စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (58)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (58)

 

တင်ဂီရိသည် ဆူမီရာကိုခေါ်ပြီး နန်းတော်ထဲကိုဝင်လို့ရသည့်လျှို့ဝှက်လမ်းကြောင်းမှ တိတ်တိတ်ခိုးဝင်ခဲ့သည်။ မြင့်မားသည့် နန်းတော်တံတိုင်းက သာမန်ဆိုလျှင် တက်ရခက်မည်ဖြစ်သော်လည်း မြင်းစီးကျွမ်းကျင်သည့် တင်ဂီရိအတွက် မြင်းလိမ္မာကြီးပေါ်တက်ကာ မတ်တပ်ရပ်လိုက်သည်နှင့် အလွယ်တကူကျော်တက်နိုင်လေပြီ။ ဆူမီရာလည်း တင်ဂီရိလုပ်သလို မြင်းပေါ်မတ်တပ်ရပ်လိုက်စဉ်တံတိုင်းပေါ်မှ တင်ဂီရိက ဆွဲတင်ပေးသဖြင့် အခက်ခဲမရှိ နန်ကျောင်နန်းတွင်းကို ခိုးဝင်ခဲ့ကြသည်။ ဆူမီရာသည် လာတုန်းက လာချင်သော်လည်း ယခုလို ရဲရဲတင်းတင်း ခိုးဝင်လာတော့ မိသွားမည်ကိုလန့်နေသည်။ တင်ဂီရိက ဆူမီရာ၏လက်ကို တင်းအောင်ဆုပ်ကိုင်ထားပြီး သွက်လက်စွာဖြင့် မယ်တော်၏အဆောင်ဘက်ကို လျှင်မြန်စွာလာခဲ့သည်။ ဆူမီရာသည် အစောင့်များကို ကျင်လည်စွာရှောင်ရှားပြီးနောက် အရီးတော်၏ အဆောင်ကိုမှတ်မိစွာ သွားနေသည့် အကိုတော်ကို အံ့သြချီးကျူးမိသည်။ အကိုတော် မလုပ်နိုင်တာ ဘာမှ မရှိနိုင်တော့ဘူးလားဟု တွေးမိသည်။


“အနောက်ဘက်က ပတ်ဝင်မယ်…”
 

တင်ဂီရိက ဆူမီရာကို တီးတိုးပြောကာ မယ်မယ့်အဆောင်ရှေ့မှ အစောင့်များကိုကွေ့ရှောင်ကာ အနောက်ဘက် ရေချိုးဆောင်ဘက်မှ ပတ်ကာပြတင်းပေါက်ကို ဓါးမြှောင်နှင့်ကလန့်ဖွင့်ကာ အထဲကိုဝင်ခဲ့သည်။ အဆောင်ထဲကို တိတ်တဆိတ်ဝင်လာပြီး လိုက်ကာနောက်တွင် ၀င်ပုန်းနေစဉ် မကြာခင် အဆောင်တံခါးကို ဖွင့်လိုက်သံကိုကြားလိုက်ရသည်။ ဆူမီရာက စိတ်လှုပ်ရှားစွာဖြင့် နောင်တော်၏လက်မောင်းကိုဆုပ်ကိုင်ထားမိသည်။ တင်ဂီရိသည် ဓါးကိုအသင့်ပြင်ကာ ငြိမ်သက်စွာ စောင့်နေသည်။

 

“မင်းတို့ဘယ်သူတွေလဲ..ရပ်စမ်း…မိဖုရားကြီးရဲ့ အတွင်းဆောင်ကို မ၀င်ရဘူး…”
 

“ရွှမ်း…ရွှမ်း…. ”
 

“အား….”
 

“သခင်မ..ပြေးတော်မူပါ…အား….”

 

အပြင်ဘက်မှ အတွင်းဝန်နှင့် အပျိုတော်ကြီးများက ရဲမတ်များကိုတားဆီးလိုက်သဖြင့် အသတ်ခံလိုက်ရဟန်တူသည်။
 

“နောင်တော်…”
 

“ရှုး…တိုးတိုး….”

 

တင်ဂီရိသည် လိုက်ကာထဲမှ အပြင်က မြင်ကွင်းကို ငြိမ်ပြီးကြည့်နေပုံက သားကောင်ချောင်းနေသည့် ခြင်္သေ့၏တည်ငြိမ်ခြင်း ကဲ့သို့ကျက်သရေရှိလှသဖြင့် ဆူမီရာ နောင်တော့်ကိုလေးစားအားကျစွာကြည့်နေမိသည်။ တင်ဂီရိသည် သလွန်ပေါ်တွင် တည်ငြိမ်စွာထိုင်နေသည့် မယ်မယ့်ကို မျက်ခြေမပြတ်ကြည့်နေရင်း ခမည်းတော် ဘာကြောင့် မယ်မယ့်အကြောင်းကို တဖွဖွပြောသည်ကို နားလည်လာသည်။ မယ်မယ်သည် ဘယ်တုန်းကမှ ဘေးရန်ကိုမကြောက်ရွံ့ခဲ့ဖူးပေ။ အဖြစ်မှန်ကို လက်ခံသည်။ ဖြစ်သည့်အခြေနေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပြီး အကောင်းဆုံးဖြေရှင်းခဲ့သည်။ သူမ၏ အသည်းနှလုံးကို စတေးရမည်ဆိုလျှင်ပင် မယ်မယ်ဘယ်တုန်းက မှ နောက်မတွန့်သည်ကို ယခုမှ တင်ဂီရိ ပိုနားလည်လာခဲ့သည်။

 

ဟော်သွန်းသည် အပြင်မှ အတင်းဝင်လာသည့် ဓါးကိုင်ရဲမတ်များ၏အသံကိုကြားသည်နှင့် မယ်တော်ကြီး မိမိကို အပြတ်ရှင်းရန် လူလွှတ်လိုက်သည်ကို ရိပ်မိလိုက်သည်။ မယ်တော်ကြီးက နဂါးအမိန့်ပေးတံဆိပ်ပြားနှင့် မင်းကြီးကို ထိန်းချုပ်နိုင်သော်လည်း သားတော်ယွမ်ချူးခန်ကို ထိန်းနိုင်မှာမဟုတ်သည်ကို ရိပ်မိကာ မိမိကို နယ်နှင်ဒဏ်ခတ်ဖို့ထက် လုပ်ကြံဖို့နည်းလမ်းကိုရွေးလိုက်ပုံရသည်။ ဒီနန်ကျောင်နန်းတော်တွင် သားတော်ယွမ်ချူးခန်သာလျှင်

မိမိ၏သွေးရင်းသားရင်းဖြစ်သည်။ သားတော် မိမိကိုသေချာပေါက် ကယ်တင်မည်ကိုယုံကြည်သည်။

 

ခု မယ်တော်ကြီး နန်းသိမ်းသည့် ပြသာနာကို ဖြေရှင်းပြီးလျှင် သားတော်ကို သူ့နောင်တော်နှင့် စစ်မက်ဖြစ်ပွားသည့်အဖြစ်ကို တတ်နိုင်သမျှဖြောင့်ဖြရဦးမည်ဟုတွေးထားသော်လည်း အပြင်မှာမိမိအဆောင်၏ အတွင်းဝန်များ၊ကုန်းကုန်းများကို ရက်ရက်စက်စက် သတ်ဖြတ်နေသည့် အသံများအရ သားတော်လေး နောက်ကျနေပြီထင်သည်။ ဒါမှမဟုတ် သားတော်ကို သူတို့ အခြားနေရာကိုလှည့်စားခေါ်သွားပြီး မိမိကို အပြတ်ရှင်းရန်လာပြီထင်သည်။ ဟော်သွန်းသည် ခေါင်းရင်းမှဓါးကို ဆွဲထုတ်ကာ အပျိုတော်များကို အမိန့်ပေးလိုက်သည်။
 

“အားလုံး ရရာ လက်နက်ကို ကိုင်ထားပြီး ခုခံပါ။ အလွယ်တကူ အသတ်မခံနဲ့၊ အခုလာတဲ့ ရဲမတ်တွေက မင်းကြီးရဲ့ရဲမတ်တွေ မဟုတ်ဘူး။ နန်းလုသူတွေ စေလွှတ်လိုက်တဲ့သူတွေဖြစ်တယ်…”

 

ကြောက်လန့်နေသည် အပျိုတော်များသည် ထိုအခါမှ တည်ငြိမ်လာပြီး ရရာ လက်နက်ကို ဆွဲကိုင်ကာ မိဖုရားကြီးကို ၀န်းရံထားကြသည်။ ဟော်သွန်းသည် ဓါးလွတ်ကိုကိုင်ကာ အဆောင်တံခါးကို စိုက်ကြည့်နေစဉ် ပြင်းထန်သည့် ကန်ချက်နှင့်အတူ တံခါးကျိုးပျက်သွားပြီး သွေးစွန်းသည့် ဓါးများနှင့် ရဲမတ်များ အထဲကိုဝင်လာခဲ့သည်။
 

“မင်းတို့ ခုချက်ချင်း ဓါးကိုချလိုက်စမ်း… မဟုတ်ရင် မင်းကြီး ရောက်လာရင် အားလုံး ဆွေခုနှစ်ဆက် မျိုခုနှစ်ဆက် အသတ်ခံရမယ်…”

 

ဟော်သွန်းက အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။ သို့သော် သွေးဆာနေသည့် လူသတ်သမားများက ဓါးကိုဝင့်ကာ မိဖုရားကြီးနှင့် အပျိုတော်တစ်သိုက်ဆီကို ၀ိုင်းအုံလာသည့်အခါ အပျိုတော်များက ကြောက်လန့်တကြားအော်လိုက်သည့် အသံများဆူညံသွားခဲ့စဉ် အရှိန်ပြင်းသည့် ဓါးမြှောင်များက မိဖုရားကြီး၏အနောက်ဘက်မှ လွင့်ပျံလာပြီး ရဲမတ်များအားလုံး၏ လည်မြိုကို စိုက်ကာ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားခဲ့သည်။
 

တင်ဂီရိသည် တစ်ခါတည်းခုန်ပျံထွက်လာပြီး ကျန်သည့် ရဲမတ်တစ်စုကို ထိုးခုတ်ကာ အပြတ်ရှင်းလိုက်သည်။ အပြင်မှထပ်ဝင်လာသည့် ရဲမတ်အားလုံးသည် တင်ဂီရိ၏ လက်ချက်နှင့် အားလုံးသတင်းပြန်ပို့စရာမလိုအောင် ခေါင်းတခြား ကိုယ်တခြားဖြစ်ကုန်သည်။

 

ဟော်သွန်းသည် စိတ်ဒုန်းဒုန်းချကာ အသေခံပြီးတိုက်ရန်ကြံနေစဉ် မထင်မှတ်ထားသည့်ဓါးမြှောင်နှင့် မိမိတို့ကိုသတ်မည့် ရဲမတ်အားလုံးသေကုန်သည့်အပြင် ထွားကျိုင်းသည့် ၀တ်စုံနက်နှင့် လူငယ်တစ်ဦးက ၀င်လာသမျှ လူသတ်သမားရဲမတ်အားလုံးကို သုတ်သင်နေသည်ကိုကြည့်ပြီး ရင်ထဲလှိုက်လှိုက်လှဲလှဲနှင့် ဂုဏ်ယူစိတ်တို့ လျှံတက်လာခဲ့သည်။ သားတော်ကို လှမ်းခေါ်ချင်သော်လည်းတိုက်ခိုက်နေတာ အနှောက်ယှက်ဖြစ်မှာစိုးလို့ အောင့်ထားလိုက်သည်။ နောက်ဆုံး အားလုံးကိုရှင်ပြီး မိမိဘက်ကိုလှည့်လာတော့ အပျိုတော်ကြားမှ တိုးထွက်ကာ သားကြီးကိုပြေးဖက်လိုက်တော့သည်။

 

“သား…သားကြီး…မယ်မယ့် သားကြီး…..”
 

“မယ်မယ်…”

 

တင်ဂီရိသည် မယ်မယ့်ကိုယ်ကို တင်းကျပ်စွာပြန်ဖက်ထားပြီး ပြောလိုက်သည်။
 

“မယ်မယ့်ကိုလုပ်ကြံဖို့စေခိုင်းတဲ့သူကို ကျွန်တော် သွားသတ်မယ်….”
 

“မသွားနဲ့…. အဲ့ဒါကို ယွမ်ချူးခန် လုပ်လိမ့်မယ်… သား အချိန်မှီရောက်လာတာ မယ်မယ်အရမ်းဝမ်းသာတယ်….”
 

“နောင်တော်… အပြင်မှ ရဲမတ်တွေ လာနေပြီ… ယွမ်ချူးခန်ဦးဆောင်လာခဲ့တာ….”

 

ဆူမီရာက အခြေနေကို ကြည့်ပြီး ပြန်ပြေးလာပြောခဲ့သည်။သူတို့ညီအစ်ကိုနှစ်ဦးဆုံးပြီး သတ်ကုန်မည်ကို စိုးရိမ်နေမိသည်။ ဟော်သွန်းသည် သားကြီး၏ ပါးပြင်ကို ပွတ်သပ်ကာ ပြောလိုက်သည်။
 

“သွားတော့….သွားတော့…သားရဲ့ ခမည်းတော်ကို ပြောလိုက်ပါ။ မယ်မယ် ကတိမဖျက်ပါဘူးလို့…. မယ်မယ့်ကိုစောင့်ပါ… မကြာတော့ပါဘူး…”

 

တင်ဂီရိသည် မယ်တော့်ကို တစ်ခါတည်းခေါ်သွားချင်သော်လည်း မယ်မယ်က လိုက်မည့်ပုံမပေါ်သဖြင့် သက်ပြင်းချကာ ဆူမီရာကိုခေါ်ပြီးချက်ချင်း ထွက်ခွာခဲ့တော့သည်။ ရင်ထဲတွင် မယ်မယ့်အငွေ့သက်ကို သေမလိုကို တမ်းတနေမိသည်။ ၁၇ နှစ်ကျော် ၁၈ နှစ်ကြာပြီးမှ ပထမဆုံးပွေ့ဖက်ခွင့်ရသည့် မယ်မယ့်ကိုယ်လေးက သိသိသာသာပိန်ပါးသွားသဖြင့် တင်ဂီရိ နာကျင်မိသည်။

 

တင်ဂီရိတို့ထွက်လာပြီး မကြာခင် ချက်ချင်းယွမ်ချူးခန်က လက်ရွေးစင်လက်မရွံ့များကို ဦးဆောင်ကာ မယ်မယ့်အဆောင်ထဲကို ပြေးဝင်လာခဲ့သည်။ အပြင်တွင် ရက်ရက်စက်စက်ခုတ်သတ်ခံထားရသည့် အတွင်းဝန်များ၊ ကုန်းကုန်းများကိုကြည့်ပြီး ယွမ်ချူးခန်လူသတ်ချင်စိတ်တို့ တဖွားဖွားပေါ်လာခဲ့သည်။ လုပ်ရက်သည်။ မိမိ၏ မယ်တော်ကို လုပ်ကြံရန်ခိုင်းစေရသည်။ ယွမ်ချူးခန်၏အတွင်းစိတ်ထဲမှ ဆူးများပေါက်လာခဲ့သည်။ မိမိငယ်စဉ်ချိန်တုန်းက မယ်မယ်ဒီနန်းတွင်းမှာ ဘယ်လောက်ခက်ခဲစွာနေခဲ့ရမည်ကို တွေးကာ ယွမ်ချူးခန်၏ စိတ်တို့တင်းမာလာခဲ့သည်။
 

“မယ်မယ်…မယ်မယ်…”
 

“သားတော်…”
 

“သူတို့ မယ်မယ့်ကို ထိခိုက်အောင်လုပ်သေးလား…”

 

ယွမ်ချူးခန်သည် အခြွေရံများအလယ်တွင် တည်တည်ငြိမ်ငြိမ်ရပ်နေသည့် မယ်မယ့်ကိုတွေ့သော် ပြေးဖက်ပြီးစိုးရိမ်တကြီးမေးလိုက်သည်။ ယွမ်ချူးခန်၏ ရဲမတ်များက အဆောင်အတွင်း၊အပြင်ကို အားလုံးလိုက်စစ်ဆေးပြီးနောက် လျှောက်တင်ကြသည်။
 

“လုပ်ကြံသူအားလုံး အသတ်ခံထားရပါတယ် အရှင့်သား…”

 

ယွမ်ချူးခန်သည် မယ်မယ့်ကိုကြည့်ကာ မေးလိုက်သည်။
 

“မယ်မယ့်ကို ဘယ်သူလာကယ်တာလဲ…”

 

ဟော်သွန်းသည် သားငယ်၏အမေးကြောင့် ထိတ်ခနဲဖြစ်သွားပြီး ဘယ်လိုဖြေရမှန်းမသိဖြစ်နေစဉ် ယွမ်ချူးခန် သဘောပေါက်သွားခဲ့သည်။ မယ်မယ်အမြဲတမ်းတခဲ့သည့် သားတော်ကြီးက မယ်မယ့်ကို မိမိနန်းတော်ထဲထိ လာပြီးကာကွယ် ပေးသွားခဲ့သည်ဆိုတော့ မိမိ အသုံမကျတာ ပိုပေါ်လွင်သွားခဲ့သည်။
 

“အာနန်မင်းသား လာသွားခဲ့တာလား မယ်မယ်ဘုရား…”
 

“ဟုတ်တယ်… သူအချိန်မှီရောက်မလာရင် မယ်မယ်တို့အားလုံး အသတ်ခံလိုက်ရပြီ။”

 

ဟော်သွန်း အမှန်တိုင်းပြောလိုက်တော့ ယွမ်ချူးခန်က အံကြိတ်ကာ မယ်မယ်ကိုတောင်းပန်သည်။
 

“မယ်မယ် သားတော် နောက်ကျသွားတာ တောင်းပန်ပါတယ်။ မယ်မယ်နဲ့ ခမည်းတော်ကို ဖြုတ်ချမယ့်သူ အားလုံး သားတော် မိထားပါပြီ။ ပြီးတော့… မယ်မယ့်အတွက် သားတော် လက်ဆောင်ယူလာတယ်… ”

 

ယွမ်ချူးခန်သည် မယ်မယ့်လက်ထဲကို နဂါးအမိန့်ပေးတံဆိပ်ပြားထည့်ကာ ပြောလိုက်သည်။
 

“ခုချိန်ကစပြီး မယ်မယ် ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး။ ဒါ မယ်မယ့်အတွက် လက်ဆောင်…”
 

“မယ်မယ်က ဒါကိုလက်ခံဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဟာက နန်ကျောင်ပြည်သူ မိဖုရားပဲ ပိုင်ဆိုင်သင့်တဲ့အရာပါ။ မယ်မယ်က မောရကစ်အနွယ် အရိုင်းစိုင်းပါ…”

 

မယ်မယ့်စကာကိုကြားသော် ယွမ်ချူးခန် နာကျင်သွားရပြန်သည်။ မယ်မယ့်လက်ထဲ တံဆိပ်ပြားထည့်ပေးပြီး ပြောလိုက်သည်။
 

“အခုကစပြီး အစဉ်လာပြောင်းလိုက်တာပေါ့ မယ်မယ်ဘုရား… ဘာကြောင့်လဲဆိုတော့ သားတော်က မယ်မယ့်သွေးသားဖြစ်နေလို့။ သားတော်ကို တန်ဖိုးထားရင် သားတော်ကို မွေးပေးခဲ့တဲ့ မယ်မယ့်ကို သူတို့တန်ဖိုးထားရမယ်။ မယ်မယ့်ကို မထီမဲ့မြင်လုပ်တဲ့သူ အားလုံး ငရဲကိုသွားရမယ်…”

 

ဟော်သွန်းသည် ခါတိုင်းထက် ပြတ်သားသည့် သားတော်ကိုကြည့်ကာ ကျေနပ်ခြင်းတစ်ဝက်၊ စိုးရိမ်ခြင်းတစ်ဝက်ဖြစ်လာမိသည်။
 

“သားတော်…. မင်း သူတို့ကို ဘယ်လိုစီရင်လိုက်တာလဲ…”
 

“သားတော်ရဲ့လက် သွေးစွန်းစရာမလိုပါဘူး မယ်မယ်ဘုရား။ လူယုတ်မာတွေ အားလုံး အကုသိုလ်ကံအကျိုးပေးလို့ မီးလောင်တဲ့အဆောင်ထဲ ပိတ်မိပြီး သေကုန်ပြီ…”

 

ယွမ်ချူးခန်၏ စကားကိုကြားသော် ဟော်သွန်း ကြက်သေသေသွားခဲ့သည်။ သားတော်၏ မျက်လုံးက အေးစက်ပြီး လူသတ်ရိပ်တို့ပြည့်နေခဲ့သည်ကို ထိတ်လန့်သွားပြီး သားငယ်၏လက်ကို ဆုပ်ကိုင်ကာမေးလိုက်သည်။
 

“သား…. မင်း သူတို့အားလုံးကို မီးရှို့သတ်လိုက်တာလား…”
 

“ဒါတွေအားလုံးကို မေ့လိုက်ပါ မယ်မယ်ဘုရား။ခုချိန်ကစပြီး မယ်မယ့်ကို ဘယ်သူမှ မထိစေရအောင် သားတော်ကာကွယ်မယ်။ အခု ဒီအဆောင်ကနေ ထွက်ရအောင်။ မယ်မယ်ကို နန်းဆောင်မကြီးဆီပို့ပေးမယ်။ ခမည်းတော်ရဲ့အဆောင်မှာ ခဏစံမြန်းတော်မူပါ။ သားတော် အတွင်းရန်သူအားလုံးကို သုတ်သင်ရဦးမယ်…”

 

ယွမ်ချူးခန်သည် မယ်မယ့်ကို ခေါ်ခဲ့ပြီး ခမည်းတော်၏ နန်းဆောင်ကိုပို့ပေးကာ ချက်ချင်းပြန်ထွက်သွားခဲ့သည်။ ကာလိုခန်မင်းကြီးသည် ဟော်သွန်းရောက်လာမှ လုပ်ကြံခံရသည်ကို သိကာ ဒေါသပြင်းစွာထွက်သွားခဲ့သည်။ မိမိ၏ မိဖုရားကို နယ်နှင်ဒဏ်ခတ်ရန် အမိန့်ထုတ်ပြီးမှ ရှင်းပစ်သည်။ တရားခံကို ဘယ်နည်းနှင့်မှ ခွင့်မလွှတ်နိုင်ပါ။ ဒါကြောင့် သားတော်ကို အားလုံးသုတ်သင်ရန် စေခိုင်းလိုက်သည်။ ယွမ်ချူးခန်နှင့် ကာလိုခန်တို့သားအဖကို ဟော်သွန်း ကြည့်ကာ စိတ်ထဲလေးသွားခဲ့သည်။ မိမိကို သားငယ် အသာတကြည်လက်လွှတ်မည် မဟုတ်တော့သည်ကို သိလိုက်သည်။ ဒါဆို သားတော်ကြီးက သေချာပေါက် စစ်ခင်းတော့မည်။ သားကြီးနှင့်သားငယ် တစ်ယောက်ကိုတစ်ယောက် အသေသတ်ကြတော့မည်ကိုတွေးပြီး ဟော်သွန်း အသက်ရှုရကြပ်ကာမောလာခဲ့သည်။
 

“ဟော်သွန်း…ဟော်သွန်း…နှမတော်…. အတွင်းဝန်ကြီး တော်ဝင်သမားတော်ကိုပင့်စမ်း….”

 

ကာလိုခန်သည် ဟော်သွန်းကို ပွေ့ကာ အသည်းသန်အမိန့်ပေးလိုက်သည်။ တော်ဝင်သမားတော်က မိဖုရား၏သွေးခုန်နှုန်းကိုစမ်းပြီးနောက် ထိတ်လန့်စွာလျှောက်တင်လိုက်သည်။
 

“အရှင်မင်းကြီး… မိဖုရားကြီးရဲ့ သွေးခုန်နှုန်းက အရမ်းကို လျော့ကျနေပါတယ်…နှလုံးအားနည်းတဲ့ရောဂါက ပိုဆိုးလာပါပြီ။ ငွေတောင်မင်းသားကို ဖိတ်ကြားပြီး ဆွေးနွေးတိုင်ပင်ပြီး ကုသပါရစေ… ကျွန်တော်မျိုးတို့ရဲ့ပညာက သက်တန့်တောင်သမားတော်ရဲ့ခြေဖျားကို မမှီလို့ ကုသဖို့ မ၀ံ့ရဲပါ အရှင်မင်းကြီး…”
 

“ကောင်းပြီ…ဒါဆို ငါကိုယ်တော် အာနန်မင်းဆီကို စာရေးပြီး ငွေတောင်မင်းသားကို ဆေးကုသဖို့ လွှတ်ပေးအောင် ပြောလိုက်မယ်….”
 

ကာလိုခန်သည် ချက်ချင်းစာချွန်ေ၇းပြီး ယေစုကိုင်းထံကို ပို့လိုက်သည်။ ယေစုကိုင်းသည် သားတော်ကို ခေါ်ကာ တိုင်ပင်သည်။ တင်ဂီရိသည် ဆူမီရာကို လွှတ်ရန် စိတ်မချသော်လည်း မယ်မယ့်အတွက် မလွှဲသာသဖြင့်လွှတ်ပေးရန် သဘောတူလိုက်သည်။

 

ဆူမီရာသည် မိမိကို နန်ကျောင်နယ်စပ်ကို လိုက်ပို့နေသည့် နောင်တော့်ကိုကြည့်ကာ လက်ကိုဆုပ်ကိုင်ပြီးပြောလိုက်သည်။

 

“နောင်တော်…ကျွန်တော့်ကို စိတ်ချပါ။ ကျွန်တော် အရီးတော်ကို ရအောင်ကုပေးပါ့မယ်…ပြီးတော့ နောင်တော့်ရင်ခွင်ထဲကို ဆက်ဆက်ပြန်လာပါ့မယ်…”

 

တင်ဂီရိသည် ဆူမီရာလေး၏ အပြောကြောင့် မချင့်မရဖြစ်ကာ ဆူမီရာ့ကိုဖက်ထားပြီးပြောလိုက်သည်။
 

“မင်းကို ကိုယ်ယုံတယ် မီရာ။ မယ်မယ့်ကို မီရာ့လက်ထဲပဲ အပ်လိုက်ပြီနော်။ ကိုယ် မီရာကို လာကြည့်မှာပါ…”
 

ယွမ်ချူးခန်သည် ခွဲခါနီးဖက်ကာ တတွတ်တွတ်မှာလို့မဆုံးနိုင်သည့် အတွဲကို မျက်လုံးရဲရဲနှင့်ကြည့်ကာ စိတ်ကို မနည်းထိန်းချူပ်ထားခဲ့သည်။ မိမိသေလုမျောပါးလိုချင်သော်လည်း ဘယ်တော့မှမရနိုင်အောင် တားဆီးထားသည့် သူကို မုန်းတီးစွာစိုက်ကြည့်နေမိသည်။ တင်ဂီရိကလည်း ယွမ်ချူးခန်၏ အမုန်းမျက်လုံးကို တွေ့သော်လည်း မမှုပါ။ သူ့လို လူငယ်လေးကို မိမိမျက်စိထဲပင် ထည့်မထားပေ။ သူ့နန်းတွင်းထဲ မိမိလိုသလိုသွားနေနိုင်မှတော့ သူ့ကိုသတ်ချင်လျှင် အချိန်မရွေးသတ်နိုင်သည် မဟုတ်လား။ သူ့ကိုသတ်လိုက်လျှင် မယ်မယ်စိတ်ဆင်းရဲမည်စိုးသဖြင့် အောင့်အီးထားခြင်းဖြစ်သည်။ သူ့ခမည်းတော်လုပ်သည့် အပြစ်က သူနှင့်မသက်ဆိုင်သဖြင့် ထူးပြီး သတ်ပစ်ချင်လောက်အောင် မုန်းတီးသည်လည်း မရှိပေ။

 

ဆူမီရာသည် ယွမ်ချူးခန်၏ အမုန်းမျက်လုံးကြောင့် နောင်တော့်ကို ခပ်သွက်သွက်နူတ်ဆက်ကာ နန်ကျောင်ရဲမတ်များနှင့် လိုက်ပါလာခဲ့သည်။ လမ်းတွင် ယွမ်ချူးခန်ကို မေးလိုက်သည်။

 

“မင်းတို့ နန်းတော်ကပုန်ကန်သူတွေ ပေါ်လို့ဆို… ”
 

“အေး..”
 

“သူတို့ကို မင်းဘာလုပ်ပစ်လိုက်လဲ…”
 

“အားလုံးသတ်ပစ်လိုက်ပြီ…”

 

ယွမ်ချူးခန်က ပြတ်ပြတ်ပြန်ဖြေလိုက်သည်။ဆူမီရာကို မကြည့်မိအောင်ထိန်းထားလိုက်သည်။ ဒီကောင်ကိုကြည့်မိလျှင် မိမိချစ်သည့်စိတ်က ထိန်းမရအောင်ဖြစ်ဖြစ်လာသည် မဟုတ်လား။
 

ဆူမီရာ သက်ပြင်းရှိုက်မိကာ ငြိမ်သွားခဲ့သည်။ ယွမ်ချူးခန်၏ စိတ်အခြေနေ သိပ်မကောင်းသဖြင့် ငြိမ်နေလိုက်သည်။ သူလည်း သူ့နန်းတွင်းရေးကြောင့် စိတ်ညစ်နေမှာသေချာသည်။ နှစ်ယောက်သား တိတ်ဆိတ်သွားပြီးနောက် ယွမ်ချူးခန်က ဆူမီရာကိုမေးခဲ့သည်။

 

“မင်း ဘာကြောင့် ငါနဲ့အတူ တောပိုင်းစံအိမ်မှာရှိတုန်း ထွက်ပြေးသွားတာလဲ…. ဟို တစ်ယောက် မင်းကို လာခေါ်သွားတာလား။”
 

“မင်း တကယ်မသိတာလား။ သိလျက်နဲ့ ဟန်ဆောင်နေတာလား။ အဲ့နေ့ ငါသောက်တဲ့ဝိုင်ထဲ ဆေးထည့်ထားတယ်။ ပြီးတော့ အဆိပ်ငွေ့အပျော့စား မီးခိုးငွေ့နဲ့တိုက်တယ်။ နောင်တော်သာ ငါ့ကိုအချိန်မှီလာမကယ်ရင် ငါ ဘာဖြစ်သွားမယ်ဆိုတာ မတွေးရဲဘူး ”

 

ယွမ်ချူးခန်သည် ဆူမီရာ၏ စကားကြောင့်မြင်းဇက်ကြိုးကိုဆွဲကာ ရပ်လိုက်ပြီး ဆူမီရာကို စိုက်ကြည့်ကာ မေးလိုက်သည်။
 

“မင်း ဘာတွေပြောနေတာလဲ… မင်း ကိုဆေးခတ်တယ်…ဟုတ်လား…ငါ…ဒါတွေကို လုံးဝမသိဘူး…”

 

ယွမ်ချူးခန်သည် ဆူမီရာကို အထင်လွဲမည်စိုးကာ အမြန်ရှင်းပြလိုက်သည်။ ဆူမီရာသည် ယွမ်ချူးခန်၏ မျက်လုံးထဲ စိုက်ကြည့်ုလိုက်သည်နှင့် သူတကယ်မသိတာကို ယုံကြသည်။ ဒါကြောင့် ခေါင်းငြိမ့်ပြကာ သူ့ကိုပြောလိုက်သည်။
 

“မင်း မလုပ်ဘူးဆိုတာ ငါယုံပါတယ်။ ဒါကြောင့် မင်းနဲ့ငါပြန်လိုက်ခဲ့တာပေါ့။ အဲ့ချိန်က မင်းကို ဘာမှမပြောပဲ ထွက်ပြေး သွားတယ်ဆိုပြီး မင်းငါ့ကိုစိတ်ဆိုးမယ်ဆိုတာလည်း သိတယ်။ ငါလည်း မင်းကို ဒီအကြောင်းပြောချင်နေတာ…”
 

“ငါတကယ်ကို မသိခဲ့ဘူး ဆူမီရာ။ ကြိုသိရင် ငါ မင်းကို အဲ့ဒါတွေ လုပ်ခွင့်ပြုမှာမဟုတ်ဘူး…ငါ တောင်းပန်ပါတယ် မီရာ။ ငါ မင်းကို မကာကွယ်နိုင်ခဲ့ဘူး…”

 

ယွမ်ချူးခန်  စိတ်ထိခိုက်စွာတောင်းပန်လိုက်သည်။ ဆူမီရာက သူငယ်ချင်းကိုနှစ်သိမ့်လိုက်သည်။ သူ့ခမျာ နန်းတွင်းရေးနှင့် မယ်တော်ဖြစ်သူ လုပ်ကြံခံရသည့်အဖြစ်တွေကြောင့် စိတ်ညစ်နေရှာမည်ကို တွေးကာ ကိုယ်ချင်းစာမိသည်။ ထို့ကြောင့် သူ့ကိုနှစ်သိမ့်လိုက်သည်။
 

“ရပါတယ်ကွာ။ မင်းသိအောင် ပြောပြတာပါ။ ငါ့အတွက်က မပူနဲ့။ နောင်တော်က ငါ့ကို အမြဲ အနီးကပ် စောင့်ရှောက်ပေးတယ်။ ”
 

“ဟိုနေ့က မင်းလည်းပါခဲ့လား။ ငါ့မယ်မယ်ကို လူသတ်သမားတွေလက်က ကယ်တင်ပေးခဲ့တာ….”

 

ဆူမီရာက အားနာဟန်ဖြင့်ကြည့်ကာ ခေါင်းဖြည်းညင်းစွာငြိမ့်လိုက်သည်။ ယွမ်ချူးခန်သည် တင်ဂီရိနှင့် အမြဲ အတူတူရှိနေမည့် ဆူမီရာကို မြင်ယောင်လာပြီး စိတ်တို့တင်းကျပ်လာခဲ့သည်။
 

“မင်း…သူနဲ့အတူရှိချိန်မှာ ပျော်လား…”
 

ယွမ်ချူးခန်၏ အမေးကို ဆူမီရာ ရိုးသားစွာဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။ ဆူမီရာ၏ မျက်နှာလေးကို ကြည့်ကာ ယွမ်ချူးခန်၏ မျှော်လင့်ချက်တို့တစ်စစီဖြစ်သွားတော့သည်။ အချစ်နှင့်စစ်မှာ မတရားတာ မရှိဘူး ဆိုသည့် အမတ်ကြီး၏ စကားကိုကြားယောင်လာပြီးနောက် ယွမ်ချူးခန် ရယ်မောကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်သည့်လူများကိုရအောင်ယူမည်ဟု ဆုံးဖြတ်ပြီးနောက် ယွမ်ချူးခန် စိတ်လက်ပေါ့ပါးသွားခဲ့သည်။

 

--------------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet