စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (66)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (66)


ယွမ်ချူးခန်သည် မယ်မယ့်ရင်ခွင်ထဲမှနေပြီး အဆောင်ပြင်ကိုထွက်သွားသည့် ဆူမီရာ၏ကျောပြင်ကို ငေးကြည့်ရင်း ရင်ထဲမှ မခံမရပ်နိုင်အောင် ခံစားမိလာသဖြင့် အားကိုးရာ မယ်မယ့်ကို ဖက်တွယ်ထားမိသည်။

 

“မယ်မယ်… သားတော်ကို မထားခဲ့ပါနဲ့…”
 

“မယ်မယ်ရှိပါတယ် သားလေး… မယ်မယ်ရှိတယ်နော်…”

 

ဟော်သွန်းသည် သားတော်လေး၏ အခြေနေကိုကြည့်ပြီး သုံးပွင့်ဆိုင်ဇာတ်လမ်း၏ နောက်ဆက်တွဲဖြစ်ရပ်ကို သဘောပေါက် လိုက်သည်။ ဆူမီရာကို သားတော်လေး တစ်ဖက်သတ်ကြိုက်နေသည်ကို သားတော်ကြီးက မသိပဲနေမည်မဟုတ်။ သေချာပေါက် သိနေသည့်ကြားက နန်ကျောင်နန်းတော်ထဲကို ဆူမီရာကိုလွှတ်ခဲ့သည် ဆိုကတည်းက ဆူမီရာ၏ အချစ်နှင့် သစ္စာကို ယုံကြည်သောကြောင့်ဖြစ်သည်။ ပြီးတော့ ဆူမီရာက မိမိကို ကုသပေးသည့် ပုံကိုကြည့်လျှင် ယွမ်ချူးခန်၏ မယ်တော် ဆိုသည့်အချက်ထက် တင်ဂီရိ၏ မယ်တော်ဆိုသည့် အသိက ပိုပုံရသည်။ စကားစမြည်ပြောရင်း ဆူမီရာ ပြောပြသည့် သားကြီးအကြောင်းအားလုံး ချစ်ခြင်း၊ သတိရခြင်းများစွာထုံမွှန်းနေသည်။ မိမိလည်း ဆူမီရာနှင့် သားကြီးတို့ သားအဖနှင့် ခရီးလှည့်လည်ခဲ့သည်ကို ပြန်လည်ပြောပြခဲ့သည်။ မိမိတို့နှစ်ဦးလုံး၏လေသံနှင့် ခံစားချက်တို့ ထပ်တူညီသဖြင့် သားတော်ကြီးအပေါ် ဆူမီရာ၏ ခိုင်မြဲသည့်အချစ်ကို ကောင်းကောင်းနားလည်သည်။

 

ယခု ဆူမီရာ၏ လည်ပင်းမှ အနီမှတ်များကိုမြင်ပြီး သားတော်လေး ထိန်းမရအောင် ပေါက်ကွဲလာပုံရသည်။ သားတော်ကို သူ့ခမည်းတော်၏ လမ်းစဉ် မလိုက်စေချင်တော့ပါ။ အတတ်နိုင်ဆုံး ဖြောင့်ဖြနိုင်မည့် နည်းကိုလည်း စဉ်းစားမရအောင် ဖြစ်နေမိသည်။ သားငယ်လေး၏ စိတ်အခြေနေက အတော့်ကို ဆိုးနေပုံရသည်။ သူ့ခမျာ မိမိကို ဆုံးရှုံးမှာစိုးရိမ်ရသည့်အထဲ သံယောဇဉ် တွယ်မိသည့် ကလေးက သူ့နောင်တော်နှင့် ချစ်နေသည်ဆိုသည့်အချက်ကို ရင်မဆိုင်နိုင်အောငည် ဖြစ်သွားပုံရသည်။
 

“သားလေးရယ်… တချို့အရာတွေက ချစ်ကြောင်းပြဖို့ စွန့်လွှတ်နိုင်ရတယ်…”

 

ဟော်သွန်းသည် အိပ်ပျော်သွားသော သားတော်၏ ဆံပင်ကို ညင်ညင်သာသာသပ်တင်ပေးပြီး တီးတိုးပြောလိုက်သည်။ သားတော်လေးကို သားကြီးလို လူတော်တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးခဲ့သည်။ သားတော်ကြီး၏ဘ၀ဖြစ်သန်းပုံနှင့် သားငယ်လေး၏ဘ၀ဖြတ်သန်းပုံ မတူသည်ကို မိမိ မေ့သွားခဲ့သည်။ ပြီးတော့သူတို့ ခမည်းတော်တွေရဲ့ စိတ်နေစိတ်ထား၏ လွှမ်းမိုးမှု၊ ပင်ကိုယ်မွေးရာပါ စိတ်နေစိတ်ထား မတူညီခြင်းက တူညီသည့် လေ့ကျင့်မှုပေးခဲ့သော်လည်း တူညီသော အရည်ချင်းကို မရရှိစေခဲ့ပါ။ ဟော်သွန်းသည် သားငယ်လေး၏ မာကျောသယောင်နှင့် အတွင်းစိတ်မှ အမြဲစိုးရိမ်နေသည့် အချက်ကို ယခုမှသေချာသိသွားခဲ့သည်။ ချူးခန်က သူ့တစ်ဘ၀လုံး မိမိပျောက်သွားမည်ကို စိုးရွံ့ပြီးကြီးပြင်းလာခဲ့သည်။ ဒါကြောင့် သူ့ရဲ့စိတ်က တင်းနေသည့် လေးပမာ အချိန်မရွေးပေါက်ကွဲနိုင်သည့် အခြေနေဖြစ်နေသည်။

 

 ယခုလို သူ့ခမည်းတော် ကျန်းမာရေးမကောင်းသည့်အချိန်၊ သားကြီးတို့ဘက်က စစ်ကြေငြာပြီး တိုက်ခိုက်ဟန်ပြင်နေသည့် အခြေနေကို သားငယ် ဘယ်လိုမှ တောင့်ခံနိုင်မည် မဟုတ်တော့ပေ။ မိမိ တစ်ခုကို ရွေးရမည့် အချိန်ရောက်လာလေပြီ။ ယခုအခြေနေက ခင်ပွန်း နှစ်ယောက်ကို ရွေးတာမဟုတ်တော့ပဲ သားနှစ်ယောက်ကို ရွေးရတော့မည်။ မိမိရင်မှဖြစ်လာသည့် သားနှစ်ယောက်လုံးကို စိတ်ချမ်းသာစေချင်ပေမယ့် တယောက်ယောက်ကို နစ်နာအောင် လုပ်ရတော့မည့် အခြေနေကို မိခင်တစ်ယောက်အနေနှင့် ဟော်သွန်းရင်နာမိသည်။ ဖြစ်နိုင်ရင် သားနှစ်ယောက်လုံးကို သင့်သင့်မြတ်မြတ်နှင့် ချစ်ခင်စေချင်သည်။ ဒါကလည်း မဖြစ်နိုင်တော့ပါ။ ခန်မင်းကြီး၏ မချစ်သင့်သည့် အချစ်ကို အကောင်ထည်ဖော်မှုကြောင့် မိမိသားနှစ်ယောက်လုံး စိတ်ဆင်းရဲရတော့မည်။ ဟော်သွန်းသည် သားငယ်လေးကို ငေးကြည့်ရင်း အတွေးနွံထဲနစ်သွား တော့သည်။
 

“အရီးတော် သားတော်ကြီးနဲ့စကားပြောချင်တယ် …သားတော်ကို အရီးတော်နဲ့လာတွေ့ဖို့ပြောပေးပါ ဆူမီရာ..”

 

ဆူမီရာသည် မိမိသွေးကြောစမ်းစဉ် တိုးညင်းစွာပြောလာသည့် အရီးတော်၏စကားကြောင့် တောင့်ခနဲဖြစ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။ ပြီးတော့ မိမိမမေးလိုက်ရသည်ကို အရီးတော်ကိုမေးလိုက်သည်။
 

“မနေ့က နောင်တော် အရီးတော်ကို လာတွေ့သေးလားဟင်.. နောင်တော့်ကို မေးမလို့ မမေးလိုက်ရလို့…”

 

“လာသွားတယ်။ အရီးတော်ကို နောက်ရက်တွေမှာ လျှို့ဝှက်ပြီး ခေါ်ထုတ်သွားဖို့ လာပြောတာ… အရီးတော် ငြင်းလိုက်တယ်။”
 

“ဘာလို့လဲ အရီးတော်ဘုရား။ နောင်တော်က အရီးတော်ရဲ့ကျန်းမာရေးအတွက်ကြောင့် ဒီလိုစီစဉ်လိုက်တာပါ… ပြီးတော့ နောင်တော်က အရီးတော်နဲ့ အတူနေရမယ့် နေ့ရက်ကို စောင့်မျှော်နေရှာသူပါ…”

 

ဆူမီရာသည် နောင်တော် ဘာကြောင့် ထိုနေ့က အသိစိတ်လွတ်သလိုဖြစ်သွားသည်ကို နားလည်လိုက်သည်။ နောင်တော့်နေရာမှ စိတ်မကောင်းဖြစ်မိသည်။ တကယ်လို့ မိမိ၏မယ်တော်ကသာ ခုလို လိုက်ခဲ့ဖို့ငြင်းဆန်လျှင် မိမိ အရမ်းနာကျင်ပေါက်ကွဲမိမှာ သေချာသည်။ဆူမီရာသည် စိတ်မကောင်းခြင်းဖြင့် အရီးတော်၏မျက်နှာကို အဖြေတောင်းဟန်ဖြင့် ငေးကြည့်နေမိသည်။

 

ဟော်သွန်းသည် ဆူမီရာ၏အကြည့်ကိုနားလည်သည်။ ဒါပေမယ့် မိခင်တစ်ယောက်၏ စိတ်ခံစားချက်ကို သူတို့ဘယ်လို နားလည်နိုင်မည်နည်း။ သားတော်ကြီးကိုတော့ ပြောပြလိုက်ပြီ။ မောင်မောင့်ကို တွေ့ချင်သည်။ မောင်မောင်နှင့်တိုင်ပင် ချင်သည်။
 

တင်ဂီရိသည် ဆူမီရာလျှို့ဝှက်ပေးလိုက်သည့် စာအရ ညသန်းခေါင်လာတွေ့တော့ ဆူမီရာက သူ့ရင်ခွင်ထဲတိုးဝင်ပြီး ကိုယ်ကိုတင်းကျပ်စွာဖက်ထားသဖြင့် မယ်မယ်နှင့်မိမိအကြောင်းကို သိသွားပြီဆိုတာ ရိပ်မိကာ ဆူမီရာ၏ ကိုယ်လေးကို သိုင်းဖက်ကာ နဖူးကိုငုံ့နမ်းပြီး ပြောလိုက်သည်။

 

“ကိုယ်ဘာမှမဖြစ်ဘူး… မီရာလေး..ကလေးလေး… ကိုယ့်ကိုကြည့်နော်…. ”
 

“နောင်တော် ဘာလို့ ဟိုနေ့က မပြောလိုက်တာလဲ… ကျွန်တော်က နောင်တော်စိတ်မကောင်းဖြစ်နေချိန် နှစ်သိမ့်ပေးချင်တာ…”
 

“မီရာလေးက ကိုယ့်ကို အကောင်းဆုံးနှစ်သိမ့်ပေးတယ်လေ။  ကိုယ့်မှာ မီရာလေး ရှိတယ်။ကိုယ့်ကို ချစ်တဲ့ မီရာလေး ရှိတယ်ဆိုတာ သက်သေပြခဲ့ပြီးသားလေ။ ကိုယ် ကလေးကြောင့် စိတ်အေးချမ်းသွားရတာ… ကိုယ်ဖြစ်ချင်တာထက် ကိုယ့်ချစ်သူ စိတ်ချမ်းသာမှုကို ဦးစားပေးတာက တကယ်ချစ်တာကို ဖော်ပြတယ်ဆိုတာ ဒီက ကိုယ့်ကလေးလေးက ကိုယ့်ကိုသင်ပေးသွားခဲ့တယ်။ အဲ့မတိုင်ခင်တုန်းက ကိုယ့်မျှော်လင့်ချင်တွေပြိုလဲသွားသလို ခံစားလိုက်ရတယ်။ တသက်လုံး မယ်မယ့်ကို ကယ်တင်ပေးဖို့ကြိုးစားခဲ့တာ မယ်မယ် အသိမှတ်ပြုမယ်ထင်ခဲ့တယ်။ ကိုယ်ခေါ်ရင် မယ်မယ် ၀မ်းသာအားရ လိုက်ခဲ့မယ်လို့ယုံကြည်ခဲ့တယ်။ ဒါပေမယ့် ထင်သလို မဖြစ်တော့ ကိုယ် အရမ်းကို စိတ်ညစ်သွားခဲ့တယ်။ ဒါပေမယ့် အဲ့ည မီရာလေး ကိုယ့်ကို အကောင်းဆုံးနှစ်သိမ့်ပေးခဲ့တယ်…ကိုယ် စိတ်ငြိမ်ငြိမ်နဲ့ပြန်စဉ်းစားတော့ မယ်မယ့်ကို နားလည်ပေးသွားနိုင်တယ်။”

 

ဆူမီရာသည် နောင်တော့်စကားကြောင့် ချစ်ခြင်းအပြင် အထင်ကြီးခြင်းက ပိုလာခဲ့သည်။ တကယ်တော့ မိမိလည်း ဘာရယ် ညာရယ်မဟုတ်။ ချစ်သည့် နောင်တော် စိတ်ချမ်းသာစေချင်သည်။ နောင်တော့် အချစ်ကိုယုံသည်။ မိမိကို နာကျင်အောင် ဘယ်တော့မှ မလုပ်ဘူးဆိုတာကို သိသည်။ ဒါ့အပြင် နောင်တော့် အနမ်းနှင့် အပွေ့အဖက်ကိုရင်ခုန်သည်။ ထိုသို့ လိုက်လျောပေးခြင်းက နောင်တော့်စိတ်ကို ယုံကြည်မှုတိုးပွားစေပြီး တည်ငြိမ်သွားစေလို့ တော်သေးသည်ဟု တွေးမိသည်။
 

“ကျွန်တော် နောင်တော့်အချစ်ကို ယုံတယ်.. တကယ်တော့ ကျွန်တော် ချစ်တယ်ဆိုတာထက် နောင်တော်က ကျွန်တော့်ထက် ပိုချစ်ပါတယ်… ဒီအတွက် ကျွန်တော် ကံကောင်းတယ်…”

 

တင်ဂီရိသည် ထိုစကားကို ပြောလိုက်သည့် ချစ်သည့် ကောင်လေးကို အနမ်းဖြင့်ဆုချလိုက်သည်။ ပြင်းပြသော နက်ရှိုင်းသော နောင်တော့်အနမ်းများကြောင့် ဆူမီရာ၏ ရင်ဗလောင်ဆူလာပြန်သည်။ နောင်တော်က မိမိကိုယ်ကို ပွတ်သပ်လာတော့ နောင်တော့် လက်ကို တားလိုက်ပြီး အရီးတော်မှာထားသည်ကို ပြောလိုက်သည်။
 

“နေဦးနောင်တော်… အရီးတော်က နောင်တာ့်ကို တွေ့ချင်လို့တဲ့.. အဲ့ဒါ အရင်သွားလိုက်ဦး…”

 

တင်ဂီရိက ဆူမီရာကိုဆတ်ခနဲပွေ့ချီကာ ကုတင်ပေါ်ခေါ်သွားရင်းပြောလိုက်သည်။
 

“သွားတွေ့ပါ့မယ်ကွာ။ အရင်ဆုံးကိုယ့်ကို ခွန်အားတွေပေးခဲ့ဦး..”
 

ဆူမီရာ၏ အသံတို့တိတ်ဆိတ်သွားခဲ့သည်။ နောင်တော့်ရင်ခွင်ထဲရောက်တိုင်း အရာရာကို မေ့လျော့သွားခဲ့သည်။ ထမင်းတအိုးချက်ခန့်ကြာပြီးမှ တင်ဂီရိ အဆောင်မှတိတ်တဆိတ်ထွက်သွားခဲ့သည်။ လျှို့ဝှက်ပေါက်မှ တိတ်တဆိတ် ကြည့်နေသည့် ယွမ်ချူးခန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသဖြင့် လက်သည်းများက လက်ဖ၀ါးထဲကို စိုက်ဝင်ကာ သွေးစက်လက်ကျသည့်တိုင် နာကျင်မှုကို အမှုမထားမိအောင်ကို နှလုံးသားက နာကျင်လွန်းလှသည်။

 

“မီရာ… မင်းကို ငါတယောက်တည်းပိုင်ရမယ်… ဒီလူထက် မင်းကို ငါက ပိုချစ်တယ်ဆိုတာ ဘာကြောင့် မမြင်ရတာလဲ…”

 

ဆူမီရာက ဒီအကြောင်းကို မသိပဲ အ၀တ်စားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည်ဝတ်ဆင်နေလိုက်သည်။

တင်ဂီရိသည် မယ်မယ့်အဆောင်ကို တိတ်တဆိတ်လာခဲ့သည်။ မယ်မယ့်အဆောင်ထဲတွင် အတွင်းဝန်နှင့် အပျိုတော်များ ၀င်ထွက်နေသဖြင့် သစ်ပင်ပေါ်မှ ခဏစောင့်နေလိုက်သည်။ ထို့နောက် မယ်မယ်အိပ်ပျော်သွားတော့မှ အားလုံး မီးရောင်မှိန်ပြီး အိပ်ခန်းတံခါးကို အသာစေ့သွားပေးကြသည်။ ခြေသံများအားလုံးဝေးသွားတော့မှ ဟော်သွန်း တိတ်တိတ်ထပြီး ပြတင်ပေါက်နားရပ်လိုက်သည်။ သစ်ပင်ပေါ်မှ သားတော်ကြီးက ဖျတ်ခနဲ ၀ရန်တာပေါ်ခုန်ချပြီး အထဲကို ၀င်လာခဲ့သည်။
 

“သားတော်… မယ်မယ့်ကို မင်းရဲ့ခမည်းတော်နဲ့ တွေ့ဖို့စီစဉ်ပေးပါ… မယ်မယ် မင်းခမည်းတော်နဲ့စကားပြောချင်တယ်…”

 

----------------------------------------

ယေစုကိုင်းသည် သားတော်ထံမှ စကားကိုကြားသော် ရင်တထိတ်ထိတ်ခုန်သွားခဲ့သည်။ ဟော်သွန်း မိမိကို တွေ့ချင်သည်။ ဘာကြောင့်တွေ့ချင်သည်ကို မှန်းဆမိသော်လည်း ဟော်သွန်းနှင့်စကားပြောချင်သည်။ ဒါကြောင့် သွားတွေ့ရန်ဆုံးဖြတ် လိုက်သည်။
 

“ခမည်းတော် နန်းတော်ထဲကို ၀င်တာ အန္တာရာယ်များတယ်။ ကျွန်တော် မယ်မယ့်ကို ရအောင် ခေါ်ထုတ်လာပါ့မယ်..”
 

“မင်းရဲ့ မယ်မယ် နေမကောင်းဘူး။ သူတို့ထောင်ချောက်ဆင်လည်း ခမည်းတော်က ထိုးဖောက်ထွက်လာနိုင်တယ်။ ခမည်းတော် သွားတွေ့လိုက်မယ်…”

 

ယေစုကိုင်းသည် ဟော်သွန်း၏ရောဂါအခြေနေဖြင့် ပင်ပန်းမည်ကို စိုး၇ိမ်သဖြင့် သားရဲတွင်းထဲကို ကိုယ်တိုင်ဆင်းရဲ ဆုံးဖြတ်လိုက်သည်။ တင်ဂီရိသည် ခမည်းတော်၏ စိတ်ကိုနားလည်သဖြင့် တားဆီးရန်မကြိုးစားတော့ပဲ မတော်တဆ နန်ကျောင်ပြည်ဘက်က တနည်းနည်းနှင့်သိပြီးထောင်ခြောက်ဆင်ခဲ့လျှင် ကယ်တင်နိုင်မည့်နည်းကိုသာ ကြိုတင်ပြင်ဆင်ရန် ထွက်ခဲ့သည်။

 

ဟော်သွန်းသည် မောင်မောင် လာတွေ့မည်ဆိုကတည်းက ကနာမငြိမ်ဖြစ်နေသည်။ မတော်လို့ နန်ကျောင်နန်းစောင့်တပ်က မိသွားလျှင်ဆိုသည့် အတွေးက စိတ်ကို ဖိစီးနေသည်။ မိမိမြို့ပြင်ထွက်တွေ့မည်ဆိုတော့လည်း ကျန်းမာရေးမကောင်းသဖြင့် လက်မခံသည့် မောင်မောင့်စေတနာကို ဟော်သွန်းခံစားမိကာ မျက်ရည်ဝဲမိသည်။ နှစ်တွေကြာသွားသည့်တိုင် နောက်ထပ်မိဖုရား မမြှောက်ပဲ မိမိကိုစောင့်နေသည့် မောင်မောင့်သစ္စာတရားနှင့် ချစ်ခြင်းကို ဟော်သွန်းအကြွင်းမရှိ ယုံကြသည်။ မောင်မောင့်အချစ်ကြောင့် ဒီငရဲတွင်းလိုနေရာမှာ ဟော်သွန်းအသက်ဆက်ရှင်နိုင်ခြင်းဖြစ်သည်။ အဝေး တနေရာတွင် မိမိကိုစောင့်မျှော်နေသည့် ချစ်သူရှိသည်ဆိုသည့် အသိက စိတ်ခွန်အားကို ပေးစွမ်းနေသည်။

 

“ဟော်သွန်း….”
 

“မောင်မောင်…. မောင်မောင်ရယ်….”

 

ဟော်သွန်းသည် ဥယျာဉ်ထဲတွင်စောင့်နေစဉ် ဥယျာဉ်မှုးဝတ်စုံနှင့် မောင်မောင့်ကိုတွေ့လိုက်တော့ ရင်ဖွင့်ကြိုနေသည့် လက်မောင်းများကြားတိုးဝင်ဖက်ထားလိုက်စဉ် ယခင်လို ချစ်ခြင်း၏အငွေ့အသက်ကို အပြည့်ဝခံစားလိုက်ရသည်။ လွမ်းသည်။ အရမ်းကိုလွမ်းသည်။ ဒီသန်မာသည့်လက်မောင်းက ထွေးပွေ့လိုက်သဖြင့် ဘေးဟူသမျှက လုံခြုံသွားသည့် ခံစားချက်ကို အရမ်းလွမ်းမိသည်။
 

“မောင်မောင့်ရဲ့ ဒီရင်ခွင်၊ဒီအထိအတွေ့ကို မသေခင်ပြန်ရပါဦးမလားလို့ ထင်နေခဲ့တာ….”
 

“ဟော်သွန်းနဲ့ပြန်ဆုံဖို့ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့မောင်မောင် အသက်ဆက်ရှင်နေခဲ့တာပါ။ ဟော်သွန်း အနစ်နာခံ တာကြောင့် မောင်မောင်တို့ သားအဖ အသက်ရှင်သန်ခွင့်ရခဲ့တာပါ။ နေ့ရက်တိုင်း ဟော်သွန်းရဲ့ အချစ်နဲ့ မောင်မောင်တို့ ဖြတ်သန်းခဲ့တယ် ဟော်သွန်း…”

 

မောင်မောင့်စကားကြောင့် ဟော်သွန်း၏ မျက်ဝန်းထဲမှ မျက်ရည်တို့စီးကျလာခဲ့သည်။ ချစ်ခြင်း၊လွမ်းဆွတ်ခြင်း၊ ပြန်လည် ဆုံတွေ့ရခြင်းကြောင့် ၀မ်းသာခြင်း။ ပြီးတော့ မိမိဆက်ပြောမည့် စကားကြောင့် ၀မ်းနည်းခြင်း။ ဒီခံစားချက်တွေကြောင့် ဟော်သွန်း၏ မျက်ရည်တို့ တာကျိုးသလိုစီးကျလာခဲ့သည်။ ယွမ်ချူးခန်တစ်သက် နန်ကျောင်နန်းတွင်းထဲမှာ ကျောက်ရုပ်လို နေထိုင်ခဲ့ရာမှ မောင်မောင်တို့ကိုပြန်တွေ့သည်နှင့် ထိုနှလုံးသားပြန်ခုန်လာခဲ့လေပြီ။ နာကျင်ခြင်း ၊ လွမ်းဆွတ်ခြင်းကို ပြန်လည် မှတ်မိလာလေပြီ။
 

“ဟော်သွန်း… တိတ်ပါကွယ်… ဖြစ်သမျှအရာအားလုံးက ကံတရားအတိုင်းပဲပေါ့။ အတူနေပြီးအချစ်တွေ ပျောက်ဆုံးသွား တာထက် ကိုယ်တို့လို ဘယ်လောက်ဝေးနေပါစေ။ ဟော်သွန်းနဲ့မောင်မောင်တို့ ခရီးအကွာအဝေးမခြားသလို ချစ်တဲ့စိတ် နည်းနည်းမှမလျော့ပဲ ရှိခဲ့တာ ကံကောင်းခြင်းပဲ မဟုတ်လား။ ဟော်သွန်းကို မောင်မောင်တို့ သားအဖက အသက်ကြွေး တင်နေခဲ့တယ်။ အချစ်ကြွေးတင်နေခဲ့တယ်။ ဒါကြောင့် မောင်မောင်တို့ ကြိုးစား သမျှက ဟော်သွန်းရဲ့ ပျော်ရွှင်မှုအတွက်ပဲ။ ဟော်သွန်း စိတ်ချမ်းသာမယ့် လမ်းကိုရွေးပါ။ မောင်မောင်တို့ အသာတကြည် လက်ခံပါ့မယ်…”

 

ဟော်သွန်း ပြောရခက်နေမယ်စိုးသဖြင့် ယေစုကိုင်းက အလိုက်တသိဖြင့် ဖွင့်ပြောခဲ့သည်။ ကာလိုခန်မင်းကြီး မကျန်းမာသည့် သတင်းကြောင့် ဟော်သွန်း၏ စိတ်တို့ပြောင်းလဲလာနိုင်သည်ကို ယေစုကိုင်းနားလည်သည်။ ယွမ်ချူးခန်က ဟော်သွန်း ကိုးလလွယ်၊ ဆယ်လဖွားခဲ့သည့်သားတစ်ဦးဖြစ်သည်။ မိခင်စိတ်ကြီးမားသည့် ဟော်သွန်းက ဘယ်လိုမှ သူ့သားငယ်ကို စွန့်ထားခဲ့မည် မဟုတ်သည်ကိုသိသည်။ ဟော်သွန်းကို အပြစ်မတင်ရက်ပါ။ သူမ၏ မိခင်စိတ်ကိုသာ လေးစားချီးကျူး မိသည်။ သာမန်မိန်းမများ ကဲ့သို ရန်သူ့သွေးသွားဖြစ်သည် ဆိုသည့်အချက်ဖြင်း မုန်းတီးခြင်းမရှိ၊ ကိုယ်တိုင် နို့ချိုတိုက်ကျွေး ကာ ပျိုးထောင်ခဲ့သည့် သားကို ပြန်ငဲ့ကြည့်ရမည်ကို နားလည်သည်။ ပြီးတော့ ယွမ်ချူးခန်အနေဖြင့် မိခင်၏ အထိန်းအကွပ်လိုအပ်နေသည်ဟု မြင်သည်။ ဟော်သွန်းသာလျှင် ယွမ်ချူးခန်ကို လူကောင်းဖြစ်အောင် ပဲ့ပြင်နိုင်လိမ့်မည်။
 

“မောင်မောင်… ဟော်သွန်းလေ… သားလေး ယွမ်ချူးခန်ကို ပစ်မထားရက်ဘူး။ သူ့ခမည်းတော်က အခြေနေ အတော်ဆိုးနေတယ်။ ပြီးတော့ သူ ချစ်နေတဲ့သူကိုလည်း မပိုင်ဆိုင်နိုင်ဘူး။ သူ့ရင်ထဲမှာ ဆုံးရှုံးမှုတွေကြောင့် ခါးသီးနေလိမ့်မယ်။ ဟော်သွန်း သားလေးကို အားပေးဖို့လိုအပ်တယ် မောင်မောင်… ဒါကြောင့်…”
 

“မောင်မောင် နားလည်တယ်… ”

 

ယေစုကိုင်းသည် တသက်လုံးစောင့်စားခဲ့ပြီး လက်တကမ်းအလိုမှ ချစ်မယားကို စွန့်လွှတ်လိုက်ရမည့် အရေးကြောင့် ဂုဏ်သိက္ခာကို မစဉ်းစားနှင့်ဦး။ ဆယ့်ရှစ်နှစ်လုံးလုံးစောင့်ခဲ့ရသည့် မျှော်လင့်ချက်ကို စွန့်ပစ်ရမည်က အတော့်ကိုခက်သည်။ ဒါပေမယ့် မိမိထက် ဟော်သွန်း၏စိတ်ချမ်းသာမှုက ပိုအရေးကြီးသည်။ ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်သည်ထက် ချစ်သူ၏ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ပေးချင်သည်။ ဟော်သွန်း စိတ်ချမ်းသာအောင်ထားချင်သည်က မိမိစိတ်ရင်းဖြစ်သည်။ သားတော် တင်ဂီရိသည်လည်း မိမိနှင့် တူညီသည့် သဘောထားရှိမည်ဟု ယုံကြည်သည်။ ဒါကြောင့် ဟော်သွန်းကို စကားကုန်ပြောလိုက်သည်။

 

“ဟော်သွန်း စိတ်ချမ်းသာအောင် မောင်မောင်လုပ်ပေးချင်တယ်… ဟော်သွန်း ဒီနန်းတွင်းမှာ ကျန်းကျန်းမာမာနဲ့ နေကောင်းအောင် နေပါ။ မောင်တော်တို့ တပ်ပြန်ဆုတ်သွားပါ့မယ်…”

 

ဟော်သွန်းသည် မောင်မောင့် စကားကြောင့် ရင်မှာ နာကျင်မှုနှင့်အတူ ကျေးဇူးတင်ခြင်းကြောင့် ရင်ဘတ်မှ အောင့်လာခဲ့သည်။ ဟော်သွန်း ရင်ဘတ်ကို ဖိမိစဉ် ယေစုကိုင်းက ပျာသွားပြီး ဟော်သွန်းကို ဖက်ကာ တိုးတိုးပြောလိုက်သည်။
 

“ဟော်သွန်း… အသက်ကိုဖြည်းဖြည်းရှု…. မောင်မောင့်ကိုကြည့်စမ်း…. မောင်မောင် ဟော်သွန်းကို ချစ်တယ်။ ဘယ်တော့မှ မပြောင်းလဲဘူး။ ဟော်သွန်း ဆုံးဖြတ်တာကို မောင်မောင်နားလည်တယ်… ဟော်သွန်း ကျန်းမာပျော်ရွှင်နေရင် မောင်မောင်တို့ သားအဖ အဝေးတစ်နေရာကနေ ပျော်နေမှာပါ…”

 

ဟော်သွန်းသည် မောင်မောင့်ပါးပြင်ကို အသာထိကိုင်ပြီး ပြုံးကာ ပြောလိုက်သည်။
 

“ဟော်သွန်းရဲ့ အချစ်က မောင်မောင့်အတွက်ပါပဲ… မောင်မောင်က ဟော်သွန်းရဲ့ ခင်ပွန်းလင်ပါ… အမြဲ လေးစားပြီးချစ်ရတဲ့ ခင်ပွန်းသည်ပါ…”
 

“မောင်မောင်သိပါတယ်ကွယ်….”

 

ယေစုကိုင်း တီးတိုးပြောရင်း ဟော်သွန်း၏ လက်ကို ဆုပ်ကိုင်ကို နမ်းလိုက်သည်။ ထိုစဉ် ဥယျာဉ်ကို ၀ိုင်းထားသည့် တပ်မကြီး ကြောင့် ဆူမီရာ ထိတ်လန့်သွားခဲ့သည်။ ဆူမီရာက အရီးတော်တို့ ဆုံတွေ့မှုအတွက် ကင်းစောင့်ပေးနေခဲ့သည်။ စစ်တပ်ကို အမတ်ချုပ်ကြီးက ဦးဆောင်ထားပြီး အမိန့်ပေးခဲ့သည်။
 

“ယေစုကိုင်း ပြန်ခုခံဖို့ မစဉ်းစားနဲ့။ အသာတကြည့်အဖမ်းခံပါ…. မင်း ပြန်ခုခံရင် မိဖုရားခေါင်ကြီးရှေ့ မင်းကို မြှားနဲ့ ပစ်သတ်ရလိမ့်မယ်…”

 

ယေစုကိုင်းသည် တားဂေါတိုင်း၏ စကားကြောင့် ဒေါသပြင်းစွာထွက်သွားခဲ့သည်။ ဟော်သွန်း၏ နှလုံးရောဂါကြောင့် မိမိသာ သူမရှေ့အသတ်ခံရလျှင် ဟော်သွန်း သေချာပေါက် ရောဂါသည်းမည်ကို သိလို့ ယုတ်မာစွာဖြင့် အကျပ်ကိုင်လိုက်ခြင်းဖြစ်သည်။
 

“မောင်မောင်…ပြေးပါ….”
 

“ဦးရီးတော်…”

 

ဆူမီရာသည် ဦးရီးတော်တို့ဆီကိုပြေးသွားမည်အပြု အနောက်မှ ချုပ်ကိုင်ကာ ဆွဲထုတ်သွားခြင်းခံလိုက်ရသည်။
 

“မင်း…ငါ့ကိုလွှတ်စမ်း… ဦးရီးတော်ကို ပြန်လွှတ်ပေးပါ.. ချူးခန်.. ငါတောင်းပန်ပါတယ်…”

 

အနောက်ကိုလှည့်ကြည့်လိုက်တော့ ယွမ်ချူးခန်နှင့် ကိုယ်ရံတော်တစ်စုဖြစ်နေသဖြင့် အမြန်တောင်းဆိုလိုက်သည်။ သို့သော် ယွမ်ချူးခန်၏ မျက်လုံးများက အရီးတော် ဟော်သွန်းကို ဖက်ထားသည့် ဦးရီးတော်ယေစုကိုင်းကို သတ်ချင်ရိပ်ဖြင့် စိုက်ကြည့် နေသည်ကို တွေ့သော် ထိတ်လန့်သွားခဲ့သည်။
 

“သူ့ကို အဆောင်ထဲ ပိတ်ထားလိုက်… ငါ ပြန်မလာမချင်း အဆောင်ပြင်မထွက်ခိုင်းနဲ့….”

 

ယွမ်ချူးခန်၏ အမိန့်သံအဆုံး ဆူမီရာ ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။ ဆူမီရာ စိုးရိမ်တကြီးနှင့် အော်ဟစ်လိုက်သော်လည်း များပြာားလှသည့် စစ်တပ်က ဦးရီးတော်ကို လွတ်လမ်းမရှိအောင် ၀ိုင်းထားလေပြီ။ မိမိကိုယ်တိုင် ဦးရီးတော်ကို ထောင်ခြောက်ထဲ ခေါ်လာမိသလိုဖြစ်နေပြီဆိုသည့် အသိကြောင့် ဆူမီရာ စိတ်ဆင်းရဲသွားခဲ့သည်။

 

---------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet