စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (60)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (60)


ဟော်သွန်းသည် သားတော်နှင့်တွေ့ပြီးနောက် စိတ်အားတက်လာခဲ့သည်။ သားလေးကိုယ်ဝန်ဆောင်စဉ် ခရီးပြင်းနှင်ခဲ့သည်ကို သတိရမိသည်။ ချစ်သော မောင်မောင်နှင့်အတူ မြင်းပေါ်ယှဉ်ထိုင်ပြီး မြက်ရိုင်းလွင်ပြင်တွင်ပြောင်းရွှေ့ခဲ့သည်။ စမ်းရေကို အတူသောက်ခဲ့သည်။ အမဲအတူလိုက်ခဲ့သည်။ ညအခါ မီးပုံနံဘေး သားလေးနှင့်အတူတူ မောင်မောင့်ရင်ခွင်တွင် မှီကာ ကြယ်ပင်လယ်ကို ကြည့်ရင်း စကားစမြည်ပြောကြသည်။ ပိုးဖဲမရှိ၊ ရွှေနန်းတော်မရှိ၊ စိန်ရွှေမရှိပဲ အချစ်၊နားလည်ခြင်းနှင့် ထုံမွှန်းပြီး ပျော်ခဲ့ရသည်။ သားလေးကလည်း ထူးထူးထွေထွေ သင်ကြားစရာမလိုပဲ သူ့ဖခင်နှင့်အတူကြီးပြင်းလာရင်း အရွယ်နှင့်မမျှ တော်ထက်လာခဲ့သည်။

 

“မောင်မောင်…သားလေး…”

 

ဟော်သွန်းသည် မျက်လုံးမှိတ်ရင်း တိုက်ခတ်လာသည့်လေအေးကို ရှုရှိုက်ရင်း အတိတ်တစ်နေရာကို ပြေးသွားခဲ့စဉ် ပုခုံးပေါ်ကျလာသည့် ခြုံလွှာနှင့်အတူ ကြင်နာသိမ်မွေ့သော ယောကျာ်းသံကိုကြားလိုက်ရသည်။
 

“အအေးမိတော့မယ် ဟော်သွန်းရယ်…”
 

“မင်းကြီး…ဘယ်အချိန်ကရောက်နေတာလဲ….”
 

“အခုလေးတင်ပါ….”

 

ကာလိုခန်မင်းကြီး လိမ်ပြောလိုက်သည်။ တကယ်တော့ ဟော်သွန်းနောက်တွင် မိမိရောက်နေသည်က ထမင်းတစ်အိုးချက်လောက်ရှိလေပြီ။ အပါးတော်မြဲများက ခေါ်မည်အပြု လက်ပြတားကာ အနောက်မှနေပြီး ပြတင်းတံခါးတွင်ရပ်နေသည့် ဟော်သွန်းကို တိတ်တိတ်လေး ငေးနေမိသည်။ သူမသည် စတွေ့စကလို သွယ်လျလှပဆဲပါ။ ဆံပင်အနည်းငယ်ဖြူလာသည့်တိုင် သူမသည် မိမိမျက်လုံးထဲ ပြိုင်ဖက်ကင်းလှနေဆဲပါ။ လှလို့ချစ်တာ ဖြစ်ပေမယ့် ချစ်လို့ ပိုလှခဲ့ပါသည်။ သူမကို ချစ်မိကတည်းက ကာလိုခန်၏ နှလုံးသားက အခြားမိန်းကလေးများကို တွယ်ငြိမ်ခြင်းမရှိခဲ့ပါ။

သို့ပေမယ့် ရေမထွက်သည့်ကျောက်တောင်တွင် မိမိရေတွင်းတူးနေမိသည်။ သူမ၏နှလုံးသားသည် ယေစုကိုင်းကို ချစ်သည့်အချစ်များနှင့် ပြည့်နှက်နေပြီး မိမိအတွက် နေရာမရှိခဲ့ပါ။ သားလေး မရခင်က တချိန်တွင် မိိမိကို သံယောဇဉ်လေးများ ရှိလာမလားဟု တိတ်တခိုးမျှော်လင့်ခဲ့ပေမယ့် သားလေးကြီးလာလေ သူမက မိမိနှင့် ပိုဝေးသွားလေဖြစ်ပြီး ကာလိုခန်၏ နှလုံးသားများသည် သူမကို ချစ်သည့်စိတ်နှင့်ရော၊ ပြီးတော့ ဘယ်တော့မှ မရနိုင်သည့် အချစ်အတွက်ရော ကြေကွဲလို့နေခဲ့လေပြီ။

 

ယခု ပြတင်းတံခါးတွင် အေးစက်သည့် လေကို မျက်နှာမော့ကာ မျက်လုံးမှိတ်ခံယူရင်း သူမ၏ စိတ်က ချစ်သောယောကျာ်းတစ်ယောက်နှင့် အတူရှိခဲ့သည့် အတိတ်ကို ခရီးနှင်နေသည်ကို ငေးကြည့်ရင်း ကာလိုခန်၏ စိတ်တို လွှင့်မျောသွားသလိုခံစားရသည်။ ဆောင်းလေအေးတို့နှင့် မျှောလွင့်နေသည့် ဆံနွယ်။ မှော်ဆန်သည့် မျက်နှာအမူယာ၊ ပြီးတော့ ချစ်ခြင်းနှင့်နူးညံ့နေသည့် မျက်နှာ…. ဒီမျက်နှာသည် မိမိအတွက် ဘယ်တော့မှဖြစ်မလာနိုင်သည်ကို သိလို့ ကာလိုခန် တိတ်တခိုး ခံစားနေမိသည်။

 

ဟော်သွန်းသည် မင်းကြီးကို အရိုသေပေးကာ သလွန်တွင်ထိုင်လိုက်သည်။ မင်းကြီး သိသိသာသာပိန်သွားခဲ့သည်ကို သတိပြုမိလိုက်သည်။
 

“မင်းကြီး နေကောင်းရဲ့လား။ ပိန်သွားတယ်…”
 

“မောင်တော် နေကောင်းပါတယ် ဟော်သွန်းရယ်။ ဟော်သွန်းရဲ့ကျန်းမာရေးကိုသာ မောင်တော် ပူနေရတာပါ…”
 

“ကျွန်မ သက်သာပါတယ် မင်းကြီး…”
 

“အင်း… ဟော်သွန်းအတွက် အားရှိတာကို ချက်ကျွေးဖို့ မောင်တော် အမိန့်ထုတ်ထားတယ်။ သေချာလေး စားပေးပါ…”
 

“မင်းကြီးလည်း စားသင့်ပါတယ်… ”

 

ကာလိုခန်သည် ဟော်သွန်းထံမှ ယခုမျှသော စကားကိုကြားရုံနှင့် ပီတိဖြစ်နေမိသည်။ အတွင်းဝန်ကြီးသည် မင်းကြီး၏အမူယာကိုကြည့်ကာ မျက်ရည်ဝဲလာခဲ့သည်။ တကယ်ဆိုလျှင် မင်းကြီး၏ ကိုယ်တွင်းတွင် ရောဂါကြီးကြီးမားမားဖြစ်နေတာ ကြာလေပြီ။ မယ်တော်ကြီးနန်းစွန့်ရန် အကြပ်ကိုင်စဉ်က စိတ်ထိခိုက်မှုကြောင့် မင်းကြီး၏ ရောဂါပိုတိုးလာခဲ့သည်။ မင်းကြီးသည် မိဖုရားကြီးကို သူ့ရောဂါအကြောင်း အသိမပေးခိုင်းသဖြင့် မည်သူမှ မဟရဲပေ။ ငွေတောင်မင်းသားလေးကိုပင် ရောဂါမကုခိုင်းပဲ နန်းတွင်သမားတော်နှင့် ကုသနေပြီး မိဖုရားကြီး စိတ်မပူစေရန် ထားခဲ့သည်။ ကာလိုခန်မင်းကြီးသည် ထက်မြက်သော် မင်းတစ်ပါး မဟုတ်ခဲ့သော်လည်း ဟော်သွန်းကို တကယ်ချစ်သည့် မင်းတစ်ပါး ဖြစ်ခဲ့သည်။

 

ကာလိုခန်သည် ဟော်သွန်း၏ လက်ကို အသာယာဆုပ်ကိုင်လို်က်စဉ် ဟော်သွန်း လက်ကို အသာရုန်းလိုက်သည်။ သို့သော် ကာလိုခန်က မလွှတ်ပေးပဲ ဆုပ်ကိုင်ထားကာ ပြုံးပြီးပြောသည်။
 

“ဟော်သွန်းလက်ကို စပြီး ဆုပ်ကိုင်ခွင့်ရတဲ့နေ့ကို မောင်တော် သတိရဆဲပဲ … လက်ရဲ့အထိတွေ့က ဘာမှ မပြောင်းလဲခဲ့ဘူး။

ဟော်သွန်းရဲ့ လက်လေးက မောင်တော့်ကို ခွန်အားတွေ ပေးနေတုန်းပဲ….”

 

ကာလိုခန်သည် ဟော်သွန်း၏ လက်ကို နူတ်ခမ်းနှင့်ဖိကပ်ကာ နမ်းလိုက်စဉ် ဟော်သွန်း လက်ကို ဖြတ်ခနဲရုန်ုးလိုက်ပြီး တိုးတိုးပြောလိုက်သည်။
 

“မင်းကြီး… အခြွေရံတွေရှိပါတယ်…”
 

“မောင်တော်… မင်းကို စတွေ့ကတည်းက ခုထိ အချစ်တရွေးသားမှ လျော့ခဲ့ဖူးဘူး ဟော်သွန်း… မင်းကို မောင်တော်ချစ်တယ်…”

 

ဟော်သွန်းသည် မင်းကြီး၏ ထူးဆန်းသော အပြုမူနှင့်အပြောဆိုကြောင့် အံ့အားသင့်ကာ မျက်နှာကိုငေးကြည့်နေမိသည်။ မင်းကြီး၏မျက်လုံးများက ချိုင့်ကာ နူတ်ခမ်းများက ဖြူယော်နေသည်ကို သတိပြုမိလိုက်သည်။ ဒါကြောင့် မင်းကြီး လက်ကို ဆုပ်ကိုင်ကာမေးလိုက်သည်။
 

“မင်းကြီး တကယ်ပဲ နေကောင်းရဲ့လား။ ဆူမီရာလာရင် မင်းကြီးကို စမ်းသပ်ဖို့လွှတ်လိုက်မယ်…”
 

“မောင်တော် ခုရက် ညအိပ်မပျော်လို့ နန်းတွင်းသမားတော်ကြီး လာကြည့်ပေးနေပါတယ်။ ဟော်သွန်း မောင်တော့်ကို ကတိပေးရမယ်။ နေကောင်းအောင်နေပါ။ ပျော်အောင်နေပါ။ မောင်တော်က ဟော်သွန်းကို အရယူထားတယ်ဆိုတာ အရမ်းကို ချစ်လို့ပါ။ ဟော်သွန်းနဲ့မခွဲနိုင်လို့ ထွက်သွားခွင့်မပြုတာလွဲရင် မောင်တော်ာ့ အသက်ကို ယူမယ်ဆိုရင်တောင် ခွင်ြ့ပုပါတယ် ဟော်သွန်းရယ်….”

 

ကာလိုခန်မင်းကြီး၏ စကားကြောင့် ဟော်သွန်းသက်ပြင်းချမိသည်။ ဘယ်လိုများတောင် လွဲမှားတဲ့ ဖူးစာဖက်မျိုးပါလဲဟု တွေးမိသည်။ တကယ်လို့ မိမိမှာမောင်တော် ယေစုကိုင်းသာ မရှိခဲ့လျှင် မင်းကြီးရဲ့ အတုမရှိတဲ့အချစ်ကြောင့် သေလုအောင် ပျော်မှာသေချာပါသည်။ ယခုတော့….

 

“ဟော်သွန်းရဲ့ဆံပင်တွေ လေတိုက်လို့ ပွကုန်ပြီ။ မောင်တော်ဖြီးပေးပါရစေ…”
 

“ရပါတယ် မင်းကြီး။ ကျွန်မဖာသာ ဖြီးပါ့မယ်။ ဘုရင်တပါးက ကျွန်မလို စစ်မက်ဖြစ်စေတဲ့ မိဖုရားရဲ့ ဆံပင်ကို

ဖြီးသင်ပေးတယ်လို့ ကြားရင် တိုင်းသူပြည်သားတွေက ပိုပြီးဒေါသထွက်ကုန်ပါလိမ့်မယ်…”
 

“သူတို့ရဲ့ဘုရင်အဖြစ် မောင်တော့်တာဝန်တွေ ဘာမှမလစ်ဟင်းခဲ့ဘူး။ အခု မောင်တော်ချစ်တဲ့ မိဖုရားရဲ့ဆံပင်ကို ဖြီးသင်ပေးတယ်ဆိုတာ မောင်တော့်ကိုယ်ရေးကိုယ်တာပါ။ သူတို့ ကျေနပ်ခွင့်မရှိသလို၊ မကျေနပ်ခွင့်လည်းမရှိဘူး။ အပျိုတော်တွေ… ကိုယ်တော့်ကို ဘီးယူပေးခဲ့ပါ…”

 

အပျိုတော်များသည် မင်းကြီးအမိန့်ကြောင့် ဘီးဆက်သပေးလိုက်ပြီး အားလုံးအလိုက်တသိဖြင့် အဆောင်ထဲမှ ထွက်ခွာသွားကြသည်။ ကာလိုခန်မင်းကြီးသည် ဟော်သွန်း၏အနောက်တွက် မတ်တပ်ရပ်ကာ ဆံထုံးကို ဖြည်လိုက်ပြီး ငွေမင်ရောင်တပင်နှစ်ပင် ရောစ ကေသာကျော့ကို အသာယာဖြီးသင်ပေးသည်။ ရွှေဘီးက ဆံနွယ်အိအိထဲစိုက်ဝင်ပြီး အောက်ကိုဖြီးချပေးလိုက်သည်။ ဟော်သွန်းသည် တားမရသဖြင့် ငြိမ်နေလိုက်သည်။ မင်းကြီး တခါတရံ စိတ်လိုလက်ရရှိလျှင် မိမိဆံပင်ကို ဖြီးသင်ပေးလေ့ရှိသည်ဆိုသော်လည်း သားတော်လေး ကြီးပြင်းလာသည့်နောက်ပိုင်း ဆံပင် မဖြီးပေးတာ ကြာခဲ့လေပြီ။ ယခုဘာစိတ်ကူးပေါက်သည် မသိတော့ပေ။ တကယ်တမ်းပြောရလျှင် မိမိစိတ်က မောင်မောင့်ထံကိုရောက်နေပြီ ဖြစ်လို့ မင်းကြီးရဲ့အထိတွေ့ကို မခံချင်တော့ပေ။ ဒါပေမယ့် ဘုရင်တစ်ပါး၏အလိုကို မိမိလို မိဖုရားက မငြင်းဆန်နိုင်ခဲ့ပေ။
 

“ဟော်သွန်းရဲ့ ဆံပင်က မွှေးလိုက်တာ…”

 

ကာလိုခန်သည် ဟော်သွန်းရဲ့ဆံပင်ကို အသာမယူကာ နမ်းရှိုက်လိုက်သည်။ ပန်းရနံ့တို့ဖြင့် သင်းထုံသော ဆံနွယ်၏ ရနံ့လေးကို လွမ်းဆွတ်စွာနမ်းရင် ကာလိုခန် ရင်ထဲ ၀မ်းနည်းလာခဲ့သည်။ သားတော်လေး တစ်သက် အတူအိပ်စက်ခဲ့သော်လည်း သူမရင်ထဲက ချစ်စိတ်ပေါ်အောင် မလုပ်နိုင်ခဲ့ပေ။
 

“မောင်တော့်ကို လိုက်လျောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဟော်သွန်းရယ်။ မင်းရဲ့ အိမ်ထောင်ရေးကို မောင်တော် ဖြိုခွင်းခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် မောင်တော် ဆုမတောင်းသင့်ပေမယ့် အမြဲတောင်းနေမိတယ်။ ဖြစ်လေရာ ဘ၀တိုင်း ဟော်သွန်းကို တွေ့တာနဲ့ချစ်မိသူဖြစ်ပါစေလို့… ”
 

“ကျွန်မ နောက်ဘ၀မှ ယောကျာ်းလေးဖြစ်ရင်ကော…. ”
 

“ဟော်သွန်းက ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ကိုယ်က ချစ်မှာပဲ…. ဘယ်သူ့မိန်းမဖြစ်ဖြစ်၊ ဘယ်သူ့ယောက်ျားဖြစ်ဖြစ် ကိုယ်ရအောင်ယူမိမှာပဲ… ကိုယ်က လူဆိုးပါ ဟော်သွန်း။ ဒါပေမယ့် မင်းကို သေလုအောင်ချစ်မိတဲ့ လူဆိုးတစ်ယောက်ပါ… ကိုယ့်ကို ခွင့်မလွှတ်လည်းရတယ်။ ဒါပေမယ့် ကိုယ့်ကို ချစ်နေခွင့်လေးပေးပါ…”

 

ဟော်သွန်းသည် မင်းကြီး၏ စကားကို ကြားသော် ငိုင်သွားခဲ့သည်။
 

“မင်းကြီး ပူလောင်တဲ့ချစ်ခြင်းကို မရွေးချင်ပါနဲ့။ မင်းကြီးကို စိတ်ရောကိုယ်ရောချစ်မယ့် မိန်းကလေတစ်ယောက်ကို ချစ်သင့်တယ်။ အချစ်က နာကျင်စေရင် အဲ့လိုအချစ်ကို မရွေးချယ်သင့်ပါဘူး။”
 

“ရွေးပြီးချစ်လို့ရရင် အဲ့ဒါအချစ်မဟုတ်တော့ဘူး ဟော်သွန်း။ မောင်တော် မင်းကိုချစ်တဲ့အချစ်က ရွေးချယ်လို့မဟုတ်ပဲ ကံတရားအရ သူ့ဖာသာပေါ်ပေါက်လာခဲ့တယ်။ ကိုယ့်အချစ်က အခုဘ၀မှာ ပိုင်ရှင်ရှိပြီးသားလူဆီက လုယူခဲ့မိလို့

ဆိုးယုတ်တဲ့အချစ်ဖြစ်ပေမယ့် မင်းကိုချစ်တဲ့အချစ်က အင်အားကြီးပြီး သန့်စင်ပါတယ် ဟော်သွန်း…”
 

မင်းကြီးရဲ့ အဆုံးစွန်ထိသော စကားကိုကြားသော် ဟော်သွန်း မင်းကြီးအတွက် စိတ်မကောင်းဖြစ်သွားမိသည်။ တစ်သက်လုံး မုန်းခဲ့သမျှ ယခု မင်းကြီးရဲ့ ပြင်းထန်တဲ့ ဝေဒနာကို နားလည်မိသွားသည်။

 

“မင်းကြီးကို ပူလောင်တဲ့ချစ်ခြင်းနဲ့ ကင်းဝေးစေချင်တယ် မင်းကြီး…”
 

“ပူလောင်ပေမယ့် ကိုယ်ပျော်တယ် ဟော်သွန်း… ကိုယ် ထွက်သက်ဆုံးတဲ့အထိ မင်းနဲ့အတူရှိချင်တယ်….”

 

မင်းကြီး၏ စကားကိုကြားသော် အပြင်မှ အပါးတော်မြဲကြီး မျက်ရည်သုတ်မိတော့သည်။

 

---------------------------------

 

ယွမ်ချူးခန်သည် ခမည်းတော်၏စကားကို ကြားသော် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ တကယ်လို့ ဟိုသားအဖသာ မရှိခဲ့လျှင်…. မယ်မယ့်အချစ်ကို ခမည်းတော် သေချာပေါက်ရမည်။ ပြီးတော့ မိမိလည်း မယ်မယ့် တစ်ဦးတည်းသော သားဖြစ်ပြီး မယ်မယ့်အချစ်ကို ပြိုင်ဖက်ကင်းရရှိမည်ဖြစ်သည်။ ယွမ်ချူးခန်သည် ခမည်းတော်၏ အချစ်ကို ငေးကြည့်ကာ ကိုယ်ချင်းစာမိသည်။ မိမိလည်း ဆူမီရာပေါ် ဒီလိုခံစားနေမိသည်။ ဆူမီရာဆိုမှ သူ့ကို သတိရပြီး သူ့ကိုရှာရန်လှည့်ထွက်လာခဲ့သည်။

 

ဆူမီရာသည် အဆောင်တွင် ဆေးဖော်စပ်နေစဉ် ပြတင်းပေါက်မှ ခုန်ဝင်လာသည့် လူရိပ်ကြောင့် မော့ကြည့်လိုက်စဉ် ချက်ချင်းပြေးကာဖက်ထားလိုက်မိသည်။
 

“နောင်တော်….”
 

“ဆူမီရာလေး… မယ်မယ့် အခြေနေ ဘယ်လိုလဲ… ”
 

“မကောင်းဘူး နောင်တော်။ အရီးတော် ဖိအားဒဏ်ကို ဆက်ခံနေရတယ်။ ဒါကြောင့် ဆေးမတိုးဘူးဖြစ်နေတယ်…”
 

“မယ်မယ့်ကို ရအောင် ခေါ်ထုတ်မှဖြစ်တော့မယ်….”
 

“အရီးတော်ကို တိတ်တဆိတ်ခေါ်ထုတ်သွားမှာလား…”
 

“ဟုတ်တယ်။ စစ်ဖြစ်မယ့်အတူတူ ဒီနန်းတော်ထဲမှာ မယ်မယ့်ကို မထားနိုင်တော့ဘူး…ဆူမီရာ ကိုယ့်ကို ကူညီပါ။ ယွမ်ချူးခန်ကို အာရုံပြောင်းထားပေးပါ။ ကိုယ် မယ်မယ့်ကို ကယ်ဖို့ နောက်သုံးရက်မှာ ထပ်လာခဲ့မယ်….”
 

ဆူမီရာသည် နောင်တော့် စကားကြောင့် ကတိပေးလိုက်သည်။ ယွမ်ချူးခန်က သူ့မယ်မယ်ပျောက်သွားလျှင် ၀မ်းနည်းကာငိုကြွေးရမည်ကို သိလိုက်ပြီး စိတ်မကောင်းဖြစ်မိသွားသည်။ သို့သော် အရီးတော်၏ ရောဂါက အမြန်ကုသဖို့လိုအပ်နေသည်။ ဒါကြောင့် နောင်တော့်ကို ကူရန်ဆုံးဖြတ်လိုက်သည်။

 

“မီရာရေ….”

 

ယွမ်ချူးခန် အခန်းထဲကိုဝင်လာသောအခါ ပြတင်းတံခါးနားမှာရပ်နေသည့် ဆူမီရာကိုတွေ့လိုက်ရသည်။ သူ့ကို အလန့်တကြားလေးကြည့်နေသည့် ဆူမီရာကို သတိမထားမိပဲ အနားလာပြီး ဖက်လိုက်သည်။
 

“မီရာ…. ငါ မင်းကို ပြောစရာရှိတယ်… ငါ မင်းကိုချစ်တယ်။ မင်းက ငါ့ဘ၀မှာ ငါယုံကြည်ရတဲ့ တစ်ယောက်တည်းသော သူငယ်ချင်း။ ပြီးတော့ ငါတန်ဖိုးထားရတဲ့သူ…. မင်း…. ငါ့ကို မထားခဲ့ဘူးလို့ ကတိပေးပါ…”

 

ဆူမီရာသည် ယွမ်ချူးခန်ကို ပြန်ဖက်ပြီး ပြတင်းအပြင်ကို တချက်ခိုးကြည့်ကာ တိုးတိုးပြောလိုက်သည်။
 

“ငါ မင်းကို မထားခဲ့ပါဘူးကွာ။ မင်းလည်း ငါ့သူငယ်ချင်းပါ….”
 

“ကျေးဇူးပဲ ဆူမီရာ… ငါ လုပ်စရာ ပေါ်လာလို့ သွားလိုက်ဦးမယ်….”

 

ယွမ်ချူးခန် ရုတ်တရက်ဆူမီရာကို လွှတ်ပေးပြီး ချက်ချင်းအပြင်ကိုထွက်သွားတော့သည်။
 

“ဒီကောင် ဘာစိတ်ကူးပေါက်လာလဲ မသိဘူး။ သွားတော့လည်း ချက်ချင်းကြီး…”

 

ဆူမီရာ ခေါင်းယမ်းကာ ဆေးဆက်ထောင်းနေသည်။ ယွမ်ချူးခန် ထွက်သွားသည့် ရည်၇ွယ်ချက်ကိုသာသိလျှင် ချက်ချင်း လိုက်တားမှာသေချာသည်။ ယခုတော့ အကြားမြင်ရသူမဟုတ်သည့်အတွက် ဆူမီရာ အေးအေးဆေးဆေး လုပ်လက်စ အလုပ်ကို ဆက်လုပ်နေခဲ့သည်။

 

----------------------------

နောက်တရက်တွင် တထန်နေပြည်တော် နန်းဆောင်တစ်ခုတွင် စာပို့ခိုတစ်ကောင် ရောက်ရှိလာခဲ့သည်။ စစ်သူကြီး တစ်ဦးက စာပို့ခိုကို ယူကာ အမိန့်စာကို ဖတ်လိုက်သည်။ ထို့နောက် အမိန့်စာကို ချက်ချင်းမီးရှို့ဖျက်ဆီးလိုက်သည်။ ထိုည တထန်နန်းတွင်း ဧည့်ခံပွဲမှအပြန် ချူတိုင်းပြည်မှ ဟီဒယ်၏ ခမည်းတော် အဆောင်ကို ပြန်ရောက်ရောက်ချင်း လဲကျသွားခဲ့သည်။ သမားတော်များ ရောက်ရှိလာချိန်တွင် အဆိပ်ကြောင့် ပြာနှမ်းကာ နန်းကျချူမင်းကြီး နတ်ရွာစံသွားခဲ့လေပြီ။

ထန်လိုခိထံ သတင်းရောက်လာတော့ ဟီဒယ်အတွက် စိတ်ပူသွားခဲ့ပြီး တင်ဂီရိကို အကျိုးကြောင်းပြောကာ တထန်ပြည်ကို အမြန်ပြန်သွားတော့သည်။
 

“ဟီဒယ်…. ညီမလေး…”

 

တစ်လမ်းလုံး ထန်လိုခိ စိတ်ပူစွာဖြင့် ခရီးပြင်းနှင်ခဲ့သည်။ တောင်ကြားတစ်နေရာတွင် လျှို့ဝှက်လူသတ်သမားများ အသင့်စောင့်နေသည်ကို ထန်လိုခိ ကြိုမသိခဲ့ပါ။

---------------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet