စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (78)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (78)
တင်ဂီရိသည် မိမိတို့တပ်စွဲထားသည့် နေရာကို ဦးတည်သွားမည်အပြု မိမိလက်အောက်မှ တပ်မှုးက မင်းကြီး နန်ကျောင်နန်းတွင်းထဲတွင် ရောက်နေကြောင်း သတင်းပို့သဖြင့် နန်ကျောင်နန်းတွင်းသို့သာ ဦးတည်လာခဲ့သည်။ ချစ်သော ကောင်လေးအတွက် အဓိက ခြိမ်းခြောက်မှု ကြီးကို ဖြေရှင်းနိုင်ခဲ့ကြောင်း ပြောပြမည်ဟု တွေးရင်း မကြာခင် မယ်မယ့်ကို ထားရစ်ပြီး မိမိတို့တပ် တောင်ပိုင်းကို ပြန်သွားရတော့မည် တွေးမိကာ သက်ပြင်းကို အသာရှိုက်မိသည်။

မယ်မယ်….
မြင့်မြတ်သည့် နှလုံးသား ပိုင်ရှင်…

မောရကစ်အနွယ်တို့၏ သွေးပီပီ သတ္တိရှိလွန်းသည်။ မိမိသာ မယ်မယ့်နေရာမှာဆိုလျှင် ဒီလို ဆုံးဖြတ်နိုင်ပါ့မလား။ အသက်ကို အသေခံပြီး ချစ်ပြသည်။ အသက်ကို စွန့်လွှတ်ပြီး သစ္စာရှိမှုကို ဖော်ပြကြသည်။ အသက်ကိုစွန့်လွှတ်ပြီး သူရဲကောင်းပီသကြသည်။ အသက်ကို စွန့်လွှတ် သည်ထက် မိမိ၏ အရှက်ကို စွန့်လွှတ်ပြီး အထီးကျန်အသက်ရှင်လို့ မယ်မယ့်လို အချစ်ကို ဖော်ပြသူ ဘယ်နှစ်ဦးရှိကြမည်နည်း။

သူရဲကောင်း ယေစုကိုင်း၏ ဇနီး။ မောရကစ်ခေါင်းဆောင်၏ သမီးသည် နန်ကျောင်ဘုရင်၏ မိဖုရားအဖြစ်ကို လက်ခံပြီး လိုလားသူ မရှိသည့် သူစိမ်းတရံ၏ နန်းတွင်းတွင် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခိုင်ပြီး အသက်ရှင်နေခဲ့သည်။ အပြင်မှ ၀ိုင်းထိုးမည့် လက်ညှိုးများအပြင် လူခြေတိတ်ချိန် မှာ မိမိနှလုံးသားက မြည်ကြွေးမည့်အသံကို နားထောင်ပြီး အိပ်ပျက်ညတွေကို ကျော်ဖြတ်လို့ နှစ်ပေါင်းများစွာ အဘယ် ယောကျာ်းကြီးတွေ အသက်ရှင်နိုင်ပါသလဲ။

မိမိတို့သားအဖ နန်းတော်က ထွက်ခဲ့သည့် တလျှောက်လုံး မယ်မယ့်နှလုံးသားက မိမိတို့နှင့်အတူ လိုက်ဆောင်ခဲ့သည်ဟု တင်ဂီရိ ယုံကြည် သည်။ ထိုယုံကြည်မှုဖြင့် တင်ဂီရိ အစွမ်းကုန် ကြိုးစားနိုင်ခဲ့သည်။ ငွေတောင်ပြည်တွင် ပညာဆည်းပူးရင်း တောင်ပိုင်း တိုင်းပြည်များမှ မင်းညီမင်းသားများကို စည်းရုံးခဲ့သည်။ ပြန့်ကျဲနေသည့် တောင်ပိုင်း တိုင်းပြည်များ၏ အတွင်းရေးကို လေ့လာခဲ့သည်။ လောဘကြီးသူ၊ ရဲရင့်သူ၊ အစွန်းရောက်သူ၊ ကြောက်တတ်သူ လူများစွာ၏ စိတ်ကို လေ့လာပြီး အကွက်ချလို့ သိမ်းသွင်းခဲ့ရာ ယခုအချိန်တွင် တောင်ပိုင်း နိုင်ငံများကို မိမိတို့ အာနန်ပြည် လက်အောက်ကို သိမ်းသွင်းနိုင်ခဲ့လေပြီ။ တောင်ပိုင်းတိုင်းပြည်ငယ်လေးစွာကို စုစည်းပြီး ငွေတောင်ပြည်ကို မြို့တော်တခုဖြစ်အောင် တဖြည်းဖြည်း ပုံသွင်းယူနေခဲ့ရာ အတော်လေးကို ပုံပေါ်လာခဲ့လေပြီ။ ချစ်သော ကောင်လေး၏ တိုင်းပြည်သည် ပညာ အတတ်ကို ဖြန့်ဖြူးသည့် ပညာရှိတို့ နေထိုင်ရာ နေရာဖြစ်လို့ ငွေတောင်ပြည်သည် တောင်ပိုင်း မဟာမိတ်နိုင်ငံများ၏ အဓိက မြို့တော်ဖြစ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။

ဆူမီရာကို တွေ့သည့်အချိန်ကစပြီး တင်ဂီရိ၏ စိတ်တို့ ငြိမ်းအေးခဲ့ရသည်။ ရိုင်းစိုင်းကြမ်းတမ်းချင်သည့် စိတ်က ဘယ်လိုကြောင့် မသိ၊ ဆူမီရာကြောင့် သိမ်မွေ့လာခဲ့သည်။ ယခင်က မြောက်ပိုင်း တိုင်းပြည်များကို ဖျက်ဆီးပစ်မည်ဆိုသည့် အရိုင်းစိတ်က တဖြည်းဖြည်းလျော့ပါး လာခဲ့လေသည်။ မယ်မယ့်ကို ပြန်ခေါ်နိုင်လျှင် တော်ပြီ။ မယ်မယ်ကို အာနန်ပြည်နန်းတော်တွင် ပြန်ခေါ်ထားပြီးလျှင် ဆူမီရာနှင့် မိမိက တောင်ပိုင်း မဟာမိတ်တိုင်းပြည်များကို လှည့်လည်ကြီးကြပ်မည်။ သူ တတ်မြောက်သည့် ဆေးပညာဖြင့် လူအသက်ကို ကယ်သည့်အချိန် မိမိက အကူညီလိုသည့် ဒေသ လူမျိုးစုငယ်များကို တိုးတက်အောင် စီမံပေးမည်။ ထိုအတွေးဖြင့် နန်ကျောင်ကို ချီတက်လာခဲ့သည်။ မထင်မှတ်ပဲ အတိတ်တဘောင်က အသက်ဝင်လာခဲ့သည်။ မြောက်ပိုင်းနဂါးဖြူက နိုးထလာခဲ့သည်။ ဆူမီရာ၏ သူငယ်ချင်းဆိုသည့် နေရာကို အရယူနိုင်ခဲ့သည်။

ယွမ်ချူးခန်…..
တင်ဂီရိ တိတ်ဆိတ်စွာ ရေရွတ်မိသည်။ ဖြူဖြူနွဲ့နွဲ့နှင့် ဆူမီရာနှင့် ရွယ်တူ။ မယ်မယ့်သားအငယ်….
ထိုကောင်လေးကို ငဲ့ကွက်သောကြောင့် အာနန်ပြည်ကို ပြန်မလိုက်တော့ရန် မယ်မယ်ဆုံးဖြတ်ချခဲ့သည် မဟုတ်လား။
မိမိတို့ မိသားစုကို ဖအေလုပ်သူက ဖြိုခွင်းလို့ အားမရပဲ သားဖြစ်သူကပါ ထပ်မံဖြိုခွင်းလိုက်ပြန်ပြီ
ခမည်းတော် နှစ်ပေါင်းများစွာ စောင့်မျှော်နေသည့် အချိန် အလကားဖြစ်ရတော့မည်။ လက်ဗလာ လစ်ဟာနေသည့် နှလုံးသားဖြင့် အာနန်နန်းတော်တွင် ခမည်းတော် တယောက်တည်း စံမြန်းရတော့မည်လား။

မယ်မယ်က မိမိကို အေးဆေးစွာရှင်းပြခဲ့စဉ် တင်ဂီရိ စောဒက မတက်ပဲ ငြိမ်သက်စွာနုားထောင်ခဲ့ပါသည်။ မယ်မယ်ပြောသည့် စကားအားလုံးကို မတုန်မလှုပ်နှင့် နားထောင်ပြီး ခမည်းတော်ကို ပြန်ပြောပေးမည်ဟု ဆိုကာ လှည့်ထွက်လာခဲ့သည်။ ခမည်းတော်ကို ပြောပြတော့ ခမည်းတော် ငြိမ်သက်သွားပြီး မိမိကို ဘာမှပြန်မပြောခဲ့သော်လည်း မယ်မယ် စိတ်ဆင်းရဲအောင် ခမည်းတော် ဘယ်တော့မှ မလုပ်မည်ကို တင်ဂီရိ သိပြီး ဖြစ်သည်။ မိမိတို့သားအဖ နောက်တကြိမ် အထီးကျန်ဖြစ်ဦးမည်ထင်ပါရဲ့

“နောင်တော်….နောင်တော်….”

မြင်းကို စိုင်းရင်း မည်မျှ အတွေးလွန်နေမိသည် မသိတော့။ မိမိထံ မြင်းကိုစိုင်းပြီးမြို့အပြင်တွင် လာကြိုနေသည့် ဆူမီရာ၏ အသံကို ကြားတော့ မှ သတိဝင်လာတော့သည်။ တင်ဂီရိ၏ တည်တင်းနေသည့် မျက်နှာကြောက ချက်ချင်းပြေလျော့သွားပြီး မြင်းကို အရှိန်သတ်ကာ ဆူမီရာကို စောင့်ကြို လိုက်သည်။

“နောင်တော်…”

မထင်မှတ်သည့် အပြုမှုကို ဆူမီရာ လုပ်လိုက်သည်။ သူ့မြင်းပေါ်မှ ခုန်ပြီး မိမိမြင်းပေါ် ကူးလာခဲ့သည်။ အံ့အားသင့်နေသည့် နန်ကျောင် စစ်သည်တော်များ၏ ရှေ့တွင် ဆူမီရာကို တင်ဂီရိက ရင်ခွင်ထဲ ဆွဲပွေ့လိုက်တော့သည်။

“နောင်တော်…နောင်တော်…စိတ်ပူလိုက်ရတာဗျာ…”

တင်ဂီရိ၏ လည်ပင်းကို လက်နှင့်သိုင်းဖက်ကာ ဆူမီရာ စိုးရိမ်တကြီးပြောပြီး လည်ချင်းယှက်ကာ ဖက်ထားတော့သည်။ တင်ဂီရိ၏ စိတ်ဆိုးစိတ်ညစ်များ အားလုံး ပြေလျှော့သွားပြီး တချက်အသံထွက်ရယ်မောလိုက်ကာ လွမ်းခဲ့ရသော ဆူမီရာ၏ ကိုယ်သင်းနံ့လေးကို ခပ်ပြင်းပြင်းရှိုက်ရှုလိုက်တော့သည်။

“လွမ်းလိုက်ရတာ မီရာလေးရာ….”

“ကျွန်တော်ရောပဲ…နောင်တော့်ကို စိတ်ပူနေတာ… ဟိုလူကြီး ရိပ်မိပြီး နောင်တော့်ကို သတ်ပစ်မှာ စိုးနေတာ….”

“လူသတ်စစ်သည်တော်တွေ အားလုံး မရှိတော့ဘူး။ ရှေ့လျှောက် လူမဟုတ် သရဲမဟုတ်တွေ ထပ်မရှိတော့ဘူး…ကိုယ့်ရဲ့ မီရာလေးအတွက် ကိုယ် အားလုံးရှင်းပစ်လိုက်ပြီ”

တင်ဂီရိသည် မြင်းကို နန်းတော်ဘက်ကို စိုင်းပြီး ဆူမီရာ၏ ပါးပြင်ကို နမ်းကာ ပြောလိုက်သည်။ ဆူမီရာသည် နောင်တော့်စကားကိုကြားသော် ပျော်သွားတော့သည်။ သို့သော် ချက်ချင်းပင် နောင်တော့်ကို ကတိတောင်းရတော့သည်။

“နောက်ဆို ဒီလိုမျိုး မပြောမဆို ထပ်မလုပ်တော့ဘူးလို့ ကျွန်တော့်ကို ကတိပေးပါ”

“ဘာကိုလဲ…”

တင်ဂီရိက သိလျက်နှင့် မသိယောင်ဆောင်ပြီးမေးလိုက်သည်။ ဆူမီရာက နောင်တော့်ကို မော့ကြည့်ကာ ပြောလိုက်သည်။

“အခုလို လူသတ်စစ်တပ်ထဲ တယောက်တည်း ထိုးဖောက်ဝင်ရောက်သွားတာမျိုး။ နောင်တော့် အစွမ်းကို ယုံပေမယ့် နေ့တိုင်း နောင်တော့်ကို စိတ်ပူလို့ သေမတတ်ပဲ ခံစားရတာ။ ကျွန်တော့်ကို ကတိပေး။ နောက်ခါ ဒီလိုမျိုး အသက်စွန့်ပြီး မလုပ်တော့ဘူးလို့…”

တင်ဂီရိသည် ဆူမီရာ မိမိကို စိုးရိမ်နေသည်ကို တွေ့သော် ရင်ထဲနွေးသွားပြီး နူတ်ခမ်းစွန်းများကော့တက်သွားသည့် အထိပြုံးလိုက်ပြီး ပြောလိုက်သည်။

“ကိုယ့်စကားကို နားထောင်ရင် ကိုယ်လည်း မီရာ့ စကားကို နားထောင်မယ်…”

“ကျွန်တော်က နောင်တော့် စကားကို အမြဲနားထောင်နေတာပဲဗျာ… ”

“ဒါဆို နောက်ခါ ဘယ်လိုအကြောင်းပဲ ရှိရှိ ကိုယ့်ကို အသိမပေးပဲ မြောက်ပိုင်းကို ထွက်လာတာမျိုး မလုပ်ရဘူး”

“ဟုတ်ကဲ့…”

ဆူမီရာ ချက်ချင်း ကတိပေးလိုက်သောအခါ တင်ဂီရိ၏ စိတ်ထဲ အပျော်တို့ပြည့်သွားပြီး ကျေနပ်စွာ ရယ်မောလိုက်တော့သည်။
အာနန်လက်ရွေးစင်တပ်သည် မိမိတို့ သခင်၏ ရယ်မောသံကိုကြားသော် အားလုံးပြုံးလိုက်မိသည်။ ငွေတောင်မင်းသားလေးကလွဲလျှင် မိမိတို့သခင်ကို ပျော်အောင် ရယ်မောအောင် မည်သူမှ မလုပ်နိုင်ခဲ့ပေ။ အားလုံး စိတ်လက်ပေါ့ပါးစွာဖြင့် နန်ကျောင်နန်းတွင်းကို ဦးတည်လာခဲ့ကြသည်။

ပျော်မြူးနေသည့် လူနှစ်ဦးနှင့် ဆန့်ကျင်ဘက် ယွမ်ချူးခန်၏ စိတ်ထဲ ပူပန်ခြင်းနှင့် ၀မ်းနည်းခြင်းကို ခံစားနေရသည်။ မိမိခမည်းတော်ကို ရထားလုံးနှင့် တင်ဆောင်ခေါ်လာခဲ့စဉ် ခမည်းတော်၏ လက်မှ ဒဏ်ရာကို တွေ့သော် စိုးရိမ်တကြီးမေးလိုက်စဉ် တင်ဂီရိက ခမည်းတော်၏ သွေးကို ယူပြီး အဆိပ်ဆေးကို ဖော်စပ်လိုက်သည်ကို ကြားသော် တင်ဂီရိ၏ အစွမ်းကို ထိတ်လန့်သွားခဲ့သည်။

“တင်ဂီရိက စစ်ရေးတင်တော်တာ မဟုတ်ပဲ အဆိပ်ပညာကိုပါ တတ်ကျွမ်းနေတာလား ခမည်းတော်ဘုရား…”

“ဟုတ်တယ်။ သူက ခမည်းတော်ရဲ့ သွေးကို အသုံးချပြီး ခန်ရွှီဖုန်းနဲ့ လူသတ်စစ်သည်တော်တွေကို ရှင်းပစ်လိုက်တာပဲ။ သူက သူ့အဖေ ယေစုကိုင်းထက် အဆတစ်ရာ ကြောက်ဖို့ကောင်းတယ် သားတော်။ ကံကောင်းတာက သူက သူ့မယ်တော်ကို အရမ်းကို ရိုသေပြီး ချစ်ခင် တွယ်တာတဲ့အချက်ပဲ။ ”

ခန်မင်းကြီးက သားတော်ကို နှစ်သိမ့်လိုက်သည်။ လောလောဆည် ဟော်သွန်းရှိနေသောကြောင့် တင်ဂိရိက မိမိသားတော်ကို ဘယ်လိုမှ ရန်ပြုမည် မဟုတ်ပေ။ လှိုက်ခေါင်းကြီးထဲတွင် မိမိကို တိုက်ကျွေးသည့် အားဆေးကြောင့် မိမိတို့ သားအဖကို သတ်ဖြတ်မည်ဆိုသည့် စကားက ခန်ရွှီဖုန်း ယုံအောင် ပြောလိုက်မှန်းသိလိုက်သည်။

“မယ်မယ်က သူတို့နဲ့ လိုက်သွားရင် ဘယ်လိုလုပ်မလဲ ခမည်းတော်ဘုရား…”

ယွမ်ချူးခန် စိတ်ပူပန်စွာမေးလိုက်သည်။ ခန်မင်းကြီးက သားတော်၏ လက်ကို ဆုပ်ကိုင်ကာ အားပေးလိုက်သည်။

“မင်းရဲ့မယ်တော်က မင်းကို အရမ်းချစ်တယ်။ ခမည်းတော် သေလုမျောပါးဖြစ်တဲ့အတွက် သားတော်ကို မင်းရဲ့မယ်မယ် ဘယ်တော့မှ စွန့်ခွာ သွားမှာ မဟုတ်ဘူး။ သားတော် စိတ်အေးအေးထား။ ပြီးတော့ မင်းရဲ့ မယ်မယ် စိတ်ပျက်အောင် မလုပ်နဲ့။ နန်ကျောင် နန်းတွင်းမှာ ယေစုကိုင်းတို့ သားအဖကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံနဲ့။ အခု သူတို့ သားအဖကြောင့် ခမည်းတော်တို့ နန်ကျောင်ပြည် လူသတ်စစ်တပ်လက်က လွတ်လာခဲ့တာ…”

“သားတော် သိပါတယ် ခမည်းတော်…”

ယွမ်ချူးခန် သည် သိမ်ငယ်စိတ်ကို မြိုသိပ်ပြီး ခမည်းတော်ကို ကတိပေးလိုက်သည်။ ထိုစဉ် ဟိုးအရှေ့နားမှ ဆူညံသံကြောင့် အပြင်မှ စစ်သည်တော်ကို မေးလိုက်သည်။

“ငွေတောင်မင်းသား လာကြိုတာပါ အရှင့်သား…”

ဆူမီရာလာကြိုသည်ဟု ကြားသော် ယွမ်ချူးခန် ချက်ချင်း ခမည်းတော်ကို ခွင့်တောင်းပြီး မြင်းကို အရှေ့ပိုင်း ကို စိုင်းလာခဲ့စဉ် တင်ဂီရိ၏ ရင်ခွင်ထဲ ခုန်ကူးလာသည့် ဆူမီရာကို တွေ့လိုက်ရစဉ် ရင်ထဲ ဟာခနဲဖြစ်သွားတော့သည်။ လိပ်ပြာလေးလို တင်ဂီရိ ရှိရာကို လွင့်ခနဲ့ ခုန်ဝင်လာ ခဲ့သည်။ တင်ဂီရိကလည်း ဆူမီရာကို အသာလေး ဆီးဖမ်းကာ ရင်ခွင်ထဲ ထည့်ဖက်ရင်း မြင်းကို စိုင်းသွားခဲ့သည်။

ရင်ထဲ ဟာသွားသည့် ခံစားချက်က ခံရခက်လွန်းလှသည်။

“နောင်တော့်ကို ငါ ငယ်ကတည်းက ချစ်ခဲ့တာ။ နောင်တော့်ကို အချစ်ဆုံးပဲ…”

ဆူမီရာပြောဖူးသည့် စကားသံကိုပြန်ကြားယောင်ပြီး ယွမ်ချူးခန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ တင်ဂီရိကို ဘာကြောင့် ဆူမီရာ လေးစားပြီးချစ်သည်ကို ယွမ်ချူးခန် မျက်ဝါးထင်ထင်တွေ့ရတော့ ရင်ထဲ အေးစက်ခြင်းက တိုးလာခဲ့သည်။

“မီရာ..ငါလည်း မင်းကို အရမ်းချစ်နေမိတာပါကွာ… မင်းသာ ငါ့အနားမှာ နေမယ်ဆိုရင် မင်း ဖက်ထားတဲ့လူလို တော်အောင် ငါလည်း ကြိုးစားပေးမှာပါ….မီရာ…”

ယွမ်ချူးခန်သည် မြင်းဇက်ကြိုးကို ကျစ်ကျစ်ပါဆောင်ဆုပ်ပြီး စိတ်ထဲမှ ပြောနေမိသည်။ ကာလိုခန်မင်းကြီးသည် ရထားလုံးထဲမှ သားတော်၏ အဖြစ်ကို ငေးကြည့်ကာ စိတ်မကောင်းဖြစ်နေမိသည်။ တဖက်သတ်အချစ်က ဘယ်လောက် ပူလောင်သည်ကို မိမိအသိဆုံးဖြစ်လို့ သားတော်ကို မဖြစ်နိုင်သည့် အချစ်ကို လက်လျော့အောင် မိမိဘယ်လိုလုပ်ရမလဲဟု တွေးရင်း သက်ပြင်းရှိုက်လိုက်မိတော့သည်။
------------------------------------
တင်ဂီရိသည် နန်းတော် ရှေ့တွင် လာကြိုနေသည့် ခမည်းတော်နှင့် မယ်တော်ကို တွေ့သည်နှင့် ဆူမီရာကို ပွေ့ကာ မြင်းပေါ်မှ အတူဆင်းပြီး မိဘနှစ်ပါးကို နူတ်ဆက်လိုက်သည်။

“ခမည်းတော်… မယ်တော် သားတော် ပြန်လာပါပြီ”

တင်ဂီရိသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ခမည်းတော်နှင့် မယ်တော်ကို အတူယှဉ်တွဲမြင်လိုက်ရတာဖြစ်လို့ လွမ်းဆွတ်စွာဖြင့် အရိုသေပေးရင်း နူတ်ဆက်လိုက်သည်။

“သားတော်… သားတော်.. တင်ဂီရိ…”

ဟော်သွန်းသည် သားတော်ကြီးကို စိုးရိမ်တကြီးနှင့် ဆွဲထူကာ တကိုယ်လုံး ဒဏ်ရာ ရမရကို စစ်ဆေးကြည့်ကာ မေးလိုက်သည်။

“သားတော်… ဒဏ်ရာတွေ ရခဲ့သေးလား…”

“သားတော် ဘာမှ မဖြစ်ပါဘူး မယ်မယ်ဘုရား… စိတ်မပူပါနဲ့…”

“သားတော်ကြီးရယ်… မယ်မယ့် သားတော်ကြီးရယ်…”

ဟော်သွန်းသည် သားကြီး၏ ရင်ခွင်ထဲ တိုးဝင်ဖက်ထားပြီး ကတုန်ကယင်နှင့် မျက်ရည်ကျကာ တဖွဖွရွတ်နေမိစဉ် နန်ကျောင်မင်းကြီး၏ ရထားလုံးဆိုက်ရောက်လာသဖြင့် ဟော်သွန်း သားတော်ကို လွတ်ပေးကာ ရထားလုံးထဲမှ ဆင်းလာသည့် ကာလိုခန်မင်းကြီး နားကို သွားတွဲကာ ကြိုလိုက်သည်။

“မင်းကြီး… ဘေးကင်းစွာနဲ့ ပြန်လာတာ ကို ကြိုဆိုပါတယ်…”
ကာလိုခန်သည် အစဉ်လာမပျက်ပြောသည့် စကားကို ကြားသော် ခပ်ယဲ့ယဲ့ပြုံးကာ ဟော်သွန်း၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“တင်ဂီရိ မင်းသားကြောင့် မောင်တော် အသက်ရှင်ခဲ့ရတာပါ။ ပြီးတော့ နန်ကျောင်ပြည်လည်း လူသတ်စစ်တပ်လက်က လွတ်ခဲ့ရပါပြီ”

ထိုစကားကိုကြားသော် ဟော်သွန်း၏ မျက်လုံးထဲ ဂုဏ်ယူစိတ်ဖြင့် လက်သွားပြီး သားတော်ကြီးကို ရွှမ်းရွှမ်းစားစားလှမ်းကြည့်လိုက်သည်။ ထို့နောက် သားတော်ကို ယခုလို ပျိုးထောင်ပေးသည့် ချစ်သူခင်ပွန်းဟောင်းကို ကျေးဇူးတင်စွာလှမ်းကြည့်လိုက်သည်။
ယေစုကိုင်းသည် ဟော်သွန်းကို အေးချမ်းစွာဖြင့် ပြုံးကြည့်နေလိုက်သည်။ သားတော်ကို သူမ ဘယ်လောက် ချစ်သည်။ ဂုဏ်ယူသည်ကို မိမိသိသည်။ သားအမိနှစ်ယောက် ဖက်ကာ နူတ်ဆက်နေသည့် မြင်ကွင်းကို ကြည့်ပြီး ယေစုကိုင်း တသက်လုံး တောင့်တရသည့် အချိန်လေး ခဏရလိုက်သည်ဟု တွေးကာ မကြာခင် ခွဲခွာရမည့် ကံတရားကို တွေးနေမိသည်။ ဟော်သွန်းဘက်က ကြည့်လျှင်လည်း မိခင်တယောက်၏ အတွေးကလည်း မှန်နေသဖြင့် အတင်းအကျပ်လည်း လိုက်ခဲ့ရန် မခေါ်ရက်တော့ပါ။

သားအမိ နှစ်ယောက် ဖက်ကာ နူတ်ဆက်နေသည့် မြင်ကွင်းကို ငေးကြည့်ရင်း နာကျင်ဝမ်းနည်းစွာဖြင့် အံကြိတ်ထားသည့် မင်းသားငယ်လေးကို အဆုံးစွန်ထိ တွန်းပို့လိုက်လျှင် ထိုလူငယ်လေးကို လမ်းဆုံးရောက်စေပြီး စစ်မီး ဟုန်းဟုန်းတောက်လောင်စေမှာ သေချာနေတော့သည်။ ခွေးပင် ချောင်ပိတ်ရိုက်လျှင် ပြန်ကိုက်တတ်သေးတာပဲ။ လူသားတယောက်က ဒီထက် ပိုတတ်နိုင်သည် မဟုတ်လား။ အထူးသဖြင့် အင်အားကြီး မြောက်ပိုင်းတိုင်းပြည်၏ အိမ်ရှေ့စံ မင်းသားငယ်လေး၏ ရင်ထဲ မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် ၀မ်းနည်းခြင်းကြောင့် စစ်ဘီလူးတယောက်ဖြစ်မလာစေချင်တော့ပါ။
မိမိလည်း အသက်ကြီးလေပြီ။

လူနှစ်ယောက်က အတူနေမှ ချစ်ခင်ကြောင်းပြနိုင်သည် မဟုတ်ပေ။ နှလုံးသားခြင်း နီးစပ်နေလျှင် အကွာအဝေးတို့မည်သည် လေထဲမှ ကိန်းဂဏာန်းတခုမျှသာ ဖြစ်သွားသည်ကို သိခဲ့တာ ကြာမြင့်လှလေပြီ။ ပြီးတော့ မိမိချစ်သူ၏ အကြောင်းသင့် အကျိုးသင့် ချမှတ်သည့် ဆုံးဖြတ်ချက်ကို တဖက်တလမ်းမှ ကူညီ ပါရမီဖြည့်ခွင့်ရသည်ကလည်း ချစ်သူတယောက်ရဲ့ ချစ်ပုံ ချစ်နည်းတခုလည်းဖြစ်သည်။
မိမိရင်ခွင်မှ ဖယ်ခွာပြီး ကာလိုခန်မင်းကြီးကို သွားတွဲလိုက်သည့် မယ်တော်ကို အေးစက်စက် စိုက်ကြည့်နေသည့် သားတော်ကြီးသည်လည်း မိမိနှင့် တဘောထားတူမည်ဟု ယေစုကိုင်း ယုံကြည်သည်။ သူ့မယ်မယ် စိတ်ဆင်းရဲစေမည့် နည်းကို ဘယ်လိုမှ မလုပ်ဟု သားတော်ကို မိမိယုံကြည်သည်။

မကြာခင် မိမိတို့လည်း ပြည်တော်ပြန်ရတော့မည်ထင်သည်
မိမိတို့ သားအဖ နှစ်ဦးတည်ဆောက်သည့် အာနန်နန်းတော်သို့ မကြာခင် ပြန်ရတော့မည်။
---------------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet