဖြစ်မှာစိုးမိသည်။

 

“အင်း…. အခုအကြောထိအောင်နှိပ်ရမှာ အမြဲတိုက်ခိုက်ရေးကိုလေ့ကျင့်ထားတဲ့သူမှ ဖြစ်မယ်။ အားအရမ်းစိုက်ရမယ် မီဒယ် လုပ်နိုင်မှာမဟုတ်ဘူးနော်… ဟီဒယ်ပဲလုပ်ပါစေ…”
 

“ဟင့်အင်း… အရီတော်က မီဒယ်ရဲ့ ယောက္ခမတော်ရမယ့်သူ။ မီဒယ်လည်း ပြုစုပေးချင်တယ်…”
 

မီဒယ်က ကူညီချင်သည့် အကြောင်းရင်းကိုပြောလိုက်သောအခါ ဟီဒယ်ငြိမ်သက်သွားခဲ့သည်။ ဆက်ပြီးတားလျှင် မိမိညီမက မိမိကို အထင်လွဲတော့မည်ကို သိသဖြင့် ဆူမီရာကိုသာ မျက်ဝန်းဖြင့်စကားလှမ်းပြောလိုက်သည်။ ဆူမီရာသည် ဟီဒယ်နှင့်မီဒယ်ကိုကြည့်ပြီး လက်တွေ့လုပ်ကြည့်ခိုင်းခြင်းနှင့်သာ ဖြေရှင်းရန်ဆုံးဖြတ်လိုက်ပြီး မီဒယ်ကို အနားခေါ်ကာ သေချာပြသပေးလိုက်သည်။ ဟီဒယ်က ဆူမီရာ၏ သဘောကို ရိပ်မိကာ မည်သို့မှမပြောပဲ ငြိမ်ကာကြည့်နေလိုက်သည်။ နုနယ်သည့် မီဒယ်လေး အပင်ပန်းမခံနိုင်ပဲ ကုသရင်းတစ်ဝက်လဲကျသွားမည်ကိုသာ စိုး၇ိမ်နေမိသည်။

 

“ကောင်းပြီလေ…ဒါဆို အကိုတော်ပြတဲ့နေရာကို လက်မနဲ့ဖိပါ။ နောက်တနေရာကို လက်ညိုးနဲ့ဖိထား။ လုံးဝမလှုပ်ရဘူးနော်… အကိုတော်က သွေးကြောထဲက လက်ကျန်အဆိပ်တွေကို ရွှေအပ်နဲ့စိုက်ရင်း ချွေးအဖြစ်စိမ့်ထွက်လာအောင်လုပ်ရမှာ။ မီဒယ် ဘယ်လောက် ညောင်းညောင်း အနေထားနည်းနည်းမှမပြောင်းရဘူး..”

 

မီဒယ်သည် အရီးတော်ကို ကူညီပေးချင်သည့်ဇောဖြင့် အကိုတော်ဆူမီရာပြောသည့်နေရာကို ဖိထားပြီး နည်းနည်မှမလှုပ်နိုင်အောင် နေသည်။ သို့သော်အမြဲကိုယ်လက်လှုပ်ရှား တိုက်ခိုက်သည့်ပညာကို သင်ယူနေသည့် အမတော် ဟီဒယ်လို သန်မာသည့် ကြွက်သားနှင့်အကြောအချင်မရှိသည့်အတွက် ထမင်းအိုးတစ်လုံးချက်ကြသည့်နောက် အရီးတော်နှင့်အပြိုင် ချွေးပြိုက်ပြိုက်ကျလာသည်။ ဆူမီရာသည် မီဒယ်အခြေနေကို မကြည့်အားပဲ အပ်ကို သွေးကြောတစ်နေရာပြီး တစ်နေရာပြောင်းစိုက်နေသည်ကို အာရုံစိုက်နေရသည်။

မီဒယ်၏လက်များ တဆတ်ဆတ်တုန်လာခဲ့သည်။ ချွေးများက နဖူးကိုဖြတ်ကာ မျက်လုံးပေါ်ဖြတ်စီးလာခဲ့သည်။ ဟီဒယ်က နံဘေးမှ စိုး၇ိမ်တကြီးနှင့်ကြည့်နေမိသည်။ မီဒယ်ကိုချွေးသုတ်ပေးပြီး ယပ်ခပ်ပေးနေသည်။ ပက်လက်အိပ်နေသည့် အရီးတော်လည်း ချွေးနစ်နေအောင်စီးကျလာခဲ့သည်။ ဆူမီရာသည် ရွှေအပ်ကို အတိုးအလျော့လုပ်ကာ ကစားရင်း သွေးကြောထဲမှ အဆိပ်ကို ထုတ်နေသည်။ နောက်ဆုံးအပ်ကိုနူတ်လိုက်ပြီး မီဒယ်ကိုပြောလိုက်သည်။

 

“ရပြီ မီဒယ်… လက်လွှတ်လိုက်တော့…”

 

ထိုအသံကိုကြားလိုက်တော့ မီဒယ် စိတ်ကိုလျော့လိုက်သည်နှင့် သတိမေ့သွားခဲ့သည်။
 

“မီဒယ်… ဆူမီရာ… လုပ်ပါဦး…”
 

“အင်း… အားကုန်သွားလို့ သတိလစ်သွားတာ.. ငါပြောသားပဲဟာ… သူ့ကိုပွေ့ချီပြီး ချွေးစိုအ၀တ်တွေလဲပေးလိုက်ပါ။ ပြီးတော့ နှင်းရည်အေးအေးလေး တိုက်ထားလိုက်။ ဟီဒယ် အရီးတော်ကိုလည်း အ၀တ်လဲပေးလိုက်။ ခဏနေရင် နင် သွေးကြောနှိပ်

တာကို ဆက်လုပ်ပေးရမှာ။ ဒီနေ့ တခါတည်း အဆိပ်အပြီးထုတ်ပစ်ရမယ်။ ပြီးရင် ငါထွက်သွားတော့မယ်…”


“သား..သားတော်…”
 

“မယ်မယ်…မယ်မယ် သားတော်ရှိပါတယ် မယ်မယ်…”

 

ဂျူဒါအမ်းသည် မယ်တော် သတိရလာသဖြင့် ၀မ်းသာစွာဖြင့် မယ်မယ့်လက်ကိုဆုပ်ကိုင်ကာ အမြန်ထူးလိုက်သည်။ ၀ူမိဖုရားကြီးသည် သားတော်၏မျက်နှာကိုတွေ့တော့ စိတ်သက်သာရာရသွားသည်။ ပြီးမှာ မိမိဘာဖြစ်သွားသည်ကို မေးလိုက်သည်။
 

“မယ်မယ် ဘာဖြစ်သွားတာလဲ…”
 

“မယ်မယ် အဆိပ်ဓါးနဲ့လုပ်ကြံခံရတာပါ။ ဒါပေမယ့် သက်တန့်တောင်သမားတော်ရဲ့တပည့် ငွေတောင်မင်းသားက မယ်မယ့်ကို ကုပေးလို့ အဆိပ်တွေ အားလုံးနီးပါးထုတ်ပြီးပါပြီ မယ်မယ်။ ”
 

ဂျူဒါအမ်းသည် မယ်တော့်ကို ဆူမီရာနှင့်ဟီဒယ် မည်မျှအပင်ပန်းခံပြီး ကုသပေးခဲ့သည်ကို ပြောရင်းနှစ်သိမ့်လိုက်သည်။ ၀ူမိဖုရားခေါင်ကြီးသည် သားတော်၏စကားကိုကြားသော် အံ့အားသင့်ကာ ချက်ချင်းမေးလိုက်သည်။

 

“ဆူမီရာလား.. မယ်မယ့်ကို ကုပေးတာ ဆူမီရာလား။ ငွေတောင်မင်းသား ဆူမီရာက ဒီကိုရောက်နေတာလား”
 

“ဟုတ်တယ် မယ်မယ်။ ဆူမီရာနဲ့ မင်းသမီးဟီဒယ်တို့က မယ့်မယ့်ကို ကုသပေးနေတာပါ.”

 

“ဆူမီရာကို မယ်မယ်တွေ့ချင်တယ်…”

 

ဝူမိဖုရားခေါင်ကြီးက သားတော်၏လက်ကိုဆုပ်ကိုင်ကာအမြန်ပြောလိုက်သည်။ ဆူမီရာကို မိမိပြောစရာရှိသည်ကို ကြုံတုန်းပြောရန် အရေးကြီးနေသည်။ ဟီဒယ်သည် အရီးတော်၏အခန်းထဲ ၀င်လိုက်စဉ် ကြားလိုက်သည့် စကားကြောင့် အရိုသေပေးရင်းဝင်ဖြေလိုက်သည်။

 

“သူခရီးထွက်သွားပါပြီ အရီးတော်ဘုရား… အရီးတော်အတွက် အားဆေးပေးသွားခဲ့ပါတယ်။”
 

အခန်းထဲကိုဝင်လာသည့် ဟီဒယ်သည် ဖြတ်လတ်ကာလန်းဆန်းလို့နေသည်ကိုတွေ့သော် ဂျူဒါအမ်းမျက်လုံးမလွဲနိုင်အောင်ဖြစ်သွားမိသည်။ နောက်မှကပ်ပါလာသည့် မီဒယ်က အကိုတော် ဂျူဒါအမ်း၏ပုံကြောင့် ၀မ်းနည်းသွားခဲ့သည်။ အကိုတော်၏မျက်လုံးထဲတွင် အစ်မတော်ကလွဲရင် မည်သူ့ကိုမှမတွေ့ပါလားဟု နာနာကျည်းကျည်းလေးတွေးလိုက်မိသည်။

 

ဝူမိဖုရားခေါင်ကြီးသည် ဟီဒယ် မိမိအဆိပ်ပြေအောင် တောက်လျောက် နှိပ်နယ်ကုသပေးသည်ကို သားတော်ပြောထားသဖြင့် သူမလေးကို ကျေးဇူးတင်စွာဖြင့် နူးညံ့ကြင်နာစွာဖြင့် ဟီဒယ်ကိုလက်ကမ်းပေးပြီး ကြင်နာစွာဆုပ်ကိုင်ကာ ပြောလိုက်သည်။

 

“သမီးလေး ဟီဒယ်… အရီးတော်ကြောင့် ပင်ပန်းသွားရပြီကွယ်.. ဆူမီရာလေးကို တွေ့ရင်လည်းပြောလိုက်ပါ။ အရီးတော် ဆူမီရာရဲ့ ကျေးဇူးကို မမေ့ပါဘူးလို့…”

 

ဝူမိဖုရားခေါင်ကြီးသည် ဟီဒယ်ကို စိတ်ရင်းဖြင့် ကြင်နာစွာပြောလိုက်သည်။ ဆူမီရာထံ ပြောစရာကို ဟီဒယ်ကနေ တဆင့်ပြောလျှင်လည်းရသည်ကို သဘောပေါက်ကာ စိတ်သက်သာရသွားခဲ့သည်။ ဟီဒယ်သည် မိမိကို သမီးလေးဟု ခေါ်လိုက်သည့် အရီးတော်၏ စကားကြောင့် မျက်လုံးဝိုင်းသွားသည်အထိ အံသြကြည်နူးသွားမိသည်။ မီဒယ်သည် အစ်မတော်နောက်မှ အရီးတော်၏ စကားကိုကြားသော် မျက်နှာညိုးသွားခဲ့သည်။ သိုသော် ဌက်သိုက်ရည်ထည့်လာသည့် ဗန်းကိုယူကာ အရီးတော်နား တိုးကပ်ကာ တိုက်ကျွေးရန်ပြင်ဆင်လိုက်သည်။

 

ဂျူဒါအမ်းသည် မယ်မယ့်ကို ထူမထားပေးပြီး မီဒယ် ဌက်သိုက်ရည်ခွံပေးသည်ကို ကူညီပေးရင်း ဟီဒယ်ကို တချက်လှမ်းကြည့်လိုက်စဉ် ဟီဒယ်က မိမိကိုမကြည့်ပဲ မယ်တော်အတွက် လိုအပ်သည်ကိုလုပ်ပေးရန် ညွှန်ကြားနေသည်ကိုတွေ့သော် သက်ပြင်းခိုးလေးချလိုက်မိသည်။ ၀ူမိဖုရားခေါင်ကြီးသည် မီဒယ်နှင့်ဟီဒယ်ကို ယှဉ်ကြည့်ရင်း သက်ပြင်းမောလေး ချလိုက်မိသည်။

 

------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet