Chapter - 28

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (28)

ဆူမီရာသည် ဟီဒယ်နှင့် အတူထန်တိုင်းပြည်ကို လှည့်လည်ကြည့်ရင်း စကားစမြည်ပြောဖြစ်ကြသည်။ နောင်တော် တင်ဂီရိနှင့် နောင်တော်ထန်လိုခိက အလုပ်များနေကြသည် မဟုတ်လား။သူတို့နားကို သွားလျှင် စစ်တပ်တိုးချဲ့ရေးနှင့် တိုင်းရေးပြည်ရေး ကိုသာ ကြားနေရလို့ ဆူမီရာ သိပ်မကပ်ချင်ပေ။ နောင်တော် တင်ဂီရိကိုကူညီချင်သည် ဆိုသော်လည်း အခု သူငယ်ချင်းမလေး ဟီဒယ် ရှိသည့်အချိန်တွင် သူငယ်ချင်းနှင့် တွတ်ထိုးချင်သေးသည်။ ပြီးတော့ အရီးတော် မာလာဒေ၀ီကလည်း ဟီဒယ်နှင့် ဆူမီရာကို သူ့အနားကိုခေါ်ကာ တမျိုးပြီး တမျိုး မရိုးရအောင် မုန့်လုပ်ကျွေးနေသဖြင့် ဆူမီရာက နောင်တော့်နားကို သိပ်မကပ်ဖြစ်ပေ။

“သမီးလေး ခုတလော ရေကာတာကြီးဆောက်နေတာကို သမီးလေး ကြီးကြပ်နေရတယ်ဆို…”

“ဟုတ်တယ် အရီတော်ဘုရား”

“အကိုတော်ကလေ …သမီးလေး မွေးထားပြီး ဘာတွေခိုင်းနေမှန်းမသိဘူး။ နေဦး အရီးတော် ပြောရဦးမယ်။ ဘယ့်နှယ့် တပင်တိုင်မင်းသမီးဖြစ်ပြီး လူမမြင်အောင် သိမ်းဆည်းရမယ့်အစား လူမြင်ကွင်း၊ ယောကျာ်းတောထဲ အလုပ်ခိုင်းရတယ်လို့။ ဒါကြောင့်သမီးတော်လေး အသားတွေညိုသွားတာကိုး။”

“ခမည်းတော် ခိုင်းလို့ မဟုတ်ပါဘူး… သမီးကိုယ်တိုင်က ခမည်းတော်ကို တောင်းဆိုပြီး လုပ်နေတာပါ။”

“ဘာလို့ ပင်ပန်းတဲ့အလုပ်ကို လျှောက်လုပ်နေရတာလဲ သမီးလေးရယ်။ အရီးတော်ရဲ့ သမီးလေးသာဆိုရင် ဒီလို အလုပ်တွေကို ဘယ်လိုတောင်းဆိုလည်း ပေးမလုပ်နိုင်ဘူး။ မင်းသမီးဆိုတာ မင်းသမီးလို နုနုနယ်နယ်နေရတယ် သမီးရဲ့… ”

“အရီးတော်ရယ် သမီးက အဲ့လိုမှ မနေနိုင်တာ။ သူများကို အားကိုးရတဲ့ အလုပ်ကို မလုပ်ချင်ဘူး။ သမီးက ဘာမဆို ကိုယ်တိုင်လုပ်တတ်ချင်တာ။ အခုဆိုရင် မြို့တော်ကို ကာကွယ်ပေးမယ့် ရေကာတာကြီးတည်ဆောက်တာကို သမီးတော် ကိုယ်တိုင် အားလုံး သိနေပြီ။ နောင်တချိန် ဒီတာဝန်တွေကို သမီးတော် သေချာ ကြီးကြပ်နိုင်ပြီ အရီးတော်ရဲ့။ ဆောက်လုပ်ရေးက ဒီလောက် စိတ်ဝင်စားဖို့ကောင်းတာ မသိခဲ့ဘူး။”

ဟီဒယ်က အားတက်သရောပြောနေသည်ကို အရီးတော် မာလာဒေ၀ီ စိတ်မသက်မသာနှင့် ကြည့်ကာ သက်ပြင်းချသည်။ တူမနှစ်ဦးတွင် ယောက်မတော် မိဖုရားခေါင်က မွေးသည့် ဟီဒယ်ကို အရီးတော်က သမီးရင်းလေးလိုချစ်သည်။ သားတော်လေးကလည်း သူ့ညီမတော်မှ ညီမတော်ဆိုတော့ ဒီသမီးလေးကို အရိပ်တကြည့်ကြည့်နှင့် နေခဲ့သည်။
နောင်တချိန်တွင် သားတော်နှင့် လက်ထပ်ပေးပြီး နှစ်ပြည့်တပြည်ပေါင်းစည်းပေးရန် ကြံရွယ်ထားခဲ့သည်။ သို့သော် မာလာဒေ၀ီ မျှော်လင့်ထားသလို ဟီဒယ်သည် နုနုနယ်နယ် မင်းသမီးလေး မဖြစ်ခဲ့ပါ။

ဒါကလည်း သားတော် အလိုလိုက်တာလည်းပါမည်။ ငယ်ကတည်းက သွားလေရာ ဟီဒယ်ကို မြင်းပေါ်ခေါ်သွားသည်။ မြင်းစီး သင်ပေးသည်။ ဓါးခုတ်၊ လှံထိုးသင်ပေးသည်။ အမဲလိုက်လည်း ခေါ်သွားမှာတော့ ဟီဒယ်က ယောကျာ်းလေးလို ဖြစ်လာတာ မဆန်းတော့ပေ။ မိမိသားကို ကြိတ်ပြောသော်လည်း သားတော်က ဟီဒယ် တချက်ပူဆာလျှင် ချက်ချင်းလုပ်ပေးတော့သည်။
သားလေးက မိန်းကလေး တကာနှင့်ပွေသော်လည်း သူ့ညီမတော်လေးနှင့်ပတ်သတ်လျှင် မည်သည့်မိန်းကလေးကိုမှ မညှာတာပေ။ မိခင်ပီပီ ဟီဒယ်ကို သားတော် မည်မျှ မြတ်နိုးသည်ကို သိသည်။ ဒါကြောင့် ဟီဒယ် ကို အကိုတော်ထံ တောင်းပေးကာ သားတော်နှင့် လက်ထပ်ပေးဖို့ ကြံရွယ်ထားသည်။

ငွေတောင်ပြည်တွင် ဟီဒယ် ပညာသွားသင်ချင်တုန်းကလည်း သူ့ခမည်းတော်နှင့် သားတော်၏ ထောက်ခံချက်ကြောင့် ဟီဒယ် သွားနိုင်ခဲ့ခြင်းဖြစ်သည်။ သားတော်ကလည်း သူသွားလေရာကို သူ့ညီမတော်လေးကို ခေါ်ချင်သည့်အတွက် မိမိအပါအ၀င် ဟီဒယ်၏ မယ်တော်လည်း လက်လျှော့လိုက်ရတော့သည်။ ပြီးတော့ အကိုတော်က ဟီဒယ်ကို အိမ်ရှေ့ရာထူးပေးထားကာ ယောက်ျားလေးလို ပျိုးထောင်ချင်ပုံရသည်။ မိန်းကလေးက ထက်မြက်သော်လည်း တိုင်းပြည်တစ်ခုကို အုပ်ချုပ်ဖို့ မဖြစ်နိုင်ဟု မာလာဒေ၀ီယူဆသည်။ မိန်းမသားဆိုတာ ကိုယ်တိုင်စစ်တိုက်စရာမလို။ စစ်ဘုရင်ကို နောက်ကွယ်က အုပ်ချုပ်တတ်ဖို့သာ လိုသည်ဟု ယူဆသည်။

“သမီးတော်လေးက နောင်တချိန် မိဖုရားလုပ်ရမယ့်သူလေ။ အခုလိုနေရင် ဘယ်သင့်တော်မလဲ။”

မာလာဒေ၀ီသည် ဟီဒယ်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ဟီဒယ်က ရယ်မောကာ အရီးတော်ကို ပြန်ဖြေလိုက်သည်။

“အရီးတော်ရယ်… သမီးတော်က မိဖုရားမလုပ်ချင်ဘူး။ ဘုရင်မပဲ လုပ်ချင်တယ်။ ကိုယ့်ချစ်သူကို အခြားမိန်းမနဲ့ ခွဲဝေချစ်ရမယ့် မိဖုရားဘ၀တော့ သမီးတော် သေသွားပါစေ မလုပ်နိုင်ဘူး။”

ဟီဒယ်၏ စကားများက အေးဆေးသော်လည်း ခိုင်မာသည်။ ဆူမီရာသည် ဟီဒယ်ပြောသည့် စကားကိုနားလည်လိုက်သည်။ ဟီဒယ် ဘာကြောင့် ဒီခံစားချက်ရှိသည်ကို ဆူမီရာ အသိဆုံးဖြစ်သည်။

မာလာဒေ၀ီသည် ဟီဒယ်၏ မျက်နှာလေးကို ငေးကြည့်ကာ သားတော် ပွေရှု့ပ်ကာ ကိုယ်လုပ်တော် များပုံကို ကွက်ခနဲမြင်ယောင်ကာ ဟီဒယ် ဘယ်လိုမှ လက်မခံနိုင်မည်ကို သိလိုက်သည်။ သို့သော် တူမတော်လေးက ငယ်စိတ်နှင့် ဒီလိုပြောသော်လည်း တကယ့်တကယ် လက်ထပ်ပြီး မိဖုရားခေါင်နေရာကိုရောက်လာလျှင် ကိုယ့်လင်ကို ကိုယ်တယောက်တည်း ပိုင်ဖို့ထက် သူ့ကို ထိန်းချုပ်ဖို့ ပိုအရေးကြီးသည်ကို အလိုလို သဘောပေါက်လာလိမ့်မည်။ တခါတလေ ကိုယ့်လင်ကို ထိန်းချုပ်နိုင်ဖို့ သူနှစ်သက်မည်ထင်ရသည့် မိန်းကလေးကို ကိုယ်တိုင်ရွေးချယ်ကာ ကိုယ်လုပ်တော် အဖြစ် ဆက်သပေးရသည်ကို ယခုတော့ မာလာဒေ၀ီ ရှင်းမပြချင်တော့ပေ။

ဒါကြောင့် ဟီဒယ်၏ စကားကို ပြုံးရုံသာ ပြုံးနေလိုက်သည်။ မိန်းမသားတို့ဘ၀က နိုင်ငံရေးထဲ ၀င်မိလျှင် စတေးရတာ သိပ်များသည်ကို နောင်မှ သေချာသင်ပေးရမည်ဟု တေးထားသည်။ အဘယ့်ကြောင့်ဆိုသော ဟီဒယ်ကို သမီးအရင်းလေးလိုလည်း ချစ်သောကြောင့် သူမလေးကို သြဇာအကြီးဆုံး မိဖုရားခေါင်ဖြစ်အောင် သင်ပေးရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

ဟီဒယ်သည် အရီးတော်၏ အဆောင်မှထွက်လာမှ သက်ပြင်းချမိသည်။ ဆူမီရာက ရယ်မောကာ ပြောလိုက်သည်။

“နင့်ကို မိဖုရားပုံစံနဲ့ ငါမြင်ယောင်ကြည့်လိုက်တယ်… သိလား။ နင်က မိဖုရားနေရာနဲ့ မလိုက်ဘူး။ ဘုရင်မ နေရာနဲ့ပဲ လိုက်ဖက်တယ်။”

“အင်း…. ခမည်းတော်က ငါ့ကို သူ့နေရာကိုလွှဲဖို့ ရည်ရွယ်ပြီးလေ့ကျင့်ပေးနေတာပဲ။ ဒါကို မယ်မယ်နဲ့ အရီးတော်က သဘောမကျဘူးထင်ပါရဲ့။ မိန်းကလေးက တိုင်းပြည်ကို မအုပ်ချုပ်နို်င်ဘူးလို့ ဘာကြောင့်ထင်ရတာလဲဟာ…”

“စစ်ပွဲကို ဦးဆောင် မတိုက်နိုင်ဘူးထင်လို့နေမှာပေါ့။”

“စစ်ပွဲကို စစ်သူကြီးတွေ ဦးဆောင်မှာလေ။ ငါက စစ်ဗျူဟာ ချပေးဖို့နဲ့ လူတော်တွေကို စုစည်းနိုင်ဖို့ပဲလိုတာ။”

ပြောရင်း ဟီဒယ် သက်ပြင်းချမိသည်။ မိမိတို့ လျံတိုင်းပြည်က ရဲမတ်များသည် ထန်တိုင်းပြည်က ရဲမတ်များနှင့်ယှဉ်လျှင် စစ်သွေး စစ်မာန် နည်းပါးလွန်းသည်ကို အားမရပေ။ ပြန်ရောက်လျှင် ခမည်းတော်ကို ပြောရအုံးမည်ဟု တွေးနေစဉ် အကိုတော် ထန်လိုခိနှင့် အကိုတော် တင်ဂီရတို့ရောက်လာသည်ကိုတွေ့တော့ အကြံရသွားသည်။ ခမည်းတော်ရဲ့ စစ်တပ်ကို လေ့ကျင့်ပေးဖို့ အကိုတော်ကို အကူညီတောင်းရမည်ဟု တေးထားသည်။

“နောင်တော်…”

ဆူမီရာသည် တင်ဂီရိကို မြင်သည်နှင့် လှစ်ခနဲ ပြေးထွက်သွားတော့သည်။ တင်ဂီရိက ဆူမီရာကို ဆီးဖက်ထားကာ ပြောလိုက်သည်။

“မနက်ဖြန် ဟီဒယ်တို့တိုင်းပြည်ကိုသွားလည်ကြမယ်။ ပြီးရင် တိုလုအီတို့ဆီကို သွားကြမယ်…ဟီဒယ်လည်းလိုက်မယ် မလား။”

“ကျွန်မ လိုက်ဖြစ်မယ် မထင်ဘူး။ ခမည်းတော် ခိုင်းထားတာလေးရှိနေလို့ပါ အကိုတော် တင်ဂီရိ…”

ထန်လိုခိသည် အသားညိုသွားသော နှမတော်လေးကိုကြည့်ကာ ပြောလိုက်သည်။

“ဟီဒယ် အသားတွေ ညိုသွားတယ်။ အလုပ်ကို အရမ်းပင်ပန်းအောင်မလုပ်နဲ့လေ။”

“ဟုတ်ကဲ့။ အကိုတော်ကို အကူညီတောင်းစရာရှိလို့။”

“ဘာများလဲ ပြောလေ။ ”

“အကိုတော် ခမည်းတော်ကိုကူပြောပေးဖို့ပါ။ လျံတိုင်းပြည်က စစ်တပ်ကို အကိုတော်တို့စစ်တပ်လို ကျွန်မ လေ့ကျင့်ပေးချင်လို့။ ”

“ရပါတယ်။ အကိုတော် ဦးရီးတော်ကို ကူပြောပေးပါ့မယ်။ အခုက နန်ကျောင်ပြည်ဘက်က တောင်ပိုင်းတိုင်းပြည်တွေကို မျက်စောင်းထိုးလာပြီးဆိုတော့ လျံတိုင်းပြည်ကလည်း ကြိုတင်ပြင်ဆင်ထားဖို့လိုနေပြီလေ။ ”

ဆူမီရာက နောင်တော် တင်ဂီရိကို မော့ကြည့်ကာ မေးလိုသည်။

“နန်ကျောင်ပြည်က တောင်ပိုင်းကို သိမ်းပိုက်နိုင်လား နောင်တော်။”

“တောင်ပိုင်း တိုင်းပြည်တွေ ညီညွတ်ရင် သူတို့ ဘာမှ မတတ်နိုင်ပါဘူး။ ဒါကြောင့် နောင်တော်က ကိုယ့် မိတ်ဆွေ တိုင်းပြည်တွေကို လိုက်ပြီး နှိုးဆော်နေတာ။ ကိုယ့်တိုင်းပြည်လွတ်လပ်မှုကို ထိန်းသိမ်းချင်ရင် အခုကတည်းက အရာရာကို ကြိုတင်ပြင်ဆင်ထားဖို့လိုပြီလေ….”

ဆူမီရာသည် နောင်တော် တင်ဂီရိကို အထင်ကြီးစွာငေးကြည့်နေမိသည်။ပြီးတော့ နန်ကျောင်ပြည်က တောင်ပိုင်းကို နယ်ချဲ့ ခြင်းက နောင်တော်တို့ အာနန်ပြည်ကို တိုက်ခိုက်ဖျက်ဆီးချင်လို့များလားဟု တွေးမိသေးသည်။ နန်ကျောင်ပြည်မှ နောင်တော့် မယ်မယ်ကို ဘယ်လိုပြန်ခေါ်နိုင်အောင်လုပ်ရမည်ကိုတွေးကာ ဆူမီရာ ခေါင်းခြောက်နေမိသည်။

“ဘာတွေ စဉ်းစားနေတာလဲ…”

တင်ဂီရိက ဆူမီရာလေး၏ နဖူးလေးကို လက်ညှိုးနှင့်အသာထောက်ကာ မေးလိုက်သည်။ ဒင်လေးက အလေးနက်စဉ်းစားလွန်း လို့ မျက်မှောင်လေးပင်တွန့်နေသည် မဟုတ်လား။

“အွန်း… နန်ကျောင်ပြည် ကျူးကျော်လာရင် ကျွန်တော် ဘယ်လိုခုခံရမလဲ စဉ်းစားနေတာ။ ကျွန်တော်တို့ တိုင်းပြည်က သေးသေးလေးရယ်။”

“ပူစရာလား ဆူမီရာလေးရယ်။ နောင်တော့် စစ်တပ်က သူတို့ ငွေတောင်ပြည်နားကို မကပ်နို်င်အောင် တားဆီးထားမှာပေါ့…။ ဆူမီရာလေးရဲ့အနားကို ဘယ်နန်ကျောင်ပြည်သားမှ မကပ်နိုင်စေရဘူး နောင်တော် ကာကွယ်ပေးသွားမှာ….”

နောင်တော့် စကားကြောင့် ဆူမီရာ ပြုံးသွားခဲ့သည်။ သို့သော် ကံတရားကို ဆူမီရာမေ့နေခဲ့သည်။

---------------------------------------

ယွမ်ချူးခန်သည် မယ်မယ့်အဆောင်ကို လာခဲ့စဉ် အထဲတွင် မယ်မယ်နှင့် ခမည်းတော် စကားများနေသည်ကို မထင်မှတ်ပဲ ကြားလိုက်ရသည်။ ထုံးစံအတိုင်း ဟို သားအဖကြောင့် မယ်မယ်နှင့် ခမည်းတော် ရန်ဖြစ်ပြန်ပြီ။

“မင်းကြီး ဘာကြောင့် ကုန်သည်နဲ့ အပျိုတော်ကို ကွပ်မျက်ရတာလဲ။ သူတို့ မှာ ဘာအပြစ်ရှိလို့လဲ။”

“နှမတော်နားကို မယူဆောင်လာသင့်တဲ့အရာကို သယ်လာတာနဲ့တင် အပြစ်ကြီးနေပြီ။”

“မယူဆောင်လာသင့်တဲ့အရာ ဆိုတာ ဘာကိုပြောတာလဲ မင်းကြီး”

“ဒီပန်းချီကားကိုပြောတာ…”

ကာလိုခန်မင်းကြီးသည် မိဖုရား၏ ရတနာသိမ်းဆည်းသည့် ဗီရိုလေးထဲမှ ပန်းချီကားကိုဆွဲယူကာ ပြောလိုက်သည်။ ဟော်သွန်းသည် ကာလိုခန်မင်းကြီးကို စိုက်ကြည့်ကာ တောင်းလိုက်သည်။

“ဒီပန်းချီကားကို ပြန်ပေးပါ မင်းကြီး။”

“သူတို့ကို မင်းရင်ထဲကနေ ထုတ်လိုက်တော့ ဟော်သွန်း။ မင်းအတွက် မောင်တော် အရာအားလုံးပေးထားပြီးသား။ သားတော်လေးသာ သိသွားရင် ဘယ်လောက် စိတ်မကောင်းဖြစ်နေမလဲ။”

“ယွမ်ချူးခန်က ဘာကြောင့် စိတ်မကောင်းဖြစ်ရမှာလဲ။ သူ့ရဲ့ နောင်တော်ကို သူလည်း သိသင့်တယ် မဟုတ်လား။”

ဟော်သွန်းက မင်းကြီးကို တည်ငြိမ်စွာပြောလိုက်သည်။ ကာလိုခန်သည် ဟော်သွန်း၏ စကားကြောင်း ခါးသီးလွန်းကာ တောက်ခေါက်လိုက်သည်။

“ယွမ်ချူးခန်က သူပုန်သားနဲ့ ဘာသွေးသားမှ မတော်စပ်ဘူး ဟော်သွန်း။ သူက နန်ကျောင်ပြည်ရဲ့ မင်းသားပဲ။”

“သူပုန်သားကို သူ့မယ်တော် က မွေးခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်မကလည်း သူပုန်မယားပဲလေ။ ”

ကာလိုခန်သည် ဟော်သွန်း ၏ စကားကြောင့် ဒေါသတို့ဖွဲ့တည်လာခဲ့သည်။တသက်လုံး သည်းခံခဲ့သည်။ နွားလို ခြေရင်းတွင် ၀ပ်ဆင်းခဲ့သည်။ ဘုရင်တပါး၏ မာနကို ခ၀ါချကာ သူမခြေရင်းတွင် အခစားဝင်ခဲ့တာ ဘာမှ မထူးခြားခဲ့ပေ။ သူမရင်ထဲက ယေစုကိုင်းနှင့် တင်ဂီရိ တို့သားအဖနေရာတွင် မိမိနှင့် ယွမ်ချူးခန် နေရာမယူနိုင်ခဲ့ပေ။ မိမိအတွက် မငဲ့လျှင် သားတော်လေး အတွက်ကို ငဲ့ညှာသင့်သည်။ ယခုတော့ မိဖုရားက တဆိတ်လွန်လွန်းနေပြီဟု ထင်သည်။

ကာလိုခန်သည် ဟော်သွန်းကို တင်းမာစွာကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့စပြီး မိဖုရားကြီး ဒီနန်းတော်ထဲက နေ ဘယ်ကိုမှ မသွားရဘူး။ အပြင်လောကနဲ့ အဆက်သွယ်လုပ်ပေးတဲ့သူကို တဆွေတမျိုးလုံး သေဒဏ်ပေးမယ်။”

ကာလိုခန်သည် ပန်းချီကားကို ယူကာ မိဖုရားအဆောင်မှထွက်လာခဲ့သည်။ အမိန့်တော်ကိုလည်း ချက်ချင်းထုတ်ပြန်သည်။
ယွမ်ချူးခန်သည် အကွယ်နေရာမှ ခမည်းတော်နှင့် မယ်တော် ကိုငေးကြည့်နေမိသည်။ ပြီးတော့ ခမည်းတော်ကို စိုက်ကြည့်နေသည့် မယ်မယ်၏ သွေးအေးသည့် မျက်လုံးကို ကြည့်ကာ ရင်မှာ နာကျင်လာခဲ့သည်။ ငယ်ကတည်းက စနိုးစနောင့် ဖြစ်နေသည့် အကြောင်းက သေချာသွားခဲ့သည်။ ခမည်းတော်ကို မယ်မယ် လုံးဝ မချစ်ပါ။ ထို့ထက်ပိုတာက ခမည်းတော်ကို မယ်မယ် မုန်းနေသည်။

ထိုအသိက ယွမ်ချူးခန်၏ ရင်ကို ထိုးခွဲလိုက်သည်။ ဒါဆို မိမိကိုရော။ မယ်မယ်မုန်းသည့် ယောကျာ်းတစ်ယောက်၏ သွေးသားကိုရော မယ်မယ်မုန်းနေရော့သလားဟု တွေးမိသည်။ ပြီးတော့ မိမိတို့သားအဖကို ခေါင်းထဲ လုံးဝ မထည့်နိုင်လောက်အောင် မယ့်မယ့် နလုံးသားထဲ နေရာယူထားသည့်သားအဖကို တွေ့ဖူးချင်စိတ်ပေါ်လာခဲ့သည်။ ယွမ်ချူးခန် သည် နန်ကျောင်ပြည်မှ ထွက်ကာ ယေစုကိုင်းနှင့် တင်ဂီရိကို သွားတွေ့ချင်လာသည်။

ယွမ်ချူးခန်သည် ညနေရောက်တော့ မယ်မယ့်ကို သွားတွေ့သည်။ မယ်မယ့်က မိမိကို ခွင့်ပြုမလားဟု တွေးမိသည်။ မိမိသွားချင်သည့် အကြောင်းကို အမှန်တို်င်းတော့ ပြောလို့ မဖြစ်ပေ။ အကြောင်းပြချက် တခုတော့ပေးရမည်။

“မယ်မယ်… သားတော် နန်းတော်ထဲမှ နေရတာ ညည်းငွေ့နေပြီ။ ”

“ဘာကြောင့်လဲ ။ ဒါက သားတော်ရဲ့ နန်းတော်လေ။ မိဖုရားလောင်းတွေ လည်းရှိတာပဲလေ။”

“သားတော် ရေတွင်းထဲက ဖားသူငယ် မဖြစ်ချင်ဘူး။ မယ်မယ်ပြောပြတဲ့ပုံပြင်ထဲက လူမျိုးစုတွေကို အားကျတယ်။ သားတော် အိမ်ရှေ့မင်းသားသာ ဆိုတယ်။ ဘာအပြင်ဗဟုသုတလည်းမရှိဘူး။ ဒါကြောင့် သားတော် နန်ကျောင်ပြည် လက်အောက်ခံနယ်တွေကို လှည့်လည်သွားချင်တယ် မယ်မယ်။”

“မင်းရဲ့ ခမည်းတော် လက်ခံမယ် မထင်ဘူး။”

“မယ်မယ် ကူပြောပေးပါ မယ်မယ်။ မယ်မယ်ပြောရင် ခမည်းတော်လက်ခံမှာပါ။”

“မင်းရဲ့ ခမည်းတော်နဲ့ မယ်မယ် စိတ်ဆိုးထားတယ် သားတော်။”

“သားတော်အတွက် ခမည်းတော်ကို စကားပြောပေးပါ မယ်မယ်ဘုရား။ သားတော် ဘာမှ မသိပဲ အမြင်ကျဉ်းမြောင်းတဲ့ ဘုရင် တပါး မဖြစ်ချင်ဘူး မယ်မယ်ဘုရား။ တိုင်းပြည်အခြေနေကို အမှန်တိုင်းသိချင်တယ်။ သားတော် လူတွေကို ကူညီနိုင်တဲ့ မင်းကောင်း တစ်ပါးဖြစ်ချင်လို့ပါ မယ်မယ်…”

ယွမ်ချူးခန်၏ စကားကြောင့် ဟော်သွန်း စဉ်းစားသွားမိသည်။ ဟုတ်လည်းဟုတ်သည်။ သားတော်လေးက တကယ့်ကို အမြင်ကျဉ်းမြောင်စွာကြီးပျင်းလာခဲ့သည်။ နောင်တချိန် တိုင်းသူပြည်သားများကို နားလည်နိုင်သည့် မင်းကောင်းတပါးဖြစ်ဖှို သားတော် ခရီးသွားဖို့လိုအပ်နေသည်ဟု ယူဆသည်။ဒါကြောင့် ဟော်သွန်း မင်းကြီးကို ပြောပေးရန် ဆုံးဖြတ်လိုက်သည်။

မင်းကြီး၏ လုပ်ကိုင်ပုံကို မကြိုက်သဖြင့် စိတ်ဆိုးနေသည်ကို ဖယ်ကာ သားတော်အတွက် ပြောပေးရန် သဘောတူလိုက်သည်။ ယွမ်ချူးခန်သည် မယ်မယ့်ဆီက ခွင့်ပြုချက်ရတော့ ကျေနပ်စွာပြုံးမိသည်။ အမတ်ချုပ်ကြီး တားဂေါတိုင်းထံမှ တင်ဂီရိ နှင့် ပတ်သတ်သည့် လူအားလုံး၏ သတင်းများကို စုံစမ်းပေးရန် ပြောလိုက်သည်။

မိမိချစ်သည့် မယ်မယ့် အချစ်ကို အပိုင်ယူထားသည့် အတွက် သူ ချစ်သည့် လူ၏ အချစ်ကို မိမိပြန်ယူမှ တရားမျှတမည်ဟု ယွမ်ချူးခန် ယူဆသည်။ ဒါကြောင့် မိမိ လုပ်ရမည့် အရာများအတွက် သေချာ စဉ်းစားအကွက်ချရန် အဆောင်ကို ပြန်လာခဲ့သည်။

-------------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet