Chapter - 10

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (10)

 

“မင်းသားလေး မင်းသားလေး…”
 

“အာ…နားညီးတယ်…တိတ်စမ်း..”
 

ယွမ်ချူးခန်သည် အိပ်ကောင်းစဉ် ကုန်းကုန်း၏အသံကြောင့်နိုးလာပြီး စိတ်တိုတိုနှင့် အော်လိုက်သည်။ သို့သော် ကုန်းကုန်းက မတိတ်ပဲ ဆက်နိုးနေပြန်သည်။ ဒီတစ်ခါ ကိုယ့်ကို လှုပ်ခါပြီးကို နိုးနေသည်။

 

“မင်းသားလေး မနက် မြင်းစီးကျင့်ရမယ့်အချိန်ရောက်နေပါပြီ..မင်းသားလေး။ ကျန်တဲ့သူတွေ အားလုံး လေ့ကျင့်ရေးကွင်းကို ရောက်နေပြီ။”
 

“နားငြီးတယ်..နားငြီးတယ်ကွာ…”

 

ယွမ်ချူးခန်က အတင်းနိုးနေသော ကုန်းကုန်း ကို တွန်းလွှတ်လိုက်သည်။ သို့သော် ကုန်းကုန်းက အတင်းပင် မင်းသားလေး၏ လက်ကို ဖက်ထားကာ နားနားကပ်ပြောလိုက်သည်။
 

“စစ်သူကြီးက နေ့တိုင်း မင်းသားလေးအကြောင်းကို အစီရင်ခံစာရေးနေတာနော်… တော်ကြာ မိဖုရားခေါင်ကြီးက မင်းသားလေးကို သုံးလ နေခိုင်းရင်…..”
 

ကုန်းကုန်း၏ စကားကိုကြားသော် ယွမ်ချူးခန်၏ အိပ်ချင်စိတ်ပင်ပျောက်သွားခဲ့သည်။ ချက်ချင်း စောင်ပုံအောက်မှ ၀ုန်းခနဲ ထကာ ခုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

 

“၀ုန်း….”
 

“တော်စမ်း…. ပါးစပ်ပိတ်ထား။ အခုထရင် ရပြီမလား။”

 

ယွမ်ချူးခန်က ကုန်းကုန်းကို တွန်းပစ်ကာ အိပ်ယာမှ ဒေါသတကြီးနှင့် ကုန်းထလိုက်သည်။ သုံးလသာ နေရမည်ဆိုလျှင် သေသွားနိုင်သည် မဟုတ်လား။ ယခုတောင် သေလုမျောပါးဖြစ်နေလေပြီ။
 

“မင်းသားလေး မျက်နှာသစ်ရေ..ဒီမှာ..”

 

ယွမ်ချူးခန်က မျက်နှာသစ်ရေကိုအပြေးလွှားသစ်ကာ လေ့ကျင့်ရေးကွင်းထဲ အပြေးလာခဲ့သည်။ ကွင်းထဲတွင် ယွမ်ချူးခန်က နောက်အကျဆုံးဖြစ်သည်။ စစ်သူကြီးက မျက်မှောင်ကြုတ်ကြည့်ကာပြောလိုက်သည်။

 

“မင်းသားလေး နောက်ကျတယ်။ ကွင်းကို တပတ် ပတ်ပြေးပါ။”
 

ယွမ်ချူးခန်သည် စစ်သူကြီး၏ စကားကြောင့် မီးဝင်းဝင်းတောက်မတတ်ပြန်ကြည့်ကာ အော်ပြောလိုက်သည်။ စစ်သူကြီးတစ်ယောက်က မိမိလို နန်ကျောင်မင်းသားကို ပြောဝံ့သည် ဆိုတော့ ယွမ်ချူးခန် ချက်ချင်း ခေါင်းဖြတ်သတ် ဖို့အမိန့်ပေးချင်စိတ် ပေါက်လာမိသည်။ သို့သော် လောလောဆည် မိမိက သူ့အမိန့်ကို နာခံနေရသည်။

 

“ဘာ…. မပြေးနိုင်ဘူး…”
 

ယွမ်ချူးခန်က စစ်သူကြီး ပြောသည်ကို ဆန့်ကျင်လိုက်သည်။ မပြေးနိုင်ပါ။

 

“ရပါတယ်။ မိဖုရားခေါင်ကြီးဆီပို့မယ့် အစီရင်စာမှာ ထည့်ရေးလိုက်ပါ့မယ်…”
 

စစ်သူကြီးက အေးဆေးစွာပြောကာ လက်ထဲတွင် ကိုင်ထားသည့် မှတ်တမ်းကိုပြန်ကြည့်ကာေ ပြာလိုက်သည်။ ယွမ်ချူးခန်က ဒေါသတကြီးနှင့် ပိတ်အော်လို်က်သည်။ ထစ်ခနဲရှိ မယ်မယ်နှင့် ခြိမ်းခြောက်ရဲသည်။ မိမိသာ ဘုရင်ဖြစ်လျှင် ယခု စစ်သူကြီးကို ချက်ချင်း သေဒဏ်ပေးမည်ဟု တေးထားလိုက်သည်။

 

“ပါးစပ်ပိတ်ထား စစ်သူကြီး…”

 

ယွမ်ချူးခန်က မပြေးချင်သော်လည်း မယ်မယ်သိမည်စိုးသဖြင့် ကွင်းကိုပတ်ပြေးလိုက်သည်။ ကုန်းကုန်းက မင်းသားလေး ချွေးတရွဲရွဲနှင့် ပြန်ရောက်လာတော့ ဆီးကာ ပုဝါကို ဆက်လိုက်သည်။ ယွမ်ချူးခန်က ပ၀ါဖြင့် ချွေးသုတ်လိုက်သည်။ စစ်သူကြီးက တပ်သား ကို ခေါင်းငြိမ့်လိုက်တော့ မြင်းတစ်ကောင်ကို ဆွဲလာခဲ့သည်။
 

“ဒါ မင်းသားလေး စီးရမယ့် မြင်းပါ…”
 

ဒေါင်ကောင်းကောင်းနှင့် လှပသည့် မြင်းတစ်ကောင်ကိုဆွဲလာသဖြင့် ယွမ်ချူးခန် လန့်သွားသည်။ မြင်းပေါ်က ပြုတ်ကျလျှင် မချောင်ပေ။ နာလည်းနာမည်၊ အရှက်လည်းကွဲမည်။ ယခုဆိုလျှင် မြင်းစီးလေ့ကျင့်နေသည့် ရွယ်တူလူငယ်လေးများရှိနေသည် မဟုတ်လား။

“အကောင်က အကြီးကြီး…”
 

“မင်းသားလေးက မိန်းကလေးတွေ စီးတဲ့မြင်းပုကို စီးချင်တာလား။ တောင်းပန်ပါတယ်။ ဒါက စစ်သည်တော်ကောင်း တွေကို မွေးထုတ်ပေးတဲ့ သင်တန်းပါ။ ဒီသင်တန်းက ယောကျာ်းလေးတွေ စီးတဲ့မြင်းတွေပဲ ရှိပါတယ်…”
 

စစ်သူကြီးက မင်းသားလေးကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။ မိဖုရားကြီးက သေချာခေါ်ပြောထားလို့ သေချာ လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ မိဖုရားကြီး စိုးရိမ်မည်ဆို စိုးရိမ်လောက်သည်။ တကယ့်ကို မင်းသားလေးက ပျင်းလွန်းလှသည်။ သင်သမျှကိုလည်း သေချာနားမထောင်ပေ။ ဒါကြောင့်ပညာပေးရန်မြင်းကို တခါတည်း စီးခိုင်းခြင်း ဖြစ်သည်။

 

“တော်..တိတ်…”

 

ယွမ်ချူးခန်သည် စစ်သူကြီးစော်ကားသည့် စကားကြောင့် မျက်နှာနီရဲသွားပြီး မြင်းပေါ်ကို တက်ရန်ကြိုးစား လိုက်သည်။ လောလောဆည် မြင်းပေါ်ကို မိမိ လုံးဝ မတက်တတ်ပေ။ မြင်းကိုယ်ဘေးက ခြေနင်းကွင်း ကို လုံးဝ မမှီသဖြင့် ကုန်းကုန်းကိုလှမ်းခေါ်လိုက်သည်။ ကုန်းကုန်းကို ခုံလုပ်ခိုင်းပြီး တက်ရမည်။
 

“ကုန်းကုန်း ဒီအောက်မှာ လေးဘက်ထောက်စမ်း…”

 

“မှန်လှပါ မင်းသားလေး…”

 

ယွမ်ချူးခန်သည် ကုန်းကုန်း၏ ကျောပေါ်တွင် တက်နင်းကာ မြင်းပေါ်ရောက် အောင် မနည်းတက်လိုက်သည်။

စစ်သူကြီးက လုံးဝ မကူပေးပဲ မင်းသားလေး လုပ်တာကို ကြည့်နေလိုက်သည်။ မင်းသားလေး မြင်းပေါ်ရောက်သွား သည်နှင့် လှမ်းပြောလိုက်သည်။

 

“မင်းသားလေး မြင်းဇက်ကြိုးကို မြဲမြဲကိုင်ပါ။ ”

 

ယွမ်ချူးခန်က ပြန်ပြောမည်အပြု စစ်သူကြီးက မြင်းတင်ပါးကိုရိုက်လိုက်သည်။ မြင်းက ရုတ်တရက်ထွက်သွားသဖြင့် ယွမ်ချူးခန်က ကြောက်သွားသည်။ သို့သော် သင်တန်းသားများနှင့် ကျန်ရဲမတ်များက ၀ိုင်းကြည့်နေသဖြင့် ယွမ်ချူးခန်က နူတ်ခမ်းကို တင်းတင်းစေ့ထားပြီး မြင်းဇတ်ကြိုးကို တင်းတင်းကိုင်ထားသည်။ မြင်းပေါ်မှ ပြုတ်မကျ အောင် အတတ်နိုင်ဆုံးကုတ်ထားရသည်။

 

ယွမ်ချူးခန်သည် မြင်းပေါ်မှ အတင်းကုတ်ထားပြီး ဟိုတနေ့က မြင်းပေါ်တက်နည်း၊ မြင်းစီးလျှင် နေရမည့် အနေထား သင်သည်ကို အလေးနက်မထားမိသည်ကို နောင်တရလာ မိသည်။ ကျန်သူများက ဟန်ကျပန်ကျ မြင်းစီးနေပြီး မိမိက ပြုတ်မကျအောင် မနည်းထိန်းနေရသည်။

 

ကုန်းကုန်းက မင်းသားလေး မြင်းပေါ်က ပြုတ်ကျတော့မည်လားဟု တွေးကာ တထိတ်ထိတ်ဖြစ်နေသည်။ မင်းသားလေး တခုခုဖြစ်လျှင် မင်းကြီးက မိမိကို သတ်လိမ့်မည်။ ထို့ကြောင့် စစ်သူကြီးကို လှမ်းပြောလိုက်သည်။
 

“စစ်သူကြီး… မင်းသားလေး ပြုတ်ကျတော့မယ်.။”

 

“မကျပါဘူး။ သူ့ကိုပေးစီးလိုက်တာ အယဉ်ဆုံးမြင်းမပါ။ ဒီအရှိန်နဲ့ ငါးနှစ်သားကလေးစီးတာတောင် ဘာမှမဖြစ်ဘူး။

စိတ်ချပါ။ မင်းသားလေး နောက်က ကပ်လိုက်နေတဲ့ရဲမတ်က မင်းသားလေး  မြင်းပေါ်က ပြုတ်ကျတယ်ဆိုရင် ဖမ်းပေးပါလိမ့်မယ်…”

 

စစ်သူကြီး၏ စကားကြောင့် ကုန်းကုန်း အသက်ရှုချောင်သွားသည်။ထိုအခါမှ မိမိတို့ မင်းသားလေး အပျင်းထူက မလေ့ကျင့်ထားသည်ကို ပိုသိလာသည်။ အဘယ့်ကြောင့်ဆိုသော် ရွယ်တူ ကလေးများက မြင်းကို ဟန်ကျပန်ကျ ကျွမ်းကျင်စွာစီးနေကြစဉ် မင်းသားလေးကို ရုပ်ပျက်ဆင်းပျက် မြင်းပေါ်က ပြုတ်မကျအောင် ကုတ်ထားရသည် မဟုတ်လား။ ကျန်သည့် သင်တန်းသားလေးများက မင်းသားလေး မြင်းစီပုံကိုကြည့်ကာ ပြုံးနေကြသည်။ ကုန်းကုန်းသည် မင်းသားလေး ကိုယ်စားရှက်လို့သွားသည်။
 

“မဖြစ်ဘူး။ နောက်ရက် မင်းသားလေးကို မြင်းစီးလေ့ကျင့်ဖို့ ပြောရမယ်။ ရှက်စရာကောင်းလိုက်တာ။ ”


“မဆိုးပါဘူး မင်းသားလေး။ မြင်းပေါ်က ပြုတ်မကျအောင် စီးနိုင်ပါပေတယ်။”

 

စစ်သူကြီးက မင်းသားလေး၏ မြင်း မိမိနားကိုေ၇ာက်လာတော့ မြင်းဇာတ်ကြိုးကို ဖမ်းကိုင်ကာ ပြောလိုက်သည်။ စစ်သူကြီးလည်း မြင်းတစ်စီးပေါ်တွင် ရောက်နေသည် မဟုတ်လား။ ယွမ်ချူးခန်သည် စစ်သူကြီးကို ပြန်မပြောအားပဲ အသက်ကို ၀၀ရှုနေရသည်။
 

“ မင်းသားလေးကို မြင်းပေါ် မြဲအောင် နေမယ့်နည်းကို သင်ပေးပါ့မယ်။ ကျွန်တော် နဲ့အတူ မြင်းလိုက်စီးပါ။ ”

 

စစ်သူကြီးက ယွမ်ချူးခန်၏မြင်းဇာတ်ကြိုးကို ဆွဲကာ မိမိမြင်းကို ဖနောင့်နှင့် တို့လိုက်သည်နှင့် ယွမ်ချူးခန်၏ မြင်းကပါ နောက်က အလိုက်သင့်လိုက်လာခဲ့သည်။ မြင်းစီးသင်ဖို့အတွက် လေ့ကျင့်ထားသည့် မြင်းဖြစ်သောကြောင့် သခင်အချက်ပြသည်နှင့် အလိုက်သင့်လိုက်လာခဲ့သည်။

 

ယွမ်ချူးခန်သည် စစ်သူကြီးကို နူတ်လှန်မထိုးပဲ မြင်းစီးနည်းသင်သည်ကို သေချာမှတ်သားနေသည်။ တပတ်ပတ်ပြလိုက်သည်နှင့် သဘောတရားကို နားလည်သွားသည်။ မြင်းဇတ်ကြိုးကို ထိန်းပုံကိုလည်းသိလာသည်။ ထို့ကြောင့် ထိုနေ့ မင်းသားလေးက ပထမဆုံးမြင်းကို သေချာစီးတတ်လာခဲ့သည်။ ယွမ်ချူးခန်သည်

မျက်နှာကိုလေတိုးသည့် အရသာကို သဘောကျသွားခဲ့သည်။

 

စစ်သူကြီးသည် သင်လွယ်တတ်လွယ်သည့် မင်းသားလေး၏ ဥာဏ်ရည်ကို ချီးကျူးမိသည်။ ပြီးတော့ မြင်းလေ့ကျင့်ကွင်းကို ပတ်ကာ တစ်ပတ်ပြီးတစ်ပတ် စီးနေသည်ကိုကြည့်ပြီးတိုးတက်မှု မြန်သည်ကို သတိပြုမိသည်။ တပတ်လောက်လေ့ကျင့်သည့် သင်တန်းသားတွေလိုကို စီးလာနိုင်သည်။

 

မိဖုရားဟော်သွန်းဘက်မှ မြင်းစီးစွမ်းရည်ကို ဆက်ခံရထားသည့်ပုံရသည်။ မိဖုရားဟော်သွန်းလည်း တစ်ပတ်တစ်ခါ မြင်းစီးလေ့ကျင့်သည်ကိုမြင်ထားဖူးသည်။ နန်ကျောင် နန်းတွင်းမှ  မိဖုရားများနှင့် မတူပဲ ကွဲထွက်ကာ မြင်းစီးအင်မတန်ကို ကျွမ်းကျင်လှပလွန်းလှသည်။ စစ်သူကြီးသည် မိဖုရားကို ပို့မည့် အစီရင်ခံစာထဲတွင် မင်းသားလေး၏ မြင်းစီးစွမ်းရည်ကို ထည့်ရေးလိုက်သည်။

 

တနေ့တာ ကုန်ဆုံးသွားတော့ မိမိအဆောင်ကိုပြန်ရောက်သည်နှင့် ယွမ်ချူးခန်က ညည်းနေတော့သည်။ တကိုယ်လုံး နာကျင်လိုက်တာမှ ပြောစရာ စကားလုံးကို မရှိတော့ပေ။ နန်းတွင်းတွင် သက်တောင့်သက်သာနေရသည့် ဘ၀က ဘယ်နှစ်ဘ၀ပင် ခြားသွားမှန်းပင် မသိတော့ပေ။


“ပင်ပန်းလိုက်တာ။ တကိုယ်လုံးကို ကိုက်ခဲနေတာပဲ…”
 

“မင်းသားလေး ရေနွေးရပါပြီ။”
 

ကုန်းကုန်းက အိပ်ယာထက်တွင် ပက်လက်လှန်နေသော မင်းသားလေးကို လျှောက်တင်လိုက်သည်။

 

“အိပ်ချင်နေပြီ…မချိုးတော့ဘူး။”
 

“မချိုးလို့မရဘူး မင်းသားလေး။ မင်းသားလေး ညောင်းညာတာ ပြေသွားအောင် မယ်တော်က ဆေးပေါင်းရည်

စီစဉ်ပေးထားတာပါ။ ဒီဆေးရည်ကိုစိမ်ပြီးချိုးမှ အကိုက်ခဲပြေပြီး မနက်ဖြန် လေ့ကျင့်ရေးဆင်းနိုင်မှာပါ။”
 

ကုန်းကုန်းက မိဖုရားကြီး မှာကြားထားသဖြင့် မင်းသားလေး ဆေးရည်စိမ်ရန် အတင်းတိုက်တွန်းနေရသည်။

 

“ကုန်းကုန်း ကိုယ်တော်တို့ရောက်တာ တစ်လပြည့်တော့မလား။”
 

“ခုမှ တစ်ပတ်ရှိပါသေးတယ် မင်းသားလေး”
 

“အား……….. သေတော့မှာပဲ။ အကြာကြီးလိုသေးတယ်….”
 

ယွမ်ချူးခန် ငိုချင်သွားတော့သည်။ တကယ်ပဲ ဒီရောက်မှ နေ့ရက်များက ကုန်တာ နှေးလွန်းလှသည်။ နန်းတွင်းမှာဆိုလျှင် တစ်ရက်ကခဏလေး နှင့်ကုန်သွားသည်။ အခုတော့ ယွမ်ချူခန် မိမိတို့ရောက်နေတာ တစ်လပြည့်တော့မည်ဟု ထင်ထားတာ ယခုမှ ခုနစ်ရက်ဆိုတော့ တကယ့်ကို ငိုချင်သွားမိသည်။

 

“သုံးပတ်ဆိုရင် နန်းတော်ကိုပြန်လို့ရပါပြီ မင်းသားလေး”
 

ကုန်းကုန်းကတော့ အားပေးရှာသည်။ မင်းသားလေး၏ မျက်လုံးထဲတွင် မျက်ရည်တို့ ဝေ့နေပြီ ။

 

“သုံးပတ်အတွင်းကိုယ်တော် သေသွားလိမ့်မယ်…”
 

ယွမ်ချူးခန်က ပြောရင်း မျက်ရည်ကို သုတ်လိုက်သည်။ စိတ်လည်း ညစ်သွားသည်။ နေ့တိုင်း ချည်သား ၀တ်စုံ အပြာကို ၀တ်ရတာကိုမုန်းသည်။ တနေကုန် လေ့ကျင့်ရတာကို မုန်းသည်။ မနက် အစောထရတာကို မုန်းသည်။ စစ်သူကြီးကိုမုန်းသည်။

 

“မင်းသားလေး… ဆေးရေစိမ်လိုက်ပါ။ စားဖိုမှုးက အရှင့်သားကြိုက်တဲ့ ဘဲကင်ကို လုပ်ထားပါတယ်။”
 

ကုန်းကုန်းက မင်းသားလေးကို ထပ်ပြီးသတိပေးရင်း မင်းသားလေး ကြိုက်တာနှင့် ဆွယ်လိုက်သည်.။ ဘဲကင် အသံကြားသည်နှင့် ယွမ်ချူးခန်၏ ဗိုက်ထဲကအသံထွက်လာခဲ့သည်။

 

“ဂြီ….”
 

“အေး..ကောင်းတယ်….”

 

ယွမ်ချုးခန်က အစားသံကြားသဖြင့် ဆေးရည်စိမ်ရန် ချက်ချင်းထလာတော့သည်။ ပြီးရင် အစားစားပြီး အိပ်တော့မည်။ နန်တော်ထဲတွင် စာကောင်းကောင်းမသင်ပဲ ကစားခဲ့မိသည်ကို နောင်တရမိသည်။ ယခု နေရတာ ပင်ပန်းဆင်းရဲလွန်းလှသည်။

 

ယွမ်ချူးခန်သည် မယ်တော်ရော၊ ခမည်းတော်ရော ပစ်ထားသဖြင့် မလွဲသာပဲ လေ့ကျင့်ရေးများကို လိုက်လုပ်နေရသည်။ မြင်းစီးရတာ ပေါင်လည်းပွန်းလှပြီ။ ဖင်လည်းနာလှပြီ။ မြှားပစ်ကျင့်ရတာ လက်တွေလည်း သွေးခြေပင်ဥနေပြီ။ ဓါးလေးလေ့ကျင့်ရလို့ လက်မောင်းပင် မမြှောက်ချင်တော့ပေ။ ထို့ကြောင့် ယွမ်ချူးခန်က ဆေးရည်ပူလေးထဲ စိမ်ရင်း နာကျင်မှုသက်သာလာပြီး ဇိမ်ကျကာ အိပ်ပျော်သွားတော့သည်။

 

“မင်းသားလေး… မင်းသားလေး… ”

 

“အင်… ဘာလဲ… ”
 

ယွမ်ချူးခန်က မျက်လုံးမဖွင့်ပဲ ထူးလိုက်သည်။ ရေထဲတွင် ဇိမ်ရှိလွန်းလှသည်။ တခါတည်း အိပ်သွားချင်တော့သည်။

 

“မင်းသားလေး အ၀တ်လဲရအောင်။ ညစာ စားလို့ရပါပြီ။”

 

“စားချင်ဘူး။ အိပ်တော့မယ်။”
 

ကုန်းကုန်းက မင်းသားလေးကို ရေချိုးသည့်စည်ပိုင်းထဲက ထုတ်ပေးပြီး ရေသုတ်ပေးသည်။ အ၀တ်ဝတ်ပေးသည်။ ဆံပင်ဖီးပေးသည်။ အားလုံးလုပ်ပြီးမှ ယွမ်ချူးခန် နိုးလာခဲ့သည်။

 

“ဘဲကင် ဘယ်မှာလဲ။”
 

“မင်းသားလေး အိပ်တော့မယ်ဆို…”
 

ကုန်းကုန်းက မေးလိုက်သည်။ ယွမ်ချူးခန်က စားပြီးမှာ အိပ်ယာဝင်မည်ကို ကြိုသိပြီးဖြစ်သည်။

 

“စားပြီး အိပ်မယ်။ အခုယူခဲ့။”

 

ယွမ်ချူးခန်သည် ဘဲကင်ကို ပါးလုပ်ပါးလောင်းစားပြီး လက်ဆေးပြီးသည်နှင့် ချက်ချင်းပင် အိပ်ယာထက်တွင် လှဲအိပ်ပစ်လိုက်တော့သည်။ အိပ်ရတာ အရသာရှိလွန်းလှသည်။ ကုန်းကုန်းသည် မင်းသားလေးကို စောင်ခြုံပေးပြီး အပြင်ကိုထွက်လာခဲ့သည်။

 

 

တင်ဂီရိသည် ဆူမီရာကို မြင်းစီးနည်းသေချာသင်ပေးပြီး မေးလိုက်သည်။

 

“ဆူမီရာ … မြင်းစီးရင် ဘယ်လို ထိန်းရမယ်ကို သိပြီနော်။ အခု နောင်တော့်မြင်းကို ဆူမီရာ စီးကြည့်စမ်း…”
 

“ဟုတ်ကဲ့”

 

ဆူမီရာသည် နောင်တော်သင်ပေးသည်ကိုသေချာစွာမှတ်သားထားသည်။ နောင်တော်နှင့် မြင်းအတူစီးရင်း နောင်တော် မြင်းဇတ်ကြိုးထိန်းသည်ကို တွေ့ပေါင်းများခဲ့လေပြီ။ယခုလို စနစ်တကျသင်ပေးတော့ ဆူမီရာ တကယ်ကို ၀မ်းသားသည်။ နောင်တော့်လို မြင်းစီးကျွမ်းချင်နေသည်မှာ ကြာပြီ မဟုတ်လား။
 

“တော်တယ် ဆူမီရာလေး။ တကယ်ကိုတော်တယ်…”
 

“နောင်တော် ..ဆူမီရာကို မြှားပစ်လည်းသင်ပေးပါ။ မြင်းပေါ်ကနေ လက်တည့်အောင်ပစ်တတ်ချင်တယ်။”
 

“အင်း… ညနေတိုင်းသင်ပေးမယ်။ ယောက်ျားလေးဆိုတာ အတိုက်ခိုက်၊ မြင်းစီးကျွမ်းသင့်တယ်။ ဆူမီရာလေး ဒီလို သင်ချင်စိတ်ရှိတာ နောင်တော် တကယ်ဝမ်းသာတယ်။”
 

“ဆူမီရာက နောင်တော့်လို တော်ချင်တယ်။”

 

ဆူမီရာလေးက တင်ဂီရိကို ပြောလိုက်သည်။ တင်ဂီရိသည် မိမိမပြန်ခင် ဆူမီရာကို သေချာသင်ပေးရန် ဆုံးဖြတ်လိုက်သည်။ ဒီကလေးသည် ထက်မြက်သော မင်းသားတစ်ပါး ဖြစ်လာရမည်။

 

တင်ဂီရိနှင့် ဆူမီရာတို့ တောင်ပေါ်မှ ဆင်းသွားပြီးနောက်တနေ့ ငွေတောင်ပြည်မင်းနှင့် မိဖုရားက တောင်ပေါ်တက်ကာ ဖိုးဖိုးကို လာရောက်တွေ့ဆုံသည်။၏

 

“ထန်ဖိုးဖိုး ကို ဂါရ၀ပြုပါတယ်…”
 

“မင်းကြီးနဲ့ မိဖုရား နေကောင်းပါရဲ့လား။”
 

“ကောင်းပါတယ် ဖိုးဖိုး…ကျွန်တော်တို့ အာနန်မင်းသားနဲ့ သားတော်လေးတို့ အကြောင်းလေး မေးချင်လို့ပါ။ ”
 

“အင်း…သူတို့ရဲ့ အနာဂတ်ဟောစာတမ်းနဲ့ ပတ်သတ်ပြီးတော့လား။”
 

“ဟုတ်ပါတယ် ဖိုးဖိုး. ခုတလော နက္ခတ်တွေက ပိုထင်ရှားလာလို့ပါ။ သားတော်လေးရဲ့ကြယ်က ထင်ရှားလာသလို… နဂါးဖြူ ကြယ်လေးက တောက်ပလာပါတယ်။ နန်ကျောင်မင်းသားလေးက အခု လေ့ကျင့်ရေးကို စတင်နေပြီလို့ ကြားပါတယ်။ အာနန်မင်းသားက ဖိုးဖိုးတို့ မျိုးရိုးရဲ့ပညာကို ရထားတယ်ဆိုတော့ သူအရမ်းဆိုးသွမ်းရင် တားနိုင်တဲ့သူ ရှိပါ့မလား ဖိုးဖိုး”
 

မိဖုရား ဆင်းဝတ်ကြည်က စိုးရိမ်ပူပန်စွာနှင့်မေးလိုက်သည်။ တကယ်လည်း မိမိသားက နဂါးညီနောင်ကြား ညှပ်ကာ မည်သို့ဆက်ဖြစ်မည်ကို တွေးကာ ပူနေမိသည်။

 

“ဆူမီရာလေးကို ဖိုးဖိုး ဆေးပညာသင်ပေးပါ့မယ်။ အခုကစပြီး အခြေခံကိုသူတတ်မြောက်နေပါပြီ။ တင်ဂီရိရဲ့ အဆိပ်ပညာတိုင်းကို ဖြေဆေးဖော်စပ်နိုင်မယ့် ပညာကို ဆူမီရာကို ဖိုးဖိုးသင်ပေးပါ့မယ်။ ပြိးတော့ မင်းကြီးနဲ့ မိဖုရားလည်း အရမ်း မစိုးရိမ်ပါနဲ့။ တင်ဂီရိက ဆူမီရာကို အရမ်းကို ချစ်ခင်တွယ်တာပါတယ်။ သူ့ကို ဆူမီရာ ကောင်းကောင်းထိန်းနိင်မှာပါ။”

 

“နဂါးဖြူလေးနဲ့ သားတော်လေးရဲ့ တွေ့ဆုံမှုက တင်ဂီရိကို ပိုဆိုးစေမလား ဖိုးဖိုး…”

 

ငွေတောင်မင်းကြီးက မေးလိုက်သည်။ တင်ဂီရိကိုပိုပြီး စိတ်ပူသည်။

 

“ဆိုးလာမှာ သေချာတယ်။ တင်ဂီရိရဲ့ အမုန်းမီးက အတော့်ကို နက်တယ်။ နောက် ရှစ်နှစ်နေရင် လူအများအပြား သေကြေမယ့် အဖြစ်တစ်ခု ကြုံရလိမ့်မယ်။ အဲ့ချိန် ဆူမီရာ သူ့ကိုယ်သူ စတေးပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်။ ”
 

“သားတော်လေး အသက်သေမှာလား ဖိုးဖိုး…”

 

ဆင်းဝတ်ကြည်က မျက်နှာဖြူယော်ကာ မေးလိုက်သည်။ မိမိ၏ တစ်ဦးတည်းသော သားလေးသာ တခုခုဖြစ်သွားလျှင် ရင်ကျိုးရမည်ထင်သည်။

 

“မဟုတ်ဘူး။ သူ့ဘ၀ကို တင်ဂီရိကို ပေးလိုက်ရလိမ့်မယ်…. ”
 

“ဒါ…ဒါ… ဘာသဘောလဲ ဖိုးဖိုး… သားတော်လေးကို တင်ဂီရိ ဖမ်းခေါ်သွားမှာလား ဖိုးဖိုး….”
 

မင်းမိဖုရားနှစ်ပါးလုံးလန့်သွားကြသည်။ ဖိုးဖိုးပြောသည်ကို ရုတ်တရက် နားမလည်နိုင်ဖြစ်သွားမိသည်။

 

“ဖမ်းခေါ်တာထက် ဆူမီရာက တင်ဂီရိရဲ့ နောက်ကို အနီးကပ် လိုက်နေရမှာကိုပြောတာ။ သူက ငွေတောင်ပြည်ကို စွန့်ခွာပြီး အာနန်ပြည်ရဲ့ နန်းတော်မှာ နေထိုင်ရင် တင်ဂီရိ၏ အမုန်းမီးကို ထိန်းပေးနိုင်လိမ့်မယ်။”
 

“တစ်သက်လုံး လိုက်နေရမှာလား ဖိုးဖိုး..”
 

“ဟုတ်တယ်။ အာနန်ပြည်မှာ ဆူမီရာ နန်းတက်ရလိမ့်မယ်။ အရှေ့ဘက် အင်ပါယာရဲ့ အရှင်သခင်အဖြစ် ဆုမီရာ လက်ခံရင် သွေးချောင်းစီးစစ်ပွဲကို တားဆီးနိုင်လိမ့်မယ်။”

 

ငွေတောင်ပြည့်ရှင်မင်းနှင့် မိဖုရားက သက်ပြင်းရှိုက်လိုက်မိသည်။ မိမိတို့သားကို တစ်သက်လုံး လက်လွှတ်လိုက်ရမည်ကို တွေးကာ စိတ်တော့မကောင်းပါ။ သို့သော်လည်း မတတ်နိုင်သည့် အရာကြောင့် နှစ်ဦးလုံး စစ်ဘေးကိုတားနိုင်မည့် နည်းကို လက်ခံရုံသာရှိတော့မည်။

 

ဆူမီရာနှင့် တင်ဂီရိသည် ထိုအတိတ်တဘောင်ကို နက်နက်နဲနဲ မသိပေ။ ထို့ကြောင့် နှစ်ဦးသား တစ်ဦးကို တစ်ဦး နက်ရှိုင်းစွာ တွယ်တာရင်း အတူနေထိုင်ခဲ့ကြသည်။ တင်ဂီရိအနေဖြင့် ညီလေးလို ဆူမီရာကို ပြုစုပျိုးထောင်ပေးသည်။ ဆူမီရာလည်း အကိုရင်းလို ချစ်သည်။

 

အသက်ဆယ်နှစ်ကျော်တော့ ဆူမီရာလည်းကျောင်းစတက်ရတော့သည်။ ပထမ အဖော်အပေါင်းသင်း သိပ်မရှိသောကြောင့် နောင်တော် တင်ဂီရိကိုသာ မျှော်နေမိသည်။ မကြာခင် ဆူမီရာနှင့် ရွယ်တူ မင်းသားလေးများ ရောက်လာခဲ့သည်။
 

“ဒီနေ့ အတန်းသားသစ်တွေရောက်တယ်… သူတို့က ဟီဒယ်၊ မီဒယ် နဲ့ ချူလူလူ..။ သူတို့လိုအပ်တာကို ဆူမီရာ ကူညီပေးလိုက်။ ”

 

ကျောင်းခန်းထဲ အသစ်ရောက်လာသည့် မင်းသမီး နှစ်ပါးနှင့် မင်းသားတစ်ပါးကို ဆူမီရာ ကြည့်လိုက်သည်။ သူတို့က ချိုသာစွာပြုံးကာ အားလုံးကို ဦးညွတ်နူတ်ဆက်လိုက်သည်။ ဆူမီရာလည်း ခေါင်းညွတ်ကာ ပြန်နူတ်ဆက်လိုက်သည်။
 

“ငါ့နာမည်က ဟီဒယ်။ သူက ငါ့ညီမ မီဒယ်။ ငါတို့က လျံတိုင်းပြည်က လာတာ။ ”
 

“ငါ့နာမည်က ချူလူလူ။ ချူတိုင်းပြည်က လာတယ်။ နင့်အကြောင်းကိုငါကြားဖူးတယ်။ နင်က ငွေတောင်ပြည်က

နတ်သားလေးလို့ လူတွေက ခေါ်ကြတယ်…”

 

ချူလူလူက ကျောင်းဆင်းချိန်တွင် ဆူမီရာကို လာပြီး မိတ်ဆက်ရင်းပြောသည်။ ဆူမီရာက ချစ်စရာကောင်းလှသည့် ချူလူလူကို ငေးကြည့်ကာ ပြန်ပြောလိုက်သည်။
 

“ငါက နတ်သားမှ မဟုတ်တာ။ လူတွေ ချဲ့ကားပြောကြတာပါ။”
 

“မချဲ့ကားပါဘူး။ နင်က တကယ့်ကို ချောတယ်။ ငါတွေ့ဖူးသမျှ အချောဆုံးပဲ…”

 

ဟီဒယ်က ၀င်ပြောလိုက်သဖြင့်  ဆူမီရာ ပြုံးသွားမိသည်။ မိမိကို ချောသည် ပြောသည်ကို ပထမဆုံး ကြားဖူးခြင်းဖြစ်သည်။ ခါတိုင်းက နောင်တော် တင်ဂီရိနှင့်သာ အမြဲသွားနေသဖြင့် အခြားသူများ မိမိကို မည်သို့ ပြောဆိုသည်ကို မကြားဖူးပေ။ ယခု မိမိနှင့်ရွယ်တူ မင်းသမီးနှင့် မင်းသားလေးက ပြောလာသဖြင့် ကလေးပီပီ ဆူမီရာ ပျော်သွားခြင်းဖြစ်သည်။


“ဒါပေမယ့် နင်တို့ နောင်တော် တင်ဂီရိကို မတွေ့ဖူးလို့။နောင်တော်က တကယ့် နတ်စစ်သည်လို ကြည့်ကောင်းတာကွ။ သိလား။”
 

“အာနန်ပြည်က မင်းသား တင်ဂီရိ မဟုတ်လား။ သူက တကယ့်ကို နတ်စစ်သည်ပဲလေ။ တိုက်ပွဲအများကြီးကို အောင်နိုင်ခဲ့တယ်။ အခု သူ ငွေတောင်ပြည်မှ ပညာလာသင်နေတယ်လေ။”
 

“မီဒယ်.. တင်ဂီရိ မင်းသားကို တွေ့ဖူးချင်တယ်။”

 

ဟီဒယ်၏ ညီမ မီဒယ်က ပထမဆုံး စကားပြောလာခဲ့သည်။သူမ၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားမှုဖြင့် တောက်ပနေသည်။ ဆူမီရာက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။
 

“ခဏနေရင် နောင်တော် ငါ့ကိုလာခေါ်မှာ။ နင်တို့ကို မိတ်ဖွဲ့ပေးမယ်လေ..”
 

“ငါတို့ အခု သူငယ်ချင်းဖြစ်သွားကြပြီနော် …”

 

ချူလူလူက ပြောသဖြင့် ဆူမီရာ ခေါင်းငြိမ့်လိုက်သည်။ ပထမဆုံး ရွယ်တူ သူငယ်ချင်းရလိုက်သဖြင့် ဆူမီရာ အနည်းငယ်တော့ ပျော်သွားသည်။ နောင်တော့်ကိုလည်းပြောပြချင်လှပြီဖြစ်သည်။ ဒါကတော့ နောင်တချိန်တွင် ဆူမီရာ၏ အရင်းချာ သူငယ်ချင်းဖြစ်လာမည့် မင်းသမီး ဟီဒယ်၊ မင်းသား ချူလူလူနှင့်စတင်ခင်မင်မိခြင်းဖြစ်သည်။

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet