စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (36)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (36)

 

“ကီလာတိုင် မင်းတကယ်သွားမှာလား။ သေချာစဉ်းစားဦးနော်…တကိုယ်လုံးမည်းနက်တယ်ဆိုကတည်းက သူတို့လုပ်ကြံဖန်တီးသလို နဂါးကြောင့်မဟုတ်ဘူးဆို မြွေဆိပ်ပဲဖြစ်မယ်။ အရမ်းပြင်းတဲ့မြွေဆိပ်ကိုမိရင် တကိုယ်လုံး မည်းပြီးသေသွားတယ်။”
 

“အင်း.. မင်းမှာ အဆိပ်ဖြေဆေးရှိတယ်မလား။ ငါ့ကို ပေးထားလေ။ လိုလိုမယ်မယ်ပေါ့..”
 

ကီလာတိုင်ကို တားမရသဖြင့် ဆူမီရာ အဆိပ်ဖြေဆေးတစ်လုံးပေးကာ လွှတ်လိုက်ရသည်။ ကီလာတိုင်က နန်းတော်ရှေ့မှ စည်ကြီးကို တီးလိုက်စဉ် အမတ်တစ်ဦးထွက်လာပြီး ခြေဆုံးခေါင်းဆုံးကြည့်ကာ မေးလိုက်သည်။

 

“မင်းတို့ ဘာလို့စည်တီးရတာလဲ..”

 

“ဘာလို့တီးတယ်ဆိုတာ မင်းတို့သိတယ်မလား။ ကျုပ်က မင်းလောင်းလုပ်မလို့တီးတာ..”

 

“ဟာ..နို့နံ့တောင် မစင်လောက်သေးဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့သေချင်လို့လား။ သွားသွား..လာမရှုပ်နဲ့ကွာ…”

 

ထွက်လာသည့် အမတ်က ကီလာတိုင်နှင့်ဆူမီရာကိုကြည့်ကာ မောင်းထုတ်လိုက်သည်။
 

“လူဆိုတာ ဒီအတိုင်းနေလည်းသေမှာပဲ။ မသေချင် ထီးနန်းစည်းစိမ်ခံစားချင်လို့ပေါ့ဗျာ..ကဲ အမတ်ကြီး။ ခင်ဗျားကျုပ်တို့ကို နန်းတော်ထဲခေါ်မသွားသေးဘူးလား။”

 

“မဟုတ်သေးပါဘူးကွာ။ လူ့အသက်ထက် ဘာက ပိုအရေးကြီးလို့လဲ။ မင်းတို့ သွားပါတော့ကွာနော်။ ပြန်ပါတော့။ မင်းရဲ့မိဘတွေ သိရင် ရင်ကျိုးရလိမ့်မယ်..”

 

အမတ်ကြီးက  စိတ်ရင်းနှင့် ကီလာတိုင်ကို နှင်ထုတ်နေစဉ် စစ်သူကြီးတစ်ဦးထွက်လာခဲ့ပြီးမေးသည်။
 

“အမတ်ကြီး..ဘာဖြစ်နေတာလဲ..”
 

“သြော်.ဒီကလေးတွေ မင်းလောင်းလုပ်ချင်လို့ စည်လာတီးလို့ပါဗျာ..”
 

“ဟုတ်လား။ ဒါဆို နန်းတော်ထဲခေါ်လိုက်လေ။ ဒီညအတွက် မင်းလောင်းမရှိသေးဘူးလား။ ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး။

ကျွန်တော်မျိုးတို့ မုတိုင်းပြည်ရဲ့ မင်းကြီးကို ချက်ချင်းနန်းတော်ထဲခေါ်ဆောင်သွားပ့ါမယ်။ ဒါပေမယ့် မင်းလောင်းတစ်ယောက်တည်း နန်းတော်ထဲကိုလိုက်ရပါ့မယ်.. ကဲ ဘယ်သူက မင်းလောင်းလဲ..”
 

“ကျွန်တော်ပဲ.. ဆူမီရာ..မင်း တည်းခိုခန်းကိုပြန်တော့..ငါ့ မနက်ဖြန် မင်းကိုလာခေါ်မယ်…”

 

ဆူမီရာသည် ကိုယ်ရံတော်သက်တော်စောင့်ကြီးနှင့်အတူ တည်းခိုခန်းကိုပြန်လာခဲ့ရသည်။
 

“ကီလာတိုင်ကို လိုက်ပြီးစောင့်ရှောက်ပေးပါဦးဗျာ။ မုနန်းတော်မှာ ကီလာတိုင် အသက်ဘေးကြုံရနိုင်တယ်။”
 

“မပူပါနဲ့ မင်းသားလေး။ ကျွန်တော်မျိုးတို့ရဲ့ ကိုယ်ရံတော်အဖွဲ့ တိတ်တဆိတ်လိုက်ပါသွားပါပြီ။”

 

ထိုစကားကိုကြားလိုက်မှ ဆူမီရာ သက်ပြင်းချလိုက်မိသည်။ ကီလာတိုင် ဆိုသည့် မင်းသားငရှုပ်လေး ဘာစိတ်ကူးပေါက်ပြီး

မုတိုင်းပြည်၏ မင်းလောင်းသွားလုပ်သည်ကို နားမလည်နိုင်တော့ပေ။ ကြည့်ရတာ မုယုံချင်းဆိုသည့် မိဖု၇ားကို စိတ်ဝင်စားလို့ထင်ပါသည်။ ကီလာတိုင်ကို စိုးရိမ်ပြီးဆူမီရာ တညလုံးရင်တထိတ်ထိတ်နှင့်စောင့်ရင်း မိုးလင်းခါနီးမှ အိပ်ပျော်သွားတော့သည်။
 

“သခင်လေး..သခင်လေး..”

 

ဆူမီရာဘယ်လိုအိပ်ပျော်သွားသည်မသိတော့။ ကီလာတိုင်၏ သက်တော်စောင့်နိုးလိုက်မှ ချက်ချင်းလူးလဲထကာ မေးလိုက်သည်။
 

“ကီလာတိုင်ဆီက ဘာသတင်းကြားသေးလဲ..”
 

“အရှင့်သားဘေးကင်းပါတယ် မင်းသားလေး။ အခုမင်းသားလေးကိုအခေါ်လွှတ်လိုက်တာပါ..”

 

ဆူမီရာနန်းတော်မှလွှတ်လိုက်သည့် ရထာလုံးနှင့်လိုက်လာခဲ့သည်။ မြို့တော်တစ်ခုလုံး မင်းသစ်တစ်ပါးပေါ်သဖြင့် အိုးစည်ဗုံမောင်းတီးကာ ကခုန်ပျော်ပါးပြီးနန်းတော်ရှေ့တွင်စုရုံးနေကြသည်။ ဆူမီရာ၏ ရထာလုံးကို ကီလာတိုင်ကိုယ်တိုင် နန်းရှေ့ဆောင်ထိလာကြိုနေသည်။
 

“ကီလာတိုင်.. မင်းကိုစိတ်ပူနေတာ။.”
 

“ငါဘာမှမဖြစ်ပါဘူးကွ.. ဒီလောက်ကတော့ အကင်းပါ..မင်းကို ငါ့မိဖုရားနဲ့တွေ့ပေးရမယ်.. မိဖုရားကြီး ဒါက ကျုပ်ရဲ့ အချစ်ဆုံးသူငယ်ချင်း ဆူမီရာတဲ့.. ”

 

ဆူမီရာသည် ကီရာတိုင်၏ နံဘေးမှ တင်းမာသည့်မျက်နှာဖြင့် ရပ်နေသည့် မိန်းမချော မုယုံချင်းကိုငေးကြည့်ကာ မည်သို့စတင် နူတ်ဆက်ရမှန်းမသိဖြစ်သွားသည်။ တကယ်တော့ မုယုံချင်းကို ဆူမီရာကောင်းစွာသိပါသည်။ မုယုံချင်းဆိုတာ …
 

“တွေ့ရတာ ၀မ်းသာပါတယ် မင်းသားလေး၊ ကျွန်မတို့ မုတိုင်းပြည်ကနေ ကြိုဆိုပါတယ်.. ”
 

“အစ်မတော်မုယုံချင်း…”

 

ဆူမီရာသည် မုယုံချင်း၏ သူစိမ်းဆန်သည့်နူတ်ဆက်စကားကြောင့် အံ့အားသင့်ကာ သူမကိုခေါ်လိုက်မိသည်။ မုယုံချင်းသည် ဆူမီရာကို ခပ်စိမ်းစိမ်းကြည့်ကာ ဘာမှမတုန့်ပြန်ပဲနေသဖြင့် ကီလာတိုင်ကမေးလိုက်သည်။
 

“ဆူမီရာကိုမှတ်မိတယ် မဟုတ်လား မိဖုရားကြီး။ မိဖုရားကြီးလွန်ခဲ့တဲ့သုံးနှစ်က ပညာသွားသင်ခဲ့တဲ့ ငွေတောင်ပြန်က မင်းသားလေးပါ။ အဲ့ချိန်တုန်းက ဆူမီရာက ငယ်ရွယ်သေးတယ်ဆိုပေမယ့်ငယ်ရုပ်တော့ မပြောင်းလောက်သေးပါဘူး..”
 

“ကျွန်မ မုပြည်ရဲ့ဧကရီတာဝန်ကိုယူပြီးကတည်းက အတိတ်က အရာအားလုံးကို မေ့သွားခဲ့ပါပြီ အရှင်မင်းကြီး..”

 

မုယုံချင်းသည် မိမိထက် ငါးနှစ်လောက်ငယ်သည့် လူငယ်ဘုရင်ကို ခါးသီးစွာတုန့်ပြန်လိုက်သည်။ ဆူမီရာသည် မယုံနိုင်လောက်အောင် ပြောင်းလဲသွားသည့် မုယုံချင်းကိုငေးကြည့်က ဘာမှမပြောနို်င်တော့ပေ။ နောင်တော်တင်ဂီရိ၏ နောက်တွင် အမြဲတွေ့ရသည့်အုပ်စုထဲမှ ရုပ်အချောဆုံးနှင့်သဘောအကောင်းဆုံး အစ်မတော်မုယုံချင်းဘာဖြစ်သွားတာလဲဟု တွေးနေမိသည်။

 

ကီလာတိုင်က အေးစက်စက်ရယ်မောကာ ဆူမီရာ၏ လက်ကိုဆုပ်ကိုင်ကာ နန်းတော်ထဲကိုလှည့်ဝင်လာရင်း မုယုံချင်းကို ပြောလိုက်သည်။

 

“ဘယ်လိုလောကဓံတွေပဲကြုံကြုံ မိတ်ဆွေကောင်းဆိုတာ မေ့ပစ်စရာမဟုတ်ဘူး မိဖုရားကြီး။ တချို့လူတွေကတော့ ငွေနဲ့အာဏာကိုရဖို့ တန်ဖိုးရှိတဲ့အရာကို ချနင်းပစ်ဖို့ဝန်မလေးဘူး။ မိဖုရားကြီးလည်း အဲ့လိုလူမဟုတ်ဘူးလို့ ကိုယ်တော် ယုံကြည်ချင်တယ်။ ကဲ အခု ညီလာခံစမယ်။ မိဖုရားကြီးလည်း နန်းတော်ထဲကို တခါတည်းဝင်ပါ..”

 

ကီလာတိုင်၏ စကားကြောင့်မုယုံချင်း မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသူလို နီမြန်းပြီး အံကြိတ်လိုက်သည်။ သူ့မျက်လုံးထဲမှ အမုန်းမီးလျှံက ဆူမီရာကို စိတ်မသက်မသာဖြစ်စေသည်။ အင်မတန်ကို ယဉ်ကျေးသိမ်မွေ့ပြီး ဥာဏ်ရည်ထက်မြက်သည့် မုယုံချင်း အစ်မတော် ဘာကြောင့် ဒီလိုပြောင်းလဲသွားသည်ကို နားမလည်နိုင်တော့ပါ။

 

“ဘာတွေဖြစ်နေတာလဲ..ကီလာတိုင်..”
 

“ညကျမှ ငါရှင်းပြမယ်။ လောလောဆည် မင်းငါ့ဘေးမှာ အလိုက်သင့်နေပေးပါ…”

 

အဖြစ်ပျက်များက ဆူမီရာလိုက်မမှီအောင်လျှင်မြန်စွာဖြစ်ပျက်သွားခဲ့သည်။ မုတိုင်းပြည်၏ ဘုရင်များကိုသတ်ခဲ့သည့် နတ်နဂါးဆိုသည့် မြွေဆိုးကြီးကို ကီလာတိုင်၏ သက်တော်စောင့်များက ရှင်းပစ်နိုင်ခဲ့သည်။ မုနန်းတော်တစ်ခုလုံးက ငယ်ရွယ်သည့် မင်းသားလေး၏ဥာဏ်ရည်ကိုချီးမွမ်းကြသည်။ အမတ်ချုပ်ကြီးက ကီလာတိုင်ကို မုတိုင်းပြည်၏ အသစ်တက်သည့် ဘုရင်ဖြစ်ကြောင်းကြေငြာသည်။ ပြီးတော့ မုဘုရင်မင်းမြတ်ကို ရာထူးများကိုထပ်မံချီးမြှင့်လိုသူများရှိလျှင် ချီးမြှင့်နိုင်ကြောင်း တင်လျှောက်သည်။

 

ကီလာတိုင်သည် ဆူမီရာကို အတိုင်ပင်ခံရာထူးခန့်အပ်လိုက်သည်။ ငွေတောင်မင်းသား ဆူမီရာ ဆိုသည့်နာမည်ကို ကြားသည် နှင့် အမတ်အားလုံး ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားကြသည်။ ပညာ့ကျောင်းတော်ရှိသည့်တိုင်းပြည်မှ မင်းသားလေးကို အတိုင်ပင်ခံ ဂုဏ်ထူးဆောင်အမတ်နေရာချီးမြှင့်နိုင်ခြင်းသည် မုတိုင်းပြည်အတွက် ဂုဏ်တက်စရာ တစ်ခုဖြစ်သော်လည်း ဆူမီရာက ခေါင်းကြီးသွားသည်။ နောင်တော်တင်ဂီရိ မိမိအကြောင်းကိုကြားလျှင် ဆိုသည့်အတွေးနှင့် ချွေးစေးများပြန်လာခဲ့သည်။ နောက်မှ ကီလာတိုင်ကိုပြောပြီး ရာထူးပြန်ပေးရမည်။ ယခုတော့ ဘုရင်ဖြစ်ကာစ သူငယ်ချင်းပေးသည့် ရာထူးကိုမိမိငြင်းလျှင် ကီလာတိုင် အရှက်ကွဲမည်ကိုစိုးလှသည်။

 

“ဒီမြွေကိုစေခိုင်းတဲ့သူရှိပါသေးတယ်။ နောက်ကွယ်က တရားခံက အခုထိလွှတ်နေတုန်းပါပဲ။ ဒါကြောင့် တရားခံကိုရအောင် ဖမ်းပြီး တိုင်းသူပြည်သားတွေရှေ့ ခေါင်းဖြတ်ပြီးအပြစ်ပေးမယ်လို့ကျု့ပ်ကတိပေးပါတယ်။ ဒီအပြစ်ကိုကျူးလွန်သူက ဘယ်သြူုဖစ်ဖြစ် ချွင်းချက်မရှိစေရဘူး..”
 

ထိုအမိန့်အဆုံး မုယုံချင်းမှာ မျက်နှာအကြီးကျယ်ပျက်ယွင်းသွားခဲ့သည်။ သူမ၏ စိုးရိမ်တကြီးအကြည့်က အမတ်နှင့် စစ်သူကြီးများကြား တချက်ဝေ့ခနဲဖြစ်သွားခဲ့သည်ကို ကီလာတိုင်က ကောင်းကောင်းတွေ့လိုက်သည်။

 

“မကြာခင် တရားခံအစစ်ကို ဖော်ထုတ်ပါတော့မယ်..အခု ညီလာခံစဲစေ…”

 

မုယုံချင်းသည် ညီလာခံစဲသည်နှင့် ချက်ချင်းညီလာခံမှထွက်ခွာသွားခဲ့သည်။ ကီလာတိုင်မျက်ရိပ်ပြလိုက်သည်နှင့် သက်တော်စောင့်က ချက်ချင်းနောက်က လိုက်သွားခဲ့သည်။ ဆူမီရာက ကီလာတိုင်ကိုအာရုံရောက်နေလို့ ဒီအချင်းအရာကို သတိမထားမိလိုက်ပေ။


“အကို.. ဘယ်လိုလုပ်ကြမလဲ။ ကီလာတိုင်က ညီမတို့လုပ်ထားတာကို ရိပ်မိနေပြီ။ ညီမတို့ တိုင်းပြည်ကနေ ထွက်ပြေးရအောင်.. ညီမ ဆက်မလုပ်နိုင်တော့ဘူး..”
 

“ခုချိန်မှ ဘာကြောင့် လက်လျော့ရမလဲ။ ဒီကောင်လေးက ငယ်ပါသေးတယ်။ ကိုယ်တို့စတေးခဲ့တာကို လွှင့်ပစ်တော့မှာလား ချင်းချင်းရယ်။ ကိုယ် မင်းအတွက် ဘယ်အရာကိုမဆို လုပ်ဝံ့ပါတယ်။ ကိုယ် ဒီကောင်းလေးနှစ်ကောင်ကို ကြည့်ရှင်းလိုက်ပါ့မယ်”
 

“ဟင့်အင်း.. ဆူမီရာကို မထိခိုက်စေနဲ့..”
 

“သူ့ကိုအဓိကရှင်းရမှာ ချင်းချင်းရဲ့။ သူက ချင်းချင်းကို သိသွားပြီလေ..”
 

မုယုံချင်းသည် ချစ်သူရင်ခွင်ထဲတိုးဝင်ကာ စိတ်ညစ်ညစ်နှင့်ငိုချလိုက်သည်။ ရုန်ရည်ချောမောသည့်လူရွယ်က မုယုံချင်း၏ ကျောပြင်ကို အသာလေးပွတ်ပေးရင်း တီးတိုးပြောလိုက်သည်။

 

“ငါးပါးအဆိပ် ကိုယ့်ကိုပေးပါ။ မနက်ဖြန် သူတို့ကိုမြစ်ထဲလှေစီးဖို့ ချင်းချင်းဆွယ်လိုက်ပါ။ ပြီးရင် ကိုယ်လှေပေါ်က ပါတဲ့သူအားလုံးကို တခါတည်းအဆိပ်ခတ်လိုက်မယ်။”
 

“အဲ့အဆိပ်က ပြင်းလွန်းပါတယ်..ပုံမှန်အဆိပ်ကိုပဲသုံးပါ..”
 

“မဖြစ်ဘူးလေ။ ငွေတောင်မင်းသားက ဆေးပညာတတ်တယ်ဆို.. ငါးပါးအဆိပ်နဲ့မှ သူ့အဆိပ်ဖြေဆေးမတိုးမှာပေါ့…”

 

မုယုံချင်း သက်ပြင်းရှိုက်ကာ ငါးပါးအဆိပ်ကိုထုတ်ပေးလိုက်သည်။ ရုပ်ချောသည့် လူရွယ်သည် မုယုံချင်းနှင့် လူချင်းခွာလိုက်ပြီး ပြောလိုက်သည်။
 

“ကိုယ် အားလုံးကို သွားပြင်ဆင်လိုက်ဦးမယ်။ ချင်းချင်းလည်း နန်းဆောင်ထဲဟန်မပျက်နေပါ။ ဒီကောင်လေးက နောက်ဆုံးပါ။ သူသာသေသွားရင် နောက်ထပ် ဘယ်သူမှ ဘုရင်တက်မလုပ်ရဲတော့ဘူး။ ဒါဆို ချင်းချင်းလည်း ဘုရင်မနေရာကို အေးဆေးဆက်ခံရုံပဲလေနော်.. ”

 

မုယုံချင်းသည် သက်ပြင်းရှိုက်ကာ မိမိနန်းဆောင်ကိုလေးကန်စွာပြန်လာခဲ့သည်။ ငွေတောင်ပြည်တွင် ကျေုာင်းတက်ခဲ့စဉ်က ဖြူစင်ခြင်းနှင့် ထက်မြက်ခြင်းတို့အားလုံးပျောက်ကွယ်ကုန်ခဲ့လေပြီ။ အကိုတော်တင်ဂီရိသာတွေ့လျှင် ဘယ်လောက် အပြစ်တင်လိုက်မလဲဟုတွေးကာ မျက်ရည်ကျမိသည်။


“ကီလာတိုင် ..မင်း ဘာကြောင့်ငါ့ကို အတိုင်ပင်ခံအမတ်ရာထူးခန့်ရတာလဲ။ ငါအဲ့နေရာနဲ့မထိုက်တန်ဘူးဆိုတာ မင်းသိလျက်နဲ့ကွာ.. ငါ့ရာထူးကိုပြန်အပ်ပါရစေ..”
 

“မုတိုင်းပြည်က အမတ်ကြီးတွေတောင် သဘောတူနေတာ မင်းကဘာဖြစ်တာလဲကွာ။ ငါက မင်းဒီလိုတိုင်ပြည်ငယ်လေးမှာ အမြဲမနေနိုင်တာကိုသိပါတယ်။ အခုက နောက်ကွယ်ကတရားခံကိုဖမ်းဖို့ ဆက်ပြီးနေတာပါ။ ငါလည်းဒီမုပြည်ရဲ့ ဘုရင်အဖြစ် ဘယ်လိုမှမနေနိုင်ပါဘူးကွာ။ သုံးရက်လောက်ပါပဲကွာ။ မကြာပါဘူး။”
 

“မင်းဟာက သုံးရက်အတွင်း နောက်ကွယ်က တ၇ားခံကိုဖမ်းမိမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ”
 

“ဖြစ်နိုင်ပါတယ်ကွ။ အခုတောင် တရားခံက စစ်သူကြီးတွေထဲက တယောက်ဆိုတာ ငါသိနေပြီ။”
 

“ဟုတ်လို့လား။ မင်းဘယ်လိုသိလိုက်တာလဲ.”

 

“လွယ်ပါတယ်။ညီလာခံမှာ ငါကြေငြာလိုက်တော့ မိဖုရားကြီးက တရားခံနဲ့အကြည့်ချင်းဆုံလိုက်တယ်ကွ..”

 

“အဲ့လောက်မရိုးရှင်းဘူးလို့ငါထင်တယ် ကီလာတိုင်။ သူတို့လူပေါင်းများစွာကို လုပ်ကြံနိုင်ခဲ့တဲ့သူတွေက ဘယ်လိုလုပ်ပြီး ဒီလိုသတိလက်လွှတ်အမှားကို မှားနိုင်ပါ့မလဲ..”
 

“ရန်သူကိုအထင်သေးရင် မှားနိုင်တာပဲလေ။ သူတို့က ငါတို့ကို လူငယ်လေးတွေဆိုပြီး အထင်မြင်သေးတာကြောင့် တရားခံအစစ်ကို ငါစောသိခဲ့တာပဲ။ မင်းကြည့်ထား။ သူတို့ ငါတို့ကို ဒီရက်ပိုင်းအတွင်းရှင်းဖို့ကြံလိမ့်မယ်။ ငါ့အထင် မမှားဘူးဆိုရင် မနက်ဖြန် သူတို့ငါတို့ကိုလုပ်ကြံလိမ့်မယ်.”

 

“မင်း သူတို့အဲ့လိုလုပ်ကြံအောင် မျှားလိုက်တာမလား။ သူတို့ကနယ်ခံနော်။ ငါတို့ကိုထောင်ချောက်ဆင်ရင် မင်းဘယ်လို လွတ်အောင်ရုန်းမလဲ ကီလာတိုင်.. ”
 

“မပူစမ်းပါနဲ့ ဆူမီရာ.. ငါ မင်းကို မွှေးညှင်းတပင်တောင် အထိမခံပါဘူး။ ငါ့ရဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေကို အားလုံးတာဝန်ခွဲပေးပြီးသားကွ။ သူတို့လုပ်ကြံတာနဲ့ တခါတည်းဖမ်းရုံပဲ…”
 

“ငါ့စိတ်ထဲ နည်းနည်းတော့ ထင့်နေသလိုပဲကွာ။ အရမ်းကိုလွယ်ကူလွန်းနေသလားလို့..”
 

“စိတ်အေးအေးထားပါ။ မင်းဘာမှမဖြစ်စေရဘူး ငါအာမခံတယ်..ဆူမီရာ။ ဘာကြောင့်လဲဆိုတော့ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်လို့ပဲ..”

 

မုတိုင်းပြည်တွင်းမှ မြစ်ကြီးထဲတွင် လှပသည့်လှေကြီးတစ်စင်းတွင် အသစ်စက်စက် မင်းကြီးနှင့် မိဖုရား၊ နန်းတွင်းမှ အမတ်ကြိးများက အောင်ပွဲခံသည့်အနေဖြင့် မြစ်စောင့်နတ်မင်းကြီးနတ်ကွန်းကို ပူဆော်ရန်ထွက်လာခဲ့သည်။ ဆူမီရာသည် ကီလာတိုင်ပြောထားသဖြင့် မည်သည့်နေရာမှ လုပ်ကြံသူများထွက်လာမလဲဆိုပြီး တထိတ်ထိတ်ဖြစ်နေသော်လည်း ကီလာတိုင်မှာ အေးတိအေးစက်ပြင် အခြားမှုးမတ်ကြီးများနှင့် စကားလက်ဆုံကျနေသေးသည်။ မသိလျှင် ကီလာတိုင်က မိမိထက် လေးငါးနှစ်ကြီးသည့်လူလိုပင် ထင်ရသည်။

 

သို့သော် လမ်းခရီးတလျှောက် အေးအေးချမ်းချမ်းနှင့်ဘာမှမဖြစ်ပဲ အပြန်ခရီးကိုစုန်ဆင်းလာခဲ့ရာ နန်းတော်နှင့်နီးလာသဖြင့် ဆူမီရာသက်ပြင်းချမိစဉ် လှေက သိမ့်ခနဲတုန်သွားပြီး ကုန်းပတ်ပေါ်မှ အားလုံးလဲပြိုကုန်သည်။ ဆူမီရာသည် အမှတ်တမဲ့နေရာမှ အရှိန်နှင့်ကုန်းပတ်နှင့် ဆောင့်မိမလိုဖြစ်သွားစဉ် လူတစ်ယောက်က၀င်ခံပေးလိုက်သဖြင့် သက်သာသွားသည်။ ဆူမီရာမော့ကြည့်မိတော့ ကီလာတိုင်ဖြစ်နေသည်ကို တွေ့ကာအံ့အားသင့်သွားခဲ့သည်။
 

“ဟင်..မင်းက ဟိုးဘက်မှ မဟုတ်ဘူးလား..”
 

“ငါလူလဲထားလိုက်ပြီ။ င့ါလူတစ်ယောက်က မျက်နှာဖုံးစွပ်ပြီး အစားဝင်နေတာ.. လာလာ.. လုပ်ကြံတဲ့သူတွေက လှေဝမ်းကို အပေါက်ဖောက်လိုက်ပြီ။”
 

“လှေနစ်တော့မှာလား…”
 

“မပူပါနဲ့ ချက်ချင်းမနစ်သေးပါဘူး။ လှေတပ်က ချက်ချင်းလာကယ်လိမ့်မယ်..ဒါပေမယ့် အဲ့လှေတပ်ဗိုလ်ချုပ်က နောက်ကွယ်က ကြိုးကိုင်တဲ့သူပဲ။ သူက ကယ်ရင်း တယောက်ချင်းကို သတ်ပစ်လိမ့်မယ်…”
 

“ဒါဆို ငါတို့ ဘယ်လိုလုပ်မလဲ…”
 

“လှေပဲ့ပိုင်းကနေ တိတ်တိတ် စောင့်ကြည့်ရမယ်။ တကယ်လို့ မင်းကြီးအတုကို လုပ်ကြံရင် တခါတည်း ငါမြှားနဲ့ပစ်လိုက်မယ်..”

 

ဆူမီရာနှင့် ကီလာတိုင်သည် ဆူညံကာ အောင်ဟစ်နေသည့် လူအုပ်နှင့်ဝေးရာ ပဲ့ပိုင်းတွင်တိတ်တဆိတ်စောင့်ကြည့်နေကြစဉ် တကယ်ပဲ ကီလာတိုင်ပြောသည့်အတိုင်း ရေတပ်က ချက်ချင်းကယ်ဆယ်ရေးရောက်လာခဲ့သည်။ ကီလာတိုင်ပြောသည့်အတိုင်း ရေတပ်အဖွဲ့က မင်းသစ်ကိုထောက်ခံသည့် မှုးမတ်များကိုကယ်ဆယ်သလိုနှင့် သတ်ပစ်လိုက်သည်ကိုတွေ့လိုက်သည်။ ဆူမီရာသည် ရက်စက်ကြမ်းကြုတ်သည့်လူသတ်ပွဲကိုကြည့်ကာ ကြက်သေသေသွားစဉ် ကီလာတိုင်က ဆူမီရာကိုခေါ်ကာ လူသတ်ကောင်ကို တိုက်ခိုက်ရန် အချက်ပြလိုက်စဉ် မိမိတို့စီးလာသော သဘောင်္မှာပေါက်ကွဲပြီး နှစ်ဦးသားလွင့်စဉ်ပြီးမြစ်ထဲကိုထိုးကျသွားခဲ့သည်။
 

“ဆူမီရာ…ဆူမီရာ…”

 

တောင်ပေါ်သားတစ်ယောက်ဖြစ်သည့် ဆူမီရာသည် ရေထဲကျသွားသည်နှင့် တစ်ခါတည်းစုန်းစုန်းနစ်သွားတော့သည်။ ဆူမီရာနောက်ဆုံးသိလိုက်သည်က ကီလာတိုင်၏ခေါ်သံနှင့်တူ မိမိရှိသည့်နေရာကို ကူးခတ်လာခြင်းဖြစ်သည်။ နောက် ဆူမီရာရေအောက်ကိုနစ်သွားပြီး သတိမေ့သွားတော့သည်။

--------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet