Chapter - 17

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (17)
“ဆူမီရာ.. မနေ့က နင်ဘာလို့ လိုက်မလာတာလဲ။ ”

ဆူမီရာ အတန်းထဲကို ၀င်လိုက်သည်နှင့် ဟီဒယ်က ဆီးကာ မေးလိုက်သည်။ ချူလူလူလည်း ၀င်ပြောသည်။ ဆူမီရာက ဘာမှ နားမလည်ပဲ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

“အေးလေ။ နင်မလာတော့ ငါတို့က ပျင်းလိုက်တာ။ လာတဲ့ အတန်းကြီးတွေကလည်း ငါတို့ကို အရေးလည်း မစိုက်ဘူး။ ”

“တော်သေးတာပေါ့။ နောင်တော် တိုလုအီက ငါတို့ကို အဖော်လုပ်ပေးလို့။”

“အကိုတော် တင်ဂီရိလည်း ငါတို့ကို ပြန်ခါနီး သေချာလာနူတ်ဆက်လို့တော်သေးတယ်။ ”

နောက်ဆုံး ဆူမီရာ မေးလိုက်သည်။

“နင်တို့ ဘာကိုပြောနေတာလဲ။ ”

“အမ်… နင်မသိဘူးလား။ မနေ့ညနေက အကိုတော် တင်ဂီရိက ကျောင်းတော်က မင်းသား၊မင်းသမီးတွေကို ဧည့်ခံကျွေးမွေး တာလေ။ အတော်များများလာကြတယ်။ ငါတို့သာ ဘာကြောင့်မှန်းမသိပဲ အဖိတ်ခံရတာ။”

“အေးလေ။ နင့်အကိုတော်ပြောတုန်းက ဆူမီရာလည်းပါမလိုလိုပြောတာကိုး။ ဒီလိုမှန်းသိ မသွားပါဘူး။”

“မသွားချင်တဲ့သူက နောက်ဆုံးမှ ပြန်တာမလား။ ဒါတောင် စကားစ မပြတ်ချင်ဘူး။”

“ဟီဒယ်ကလည်း။ နောင်တော် တိုလုအီက အရမ်းကို ဗဟုသုတနဲ့ပြည့်စုံတာကိုးကွ။ ထင်တောင် မထင်ရဘူး။”

ဟီဒယ်နှင့် ချူလူလူက လုယက်ကာ ပြောနေကြသည်။ သူတို့ပြောစကားအရ နောင်တော် သူတို့ကို ဖိတ်ခေါ်လို့ ပွဲတစ်ခု တက်ရောက်ခဲ့ပုံရသည်။ မိမိဘာမှလည်းမသိလိုက်ရပေ.

“ငါ့ကို နောင်တော် ဘာမှ မပြောဘူး။ ”

“ဟုတ်လား။ နင်ခရီးပန်းခဲ့လို့ နားစေချင်တာလား မသိ။”

“မသိဘူး။ သူ ငါ့ကို မခေါ်ချင်လို့နေမှာပေါ့။ ”

“မဟုတ်လောက်ပါဘူး ဆူမီရာရယ်။ အကိုတော် တင်ဂီရိက နင့်ကို ဒီလောက်ချစ်တာ။”

“မချစ်ပါဘူး။ သူက ငါ့ကို ထားခဲ့တော့မှာ။”

ပြောရင်း ဆူမီရာ၏ မျက်လုံးထဲမှ မျက်ရည်များက စီးကျလာခဲ့သည်။ ဘယ်လိုထိန်းထိန်း ထိန်းမရအောင် အလိုလို စီးကျလာခဲ့သည်။ တကယ်တော့ မနက်နိုးကတည်းက ခေါင်းထဲဝင်လာသည့် အတွေးက နောင်တော် တင်ဂီရိ မိမိကို ခွဲသွားမည့် အကြောင်းဖြစ်သည်။ အခြွေရံများ၊ ကုန်းကုန်းများရှေ့ မနည်းဟန်ဆောင်ခဲ့သမျှ သူငယ်ချင်းများရှေ့သို့ ရောက်သော် တင်းထားသမျှ ပြိုကျသွားခဲ့သည်။

ဆူမီရာ၏ မျက်ရည်ကိုတွေ့တော့ ဟီဒယ်နှင့်ချူလူလူက ချက်ချင်းထလာပြီး မေးကြသည်။

“နောင်တော် မင်းကိုပြောလိုက်တာလား။ ”

“ဟုတ်တယ်။ သက်တန့်တောင်ပေါ်မှာ သူငါ့ကိုပြောတာ။”

“ဆူမီရာကလည်း။ လူတိုင်း ပညာသင်ပြီးရင် ကိုယ့်တိုင်းပြည်ကို ပြန်ရတာပဲလေ။ ”

“ငါ..ငါ ..နောင်တော့်ကို ငါ့နားမှာ အမြဲနေမယ်လို့ စိတ်ထဲမှာ ထင်နေမိတာ။ ဒါကြောင့်… ငါ..ငါ… အရမ်းဝမ်းနည်းတာပဲ။ နောင်တော်ကို ငါမခွဲနိုင်ဘူး။”

“အင်း……… ဆူမီရာရယ်။ အခု အကိုတော် တိုင်းပြည်ကိုပြန်တယ် ဆိုပေမယ့် ပြန်လာကြည့်မှာပါ။ အရမ်းဝေးတာမှ မဟုတ်တာ။ ခရီးလမ်းက တစ်ပတ်လောက်ပဲ သွားရတဲ့ဟာကို။ နင်ကလည်း တိတ်ပါ။ သူများတွေ ကြည့်နေပြီ။”

“ကြည့်…ကြည့်…”

ဆူမီရာက ဟီဒယ်နှင့် ချူလူလူကို ဖက်ထားပြီး ခိုးကာ ငိုနေမိသည်။ မျက်ရည်က ဘယ်လိုမှ မတိတ်နိုင်အောင်ဖြစ်နေမိသည်။ ထိုစဉ် သူတို့အနောက်မှ နောင်တော့်အသံကိုကြားလိုက်ရသည်။

“ဆူမီရာ…”

“နောင်တော်…”

ဆူမီရာ မော့ကြည့်လိုက်တော့ နောင်တော်၏ စိတ်မကောင်းသည့် အကြည့်ကိုတွေ့လိုက်ရစဉ် ချက်ချင်း နောင်တော့် ထံပြေးဖက်ကာ ငိုလိုက်မိပြန်သည်။

“ဆူမီရာလေး… တိတ်ပါကွာ။ နောင်တော် ဆူမီရာကို လာခေါ်တာ။ တစ်နေရာကို လိုက်ပို့ပေးမလို့။”

“အတန်း တက်ရအုံးမယ်။”

“နောင်တော် ခွင့်တိုင်ပေးမယ်။ ဟီဒယ်နဲ့ ချူလူလူ လည်းလိုက်ခဲ့လေ။ နောင်တော် မင်းတို့ သုံးယောက်အတွက် သီးသန့်ခေါ်သွားပေးမလို့။”

“ဘယ်ကိုလဲ…”

“ဟိုရောက်တော့ သိလိမ့်မယ်။ ကဲ ဟို နှစ်ယောက် လိုက်မယ်မလား။”

“ဟုတ်ကဲ့ လိုက်ပါ့မယ် နောင်တော်။”

ဟီဒယ်နှင့် ချူလူလူလည်း တင်ဂီရိ၏ ရထားလုံးနှင့် လိုက်ပါလာခဲ့သည်။ ဆူမီရာသည် ရထားလုံးထဲတွင် နောင်တော့်ခါးကို ဖက်ထားလိုက်သည်။

“ဘာရယ်တာတုန်း …”

ဆူမီရာက ချူလူလူကို ရန်လုပ်လိုက်သည်။ ဟုတ်သည်။ ဒီကောင် လူက စိတ်ညစ်နေပါသည်ဆိုတာကို ခိုးပြီးရယ်နေသည် မဟုတ်လား။ တင်ဂီရိသည် ဆူမီရာ၏ ခေါင်းလေးကို အသာပွတ်ကာ ရယ်လိုက်သည်။

“နောင်တော်က ဘာရယ်တာတုန်း…”

“ခွေးပေါက်လေး လိုက်ကိုက်နေတာကို ရယ်ချင်တာ…”

“ဘာ…ဘယ်က ခွေးပေါက်လဲ။”

“ဒီက နောင်တော် ချစ်ရတဲ့ ခွေးပေါက်လေး။”

တင်ဂီရိသည် ဆူမီရာ၏ ခေါင်လေးကို မနာအောင်ထုကာ ချစ်စနိုးပြောလိုက်သည်။ ဆူမီရာက စိတ်ကောက်ကာ နူတ်ခမ်းဆူလိုက်သည်။ ဟီဒယ်သည် အကိုတော် တင်ဂီရိကို လူကြီးလေးလို စိုက်ကြည့်ကာ ပြောလိုက်သည်။

“အကိုတော် ပြန်တော့မယ်ဆိုလို့ ဆူမီရာ အရမ်းဝမ်းနည်းနေတယ်….”

“အင်း အကိုတော် သိတယ်။ ဒါကြောင့် တမင်လာခေါ်တာ။ ဆူမီရာအတွက် နောင်တော် လုပ်ပေးထားတာလေးကို ပြချင်လို့။”

နောင်တော့်စကားကြောင့် ဆူမီရာ စိတ်ဝင်စားသွားသည်။

“ဘာလုပ်ထားတာလဲ နောင်တော်။”

“ဟိုရောက်ရင် တွေ့ရလိမ့်မယ်။”

ချူလူလူသည် ဆူမီရာကို ချစ်ကာ အလေးနက်ထားလွန်းသည့် အာနန်မင်းသား တင်ဂီရိကို ကြည့်ကာ ထိုသို့သော နောင်တော် တစ်ဦးကို အသည်းသန်လိုချင်သွားမိသည်။ မိမိ၏ နောင်တော်များကတော့…

ထိုအတွေးကြောင့် ချူလူလူ နူတ်ခမ်းကိုတွန့်ကာ ပြုံးလိုက်မိသည်။ မိမိ ပညာသင်ရန် လာခဲ့လို့ မယ်မယ် နန်းတော်မှာ ဘယ်လိုနေထိုင်နေရသည်ကို သတိရကာ စိတ်ပူသွားခဲ့သည်။ သို့သော် ပြန်လို့လည်း မရသေးသောကြောင့် သက်ပြင်းကို ခိုးချက်လိုက်မိသည်။ တင်ဂီရိက မိမိကို အကဲခတ်နေသည်ကို သတိမထားမိလိုက်ပေ။ ချူလူလူသည် မြင်းရထား၏ ပြတင်းတံခါးမှ မြင်နေရသည့် အပြင်ဘက် ရှုခင်းကို ငေးကြည့်နေလိုက်သည်။ ဟီဒယ်ကတော့ နောင်တော် တင်ဂီရိကို ငေးကြည့်နေမိသည်။

“ကဲ…ရောက်ပြီ။”

၇ထားလုံးရပ်တော့ အားလုံး ဆင်းလာခဲ့တော့ လှပသည် ရေကန်ကြီး၏ အစပ်နားကို မြင်းရထားဆိုက်ထားသည်ကို တွေ့လိုက်ရသည်။

“ဟင်…လှေကြီး… လှလိုက်တာ…”

ဆူမီရာသည် လှပသည့် လှေကြီးကိုတွေ့သော် ရေရွတ်လိုက်မိသည်။ မိမိတို့ ပိုင်ဆိုင်သည့် လှေထက်ကြီးကာ လှပလွန်းလှသည်။

“အဲ့ဒါ ဘယ်သူ့လှေလဲဟင်။ နောင်တော့်လှေလား။”

“မဟုတ်ဘူး။ အဲ့ဒါ ဆူမီရာအတွက် နောင်တော့်လက်ဆောင်။ သွားကြည့်လိုက်။ ဆူမီရာ သဘောကျရဲ့လားလို့။”

ဟီဒယ်နှင့် ချူလူလူလည်း အံ့အားသင့်ခြင်း၊ အားကျခြင်းများစွာဖြင့် လှေကြီးကို ငေးကြည့်နေမိသည်။ မိမိတို့ ခမည်းတော်ပင် မိမိတို့အတွက် လှေကြီးတစ်စင်း မတည်ဆောက်ပေးဖူးပေ။

“သွားကြည့်ကြလေ… လှေပေါ်မှာ ထန်လိုခိနဲ့ တိုလုအီတို့ရှိတယ်။”

တင်ဂီရိ၏ စကားကိုကြားသော် သုံးဦးလုံး လှေပေါ် ပြေးတက်သွားကြသည်။ ဆူမီရာသည် လှေပေါ်ရောက်သော် လက်ရန်းများကို ကိုင်ကြည့်နေမိသည်။ ဒီလှေကြီးက မိမိအတွက် နောင်တော် တည်ဆောက်ပေးထားသည်ဆိုသည့် အသိက ရင်ထဲ ဖော်မပြနိုင်အောင် ပျော်နေမိသည်။

သစ်သားလက်ရန်းများကို ပွတ်သပ်ရင်း ကုန်းဘတ်ပေါ်မှ လေကို တစ်ဝကြီးရှုလိုက်သည်။ ရေ၏ သင်းရနံ့က လူကို လန်းသွားစေသည်။

“လှေထွက်မယ်။”

“မှန်လှပါ ဘုရား။”

တင်ဂီရိက လှေပေါ်တက်လာပြီး အမိန့်ပေးလိုက်သည်နှင့် လှေတော်သားများက လှေကို ၀ါးလုံးနှင့်ထိုးကာ ကမ်းမှ ခွာသည်။ ထိုစဉ် အဆောင်လေးထဲမှ ထန်လိုခိနှင့် တိုလုအီတို့ထွက်လာပြီး နူတ်ဆက်ကြသည်။

“ဆူမီရာ.. သဘောကျရဲ့လား။ မင်းတော့မသိဘူး။ နောင်တော်တော့ သဘောကျလွန်းလို့ လှေပေါ်ကကို မဆင်းချင်တော့ဘူး။”

“ဟုတ်ကဲ့။ အရမ်းကိုသဘောကျပါတယ်။”

ဆူမီရာသည် အားပါးတရပြန်ဖြေကာ နောင်တော့်ကို ဖက်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် နောင်တော်။ ကျွန်တော် ဒီလှေကို နာမည်ပေးလို့ရလားဟင်။”

“ရတာပေါ့။ ဆူမီရာ ကြိုက်တဲ့နာမည်ပေး။ ”

“ဒီလှေကို တင်ဂီ၇ိလို့ နာမည်ပေးမယ်။ နောင်တော့်ကိုလွမ်းတိုင်း ဒီလှေဆီလာမယ်။ ဒါဆို နောင်တော့် အနားမှာ ရှိနေသလို ခံစားရပြီး အလွမ်းပြေမှာ။”

ဆူမီရာက တည်ငြိမ်စွာပြောလိုက်သည်။ တင်ဂီရိသည် မိမိ ဖြစ်စေချင်သည့် အတိုင်း ကွက်တိဖြစ်လာသောကြောင့် ကျေနပ်စွာ ပြုံးလိုက်သည်။ ထန်လိုခိလည်း နောင်တော် တင်ဂီရိကို ချီးကျူးဟန်ကြည့်လိုက်သည်။ ကလေး တစ်ယောက်ကို ဘာကြောင့် ငွေများစွာ အကုန်ကျခံပြီး လှေတစ်စင်းတည်ဆောက်ပေးသလဲဟု မိမိမေးစဉ်က နောင်တော် တင်ဂီရိ ဖြေခဲ့သည့် စကားအတိုင်း ဆူမီရာဖြေခဲ့သည်။ ဆူမီရာကို နောင်တော် တင်ဂီရိလောက် မည်သူမှ နားလည်မည် မထင်ပေ။
ချူလူလူသည် လှေဦးထိပ်တွင်ရပ်ကာ ရေကိုထိုးခွဲနေသည့် ဦးပိုင်းကို ငုံ့ကြည့်လိုက်သည်။ ဟီဒယ်က ချူလူလူ ပြုတ်ကျမည်စိုးလို့ အနောက်မှ အ၀တ်စားကို တင်းတင်းဆွဲထားလိုက်ပြီး သတိပေးလိုက်သည်။

“ချူလူလူ ပြုတ်ကျလိမ့်မယ်။ ကြောက်စရာကြီး။”

“ဟီဒယ်ကလည်းကွာ။ မြင်းစီး၊ ဒါးခုတ်တောင် လုပ်နေပြီး ရေထဲပြုတ်ကျမှာ ကြောက်နေလား။”

“ကြောက်တာပေါ့။. ငါတို့က ကုန်းတွင်းပိုင်းနိုင်ငံလေ။ နင့်လို ပင်လယ်နားနိးနေတာမှ မဟုတ်တာ။”

“ပင်လယ်နားက တိုင်းပြည်တာ ပြောတာပါ။ ငါက ပင်လယ်ထဲကို တစ်ခါမှ မရောက်ဖူးဘူး။ ”

“ဘာလို့လဲ။ နင်တို့က ရေတပ်တွေရှိသားနဲ့။ နင့်ခမည်းတော် လှေတပ်ကို သွားစစ်ရင် လိုက်သွားပေါ့။”

“ခမည်းတော်က ငါ့ကိုမခေါ်ဘူး။ပြီးတော့ ဘာကြောင့်လဲ မသိဘူး။ မယ်မယ့်ကိုရော ငါ့ကိုရော ပင်လယ်နားကို မသွားခိုင်းဘူး။ ပင်လယ်ထဲဆို ပိုဆိုးရောပေါ့။”

“တကယ်လား။ ထူးဆန်းလိုက်တာဟယ်။ ငါသာဆို နေ့တိုင်းပင်လယ်ကမ်းစပ်မှာ ကစားမှာ.။”

“အင်း မသိဘူး။ ခမည်းတော်က ကျန် နောင်တော်တွေ၊ ညီတော်တွေကို သွားခွင့်ပြုတယ်။ငါ့ကို ဘာကြောင့် မသွားခိုင်းမှန်းမသိဘူး။”

ချုလူလူက စိတ်ပျက်လက်ပျက်ပြောပြနေမိသည်။ ဒီအကြောင်းကို တခါမှ မပြောပြခဲ့မိပေ။ မိမိရင်ထဲ တသက်လုံး တနုံ့နုံ့ ခံစားနေရသည့် အချက်ဖြစ်သည်။

“ဘာကြောင့်လဲဆိုတော့ ပင်လယ်ပျော် လူမျိုးစုတွေက ချူလူလူကို ခေါ်သွားမှာစိုးလို့ပေါ့။”

တိုလုအီက ၀င်ပြောလိုက်သည်။ ချူလူလူ အံ့အားသင့်ရပြန်သည်။ နောင်တော် တိုလုအီက သိတာ များလှချည်းလား။

“ပင်လယ်ပျော် လူမျိုးစုက ဘာကြောင့် ကျွန်တော့်ကို ဖမ်းခေါ်သွားမှာလဲဟင်။ ”

“ဖမ်းမခေါ်ပါဘူး။ သူတို့ရဲ့ မင်းသားလေးကို တွေ့ဖူးချင်လို့ လာခေါ်မှာပါ။”

ဟီဒယ် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ အကိုတော် တိုလုအီပြောပုံအရ မိမိကြားဖူးတာတကယ်ပေါ့။

“ဒါဆို ချူလူလူရဲ့မယ်မယ်က ပင်လယ်ပျော် လူမျိုးစုရဲ့ မင်းသမီးဆိုတာ တကယ်ပေါ့။ ဟုတ်လား နောင်တာ်။”

“ဟာ… ဟီဒယ်က ဗဟုသုတ စုံလှချည်လား။ တကယ်ပဲ ချူလူလူရဲ့မယ်မယ်က ပင်လယ်ပျော် မင်းသမီးပါ။”

ချူလူလူသည် နောင်တော် တိုလုအီကို ငေးကြည့်ကာ မယုံနိုင်စွာဖြင့်မေးလိုက်သည်။

“မယ်မယ်က ပင်လယ်ပျော် လူမျိုးရဲ့ မင်းသမီး။ ဒါဆို..ကျွန်တော်က….”

“ဟုတ်တယ်။ မင်းတို့ သားအမိ ပင်လယ်ထဲ ပြန်သွားမှာစိုးလို့ မင်းရဲ့ ခမည်းတော်က ပင်လယ်နားကိုမသွားခိုင်းတာ။

ချူလူလူ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ မယ်မယ် မိမိကို အိပ်ယာဝင်တိုင်းပြောပြနေသည့် ပုံပြင်များက တကယ်ပဲပေါ့။

“ဒါဆို မယ်မယ်က သူ့မျိုးနွယ်တွေနောက် မလိုက်ပါဘူးဆိုတာ ဘာကြောင့် ခမည်းတော်ကို မရှင်းပြတာလဲ။”

“နောင်တော်ထင်တာ မင်းရဲ့ နောင်ရေးကြောင့်ထင်တယ်။ ပင်လယ်ထဲမှာထက် ကုန်းပေါ်မှာ မင်းအတွက်အနာဂတ်
အတွက်ပိုကောင်းမယ် ထင်လို့ နေတာဖြစ်နိုင်ပါတယ်။ နောင်တော့် အထင်နော်။ မသေချာဘူးနော်။”

ချူလူလူသည် ငြိမ်သွားပြီး အဝေးကို ငေးနေမိသည်။ စိတ်ကူးတို့က လျှင်မြန်စွာပြောင်းလဲနေသည်။ မယ်မယ့် လူမျိုးစုကိုတွေ့ချင်စိတ်က တားမရအောင်ပေါ်လာခဲ့သည်။

“ကျွန်တော် မယ်မယ့် လူမျိုးတွေကို တွေ့ချင်တယ်။”

ချူလူလူ၏ စကားကြောင့် တိုလုအီ သက်ပြင်းကိုခိုးချလိုက်မိသည်။ နောင်တော် တင်ဂီရိ၏ တွက်ရေးက ဒက်ထိမှန်နေပြန်သည်။ ချူလူလူက သူ့မယ်မယ်ရဲ့လူမျိုးစုကိုတွေ့ချင်နေပြီ။ ဒါဆို ပင်လယ်ပျော်လူမျိုးစုကို မိမိတို့ တွေ့နိုင်ပေတော့မည်။
တိုလုအီက နောင်တော် တင်ဂီရိကို အချက်ပြလိုက်သည်။ တင်ဂီရိလည်း ခေါင်းကို မသိမသာငြိမ့်လိုက်သည်။ မိမိရည်မှန်းချက်ပြည့်တော့မည်။

ဆူမီရာသည် နောင်တော့်နားကပ်ကာ ပျော်တပြုံးပြုံးနှင့် ကန်ရှုခင်းကိုကြည့်နေသည်။ နောင်တော် တိုလုအီနှင့်ချူလူလူဘာပြောနေသည်ကို သတိမထားမိလိုက်ပေ။

--------------------------------------------------------------------
“အပါးတော်မြဲကြီး…အဲ့မင်းသမီးလေးတွေက ဘယ်သူတွေလဲ။”

ယွမ်ချူးခန်က မင်းသမီးအသစ်လေးများကိုတွေ့တော့ မေးလိုက်သည်။ တိုင်းတပါးကမှန်းသိသားနေသည် မဟုတ်လား။

“အဲ့ဒါ အရှင့်သားရဲ့ မိဖုရားလောင်းလေးတွေပါ။”

“ဘာ မိဖုရားလောင်း ဟုတ်လား။ မလိုချင်ဘူး။ မိန်းမ မလိုချင်ဘူး။ ကိုယ်တော်က ကလေးပဲရှိသေးတယ်။ မယူနိုင်ဘူး။”

“အာ… မဟုတ်ပါဘူး အရှင့်သား။ အရှင့်သား တစ်ဆယ့်ရှစ်နှစ်ရောက်မှ လက်ဆက်ရမယ့် မင်းသမီးလေးတွေပါ။”

“ဒါဆို သူတို့က ဘာလို့ ကိုယ်တော်တို့နန်းတွင်းမှာလာနေရတာလဲ။”

ယွမ်ချူးခန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ထိုမိန်းကလေးများကို သဘောမကျပါ။

“အဲ့ဒါ သူတို့ နန်ကျောင်ပြည်ရဲ့ အစဉ်လာကို သိနားလည်အောင် လာနေရတာပါ။”

“သူတို့ဘယ်တော့ ပြန်မှာလဲ။”

“မပြန်တော့ပါဘူး အရှင့်သား။ သူတို့တခါတည်း နန်ကျောင်ပြည်ကို လာနေရတာပါ။”

အပါးတော်မြဲ၏ စကားကြောင့် ဒေါသထွက်သွားတော့သည်။

“ရှုပ်လိုက်တာ။ ခမည်းတော်ကို ပြန်လွှတ်ဖို့ပြောရမယ်။ ”

ယွမ်ချူးခန်သည် ခမည်းတော်၏ အဆောင်ထဲကို ၀င်ကာ ခေါ်လိုက်သည်။

“ခမည်းတော်ဘုရား….”

“ဘာလဲ သားတော်လေး…”

မယ်မယ်လည်းရောက်နေသဖြင့် ယွမ်ချုးခန် လျှောက်တင်လိုက်သည်။

“မယ်မယ်ဘုရား ခမည်းတော်ဘုရား… နန်းတွင်းထဲရောက်နေတဲ့ မင်းသမီးလေးတွေကို ပြန်လွှတ်လိုက်ပါ။ သားတော် သူတို့ကို မတွေ့ချင်ဘူး။”

“ဘယ်က မင်းသမီးလေးတွေလဲ အရှင်မင်းကြီး။”

ဟော်သွန်းက မိမိမသိသည့် သတင်းအတွက် မင်းကြီးကိုမေးလိုက်သည်.။

“သြော် မိဖုရားကြီးကို ပြောမလို့။ သားတော်လေး ယွမ်ချူးခန်ရဲ့ မိဖုရားလောင်း ဝေနိုင်ငံက မင်းသမီးလေး မနေ့ညနေက ရောက်နေပြီ။ မိဖုရားကြီးပဲ လိုအပ်တာ အားလုံး ဆုံးမသွန်သင်ပေးပါလို့ မောင်တော် ပြောမလို့ပါကွယ။်”

ကိုလိုခန်မင်းကြီးက ဟော်သွန်းကို ပြောလိုက်သည်။ တလက်စတည်းသားတော်ကို ပြောလိုက်သည်။

“ခမည်းတော်ဘုရား။ သားတော် အဲ့မိန်းကလေးကို မိဖုရားမမြှောက်နိုင်ဘူး။ သူတို့ကို သဘောမကျဘူး။ ပြန်လွှတ်လိုက်ပါ။”

“ပြန်လွှတ်လို့မရဘူးသားတော်။ သားတော် သဘောမကျလည်း နိုင်ငံရေးအရသားတော် ဝေမင်းသမီးကို လက်ဆက်ရလိမ့်မယ်။”

“မလိုချင်ဘူး။ လုံးဝ မလိုချင်ဘူး။”

ယွမ်ချူးခန်ပြောပြီး စိတ်ဆိုးကာ ခမည်းတော်၏ အဆောင်မှ ပြေးထွက်ခဲ့သည်။ ထိုမိန်းကလေးများက မိမိကို လာနှောက်ယှက် သူဟု စိတ်စွဲသွားတော့သည်။
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet